အခန်း (၂၀၆)
Vol. 20 Ch. 206
"အကြီးအကဲကျန်း"
ဆေးဘက်သား လျိုဆန်းသည် အကြီးအကဲကျန်း လဲကျတော့မည့်ဆဲဆဲတွင် အပြေးအလွှား လာရောက်တွဲကူလိုက်သည်။
သို့သော် ဤအခိုက်အတန့်တွင် အကြီးအကဲကျန်း၏ အခြေအနေကို မည်သူမျှ စိတ်မဝင်စားကြတော့ပေ။ လျိုဆန်းသည် အရှက်တကွဲ အကျိုးနည်းဖြစ်နေသော အကြီးအကဲကျန်းကို တွဲမကာ ဆေးခန်းမအပြင်ဘက်သို့သာ ခေါ်ထုတ်သွားရတော့သည်။
"တကယ်ကို ကောင်းလိုက်တဲ့ စကားတွေပဲ။ ရင်ထဲကို အေးခနဲ ဖြစ်သွားတာပဲ။ အကြီးအကဲကျန်း ဖော်ပေးတဲ့ ဆေးတွေက ဒီဆေးတွေပဲ ပတ်ချာလည်နေတာလို့ ကျွန်တော် အမြဲပြောခဲ့တာပဲ... ဆရာကမှ ကျွန်တော့်စကားကို မယုံတာ"
ချန်ပိုင်က ရှေ့ဆုံးမှနေ၍ လက်ခုပ်တီးကာ ထောက်ခံလိုက်ရာ ကျန့်လီထံမှ သတိပေးသည့် အကြည့်တစ်ချက်ကို ရရှိသွားသည်။
"ဒါဆိုရင် မင်းမှာ ဒီအတွက် သင့်တော်တဲ့ ကုသနည်းရှိပြီလား"
ကျန့်လီသည် ဆေးပညာကို နက်နက်နဲနဲ မသိသော်လည်း ယွင်ရှန်း၏ စကားများမှာ ကျိုးကြောင်းဆီလျော်မှုရှိကြောင်း လက်ခံလိုက်ပြီဖြစ်သည်။
"ဒါကို ကုသနည်းသက်သက်လို့ ပြောလို့မရသေးပါဘူး။ ကျွန်မ ယီပိုင်မင်းအပေါ်မှာ လက်တွေ့စမ်းသပ်မှုတစ်ခု လုပ်ဖို့ လိုအပ်ပါသေးတယ်။ သူ့ကိုယ်ထဲက သားရဲသွေးတွေကို ကျွန်မ ခေတ္တပဲ ဖိနှိပ်ထားရသေးတာပါ။ နောက်ထပ် အပ်စိုက်ကုသမှုတွေ ထပ်လုပ်ဖို့ လိုပါတယ်"
ယွင်ရှန်း၏ လေယူလေသိမ်းမှာ ခေတ်သစ်ဆေးပညာ နတ်ဘုရားမတစ်ပါးအလား တည်ကြည်တောက်ပနေသည်။ ဆေးဆရာတစ်ဦးအနေဖြင့် ထူးခြားဆန်းသစ်သော ရောဂါဝေဒနာတစ်ခုနှင့် ရင်ဆိုင်ရခြင်းမှာ ခေါင်းခဲစရာဖြစ်သော်လည်း အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှပေသည်။
သားရဲသွေးချင်း ပဋိပက္ခဖြစ်မှုကို သာမန်ဆေးဆရာများမှာ မည်သို့မျှ မဆုံးဖြတ်နိုင်ကြပေ။ သူတို့သည် သားရဲ၏ အလေ့အထနှင့် စားသောက်မှုပုံစံကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ သားရဲသွေးကိုယ်တိုင်မှာ အဆိပ်ရှိမရှိကိုသာ ခန့်မှန်းတတ်ကြသည်။ ယွင်ရှန်းမှာမူ ဆေးဆရာတစ်ဦးဖြစ်သလို သားရဲခေါ်ယူသူတစ်ဦးလည်း ဖြစ်သဖြင့် သားရဲများ၏ သဘာဝကို နားလည်မှုအပေါ် အခြေခံ၍ ဝူကျိတိုက်ကြီးတွင် တစ်ခါမျှ မကြားဖူးသေးသော သားရဲသွေးပဋိပက္ခသီအိုရီကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်တွေ့စမ်းသပ်မှုဆိုတာက ဘာလဲ။
ကျန့်လီနှင့် အခြားသူများမှာ ကြောင်တောင်တောင် ဖြစ်နေကြသဖြင့် ယွင်ရှန်းမှာ လက်တွေ့လုပ်ဆောင်ပြခြင်းဖြင့်သာ သက်သေပြနိုင်တော့မည်ဖြစ်သည်။ ကျန့်လီထံမှ ကတိကဝတ်ကို ရရှိပြီးနောက် ယွင်ရှန်းသည် ကုသမှုကို စတင်တော့သည်။
သူမသည် ဘေးမှလူများကို ဖယ်ခိုင်းရန် ကြံရွယ်သော်လည်း သူတို့၏ စိတ်ဝင်တစား စောင့်ကြည့်နေကြသော အမူအရာများကြောင့် မည်သူမျှ ထွက်ခွာသွားမည့်ပုံ မပေါ်ပေ။
အချို့သောသူများမှာ ရှန်းကွမ်ထော်၏ အခြေအနေအတွက် စိုးရိမ်နေကြသော်လည်း အများစုမှာမူ စူးစမ်းလိုစိတ် ပြင်းပြနေကြသည်။ အကြောင်းမှာ ယွင်ရှန်းက ကုသမှုအောင်မြင်ပါက ရှန်းကွမ်ထော်သည် အဆင့်အတန်းတစ်ခုသို့ တိုက်ရိုက်တိုးတက်သွားနိုင်သည်ဟု ဆိုထားသောကြောင့်ပင်။
အခြေအနေအရ ယွင်ရှန်းသည် လူအားလုံး၏ရှေ့တွင်ပင် ကုသမှုကို စတင်ရန် ဆုံးဖြတ်လိုက်ရတော့သည်။ သူမသည် ဘေးတွင်ဝိုင်းကြည့်နေသူများကို ဆေးပညာလက်တွေ့လေ့လာရေးအဖွဲ့တစ်ခုကဲ့သို့ပင် သဘောထားကာ အာရုံစိုက်လိုက်သည်။
"စောစောက ရှင့်ရဲ့ ကိုယ်တွင်းသိုင်းစိတ်ဓာတ်တွေ ကစဉ့်ကလျားဖြစ်သွားတဲ့ ပုံစံကို ဖော်ပြပေးပါ"
ယွင်ရှန်းက ယီပိုင်မင်းအား မေးမြန်းလိုက်သည်။
"ကိုယ်တွင်းမှာ မငြိမ်မသက်ဖြစ်နေတဲ့ စွမ်းအင်တစ်ခုက အပြင်ကို အတင်းပေါက်ကွဲထွက်ချင်နေသလို ခံစားရတယ်"
ယီပိုင်မင်းသည် အလွန်သန်မာသော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သော်လည်း သူပင်လျှင် ဤမျှသိသာသော ရက်စက်သည့် စွမ်းအင်လှိုင်းများကို ခံစားခဲ့ရလျှင် ရှန်းကွမ်ထော်အတွက်မူ ပြောစရာပင် မလိုတော့ပေ။
"ဒါဟာ သားရဲသွေးပဋိပက္ခကနေ ထွက်လာတဲ့ ရက်စက်တဲ့စွမ်းအင်တွေကြောင့် ဖြစ်ရတာပါ။ သတိထားပါ မလှုပ်ပါနဲ့ဦး။ ကျွန်မ အပ်စိုက်ပေးရမယ်"
ထိုသို့ပြောဆိုရင်း ယွင်ရှန်းသည် သူမ၏လက်ကို တစ်ချက်ခါလိုက်ရာ အပ်လေးချောင်း ပေါ်ထွက်လာသည်။
ယွင်ရှန်း အပ်များကို ထုတ်ယူလိုက်ချိန်တွင် ဘေးမှလူများသာမက အထူးသဖြင့် ယီပိုင်မင်း၏ မျက်ဝန်းများမှာပါ တောက်ပသွားသည်။ စောစောက သူစိတ်ရူးပေါက်နေစဉ်အတွင်း ယွင်ရှန်း အပ်စိုက်သည်ကို သူ သေချာမမြင်လိုက်ရသောကြောင့် ဖြစ်သည်။
ယွင်ရှန်း၏ ဥတုလေးပါး ဖန်အပ်များမှာ အလွန်ထူးခြားလှသည်။ ၎င်းတို့သည် အထူးနည်းစနစ်ဖြင့် ပြုလုပ်ထားသော မှော်လက်နက်များဖြစ်ကြောင်း အားလုံးက ရိပ်မိလိုက်ကြသည်။
ယွင်ရှန်းသည် ယီပိုင်မင်း၏ ကိုယ်ပေါ်ရှိ အပ်စိုက်မှတ်များကို ကျွမ်းကျင်စွာ ပစ်မှတ်ထားကာ လှုပ်ရှားလိုက်သည်။ သူမ၏ အပ်စိုက်ပုံမှာ လွင့်မျောနေသော တိမ်တိုက်များ၊ စီးဆင်းနေသော ရေပြင်ကဲ့သို့ပင် ချောမွေ့လွန်းလှသည်။ ခဏချင်းအတွင်းမှာပင် ယီပိုင်မင်း၏ ကိုယ်ပေါ်ရှိ အဓိက အချက်အချာကျသော အပ်စိုက်မှတ်များကို ပိတ်ဆို့လိုက်နိုင်တော့သည်။
ယွင်ရှန်း အပ်တစ်ချောင်း စိုက်လိုက်တိုင်း ယီပိုင်မင်းသည် သူ၏ကိုယ်တွင်းမှ ပူလောင်နေသော ခံစားချက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ခံစားရသည်။ ယွင်ရှန်းသည် အပ်ကို အမှတ်တစ်ခုတွင် စိုက်လိုက်တိုင်း သူမ၏ မှော်စွမ်းအားကို အသုံးပြု၍ ဖန်အပ်လေးများကို ညင်သာစွာ လှည့်ပတ်ထိန်းချုပ်နေသည်ကို မြင်တွေ့ရသည်။
အခြားသူများ မသိနိုင်သော အချက်မှာ ယွင်ရှန်း၏ လက်ထဲရှိ အပ်များသည် ယီပိုင်မင်း၏ ကိုယ်တွင်းမှ ရက်စက်သော စွမ်းအင်များကို လောဘတကြီး စုပ်ယူနေခြင်းပင်။ ဤသည်မှာ မှောင်မိုက်သော မှော်ဝိညာဉ်ကို ပိုင်ဆိုင်ထားခြင်း၏ အကျိုးကျေးဇူးပင်။ အခြားသူများကို ရူးသွပ်စေသည့် ထိုရက်စက်သော စွမ်းအင်များသည် ယွင်ရှန်း၏ ကိုယ်တွင်းရှိ မှောင်မိုက်သော မှော်ဝိညာဉ်အတွက်မူ အနှစ်သက်ဆုံး အာဟာရများ ဖြစ်နေတော့သည်။
ယွင်ရှန်းသည် ယီပိုင်မင်း၏ ခန္ဓာကိုယ်ပေါ်တွင် စုစုပေါင်း အပ်လေးချောင်း စိုက်ခဲ့ပြီး သူမ၏ ကိုယ်တွင်းရှိ မှောင်မိုက်သော မှော်ဝိညာဉ်သည်လည်း နက်မှောင်သော ရက်စက်သည့် စွမ်းအင်အမြောက်အမြားကို ဝါးမြိုပစ်ခဲ့သည်။
ယီပိုင်မင်း၏ အရေပြားမျက်နှာပြင်ပေါ်တွင် မည်းနက်သော အညစ်အကြေးများ လျင်မြန်စွာ ပေါ်ထွက်လာပြီး သည်းမခံနိုင်စရာ ကောင်းလောက်အောင် နံစော်သော အနံ့ဆိုးများ ထွက်ပေါ်လာတော့သည်။ ဤသည်မှာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများနှင့် အဆိပ်အတောက်များ စွန့်ထုတ်ခြင်းဖြစ်ကြောင်း သိုင်းပညာရှင်တိုင်း သိရှိကြသည်။
ယေဘုယျအားဖြင့် သိုင်းပညာရှင်တစ်ဦးသည် ပထမဆုံးအကြိမ် သားရဲသွေးပေါင်းစပ်ခြင်းနှင့် အရိုးတွင်းအညစ်အကြေး ဆေးကြောခြင်းကို ပြုလုပ်သည့်အခါ ယခုကဲ့သို့ အာနိသင်များ ပေါ်ပေါက်တတ်သည်။ သို့သော် ပုံမှန်အားဖြင့် အရိုးတွင်းအညစ်အကြေး ဆေးကြောခြင်း လုပ်ငန်းစဉ်တစ်ခုသည် အနည်းဆုံး တစ်ရက်နှင့် တစ်ည အချိန်ယူရသော်လည်း ယီပိုင်မင်းအတွက်မူ ၁၅ မိနစ်ပင် မပြည့်သေးသည့် အချိန်အတွင်းမှာပင် ပြီးမြောက်သွားခြင်း ဖြစ်သည်။
"ပဋိပက္ခတွေ ပျောက်သွားပြီ။ ဝမ်းဗိုက်ထဲက အောင့်တာတွေလည်း မရှိတော့ဘူး"
ယွင်ရှန်း၏ အပ်စိုက်ကုသမှုအောက်တွင် ယီပိုင်မင်းသည် တစ်ကိုယ်လုံး ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ထိုမျှမက တစ်ကိုယ်လုံး လန်းဆန်းသွားသလို စောစောက မငြိမ်မသက်ဖြစ်နေသော စိတ်အခြေအနေမှာလည်း အတော်လေး တည်ငြိမ်သွားခဲ့ပြီဖြစ်သည်။
ယွင်ရှန်းသည် အပ်များကို ပြန်လည်နုတ်ယူလိုက်ရာ သူမ၏ မျက်နှာတွင်လည်း ဝမ်းမြောက်မှု အရိပ်အယောင်များ ပြည့်နှက်နေသည်။
"ကျွန်တော့်ကိုယ်ထဲမှာ ပြင်းထန်တဲ့ စွမ်းအားတွေ စီးဆင်းနေတယ်... ကျွန်တော်... ရေချိုးဖို့ လိုပြီ"
ယီပိုင်မင်းသည် မိမိကိုယ်မှ ထွက်နေသော အနံ့ကို မခံနိုင်တော့သဖြင့် ပြောလိုက်သည်။
"ပိုင်မင်း... မင်း ဘယ်လိုခံစားရလဲ"
ကျန့်လီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူသည် လူပေါင်းစုံကို မြင်ဖူးခဲ့သော်လည်း ယခုကဲ့သို့ ထူးဆန်းအံ့ဩဖွယ်ကောင်းသော ဖြစ်ရပ်မျိုးကို တစ်ခါမျှ မကြုံဖူးပေ။ အခြားသူများ သတိမပြုမိသော်လည်း သူကမူ ယီပိုင်မင်း၏ ပြောင်းလဲမှုများကို သိရှိနေသည်။ ထိုကလေး၏ ကျင့်ကြံမှုအဆင့်မှာ သေချာပေါက်...
ကျန့်လီသည် တည်တည်ငြိမ်ငြိမ်ပင် အကဲခတ်နေရင်း ဤမိန်းကလေးငယ်သည် ယီပိုင်မင်း၏ လျှို့ဝှက်ချက်များကို သတိပြုမိသွားခြင်း ရှိမရှိကိုလည်း တွေးတောနေမိသည်။
သို့သော် ယွင်ရှန်းသာ သတိထားမိခဲ့လျှင်ပင် ကျန့်လီအနေဖြင့် ဤကိစ္စကို ဆက်လက်စူးစမ်းရန် ရည်ရွယ်ချက်မရှိတော့ပေ။
ဤကဲ့သို့သော ပါရမီရှင်မျိုးမှာ သူ၏ ဝူရွှမ်း ဝူကျိခန်းမအတွက် ကောင်းကင်ဘုံက ပေးသနားလိုက်သည့် လက်ဆောင်ပင်။ ဤမိန်းကလေးငယ်၏ ဆေးပညာကျွမ်းကျင်မှုမှာ နန်းတွင်းသမားတော်ကြီးများပင် ယှဉ်နိုင်လိမ့်မည်မဟုတ်ဟု သူ တွေးမိသည်။ ဆေးခန်းမမှ အကြီးအကဲကျန်းကို ထားလိုက်ပါဦး ဆေးဧကရာဇ်နန်းဆောင်မှ သမားတော်ကြီးများပင် ဤကဲ့သို့ စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်း ကျန့်လီ ယုံကြည်သွားခဲ့ပြီဖြစ်သည်။
စောစောက သူမ အပ်ဘယ်နှစ်ချောင်း သုံးလိုက်တာလဲ။ လေးချောင်းပဲ သုံးရသေးတာ။ အပ်လေးချောင်းတည်းဖြင့် ယီပိုင်မင်း၏ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ခဲ့ခြင်းမှာ အံ့မခန်းပင်။ ကျန့်လီသည် သူ၏တပည့်များသာ ရှိမနေပါက ယွင်ရှန်းကို သူ့အားလည်း အပ်အနည်းငယ် စိုက်ပေးပါရန် ကိုယ်တိုင်တောင်းဆိုမိတော့မည့်အလား ခံစားနေရသည်။
ယွင်ရှန်းသည် အပ်များကို သိမ်းဆည်းလိုက်ပြီး ခေတ္တမျှ အနားယူလိုက်သည်။ သူမသည် စောစောက အပ်စိုက်ခဲ့သည့် ဖြစ်စဉ်ကို ပြန်လည်သုံးသပ်နေမိ၏။ သူမ ခန့်မှန်းခဲ့သည့်အတိုင်းပင် သားရဲသွေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ရက်စက်သောစွမ်းအင်များကို သူမ၏ မျိုးရိုးလိုက် ဆေးဝိညာဉ်နတ်အပ်ဖြင့် ဖယ်ရှားနိုင်ခဲ့သည်။ ယခုအခြေအနေကို ဆက်လက်ထိန်းထားနိုင်ပါက နောင်တွင် အပ်တစ်ချောင်းတည်းနှင့်ပင် လုံလောက်နိုင်ပေလိမ့်မည်။
သန်မာလှသော ယီပိုင်မင်း ရှိနေ၍သာ တော်တော့သည်။ မဟုတ်လျှင်မူ သူမအနေဖြင့် အခြားသူတစ်ဦးအပေါ် ယခုကဲ့သို့ မျက်ကန်းစမ်းသပ်မှုမျိုး ပြုလုပ်ရန် သတ္တိရှိလိမ့်မည်မဟုတ်ပေ။
ယွင်ရှန်းသည် စိတ်တည်ငြိမ်ဆေးရည်တစ်ပုလင်းကို သောက်သုံးလိုက်ပြီးနောက် ရှန်းကွမ်ထော်ကို ချက်ချင်း ကုသပေးတော့သည်။ အရုဏ်တက်ချိန်သို့ ရောက်သောအခါ ရှန်းကွမ်ထော်၏ ကိုယ်တွင်းရှိ အကြွင်းအကျန် ရက်စက်သောစွမ်းအင်အားလုံးကို သူမ ဖယ်ရှားပေးနိုင်ခဲ့ပြီဖြစ်သည်။
ရှန်းကွမ်ထော်ကို ကုသရခြင်းမှာ ယီပိုင်မင်းကို ကုသရသည်ထက် အဆပေါင်းများစွာ ပိုမိုလွယ်ကူသည်။ ယွင်ရှန်း၏ မှောင်မိုက်သော မှော်ဝိညာဉ်မှာလည်း ထပ်မံစုပ်ယူလိုက်သော စွမ်းအင်များကြောင့် သိသိသာသာ ကြီးထွားလာပြီး အခြားသော ဓာတ်ကြီးလေးပါး မှော်ဝိညာဉ်များနှင့် အရွယ်အစားချင်း တူညီလုနီးပါး ဖြစ်လာခဲ့သည်။ သူမအနေဖြင့် အမှောငမှော်ပညာဖြစ်သော မှောင်မိုက်သောဆူးကို အသုံးပြုပါက ယခင်ကထက် အစွမ်းထက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
"သူ့ရဲ့ ကိုယ်တွင်းက ရက်စက်တဲ့စွမ်းအင်တွေကို ရှင်းထုတ်ပေးပြီးပါပြီ။ သူက ကံဆိုးရာကနေ ကံကောင်းသွားတယ်လို့ ဆိုရမယ်။ အဲဒီစွမ်းအင်တွေက သူ့စိတ်ကို မူးယစ်စေခဲ့ပေမဲ့ တစ်ဖက်မှာလည်း သူ့ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ သိုင်းသွေးကြောတွေကို ပွင့်သွားအောင် ကူညီပေးခဲ့တယ်။ အခြေအနေသာ ကောင်းမယ်ဆိုရင် သူဟာ နယ်စားမင်းအဆင့်ကို တက်လှမ်းသွားနိုင်ပါပြီ"
ယွင်ရှန်း စကားပြောပြီး၍ မော့ကြည့်လိုက်သောအခါ လူတိုင်းက သူမကို လူသားမဟုတ်သည့် သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"အပ်နည်းနည်း စိုက်ရုံနဲ့ အဆင့်တက်သွားတယ် ဟုတ်လား"
ချန်ပိုင်က စကားပင် ထစ်ကုန်သည်။
ယွင်ရှန်းက စိတ်မရှည်ဟန်ဖြင့် "ရှင်လည်း အပ်စိုက်ခံချင်လို့လား" ဟု ပြန်မေးလိုက်၏။
"ဘုရားရေ... ဒါက နည်းနည်းတော့ ချဲ့ကားလွန်းမနေဘူးလား။ အဲဒီအပ်တွေက ဘာတွေလဲ။ တကယ်ကို အံ့ဩစရာပဲ။ ကဲပါ... ငါ့ကိုလည်း အပ်အနည်းငယ် စိုက်ပေးပါဦး"
ချန်ပိုင်က စိတ်အားထက်သန်စွာဖြင့် သူမအနားသို့ တိုးကပ်လာသည်။
"မင်းအတွက် လိုအပ်တာက အပ်မဟုတ်ဘူး အဆော်ခံရဖို့ပဲ"
အဝတ်အစားအသစ် လဲလှယ်ထားသည့် ယီပိုင်မင်းသည် မျက်မှောင်ကြုတ်ကာ အထဲသို့ လျှောက်လှမ်းလာရင်း ချန်ပိုင်ကို စနောက်လိုက်သည်။ သူ၏ မီးခိုးရောင်မျက်ဝန်းများက မှောင်ရိပ်သန်းနေပြီး ယွင်ရှန်းကို ဖော်ပြမပြနိုင်သော အဓိပ္ပာယ်များဖြင့် စိုက်ကြည့်နေတော့သည်။