← Chapters

အခန်း (၂၀၇)

Vol. 20 Ch. 207

အခန်း (၂၀၇)

Vol. 20 Ch. 207

ယီပိုင်မင်း၏ ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရသောအခါ ချန်ပိုင်သည် လူမိုက်ဘဝမှ ချက်ချင်းပင် ထိတ်လန့်နေသော ယုန်သူငယ်လေးအဖြစ်သို့ ပြောင်းလဲသွားပြီး ဘေးတစ်ဖက်သို့ ကပ်ကာ ငြိမ်သက်သွားတော့သည်။

နဂိုက ထိုမြင်ကွင်းကို ကြည့်ပြီး ရယ်မောချင်နေသော ယွင်ရှန်းမှာမူ ယီပိုင်မင်း၏ စူးရှလှသော အကြည့်များအောက်တွင် ရင်ထဲ၌ အေးခနဲ ဖြစ်သွားရသည်။

ငါ့အကြောင်းတွေများ ပေါ်သွားပြီလား။

သူမ တွေးတောနေမိသည်။ သို့သော် သူမသည် တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားပြီး ဆေးခန်းမမှ ဆေးပင်ခူးသည့် ကောင်လေးကို ဆေးဘက်ဝင်အပင် အမျိုးအစားအချို့ ပြင်ဆင်ရန် ညွှန်ကြားလိုက်သည်။

ယွင်ရှန်း၏ ဂရုမစိုက်သလို ရှိနေသော အမူအရာကို မြင်တွေ့ရသောအခါ ယီပိုင်မင်း၏ သံသယမှာ ပိုမိုကြီးထွားလာခဲ့သည်။ စောစောက ယွင်ရှန်း အပ်စိုက်ကုသပုံမှာ ငှက်ပျောရွက်ရွာမှ ကြောင်ရိုင်းမလေးနှင့် တူညီနေသည်ဟု သူ ထင်ယောင်ထင်မှား ဖြစ်နေမိသည်။

တူညီသော ခေါင်းမာသည့် စရိုက်၊ တူညီသော မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲသည့် အရှိန်အဝါ။

ဒါ သူမပဲလား...

ယီပိုင်မင်းသည် အပ်စိုက်ကုသနေစဉ်အတွင်း ကြုံဖူးနေကျ ခံစားချက်မျိုးကို ခံစားခဲ့ရသည်။ သူ မှတ်မိသလောက်ဆိုလျှင် ကြောင်ရိုင်းမလေးသည်လည်း အပ်စိုက်ပညာတွင် ကျွမ်းကျင်သူဖြစ်သည်။ သို့သော် ယခု ယွင်ရှန်း၏ ခန္ဓာကိုယ် တည်ဆောက်ပုံ၊ အသက်အရွယ်နှင့် အသံတို့မှာ သူမှတ်မိနေသော ကြောင်ရိုင်းလေးနှင့် ကွာခြားနေပြန်သည်။

ယီပိုင်မင်းအနေဖြင့် ယွင်ရှန်းကို ချက်ချင်း မမှတ်မိခြင်းမှာ မဆန်းပေ။ သူ၏ အမြင်အာရုံမှာ ယခင်က သိပ်မကောင်းခဲ့သလို ယခုလက်ရှိ ယွင်ရှန်းမှာလည်း အဆင့်တက်လှမ်းပြီးနောက်ပိုင်း သူမ၏ ရုပ်ရည်နှင့် အရပ်အမောင်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ခြင်းကြောင့် ဖြစ်သည်။

မကြာသေးမီက ဝူရွှမ်း ဝူကျိခန်းမအတွင်း လေ့ကျင့်မှုများကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ပိုမိုဖွံ့ဖြိုးလာခဲ့သည်။ ယီပိုင်မင်းသည် စောစောက ယွင်ရှန်းကို ပွေ့ဖက်ထားစဉ်က သူမ၏ ကိုယ်အလေးချိန်ကို ခံစားမိခဲ့ရာ ၎င်းမှာ အတိတ်က ပိန်ညှောင်ညှောင် ကြောင်ရိုင်းမလေးနှင့် လုံးဝ ကွာခြားနေခဲ့တော့သည်။

ဖြစ်နိုင်သည်မှာ... ယွင်ရှန်းသည် ယခင်ကထက် ပိုမိုလေးလံလာပြီး ပို၍ပင် ပြည့်ဖြိုးလာခြင်းကြောင့် ဖြစ်လိမ့်မည်။ ထိုအထိအတွေ့မှာ တကယ့်ကို ကောင်းမွန်လှသော်လည်း...

သူမကို မည်သို့ပင် ကြည့်စေကာမူ အသက် ရှစ်နှစ်အရွယ်မျှသာ မဟုတ်ဘဲ ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်ဝန်းကျင်ခန့် ရှိနေပုံရသည်။ ဝူကျိတိုက်ကြီးပေါ်တွင် အပ်စိုက်ကုသသည့် ဆေးဆရာများမှာ နေရာအနှံ့ ရှိနေသည်ကို သတိရမိပြီးနောက် ယီပိုင်မင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ထိုစဉ်မှာပင် ရှန်းကွမ်ထော် သတိရလာခြင်းက ယီပိုင်မင်း၏ အတွေးစများကို ဖြတ်တောက်လိုက်တော့သည်။

ရှန်းကွမ်ထော် နိုးလာသည်ကို မြင်သောအခါ ယွင်ရှန်းက ဦးဆောင်၍ နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။

ဆေးခန်းမအတွင်း၌မူ မုန်တိုင်းတစ်ခု စတင်နေပြီဖြစ်သည်။ ရှန်းကွမ်ထော် သတိရလာသော်လည်း ကျန့်လီ၏ မျက်နှာမှာမူ အိုးမဲသုတ်ထားသကဲ့သို့ မည်းမှောင်နေ၏။ လမ်းဆိုးရင် လူတိုင်းနင်းကြတယ်ဆိုသကဲ့သို့ ယခုအချိန်မှာ အကြွေးဟောင်းများကို ရှင်းရမည့်အချိန်ပင်။ ယွင်ရှန်းသည် ဆေးခန်းမအတွင်းမှ အေးအေးဆေးဆေး ထွက်လာပြီး အတွင်းခန်းမဆီသို့ ဦးတည်လိုက်သည်။

ကျန်းမိသားစု သားအဖတို့ရေ... ကိုယ့်ကံကြမ္မာကိုယ်ပဲ ဆုတောင်းထားကြတော့။

"ဆရာ... စီနီယာတို့ ဘာလို့ ဒီကို ရောက်နေကြတာလဲ"

ဤသွေးချင်းပဋိပက္ခကို တွေ့ကြုံပြီးနောက် ရှန်းကွမ်ထော်သည် သေတပြေး အသက်တချက် အခြေအနေမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ပုကျိုရှောင်က ဖြစ်ပျက်ခဲ့သမျှကို ရှန်းကွမ်ထော်အား အသေးစိတ် ပြန်လည်ပြောပြလိုက်ရာ သူသည် အလွန်အမင်း ရူးသွပ်သွားခဲ့ကြောင်း ထိုအခါမှ သိရှိသွားတော့သည်။ အပြင်ခန်းမမှ ဂျူနီယာတပည့်အချို့ကို သူကိုယ်တိုင် ဒဏ်ရာရအောင် လုပ်မိခဲ့သည်ကို သိရသောအခါ ရှန်းကွမ်ထော်မှာ နောင်တများဖြင့် ပြည့်နှက်သွားရသည်။

ထို့ပြင် အကြီးအကဲကျန်းက သွေးတိမ်သားရဲသွေးသည် လုံးဝအန္တရာယ်မရှိကြောင်း အာမခံခဲ့ပုံ၊ ထိုသွေးကို ရွှေဒင်္ဂါး တစ်သောင်းဖြင့် လဲလှယ်ခဲ့ရပုံနှင့် အတွင်းခန်းမမှ အခြားညီအစ်ကိုအချို့လည်း ထိုသားရဲသွေးများကို ဝယ်ယူခဲ့ကြကြောင်း ကျန့်လီအား အကုန်အစင် ပြောပြလိုက်သည်။

ကျန့်လီသည် အကြီးအကဲကျန်းက အကျိုးအမြတ်အတွက် သိုင်းကျောင်းရှိ သိုင်းသမားများ၏ ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုခဲ့ကြောင်း သိရှိသွားသောအခါ အကြီးအကဲကျန်းအား လာဘ်ထိုးခဲ့သည့် သိုင်းသမားများကို ရှာဖွေဖော်ထုတ်၍ ပြင်းထန်စွာ အပြစ်ပေးရန် အမိန့်ထုတ်လိုက်တော့သည်။

ကျန့်လီ အမိန့်ပေးပြီးပြီးချင်းမှာပင် ဆေးခန်းမအပြင်ဘက်၌ ဆူညံသံများ ထွက်ပေါ်လာသည်။ အပြင်ထွက်ကြည့်လိုက်သောအခါ အမျိုးသမီးစစ်သည်တော် တစ်ရာကျော်ကို ဦးဆောင်လာသည့် လျိုချင်းကို တွေ့လိုက်ရသည်။

အကြီးအကဲကျန်း ရာထူးမှ ကျဆုံးတော့မည်ကို သိလိုက်ရသောအခါ ကျန်းကျစ်ဖော်၏ စော်ကားမှုကို ခံခဲ့ရသည့် အမျိုးသမီးစစ်သည်များက ကျန့်လီရှေ့သို့ လာရောက်ကာ သူတို့၏ နစ်နာချက်များကို တိုင်တန်းကြတော့သည်။ လျိုချင်းကလည်း လျန်ရှန်းအပေါ် ကျူးလွန်ခဲ့သည့် စောစောပိုင်းက တိုက်ခိုက်မှုအကြောင်းကို ကျန့်လီအား အသေးစိတ် တင်ပြလိုက်သည်။

အမျိုးသမီးစစ်သည်တော်များ၏ ငိုယိုတိုင်တန်းသံများနှင့် ဆူညံပွက်လောရိုက်မှုများကြောင့် ကျန့်လီမှာ အကြီးအကျယ် ခေါင်းခဲသွားရသည်။ ကျန်းမိသားစု သားအဖနှစ်ဦး ဤမျှအထိ ရမ်းကားရဲလိမ့်မည်ဟု ကျန့်လီ ထင်မထားခဲ့ပေ။ သူသည် ဒေါသအမျက်ချောင်းချောင်းထွက်ကာ အကြီးအကဲကျန်းနှင့် ကျန်းကျစ်ဖော်တို့ကို ချက်ချင်း ဖမ်းဆီးရန် အမိန့်ပေးလိုက်တော့သည်။

သို့သော် ဖမ်းဆီးရန် လွှတ်လိုက်သော သိုင်းသမားများမှာ မကြာမီမှာပင် ပြန်လည်ရောက်ရှိလာပြီး အကြီးအကဲကျန်းနှင့် ကျန်းကျစ်ဖော်တို့သည် ကျောက်စိမ်းမြို့တော်ရှိ ဆေးဧကရာဇ်နန်းဆောင်ဆီသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်ကြောင်း တင်ပြလာကြသည်။

"ဆရာ... ဆေးဧကရာဇ်နန်းဆောင်က ချန်စီဟိုင်နဲ့ အကြီးအကဲကျန်းတို့မှာ ဆွေမျိုးတော်စပ်မှုရှိတယ်လို့ ကြားဖူးပါတယ်။ အကြီးအကဲကျန်းဟာ သိုင်းကျောင်းရဲ့ လိုက်လံဖမ်းဆီးမှုကို ရှောင်ရှားဖို့ ဆေးဧကရာဇ်နန်းဆောင်ရဲ့ ဩဇာအာဏာကို အသုံးချချင်နေတာ သေချာပါတယ်"

ပုကျိုရှောင်သည် မြို့တော်အတွင်းရှိ အခြေအနေများကို ကောင်းစွာနားလည်ထားသူဖြစ်ရာ အကြီးအကဲကျန်း မည်သည့်နေရာသို့ သွားမည်ကို ချက်ချင်းပင် ခန့်မှန်းမိလိုက်သည်။

တိုက်ကြီးတစ်ဝှမ်းရှိ သိုင်းကျောင်းများအကြားတွင် တရားဝင်မဟုတ်သော်လည်း လူတိုင်းလိုက်နာရသည့် စည်းကမ်းတစ်ခု ရှိသည်။ ၎င်းမှာ ဆေးဧကရာဇ်နန်းဆောင်သည် သိုင်းသမားများကို နှစ်ပေါင်းများစွာ ကုသပေးခဲ့သည့် ကျေးဇူးကို ထောက်ထား၍ မည်သူမျှ သူတို့ကို မဆန့်ကျင်ရခြင်းပင်။ ဆေးဧကရာဇ်နန်းဆောင်အတွင်း၌ မည်သည့်သိုင်းသမားမျှ အတင်းအဓမ္မ တိုက်ခိုက်ခြင်း မပြုရပေ။

အကြီးအကဲကျန်းသည် ကျန့်လီအနေဖြင့် ဆေးဧကရာဇ်နန်းဆောင်အတွင်းသို့ လူအင်အားဖြင့် ဝင်ရောက်စီးနင်းရန် မဝံ့ရဲဟု တွက်ဆထားသောကြောင့် ထိုနေရာသို့ ထွက်ပြေးသွားခြင်း ဖြစ်သည်။

"အဖိုးကြီး... သူက ဆေးဧကရာဇ်နန်းဆောင်ထဲမှာ ပုန်းနေရုံနဲ့ ငါက ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတာလား။ ကျိုရှောင်... ဂိုဏ်းတံဆိပ်တော်ကို ထုတ်သုံးလိုက်စမ်း။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျန်းမိသားစု သားအဖကို အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ဖမ်းလာခဲ့ရမယ်"

ကျန့်လီက ပြတ်သားစွာ အမိန့်ချလိုက်သည်။

ယီပိုင်မင်း၊ ချန်ပိုင်နှင့် ပုကျိုရှောင်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ ယခုအကြိမ်တွင် ကျန့်လီသည် တကယ်ကို ဒေါသထွက်နေပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြ၏။

ဂိုဏ်းတံဆိပ်တော်ထုတ်ပြန်လိုက်ပြီဆိုသည်မှာ မဟာကျိုးတစ်နိုင်ငံလုံးရှိ သောင်းနှင့်ချီသော ဂိုဏ်းသားအားလုံး ဤအမိန့်ကို မဖြစ်မနေ လိုက်နာရတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အကယ်၍ ဤတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်သည့် ဂိုဏ်းသားရှိခဲ့လျှင် နောင်တစ်ချိန်တွင် ဝူရွှမ်း ဝူကျိခန်းမထံမှ ကြီးမားသော အကူအညီတစ်ခုကို တောင်းခံခွင့် ရရှိမည်ဖြစ်သည်။

လမ်းဘေးဈေးသည်များမှအစ မုဆိုးကုန်သည်များအထိ ပြန့်နှံ့နေသော ထိုဂိုဏ်းသားများ၏ စုစည်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျန့်လီက ဂိုဏ်းတံဆိပ်တော်ကို ထုတ်ပြန်လိုက်သည့် အခိုက်အတန့်မှစ၍ ကျန်းမိသားစု သားအဖမှာ သေလူများသဖွယ် ဖြစ်သွားခဲ့ပြီဖြစ်သည်။

ကျန့်လီက ဂိုဏ်းတံဆိပ်တော်ကို ထုတ်ပြန်လိုက်ပြီးနောက် သိပ်မကြာမီမှာပင် သတင်းများ ရောက်ရှိလာတော့သည်။

ကျန်းကျစ်ဖော် သေဆုံးသွားခဲ့ပြီ။

ဤလူသည် တကယ့်ကို အကြောက်အလန့်မရှိသူပင်။ ဆေးဧကရာဇ်နန်းဆောင်တွင် ပုန်းအောင်းနေစဉ်အတွင်း အမူအရာပင် မပျက်ဘဲ ပြည့်တန်ဆာအိမ်များဆီသို့ သွားရောက်ပျော်ပါးနေခဲ့ရာမှ အမျိုးသမီးတစ်ဦး၏ ကိုယ်ပေါ်တွင်ပင် အသက်မဲ့လျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ကျန်းကျစ်ဖော် သေဆုံးပြီး ရက်အနည်းငယ်အကြာမှာပင် အကြီးအကဲကျန်းလည်း ရူးသွပ်သွားခဲ့ရာ ဆေးဧကရာဇ်နန်းဆောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားခဲ့သည်။

ရက်အနည်းငယ်အတွင်းမှာပင် ကျန်းမိသားစုထဲမှ တစ်ဦးကသေ၊ တစ်ဦးကရူး ဖြစ်သွားသည့် ရလဒ်မှာ ယွင်ရှန်းအတွက် မျှော်လင့်မထားသော အခြေအနေဖြစ်သော်လည်း ဝူရွှမ်း ဝူကျိခန်းမ၏ ဩဇာအာဏာ မည်မျှကြီးမားကြောင်းကိုမူ ကောင်းစွာ သဘောပေါက်သွားစေခဲ့သည်။

သို့သော် ယွင်ရှန်းသည် ဤကိစ္စကို စိတ်ထဲ၌ သိပ်မထားတော့ပေ။ ရှန်းကွမ်ထော်ကို ကုသပြီးနောက် သူမ၏ မှောင်မိုက်သော မှော်ဝိညာဉ်သည် ရက်စက်သော စွမ်းအင်များကို အလွန်အမင်း စုပ်ယူထားခဲ့သဖြင့် ၎င်းတို့ကို ပြန်လည်ပေါင်းစပ်ရန်အတွက် တရားထိုင်ရန် လိုအပ်နေသည်။ သူမသည် ပေါင်းစပ်မှုကို အာရုံစိုက်နေစဉ်အတွင်း မနက်၊ နေ့လယ်၊ ည ကျင့်စဉ်များကိုပင် မေ့လျော့သွားသည်အထိ တစ်ရက်နှင့် တစ်ည ကုန်ဆုံးသွားခဲ့သည်။

အသက်ရှူကျင့်စဉ် တစ်ခုကို အပြီးသတ်လိုက်ပြီးနောက် ယွင်ရှန်းသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ကိုယ်တွင်းမှ အပူငွေ့များကို မှုတ်ထုတ်လိုက်သည်။ အပြင်ဘက်တွင် နေမြင့်နေပြီဖြစ်ရာ နာရီကို ကြည့်လိုက်သောအခါ တစ်ရက်နှင့် တစ်ည တိတိ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

သူမသည် ထရပ်ကာ အိပ်ဆောင်အပြင်ဘက်သို့ ထွက်လိုက်ရာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။

ဒါ... ဒါ ဘာအခြေအနေကြီးလဲ။

"အစ်မကြီး... နောက်ဆုံးတော့ ထွက်လာပြီပဲ။ ကျွန်တော်တို့ လူတွေကို တားထားရတာ မနည်းဘူး။ ဒီလူတွေ အကုန်လုံးက အစ်မကြီးဆီမှာ အပ်စိုက်ခံချင်လို့ လာစောင့်နေကြတာ"

လိုင်ဟုနှင့် ဂူဖုန်းတို့သည် တံခါးစောင့်နတ်မင်းကြီးနှစ်ပါးအလား ဘယ်နှင့်ညာတွင် ရပ်ကာ အပြင်မှလူများကို တားဆီးပေးနေကြသည်။ လူဦးရေမှာ အလွန်များပြားလှသဖြင့် ဂူဖုန်းမှာမူ သူ၏ တောက်ပသော နတ်မင်းစက်ဝန်းမှော်စွမ်းအားကိုပင် အသုံးပြု၍ လူအုပ်ကြီးကို ထိန်းထားရသည်။

ယွင်ရှန်း၏ အိပ်ဆောင်အပြင်ဘက်တွင် စိတ်အားထက်သန်နေသော သိုင်းသမား ရာပေါင်းများစွာမှာ ပြည့်နှက်နေပြီး အနည်းဆုံး လူလေးငါးရာခန့် ရှိနေပေလိမ့်မည်။ ဝူရွှမ်း ဝူကျိခန်းမအတွင်းရှိ လူဦးရေ၏ ထက်ဝက်နီးပါး ဤနေရာသို့ စုပြုံရောက်ရှိလာခြင်း ဖြစ်နိုင်သည်ဟု ယွင်ရှန်း သံသယဝင်မိသည်။

သူတို့ထဲတွင် အတွင်းခန်းမမှ သိုင်းသမားများသာမက အပြင်ခန်းမမှ သိုင်းသမားများပါ ပါဝင်ပြီး အားလုံးမှာ သူမ၏ ကျော်ကြားမှုကို ကြားသိ၍ ရောက်လာကြခြင်း ဖြစ်သည်။ အကြောင်းမှာ ယွင်ရှန်း တရားထိုင်နေစဉ်အတွင်း ရှန်းကွမ်ထော်က သူသည် ယွင်ရှန်း၏ အပ်စိုက်ကုသမှုကြောင့် သိုင်းအဆင့် တက်လှမ်းသွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း မရည်ရွယ်ဘဲ ပြောဆိုခဲ့မိသောကြောင့်ပင်။

ထိုသတင်း ပြန့်နှံ့သွားသည်နှင့် တစ်ပြိုင်နက် ဝူရွှမ်း ဝူကျိခန်းမအတွင်းရှိ လူတိုင်း ရူးမတတ် ဖြစ်ကုန်ကြတော့သည်။ သူတို့၏ ခေါင်းထဲတွင် အပ်စိုက်ခံရုံဖြင့် အဆင့်တက်နိုင်သည်ဟူသော အတွေးတစ်ခုတည်းသာ ရှိတော့သည်။ တစ်ရက်နှင့် တစ်ညအတွင်းမှာပင် ယွင်ရှန်း၏ ကျော်ကြားမှုမှာ ဝူရွှမ်း ဝူကျိခန်းမ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

All Chapters