နောက်ထပ် တစ်တုံး ထပ်ရောက်လာပြန်ပြီ
Vol. 42 Ch. 486
နတ်သမီးလေး၏ ပြဿနာ ပြေလည်သွားပြီဖြစ်ရာ ရှီဟုန်ဖန်တစ်ယောက် စိတ်လက်ပေါ့ပါးသွားပြီး ကျန်းပေရန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်
"လာ သွားကြစို့ ရတနာပစ္စည်း အသစ်တွေ ရောက်ထားတာ သွားကြည့်ရအောင်"
ကြည့်သာကြည့်ရပြီး ယူ၍မရမည့် ရတနာများကို ကျန်းပေရန်ကမူ ထုံးစံအတိုင်း စိတ်မဝင်စားပါချေ ထို့ကြောင့် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုရင်း တိုက်ရိုက်ပင် ငြင်းပယ်လိုက်၏
"ဂျူနီယာ့မှာ လုပ်စရာကိစ္စလေးတွေ ရှိနေသေးလို့ ရတနာတွေကိုတော့ မကြည့်တော့ပါဘူးဗျာ"
ကျန်းပေရန် သိပ်စိတ်မပါမှန်း ရိပ်မိသည့်အတွက် ရှီဟုန်ဖန်ကလည်း အတင်းမခေါ်တော့ဘဲ ခေါင်းညိတ်လိုက်လေသည်။
"ကောင်းပြီလေ ဒါဆို ငါပဲ သွားကြည့်လိုက်တော့မယ် တစ်ခုခုဆိုရင် ငါ့ကို တိုက်ရိုက် ဆက်သွယ်လိုက်နော်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် စီနီယာ"
ကျန်းပေရန်ကို လက်ပြနှုတ်ဆက်ပြီးနောက် ရှီဟုန်ဖန်လည်း ရထားလုံးပေါ်တက်ကာ လက်ရာမြောက် အလုပ်ရုံမှ ထွက်ခွာသွားတော့၏။
ရထားလုံး အဝေးသို့ ရောက်သွားသည်နှင့် ကျန်းပေရန်က အိပ်ပျော်နေဆဲဖြစ်သော လျူဝေနင် ရှိရာသို့ လျှောက်သွားပြီး စားပွဲခုံကို ခေါက်လိုက်သည်။
စားပွဲခုံ ခေါက်သံကြောင့် လျူဝေနင်တစ်ယောက် မျက်လုံးဖွင့်လာပြီး သွားရည်များကို ရှလွတ် ခနဲ စုပ်ကာ ခန္ဓာကိုယ်ကို မတ်လိုက်လေ၏။
"ကျောက်စိမ်း ပြန်ပေး"
ကျန်းပေရန် စကားဆုံးသည်နှင့် လျူဝေနင်၏ မျက်နှာလေး ငယ်ကျသွားပြီး မျက်လုံးဝိုင်းကြီးများဖြင့် ကျန်းပေရန်ကို မော့ကြည့်ကာ အသနားခံလေသည်
"ဆရာရယ် ခဏလောက် ထပ်ဖက်ထားလို့ မရဘူးလားဟင်"
"မရဘူး"
လျူဝေနင် ဝမ်းနည်းပက်လက် ဖြစ်တော့မည့်ဆဲဆဲ ချက်ချင်းပင် မျက်လုံးများ အရောင်တောက်လာပြီး ပြောလိုက်၏။
"ဆရာ ဒါဆို သမီးကိုပါ ခေါ်သွားပါလား သမီး လိမ္မာပါ့မယ် ဆရာ့နောက်ကနေ ငြိမ်ငြိမ်လေး လိုက်နေပါ့မယ် မဆူညံစေရပါဘူးနော်"
လျူဝေနင်၏ ဟန်ဆောင်မှု ကင်းမဲ့ပြီး ရိုးသားသော လေသံကြောင့် ကျန်းပေရန် ခေတ္တမျှ စဉ်းစားခန်း ဝင်သွားသည်။
တကယ်တော့ ပြီးခဲ့သည့်ရက်ပိုင်းက ရွေးချယ်ထားသည့် တပည့်များကို ဂိုဏ်းအသီးသီးရှိ အနုပညာ အသင်းများထံ ပို့ဆောင်စဉ်က လျူဝေနင်သည်လည်း ဘေးကင်းသော စာရင်း ထဲတွင် ပါဝင်ခဲ့၏။ ဆိုလိုသည်မှာ လျူဝေနင်သည် စနစ်၏ စိစစ်မှုကို အောင်မြင်ထားသည့် အန္တရာယ်ကင်းသည့် ကတ်ပြားတစ်ခု ဖြစ်ပေသည်။
သို့သော် လျူဝေနင်၌ ကောင်းလန်ဝမ် ဆိုသည့် ဆရာတစ်ဆူ ရှိနှင့်ပြီးဖြစ်သောကြောင့် သူမကို တခြားနေရာသို့ မပို့ခဲ့ခြင်း ဖြစ်ချေသည်။
လက်ရှိအခြေအနေတွင် ကောင်းလန်ဝမ်က အစီအရင်ပညာရပ်များကို လေ့လာရာတွင်သာ အာရုံစိုက်နေမည်မှာ သေချာသဖြင့် သူမကိစ္စနှင့် သူမ လုံးပန်းနေချိန် လျူဝေနင်ကို သင်ကြားပေးရန် အချိန်ရှိမည် မဟုတ်ပေ။
"မင်း အခု ဘယ်အဆင့် ရောက်နေပြီလဲ"
"အဆင့် ၅ ပါ"
လျူဝေနင်က လက်ဝါးလေး ဖြန့်ပြရင်း ဖြေလေသည်
'ကြည့်ရတာ တကယ်ပဲ ပါရမီရှိတာပဲ'
တစ်ကိုယ်လုံးကနေ ချစ်စရာ ကလေးဆိုးလေး အငွေ့အသက်တွေ ထွက်နေသည့် လျူဝေနင်တစ်ယောက် ကျောက်စိမ်း သန့်စင်ခြင်း ပညာရပ်မှာ ဒီလောက်မြန်မြန် တိုးတက်လာသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ ပါရမီ မည်မျှမြင့်မားကြောင်း သက်သေပြနေသည်။ ဒီလို တပည့်မျိုးကို သင်ကြားပေးရတာ ပင်ပန်းမည် မဟုတ်ချေ။
တကယ်တမ်း ကျန်းပေရန် ရွှေတောင်ထွတ် ကျွန်းပေါ်တွင် ရှိစဉ်ကတည်းက ရတနာရှာဖွေရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် စိတ်ကူးရှိခဲ့ဖူး၏။ သို့သော် ထို ဝန်ထမ်း များသည် မည်မျှပင် အပြင်စည်း လူတန်းစား ဖြစ်ပါစေ ရှီမိသားစု၏ လူများသာ ဖြစ်နေသဖြင့် တစ်ဖွဲ့လုံးကို ဆွဲခေါ်သွားရန် မဖြစ်နိုင်ပေ။ ထို့ကြောင့်သာ တခြားနည်းလမ်းကို သုံးခဲ့ရခြင်း ဖြစ်သည်။
'ဒါပေမဲ့ တစ်ယောက်တည်း ခေါ်သွားမယ်ဆိုရင်တော့ ဖြစ်လောက်ပါတယ်'
လျူဝေနင်၏ ကျောက်စိမ်း ရေဒါ စွမ်းရည်ကို ကျန်းပေရန် အကြိမ်ကြိမ် တွေ့မြင်ခဲ့ဖူးသည်။ ပါရမီရှင် ရတနာရှာဖွေသူများစွာထဲတွင် သိုလှောင်လက်စွပ် ထဲ ထည့်ထားသည်ကိုပင် ဖောက်ထွင်းပြီး ရတနာ အငွေ့အသက်ကို အာရုံခံနိုင်သူမှာ သူမ တစ်ယောက်တည်းသာ ရှိလေ၏။
ဒီပါရမီက တကယ့်ကို ကောင်းကင်ဘုံကို အာခံနိုင်သည့် စွမ်းရည်မျိုးဟု ဆိုရမည်။
နောက်ပြီး မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကြောင့် ကျန်းပေရန်သည် အရင်ကလောက် တစ်သီးတစ်သန့် မနေတော့ချေ စနစ်က သတိပေးချက် ရွေးချယ်စရာများ မပြသသရွေ့ လျူဝေနင်ကို လူသား ရတနာ ရှာဖွေရေး ကိရိယာ အဖြစ် ဘေးနား ခေါ်ထားမည် ဆိုပါက မဆိုးလှပေ။
'ဒါပေမဲ့ ဒီကောင်မလေးရဲ့ နောက်ခံ မိသားစု အင်အားက ဘယ်လောက်ကြီးလဲ ဆိုတာ မသိရသေးဘူး'
ယခင်က ပေါ်ခဲ့ဖူးသော စနစ်၏ ရွေးချယ်စရာများနှင့် ရှီဟုန်ဖန်၏ သတိပေးစကားများကို ထောက်ချင့်ကြည့်လျှင် လျူဝေနင်၏ နောက်ခံ အင်အားသည် သေးငယ်မည် မဟုတ်ပဲ အနက်ရောင် သူတော်စင် အဆင့် မရှိလျှင်တောင် အနက်ရောင် ဧကရာဇ် အဆင့် ကျင့်ကြံသူ အများအပြား ရှိနေလောက်သည်။
'ထားလိုက်ပါတော့ နောက်မှပဲ သေချာ ထပ်စုံစမ်းတော့မယ်'
လူသား ရတနာ ရှာဖွေရေး ကိရိယာလေးက ဆွဲဆောင်မှု ရှိသော်လည်း ဘေးကင်းလုံခြုံရေးကသာ နံပါတ်တစ် ဖြစ်ပေသည်။
"ဆက်ပြီး ကြိုးစားလေ့လာပါ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရှားပါး ရတနာ ကျောက်စိမ်းတွေ ရှာဖွေနိုင်တဲ့ အချိန်ကျမှ ငါ့ဆီလာပြီး လဲလှယ်ပေါ့"
ကျန်းပေရန်က ပြောရင်း သူမ လက်ထဲမှ ကျောက်စိမ်းကို ပြန်တောင်းရန် လက်ဆန့်လိုက်သည်။
"အခုလည်း သမီးမှာ ဆရာနဲ့ လဲလို့ရတဲ့ ကျောက်စိမ်း ရှိတာပဲ"
လျူဝေနင်က ပြောပြောဆိုဆို သူမ၏ သိုလှောင်လက်စွပ် ထဲမှ ခပ်မှိန်မှိန် အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသော ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်လိုက်လေ၏။
'ဟိုက်ရှားပါး လေးစားဖွယ် ၅ပါး စိမ်းပြာရောင် သက်တံကျောက်စိမ်းပါလား'
ထိုကျောက်စိမ်းကို မြင်လိုက်ရသည့် ခဏ၌ ကျန်းပေရန် ကြောင်အသွားသည်။ လျူဝေနင်ကို ကြိုးနှင့် တန်းချည်ပြီး သူမအိမ်သို့ ပြန်ပေးငွေ သွားတောင်းချင်စိတ်များ တဖွားဖွား ပေါ်လာတော့၏။
ဘာအခြေအနေကြီးလဲ အိမ်က ရွှေတွင်း ငွေတွင်း ပိုင်ထားတာလား ဒီလို ထိပ်တန်း အဆင့်ရှိသည့် ရတနာ ကျောက်စိမ်းမျိုးကို ကလေး ကစားစရာ အဖြစ် ပေးထားတာလား
အရင်တစ်ခါက တွေ့ခဲ့ရသည့် သူတော်စင် မှန်နှလုံးသား ကျောက်စိမ်း နည်းတူ ယခု ထုတ်ပြလိုက်သော လေးစားဖွယ် ၅ ပါး စိမ်းပြာရောင် သက်တံ ကျောက်စိမ်းသည်လည်း ဘုရင်တစ်ပါး၏ အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသည်။
ဒီအချက် တစ်ချက်တည်းနှင့်တင် ထိပ်တန်း ကျောက်စိမ်း နေရာကို ဆုပ်ကိုင်ထားနိုင်သည့် ပစ္စည်းမျိုး ဖြစ်ပေသည်။
"အရင်ဆုံး ပြန်သိမ်းထားလိုက်စမ်း"
ကျောက်စိမ်းကို လျူဝေနင်၏ သိုလှောင်လက်စွပ်ထဲ အတင်း ပြန်ထည့်ခိုင်းလိုက်ပြီး ကျန်းပေရန် ပြောလိုက်သည်။
"ငါပြောတာက မင်း ကိုယ့်ဘာသာ ရှာဖွေနိုင်တဲ့ အချိန်ကျမှ ထားလိုက်ပါတော့ အခု ဒီလေးစားဖွယ် ၅ ပါး စိမ်းပြာရောင် သက်တံ ကျောက်စိမ်းကို ဘယ်က ရတာလဲ ပြောစမ်း"
"ဖေဖေ ပေးတာ"
'သူဌေးသားသမီး ဖြစ်ရတာ တကယ်ကို အားကျဖို့ ကောင်းလိုက်တာကွာ'
စိတ်ထဲမှ အော်ဟစ်လိုက်ပြီးနောက် ကျန်းပေရန် စိတ်ကို အနည်းငယ် ငြိမ်အောင်ထားကာ ဆက်လက် တွေးတောလိုက်သည်။
'အရင်က သူတော်စင် မှန်နှလုံးသား ကျောက်စိမ်း နဲ့ ငါးစာချတုန်းက ရှောင်လေး လို အလားအလာရှိတဲ့ လူကို မိလိုက်လို့ အချိုတွေ့သွားပြီး ငါးစာကောင်းကောင်း ထပ်ချလိုက်တာများလား'
ဒါ့အပြင် ဒီလျူမိသားစုမှာ ပိုင်ဆိုင်မှု ဘယ်လောက်တောင် များနေလို့ ဒီလောက်ဖြုန်းနိုင်ရတာလဲ ကျောင်းသွားမည့် ကလေးကို မုန့်ဖိုး သိန်းတစ်ရာ ပေးလိုက်သလိုမျိုးပါလား ပြန်ပေးဆွဲ ခံရမှာလည်း မကြောက်ကြဘူးလား မသိပေ။
"ဟူး"
သက်ပြင်းချလိုက်ပြီး ကျန်းပေရန် သတိပေးလိုက်သည်။
"နောက်ဆို ဒီကျောက်စိမ်းကို လူမြင်ကွင်းမှာ ထုတ်မပြနဲ့"
"အင်း သမီး သိပါတယ်"
လျူဝေနင်က ခေါင်းကို တွင်တွင်ညိတ်ရင်း ပြောလေသည်။
"ဖေဖေက မှာထားတယ် တခြားလူတွေကို လျှောက်ထုတ်မပြရဘူးတဲ့ ဒါပေမဲ့ ဆရာက တခြားလူမှ မဟုတ်တာ ဆရာမို့လို့ ထုတ်ပြတာ"
"တခြားလူ မဟုတ်လည်း ထုတ်မပြနဲ့ ကြားလား"
" သိပါပြီရှင်"
ခေါင်းညိတ်ပြီးနောက် လျူဝေနင်က မျက်လုံးဝိုင်းလေးများဖြင့် မေးပြန်သည်။
"ဒါဆို ဆရာက သမီးနဲ့ လဲမှာလား"
"မလဲဘူး"
ငြင်းလိုက်ပြီးမှ ကျန်းပေရန် တစ်ချက် တွေးမိကာ မေးလိုက်လေသည်။
"ဒါနဲ့ နေပါဦး မင်းတို့အိမ်မှာ ဒီလောက်ကောင်းတဲ့ ကျောက်စိမ်းတွေ အများကြီး ရှိနေမှတော့ မင်းကို ကိုင်ကြည့်ဖို့ ပေးထားတဲ့ ဟုန်ဟူကျောက်စိမ်း တစ်တုံးလောက်တောင် မရှိဘူးလား"
ထိုစကားကို ကြားသောအခါ လျူဝေနင် မျက်နှာလေး ရှုံ့မဲ့သွားပြီး ဖြေ၏။
"ရှိရင် ဖေဖေက သမီးကို ပေးထားမှာပေါ့"
'ဒီ ဟုန်ဟူကျောက်စိမ်းက ဒီလောက်တောင် ရှားပါးတာလား'
ဒီ လျူမိသားစုက ဘုရင်အရှိန်အဝါ ရှိသည့် ကျောက်စိမ်းတွေကိုတောင် ကလေးကစားစရာအဖြစ် ပေးနိုင်လောက်အောင် ချမ်းသာသည်ကို ကြည့်လျှင် သူတို့အိမ်၌ ထိပ်တန်း ကျောက်စိမ်းများစွာ ရှိမည်မှာ မလွဲပေ။ ထိုသို့သော အခြေအနေမျိုးမှာတောင် လျူဝေနင် သွားရည်ကျနေသည့် ဟုန်ဟူ ကျောက်စိမ်း တစ်တုံးမျှ မရှိဘူး ဆိုသည်မှာ ကျန်းပေရန်ပင် အံ့အားသင့်ရသည်။
ဟုန်ဟူ ကျောက်စိမ်း၏ တန်ဖိုးကြီးမားမှုကို ပိုမို နားလည်လာသည့် ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်လေသည်။
"ငါ သွားတော့မယ် မင်း လိုက်ချင်ရင် ခဏလောက်တော့ လိုက်ခဲ့လို့ ရတယ်"
လျူဝေနင် ခဏမျှ ကြောင်သွားပြီးနောက် ဝမ်းသာအားရ ခေါင်းညိတ်လေ၏။
"လိုက်မယ် လိုက်မယ်"
အမြီးလေး တစ်ချောင်း တပ်လျက်သားဖြင့် ကျန်းပေရန် လက်ရာမြောက် အလုပ်ရုံမှ ထွက်ခွာရန် ပြင်လိုက်စဉ် အနောက်ဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါသာ ကိုယ်တိုင်ကိုယ်ကျ လာမရှာရင် မင်းက ငါ့ကို သတိရမှာ မဟုတ်ဘူးဆိုတာ သိနေတယ်"
လာသူမှာ တုတ်ကောက်ကို အားပြုကာ လျှောက်လာသော ထိုက်ရိအဆောင်မှူး လုယန်ယွီ ပင် ဖြစ်ချေသည်။
'ဒါက ဘာစတိုင်လ်ကြီးလဲဟ ဆန်းပြားလှချည်လား'
လုယန်ယွီက တုတ်ကောက်ကို မြေကြီးပေါ် တဒေါက်ဒေါက် ခေါက်ကာ လျှောက်လာပုံကို ကြည့်ရင်း ကျန်းပေရန်မှာ မျက်လုံး ကန်းနေသည်ဟု တကယ် ယုံသွားမိမတတ်ပင် ဖြစ်သည်။
လှမ်းခေါ်ခံလိုက်ရသဖြင့် ကျန်းပေရန်လည်း ဒီအတိုင်း ထွက်သွား၍ မဖြစ်တော့ချေ။ လုယန်ယွီ ဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်ရသည်။
"ဘယ်ကသာဗျာ ကျွန်တော်က လက်ရှိကိစ္စလေးတွေ ပြီးရင် ထိုက်ရိအဆောင်မှူးဆီ လာပြီး ဂါရဝပြုမလို့ပါ ပြီးရင် တစ်ခွက်လောက် ကောင်းကောင်း မော့ကြတာပေါ့"
"အဲဒီစကား ကြားရတာ နားဝင်ချိုသားပဲ ကဲ ပြီးရောလေ မင်း ကိစ္စရှိရင် သွားလုပ်လိုက်ဦး ငါ ဒီကနေပဲ မင်းပြန်လာပြီး ငါနဲ့ အရက်သောက်မယ့်အချိန်ကို စောင့်နေလိုက်မယ်"
"ကောင်းပါပြီ ဒါဆို ကတိနော်"
ကျန်းပေရန်ထံမှ ကတိစကား ရလိုက်သည်နှင့် လုယန်ယွီတစ်ယောက် ကျေနပ်သွားပြီး ထိုက်ရိအဆောင် ဘက်သို့ ပြန်လှည့်ထွက်သွားလေသည်။
ထိုအချိန်မှာပင် မလှမ်းမကမ်းရှိ ယာဒယ်ရွှမ်းဆိုင်မှ အပျိုတော် နှစ်ဦး စကားတပြောပြောဖြင့် ထွက်လာသည်ကို မြင်လိုက်ရ၏။ ထိုအခါ လုယန်ယွီ၏ ဦးတည်ချက် ချက်ချင်း ပြောင်းသွားပြီး အပျိုတော် နှစ်ဦး ရှိရာသို့ တည့်တည့်မတ်မတ် လျှောက်သွားတော့သည်။
"ဂျွတ်"
"အား အမယ်လေးဗျ"
ရုတ်တရက် ကျိုးပဲ့သံတစ်သံနှင့်အတူ လုယန်ယွီ လက်ထဲမှ တုတ်ကောက်မှာ ကျိုးသွားလေသည်။
အပျိုတော် နှစ်ဦးလည်း မြင်မြင်ချင်းပင် အပြေးအလွှား ရောက်လာပြီး လဲကျလုနီးပါး ဖြစ်နေသော လုယန်ယွီကို ဘယ်တစ်ဖက် ညာတစ်ဖက် တွဲထူလိုက်ကြ၏။
"ထိုက်ရိအဆောင်မှူး အဆင်ပြေရဲ့လားရှင့်"
ဘယ်ဘက်မှ အပျိုတော်က စိုးရိမ်တကြီး မေးလိုက်သည်။
လန့်ဖျပ်သွားသည့်ပုံ ဖမ်းထားသော လုယန်ယွီက အလျင်စလို ကျေးဇူးတင်စကား ဆိုလေ၏။
"စိတ်ထားကောင်းတဲ့ မိန်းကလေးတို့ရေ ကျေးဇူးတင်ပါတယ်ကွယ် မဟုတ်ရင် ဒီအဖိုးကြီး ပစ်လဲတော့မလို့"
ညာဘက်မှ အပျိုတော်က ကြမ်းပြင်ပေါ်တွင် ကျိုးကျနေသော တုတ်ကောက်ကို ကြည့်ပြီး မေးသည်။
"အဆောင်မှူးက ဘယ်ကိုသွားမလို့လဲ ညီမတို့ လိုက်ပို့ပေးပါ့မယ်"
"အို အားနာစရာကြီးကွယ် မင်းတို့ အလုပ်တွေ ကြန့်ကြာကုန်မှာပေါ့"
"ကိစ္စမရှိပါဘူး ညီမတို့က အပြင်ထွက်ပြီး လေညှင်းခံရုံပါ အဆောင်မှူးကို လိုက်ပို့ပေးဖို့ အချိန်ရပါတယ်"
ဘယ်ဘက်မှ အပျိုတော်ကလည်း ခေါင်းညိတ်ထောက်ခံသည်။
"ဟုတ်ပါတယ် အဆောင်မှူးရဲ့ တုတ်ကောက်လည်း ကျိုးသွားပြီဆိုတော့ ဒီအတိုင်း ထားခဲ့လို့မှ မဖြစ်တာ"
လုယန်ယွီတစ်ယောက် ဝမ်းသာပီတိ မျက်ရည်ဝဲမတတ် ဖြစ်သွားပြီး ပြောလိုက်သည်။
"လိမ္မာလိုက်တဲ့ ကလေးတွေ တကယ့်ကို လိမ္မာကြတာပဲ ဒါဆိုရင် ဒီအဖိုးကြီးကို ထိုက်ရီအဆောင် အထိ လိုက်ပို့ပေးကြပါကွယ်"
"ဟုတ်ကဲ့ပါရှင့်"
အပျိုတော် နှစ်ဦးက ပြိုင်တူ ဖြေကြားပြီး လုယန်ယွီကို ဘယ်ညာ တွဲလျက် ဖြည်းဖြည်းချင်း လျှောက်သွားကြတော့သည်။
...
'ငါ့ကောင်ကြီး ဇာတ်ဝင်ပစ္စည်းတွေတောင် သုံးလာပါရောလား'
တုတ်ကောက်၏ အသုံးဝင်ပုံကို သဘောပေါက်သွားသည့် ကျန်းပေရန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဒီ လမ်းဘေးအနုပညာရှင်ကြီး၏ ဖန်တီးနိုင်စွမ်းကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
ခေါင်းခါရင်းဖြင့် ကျန်းပေရန်က လျူဝေနင် ဘက်သို့ လှည့်ကာ မေးလိုက်သည်
"ဒါနဲ့ ထျန်းဟန် စာကြည့်ဆောင်မှာ မင်း တာဝန်ကျနေတာ မဟုတ်ဘူးလား ငါ့နောက် လိုက်လာလို့ တကယ် အဆင်ပြေရဲ့လား"
"ကိစ္စမရှိပါဘူး ဆရာကြီးက သမီးကို အခွင့်ထူး ပေးထားတယ် ပြီးတော့ ဒီနေ့ စာကြည့်ဆောင်မှာ ရှောင်ချန် ရှိနေတာမလို့ အဆင်ပြေပါတယ်"
ကျန်းပေရန်လည်း သာမန်ကာလျှံကာ မေးလိုက်ခြင်းဖြစ်ပြီး လျူဝေနင်က အဆင်ပြေသည်ဟု ပြောသဖြင့် သူမကို ခေါ်ကာ လက်ရာမြောက် အလုပ်ရုံ မှ ထွက်လာခဲ့လေသည်။
ကျွမ်းကျင်စွာဖြင့်ပင် သူတော်စင်အိမ်တော် သို့ ရောက်လာခဲ့၏ အစောင့်များနှင့် ပြောဆိုပြီးနောက် ကျန်းပေရန်သည် လျူဝေနင်ကို ဂိတ်ပေါက်ဝတွင် အပ်နှံ ထားခဲ့ပြီး သူတစ်ယောက်တည်း ရှီဝေယိ နေထိုင်ရာသို့ သွားလိုက်သည်။
ထပ်မံ သတင်းပို့စရာ မလိုတော့ဘဲ ကျန်းပေရန်သည် သူ၏ ပညာရှိ တံဆိပ်ပြား ဖြင့် အဋ္ဌမထပ်သို့ တန်းတက်သွား၏။
အဝတ်အစားကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် တံခါးမကြီးရှေ့သို့ လျှောက်သွားကာ သုံးချက် ခေါက်လိုက်သည်။
အထဲမှ ပြန်ထူးသံကိုပင် မစောင့်ဘဲ တံခါးကြီး နှစ်ချပ်မှာ အလိုအလျောက် ပွင့်သွားလေ၏။
"ဟော ဟော ဟော ပေရန်လေး ဘယ်တုန်းက ပြန်ရောက်တာလဲ"
ထိုအမှတ်တရ ရယ်သံကြီးကို ကြားလိုက်ရသည်နှင့် ကျန်းပေရန် အခန်းထဲသို့ ဝင်သွားပြီး ပန်းခင်းစင်မြင့်ရှေ့တွင် ပိုးသားဝတ်ရုံရှည် ဝတ်ဆင်ကာ ထိုင်နေသော ရှီဝေရိကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
"သူတော်စင်ကြီးကို ဂါရဝပြုပါတယ် ဂျူနီယာ မနေ့ညကမှ ပြန်ရောက်တာပါ သူတော်စင်ကြီး အနားယူနေတာကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဒီနေ့မှ လာနှုတ်ဆက်တာပါ"
"ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူးကွာ ငါ့ဆီမှာ ဒီလို စည်းကမ်းကြီးတွေ ထားဖို့ မလိုပါဘူး နောက်ပြီးတော့"
ရှီဝေရိက လှည့်ကြည့်ပြီး လက်ဖက်ရည်ဝိုင်း စားပွဲတွင် ဝင်ထိုင်လိုက်သည်။
"မင်း ငါ့ဆီလာတာ ရိုးရိုးလေး လာနှုတ်ဆက်တာ သက်သက်တော့ မဟုတ်လောက်ဘူးလို့ ငါထင်တယ် ပြော ငါ့ကို ဘာကိစ္စနဲ့ ရှာတာလဲ"
"သူတော်စင်ကြီးဆီက ဘာမှ ဖုံးကွယ်လို့ မရပါလား ဂျူနီယာ ဒီကိုလာတာ တကယ်ပဲ ကိစ္စတစ်ခု ရှိလို့ပါ"
စကားဆုံးသည်နှင့် ကျန်းပေရန်က သိုလှောင်လက်စွပ် ထဲမှ ကျောက်စိမ်းရောင် ပုလင်းလေး တစ်လုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ လက်နှစ်ဖက်ဖြင့် တရိုတသေ တင်လိုက်လေသည်။
"ဒါက အိမ်တော်သခင်ကြီး အတွက် မွေးနေ့လက်ဆောင်ပါ အတော်လေး နောက်ကျသွားတဲ့အတွက် သူတော်စင်ကြီး ခွင့်လွှတ်ပေးပါ"
"အို"
ရှီဝေရိ မျက်ခုံးပင့်သွားပြီး ကျောက်စိမ်းပုလင်းကို လှမ်းယူကာ မေးလိုက်သည်
"အသက် ၇ ချောင်း လျှို့ဝှက်တံခါး ဆေးလုံးလား"
"ဟုတ်ပါတယ်"
"ဟောဟောဟော မိုက်တယ်ဟေ့ ပေရန်လေးက တကယ်ကို အံ့မခန်းပါပဲကွာ"
တကယ်တော့ ရှီဝေရိက အစောပိုင်းတုန်းက ဒီအကြောင်းပြချက်ကို သုံးပြီး ကျန်းပေရန်ကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည် အသက် ၇ ချောင်း လျှို့ဝှက်တံခါး ဆေးလုံး ဖော်စပ်ရန် မည်မျှ ခက်ခဲကြောင်း သူအသိဆုံးပင် ဖြစ်ချေသည်။
မူလက သူလိုချင်ခဲ့သည်မှာ ကျန်းပေရန်ထံမှ အဖြေစကား တစ်ခွန်းသာ ဖြစ်၏ သူ့တွင် ထိုအရည်အချင်း ရှိကြောင်း ဝန်ခံသည့် စကားမျိုးပေါ့။
သို့သော် ကျန်းပေရန်က စကားသာမကဘဲ တကယ်ကို မှတ်ထားပြီး လက်တွေ့ ဖော်စပ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
"သူတော်စင်ကြီး မြှောက်လွန်းပါပြီဗျာ"
"မဟုတ်ဘူး ဒါ အမြှောက်စကား မဟုတ်ဘူး ဒီလောကကြီးထဲမှာ ဒီဆေးလုံးကို ဖော်စပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ ငါ မသိပေမယ့် ငါ့မိတ်ဆွေတွေထဲမှာတော့ လက်ချိုးရေလို့ ရတဲ့အထိ နည်းတယ်ကွ ပေရန် မင်းရဲ့ ဆေးဖော်စပ်တဲ့ အရည်အချင်းက အစီအရင် ပညာရပ်ထက် ပိုမြင့်နေတာများလား"
"ပညာရပ် နှစ်ခုက သဘောသဘာဝချင်း မတူတော့ ဘယ်ဟာက နိမ့်တယ် မြင့်တယ်လို့ ယှဉ်ဖို့ ခက်ပါတယ်ဗျာ"
ရှီဝေရိ ခေါင်းညိတ်လိုက်သည်။
"အင်း ဟုတ်ပါရဲ့ မင်းလို အဆင့်မျိုး ရောက်နေမှတော့ အနိမ့်အမြင့် ခွဲဖို့ ခက်မှာပေါ့လေ ငါ့အတွေးကပဲ တိမ်လွန်းသွားတာပါ ဟောဟောဟော"
တကယ်တမ်း ယှဉ်မည်ဆိုပါက ယှဉ်လို့ရပေသည်။ စနစ်၏ ကျွမ်းကျင်မှု အမှတ်များအရ ဆေးဖော်စပ်ခြင်း သည် အစီအရင် ထက် အမှတ် ၃၀ ကျော် ပိုများသဖြင့် ဆေးဖော်စပ်ခြင်းက ပိုသာသည်မှာ အသေအချာပင် ဖြစ်သည်။
ထို့အပြင် အသစ်ရရှိထားသော ကျွမ်းကျင်မှု အမှတ်များတွင်လည်း ဆေးဖော်စပ်ခြင်းကို အထောက်အကူပြုသည့် မီးလျှံထိန်းချုပ်မှုသည် အစီအရင်ကို အထောက်အကူပြုသည့် ကောင်းကင်ဝှက်ထက် ၅ မှတ် ပိုများနေသေးသည်။
ဒါကြောင့် တစ်ပန်းသာသည်ဟု ဆိုရမည်။
ချီးကျူးပြီးနောက် ရှီဝေရိသည် ကျောက်စိမ်းပုလင်းကို လက်ထဲတွင် ဆုပ်ကိုင်ကာ လင်လုချည်သားဖြင့် ပြုလုပ်ထားသော ပုလင်းဆို့ကို ဖွင့်ပြီး နမ်းရှိုက်ကြည့်လိုက်သည်။
"ရှီး"
ရှီဝေရိသည် အသာအယာလေး ရှူရှိုက်လိုက်ရုံမျှဖြင့် ဆေးရနံ့များက ဝိညာဉ်စွမ်းအင်များကဲ့သို့ သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာပြီး တစ်ကိုယ်လုံး လန်းဆန်းကာ ပြောမပြတတ်အောင် နေလို့ကောင်းသွားသည်ကို ခံစားလိုက်ရ၏။
"အနက်ရောင်အဆင့် ဆေးလုံး ဆိုတဲ့အတိုင်းပဲ ဝိညာဉ်ရနံ့တွေ သင်းပျံ့နေတာပဲကိုး ပေရန်ရေ ပင်ပန်းသွားပြီ"
"မပင်ပန်းပါဘူး သူတော်စင်ကြီး ပေးလိုက်တဲ့ ထောင့်ရှစ်ဆယ် ရေခဲမြက်ပင်သာ မရှိရင် ဒီ အသက် ၇ ချောင်း လျှို့ဝှက်တံခါးဆေးလုံးလည်း ဒီလောက် လွယ်လွယ် ဖြစ်လာမှာ မဟုတ်ပါဘူး"
"ဟော ဟော ဟော အသုံးဝင်ရင် ပြီးတာပါပဲကွာ"
ကျောက်စိမ်းပုလင်းကို ပြန်ပိတ်ပြီး သိမ်းဆည်းလိုက်ရင်း ရှီဝေရိက ခေါင်းညိတ်ကာ ပြောသည်။
"ကိစ္စမရှိရင် ဒီနေ့ နေ့လယ်စာကို ဒီမှာပဲ စားသွားပါလား မနက်ကမှ မီးဖိုချောင်က ဝင်ရိုးစွန်းရှစ်ပါး လတ်ဆတ်ငါး တစ်ကောင် ဖမ်းမိထားတယ် မင်းက ကံကောင်းလို့ ကွက်တိ ရောက်လာတာပဲ"
ဝင်ရိုးစွန်းရှစ်ပါး လတ်ဆတ်ငါး ဆိုသည်မှာ ငါး၏ ခန္ဓာကိုယ်တွင် အထူးအရသာရှိသော အစိတ်အပိုင်း ၈ ခု ပါဝင်သဖြင့် ထိုနာမည် ရခြင်းဖြစ်ပေသည်။
ဒီငါးအကြောင်းကို ကျန်းပေရန် ရှီမိသားစု လယ်တောတွင် ရှိစဉ်ကတည်းက တစွန်းတစ ကြားဖူးသည်။ ဒီငါးက ရာဇူငါး တွေထဲကမှ အကောင်းဆုံးကို ရွေးထုတ်ထားခြင်း ဖြစ်သည်ဟု ဆိုကြ၏
ရာဇူငါး ဆိုသည်ကပင် ထိပ်တန်း အရသာရှိသော ငါးမျိုးဖြစ်သည်။ ငါးအသားက ဆီများပြီး အိစက်နေသည့်အပြင် ငါးပေါင်း၏ အရသာမှာ ပြိုင်ဖက်ကင်း ဖြစ်ချေသည်။
ဘယ်လို ရွေးထုတ်သလဲ ဆိုပါက ရာဇူငါးအုပ်ကို သူတို့အတွက် သီးသန့်ဆောက်လုပ်ထားသော ရေကန်ထဲ ထည့်ထားသည်။ ရေကန်ထဲက ရေအရည်အသွေးက ထိပ်တန်း အဆင့်ဖြစ်ပြီး နေ့စဉ် ကျွေးသည့် အစာများကလည်း ဝိညာဉ်စွမ်းအင် ပါဝင်သည့် အစာများ ဖြစ်သည်။
တကယ့်ကို VVIP ဆက်ဆံရေးမျိုး ပေးထားခြင်းဟု ဆိုရမည်
ထိုသို့သော ထိပ်တန်း ပြုစုစောင့်ရှောက်မှုအောက်တွင် ရာဇူငါးအချို့က ရံဖန်ရံခါ ပိုမို ဆူဖြိုးပြီး အရသာရှိသော ဝင်ရိုးစွန်းရှစ်ပါး လတ်ဆတ်ငါး အဖြစ် ပြောင်းလဲသွားကြ၏။
အတိုချုပ် ပြောရမည်ဆိုပါက…….
ရာဇူငါးတိုင်း ဝင်ရိုးစွန်းရှစ်ပါး လတ်ဆတ်ငါး မဖြစ်နိုင်ပေ။
ဒီငါးမျိုးက တစ်နှစ်နေမှ အကောင် ၁၀၀ လောက်သာ ထွက်ရှိပြီး မိသားစု အကြီးအကဲများပင် မကြာခဏ စားခွင့်မရချေ။ ထို့ကြောင့် ကျန်းပေရန် တကယ်ကို စားရကံကြုံသည်ဟု ပြောရမည်။
"ဒီငါးရဲ့ ဂုဏ်သတင်းကို ဂျူနီယာ ကြားဖူးနေတာ ကြာပါပြီ ဒါဆိုရင် ဒီနေ့တော့ မငြင်းတော့ဘဲ မြိန်ရေရှက်ရေ စားပါရစေ"
"ဟောဟောဟော ကြည့်ရတာ ပေရန်ကလည်း အစားအသောက် ခုံမင်သူပဲ ကြိုက်ရင် နောက်ဆို မကြာခဏ လာခဲ့ ငါ့အိမ်တော်မှာ တခြားဟာသာ မပြောတတ်တာ အစားအသောက် ကတော့ မြို့တစ်ခုလုံးမှာ နံပါတ်တစ်ပဲ"
"စေတနာအတွက် ကျေးဇူးတင်ပါတယ် သူတော်စင်ကြီး"
လက်နှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်စကား ပြောပြီးနောက် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ နီညိုရောင် တောက်နေသော ကြည်လင်သည့် ပုလင်းတစ်လုံးကို ထပ်ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်
"အသက် ၇ ချောင်း လျှို့ဝှက်တံခါး ဆေးလုံး ဖော်စပ်ရင်းနဲ့ ဒီ ချန်ယွမ် ရတနာ ဆေးလုံး ကိုပါ အိမ်တော်သခင်ကြီး သဘောကျလောက်မယ် ထင်လို့ တစ်ပါတည်း ဖော်စပ်ခဲ့ပါတယ် သူတော်စင်ကြီး လက်ခံပေးပါဦး"