ခြင်္သေ့ကြီးက ဘာလို့ ပါးစပ်မဟတာလဲ
Vol. 42 Ch. 487
"ချန်ယွမ် ရတနာ ဆေးလုံး ဟုတ်လား"
ဆေးအမည်ကို ကြားလိုက်ရသည်နှင့် ရှီဝေရိ အံ့ဩတကြီးဖြင့် ကျန်းပေရန်ကို လှမ်းကြည့်လိုက်လေသည်။
ချန်ယွမ် ရတနာ ဆေးလုံး နှင့် အသက် ၇ ချောင်း လျှို့ဝှက်တံခါး ဆေးလုံး တို့သည် အနက်ရောင်အဆင့် အလယ်အလတ် ဆေးလုံးများ ဖြစ်ကြပြီး ရှားပါးလှသော ထိပ်တန်း ဆေးလုံးများ ဖြစ်ကြသည်။
ထို့အပြင် ကျင့်ကြံသူများအတွက် အသက် ၇ ချောင်း လျှို့ဝှက်တံခါး ဆေးလုံးထက် ချန်ယွမ် ရတနာ ဆေးလုံး က ပိုမို မက်မောဖွယ် ကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် အနက်ရောင်ဧကရာဇ် နယ်ပယ် ကျင့်ကြံသူများ အနေဖြင့် ချန်ယွမ် ရတနာ ဆေးလုံး တစ်လုံး စားသုံးလိုက်ရုံဖြင့် ကျင့်ကြံမှု များစွာ တိုးတက်လာနိုင်ပြီး အရည်အသွေးမြင့်မားပါက အဆင့်တစ်ဆင့်တောင် တက်သွားနိုင်ချေ ရှိသောကြောင့် ဖြစ်သည်။ (အဆင့် ၉ အောက် ဖြစ်ရန်တော့ လိုပေသည်)
အနက်ရောင်ဧကရာဇ် နယ်ပယ်၏ အဆင့်တစ်ဆင့် ဆိုသည်မှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ ထိုမျှလောက်သော တိုးတက်မှုမျိုး ရရှိရန်အတွက် ကံကောင်းထောက်မစွာ ရရှိနိုင်သော မြေကမ္ဘာအဆင့် ဆေးလုံးများဖြင့်သာ ယှဉ်နိုင်လေသည်။
သို့သော် ဆေးပညာရှင်များ ကိုယ်တိုင် ဖော်စပ်နိုင်သော အတိုင်းအတာအတွင်း၌မူ ချန်ယွမ် ရတနာ ဆေးလုံး သည် ကျင့်ကြံမှု တိုးတက်စေရာတွင် ထိပ်တန်း အဆင့်ရှိပြီး ဆေးလုံးများ၏ ဘုရင် ဟု တင်စားခေါ်ဝေါ်ထိုက်ပေသည်။
ရှီဝေရိက ဆေးပုလင်းကို ကိုင်ကာ သေချာကြည့်ရှုနေသည်ကို မြင်သောအခါ ကျန်းပေရန် ပြုံးလိုက်ပြီး ပြောသည်။
"သူတော်စင်ကြီး ဒီဆေးလုံးရဲ့ အစွမ်းအာနိသင်ကို ကောင်းကောင်း သိထားပြီးသား ဖြစ်မှာပါ ဒါပေမဲ့ ကျွန်တော့်ရဲ့ ချန်ယွမ် ရတနာ ဆေးလုံး က တခြားလူတွေ ဖော်စပ်တာနဲ့ မတူပါဘူး သောက်သုံးလိုက်ရင် သူတော်စင်ကြီးရဲ့ ကျင့်ကြံမှုအဆင့် တက်လာမယ်လို့ အာမခံနိုင်ရုံတင်မကဘူး ခန္ဓာကိုယ်ထဲကို သန့်စင်တဲ့ သစ်သားဓာတ် ဝိညာဉ်စွမ်းအင်တွေ ဖြည့်တင်းပေးနိုင်ပါတယ် ဆေးအဆိပ်အတောက် လုံးဝ မကျန်ခဲ့စေဘဲ ခန္ဓာကိုယ်ထဲက ဂျီမေရီကြော နဲ့ ဝိညာဉ်ကြော တွေကိုပါ ဆေးကြောပေးပြီး ပိုမို ကြံ့ခိုင်လာစေမှာပါ"
ရွှေကျီးကန်း ဒယ်အိုး ရရှိပြီးနောက်ပိုင်းတွင် သစ်သား ဝိညာဉ်ကြော ထဲ၌ သန့်စင်သော သစ်သားဓာတ်များ စုပ်ယူထားခဲ့သည့် ဆေးဖက်ဝင် ပစ္စည်းများသည် ၎င်းတို့၏ အစွမ်းကို ပြသလာကြပြီ ဖြစ်ချေသည်။
ထိုပစ္စည်းများသည် ဆေးဖော်စပ်ရာတွင် အဓိက မဟုတ်သည့် နေရာမှ ပါဝင်လျှင်တောင် ရရှိလာမည့် ဆေးလုံး၏ အရည်အသွေးကို တစ်ဆင့် မြင့်တက်သွားစေနိုင်ပေသည်။
ဒါသည်ကား ဆေးဖော်စပ်ရာတွင် သစ်သားဓာတ် ဝိညာဉ်စွမ်းအင်၏ အစွမ်းထက်မြက်မှုပင် ဖြစ်ပေသည်။ သုံးဖူးသူတိုင်း ကြိုက်ကြသည်ချည်းပင် ဖြစ်ချေသည်။
ကျန်းပေရန်၏ ယုံကြည်မှု အပြည့်ဖြင့် ပြောသော စကားများကို ကြားပြီးနောက် ရှီဝေရိ ပြောလိုက်သည်။
"ကြည့်ရတာ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါ မင်းကို လျှော့တွက်မိသွားတယ် ထင်ပါရဲ့ ချန်ယွမ် ရတနာ ဆေးလုံး လို ဆေးမျိုးကိုတောင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်တယ် ဆိုတော့ ငါသိတဲ့ ဆေးပညာရှင်တွေထဲမှာ မင်းလောက် စွမ်းတဲ့သူ မရှိသလောက်ပဲ"
"လွယ်လွယ်ကူကူရယ်လို့တော့ မဟုတ်ပါဘူးခင်ဗျာ ဒီချန်ယွမ် ရတနာ ဆေးလုံး ရဖို့အတွက် ဂျူနီယာ့မှာ ရှားပါး ဆေးပစ္စည်းတွေ အများကြီး ကုန်ခဲ့သလို အကြိမ်တစ်ရာလောက် ကျရှုံးပြီးမှ ဒီတစ်လုံး ရလာတာပါ နောက်ပြီး"
"ကဲပါ နောက်ပြီးတွေ ဘာတွေ လုပ်မနေပါနဲ့ ဒီလောက် ရှားပါးတဲ့ ဆေးလုံးမျိုးကို ထုတ်ပေးမှတော့ ဘာကိစ္စ ရှိလို့လဲ ဆိုတာ ပြောပါဦး"
ရှီဝေရိက ဒဲ့တိုး မေးလိုက်သဖြင့် ကျန်းပေရန်လည်း ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ လက်နှစ်ဖက် ဆုပ်ကာ ဖြေလိုက်လေသည်။
"ထန်တိုင်းပြည်က ကောင်းကင်လွှမ်းမိုးဂိုဏ်း အကြောင်း သူတော်စင်ကြီး ကြားဖူးပါသလား"
"နည်းနည်းပါးပါးတော့ ကြားဖူးပါတယ်"
ရှီဝေရိ ခေါင်းညိတ်လိုက်သည်။
"ဘာဖြစ်လို့လဲ ပေရန်နဲ့ အဲဒီဂိုဏ်းက ပတ်သက်မှု ရှိလို့လား"
ရှီဝေရိ ကောင်းကင်လွှမ်းမိုးဂိုဏ်း နာမည်ကို ကြားဖူးသည် ဆိုသဖြင့် ကျန်းပေရန် အံ့ဩသွားမိ၏။
နိုင်ငံကြီး ၆ နိုင်ငံက သူတို့အချင်းချင်းသာ အထင်ကြီးပြီး ကျန်သည့် နေရာများကို ပုရွက်ဆိတ်အသိုက်လောက်သာ သဘောထားသည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
ရှီမိသားစု၏ ထိပ်တန်း သံတမန် ဆိုသည့် ဂုဏ်ပုဒ်နှင့် တကယ် လိုက်ဖက်ပေသည်ဟု စိတ်ထဲမှ ချီးကျူးလိုက်ပြီး ကျန်းပေရန် ဆက်ပြောလိုက်သည်။
"ပတ်သက်မှု ရှိတယ်ရယ်လို့တော့ မဟုတ်ဘူး အဲဒီ ကောင်းကင်လွှမ်းမိုးဂိုဏ်း ဂိုဏ်းချုပ်နဲ့ ဂျူနီယာ ခင်မင်ရင်းနှီးမှု ရှိလို့ မလွဲသာ မရှောင်သာ သူတော်စင်ကြီးဆီ အသနားခံပေးရတာ"
"အသနားခံတယ်"
ရှီဝေရိ အနည်းငယ် အံ့ဩသွားသည်။
"ငါတို့ ရှီမိသားစုနဲ့ အဲဒီ ကောင်းကင်လွှမ်းမိုးဂိုဏ်းက ဘာမှပတ်သက်ဆက်နွှယ်မှုမှ မရှိတာ ဘာများ အသနားခံစရာ ရှိလို့လဲ"
"သူတော်စင်ကြီး အထင်လွဲနေပါပြီ ဂျူနီယာ အသနားခံတယ် ဆိုတာက အခုလို ဘာမှ ပတ်သက်ဆက်နွှယ်မှု မရှိတဲ့ အခြေအနေကနေ ပတ်သက်ဆက်နွှယ်မှု ရှိလာအောင် လုပ်ပေးဖို့ ပြောတာပါ"
"ဟော ဟော ဟော"
ရှီဝေရိ သဘောကျစွာ ရယ်မောလိုက်လေသည်။
"ကြည့်ရတာ အဲဒီ ကောင်းကင်လွှမ်းမိုးဂိုဏ်း ဂိုဏ်းချုပ်က တော်တော် စွမ်းပုံရတယ် မင်းလိုလူကိုတောင် ကြားခံ ပြောခိုင်းနိုင်တယ် ဆိုတော့ ငါ အဲဒီဂိုဏ်းကို နည်းနည်း စိတ်ဝင်စားလာပြီ"
ရှီဝေရိထံမှ စိတ်ဝင်စားလာပြီ ဆိုသည့် စကားကို ကြားလိုက်ရသည့်အခါ မြေခွေးအိုကြီး နှစ်ကောင် တွေ့ဆုံကြမည့် မြင်ကွင်းကို ကျန်းပေရန် မြင်ယောင်လာမိသည်။
သို့သော် ရှီမိသားစု၏ အဆင့်အတန်းက အလွန်မြင့်မားလှသဖြင့် မြေခွေးကြီး နှစ်ကောင် တကယ် တွေ့ဆုံဖြစ်လျှင်တောင် ယန်ကွမ်းချင်း တစ်ယောက် အမြီးကုပ်နေရမည့်ကိန်း ရှိချေသည်။
ခေါင်းညိတ်လိုက်ပြီးနောက် ရှီဝေရိ ဆက်မေးလေသည်။
"ဒါနဲ့ ပေရန် ငါ့ကို ဘာကူညီစေချင်တာလဲ"
ရှီဝေရိကို ဦးညွှတ်အရိုအသေပြုရင်း ကျန်းပေရန် ပြောလိုက်သည်။
"ဒါဆို ဂျူနီယာ ရဲရဲတင်းတင်းပဲ လျှောက်တင်ပါရစေ ဂျူနီယာ ဒီကို လာခဲ့တဲ့ ရည်ရွယ်ချက်က ရှီမိသားစု အနေနဲ့ ကောင်းကင်လွှမ်းမိုးဂိုဏ်း နဲ့ ကုန်သွယ်မှု ပြုလုပ်ပေးဖို့ပါ ကောင်းကင်လွှမ်းမိုးဂိုဏ်း ကို မိသားစုကြီးတွေရဲ့ ခမ်းနားထည်ဝါမှုကို မြင်ဖူးခွင့် ရစေချင်လို့ပါ"
"ကုန်သွယ်မှုလား"
ရှီဝေရိ စဉ်းစားခန်း ဝင်သွားသည်။
အံ့ဖွယ်နဂါးတိုက်ကြီး ၏ အလယ်ဗဟိုချက်မတွင် တည်ရှိပြီး အရင်းအမြစ်များ စိုးမိုးထားသော နိုင်ငံကြီး ၆ နိုင်ငံ အနက် တစ်ခုဖြစ်သည့်အတွက် သူတို့ ပိုင်ဆိုင်ထားသော အရာများသည် အခြားနိုင်ငံများထက် သာလွန်ပေသည်။
ရှားပါး ဆေးမြစ်များမှစ၍ လျှို့ဝှက်နယ်မြေများမှ ရတနာများအထိ အားလုံးသည် ပြိုင်ဖက်ကင်း ရတနာများ ဖြစ်ကြ၏။
သံတမန် တစ်ဦး ဖြစ်သည့် ရှီဝေရိ အနေဖြင့် အလယ်ပိုင်း မြေပြန့်ဒေသ တွင်သာ ရှိသော ရတနာပစ္စည်းများကို ဝယ်ယူလိုသူ မည်မျှ များပြားကြောင်း ကောင်းစွာ သိရှိထားသည်။ သို့သော် ထိုပစ္စည်းများသည် သူတို့အတွက်ပင် မလောက်ငသဖြင့် အခြားလူများကို ရောင်းချပေးစရာ အကြောင်းမရှိပေ။
ရံဖန်ရံခါ အရောင်းအဝယ် ပြုလုပ်လျှင်လည်း လုံးဝ တရားမျှတမှု မရှိသော ကုန်သွယ်မှုမျိုးသာ ဖြစ်ချေသည်။ နိုင်ငံကြီး ၆ နိုင်ငံဘက်မှ ဈေးဆစ်ခြင်းကို လုံးဝ လက်ခံမည် မဟုတ်။ လိုချင်ယူ မလိုချင်နေ ဆိုသည့် သဘောထားမျိုးဖြင့် လက်ဝါးကြီးအုပ် ဗိုလ်ကျလေ့ ရှိပေသည်။
"ဒီအကူအညီကိုတော့ ငါ မကူညီနိုင်စရာ မရှိပါဘူး"
ခေတ္တမျှ စဉ်းစားပြီးနောက် ရှီဝေရိက ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်သည်။
ဒီစကားသည် ခြင်္သေ့ကြီး ပါးစပ်ဟတော့မည့် နိဒါန်းပျိုးလိုက်ခြင်း ဖြစ်မှန်း သိသာသော်လည်း ကျန်းပေရန်က အရိုအသေပြုရင်း ပြောလိုက်လေသည်။
"အကယ်၍သာ ဒီကိစ္စ အောင်မြင်ခဲ့ရင် ဂျူနီယာ့အနေနဲ့ အတိုင်းထက်အလွန် ကျေးဇူးတင်မိမှာပါ"
မည်သို့ပင်ဖြစ်စေ ကျန်းပေရန်က စိတ်ထဲတွင် ကြိုတင် တွက်ချက်ထားပြီး ဖြစ်သည်။ ဒီဘက်မှာ သူ အရှုံးခံလိုက်သမျှကို ယန်ကွမ်းချင်း ထံမှ အမြတ်နှစ်ဆ ပြန်ယူမည်သာ ဖြစ်ချေသည်။
ယန်ကွမ်းချင်း အနေဖြင့် ထိုတန်ကြေးကို မတတ်နိုင်ဘူး ဆိုလျှင်လည်း ကိစ္စမရှိပေ။ သူပိုင်ဆိုင်သော ဧကရာဇ်ခေါင်းလောင်းကို ကျန်းပေရန် မျက်စိကျနေသည်မှာ ကြာပြီ မဟုတ်ပါလော။
"ကောင်းပြီလေ ဒါဆို အခြေအနေတွေကို အရင် ပြောကြတာပေါ့ ကုန်သွယ်မှု လုပ်တယ်ဆိုတာ ဖြစ်နိုင်ပါတယ် ဒါပေမဲ့ စည်းကမ်းချက်တွေကိုတော့ ရှင်းရှင်းလင်းလင်း လုပ်ထားရမယ် ဘာပစ္စည်း ရောင်းမယ် ဘာပစ္စည်း မရောင်းဘူး ဆိုတာကို ငါတို့ဘက်ကပဲ ဆုံးဖြတ်မယ် ဒါပေမဲ့ တကယ်လို့သာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာပြီ ဆိုရင်တော့ ငါတို့ဘက်ကလည်း လျှော့သင့်တာ လျှော့ပေးမှာပါ"
"ငါက သိပ်ပြီး ခေါင်းမာတဲ့လူမျိုးမှ မဟုတ်တာ"
"အဲဒါကို ဂျူနီယာ နားလည်ပါတယ်"
ဒီအချက်များသည် ကျန်းပေရန်အတွက် အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် အရောင်းအဝယ် လုပ်မည့်သူမှာ သူမဟုတ်သောကြောင့် ဖြစ်သည်။ ယန်ကွမ်းချင်း ဘက်က ကြည့်လျှင်လည်း ရှီမိသားစုထံမှ ပစ္စည်း ဝယ်ယူခွင့် ရသည်ဆိုလျှင်ပင် ကျေနပ်နေလောက်ပြီ ဖြစ်ချေသည်။
"အင်း"
ရှီဝေရိ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
"ပုံမှန်ဆိုရင်တော့ ငါတို့ ရှီမိသားစုက အလယ်ပိုင်းဒေသ ပြင်ပက နိုင်ငံတွေနဲ့ ကုန်သွယ်မှု သိပ်မလုပ်ပါဘူး ဒါပေမဲ့ ဒီနေ့တော့ ပေရန် မင်း မျက်နှာကို ထောက်ပြီး ငါ စည်းကမ်းတစ်ခါ ဖောက်ပေးလိုက်မယ်"
"ကျေးဇူးတင်ပါတယ် သူတော်စင်ကြီး"
"ကောင်းပြီ ဒါဆို မင်း ဒီမှာ ခဏစောင့် ငါ စာချုပ်မူကြမ်း သွားရေးပြီး ယူလာပေးမယ်"
"ဟုတ်ကဲ့ပါ"
ရှီဝေရိ ချက်ချင်း ထထွက်သွားသည်ကို ကြည့်ပြီး ကျန်းပေရန် အံ့ဩသွားမိသည်။
'ခြင်္သေ့ကြီးက ဘာလို့ ပါးစပ်မဟတာပါလိမ့်'
ရှီဝေရိ၏ လုပ်ပုံကိုင်ပုံအရ အရင် သဘောတူပြီးမှ စည်းကမ်းချက် ဆွေးနွေးလေ့ မရှိပေ။ စည်းကမ်းချက် အရင် ဆွေးနွေးပြီးမှ အဖြေပေးတတ်သူ ဖြစ်သည်။
ယခုလို ကုန်သွယ်ရေး ကိစ္စကို ချက်ချင်း သဘောတူလိုက်သည် ဆိုကတည်းက သူ့ဘက်က လိုချင်သော အချက်အလက် ပြည့်စုံသွားပြီဟု ဆိုလိုခြင်း ဖြစ်ချေသည်။
စားပွဲပေါ်ရှိ ဆေးပုလင်းကို တစ်ချက် ကြည့်လိုက်သည်။ ချန်ယွမ် ရတနာ ဆေးလုံး သည် တကယ့် ထိပ်တန်း ဆေးလုံး ဖြစ်သော်လည်း ရှီဝေရိ အနေဖြင့် ဒီလောက်ထိ မျက်နှာသာ ပေးစရာ အကြောင်းမရှိသေးပေ။
ရှီမိသားစုသည် ပြင်ပနိုင်ငံများနှင့် ကုန်သွယ်မှု ရှားပါးသည် ဆိုသော စကားကိုတော့ ကျန်းပေရန် ယုံကြည်သည်။ ယန်ကွမ်းချင်း ပြောစကားအရ သူသည် အလယ်ပိုင်း ၆ နိုင်ငံနှင့် ကုန်သွယ်ခွင့်ရရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့သည် မဟုတ်ပါလော။
ယန်ကွမ်းချင်းကဲ့သို့ အရည်အချင်းရှိပြီး အင်အားကြီးသော ဂိုဏ်းချုပ် တစ်ယောက်ပင် လမ်းစ မရှာနိုင်ခဲ့လျှင် အခြားနိုင်ငံမှ ကျင့်ကြံသူများအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။
သူတို့အမြင်တွင် အလယ်ပိုင်းဒေသသို့ ဝင်ခွင့်မရသရွေ့ ကျန်သည်မှာ မပြောပလောက်သော နိုင်ငံငယ်လေးများသာ ဖြစ်ချေသည်။
စဉ်းစားရင်းနှင့် ကျန်းပေရန် သဘောပေါက်လိုက်သည်မှာ ထိုကိစ္စသည် "လူမှုရေး အကြွေး" တစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည်။
ချက်ချင်း ပြန်ဆပ်စရာ မလိုသော်လည်း ပြန်ဆပ်ဖို့ ခက်ခဲသော အကြွေးမျိုး ဖြစ်လေသည်။
မကြာမီ ရှီဝေရိ ပြန်ရောက်လာပြီး စာရွက်တစ်ထပ်ကို ကျန်းပေရန်ထံ ကမ်းပေးလိုက်သည်။
"စာချုပ်ထဲမှာ စည်းကမ်းချက်တွေကို ငါ အကုန် ရေးထားပြီးပြီ မင်း တစ်ချက်လောက် ဖတ်ကြည့်ပါဦး အဆင်ပြေရဲ့လားလို့"
"ဟုတ်ကဲ့"
ကျန်းပေရန် စာချုပ်ကို လှမ်းယူလိုက်သည်။
ဒီစည်းကမ်းချက်များကို လိုက်နာရမည့်သူမှာ သူမဟုတ်သော်လည်း ကြားခံလူ တစ်ယောက် အနေဖြင့် ကျန်းပေရန်က အချက်အလက် အားလုံးကို သေချာစွာ ဖတ်ရှုစစ်ဆေးလိုက်သည်။
'ရှယ်ပဲဟေ့'
စာချုပ် တစ်ခုလုံးကို ဖတ်ပြီးနောက် ကျန်းပေရန်၏ ပထမဆုံး တုံ့ပြန်မှုမှာ အံ့သြချီးကျူးခြင်းပင် ဖြစ်သည်။
စာချုပ်ဆိုသည်မှာ သဘောတူညီချက် ဖြစ်သော်လည်း အရေးအကြီးဆုံးအချက်မှာ တစ်ဖက်လူ နစ်နာမည့် စကားကို ကြိုပြောထားခြင်းပင် ဖြစ်ချေသည်။
စဉ်းစားမိသမျှနှင့် စဉ်းစား၍မရနိုင်သော စည်းကမ်းချက် အားလုံးကို ထည့်သွင်း ရေးသားထားခြင်းဖြင့် တစ်ဖက်လူ၏ ဥာဏ်နီဥာဏ်နက် ကစားကွက်များကို ကြိုတင် ပိတ်ပင်ထားလေသည်။
ကျန်းပေရန်သည် အခြားသူများနှင့် စာချုပ်ချုပ်ဆိုခြင်း မရှိဖူးသော်လည်း ရှန့်တိုင်းပြည် တွင် ရှိစဉ်က စာချုပ်အချို့ကို မြင်ဖူးခဲ့သည်။ သို့သော် ထိုစာချုပ်များသည် ယခု ရှီဝေရိ ရေးသားသော စာချုပ်လောက် အသေးစိတ် မကျပေ။
ဥပမာအားဖြင့် အရောင်းအဝယ် ပြုလုပ်ရာတွင် "အပိုင်ရောင်းခြင်း" နှင့် "အရှင်ရောင်းခြင်း" ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ အပိုင်ရောင်းခြင်း ဆိုသည်မှာ ပိုင်ဆိုင်ခွင့် လွှဲပြောင်းပြီးနောက် ပြန်လည် ရွေးယူခွင့် မရှိတော့ခြင်း ဖြစ်သည်။
အရှင်ရောင်းခြင်း သို့မဟုတ် ပေါင်နှံရောင်းချခြင်း ဆိုသည်မှာ ရှီမိသားစုက ပစ္စည်းကို ရောင်းချလိုက်သော်လည်း သူတို့ ပြန်လည် လိုအပ်လာပါက မည်သည့်အချိန်တွင်မဆို ပြန်လည် ဝယ်ယူနိုင်ခွင့် ရှိခြင်း ဖြစ်သည်။ အကယ်၍ ဝယ်သူဘက်က ပြန်မထုတ်ပေးနိုင်လျှင် လျော်ကြေးပေးရမည် ဖြစ်သည်။ ထို့ကြောင့် ဝယ်ယူပြီးနောက် အလွန် သတိထား သုံးစွဲရမည် ဖြစ်သည်။
ဒါသည်ကား တကယ့်ကို တစ်ဖက်သတ် ဆန်လွန်းသော စာချုပ်ပင် ဖြစ်သည်။
တစ်ခုတည်းသော အားသာချက်မှာ အရှင်ရောင်းခြင်း ဖြင့် ဝယ်ယူပါက ဈေးနှုန်း အနည်းငယ် သက်သာခြင်းပင် ဖြစ်သည်။
သို့သော် "ချောက်ကမ်းပါး" နှင့် ယှဉ်လိုက်လျှင် ထိုသက်သာမှုသည် ပြောပလောက်စရာ မရှိပေ။
ထိုအချက်အပြင် အခြားသော "ထောင်ချောက်" စည်းကမ်းချက်များလည်း အများအပြား ပါဝင်နေသေးသည်။ အချုပ်အားဖြင့် ပြောရလျှင် ရောင်းသူက အရှင်သခင် ဖြစ်ပြီး ဝယ်ချင်ဝယ် မဝယ်ချင်နေ ဟူသော သဘောပင် ဖြစ်သည်။
သက်ပြင်းချလိုက်ပြီးနောက် ကျန်းပေရန်သည် စာချုပ်ကို သိုလှောင်လက်စွပ် ထဲသို့ ထည့်လိုက်ပြီး ရှီဝေရိကို ပြုံးကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သူတော်စင်ကြီး ဒီစာချုပ်ကို ကောင်းကင်လွှမ်းမိုးဂိုဏ်း ဆီ ရောက်အောင် ပို့ပေးလိုက်ပါ့မယ်"
"တစ်ဖက်သတ် အနိုင်ကျင့်ခြင်း" ဟူသော စာသားကို မျက်နှာပေါ်တွင် အထင်းသား ရေးထားသကဲ့သို့ ဖြစ်နေသော စာချုပ်ကို ကျန်းပေရန် အနေဖြင့် အကြံပြုစရာ မရှိတော့ပေ။ သူလုပ်နိုင်သည်မှာ စာချုပ်ကို ယူသွားပြီး ယန်ကွမ်းချင်း ကို ပြသရန်သာ ရှိတော့သည်။ လက်ခံမခံ ဆိုသည်ကတော့ ယန်ကွမ်းချင်း အနေဖြင့် ဒီစည်းကမ်းချက်များကို သည်းခံနိုင်ခြင်း ရှိမရှိ အပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။
ရှီဝေရိက ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီ ဒါဆို ငါ မင်းရဲ့ အကြောင်းပြန်ချက်ကို စောင့်နေမယ်"
ကုန်သွယ်ရေး ကိစ္စ ပြောဆိုပြီးသည့်နောက် ကျန်းပေရန်၏ အဓိက ရည်ရွယ်ချက် ပြီးမြောက်သွားပြီ ဖြစ်သည်။ ထို့နောက် သူတို့နှစ်ဦး စကားစမြည် ပြောနေစဉ် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
"သူတော်စင်ကြီး နေ့လယ်စာ ပြင်ဆင်ပြီးပါပြီရှင်"
တံခါးအပြင်ဘက်မှ အပျိုတော်၏ အသံကို ကြားသောအခါ ရှီဝေရိ မတ်တတ်ထရပ်လိုက်ပြီး ကျန်းပေရန်ကို ဖိတ်ခေါ်လိုက်သည်။
"လာ သွားကြစို့"
ကျန်းပေရန်လည်း အလျင်အမြန် ထရပ်ကာ ပြန်လည် ဖိတ်ခေါ်လိုက်သည်။
"သူတော်စင်ကြီး အရင် ကြွပါခင်ဗျာ"
ရှီဝေရိက ယဉ်ကျေးမှု အခမ်းအနားများကို သိပ်ဂရုမစိုက်ဘဲ ဝတ်ရုံကို သပ်ရပ်အောင် ပြုပြင်ကာ အခန်းပြင်သို့ ထွက်သွားလေသည်။
ရှီဝေရိ၏ ခြေလှမ်းများနောက်သို့ လိုက်ပါရင်း ကျန်းပေရန်သည် ခမ်းနားထည်ဝါသော စားသောက်ဆောင် တစ်ခုသို့ ရောက်ရှိလာသည်။
"အရှင်"
တံခါးဝတွင် ကျက်သရေ ရှိလှသော အမျိုးသမီးကြီး တစ်ဦးက ရှီဝေရိကို နှုတ်ဆက်လိုက်သည်။
ထိုအမျိုးသမီးကို ခေါင်းညိတ်ပြပြီးနောက် ရှီဝေရိက ကျန်းပေရန် ဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်သည်။
"မိန်းမ ဒါက ငါမင်းကို ပြောဖူးတဲ့ ပညာရှိတံဆိပ်ပြားပိုင်ရှင် အသစ်လေး ကျန်းပေရန် လေ"
အမျိုးသမီးကြီးက ပြုံးရွှင်စွာဖြင့် ကျန်းပေရန်ကို ကြည့်ကာ ပြောလိုက်လေသည်။
"အရှင်က မောင်ရင့်အကြောင်း ခဏခဏ ပြောပါတယ် ဥာဏ်ကောင်းပြီး ပါရမီပြည့်ဝတဲ့ လူငယ်လေးတဲ့ ဒီနေ့ အပြင်မှာ မြင်ဖူးမှပဲ တကယ်ကို ရုပ်ရည်သန့်ပြန့်ပြီး ကျက်သရေ ရှိမှန်း သိတော့တယ်"
အမျိုးသမီးကြီး၏ ချီးကျူးစကားကြောင့် ကျန်းပေရန် ချက်ချင်း အရိုအသေပြုလိုက်သည်။
"ချီးကျူးလွန်းပါပြီ သခင်မကြီး"
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ ဗုံသံများ တဒိန်းဒိန်း တီးခတ်နေသကဲ့သို့ ခံစားလိုက်ရသည်။ ကျန်းပေရန် အနေဖြင့် သာမန် နေ့လယ်စာ စားရမည်ဟု ထင်ထားခဲ့သော်လည်း မိသားစု ညစာစားပွဲ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
မိသားစု စားပွဲဝိုင်း ဆိုသည်မှာ အပြင်လောကရှိ ဇိမ်ခံ စားသောက်ဆိုင်များ၌ ဧည့်ခံခြင်းထက် များစွာ အဆင့်အတန်း မြင့်မားလေသည်။ တစ်ဖက်လူက ကိုယ့်ကို မိတ်ဆွေရင်းချာ အဖြစ် သဘောထားကြောင်း ပြသခြင်းပင် ဖြစ်သည်။
ကျန်းပေရန် အနေဖြင့် ရှီဝေရိနှင့် သူ၏ ဆက်ဆံရေးမှာ ဒီအဆင့်ထိ ရောက်နေပြီဟု မယူဆထားသောကြောင့် ယခုလို အိမ်တော်တွင် မိသားစုနှင့်အတူ ထမင်းစားရန် ဖိတ်ခေါ်ခံရခြင်းကို အံ့သြနေမိသည်။
'ဒါက ဘာဇာတ်လမ်း ကနေတာပါလိမ့်'
ရှီဝေရိ၏ ရည်ရွယ်ချက်ကို မသိရသော်လည်း လာမည့်ဘေး ပြေးတွေ့ရမည်သာ ဖြစ်သည်။ သူတို့က ဒီလောက်ထိ မျက်နှာသာ ပေးနေမှတော့ ကိုယ်ကလည်း ကောင်းကောင်းမွန်မွန် လက်ခံလိုက်ရုံသာ ရှိတော့သည်။
ထို့ကြောင့် သခင်မကြီးကို ကျေးဇူးတင်စကား ပြောပြီးနောက် ကျန်းပေရန်သည် သိုလှောင်လက်စွပ် ထဲမှ ကျောက်စိမ်းဘူးသီးခြောက်ပုံ ဆွဲသီး တစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
"ဂျူနီယာက ဒီနေ့ သခင်မကြီးနဲ့ တွေ့ရမယ်မှန်း မသိခဲ့လို့ လက်ဆောင်ပစ္စည်း ကောင်းကောင်းမွန်မွန် မပါလာခဲ့ဘူး ဒါက ဂျူနီယာ ကိုယ်တိုင် ကျောက်စိမ်းကောင်း တစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ ရတနာဘူးသီးခြောက်လေးပါ ကိုယ်မှာ ဆောင်ထားရင် ဘေးအန္တရာယ် ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေပါတယ် "
ဒီလို အခြေအနေမျိုးတွင် ကျန်းပေရန် အနေဖြင့် လက်ဆောင်ပေးရာတွင် လုံးဝ ကပ်စေးနှဲနေ၍ မဖြစ်ပေ။ ဒီ ရတနာဘူးသီးခြောက် ဆွဲသီးသည် ကျန်းပေရန် ကိုယ်တိုင် ထိပ်တန်း ကျောက်စိမ်းကို အသုံးပြု၍ ပြုလုပ်ထားသော ကောင်းကင်အဆင့် ရတနာ တစ်ခု ဖြစ်လေသည်။
ဒီလို အိမ်တော်ကြီးမှ သခင်မကြီးများအတွက် တိုက်ခိုက်ရေးသုံး ရတနာများ သို့မဟုတ် ဂမ္ဘီရ ရတနာများထက် ကောင်းကင်အဆင့် ရတနာများကသာ အသင့်လျော်ဆုံး ဖြစ်ချေသည်။
လက်ဆောင်၏ အဓိပ္ပာယ်နှင့် စေတနာသည် နေရာမှန်သို့ ရောက်သွားပြီ ဖြစ်သည်။
သူတော်စင် အိမ်တော်၏ တရားဝင် ဇနီးသည် ဖြစ်သည့်အားလျော်စွာ ရှီမူချင်း၏ အမြင်မှာလည်း အလွန် မြင့်မားလှသည်။ ထို့ကြောင့် ပညာရှိတံဆိပ်ပြား ပိုင်ရှင်လေး ပေးသော လက်ဆောင်သည် သာမန် မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ကျောက်စိမ်းသား ကောင်းမွန်ရုံသာမက လက်ရာမှာလည်း အလွန် သေသပ်လှပေသည်။
ရှီမူချင်းက သဘောကျစွာ ပြုံးရင်း ပြောလိုက်သည်။
"လူငယ်လေးကျန်း က သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ ရိုးရိုး ထမင်းလက်ဆုံ စားရုံပါပဲ ဒီလောက် ကြီးကြီးကျယ်ကျယ်တွေ ပေးစရာ မလိုပါဘူးကွယ်"
"သခင်မကြီးက အားနာတတ်လွန်းပါပြီ သူတော်စင်ကြီးက ဂျူနီယာ့အပေါ် အမြဲ ဂရုစိုက်ပေးခဲ့တာပါ သခင်မကြီးကို လက်ဆောင်ပေးခွင့် ရတာက ဂျူနီယာ့အတွက် ဂုဏ်ယူစရာပါ ကြီးကျယ်တယ်လို့ မသတ်မှတ်ပါနဲ့"
ဘေးနားတွင် ရပ်နေသော ရှီဝေရိက ပြုံး၍ ဝင်ပြောလိုက်သည်။
"မိန်းမရေ ပေရန် က ဒီလောက်ထိ ပြောနေမှတော့ လက်ခံလိုက်ပါကွာ"
အရှင်သခင်က စကားဆိုလာသဖြင့် ရှီမူချင်းလည်း ထပ်မငြင်းတော့ဘဲ ပြုံးရွှင်စွာဖြင့် ကျောက်စိမ်းဘူးသီးခြောက်ကို လှမ်းယူလိုက်သည်။
"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ် လူငယ်လေးကျန်း ရယ်"
"ရပါတယ် ခင်ဗျာ သခင်မကြီး သိပ်ယဉ်ကျေးနေပါပြီ"
ရှီမူချင်း ပြုံးလိုက်ပြီး စားသောက်ဆောင် တံခါးကို တွန်းဖွင့်လိုက်သည်။
"ကဲ အပြင်မှာပဲ ရပ်မနေကြပါနဲ့ အထဲဝင်ပြီး ထိုင်ကြရအောင်"
"ဟုတ်ကဲ့ပါ"
ကျန်းပေရန်လည်း ရှီဝေရိ နောက်မှ လိုက်ပါကာ စားသောက်ဆောင်ထဲသို့ ဝင်သွားလေသည်။
"လာ ပေရန် မင်း ငါ့ဘေးမှာ ထိုင်"
ရှီဝေရိက ထိပ်ဆုံး ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် ကျန်းပေရန်ကို လှမ်းပြောလိုက်သည်။
ရှီဝေရိက သူ့ကို ထိပ်တန်း ဧည့်သည်နေရာတွင် ထိုင်ခိုင်းသဖြင့် ကျန်းပေရန် ငြင်းဆန်ရန် ပြင်လိုက်စဉ် ရှီဝေရိက ထပ်ပြောလိုက်ပြန်သည်။
"အားနာမနေပါနဲ့ကွာ ဒီနေ့က ငါ မင်းကို ဖိတ်ကျွေးတာပဲ မင်းက ထိပ်ဆုံးမှာ ထိုင်ရမှာပေါ့ ထိုင်ပါ"
ငြင်းမရအောင် ဖိတ်ခေါ်နေသဖြင့် ကျန်းပေရန်လည်း မလွန်ဆန်နိုင်တော့ဘဲ ရှီဝေရိ၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
မကြာမီ စားသောက်ခန်းမထဲသို့ လူငယ်တစ်ဦး ဝင်လာသည်။ သူသည် အခန်းထဲ ရောက်သည်နှင့် ကျန်းပေရန်ကို လျှပ်တစ်ပြက် အကဲခတ်လိုက်ပြီးနောက် ရှီဝေရိကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
"ဘိုးဘိုးကို ဂါရဝပြုပါတယ်"
ရှီဝေရိ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
"ထိုင်လေ"
"ဟုတ်"
လူငယ်က ဖြေကြားပြီးနောက် ကျန်းပေရန်၏ အောက်ဘက် ခုံတွင် ဝင်ထိုင်လိုက်သည်။ သူ၏ မျက်လုံးများက သူ့အရွယ်ခန့်သာ ရှိမည့် လူငယ်လေးကို မသိမသာ ခိုးကြည့်နေမိလေသည်။
'ဖေဖေ ပြောနေတဲ့ ပညာရှိတံဆိပ်ပြားပိုင်ရှင် အသစ် ဆိုတာ ဒီလူ ဖြစ်လောက်တယ် ဘိုးဘိုးရဲ့ အလေးပေး ဆက်ဆံတာကို ခံရတယ် ဆိုတော့ တကယ် မလွယ်တဲ့လူပဲ'
မြေးအကြီးဆုံး ဖြစ်သည့်အားလျော်စွာ ရှီကျင်းယွီ သည် သူ၏ အဘိုးဖြစ်သူ အမြင်မြင့်မားကြောင်း ကောင်းစွာ သိသည်။ မိသားစုထဲတွင် ပါရမီရှင် လူငယ်များစွာ ရှိသော်လည်း မည်သူ့ကိုမျှ အိမ်ခေါ်ပြီး ထမင်းကျွေးသည်ကို မမြင်ဖူးခဲ့ပေ။
'ဖေဖေက ဒီလူ့အကြောင်း ခဏခဏ ပြောတာ မဆန်းပါဘူး တကယ်ပဲ စွမ်းတဲ့လူ ဖြစ်ပုံရတယ်'