← Chapters

တစ်ဖက်နှင့်တစ်ဖက် အကဲစမ်းခြင်း

Vol. 42 Ch. 488

တစ်ဖက်နှင့်တစ်ဖက် အကဲစမ်းခြင်း

Vol. 42 Ch. 488

ထို့နောက် မျက်နှာစိမ်းများစွာ အခန်းထဲသို့ ထပ်မံ ဝင်ရောက်လာလေသည်။ ရှီဝေရိက တစ်ဦးချင်းစီနှင့် မိတ်ဆက်ပေးသဖြင့် ကျန်းပေရန်လည်း သိကျွမ်းခဲ့ရပြီး တဆက်တည်းတွင် သူ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ သူတို့၏ ကျင့်ကြံမှုအဆင့်များကို စစ်ဆေးကြည့်ရှုလိုက်သည်။

'ဒီမိသားစုရဲ့ သွေးမျိုးဆက်က တကယ့်ကို အားကျစရာပဲ'

အခန်းထဲတွင် ကျန်းပေရန်နှင့် ရှီဝေရိမှလွဲ၍ လူ ၁၂ ဦး ရှိလေသည်။ ထိုအထဲတွင် ၃ ဦးမှာ အနက်ရောင်ဧကရာဇ် နယ်ပယ် အဆင့်၊ ၅ ဦးမှာ အနက်ရောင်ဘုရင် နယ်ပယ် အဆင့် နှင့် ကျန် ၄ ဦးမှာ အနက်ရောင်ဘုရင် နယ်ပယ် အထွတ်အထိပ် အဆင့် အသီးသီး ရှိကြ၏။

အားလုံးသည် ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်ဟု ဆိုရမည်။

ထိုအချိန်တွင် သူတို့အနက်မှ အတော်များများသည် ကျန်းပေရန်ကို စေ့စေ့စပ်စပ် ကြည့်ရှုနေကြပြီး သူတော်စင်ကြီးက ထိုလူငယ်အပေါ် အဘယ်ကြောင့် ဤမျှ အလေးထားနေရသနည်းဟု စူးစမ်းချင်နေကြသည်။

ကျန်းပေရန်က စားပွဲဝိုင်း မစသေးဘူးလားဟု တွေးနေစဉ်မှာပင် တံခါးကြီး ထပ်မံ ပွင့်သွားပြီး ပေါ့ပါးသွက်လက်သော ခြေလှမ်းများနှင့်အတူ လူရိပ်တစ်ခု ဝင်ရောက်လာလေသည်။

"ဘိုးဘိုး... တောင်းပန်ပါတယ်၊ ထုံထုံ နောက်ကျသွားတယ်"

'......'

'သောက်ကျိုးနည်း'

ဝင်လာသူကို သေချာ မြင်လိုက်ရသည့် ခဏ၌ ကျန်းပေရန် ပါးစပ်မှ ဆဲရေးတိုင်းထွာ လိုက်မိမတတ် ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ဝင်လာသူမှာ အခြားသူ မဟုတ်၊ ကျန်းပေရန် အမြင်ရခက်ဆုံး မိန်းကလေး ဖြစ်သည့် ရှီယွီထုန် ပင် ဖြစ်သောကြောင့် ဖြစ်သည်။

'ဒါကြောင့်ကိုး... ဒီကောင်မလေးက ရှီဝေရိရဲ့ မြေးမလေး ဖြစ်နေတာပဲ၊ အဲ့ဒါကြောင့် ဒီလောက် မွှေနိုင်တာကိုး၊ အဘိုးဖြစ်သူရဲ့ မျိုးရိုးဗီဇကို အပြည့်အဝ ဆက်ခံထားတာပဲ'

ရုတ်တရက် ဆိုသလိုပင် ကျန်းပေရန်က သူ နေမင်းဖြတ်တောက် ကြွေရည်သုတ်ဆေးကို ရှာဖွေနေကြောင်း ရှီယွီထုန် မည်သို့ သိရှိသွားသည်ကို သဘောပေါက်လိုက်သည်။

ရှီဟုန်ဖန်က ထိုပစ္စည်းအကြောင်း မသိသဖြင့် ဗဟုသုတ ကြွယ်ဝသော ရှီဝေရိထံ လာရောက် မေးမြန်းခဲ့ခြင်း ဖြစ်မည်။ ထိုအချိန်တွင် ဒီကောင်မလေးက မတော်တဆ ကြားသွားခြင်း ဖြစ်တန်ရာ၏။

သို့မဟုတ်... ရှီဝေရိ ကိုယ်တိုင်ကများ ဒီကောင်မလေးကို လွှတ်ပြီး ကျန်းပေရန်၏ အခြေအနေကို စုံစမ်းခိုင်းထားတာများလား။

ကျန်းပေရန် အံ့ဩနေစဉ်မှာပင် ကျန်းပေရန်ကို မြင်လိုက်ရသော ရှီယွီထုန်လည်း တစ်ချက် ကြောင်သွားသည်။ သို့သော် သူမက ကျန်းပေရန်ကို နှုတ်မဆက်ဘဲ မျက်နှာလွှဲလိုက်လေသည်။

"ယွီထုန်... နင်ကတော့ လုပ်ပြန်ပြီ၊ မြန်မြန် လာထိုင်စမ်း"

စားပွဲဝိုင်းမှ သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက လှမ်းအော်လိုက်သည်။

"ဟုတ်"

ရှီယွီထုန်က ပြန်ထူးလိုက်ပြီး အပြေးကလေး သွားထိုင်လိုက်သည်။

ရှီယွီထုန် နေရာယူပြီးသောအခါ ရှီဝေရိက ကျန်းပေရန် ဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်သည်။

"ဒါက ငါ့မြေးမလေး ရှီယွီထုန်တဲ့ ပါရမီ ကောင်းပြီး ဥာဏ်လည်း ထက်မြက်တယ် မူလကတော့ ဒီတစ်ခေါက် စိမ်းပြာရောင်ကောင်းကင်ညီလာခံ မှာ သူ့ကို နာမည်ကျော်စေချင်တာ၊ မထင်မှတ်ဘဲနဲ့..."

ရှီဝေရိ၏ အကြည့်ကို ရိပ်မိလိုက်သဖြင့် ကျန်းပေရန် ချက်ချင်းပင် ပြောလိုက်သည်။

"အဲဒီ ညီလာခံ ကိစ္စကလေ..."

"ရပါတယ်" ရှီဝေရိက လက်ကာပြလိုက်သည်။

"မင်းကို အပြစ်တင်ချင်လို့ ပြောတာ မဟုတ်ပါဘူး၊ စကားစပ်မိလို့ ပြောလိုက်တာပါ"

'ခင်ဗျား ပြောတာကို ယုံလိုက်ရမလား...'

စိတ်ထဲမှ ကျိတ်ပြီး ပြောလိုက်သော်လည်း အပြင်ပန်းတွင်မူ ကျန်းပေရန် ငြိမ်သက်နေသည်။ ရှီဝေရိက ရှီယွီထုန်ကို ချစ်ခင်စုံမက်စွာ ကြည့်ရင်း ပြောလိုက်သည်။

"ထုံထုံရေ... ဒါက မိသားစုခေါင်းဆောင်ကြီး ကိုယ်တိုင် ခန့်အပ်ထားတဲ့ ပညာရှိတံဆိပ်ပြားပိုင်ရှင်ပဲ နှုတ်ဆက်လိုက်ဦးလေ"

ရှီယွီထုန်က ချက်ချင်း မတ်တတ်ရပ်ကာ ချိုသာသော အသံလေးဖြင့် နှုတ်ဆက်လိုက်သည်။

"ပညာရှိတံဆိပ်ပြားပိုင်ရှင်ကို ဂါရဝပြုပါတယ်"

"တွေ့ရတာ ဝမ်းသာပါတယ် ရှီသခင်မလေး"

ကျန်းပေရန် ပြန်လည် နှုတ်ဆက်လိုက်သည်။

လူအများရှေ့တွင် ရှီယွီထုန်က သူ့ကို မသိချင်ယောင် ဆောင်နေခြင်းသည် အဘယ်ကြောင့်နည်း။ သူနှင့် သိကျွမ်းကြောင်းကို မိသားစုဝင်များအား ဖုံးကွယ်လိုရင်းလား သို့မဟုတ် သူမ၏ အဘိုးက သူ့ထံ စေလွှတ်လိုက်ခြင်း မဟုတ်ကြောင်း ကျန်းပေရန်ကို သက်သေပြချင်နေခြင်းလား။

ပထမ အချက်ဆိုလျှင်တော့ ဒီကောင်မလေးက သူ့အကြောင်း သေချာ လေ့လာထားပြီး လူမြင်ကွင်းတွင် ဒုက္ခမပေးလိုသော သဘော ဖြစ်ပေသည်။ ဒုတိယ အချက်ဆိုလျှင်တော့ သူနှင့် ပတ်သက်ဆက်နွှယ်မှုကို မိသားစုဝင်များ မသိစေလိုသော သဘော ဖြစ်ချေသည်။

မည်သို့ပင် ဖြစ်စေကာမူ ကျန်းပေရန်အတွက်တော့ ဒီကောင်မလေးသည် ကိုင်တွယ်ရ ခက်ခဲမည့် ပြဿနာကောင်လေး တစ်ကောင် ဖြစ်နေဆဲပင် ဖြစ်သည်။

ရှီယွီထုန် နေရာပြန်ထိုင်ပြီးနောက် ရှီဝေရိက တူကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။

"ကဲ... စားကြစို့"

ထမင်းစားပွဲ ပြီးဆုံးသွားသည့်တိုင် ကျန်းပေရန်မှာ ချီးကျူးမဆုံး ဖြစ်နေမိသည်။ နာမည်ကြီး ဝင်ရိုးစွန်းရှစ်ပါး လတ်ဆတ်ငါး သည် တကယ်ပင် အရသာ ရှိလှ၏။ ချက်ပြုတ်ပုံ နည်းလမ်းမျိုးစုံသည် ကျန်းပေရန်၏ အာရုံကို အသစ်တစ်ဖန် နိုးကြားစေခဲ့သည်။

ထိပ်တန်း ဝိညာဉ်အစားအစာ ဟူသော ဂုဏ်ပုဒ်နှင့် တကယ့်ကို ထိုက်တန်လှပေသည်။

လက်ကိုင်ပုဝါဖြင့် ပါးစပ်သုတ်လိုက်ပြီးနောက် ကျန်းပေရန်က ရှီဝေရိကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ဒီလို ကောင်းမွန်တဲ့ အစားအသောက်တွေနဲ့ ဧည့်ခံကျွေးမွေးတဲ့အတွက် သူတော်စင်ကြီးကို ကျေးဇူးတင်ပါတယ် "

"ဟောဟောဟော... မင်း ကြိုက်တယ်ဆိုရင် ကျေနပ်ပါတယ် ကြိုက်ရင် နောက်လည်း လာခဲ့ပေါ့"

ထို့နောက် ရှီဝေရိက ဘယ်ဘက်ရှိ သက်လတ်ပိုင်း အမျိုးသားကို လှမ်းမေးလိုက်သည်။

"ဖေ့ဟောင် ... ကောင်းကင်ကြယ်တာရာဂိုဏ်း နဲ့ ဆွေးနွေးထားတဲ့ ကုန်သွယ်ရေး ကိစ္စ ဘယ်လို အခြေအနေ ရှိလဲ"

ရှီဖေ့ဟောင် အနည်းငယ် ကြောင်သွားပြီး ကျန်းပေရန် ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။

"ကိစ္စမရှိဘူး... ပြောသာပြော ပေရန် က လူစိမ်းမှ မဟုတ်တာ"

'နေပါဦးဗျာ... ကျွန်တော်က လူစိမ်းပါ ခင်မင်ရင်းနှီးမှုတွေ လာမလုပ်ပါနဲ့'

ရှီဝေရိ၏ "လူစိမ်း မဟုတ်ပါဘူး" ဆိုသော စကားကြောင့် ကျန်းပေရန် ကြက်သီးမွေးညှင်း ထသွားမိသည်။ တဆက်တည်းတွင်ပင် ရှီဝေရိက သူ့ကို အိမ်ခေါ် ထမင်းကျွေးရခြင်း၏ ရည်ရွယ်ချက်မှန် ပေါ်လာပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ထမင်းစားပွဲဝိုင်းရှိ အခြားသူများလည်း အံ့သြမှင်သက် ကုန်ကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်လုံးဖြင့် စကားပြောနေကြသည်။

'ဘယ်သူ့ သမီး ပါသွားလို့လဲ'

ရှီယွီထုန် တစ်ယောက်သာလျှင် ကောက်ကျစ်သော အပြုံးလေးဖြင့် တွေးလိုက်မိသည်။

'မိသားစုခေါင်းဆောင်ကြီး ကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့ ပါရမီရှင်ကို ဘိုးဘိုးက လက်လွတ်ခံမှာ မဟုတ်ဘူး ဆိုတာ ထင်သားပဲ'

ရှီဖေ့ဟောင်က တုန့်ဆိုင်းနေသဖြင့် ရှီဝေရိ မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလဲ... ငါပြောတာ နားမလည်ဘူးလား"

အဖေဖြစ်သူ စိတ်ဆိုးသွားသည်ကို မြင်လျှင် ရှီဖေ့ဟောင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

"မဟုတ်ရပါဘူး အဖေ... ကောင်းကင်ကြယ်တာရာဂိုဏ်း နဲ့ ကုန်သွယ်ရေးက နည်းနည်း အခက်အခဲ ရှိနေလို့ပါ၊ ကျွန်တော့်ကို အချိန်နည်းနည်း ထပ်ပေးပါ၊ အဆင်ပြေအောင် ဖြေရှင်းပါ့မယ်"

"ဘာအခက်အခဲလဲ"

ရှီဖေ့ဟောင်က ကျန်းပေရန်ကို တစ်ချက် ထပ်ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။

"အခု စုချွေ့နယ်က ကူမိသားစုကလည်း အဲဒီ သတ္တုတွင်းကို လိုချင်နေတယ်၊ သူတို့က ဈေးပိုပေးပြီး ကမ်းလှမ်းလာတော့ ကောင်းကင်ကြယ်တာရာဂိုဏ်းကလည်း ဈေးကိုင်ချင်လာတယ်"

"ဟော... အသားနံ့ ရလို့ ခွေးတွေ ဝိုင်းလာကြပြီပေါ့"

ရှီဝေရိက ရယ်မောလိုက်ပြီး ကျန်းပေရန် ဘက်သို့ လှည့်မေးလိုက်သည်။

"ပေရန်... မင်းရော စုချွေ့နယ် က ကူမိသားစု အကြောင်း ကြားဖူးလား"

"မကြားဖူးဘူး"

"မင်းလည်း ကြားတဲ့အတိုင်းပဲ... ဒီ ကူမိသားစုက ငါတို့နဲ့အပြိုင် သတ္တုတွင်းကို လုချင်နေတာ၊ တကယ်လို့ သူတို့ကြောင့် ဈေးတွေ တက်သွားရင် ငါတို့ဘက်က နစ်နာမှု ကြီးမားသွားလိမ့်မယ်"

ရှီဝေရိ စကားဆုံးသည်နှင့် ကျန်းပေရန် ရှေ့တွင် ရွေးချယ်စရာ နှစ်ခု ပေါ်လာလေသည်။

[ရွေးချယ်မှု ၁: "ဂျူနီယာက သူတော်စင်ကြီးအတွက် ဘာများ ကူညီပေးနိုင်မလဲ ခင်ဗျာ" (ပြီးမြောက်ဆု: လျူကွမ် ညှို့ယူခြင်း ကျမ်း - မြေကမ္ဘာအဆင့် အနိမ့်)]

[ရွေးချယ်မှု ၂: "သူတော်စင်ကြီး... ကျွန်တော် အခုလေးတင် စားထားတာတွေ ပြန်အန်ထုတ်ပေးလိုက်ရင် ရမလားဗျာ" (ပြီးမြောက်ဆု: ကျပန်း အခြေခံ ကျွမ်းကျင်မှုအမှတ် +၁)]

'ဟင်...'

နောက်ပြောင်နေသော ရွေးချယ်မှု ၂ ကို ကြည့်ပြီး ကျန်းပေရန် ခဏမျှ စဉ်းစားလိုက်သည်။

ရွေးချယ်မှု ၁ ကို ရွေးလိုက်လျှင် သူသည် ရှီမိသားစု၏ အလုပ်သမား ဖြစ်သွားနိုင်ဖွယ် ရှိသည်။ ဖြေရှင်း၍ မရသော ပြဿနာ မှန်သမျှ သူ့ခေါင်းပေါ် ရောက်လာနိုင်ပြီး တစ်နေ့နေ့တွင် အန္တရာယ် ကြီးမားသော ကိစ္စများနှင့် ကြုံတွေ့ရနိုင်သည်။

ရွေးချယ်မှု ၂ ကတော့ သူ့အနေဖြင့် နောက်ခံ အင်အားကြီးမားကြောင်း ဟန်ရေးပြရာ ရောက်ပေသည်။ ခိုင်းချင်တိုင်း ခိုင်းလို့ရမည့်သူ မဟုတ်ကြောင်း သတိပေးလိုက်ခြင်း ဖြစ်ချေသည်။

ထို့ကြောင့် ရွေးချယ်မှု ၂ ကို ရွေးလိုက်ပြီး လက်နှစ်ချောင်းကို ပါးစပ်နားတွင် တေ့ကာ ပြောလိုက်သည်။

"သူတော်စင်ကြီး... ကျွန်တော် အခုလေးတင် စားထားတာတွေ ပြန်အန်ထုတ်ပေးလိုက်ရင် ရမလား"

[ရွေးချယ်မှု ၂ ပြီးမြောက်ပါပြီ။ ဆုလာဘ်: လက်မှုပညာ အမှတ် +၁]

"......"

ရုတ်တရက် စားသောက်ခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူတို့၏ ဘိုးဘေးကြီးကို လူတစ်ယောက်က မျက်နှာချင်းဆိုင် ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

'ဒီကောင်လေးက ဘယ်ကောင်မို့လို့လဲ'

'ဘိုးဘိုးက သူ့ကို ဒီလောက် လေးစားနေတာ အကြောင်းရှိမှာပဲ'

'မွေးကင်းစ နွားပေါက်က ကျားမကြောက်ဘူး ဆိုတာ ဒါမျိုးကိုး အဖေ့ ရှေ့မှာ ဒီလောက် ရဲတင်းနေတာ အသက်တိုချင်နေပြီ ထင်တယ်'

သို့သော် ဘိုးဘေးကြီး ကိုယ်တိုင်က ဒီလူငယ်လေးဘက်မှ ပါနေသဖြင့် မည်သူမျှ ဝင်မပြောရဲကြဘဲ အခြေအနေကိုသာ စောင့်ကြည့်နေကြသည်။

"ဟောဟောဟော... ပေရန် သိပ် စိတ်လှုပ်ရှားမနေပါနဲ့ ငါက ငါတို့ ရှီမိသားစုမှာလည်း ခက်ခဲတဲ့ ကိစ္စတွေ ရှိတယ် ဆိုတာ ပြောပြရုံပါ၊ မင်းက ဧည့်သည်တော် တစ်ယောက် အနေနဲ့ ကူညီသင့်တာ ကူညီပေးရမယ်လေ"

'အဖေ (ဘိုးဘိုး) က ရယ်နေတယ်...'

မိသားစုဝင် အားလုံး အံ့ဩမှင်သက် သွားကြသည်။ လူငယ်လေးက လူအများရှေ့တွင် မျက်နှာပျက်အောင် ပြောသော်လည်း ဘိုးဘေးကြီးက စိတ်မဆိုးသည့်အပြင် အခြေအနေကို ပြန်ထိန်းပေးနေသေးသည်။

'ဒီကောင်လေးက မိသားစုခေါင်းဆောင်ကြီးနဲ့ ဘာပတ်သက်မှု ရှိလို့လဲ'

'တော်ဝင်မိသားစုက မင်းသားတစ်ပါးပါးများ ရုပ်ဖျက်ပြီး လာလည်နေတာလား'

'ကြည့်ရတာ ဒီ ပညာရှိတံဆိပ်ပြားပိုင်ရှင် ကို သေချာ ဂရုစိုက်မှ ဖြစ်တော့မယ်'

ရှီဝေရိ အနေဖြင့် ကျန်းပေရန်ကို သည်းခံနေရခြင်းမှာ ရိုးရှင်းသော အကြောင်းပြချက် တစ်ခုကြောင့် ဖြစ်သည်။ မိသားစုခေါင်းဆောင်ကြီး ရှီဟုန်ယွင် ကိုယ်တိုင်က ကျန်းပေရန်နှင့် မသင့်မမြတ် မဖြစ်စေရန်၊ သူ့ကို ရန်သူဘက် မပါသွားစေရန် အထူး မှာကြားထားသောကြောင့် ဖြစ်လေသည်။

ထိုမှာကြားချက် နှစ်ခုကြောင့် ရှီဝေရိသည် ကျန်းပေရန်၏ နောက်ကွယ်တွင် ကြီးမားသော အင်အားစုများ ရှိနေသည်ဟု ထင်မြင်ယူဆထားသည်။ ထုံတိုင်းပြည်သာမက အခြား နိုင်ငံကြီးများမှ အရေးပါသော ပုဂ္ဂိုလ်များလည်း ပါဝင်နိုင်သည်ဟု တွေးထင်ထားခြင်း ဖြစ်ချေသည်။

မဟုတ်လျှင် နာမည်မရှိသော လူငယ်လေး တစ်ယောက်ကို မိသားစုခေါင်းဆောင်ကြီးက ဤမျှ အလေးထားစရာ အကြောင်းမရှိပေ။

ထို့ကြောင့် ရှီဝေရိမှာ အကျပ်ရိုက်နေရသည်။

မိသားစုခေါင်းဆောင်ကြီးက ကျန်းပေရန်၏ နောက်ခံနှင့် စွမ်းရည်ကို စုံစမ်းခိုင်းထားသော်လည်း သူ့ကို စိတ်မခုစေရ ဟုလည်း မှာထားပြန်သည်။

လူတစ်ယောက်၏ အကန့်အသတ်ကို စမ်းသပ်ရသည်မှာ ခက်ခဲသော အလုပ်ဖြစ်ပြီး ယခုလို ကန့်သတ်ချက်များ ရှိနေပြန်သဖြင့် ရှီဝေရိမှာ အခက်တွေ့နေရခြင်း ဖြစ်သည်။

ယခုလို လူငယ်များရှေ့တွင် သူ့ကို မျက်နှာပျက်အောင် ပြောဆိုရဲခြင်းက ကျန်းပေရန်၏ နောက်ခံ အင်အား တောင့်တင်းကြောင်း သက်သေပြနေသကဲ့သို့ ရှိသည်။ ထိုအချက်ကို ရှီဝေရိ ကြိုတင် တွက်ဆထားပြီး ဖြစ်သဖြင့် သိပ်ပြီး ဒေါသ မထွက်မိခြင်း ဖြစ်ချေသည်။

သို့သော် ဒီကောင်လေး၏ နောက်ကွယ်မှ "လူကြီး" မှာ မည်သူဖြစ်မည်ကို ပို၍ပင် သိချင်လာမိသည်။

...

ကျန်းပေရန်လည်း သူ့စကားကြောင့် ရှီဝေရိ မျက်နှာပျက်သွားသည်ကို သိရှိသဖြင့် ရှီဝေရိက အခြေအနေကို ပြန်ထိန်းပေးလိုက်သောအခါ လိုက်လျောညီထွေစွာ ပြန်ပြောလိုက်သည်။

"အဲဒီအတွက် သူတော်စင်ကြီး စိတ်ချပါ ဂျူနီယာ တတ်နိုင်တဲ့ ကိစ္စဆိုရင် ကူညီပေးမှာပါ"

မျက်နှာ ပြန်ရသွားသဖြင့် ရှီဝေရိ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။

"ငါ့ဆီမှာ တခြားဂိုဏ်းတွေနဲ့ ဆက်ဆံရမယ့် ကိစ္စတွေ အများကြီး ပုံနေတယ်၊ ပေရန် မင်း အားရင် လာကြည့်ပါဦး၊ အကျိုးဆောင်ခ ဆိုတာမျိုးလည်း ပေးမှာပါ"

ရှီဝေရိက သံတမန်ရေးရာ ကိစ္စများကို မေးမြန်းခြင်းသည် ကျန်းပေရန်ကို စမ်းသပ်လိုရုံ သက်သက် မဟုတ်ဘဲ တကယ်ပင် အရည်အချင်း ရှိသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။

သူ လွှတ်လိုက်သော စုံစမ်းရေးသမားများ၏ အစီရင်ခံစာအရ ကျန်းပေရန်သည် နယ်စပ်နိုင်ငံငယ်လေးမှ အလယ်အလတ် ဂိုဏ်းတစ်ခု၏ တပည့်သာ ဖြစ်သည်။ တပည့်အရင်းပင် မဟုတ်ဘဲ နာမည်ခံ တပည့်သာ ဖြစ်လေသည်။

သို့သော် ထိုနာမည်ခံ တပည့်လေးသည် ယခုအခါ အနက်ရောင်ဧကရာဇ် အဆင့် ကျင့်ကြံသူများနှင့် ရယ်မော စကားပြောနိုင်ပြီး သာမန်လူများနှင့် မပေါင်းသင်းပေ။

ရှန့်တိုင်းပြည်မှ အဆက်အသွယ်များကို မပြောနှင့်ဦး၊ ယခုဆိုလျှင် ရှီမိသားစုတွင် နေရာတစ်ခု ရနေပြီ ဖြစ်သလို ကောင်းကင်လွှမ်းမိုးဂိုဏ်း ဂိုဏ်းချုပ်နှင့်လည်း ရင်းနှီးသော ဆက်ဆံရေး ရှိနေပြန်သည်။

ရှီဝေရိသည် ကောင်းကင်လွှမ်းမိုးဂိုဏ်း အကြောင်းကို ကြားဖူးရခြင်းမှာ ထိုဂိုဏ်းတွင် သတိထားစောင့်ကြည့်ရမည့် လူပုဂ္ဂိုလ်အချို့ ရှိနေသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ဂိုဏ်းချုပ် ယန်ကွမ်းချင်း သည် ထူးချွန်သော အရည်အချင်းနှင့် ကြီးမားသော ရည်မှန်းချက်များ ရှိသူ ဖြစ်သည်။

ထို့ကြောင့် ယနေ့ ကျန်းပေရန်က ကောင်းကင်လွှမ်းမိုးဂိုဏ်း အတွက် ကြားဝင်ပြောဆိုပေးသောအခါ ရှီဝေရိက ကျန်းပေရန်ကို သူ့အနား ခေါ်ထားပြီး အကဲခတ်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေဖြင့် ရင်းနှီးမှု တည်ဆောက်ရင်း နောက်ခံ အကြောင်းအရာများကိုပါ စုံစမ်းနိုင်မည် ဖြစ်ချေသည်။

သို့သော် ကျန်းပေရန်က ထိုအစီအစဉ်ကို လက်မခံဘဲ ငြင်းဆန်လိုက်သည်။ သူ့ကို လွတ်လပ်ခွင့် ပိတ်ပင်လျှင် လက်မခံနိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ အကယ်၍ အတင်းအကျပ် စေခိုင်းလျှင် ရန်သူ ဖြစ်သွားနိုင်ဖွယ် ရှိသည်။

'ကိုင်တွယ်ရ ခက်လိုက်တာ'

ရှီဝေရိက ကျန်းပေရန်နှင့် မည်သို့ ဆက်ဆံရမည်ကို စဉ်းစားနေစဉ် ကျန်းပေရန်ကလည်း ရှီဝေရိ စကား၏ အဓိပ္ပာယ်ကို တွေးတောနေသည်။

'သူက ငါ့ကို သံတမန် ဌာန ဘက် ဆွဲခေါ်ချင်နေတာလား၊ ငါ့အကြောင်း ပိုသိရအောင် အနားခေါ်ထားပြီးမှ အခွင့်ကောင်း စောင့်ပြီး နှိပ်ကွပ်မလို့လား'

ရှီဝေရိသည် ရှီဟုန်ယွင်၏ စေခိုင်းချက်အရ သူ့ကို ချဉ်းကပ် စုံစမ်းနေမှန်း ကျန်းပေရန် သိသည်။ ထို့ကြောင့် သူနှင့် ဆက်ဆံရသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။

တစ်ဖက်တွင်လည်း ရှီဝေရိအပေါ် သနားမိသည်။ ဒီလောက် ခက်ခဲသော တာဝန်ကို ယူထားရသည် မဟုတ်ပါလော။ ငါ့ဆီက စကားနှိုက်ချင်တယ် ဟုတ်လား။

'အိပ်မက်သာ မက်နေလိုက်'

ကျန်းပေရန်သည် အနက်ရောင် သူတော်စင် များနှင့် အနက်ရောင် ဧကရာဇ် များကြားတွင် မည်သူမျှ သတိမထားမိဘဲ ရှင်သန်နေနိုင်ခြင်းမှာ မည်သူကမျှ သူ့ကို အကဲခတ်၍ မရသောကြောင့် ဖြစ်ပေသည်။

ရှီဝေရိလောက်နှင့် သူ့ကို ဥာဏ်ကစားချင်၍ မရနိုင်ပေ။

စနစ်က လက်ခံမှာ မဟုတ်ဘူးလေ။

အခြေအနေကို သုံးသပ်ပြီးနောက် ကျန်းပေရန်က ပြုံးရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။

"သူတော်စင်ကြီး ဖိတ်ခေါ်မှတော့ ဂျူနီယာ ဘယ်ငြင်းရဲပါ့မလဲ၊ အားတဲ့အချိန်ကျရင် လာခဲ့ပါ့မယ်"

"ကောင်းပြီ... မင်းဆီက ဒီစကား ကြားရရင် ကျေနပ်ပါပြီ"

ရှီဝေရိက မတ်တတ်ထရပ်လိုက်ပြီး အပြင်သို့ လှမ်းထွက်လိုက်သည်။

"ကဲ... အပြင်ထွက်ပြီး လမ်းလျှောက်ကြတာပေါ့"

"ဟုတ်ကဲ့" အားလုံးက ပြိုင်တူ ဖြေကြားပြီး ထရပ်လိုက်ကြသည်။

ရှီဝေရိ၏ နောက်ဖေးခြံဝင်းတွင် လမ်းလျှောက်နေစဉ် သူတို့နှစ်ဦး တစ်ဖက်နှင့်တစ်ဖက် အကဲစမ်းခြင်း မပြုတော့ဘဲ သာမန် စကားစမြည်သာ ပြောဆိုကြတော့သည်။ လေထုမှာ အတော်လေး သက်တောင့်သက်သာ ရှိလာခဲ့သည်။

"သူတော်စင်ကြီး... ဂျူနီယာ ကောင်းကင်လွှမ်းမိုးဂိုဏ်း ကို သွားပြီး သတင်းပို့လိုက်ပါဦးမယ် သူတို့ရဲ့ အဖြေရမှ သူတော်စင်ကြီးဆီ ပြန်လာခဲ့ပါ့မယ်"

"ကောင်းပြီ... သွားပါ မလောပါဘူး"

"ဟုတ်ကဲ့... ဒါဆို ဂျူနီယာ့ကို ခွင့်ပြုပါဦး"

ကျန်းပေရန်က လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ပြီးနောက် နောက်ဖေးခြံဝင်းမှ ထွက်ခွာလာခဲ့သည်။

သူတော်စင်အိမ်တော် မှ ထွက်လာပြီး သက်ပြင်းချလိုက်စဉ် အနောက်ဘက်မှ ချိုသာသော အသံလေး တစ်သံ ထွက်ပေါ်လာသည်။

"ကိုကိုကျန်း"

ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ကျန်းပေရန် လှည့်ကြည့်လိုက်ရာ ရှီယွီထုန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းပေရန် ပြောလိုက်သည်။

"နေမင်းဖြတ်တောက် ကြွေရည်သုတ်ဆေး ကိစ္စအတွက် ကျေးဇူးပါ"

"ကိုကိုကျန်း ရှာတွေ့သွားပြီလား"

"အင်း"

"ဝမ်းသာပါတယ်ရှင် ကိုကိုကျန်း နောက်ထပ် ရှာချင်တာတွေ ရှိရင်လည်း ညီမလေးကို ပြောနော် အတတ်နိုင်ဆုံး ကူညီပြီး စုံစမ်းပေးပါ့မယ်"

"နောက်မှပဲ ပြောကြတာပေါ့ ဒီတစ်ခေါက် ကိစ္စအတွက်တော့ တကယ် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးဆပ်ဖို့ စဉ်းစားပြီးရင် ပြန်လာရှာပါ့မယ်"

ရှီယွီထုန်က မြေကြီးပေါ်တွင် ခြေဖျားလေးဖြင့် စက်ဝိုင်းပုံ ဆွဲရင်း ပြောလိုက်သည်။

"ညီမလေး ဘာလိုချင်လဲ ဆိုတာ ကိုကိုကျန်း သိသားနဲ့"

"ငါ ပြောပြီးပြီလေ... ငါ တပည့်မလက်ခံဘူးလို့"

"သိပါတယ်... ဒါပေမဲ့ ညီမလေးက ကိုကို့ဆီမှာပဲ သင်ချင်တာ"

ရှီယွီထုန်၏ ရိုးသားသော မျက်ဝန်းများကို ကြည့်ပြီး သူမ၏ ဇွဲလုံ့လကို အသိအမှတ် ပြုမိသဖြင့် ကျန်းပေရန် စူးစမ်းစွာ မေးလိုက်သည်။

"မင်းက ဘာဖြစ်လို့ ငါ့ဆီမှာပဲ သင်ချင်ရတာလဲ၊ ဗေဒင်ပညာရပ်မှာ ငါ့ထက် နာမည်ကြီးတဲ့ ဆရာတွေ အများကြီး ရှိတာပဲကို"

ရှီယွီထုန်က ရယ်မောလိုက်ပြီး ပြန်ဖြေသည်။

"ညီမလေး အမြင်မှာတော့ ကိုကိုကျန်း လိုမျိုး လူအများကြားမှာ ရောနှောနေထိုင်တတ်တဲ့ လူကမှ တကယ့် ပညာရှင်အစစ်လို့ ထင်လို့ နာမည်ကြီး ဗေဒင်ဆရာတွေက ကိုကို့လောက် မတော်ပါဘူး"

"မင်းသဘောက ဗေဒင်ဆရာ ဆိုတာ နာမည်မကြီးသင့်ဘူး ဆိုတဲ့ သဘောလား"

"ဟုတ်တယ်"

ရှီယွီထုန်က ခေါင်းကို အားပါပါ ညိတ်လိုက်သည်။

"လျှို့ဝှက်ဆန်းကြယ်မှု မရှိရင် ဘယ်လိုလုပ် ပညာရှင်လို့ ခေါ်လို့ရမလဲ၊ ညီမလေး စိတ်ကူးထဲက ပညာရှင် ဆိုတာ ကိုကို့လိုမျိုးပဲ၊ အပေါ်ယံ ကြည့်ရင် သာမန်လို့ ထင်ရပေမယ့် တကယ်တမ်း ထဲထဲဝင်ဝင် ဆက်ဆံကြည့်မှ လျှို့ဝှက်ချက်တွေ အများကြီး ရှိမှန်း သိသာတဲ့ လူမျိုးပေါ့"

'သွားပြီ... ငါက သူ့ စိတ်ကူးပုံစံခွက်ထဲ ဝင်သွားပြီပဲ'

All Chapters