သတင်းကောင်း
Vol. 42 Ch. 489
"ဆရာရယ်... တပည့်ကို လက်ခံပေးပါနော်... တပည့် စည်းကမ်းတွေကို သေချာ လိုက်နာပါ့မယ်"
ကျန်းပေရန်နှင့် စကားပြောခွင့် ရတုန်းလေး အခွင့်ကောင်းယူပြီး ရှီယွီထုန် တစ်ယောက် ဆက်တိုက် တောင်းဆိုတော့သည်။
ကျန်းပေရန် ပြန်မဖြေခင်မှာပင် စနစ်၏ ရွေးချယ်မှုများ ပေါ်လာလေသည်။
[ရွေးချယ်မှု ၁: "ငါ ပြောပြီးသားလေ... တပည့် မလက်ခံဘူးလို့" (ပြီးမြောက်ဆု: ယန်လင် သားရဲမှတ်တမ်း - မြေကမ္ဘာအဆင့် အလယ်အလတ်)]
[ရွေးချယ်မှု ၂: လိပ်ခွံ တစ်ခုကို ထုတ်ယူပြသပြီး သူမ၏ ဗေဒင်ပညာဖြင့် ကိုယ်ရှိနေသည့် နေရာကို ရှာဖွေနိုင်သည့်နေ့တွင် တပည့်အဖြစ် လက်ခံမည်ဟု ပြောပါ။ (ပြီးမြောက်ဆု: ကျပန်း အခြေခံ ကျွမ်းကျင်မှုအမှတ် +၁)]
'ဒီဇာတ်ကွက်ကို ငါ ရင်းနှီးနေသလိုပဲ'
အရင်တုန်းက ဂိုဏ်းချုပ်ကတော် ငါးယောက်ကို စိတ်နှလုံးပြန်ဂိုဏ်း၏ နံပါတ်တစ် တပည့် ဖြစ်လာမှ လက်ထပ်မည်ဟု ကတိပေးခဲ့သလိုမျိုးပင် ဖြစ်ချေသည်။
ကောင်းပြီလေ... တကယ်တမ်းကျတော့ မဖြစ်နိုင်သလောက် ရှိသည့် တာဝန်တစ်ခုကို ပေးထားခြင်းအားဖြင့် သူတို့အနေဖြင့် အစွမ်းကုန် ကြိုးစားကြပြီး ကျန်းပေရန်ကို လာမနှောင့်ယှက်တော့ပေ။
ဆိုလိုသည်မှာ ရှီယွီထုန်ကို ငြင်းဆန်နေရုံဖြင့် မပြီးဘဲ သူမကို ပိုမို စိတ်အားထက်သန်လာအောင် တွန်းအားပေးသလို ဖြစ်နေလိမ့်မည်။ ထို့ကြောင့် သူမအတွက် မဖြစ်နိုင်သော ပစ်မှတ်တစ်ခုကို သတ်မှတ်ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
'ရှယ်ပဲဟေ့'
ရွေးချယ်မှု ၂ ကို ရွေးလိုက်ပြီးနောက် ကျန်းပေရန်သည် သိုလှောင်လက်စွပ်ထဲမှ လိပ်ခွံတစ်ခုကို ထုတ်ယူကာ ရှီယွီထုန်အား ပြသလိုက်သည်။
"မင်းက ဒီလောက်ထိ စိတ်အားထက်သန်နေမှတော့ ငါ အခွင့်အရေး တစ်ခု ပေးမယ်... ဒါ ဘာလဲ သိလား"
ကျန်းပေရန် လေသံပျော့သွားသည်ကို ကြားလိုက်ရသောအခါ ရှီယွီထုန် ဝမ်းသာအားရ ဖြေလိုက်သည်။
"သိပါတယ်... လိပ်ခွံ ဗေဒင် ပါ"
"ဗေဒင်ပညာ ဆိုတာ ပါရမီ အများကြီး လိုအပ်တဲ့ ပညာရပ်ပဲ... တကယ်လို့ မင်းမှာ ပါရမီ မရှိရင် ငါ့တပည့် ဖြစ်လာလည်း အလကားပဲ... ဒါကြောင့် ငါ့တပည့် ဖြစ်ချင်ရင် အရင်ဆုံး စမ်းသပ်မှုကို အောင်မြင်မှ ရမယ်"
ရှီယွီထုန်သည် သူမ၏ ဘဝတစ်လျှောက်လုံး စမ်းသပ်မှုများကို မကြောက်ခဲ့သူ ဖြစ်သဖြင့် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ဆရာ ဘယ်လို စမ်းသပ်မှာလဲဟင်"
ကျန်းပေရန်က လိပ်ခွံ၏ ကျောဘက်ကို လှန်ပြရင်း မေးလိုက်သည်။
"ဗေဒင်တွက်ရာမှာ ဘာလို့ လိပ်ခွံကို သုံးရတာလဲ သိလား"
ရှီယွီထုန်သည် ဗေဒင်ပညာကို ကိုယ်တိုင် လေ့လာဖူးသူ ဖြစ်သဖြင့် ယုံကြည်မှု ရှိစွာဖြင့် ဖြေကြားလိုက်သည်။
"လိပ်ခွံရဲ့ အလယ်မှာ အကွက် ၃ ကွက် ရှိတယ်... အဲဒါက ကောင်းကင် မြေကြီး နဲ့ လူသား ဆိုတဲ့ နိယာမ ၃ ပါးကို ကိုယ်စားပြုတယ်... ဘေးပတ်လည်မှာ အကွက် ၂၄ ကွက် ရှိပြီး ၂၄ ရာသီဥတုကို ကိုယ်စားပြုတယ်... အောက်ခြေမှာတော့ ၁၂ ကွက် ရှိပြီး ၁၂ ရာသီခွင်ကို ကိုယ်စားပြုတယ်"
ထို့နောက် လက်ချောင်း ၃ ချောင်း ထောင်ပြပြီး ဆက်ပြောသည်။
"အဲဒီ အမှတ်အသားတွေ အားလုံး ပေါင်းလိုက်ရင် ရှစ်ပါးကွက်ရဲ့ နိယာမတွေ ကောင်းကင်နဲ့ မြေကြီးရဲ့ သဘောတရားတွေနဲ့ ကိုက်ညီနေတယ်... ညီမလေး ဖြေတာ မှန်လားဟင်"
"မှန်တယ်... ဒါက လိပ်ခွံ ဗေဒင်ရဲ့ အခြေခံ သဘောတရားပဲ"
ကျန်းပေရန်က လိပ်ခွံကို လှုပ်ခါရင်း ရှီယွီထုန်ထံ ကမ်းပေးလိုက်သည်။
"မင်းအတွက် ငါ့ရဲ့ စမ်းသပ်မှုကတော့... တစ်နေ့နေ့မှာ ဒီလိပ်ခွံကို သုံးပြီး ငါ ဘယ်နေရာ ရောက်နေလဲ ဆိုတာကို မှန်ကန်အောင် တွက်ချက်နိုင်ရမယ်... အဲဒီနေ့ကျရင် မင်းကို တပည့်အဖြစ် လက်ခံမယ်"
[ရွေးချယ်မှု ၂ ပြီးမြောက်ပါပြီ။ ဆုလာဘ်: ဆွဲဆောင်မှု +၁]
'ဟာ... သေစမ်း... ငါက တအား မိုက်နေတာပဲ'
ဆွဲဆောင်မှု အမှတ် ထပ်တိုးလာသည်ကို မြင်လိုက်ရသောအခါ ကျန်းပေရန် ခေါင်းကိုက်သွားမိသည်။ ဒီအမှတ်က အခြေခံ ကျွမ်းကျင်မှု အမှတ်များကို အမီလိုက်နေသည် မဟုတ်ပါလော။ ဒီအတိုင်းသာ ဆက်သွားနေလျှင် နောက်နောင် ဘယ်လို မိစ္ဆာမမျိုးတွေ ရောက်လာဦးမည်ကို မတွေးရဲတော့ပေ။
ရှီယွီထုန်က လိပ်ခွံကို ဟိုလှန်ဒီလှန် ကြည့်ရှုပြီးနောက် ကျန်းပေရန်ကို မော့ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ... ညီမလေး ဒီစမ်းသပ်မှုကို အောင်မြင်အောင် လုပ်ပြပါ့မယ်"
ရှီယွီထုန်၏ တုံ့ပြန်ပုံက ကျန်းပေရန်ကို အံ့ဩစေခဲ့သည်။ မူလက သူမ အနေဖြင့် လိပ်ခွံ ဗေဒင်ကို ဘယ်လို တွက်ရမလဲ ဆိုတာ သင်ပေးဖို့ တောင်းဆိုလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူမက လုံးဝ မမေးမြန်းခဲ့ပေ။
သူမက တတ်ပြီးသားမို့လို့လား ဒါမှမဟုတ် ဒါကိုပါ စမ်းသပ်မှု တစ်ခုအနေနဲ့ သဘောထားလိုက်တာလား မသိရပေ။
မည်သို့ပင်ဖြစ်စေ ရှီယွီထုန်သည် ကျန်းပေရန်၏ တပည့် လက်ခံရေး မူဝါဒ နံပါတ် ၁ နှင့် ကိုက်ညီနေပြီ ဖြစ်ချေသည်။
ကိုယ်ထူးကိုယ်ချွန် စနစ် ပင်……..
ဆရာပေးလိုက်သော တာဝန်ကို ပြီးမြောက်အောင် လုပ်ပါမည် ဟူသော စကားတစ်ခွန်းတည်းဖြင့် လက်ခံခြင်း………
အခက်အခဲ ရှိလျှင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းခြင်း…….
ဒါမှသာ ပြီးပြည့်စုံသော လက်အောက်ငယ်သား ဖြစ်ပေမည်။
"ကောင်းပြီ... အဲဒီနေ့ ရောက်လာမှာကို ငါ စောင့်နေမယ်"
ကျန်းပေရန်က ပြောပြီးသည်နှင့် ရှီယွီထုန်ကို ရှောင်ကွင်းကာ ဆက်လျှောက်သွားလိုက်သည်။
ကျန်းပေရန်၏ ကျောပြင်ကို ကြည့်ရင်း ရှီယွီထုန်က လက်ထဲမှ လိပ်ခွံကို လှုပ်ခါလိုက်သည်။ အတွင်းမှ ကြေးပြားစေ့များ ရိုက်ခတ်သံကို နားထောင်ရင်း ပြုံးလိုက်မိလေသည်။
'ပညာရှင် ဆိုတာ ဒါမျိုးမှ... ပေးတဲ့ စမ်းသပ်မှုကအစ တခြားသူတွေနဲ့ မတူဘူး... သဘောကျလိုက်တာ'
...
ရှီယွီထုန်ကို နှုတ်ဆက်ပြီးနောက် ကျန်းပေရန်သည် သူတော်စင်အိမ်တော် ဂိတ်ပေါက်ဝတွင် အပ်ထားသော လျူဝေနင်ကို သွားပြန်ခေါပြီး လက်ရာမြောက် အလုပ်ရုံသို့ ပြန်လာခဲ့သည်။ အဓိက တာဝန်ပြီးဆုံးပြီ ဖြစ်သဖြင့် ကျန်ရှိသော အချိန်တွင် မိတ်ဟောင်းဆွေဟောင်းများနှင့် တွေ့ဆုံရန် စီစဉ်လိုက်သည်။
ထိုက်ရိအဆောင်သို့ ရောက်သောအခါ ကျန်းပေရန်က လျူဝေနင်ကို ပြောလိုက်သည်။
"မင်း အောက်ထပ်မှာပဲ ဆော့နေလိုက်ဦးနော်"
ကျောက်စိမ်းကို ပွတ်သပ်ရင်း လျူဝေနင်က ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့"
ကျန်းပေရန် ဒုတိယထပ်သို့ တက်သွားရာ ကုလားထိုင်ပေါ်တွင် မှီထိုင်ရင်း အနားယူနေသော လုယန်ယွီကို တွေ့လိုက်ရသည်။
ကျန်းပေရန်လည်း အားနာမနေတော့ဘဲ လုယန်ယွီ ဘေးနားရှိ ကုလားထိုင်တွင် ဝင်ထိုင်ကာ မေးလိုက်သည်။
"အဆောင်မှူးကြီး... ဘာတွေများ တွေးနေတာလဲဗျ"
လုယန်ယွီက ပြုံးလိုက်ပြီး ပြန်ဖြေသည်။
"ငါ တွေးနေတာကလေ... ဒီခေတ် မိန်းကလေးတွေက တကယ် သဘောထား ပြည့်ဝကြတာပဲလို့"
"......"
မနက်က သူ့ကို တွဲကူပေးခဲ့ကြသော အပျိုတော်လေးများကို ရည်ညွှန်းမှန်း ကျန်းပေရန် သိလိုက်သည်။ ဒီလောက် ကိစ္စသေးသေးလေးကို ဒီအချိန်ထိ ပြန်တွေးပြီး ကြည်နူးနေသည် ဆိုတော့…….
'အဖိုးကြီး သိပ်ကဲတာပဲ'
သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းနွေဦး အရက်အိုး တစ်လုံးကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။ အဖုံးကို ဖွင့်လိုက်ပြီး
"မြေအောက်ခန်းထဲက အခုမှ ထုတ်လာတာ... မြည်းကြည့်မလား"
အရက်နံ့ ရလိုက်သည်နှင့် လုယန်ယွီ တစ်ယောက် ချက်ချင်း ထထိုင်လိုက်သည်။
"ငါ့ညီက ငါ့အကြောင်း အသိဆုံးပါကွာ... ဒီရက်ပိုင်း အရက်ငတ်နေတာနဲ့ အတော်ပဲ"
"ကျွန်တော် ပေါင်းခံနည်း သင်ပေးခဲ့သားပဲ... ဘာလဲ... အခုထိ ပြင်းတဲ့ အရက် မချက်တတ်သေးဘူးလား"
"အို... မပြောပါနဲ့တော့ကွာ"
လုယန်ယွီက လက်ကာပြသည်။
"ပြင်းတော့ ပြင်းပါတယ်... ဒါပေမဲ့ မင်းရဲ့ အရက်လိုမျိုး အရသာ မမီဘူးကွ... အခုတော့ လောင်ဖူ တစ်ယောက် အသည်းအသန် ကြိုးစားနေတယ်... နောက်ဆိုရင်တော့ ကောင်းလာမှာပါ... ဒါပေမဲ့ မင်းလက်ရာကိုတော့ မမီလောက်ပါဘူး"
လုယန်ယွီ၏ မြှောက်ပင့်စကားများကို နားထောင်ရင်း ကျန်းပေရန်က ပန်းကန်လုံးထဲသို့ အရက် ထည့်ပေးလိုက်သည်။
"အရင်တစ်ခါ ကျွန်တော် မသွားခင် ချန်ပေးခဲ့တဲ့ အရက်တွေ ကုန်သွားပြီလား"
"အဲဒီ အရက်တွေက ငါတစ်ယောက်တည်း သောက်ဖို့တောင် မလောက်ပါဘူးကွာ... လောင်ဖူကလည်း ခဏခဏ လာနှိုက်နေတာနဲ့ ကုန်တာ ကြာပေါ့"
လုယန်ယွီက ပန်းကန်လုံးကို မရင်း အနံ့ခံကြည့်လိုက်သည်။
"ရှီး... မွှေးလိုက်တာကွာ"
ထို့နောက် တစ်ခါတည်း မော့သောက်လိုက်လေသည်။
"ဟား"
ကျေနပ်အားရစွာ သက်ပြင်းချလိုက်ပြီး ကုလားထိုင် နောက်မှီကို မှီချလိုက်သည်။
ကျန်းပေရန်က ဒုတိယ တစ်ခွက် ထပ်ငှဲ့ပေးသောအခါ လုယန်ယွီက ရုတ်တရက် ပြောလိုက်သည်။
"ငါ့ညီက ငါ့ကို ဒီလောက် သတိရနေတာ ငါက ဘာမှ ပြန်မပေးရင် မကောင်းဘူး... အရင်တုန်းက မင်း အင်မော်တယ်အဘိုးအို ဂူ အကြောင်း စုံစမ်းနေတယ် ဆိုလို့ ငါ သတိထားပြီး နားစွင့်ထားပေးတယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက ကြားတာတော့ ဂူရှန်ဝမ်က ဝေတိုင်းပြည်ဘက် သွားမယ်တဲ့... မင်း ရှာချင်ရင် အဲဒီဘက် သွားကြည့်ပါလား"
ကျန်းပေရန် အရက်ငှဲ့နေသော လက် ရပ်တန့်သွားသည်။ သူ ဒီတစ်ခေါက် ရှီမိသားစုထံ လာရခြင်း အကြောင်းရင်း တစ်ခုမှာ ဂူလျန်ရန် အကြောင်း စုံစမ်းရန် ဖြစ်သည်။ သို့သော် ထိုပုဂ္ဂိုလ်မှာ လူတိုင်း တွေ့ချင်ပြီး မတွေ့နိုင်သော သူဖြစ်သဖြင့် တွေ့ကရာလူကို လျှောက်မေး၍ မဖြစ်ပေ။
ထို့ကြောင့် လက်လျော့ထားခဲ့ရာမှ ယခုလို လုယန်ယွီထံမှ သတင်းရလိုက်သဖြင့် ဝမ်းသာသွားမိသည်။
"ကျေးဇူးတင်ပါတယ် အဆောင်မှူးကြီး... ကျွန်တော် အဲဒီ ဂူလျန်ရန်ကို ရှာနေတုန်းပါပဲ"
အရက်တစ်ငုံ သောက်လိုက်ပြီး ကျန်းပေရန် ဆက်မေးသည်။
"ဝေတိုင်းပြည်ကို သွားမယ် ဆိုတာကလွဲရင် ပိုပြီး တိကျတဲ့ သတင်း မရှိဘူးလားဗျ"
"ရှိတာပေါ့... မရှိဘဲနဲ့ ငါ့ညီကို ပြောပါ့မလား"
လုယန်ယွီက အရက်သောက်ရင်း ဆက်ပြောသည်။
"ဒီသတင်းကို ငါ့ စီနီယာအစ်ကို ပြောပြတာ... သူက အခု ဝေတိုင်းပြည် သစ်တောနက်ဂိုဏ်းမှာ အကြီးအကဲ လုပ်နေတာ... သူတို့ ဂိုဏ်းချုပ်က အင်မော်တယ်အဘိုးအို ဂူကို ဖိတ်ထားတယ်တဲ့... ဒါပေမဲ့ သတင်းက ရာနှုန်းပြည့် သေချာတာတော့ မဟုတ်ဘူး"
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး စဉ်းစားလိုက်သည်။
"မင်း တကယ် သွားရှာချင်တယ် ဆိုရင် ငါ့ စီနီယာအစ်ကိုကို စာရေးပြီး အကူအညီ တောင်းပေးမယ်"
လုယန်ယွီက ကိုယ့်ဘာသာ အရက်ထပ်ငှဲ့ရင်း ပြောသည်။
"မူလကတော့ သတင်း ပိုတိကျမှ မင်းကို ပြောမလို့ပဲ... ဒါပေမဲ့ မင်းက ဒီရောက်နေတော့လည်း တစ်ခါတည်း ပြောလိုက်တာ"
ခဏမျှ စဉ်းစားပြီးနောက် ကျန်းပေရန်က အရက်ခွက်ကို ချပြီး ပြောလိုက်သည်။
"ကောင်းပါပြီ... ဒါဆိုရင် အဆောင်မှူးကြီးရဲ့ စီနီယာအစ်ကိုနဲ့ ချိတ်ဆက်ပေးဖို့ အကူအညီ တောင်းပါရစေ"
ဘာပဲဖြစ်ဖြစ် ကံစမ်းကြည့်ရုံသာ ရှိသည်။ တွေ့ရင်တော့ မေးစရာတွေ အများကြီး ရှိသည်။ မတွေ့ရင်လည်း ကံမပါသေးဘူးဟု မှတ်ရမည်။
ကျန်းပေရန် သွားမည်ဟု ဆုံးဖြတ်လိုက်သည်နှင့် လုယန်ယွီက ပေါင်ကို ပုတ်ကာ ပြောလိုက်သည်။
"ကိစ္စမရှိဘူး... အခုချက်ချင်း စာသွားရေးလိုက်မယ်"
"ကျေးဇူးပါဗျာ"
"ရပါတယ်ကွာ... ညီအစ်ကိုတွေပဲဟာ"
လုယန်ယွီ စာကြည့်ခန်းထဲ ဝင်သွားသည်။
မကြာမီ စာတစ်စောင် ကိုင်ပြီး ပြန်ထွက်လာသည်။
"စာ ပို့လိုက်ပြီ... ငါ့ စီနီယာအစ်ကို ပြန်စာ ရောက်တာနဲ့ မင်းကို ပြောပြမယ်"
"ကောင်းပြီ"
ပြန်ထိုင်လိုက်ပြီး ကျန်းပေရန်နှင့် အရက်ခွက်ချင်း တိုက်လိုက်စဉ် လုယန်ယွီက တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ပြောလိုက်သည်။
"လောင်ရှန် ငါ့ဆီ မလာတာ ကြာပြီ... စာမျက်နှာ အပိုင်းအစတွေ ရှာနေတုန်းမို့လို့လား"
"ဟုတ်တယ်"
ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် သူ့ကို ကူညီဖို့ လူတစ်ယောက် ရှာပေးထားတယ်"
"ဒါကြောင့်ကိုး... သူသာ တစ်ယောက်တည်း ရှာနေရရင် ငါ့ဆီ နေ့တိုင်း လာပြီး အကူအညီ တောင်းနေလောက်ပြီ"
လုယန်ယွီ စကားကို နားထောင်ရင်း ရှောင်လေး တစ်ယောက် အဆင်ပြေရဲ့လားဟု ကျန်းပေရန် တွေးမိလိုက်သည်။ သို့သော် ရှောင်လေးဆီက အကူအညီ တောင်းခံစာ မရောက်လာသေးသည်ကို ကြည့်လျှင် အဆင်ပြေနေပုံ ရပါသည်။
မဟုတ်လျှင် ရှောင်လေးက မာနကြီးပြီး ကြိတ်ခံနေမည့် လူစားမျိုး မဟုတ်ပေ။
အရက် ၂ အိုး ကုန်သွားသောအခါ လုယန်ယွီက မတ်တတ်ရပ်လိုက်သည်။
"ငါ့ စီနီယာအစ်ကို စာပြန်မပြန် သွားကြည့်လိုက်ဦးမယ်"
ကျန်းပေရန်က အရက်ခွက်ကို မြှောက်ပြရင်း ခေါင်းညိတ်လိုက်သည်။
သိပ်မကြာခင် လုယန်ယွီ ပြန်ထွက်လာသည်။
"ဒီနေ့ ငါ့ စီနီယာအစ်ကို တံခါးပိတ် ကျင့်ကြံမနေဘူး ထင်တယ်... စာပြန်လာပြီ"
ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်ပြီး လုယန်ယွီက ပေတံ တစ်ချောင်းကို ထုတ်ယူကာ ကျန်းပေရန်ထံ ကမ်းပေးလိုက်သည်။
"ဒီ ပေတံက ငါနဲ့ ငါ့ စီနီယာအစ်ကို ကြားက အမှတ်အသားပဲ... ဒါကို ယူသွားလိုက်"
ကျန်းပေရန် ပေတံကို လှမ်းယူလိုက်သည်။
"နေရာ အတိအကျကိုတော့ မြေပုံပေါ်မှာ မှတ်ပေးမယ်... ဒါပေမဲ့ ဝေတိုင်းပြည် ရောက်ရင် သစ်တောနက်ဂိုဏ်းကို ရှာရတာ လွယ်ပါတယ်... အဲဒီဂိုဏ်းက ဝေတိုင်းပြည်မှာ ထိပ်တန်း ဂိုဏ်းကြီး တစ်ခုပဲ... အနက်ရောင် သူတော်စင် ၂ ပါးတောင် ရှိတာ"
ကျန်းပေရန် ပြုံးလိုက်မိသည်။
"ဒီ ဂူလျန်ရန်ကလည်း လူကြီးလူကောင်းတွေနဲ့ပဲ ပေါင်းသင်းတာကိုး"
"ဒါပေါ့... သာမန်လူတွေက သူ့ကို ဖိတ်လို့မှ မရတာ"
ပြောရင်းနှင့် လုယန်ယွီက မြေပုံတစ်ချပ် ယူလာပြီး စက်ဝိုင်း ဝိုင်းပေးလိုက်သည်။
"ဒါက သစ်တောနက်ဂိုဏ်း ရှိတဲ့ နေရာပဲ... မင်းက တောင်ခြေကို သွားပြီး ပေတံကို ကိုင်ထားလိုက်... ငါ့ စီနီယာအစ်ကိုက မင်းကို လာရှာလိမ့်မယ်"
"ကောင်းပါပြီ"
ကျန်းပေရန် မြေပုံကို ကြည့်ပြီး နေရာကို မှတ်သားလိုက်သည်။
"အဲဒီ အင်မော်တယ် အဘိုးအို ဂူ ဘယ်တော့ ရောက်မလဲ ဆိုတာ ငါ့ စီနီယာအစ်ကိုလည်း သေချာ မသိဘူးတဲ့... အချိန်မဆွဲဘဲ အခုပဲ သွားစောင့်နေလိုက်ပါလား"
ကျန်းပေရန် စဉ်းစားလိုက်သည်။ လက်ရှိတွင် အရေးကြီး ကိစ္စ မရှိသဖြင့် သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ သိုလှောင်လက်စွပ် တစ်ကွင်းကို စားပွဲပေါ် တင်လိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ... ကျွန်တော် ပြန်လာမှ အဆောင်မှူးကြီးနဲ့ အဝ သောက်ကြတာပေါ့"
"အေး... စောင့်နေမယ်"
ကျန်းပေရန် အောက်ထပ်သို့ ဆင်းသွားသည်နှင့် လုယန်ယွီက စားပွဲပေါ်မှ သိုလှောင်လက်စွပ်ကို ကောက်ယူပြီး စစ်ဆေးကြည့်လိုက်သည်။ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ပေါ်လာလေသည်။
အောက်ထပ်သို့ ရောက်သောအခါ ငေးငိုင်နေသော လျူဝေနင်ကို ကျန်းပေရန် လှမ်းခေါ်လိုက်သည်။
"ကျောက်စိမ်း ပြန်ပေးတော့... ငါ သွားတော့မယ်"
လျူဝေနင် အိပ်မက်မက်နေရာမှ လန့်နိုးသွားသကဲ့သို့ ဖြစ်သွားပြီး လေးစားဖွယ် ၅ ပါး စိမ်းပြာရောင် သက်တံ ကျောက်စိမ်းကို ထပ်ထုတ်ပေးလိုက်သည်။
"တကယ် လဲလို့ မရဘူးလားဟင်"
"ငါ ပြောပြီးပြီလေ... မင်း ကိုယ့်ဘာသာ ရှာနိုင်တဲ့ အချိန်ကျမှ လဲမယ်လို့"
"ဟွန်း"
လျူဝေနင် နှုတ်ခမ်းဆူလိုက်ပြီး ဟုန်ဟူ ကျောက်စိမ်းကို ကျန်းပေရန်ထံ ဝမ်းနည်းပက်လက် ပြန်ပေးလိုက်ရသည်။
ဟုန်ဟူ ကျောက်စိမ်းကို ပြန်ယူပြီးနောက် ကျန်းပေရန် လက်ရာမြောက် အလုပ်ရုံမှ ထွက်ခွာပြီး ပန်းမျိုးစုံ တောင်ကြားသို့ ပြန်လာခဲ့သည်။
အခန်းထဲတွင် ရှီဖုန်းလန်နှင့် ရှဲ့လင်းတန်းတို့ ကတ်ကစားနေကြသည်။
ကျန်းပေရန် ပြန်ရောက်လာသည်ကို မြင်လျှင် ရှီဖုန်းလန်က လှမ်းအော်လိုက်သည်။
"ပေရန်လေး... ပြန်လာပြီလား"
"အင်း... ပစ္စည်းတွေ သိမ်းတော့... ဝေတိုင်းပြည်ကို သွားကြမယ်"
"ဝေတိုင်းပြည်"
ရှီဖုန်းလန် ကြောင်သွားသော်လည်း ချက်ချင်းပင် လက်ခုပ်တီးကာ အော်ဟစ်လိုက်သည်။
"ဟေး... ဝေတိုင်းပြည် တဲ့... ငါ တစ်ခါမှ မရောက်ဖူးသေးဘူး"
ရှဲ့လင်းတန်းက မော့ကြည့်ပြီး မေးလိုက်သည်။
"ဒါဆို ဆက်မဆော့တော့ဘူးလားဟင်"
"ဆော့မှာပေါ့"
စကားမဆုံးခင် ရှီဖုန်းလန်က ကျန်းပေရန်ဘက် လှည့်မေးလိုက်သည်။
"ဒီတစ်ပွဲ ပြီးအောင် ဆော့လို့ ရမလား"
"ရပါတယ်"
"ရေ"
ရှီဖုန်းလန် ပျော်ရွှင်စွာဖြင့် ငါးလေး ကတ်ပြားကို ထုတ်လိုက်ပြီး ရှဲ့လင်းတန်း၏ ကတ်ပြားများကို တိုက်ခိုက်လိုက်သည်။
"ငါ အစီအရင် ကတ်ပြား ထပ်ချမယ်... အလှည့် ကျော်ပြီ"
ကတ်ပြား ချပြီးနောက် ရှီဖုန်းလန်က ကျန်းပေရန်ကို လှည့်ပြောလိုက်သည်။
"ဒီနေ့ မုယောင်ကို ခေါ်ပြီး ကစားမလို့... ဒါပေမဲ့ သူက မအားဘူးတဲ့... အိမ်မှာလည်း မရှိဘူး"
"နောက်ဆို သူ ပိုတောင် မအားတော့မှာ"
"ဘာလို့လဲ"
"ငါ ပြောဖူးသားပဲ... သူက အခုဆို ရှီမိသားစုရဲ့ လူငယ် ခေါင်းဆောင် ဖြစ်နေပြီလေ... လုပ်စရာတွေ အများကြီး ရှိမှာပေါ့"
"ခေါင်းဆောင် ဖြစ်ရတာ သိပ် ဒုက္ခရောက်တာပဲ"
ရှီဖုန်းလန် ညည်းတွားလိုက်ပြီး ကတ်ဝိုင်းထဲ ပြန်အာရုံစိုက်လိုက်သည်။
ရှဲ့လင်းတန်းက သူမ၏ လက်ထဲမှ ကတ်ပြားများကို ကြည့်ပြီး ပြောလိုက်သည်။
"သမီးရဲ့ ချောင်ဖုန်းနဲ့ အန်တီ့ရဲ့ ငါးလေးကို တိုက်ခိုက်မယ်"
ရှီဖုန်းလန်က မကြောက်မရွံ့ဘဲ မှောက်ထားသော ကတ်ပြားကို လှန်လိုက်သည်။
"ငါ 'ဝင်္ကပါ အစီအရင်' ကို သုံးမယ်... ဒီအလှည့်မှာ နင် ငါ့ကို တိုက်ခိုက်လို့ မရဘူး"
"ဟုတ်ကဲ့"
ရှဲ့လင်းတန်း ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ဘာကတ်ပြား ထုတ်ရမလဲ စဉ်းစားလိုက်သည်။
ကျန်းပေရန်က ဆက်မကြည့်တော့ဘဲ အခန်းပြင် ထွက်ကာ တောင်ကုန်းပေါ်မှ ပန်းများကို စစ်ဆေးကြည့်ရှုလိုက်သည်။
မကြာမီ ရှီဖုန်းလန် ပြေးထွက်လာပြီး ကျန်းပေရန် ဘေးနားတွင် ထိုင်ချလိုက်သည်။
"ပေရန်လေး... ငါ နိုင်သွားပြီ"
"ဂုဏ်ပြုပါတယ်"
"ဟီးဟီး"
ရှီဖုန်းလန်က ရယ်မောလိုက်ပြီး ပန်းများကို ကြည့်ကာ ပြောလိုက်သည်။
"ပေရန်လေး ရောက်လာပြီးမှ ဒီပန်းတွေက ပိုလှလာသလိုပဲ... တစ်ခါတလေ ခူးတောင် မခူးရက်ဘူး"
"ဒါဆို မခူးနဲ့လေ"
"မခူးရင် ဘယ်လိုလုပ် ပျော်စရာ ကောင်းမှာလဲ"
"......"
ကျန်းပေရန် မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်သည်။
"ကဲ... သွားကြစို့... ပျံသန်းသော စံအိမ်ပေါ် တက်ရအောင်"