ကောင်းကင်ဘုံက ရွေးချယ်ထားသူ
Vol. 42 Ch. 490
ပျံသန်းသော စံအိမ်ကြီးသည် တစ်ရက်နှင့် တစ်ည ခရီးနှင်ပြီးနောက် ဝေတိုင်းပြည် နယ်နိမိတ်ထဲသို့ ရောက်ရှိလာလေသည်။
အစီအရင်မှတစ်ဆင့် အပြင်ဘက်ကို လှမ်းကြည့်လိုက်လျှင် နေရာအနှံ့ တောင်ကုန်းတောင်တန်းများ ထပ်ဆင့်တည်ရှိနေသည်ကို တွေ့မြင်ရပြီး တောင်တန်းနိုင်ငံကြီး တစ်ခု၏ အသွင်အပြင်ကို အထင်အရှား ပြသနေသည်။
မြေပုံတွင် မှတ်သားထားသည့် ယန်ယန်ခရိုင် သို့ ရောက်ရှိလာပြီးနောက် စံအိမ်ကြီးသည် မြို့ငယ်လေး တစ်မြို့၏ အပေါ်တွင် ရပ်တန့်လိုက်သည်။
ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်သောကြောင့် စံအိမ်ပေါ်မှ ဆင်းချိန်တွင် ကျန်းပေရန်သည် ရှီဖုန်းလန် နှင့် ချူယန်ဇယ် ကို ခေါ်မသွားရန် ဆုံးဖြတ်လိုက်သည်။
ပထမတစ်ယောက်က လှပလွန်းပြီး ဒုတိယတစ်ယောက်က လူမဟုတ်သည့်အတွက် ပြဿနာ ဖြစ်လာနိုင်သောကြောင့် ဖြစ်ပေသည်။
ရှီဖုန်းလန်က နှုတ်ခမ်းဆူကာ မကျေမနပ် ဖြစ်နေသော်လည်း စကားနားထောင်ပြီး စံအိမ်ပေါ်တွင်သာ နေခဲ့သည်။
"ပေရန်လေး စောစော ပြန်လာနော်"
လူသူကင်းမဲ့သော လမ်းကြားလေး တစ်ခုထဲသို့ ဆင်းသက်ပြီးနောက် ကျန်းပေရန်က သူ့နောက်မှ လိုက်ပါလာသော ရှဲ့လင်းတန်း ကို ပြောလိုက်သည်။
"သွားမေးကြည့်လိုက် ဒီနေရာက သစ်တောနက်ဂိုဏ်း တောင်ခြေက မြို့လေး ဟုတ်မဟုတ်လို့"
ဝေဟင်ပေါ်မှ ကြည့်ကတည်းက သေချာနေသော်လည်း အောက်ရောက်မှ တစ်ခေါက် ထပ်မေးခြင်းက ပိုစိတ်ချရသည် မဟုတ်ပါလော။
"ဟုတ်ကဲ့ ဆရာ"
ရှဲ့လင်းတန်း ပြေးထွက်သွားပြီး မကြာခင် ပြန်ရောက်လာသည်။
"ဆရာ အိမ်တစ်အိမ်ကို ဝင်မေးကြည့်တာ ဒီနေရာက သစ်တောနက်မြို့ တဲ့"
ထို့နောက် သူမက အနောက်ဘက်ရှိ တောင်ကြီးကို လက်ညှိုးထိုးပြပြီး ဆက်ပြောသည်။
"ဟိုတောင်ပေါ်မှာ သစ်တောနက်ဂိုဏ်း ရှိတယ်တဲ့"
"ကောင်းပြီ"
ကျန်းပေရန် ခေါင်းညိတ်လိုက်ပြီး ရှဲ့လင်းတန်းကို သူ့ဘေးနား ကပ်လိုက်စေကာ လမ်းကြားလေးထဲမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
ပုံမှန်အားဖြင့် ဂိုဏ်းကြီးများ၏ တောင်ခြေရှိ မြို့များသည် အလွန် စည်ကားလေ့ရှိသည်။ သစ်တောနက်မြို့ သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ချေသည်။ မြို့ဟု ခေါ်မည့်အစား မြို့တော်ဟု ခေါ်လျှင်ပင် ရနိုင်လောက်သည်။
အပေါ်စီးမှ ကြည့်လျှင် မြို့ပုံစံမှာ စတုဂံပုံ ဖြစ်ပြီး မြို့ရိုးများကို မြေကြီးဖြင့် အခိုင်အမာ တည်ဆောက်ထားသည်။ ထူထဲသော မြို့ရိုးများအပြင် အစီအရင်များဖြင့်ပါ ကာကွယ်ထားသေးသည်။
လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် လက်ဖက်ရည်ဆိုင်များ တည်းခိုခန်းများ အထည်ဆိုင်များနှင့် အပေါင်ဆိုင်များဖြင့် ပြည့်နှက်နေပြီး လူစည်ကားလှသည်။ ဆိုင်ခန်းများအပြင် လမ်းဘေးဈေးသည်များ၏ အော်ဟစ်ရောင်းချသံများကလည်း ဆူညံနေလေသည်။
သို့သော် ဒီမြို့မှ ဈေးသည်များသည် သာမန် မဟုတ်ပေ။ ရောင်းချနေသည်များမှာ ရှေးဟောင်းပစ္စည်းများ ပန်းချီကားများ မိတ်ကပ်ပစ္စည်းများနှင့် တန်ဖိုးကြီး လက်ဝတ်ရတနာများ ဖြစ်ကြသည်။ ဝယ်သူများမှာလည်း ချမ်းသာကြွယ်ဝသူများ သို့မဟုတ် ဂုဏ်သရေရှိ လူတန်းစားများ ဖြစ်ကြသည်။
ဈေးကွက် ဆိုသည်မှာ ဝယ်သူအပေါ် မူတည်သည် မဟုတ်ပါလော။ သာမန် ပြည်သူများက ဒီပစ္စည်းများကို ဝယ်ယူနိုင်စွမ်း ရှိမည် မဟုတ်ပေ။
ထိုအရာများအပြင် မြို့ထဲတွင် မုခ်ဦးများ အရိပ်ပြဇာတ်ရုံများနှင့် နာရီစင်ကြီးများ ရှိနေပြီး အဆင့်အတန်း မြင့်မားသော မြို့တစ်မြို့ ဖြစ်ကြောင်း သက်သေပြနေသည်။
...
ကျန်းပေရန်နှင့်အတူ လိုက်ပါရင်း ရှဲ့လင်းတန်း ဗဟုသုတ များစွာ ရရှိခဲ့သော်လည်း ယခုလို စည်ကားလှပသော မြို့ကြီးကို မြင်လိုက်ရသောအခါ ဟိုကြည့်ဒီကြည့်ဖြင့် စိတ်လှုပ်ရှားနေမိသည်။
လုယန်ယွီ ပြောစကားအရ ပေတံကို ကိုင်ထားရုံဖြင့် သူ့စီနီယာအစ်ကိုက အလိုလို လာရှာလိမ့်မည်ဟု ဆိုသည်။
လမ်းကြားထဲမှ ထွက်ထွက်ချင်း ရွေးချယ်မှု နှစ်ခု ပေါ်လာခဲ့သဖြင့် ကျန်းပေရန်သည် ဆက်မလျှောက်တော့ဘဲ လူနည်းသော လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဝင်ထိုင်လိုက်သည်။
လက်ဖက်ရည် တစ်အိုးနှင့် မုန့်တစ်ပွဲ မှာယူလိုက်ပြီး ဘေးဝိုင်းမှ လူများ၏ ကြွားလုံးထုတ်သံများကို နားထောင်ရင်း ပြုံးလိုက်မိလေသည်။
ဒီလူတွေက တကယ်ကို ကြွားတတ်လွန်းသည်။
သို့သော် နေရာကောင်းလျှင် အစားအသောက်လည်း ကောင်းသည် ဆိုသည့်အတိုင်း လက်ဖက်ရည်နှင့် တွဲဖက် စားသုံးရသော ပန်းမုန့် သည် မျှော်လင့်ထားသည်ထက် ပိုမို အရသာ ရှိလှသည်။ ကျန်းပေရန်က အရသာကို မှတ်သားထားလိုက်ပြီး ပြန်ရောက်လျှင် ကိုယ်တိုင် လုပ်စားကြည့်ရန် စိတ်ကူးလိုက်သည်။
'ရွှေရောင် နှင်းဆီ ကို သုံးလိုက်ရင် အချိုဓာတ်က ပိုပေါ်လွင်လာမှာပဲ'
ကျန်းပေရန် မုန့်အစာသွပ်အတွက် စဉ်းစားနေစဉ်မှာပင် ဆိုင်တစ်ဆိုင်လုံး တိတ်ဆိတ်သွားစေမည့် လူတစ်ယောက် သူ့ဝိုင်းသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူသည် အရပ် ၇ ပေခန့် မြင့်ပြီး ကြွက်သားအဖုအထစ်များနှင့် သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ အပေါ်ပိုင်း ဗလာကျင်းထားသဖြင့် ကြွက်သားများကို အထင်းသား မြင်နေရသည်။
သို့သော် ထူးခြားသည်မှာ ထိုကဲ့သို့ သန်မာသော ခန္ဓာကိုယ် ပိုင်ရှင်သည် အသက် ၇၀ ကျော် အဖိုးအို တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်ချေသည်။
အိုမင်းရင့်ရော်နေသော မျက်နှာပေါ်တွင် ဖြူဖွေးသော မုတ်ဆိတ်မွေးများနှင့် ရှည်လျားသော မျက်ခုံးမွေးကြီးများ ရှိနေသည်။ ဘုရားကျောင်းမှ ရဟန္တာ ရုပ်တုကြီးများကဲ့သို့ ဖြစ်၏။
ထို့အပြင် နောက်ထပ် ထူးခြားချက် တစ်ခုမှာ ထိုကြမ်းတမ်းသော အဖိုးအို၏ ရင်ခွင်ထဲတွင် လိမ္မော်ရောင် ကြောင်ဝါလေး တစ်ကောင်ကို ပွေ့ချီထားခြင်း ဖြစ်သည်။ ကြောင်လေးကလည်း ကြောက်ရွံ့ခြင်း မရှိဘဲ ငြိမ်သက်စွာ အိပ်စက်နေသည်။
လက်ဖက်ရည်ဆိုင်ထဲမှ လူများသည် ခဏမျှ ကြောင်ကြည့်နေကြပြီးနောက် ပုံမှန်အတိုင်း စကားပြန်ပြောနေကြသည်။ သစ်တောနက်ဂိုဏ်း တောင်ခြေ ဖြစ်သည့်အတွက် ထူးဆန်းသော လူများကို မြင်တွေ့ရသည်မှာ မဆန်းတော့သလို ထိုလူမျိုးများကို သွားမစမိဖို့လည်း သူတို့ ကောင်းကောင်း နားလည်ထားကြသည်။
ကျန်းပေရန် အကဲခတ်နေစဉ်မှာပင် အဖိုးအိုက သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
ကျန်းပေရန်ကို ပြုံးပြပြီး လက်ညှိုးထောင်ကာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ မိတ်ဆွေလေး"
ကျန်းပေရန် အနည်းငယ် ကြောင်သွားသည်။ နွား ၁၀ ကောင်လောက်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်မည့် ပုံပေါက်နေသော ဒီအဖိုးကြီးသည် လုယန်ယွီ ပြောသော စီနီယာအစ်ကို ဖြစ်မည်ဟု ထင်လိုက်သော်လည်း ပုံစံကြည့်ရသည်မှာ မဟုတ်လောက်ပေ။
ကျန်းပေရန်၏ သံသယ မျက်လုံးများကို ကြည့်ပြီး အဖိုးအိုက မေးလိုက်သည်။
"မိတ်ဆွေလေး ရှာနေတာ ငါ့ကို မဟုတ်ဘူးလား"
ဒီမေးခွန်းကြောင့် ကျန်းပေရန် ပိုပြီး ဇဝေဇဝါ ဖြစ်သွားသည်။
"ဘိုးဘိုးက ဘယ်သူများလဲ"
အဖိုးအိုက ပြုံးလိုက်ပြီး လက်ညှိုးကို လက်ဖက်ရည်ဖြင့် စိုစွတ်အောင် လုပ်ကာ စားပွဲပေါ်တွင် စာလုံးတစ်လုံး ရေးပြလိုက်သည်။
ဂူ
'......'
'ဂူ ဂူလျန်ရန်'
ကျန်းပေရန် စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။ ဂူလျန်ရန်နှင့် တွေ့ဆုံမည့် အခန်းကဏ္ဍများကို စိတ်ကူးယဉ်ဖူးသော်လည်း ယခုလို ပုံစံမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
'ဒီ ကြွက်သားအဖုအထစ်တွေနဲ့ အဖိုးကြီးက ဂူလျန်ရန် တဲ့လား'
ကျန်းပေရန်၏ စိတ်ကူးထဲတွင် ဂူလျန်ရန် ဆိုသည်မှာ ပိန်ပိန်ပါးပါး ဝတ်ရုံဖြူနှင့် နတ်ဘုရား ဆန်ဆန် ပုံစံမျိုး ဖြစ်သည်။
ဒါပေမဲ့ အခု မြင်နေရတာကတော့ နတ်ဘုရားဆန်ဖို့ နေနေသာသာ လာစမ်း ချမယ် ဆိုသည့်ပုံစံမျိုး ဖြစ်နေသည်။
နောက်ပြီး ကျန်းပေရန် အနေဖြင့် ယခုလို အလွယ်တကူ တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဝေတိုင်းပြည်သို့ လာခြင်းသည် ကံစမ်းရုံ သက်သက်သာ ဖြစ်သည်။
သို့သော် တွေ့ဆုံမှုက မြန်ဆန်လွန်းလှသည်။
'ဒါပေမဲ့ ဂူ လို့ ရေးပြရုံနဲ့ ဂူလျန်ရန် ဟုတ်ချင်မှ ဟုတ်မှာပါ'
သက်ပြင်းချလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ ကျန်းပေရန် နှုတ်ဆက်လိုက်သည်။
"ဝါရင့် စီနီယာကြီးကို ဂါရဝပြုပါတယ်"
စားပွဲပေါ်မှ စာလုံးကို ဖျက်လိုက်ပြီး အဖိုးအိုက ပြောလိုက်သည်။
"တကယ်လို့ မင်း ရှာနေတာ ငါ့ကိုဆိုရင် လိုက်ခဲ့ပါ"
ပြောပြီးသည်နှင့် အဖိုးအိုက ထရပ်ပြီး ဆိုင်အပြင်သို့ ထွက်သွားလေသည်။
'သောက်ကျိုးနည်း နောက်ထပ် စကားထာဝှက်မယ့်လူ တစ်ယောက် ရောက်လာပြန်ပြီ'
လက်ဖက်ရည်ဆိုင်က လူရှုပ်သဖြင့် စကားပြောရန် မကောင်းသည်မှာ အမှန်ပင်။ ခဏမျှ စဉ်းစားပြီးနောက် ကျန်းပေရန်လည်း ထလိုက်သွားလိုက်သည်။
မြို့ပြင်သို့ ရောက်သောအခါ ကျန်းပေရန်က စတင် မေးမြန်းလိုက်သည်။
"စီနီယာက အင်မော်တယ်အဘိုးအို ဂူလား"
"အင်မော်တယ် ဆိုတဲ့ ဘွဲ့ကိုတော့ မခံယူရဲပါဘူး ဒါပေမဲ့ မင်း ရှာနေတာ ဂူလျန်ရန် ဆိုရင်တော့ ငါပါပဲ"
သေချာသလောက် ရှိနေသော်လည်း ကိုယ်တိုင် ဝန်ခံလိုက်သည့် အခါတွင်တော့ ကျန်းပေရန် အံ့သြမိဆဲပင် ဖြစ်သည်။
အတွေးများကို စုစည်းလိုက်ပြီးနောက် ကျန်းပေရန် မေးလိုက်သည်။
"စီနီယာ့ကို ကျွန်တော် ရှာနေမှန်း ဘယ်လို သိတာလဲ"
"ဗေဒင်ကိန်းခန်းအရ ကောင်းကင်အောက်မှာ လေတိုက်နေပြီ ငါတို့ တွေ့ဆုံရမယ့် အချိန် ရောက်ပြီလို့ ပြနေတယ်"
"ကျွန်တော် ရှာနေတာကို စီနီယာ ကြိုသိနေတာလား"
"စောတယ်လို့လည်း မဆိုနိုင်သလို နောက်ကျတယ်လို့လည်း မဆိုနိုင်ပါဘူး"
'ဟုတ်ပါပြီ စကားထာဝှက်တာတွေ စလာပြီပေါ့'
သူ့ထက် ပိုပြီး ဆရာကြီးဆန်သော ဗေဒင်ဆရာနှင့် တွေ့နေရသဖြင့် ကျန်းပေရန် နေသားမကျ ဖြစ်နေသည်။ ခဏမျှ စဉ်းစားပြီးမှ ဆက်မေးလိုက်သည်။
"ဒါဆိုရင် ကျွန်တော် ရောက်လာမယ် ဆိုတာကို စီနီယာ ကြိုတွက်ထားတာပေါ့"
"မဟုတ်ဘူး"
ဂူလျန်ရန် ခေါင်းခါလိုက်သည်။ ထို့နောက် ရင်ခွင်ထဲမှ ကွဲအက်နေသော လိပ်ခွံတစ်ခုကို ထုတ်ယူကာ ကျန်းပေရန်ကို ပြသလိုက်သည်။
"ဒါက မင်းအကြောင်းကို တွက်ချက်ဖို့ ကြိုးစားတုန်းက ဖြစ်သွားတာပဲ"
'သောက်ကျိုးနည်း ငါ့ကံတရားက ဒီလောက်တောင် မာကျောနေတာလား'
သူ့အကြောင်း တွက်ချက်ရုံဖြင့် လိပ်ခွံကွဲသွားသည် ဆိုသဖြင့် ကျန်းပေရန် ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ ကောင်းကင်ဘုံက ဘာသဘောလဲ ဆိုတာ နားမလည်နိုင်တော့ပေ။
"ဒါဆို စီနီယာက ဘယ်လိုလုပ်ပြီး သိ"
လိပ်ခွံကို ပြန်သိမ်းရင်း ဂူလျန်ရန် ဖြေလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါ တွက်ခဲ့တာက မင်းအကြောင်း မဟုတ်ဘူး ငါ့အကြောင်း ငါတွက်ခဲ့လို့ပဲ"
ဂူလျန်ရန်၏ နက်နဲသော စကားများကို နားထောင်ရင်း ကျန်းပေရန်လည်း အသေးစိတ် ဆက်မမေးတော့ဘဲ လိုရင်းကိုသာ မေးလိုက်သည်။
"ဒါဆိုရင် စီနီယာက ကျွန်တော့်ကို လာရှာတာ အကြောင်းတစ်ခုခု ရှိလို့လား"
ဂူလျန်ရန် ခေါင်းခါလိုက်သည်။
"မင်းက ငါ့ကို ရှာတွေ့တာပါ ငါက မင်းကို ရှာတွေ့တာ မဟုတ်ပါဘူး"
'မရဘူး ဒီလိုပဲ စကားပြောမှ ရမယ်ပေါ့ ဟုတ်ပြီ ငါလည်း ပြောတတ်တယ်'
ကျန်းပေရန် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ရေစက်ပါလို့ ဆုံတွေ့ကြတာပါ စီနီယာ ဒီကို ရောက်လာမှတော့ ကျွန်တော် ဘာလို့ လာလဲ ဆိုတာ သိပြီးသား ဖြစ်မှာပါ"
ဂူလျန်ရန်က ရင်ဘတ်ကြွက်သားများကို လှုပ်ခါလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
"ကံကြမ္မာကို ဖွင့်ပြောလို့ မရဘူး"
'ငြိမ်ချက်သားပဲ'
ဒီစကားဝိုင်းက ရှေ့ဆက်တိုးလို့ မရမှန်း သိလိုက်သဖြင့် ကျန်းပေရန် တိတ်ဆိတ် နေလိုက်သည်။ ဂူလျန်ရန် စကားစလာမည့် အချိန်ကို စောင့်နေလိုက်သည်။
"မြောင်"
ထိုအချိန်တွင် ဂူလျန်ရန် ရင်ခွင်ထဲမှ ကြောင်ဝါလေးက အော်မြည်လိုက်သည်။ ဂူလျန်ရန်က ကြောင်လေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"ဒါနဲ့ မိတ်ဆွေလေးရဲ့ နာမည်ကို မသိရသေးဘူး"
'......'
ဂူလျန်ရန်က သူ့နာမည်ကိုတောင် မသိဘူး ဆိုသဖြင့် ကျန်းပေရန် အံ့ဩသွားသည်။ သို့သော် ကွဲအက်နေသော လိပ်ခွံကို ပြန်တွေးကြည့်လျှင် ဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။
'ဒါပေမဲ့ ဗေဒင်ဆရာကြီး တစ်ယောက်က မသိဘူးလို့ ဝန်ခံတာတော့ ထူးဆန်းသား'
သံသယများကို ဘေးဖယ်ထားပြီး ကျန်းပေရန် ဖြေလိုက်သည်။
"ကျွန်တော့်နာမည် ကျန်းပေရန် ပါ"
"ကျန်း ပေရန်"
နာမည်ကို ကြားလိုက်သည်နှင့် ဂူလျန်ရန် မျက်လုံး ပြူးကျယ်သွားသည်။ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများပင် တုန်ခါသွားသည်။
"ရှီမိသားစုမှာ ငါ တွက်ချက်မိခဲ့တဲ့ ကောင်းကင်ဘုံက ရွေးချယ်ထားသူ ဆိုတာ မင်းကိုး ဟားဟားဟား မင်း ဖြစ်နေတာကိုး"
'ကောင်းကင်ဘုံက ရွေးချယ်ထားသူ'
ဒီအမည်နာမက ကျန်းပေရန်ကို ကြက်သီးထစေသည်။ ဂူလျန်ရန်၏ ရယ်သံကလည်း နားထဲတွင် စွဲနေသည်။
"စီနီယာ ပြောတဲ့ ကောင်းကင်ဘုံက ရွေးချယ်ထားသူ ဆိုတာ ဘာအဓိပ္ပာယ်လဲ"
"သူတစ်ပါးရဲ့ အတိတ်ကံ အကျိုးဆက် ဝဋ်ကြွေး ကို ဖြေရှင်းပေးနိုင်သူက ကောင်းကင်ဘုံက ရွေးချယ်ထားသူပဲ"
"ဝဋ်ကြွေးကို ဖြေရှင်းပေးနိုင်သူ စီနီယာ ပြောတာ ရှီဖုန်းလန် ကို ဆိုလိုတာလား"
"ဟုတ်တယ် ဒါပေမဲ့ အဲဒါ တစ်ခုတည်းတော့ မဟုတ်ဘူး"
'ရှင်းပြသလိုလိုနဲ့ ဘာမှ မရှင်းပြသွားပြန်ဘူး'
သို့သော် ဂူလျန်ရန်၏ အဖြေများက လူစကား ပိုဆန်လာသဖြင့် ကျန်းပေရန် ကျေနပ်လိုက်သည်။ ဆက်မေးရန် ပြင်လိုက်စဉ် ဂူလျန်ရန်က ဦးအောင် ပြောလိုက်သည်။
"သူမကို ဗေဒင်တွက်ပေးတုန်းက အနာဂတ်တချို့ကို ငါ မြင်ခဲ့ရတယ် ဒါပေမဲ့ မင်း ပေါ်လာတဲ့အတွက် အဲဒီ အနာဂတ်က အနာဂတ် မဟုတ်တော့ဘူး"
ခေါင်းကုတ်ချင်စိတ်ကို ထိန်းချုပ်ရင်း ကျန်းပေရန် ဆက်နားထောင်နေလိုက်သည်။
မကြာမီ ဂူလျန်ရန် ဆက်ပြောသည်။
"ကောင်းကင်ဘုံက ရွေးချယ်ထားသူရဲ့ ဘဝက သာမန် မဟုတ်ဘူး တကယ်လို့ မင်းက ကောင်းကင်အလိုအတိုင်း လိုက်နာမယ် ဆိုရင် ကြီးမြတ်တဲ့ နေရာကို ရောက်ပြီး လောကကို အုပ်စိုးနိုင်လိမ့်မယ် ဒါပေမဲ့ မင်းက မလိုက်နာဘူး ဆိုရင်တော့ ကံကြမ္မာကို ဆန့်ကျင်ပြီး ကိုယ်ပိုင် လမ်းကြောင်းသစ် ဖောက်ရလိမ့်မယ်"
'ကျွန်တော်က လိုက်နာချင်တာပါဗျာ'
အတိတ်က ကြုံတွေ့ခဲ့ရသော ကောင်းကင်အလို ဆိုသည့် အရာများကို တွေးမိတိုင်း ကျန်းပေရန် စိတ်ပျက်မိသည်။ လိုက်နာချင်ပေမယ့် လိုက်နာရင် အသက်သေမယ့် အခြေအနေတွေချည်း ဖြစ်နေသည် မဟုတ်ပါလော။
အခုတော့ သူက ကံကြမ္မာကို ဆန့်ကျင်သူ ဖြစ်နေပြီတဲ့လား။
'ကံကြမ္မာကို ဆန့်ကျင်ရတာ ပင်ပန်းတယ်ဗျ'
သို့သော် ဒီစကားများကို ကြားရသည်မှာ ဂူလျန်ရန် တကယ် စွမ်းကြောင်း သိသာစေသည်။ အနက်ရောင် သူတော်စင်များက သူ့ကို လေးစားကြသည်မှာ အကြောင်းမဲ့ မဟုတ်ပေ။
ဝါးတားတား ပြောနေသော်လည်း တကယ့် အနှစ်သာရများ ပါဝင်နေသည်။
သို့သော် စနစ်က ဘာရွေးချယ်မှုမှ မပြသသည်ကို ကြည့်လျှင်
'သူက ဘာပြောရမယ် ဘာမပြောရဘူး ဆိုတာ ကောင်းကောင်း သိနေပုံပဲ'
"စီနီယာ ဒါဆို ကျွန်တော် ဘယ်လို လိုက်နာရမလဲ"
"ရှူး"
ကျန်းပေရန် စကားမဆုံးခင် ဂူလျန်ရန်က နှုတ်ခမ်းကို လက်ညှိုးတေ့ပြီး တားလိုက်သည်။
"ငါက သာမန် လူသားပါ ဒီမေးခွန်းကို မဖြေရဲပါဘူး ဖြေလိုက်ရင် အသက်တိုရုံတင် မကဘူး အသက်ပါ ပျောက်သွားလိမ့်မယ်"
'သွားပြီ ဒီလူ ကြောက်နေပြီ'
ဒီလမ်းကြောင်း ဆက်မေးလို့ မရမှန်း သိလိုက်သဖြင့် ကျန်းပေရန် ခေါင်းစဉ် ပြောင်းလိုက်သည်။
"ဒါဆို နောက်ထပ် မေးခွန်းတစ်ခု မေးပါရစေ ရှီဖုန်းလန် ကိုယ်ပေါ်က မကောင်းဆိုးဝါးက ဘယ်တော့ ထွက်သွားမလဲ"
"အဲဒါက မင်းအပေါ်မှာပဲ မူတည်တယ် ငါ့ကို လာမမေးနဲ့"
"ဒါဆိုရင် နှစ်တွေအကြာကြီးကတည်းက ရှီဖုန်းလန်ကို စိတ်နှလုံးပြန်ဂိုဏ်း ဆီ ပို့လိုက်တာ ကျွန်တော့်ကြောင့်ပေါ့ ဟုတ်လား"
ဂူလျန်ရန်က ကျန်းပေရန်ကို စူးစိုက်ကြည့်ပြီး ဖြေလိုက်သည်။
"မင်းကြောင့် ဖြစ်သလို မင်းကြောင့် မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်"
'တော်ပါတော့ဗျာ စကားထာတွေနဲ့ ခေါင်းရှုပ်လှပြီ'
"မြောင်"
ထိုအချိန်တွင် ကြောင်ဝါလေး ထပ်အော်လိုက်သည်။ ဂူလျန်ရန်၏ ရင်ဘတ်ကြွက်သားများ တုန်ခါသွားပြီး ရှဲ့လင်းတန်းကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်များက ရှုပ်ထွေးနေသည်။
ရှဲ့လင်းတန်း ကြောက်လန့်သွားပြီး ကျန်းပေရန် နောက်သို့ ဝင်ပုန်းလိုက်သည်။
ကျန်းပေရန်ကမူ ဝမ်းသာသွားသည်။ ရှဲ့လင်းတန်းအတွက် ကံကောင်းခြင်း ရောက်လာပြီလား။
"စီနီယာ လင်းတန်း ဆီမှာ ထူးခြားတာ မြင်လို့လား"
"ပြောလို့ မရဘူး ပြောလို့ မရဘူး"
ဂူလျန်ရန်က ခေါင်းခါလိုက်ပြီး မေးခွန်းထုတ်မခံတော့ဘဲ မော့ကြည့်ကာ မေးလိုက်သည်။
"ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မယ် ဆိုတာ မင်း သိလား"
'ကပ်ဘေး'
စနစ်၏ သတိပေးချက်များထဲမှ တတိယနှစ် ဆိုသည်ကို ကျန်းပေရန် သတိရလိုက်သည်။
မသေချာသော်လည်း ကျန်းပေရန် ပြန်ဖြေလိုက်သည်။
"ရိပ်မိပါတယ်"
ဂူလျန်ရန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒါဆိုရင် ငါက မလိုအပ်ဘဲ စိုးရိမ်နေမိတာပေါ့ ကောင်းပါပြီ ဒါဆို ငါမင်းကို ပြောစရာ မရှိတော့ပါဘူး ကောင်းကင်ဘုံက ရွေးချယ်ထားသူရေ ကိုယ့်စိတ်ထဲက အဖြေကို အမြန်ဆုံး ရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
"စီနီယာ သွားတော့မလို့လား"
"ငါ သွားတာ မဟုတ်ဘူး မင်း မလိုက်လာခဲ့တာ"
ပြောပြီးသည်နှင့် ဂူလျန်ရန်သည် တိမ်စီးကာ ပျောက်ကွယ်သွားလေသည်။
လေထဲတွင် ပျောက်ကွယ်သွားသော တိမ်တိုက်ကို ကြည့်ရင်း ကျန်းပေရန် ခေါင်းထဲတွင် အစက်များသာ ကျန်ရစ်ခဲ့သည်။
တွေ့တော့ တွေ့လိုက်ရသည်။ ဒါပေမဲ့ မတွေ့လိုက်ရသလိုပါပဲ။ မမဆောင်းလို ဖြစ်နေပြီ။
စကားတွေ အများကြီး ပြောခဲ့ပေမယ့် ဘာမှ ရေရေရာရာ မသိလိုက်ရပေ။ သိလိုက်ရသည့် တစ်ခုတည်းသော အချက်မှာ ဂူလျန်ရန် တကယ် စွမ်းသည် ဆိုတာ ဖြစ်သည်။
ဒါပေမဲ့ သူက ကျန်းပေရန်နှင့် စကားသိပ်မပြောချင်ပုံ ရသည်။ ဒီတစ်ခေါက် လာတွေ့ရခြင်း အကြောင်းရင်းက ကပ်ဘေးကြီး အကြောင်း သတိပေးချင်ရုံ သက်သက် ဖြစ်ပုံရသည်။
'ဒါဆို ဘာတွေ ဖြစ်လာမှာလဲ'
စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ကျန်းပေရန် ရှဲ့လင်းတန်းကို လှည့်ကြည့်လိုက်သည်။
ဂူလျန်ရန်က စကားထာ ဝှက်သွားသော်လည်း အနှစ်သာရ ရှိသည်။ ပြောလို့ မရဘူး ဆိုသည့် စကားက ရှဲ့လင်းတန်းသည် သာမန် မဟုတ်ကြောင်း သက်သေပြနေသည်။
ဒါပေမဲ့ ပြောချင်တာကတော့ တစ်ခွန်းတည်းပါပဲ။
'စကားထာဝှက်တဲ့ကောင်တွေ အံ့ဖွယ်နဂါးတိုက်ကြီး ပေါ်ကနေ ထွက်သွားကြစမ်း'
"ပြန်ကြစို့ လင်းတန်း"
ဂူလျန်ရန်နှင့် တွေ့ပြီးပြီ ဖြစ်သဖြင့် ရည်ရွယ်ချက် ပြည့်မြောက်သွားပြီ ဖြစ်သည်။ သို့သော် ရောက်လက်စနှင့် လုယန်ယွီ၏ စီနီယာအစ်ကိုကို ချိန်းထားသည်ကို ဖျက်လိုက်လျှင် မကောင်းပေ။
မိတ်ဆွေ သူငယ်ချင်းများလေ လမ်းကြောင်းများလေ မဟုတ်ပါလော။ အထူးသဖြင့် တိုင်းတပါးတွင် မိတ်ဆွေဖွဲ့ထားခြင်းက အကျိုးရှိနိုင်သည်။
'ဒီလူကတော့ ပုံမှန် လူတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ'