← Chapters

ကံကောင်းခြင်း မဟုတ်... ငရဲမင်း ဖြစ်နေခြင်း

Vol. 42 Ch. 492

ကံကောင်းခြင်း မဟုတ်... ငရဲမင်း ဖြစ်နေခြင်း

Vol. 42 Ch. 492

ဝေတိုင်းပြည်တွင် ၅ ရက်ဆက်တိုက် နေထိုင်ခဲ့ပြီး ထိုရက်များအတွင်း ကျန်းပေရန်သည် မည်သည့်နေရာကိုမျှ မသွားဘဲ ကျူထျန်းလုနှင့် စကားစမြည် ပြောဆိုနေခဲ့လေသည်။

သူတို့ ဆွေးနွေးသည့် အကြောင်းအရာများမှာ ဝေတိုင်းပြည်ရှိ လက်မှုပညာ အဖွဲ့အစည်းကြီးများ အကြောင်းနှင့် အစီအရင် ပညာရပ်များသာ ဖြစ်ပေသည်။

လုယန်ယွီ၏ စီနီယာအစ်ကို ဖြစ်သည့်အားလျော်စွာ ကျူထျန်းလု၏ အစီအရင် ပညာသည် လုယန်ယွီထက် အနည်းငယ် သာလွန်သည်။ သို့သော် သိပ်ပြီး ကွာခြားလှသည်တော့ မဟုတ်ပေ။ ကျူထျန်းလုသည် အစီအရင် အမျိုးအစား ၃ မျိုးကို တတ်မြောက်ထားပြီး လက်ရှိတွင် စွမ်းအားမြှင့်တင်ခြင်း အမျိုးအစား အစီအရင်များကို လေ့လာနေသူ ဖြစ်ချေသည်။

၅ ရက်မြောက်နေ့ နေ့လယ်ခင်းတွင် ကျန်းပေရန်သည် ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင်သို့ ရောက်လာသည်။ လက်ဖက်ရည် မှာပြီး ထိုင်လိုက်သည်နှင့် ကျူထျန်းလု အလျင်စလို ဝင်လာသည်ကို တွေ့လိုက်ရလေသည်။

"ပညာရှင် ကျန်း ခင်ဗျား ဒီတစ်ခေါက်တော့ အလကား လာမိပြီ ထင်တယ်ဗျာ"

ကျူထျန်းလုက ကျန်းပေရန်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး ပြောလိုက်သည်။

ပထမနေ့ ကတည်းက အစီအရင် ပညာရပ်များကို ဆွေးနွေးခဲ့ကြသဖြင့် ကျန်းပေရန်သည် အစီအရင် ပညာရှင် တစ်ယောက် ဖြစ်မှန်း ကျူထျန်းလု သိခဲ့ရသည်။ ထို့အပြင် ကျန်းပေရန်က သူ့ကို စွမ်းအားမြှင့်တင်ခြင်း အစီအရင်နှင့် ပတ်သက်ပြီး အကြံဉာဏ်ကောင်းများ ပေးခဲ့သဖြင့် ကျူထျန်းလုက ကျန်းပေရန်ကို လေးစားသမှုဖြင့် ပညာရှင်ကျန်း ဟု ခေါ်ဝေါ်နေခြင်း ဖြစ်ပေသည်။

ကျူထျန်းလုအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း ကျန်းပေရန် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ အင်မော်တယ် အဘိုးအို ဂူ မလာတော့ဘူးလား"

လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူရင်း ကျူထျန်းလု သက်ပြင်းချလိုက်သည်။

"ကျွန်တော်လည်း အင်မော်တယ် အဘိုးအို ဂူ လာမယ်လို့ သတင်းကြားရုံပဲ ရှိတာပါ ဒါပေမဲ့ ဒီ ၂ ရက် အတွင်း အဲဒီသတင်းက ပျောက်သွားတယ် ဒီလို အခြေအနေမျိုး ဆိုရင် သူ တကယ်လာရင်တောင် ဂိုဏ်းချုပ်နဲ့ သီးသန့် တွေ့ဆုံတာမျိုးပဲ ဖြစ်ဖို့ များတယ် လူသိရှင်ကြား အခမ်းအနားတွေ ဘာတွေ လုပ်မှာ မဟုတ်ဘူး"

လက်ဖက်ရည်ခွက်ကို ချပြီး ကျူထျန်းလုက လက်နှစ်ဖက်ဆုပ်ကာ တောင်းပန်လိုက်သည်။

"တကယ် အားနာပါတယ်ဗျာ နောက်တစ်ခါကျရင်တော့ သတင်းသေချာမှ"

"ရပါတယ်ဗျာ"

ကျန်းပေရန် လက်ကာပြလိုက်သည်။

"စီနီယာကျူကလည်း အားနာစရာ မလိုပါဘူး ကျွန်တော်က ကံစမ်းကြည့်ရုံ သက်သက် လာခဲ့တာပါ အင်မော်တယ် အဘိုးအို ဂူ နဲ့ မတွေ့ရဘူး ဆိုတာ ကံမပါသေးလို့ပါ တောင်းပန်စရာ မလိုပါဘူး နောက်တစ်ခါ အခွင့်အရေး ရှိရင်သာ ကျွန်တော့်ကို အသိပေးပါ"

ကျူထျန်းလု ပြုံးလိုက်သည်။

"ကောင်းပါပြီ ဒါနဲ့ ပညာရှင် ကျန်း ဆက်ပြီး ဘာလုပ်ဖို့ စိတ်ကူးထားလဲ"

"အင်မော်တယ် အဘိုးအို ဂူ နဲ့ မတွေ့ရတော့ဘူး ဆိုတော့ ကျွန်တော် ပြန်တော့မယ် ဟိုမှာ လုပ်စရာတွေ ရှိသေးတယ်"

"ဒါဆိုရင် ဒီည ကျွန်တော် နှုတ်ဆက်ပွဲ လုပ်ပေးပါရစေ"

"မလိုပါဘူးဗျာ ရေစက်ပါရင် ပြန်တွေ့ကြမှာပါ ပေါ့ပေါ့ပါးပါးပဲ ကောင်းတယ်"

"ကောင်းပါပြီ ပညာရှင် ကျန်း သဘောအတိုင်းပါပဲ"

ကျူထျန်းလုက လက်ဖက်ရည်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

"ဒါဆိုရင် လက်ဖက်ရည်ကို အရက်အစားပြုပြီး ခရီးလမ်း ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"

"ကျေးဇူးတင်ပါတယ်"

...

ကျူထျန်းလုကို နှုတ်ဆက်ပြီးနောက် ကျန်းပေရန် ပျံသန်းသော စံအိမ် ပေါ်သို့ ပြန်ရောက်လာသည်။

"ပေရန်လေး"

တံခါးဝသို့ ဝင်လိုက်သည်နှင့် ရှီဖုန်းလန်က စိတ်လှုပ်ရှားစွာဖြင့် ပြေးလာပြီး ပန်းချီကား တစ်ချပ်ကို ဖြန့်ပြလေသည်။

"ဒီမှာ ကြည့်စမ်း"

ပန်းချီကားပေါ်တွင် သစ်ခွပန်း တစ်ပွင့် ပွင့်လန်းနေပုံကို ရေးဆွဲထားသည်။ ရိုးရှင်းသော်လည်း လက်ရာမြောက်ပြီး လှပသော ပန်းချီကား တစ်ချပ် ဖြစ်ပေသည်။

"ဘယ်လိုလဲ"

ရှီဖုန်းလန်က ပန်းချီကား ဘေးမှ ခေါင်းပြူထွက်လာပြီး မေးလိုက်သည်။

"မဆိုးဘူး"

"ဟေး ပျော်လိုက်တာ"

ရှီဖုန်းလန်က ပန်းချီကားကို ပြန်သိမ်းပြီး မျက်လုံးဝိုင်းကြီးများဖြင့် ကျန်းပေရန်ကို ကြည့်ကာ မေးလိုက်သည်။

"ဒါဆို တခြားဟာတွေ ဆက်သင်လို့ ရပြီလား"

လွန်ခဲ့သော ၂ ရက်က ခြံဝင်းထဲတွင် ပန်းများ ပွင့်လန်းနေသည်ကို မြင်သောအခါ ကျန်းပေရန် စိတ်ကူးပေါက်ပြီး ပန်းချီထိုင်ဆွဲခဲ့သည်။

ပန်းချီကား ပြီးသွားသောအခါ ရှီဖုန်းလန် တစ်ယောက် အရမ်း သဘောကျသွားပြီး ညနေစောင်းသည်အထိ ပန်းချီကားကို ထိုင်ကြည့်နေခဲ့လေသည်။

ညစာ စားချိန်ရောက်သောအခါ ကျန်းပေရန်ကို မေးလာသည်။

"ပေရန်လေး ငါ့ကို ပန်းချီ ဆွဲနည်း သင်ပေးပါလား"

"မင်းက ဆွဲတတ်သားပဲ မဟုတ်လား"

ပထမဆုံး တွေ့ဆုံချိန်က သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တက်တူးများ ဆွဲထားခဲ့သည်ကို ကျန်းပေရန် မှတ်မိနေသေးသည်။

"ငါ ဆွဲတာက နင် ဆွဲသလောက် မလှဘူး"

ရှီဖုန်းလန်က သိုလှောင်လက်စွပ် ထဲမှ စာရွက်တစ်ရွက် ထုတ်ပြရင်း ပြောသည်။

"ဒီမှာ ကြည့် ငါ ဆွဲထားတဲ့ ပန်းပွင့်က နင် ဆွဲတာလောက် မလှဘူး"

စာရွက်ပေါ်မှ ပန်းချီကို တစ်ချက် ကြည့်ပြီး ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"မင်း တကယ် သင်ချင်ရင် သင်ပေးလို့ ရတယ်"

"ရေး ပေရန်လေးက အကောင်းဆုံးပဲ"

ထိုအချိန်မှစ၍ ကျန်းပေရန်သည် ရှီဖုန်းလန်ကို ပန်းချီပညာ သင်ပေးခဲ့သည်။ သင်ပေးသည် ဆိုတာထက် သူမ၏ လက်ရှိ အရည်အချင်းကို ပိုမို ကောင်းမွန်အောင် ပြုပြင်ပေးခြင်း ဖြစ်သည်။ သူမတွင် အခြေခံ ကောင်းကောင်း ရှိပြီးသား ဖြစ်ချေသည်။

"အခုမှ သင်တာ ဘယ်နှစ်ရက် ရှိသေးလို့လဲ ဆက်ကျင့်ဦး"

စိတ်ပျက်သွားသော်လည်း ရှီဖုန်းလန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ ပေရန်"

ကျန်းပေရန် မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"ငါ ပြောထားတယ်လေ အဲဒီလို မခေါ်နဲ့လို့"

"ဟီး"

ရှီဖုန်းလန်က လျှာထုတ်ပြပြီး ချစ်စရာ ကောင်းအောင် လုပ်ပြကာ အခြေအနေကို ထိန်းလိုက်သည်။

ရှီဖုန်းလန်ကို ကျော်ပြီး ဧည့်ခန်းထဲ ဝင်သွားကာ ကျန်းပေရန် ပြောလိုက်သည်။

"ထုံတိုင်းပြည်ကို ပြန်ကြစို့"

"ဟင် ပြန်တော့မလို့လား"

"အင်း"

"အိုကေ"

ရှီဖုန်းလန်က ချက်ချင်းပင် ပျံသန်းသော စံအိမ်ကို မောင်းနှင်ပြီး ဝေဟင်သို့ ပျံတက်လိုက်သည်။

စံအိမ်ကြီး ထုံတိုင်းပြည် ဘက်သို့ ဦးတည်သွားသောအခါ ကျန်းပေရန်က ရှီဖုန်းလန်ကို စူးစမ်းစွာ မေးလိုက်သည်။

"ဒီ ပျံသန်းစံအိမ် ကို ဘယ်သူ ပေးတာလဲ"

"မိသားစုခေါင်းဆောင်ကြီးလေ သူက ပြောတယ် ငါက ဝေးလံခေါင်ဖျားတဲ့ တိုင်းပြည်ကို သွားရမှာဆိုတော့ အန္တရာယ် ကင်းအောင်တဲ့ တစ်ခုခု ဖြစ်ရင် ဒီစံအိမ်နဲ့ ပြန်ပြေးလို့ ရအောင် ပေးလိုက်တာ"

ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

ကျူထျန်းလုနှင့် စကားပြောပြီးနောက် ဒီစံအိမ်သည် ထောင်ချီစက်ယန္တရား ခန်းမ မှ ထုတ်လုပ်သော တန်ဖိုးကြီး နည်းပညာပစ္စည်း ဖြစ်ကြောင်း သိခဲ့ရသည်။ ရှားပါးပြီး တန်ဖိုးကြီးလွန်းသဖြင့် ရှီမိသားစုတွင်ပင် အများအပြား ရှိမည် မဟုတ်ပေ။ ရှီဖုန်းလန်လို ဂျူနီယာ တစ်ယောက်ကို ပေးထားစရာ အကြောင်းမရှိ။

စဉ်းစားကြည့်လိုက်သောအခါ အကြောင်းပြချက် တစ်ခုတည်းသာ ရှိသည်။

ရှီဖုန်းလန်၏ ဖခင်က မိသားစုခေါင်းဆောင်ကြီး နာမည်ကို အသုံးပြုပြီး သူ့သမီးကို ပေးလိုက်ခြင်း ဖြစ်မည်။

'မိဘမေတ္တာ ကြီးမားလိုက်တာ'

"ပေရန်လေး ဘာလို့ အဲဒါ မေးတာလဲ"

"ဘာမှ မဟုတ်ပါဘူး"

ကျန်းပေရန်က ကတ်ပြား အသစ်များနှင့် ကစားကွက် ဘုတ်ပြား တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။

"ဇာတ်ကောင် အသစ်တွေနဲ့ မြေပုံ အသစ်တွေ ရပြီ ဆော့မလား"

ရှီဖုန်းလန် မျက်လုံးများ အရောင်တောက်သွားသည်။

"ဆော့မယ် ဆော့မယ်"

ကတ်ပြား အသစ်များကို စိတ်ဝင်တစား ကြည့်ရှုနေသော ရှီဖုန်းလန်ကို ကြည့်ရင်း ကျန်းပေရန်၏ ခေါင်းထဲတွင် အတိတ်ကံ အကျိုးဆက် ဆိုသော စကားလုံး ပေါ်လာသည်။

ဂူလျန်ရန် ထားခဲ့သော စကားထာ ဖြစ်သော်လည်း တွေးလေလေ အဓိပ္ပာယ် ရှိလေလေ ဖြစ်နေသည်။ ရှီဖုန်းလန်သည် ရှီမိသားစု တစ်ခုလုံး၏ အတိတ်ကံ အကျိုးဆက် ဖြစ်နိုင်သည်။ အကယ်၍ ရှီမိသားစုက ကောင်းမွန်စွာ မကိုင်တွယ်နိုင်လျှင် သူမသည် မိသားစု တစ်ခုလုံးကို ဖျက်ဆီးမည့် ကပ်ဘေး ဖြစ်သွားနိုင်သည်။

'သူတို့ ဘာအကုသိုလ်တွေ လုပ်ခဲ့ကြပါလိမ့်'

...

တစ်ရက်နှင့် တစ်ည ကြာပြီးနောက် ပျံသန်းသော စံအိမ်သည် ရှီမိသားစု၏ ပန်းမျိုးစုံ တောင်ကြား သို့ ဆင်းသက်လိုက်သည်။ သို့သော် ရှီဖုန်းလန်က အောက်မဆင်းချင် ဖြစ်နေသည်။

ဗားရှင်း အသစ်တွင် နတ်သားရဲ စနစ် ပါဝင်လာသဖြင့် ကစားရသည်မှာ ပိုမို မြိုင်ဆိုင်နေသောကြောင့် ဖြစ်သည်။

သို့သော် ကျန်းပေရန်က သူမကို အလိုလိုက်မနေပေ။ နေရာရောက်သည်နှင့် ရှဲ့လင်းတန်းကို ခေါ်ပြီး စံအိမ်ပေါ်မှ ဆင်းလိုက်သည်။

"ဟေး စောင့်ဦးလေ စောင့်ဦး"

ရှီဖုန်းလန်လည်း အလျင်စလို လိုက်ဆင်းလာသည်။

ချူယန်ဇယ် တစ်ယောက်တည်း စံအိမ်ပေါ်တွင် ကျန်ရစ်ခဲ့သည်။

သူ့ခန္ဓာကိုယ်ကို သူ ကောင်းစွာ မထိန်းချုပ်နိုင်သေးသဖြင့် ရှီမိသားစုထဲတွင် လူလုံးထွက်ပြပါက အဆိပ်ကောင် လူသား ဖြစ်မှန်း ရိပ်မိသွားနိုင်ပြီး ပြဿနာကြီး တက်နိုင်ပေသည်။

"ရှီး"

စံအိမ်ပေါ်မှ ဆင်းလိုက်သည်နှင့် ရှဲ့လင်းတန်း တစ်ကိုယ်လုံး တုန်တက်သွားပြီး ကြက်သီးမွေးညှင်းများ ထလာသည်။ လွန်ခဲ့သော တစ်ခေါက်ကကဲ့သို့ပင် ဖြစ်ချေသည်။

ကျန်းပေရန်လည်း သူမ ဘာကို ကြောက်နေသလဲ ဆိုတာ သိချင်နေသည်။ ဒီနေ့ အားနေသဖြင့် သူမကို အပြင်ခေါ်သွားပြီး လမ်းလျှောက်ထွက်ရန် စိတ်ကူးလိုက်သည်။ သူမအတွက် ကံကောင်းခြင်း တစ်ခုခု တွေ့နိုင်မည် မဟုတ်ပါလော။

သို့သော် ရှဲ့လင်းတန်းကို ခေါ်ထုတ်ရန် ပြင်လိုက်စဉ် စနစ်၏ ရွေးချယ်မှုများ ပေါ်လာလေသည်။

[ရွေးချယ်မှု ၁: ရှဲ့လင်းတန်းကို အပြင် ခေါ်သွားပါ။ (ပြီးမြောက်ဆု: ကိုးလွှာ ငရဲလမ်း - ကောင်းကင်အဆင့် အနိမ့်)]

[ရွေးချယ်မှု ၂: ရှဲ့လင်းတန်းကို ဒီနေရာမှာပဲ ထားခဲ့ပါ။ (ပြီးမြောက်ဆု: ကျပန်း အခြေခံ ကျွမ်းကျင်မှုအမှတ် +၁)]

"ရှီး"

ရုတ်တရက် ပေါ်လာသော ကောင်းကင်အဆင့် ရွေးချယ်မှု ကို ကြည့်ပြီး ကျန်းပေရန် ကြောင်သွားသည်။

'ဒါက ကံကောင်းခြင်း မဟုတ်ဘူးဟေ့ ငရဲမင်း ဖြစ်နေတာပဲ'

အံ့ဩသွားပြီးနောက် ရှဲ့လင်းတန်း ဘာကို အာရုံခံမိနေသလဲ ဆိုတာ ကျန်းပေရန် ပိုမို သိချင်လာသည်။ အပြင်တွင် မည်မျှ အန္တရာယ်ကြီးမားနေသလဲ။

"လင်းတန်း မင်း ဒီမှာပဲ နေခဲ့ ငါ အပြင် ခဏ သွားမလို့"

ရှဲ့လင်းတန်းက ဒီနေရာတွင် လျှောက်သွား၍ မရမှန်း သိထားသဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

[ရွေးချယ်မှု ၂ ပြီးမြောက်ပါပြီ။ ဆုလာဘ်: ထိုးထွင်းသိမြင်ခြင်း +၁]

ပန်းမျိုးစုံ တောင်ကြားမှ ထွက်လာရင်း ကျန်းပေရန်သည် သူ့ သိလိုစိတ်ကို ထိန်းချုပ်လိုက်ပြီး ရှဲ့လင်းတန်း အာရုံခံမိသော အရာကို ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။

လက်ရာမြောက် အလုပ်ရုံ သို့ ရောက်သောအခါ ထျန်းဟန် စာကြည့်ဆောင် သို့ ဝင်လိုက်သည်။

ဒီနေ့ လျူဝေနင် တာဝန်ကျသော ရက်မဟုတ်သဖြင့် ထုံးစံအတိုင်း "ကျောက်စိမ်း" ဟု အော်သံကို မကြားရပေ။

"ဟင် ပေရန် ဘာကိစ္စ ရှိလို့လဲ"

လှေကားထစ်တွင် အစီအရင် စာအုပ် တစ်အုပ်ကို ဖတ်နေသော ရှီဟုန်ဖန် က မော့ကြည့်ပြီး မေးလိုက်သည်။

"ဂျူနီယာ အပြန်ခရီး စတော့မလို့ လာနှုတ်ဆက်တာ"

"ပြန်တော့မလို့လား မင်းက တကယ် ခြေငြိမ်ငြိမ် မနေဘူးပဲ"

"ကိစ္စတွေက များလွန်းလို့ ကိုယ်ကို ခွဲပြီး လုပ်ချင်တာ "

"ကောင်းပြီလေ ကြာမယ် ဆိုရင်တော့ စာရေးလိုက်ဦး ပျောက်ချက်သား ကောင်းမနေနဲ့"

"ဟုတ်ကဲ့ပါ စိတ်ချ"

"အေး သွားတော့"

ရှီဟုန်ဖန်က ခေါင်းညိတ်လိုက်ပြီး စာအုပ်ကို ပြန်ဖတ်နေလိုက်သည်။

'ဒီလူတွေ ကျင့်ကြံဖို့ မလိုကြဘူးလား'

ကျန်းပေရန် မှတ်မိသလောက် ရှီဟုန်ဖန်သည် အချိန်တိုင်း စာကြည့်ဆောင်ထဲတွင် ရှိနေတတ်သည်။ ဒီလိုသာ စာထိုင်ဖတ်နေလျှင် ကျင့်ကြံခြင်း အဆင့်က ဘယ်လိုလုပ် တက်လာမှာလဲ။

'ပါရမီရှင်တွေရဲ့ စိတ်ကူးကို နားလည်ဖို့ ခက်တာပဲ'

နှုတ်ဆက်ပြီးနောက် ကျန်းပေရန်သည် ထိုက်ရိအဆောင် သို့ သွားပြီး လုယန်ယွီကို ကျေးဇူးတင်စကား ပြောလိုက်သည်။ သို့သော် ဂူလျန်ရန်နှင့် တွေ့ခဲ့သည့် အကြောင်းကိုတော့ ထည့်မပြောခဲ့ပေ။

ဂူလျန်ရန်က ထုတ်မပြောသော်လည်း သူတို့ တွေ့ဆုံမှုကို လျှို့ဝှက်ထားစေချင်ပုံ ရသည်ဟု ကျန်းပေရန် ခံစားမိသောကြောင့် ဖြစ်သည်။

လုယန်ယွီကို နှုတ်ဆက်ပြီးနောက် ကျန်းပေရန်သည် ပျံသန်းသော စံအိမ်ပေါ် ပြန်တက်ကာ ထန်တိုင်းပြည် ရှိ ကောင်းကင်လွှမ်းမိုးဂိုဏ်း သို့ ပြန်လာခဲ့သည်။

ဖန်လင်တောင်ထွတ် ပေါ်သို့ ခြေချလိုက်သည်နှင့် ယန်ကွမ်းချင်း က အပြုံးကြီးဖြင့် စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။

"ပေရန်ရေ မင်း လာပြီ ဆိုကတည်းက သတင်းကောင်း ပါလာပြီလို့ ငါ ထင်တယ် ဝမ်းသာလွန်းလို့ ထိုင်တောင် မထိုင်နိုင်တော့ဘူး"

ကျန်းပေရန် လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ် ယန် က ဒီလောက် မျှော်လင့်နေမှတော့ ဂျူနီယာ ဖိအားများသွားပြီ ဒါပေမဲ့ တာဝန် ကျေပါတယ် သတင်းကောင်း ပါလာပါတယ်"

ယန်ကွမ်းချင်း မျက်လုံးများ အရောင်တောက်သွားသည်။

"ဟားဟားဟား ပေရန် လုပ်ရင် ဖြစ်မယ်ဆိုတာ ငါ သိသားပဲ"

ယန်ကွမ်းချင်း ပျော်ရွှင်နေသည်ကို ကြည့်ပြီး ကျန်းပေရန်က အချိန်မဆွဲတော့ဘဲ ရှီဝေရိ ရေးပေးလိုက်သော စာချုပ်ကို ထုတ်ပြလိုက်သည်။

"ဒါက ရှီမိသားစုဘက်က ကမ်းလှမ်းတဲ့ ကုန်သွယ်ရေး စည်းကမ်းချက်တွေပါ ဂိုဏ်းချုပ် ယန် ဖတ်ကြည့်ပါဦး"

"ဟားဟား အလုပ်ကိစ္စတွေက အရေးမကြီးပါဘူး လာ လာ အရင်ဆုံး သွားသောက်ကြစို့"

ယန်ကွမ်းချင်းက ကျန်းပေရန်၏ လက်မောင်းကို ဆွဲကာ အထဲသို့ ခေါ်သွားရန် ပြင်လိုက်သည်။

သို့သော် ကျန်းပေရန်က တားလိုက်သည်။

"ဂိုဏ်းချုပ် ယန် မသောက်ခင် စာချုပ်ကို အရင် ဖတ်ကြည့်ပါဦး"

ယန်ကွမ်းချင်းက ပိုမို ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဘာလဲ ရှီမိသားစုက တင်းကျပ်တဲ့ စည်းကမ်းတွေ ထည့်ထားလို့လား စိတ်မပူပါနဲ့ကွာ အဲဒါ ငါ တွက်ထားပြီးသားပါ လာပါ သွားသောက်မယ်"

ယန်ကွမ်းချင်းက ဒီလောက် ပြောနေမှတော့ ကျန်းပေရန်လည်း ဆက်မပြောတော့ဘဲ ရှဲ့လင်းတန်းကို ထားခဲ့ကာ ယန်ကွမ်းချင်းနှင့်အတူ အတွင်းဆောင်သို့ လိုက်သွားလိုက်သည်။

အချိုးအစား ကျနသော နောက်ဖေးခြံဝင်းထဲ ရောက်သောအခါ ယန်ကွမ်းချင်းက ကျန်းပေရန်ကို ရှုခင်းသာ ဆောင်သို့ ခေါ်သွားသည်။ ထိုနေရာတွင် ယန်ကွမ်းချင်း၏ ဇနီး နီရိရှင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

ကျန်းပေရန် ရပ်တန့်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းချုပ်ကတော် ကို ဂါရဝပြုပါတယ်"

နီရိရှင်းက ဖိတ်ခေါ်လိုက်သည်။

"သခင်လေး ကျန်း ယဉ်ကျေးမနေပါနဲ့ လာ ထိုင်ပါ အရက်သောက်နှင့်ကြနော် ကျွန်မ ဟင်းပွဲတချို့ သွားလုပ်ပေးပါ့မယ်"

"ဒုက္ခမရှာပါနဲ့ဗျာ ဂျူနီယာ……."

ကျန်းပေရန် စကားမဆုံးခင် ယန်ကွမ်းချင်းက ဖြတ်ပြောလိုက်သည်။

"ဟေ့ အားနာမနေနဲ့ ဒီနေ့ ငါတို့ မမူးမချင်း သောက်ကြမှာ အမြည်း မရှိရင် ဘယ်ဖြစ်မလဲ"

ထို့နောက် နီရိရှင်း ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မိန်းမရေ ပင်ပန်းသွားပြီ"

"မိသားစုတွေပဲဟာ ဘာတွေ ပြောနေတာလဲ သွားလုပ်လိုက်ဦးမယ်"

နီရိရှင်း ထွက်သွားသောအခါ ယန်ကွမ်းချင်းက ကျန်းပေရန်ကို ထိုင်ခိုင်းလိုက်သည်။

"လုနင်းရှန် ကိစ္စ ငါ စီစဉ်ပြီးပါပြီ နန်းတွင်းထဲမှာလည်း လူလွှတ်ပြီး ရှင်းလင်းခိုင်းထားပြီးပြီ"

"ဂိုဏ်းချုပ် ယန် က တကယ် အာဏာစက် ကြီးမားတာပဲ လေးစားပါတယ်"

ပြီးခဲ့သည့် တစ်ခေါက်က ယန်ကွမ်းချင်း၏ ဩဇာအာဏာကို ရိပ်စားမိခဲ့သော်လည်း ယခုလို နိုင်ငံရေး ရှုပ်ထွေးနေချိန်တွင် နန်းတွင်းကိစ္စကို ဝင်ရောက် စီမံနိုင်သည် ဆိုတော့ သာမန် မဟုတ်တော့ပေ။

လက်ရှိ အခြေအနေတွင် ဝူယားဂိုဏ်း က ကိုယ့်လူကိုယ် သတ်နေသည့် အချိန်ဖြစ်ရာ သူတစ်ပါး စကားကို နားထောင်မည့် အခြေအနေ မဟုတ်ပေ။

ဒါကို ကြည့်ခြင်းအားဖြင့် ကွဲပြားနေသော အုပ်စု နှစ်ခုစလုံးက ယန်ကွမ်းချင်း၏ ထောက်ခံမှုကို လိုချင်နေကြပုံ ရသည်။ လက်ရှိတွင် မလိုအပ်လျှင်တောင် အနိုင်ရသူက နိုင်ငံကို အုပ်ချုပ်ရန် ယန်ကွမ်းချင်း ကဲ့သို့သော ဂိုဏ်းကြီးများ၏ အကူအညီ လိုအပ်မည် ဖြစ်ပေသည်။

"ဟားဟား ဘာအာဏာစက်မှ မဟုတ်ပါဘူးကွာ အကျိုးစီးပွားချင်း ဖလှယ်ကြတာပါ ဒါပေမဲ့ ငါက သူတို့ မိသားစု အသက်ကိုပဲ အာမခံနိုင်တာ ရာထူး မြဲမမြဲ ဆိုတာတော့ အာမခံလို့ မရဘူး"

ယန်ကွမ်းချင်းက ပြောရင်း ကျန်းပေရန်အတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ် ယန်"

ကျန်းပေရန်က အရက်ခွက်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။

"သူတို့ မိသားစုအတွက်တော့ လက်ရှိ ဘုရင် ရာထူးမှာ ဘယ်သူမှ မရှိတာက ပိုကောင်းလိမ့်မယ် အသက်ဘေးက လွတ်အောင် ကူညီပေးတာနဲ့တင် သူတို့ ကျေးဇူးတင်မဆုံး ဖြစ်နေမှာပါ"

ယန်ကွမ်းချင်းက ကိုယ့်ဘာသာ တစ်ခွက် ငှဲ့လိုက်ပြီး ညည်းတွားလိုက်သည်။

"လောကကြီးက ပြောင်းလဲတာ မြန်လွန်းတယ် မနက်ဖြန် ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

ယန်ကွမ်းချင်း၏ အမူအရာကို ကြည့်ပြီး နန်းတွင်း အာဏာသိမ်းပွဲ မည်သို့ ဖြစ်ပွားခဲ့သည်ကို သူ မသိဘူး ဆိုလျှင် ကျန်းပေရန် လုံးဝ ယုံမည် မဟုတ်ပေ။

သို့သော် ကျန်းပေရန်သည် ထန်တိုင်းပြည်၏ နိုင်ငံရေးကို စိတ်မဝင်စားသဖြင့် အသေးစိတ် မေးမနေတော့ပေ။

"ကဲ မော့လိုက်ကြစို့"

ယန်ကွမ်းချင်းက အရက်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

"ချီးယား"

ကျန်းပေရန်လည်း ခွက်ချင်း တိုက်ပြီး တစ်ခါတည်း မော့သောက်လိုက်သည်။

"ပေရန် စာချုပ်ကို ပေးပါဦး ငါ ဖတ်ကြည့်ချင်လို့"

အရက်ခွက် ချပြီးနောက် ယန်ကွမ်းချင်းက တောင်းလိုက်သည်။

"ရပါတယ် ဒီမှာ ဖတ်ကြည့်ပါဦး"

ကျန်းပေရန်က သိုလှောင်လက်စွပ်ထဲမှ စာချုပ်ကို ထုတ်ပေးလိုက်သည်။

စာချုပ်ကို လှမ်းယူလိုက်ပြီး ယန်ကွမ်းချင်း သက်ပြင်းတစ်ချက် ချကာ စတင် ဖတ်ရှုလေတော့သည်။

All Chapters