ခင်ဗျားက ကျုပ်ထက် ပိုရူးတာပဲ
Vol. 42 Ch. 493
"ရွှပ်... ရွှပ်..."
ရှုခင်းသာ ဆောင်ထဲတွင် တိတ်ဆိတ်နေပြီး စာရွက်လှန်သံများသာ ရံဖန်ရံခါ ထွက်ပေါ်လာလေသည်။
'မြေခွေးအိုကြီးက မြေခွေးအိုကြီးပါပဲ... ဥာဏ်နီဥာဏ်နက် များလိုက်တာ'
ယန်ကွမ်းချင်း စာချုပ်ကို စဖတ်ကတည်းက သူ့မျက်နှာပေါ်တွင် ဘာခံစားချက်မှ မပေါ်လာပေ။ စာချုပ်ပါ အကြောင်းအရာများက သူ့စိတ်ကို နည်းနည်းလေးမှ လှုပ်ခါနိုင်စွမ်း မရှိသည့်ပုံပင်။
သို့သော် စာချုပ်ကို ဖတ်ဖူးသည့် ကျန်းပေရန် အနေဖြင့် ယန်ကွမ်းချင်း၏ တည်ငြိမ်မှုကို အတော်လေး လေးစားမိသည်။
နောက်ဆုံး စာမျက်နှာကို ဖတ်ပြီးသောအခါ ယန်ကွမ်းချင်းက စာချုပ်ကို ဖြည်းညှင်းစွာ ချလိုက်သည်။ ထို့နောက် သိုလှောင်လက်စွပ် ထဲမှ လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ကျန်းပေရန်ထံ ကမ်းပေးလိုက်သည်။
"ပေရန်... ဒီနေ့ကစပြီး မင်းက ငါ့ ကောင်းကင်လွှမ်းမိုးဂိုဏ်းရဲ့ လေနှင့် တိမ်တိုက် သံတမန်ပဲ... ဂိုဏ်းထဲက ကြိုက်တဲ့နေရာကို လွတ်လပ်စွာ ဝင်ထွက်နိုင်တယ်၊ ငါ့အိမ်တော် အပါအဝင်ပေါ့"
ဒီလောက် တင်းကျပ်သော စာချုပ်ကို ဖတ်ပြီးတာတောင် ယန်ကွမ်းချင်းက ပျော်ရွှင်နေသဖြင့် ကျန်းပေရန် အံ့ဩသွားမိသည်။ ထို့နောက် ယန်ကွမ်းချင်း ပေးသော လက်စွပ်ကို ပြန်တွန်းပေးလိုက်သည်။
"ဂိုဏ်းချုပ် ယန်... ထန်တိုင်းပြည် ရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ပြောရရင် ကျွန်တော်တို့ကြားက ဆက်ဆံရေးက ပူးပေါင်းဆောင်ရွက်မှုပါ၊ အထက်အောက် ဆက်ဆံရေး မဟုတ်ပါဘူး"
ကျန်းပေရန်၏ သဘောထား တင်းမာသွားသည်ကို မြင်သောအခါ ယန်ကွမ်းချင်း ပြုံးလိုက်သည်။
"ဟုတ်ပြီလေ... ဒါဆို လေနှင့် တိမ်တိုက် သံတမန် ရာထူးကို ထားလိုက်တော့၊ ဒီလက်စွပ်ကို ဝင်ခွင့် လက်မှတ် အနေနဲ့ပဲ လက်ခံထားလိုက်ပါ၊ အဆင်ပြေတယ် မဟုတ်လား"
"ဒါဆိုရင်တော့... လက်ခံပါ့မယ်"
ဒီတစ်ခေါက်တွင်တော့ ကျန်းပေရန် ခေါင်းညိတ်ပြီး လက်စွပ်ကို သိမ်းလိုက်သည်။
"ဟားဟားဟား... ကောင်းပြီ၊ နောက်ဆိုရင် မင်းကိစ္စက ငါ့ကိစ္စပဲ၊ ဘယ်သူမဆို မင်းနဲ့ ပြဿနာ ဖြစ်ရင် ငါနဲ့ ပြဿနာ ဖြစ်တာပဲ"
ယန်ကွမ်းချင်း ရယ်မောနေစဉ် နီရိရှင်းက ဟင်းပွဲများ ကိုင်ဆောင်ကာ လျှောက်လာသည်။
"သခင်လေး ကျန်း လာမှပဲ ကျွန်မ အမျိုးသား ဒီလောက် ပျော်တာ မြင်ရတော့တယ်"
ယန်ကွမ်းချင်းက ချက်ချင်း ပြန်ပြောလိုက်သည်။
"လျှောက်ပြောနေပြန်ပြီ... ငါက မင်းကို တွေ့ရင်လည်း ပျော်တာပါပဲ"
နီရိရှင်းက ပြုံးလိုက်ပြီး နောက်ထပ် ဟင်းပွဲ တစ်ပွဲကို ချပေးလိုက်သည်။
"ဒီဟင်းနှစ်ပွဲ အရင် စားနှင့်ကြနော်... ကျွန်မ နောက်ထပ် သွားလုပ်လိုက်ဦးမယ်"
"မိန်းမ... ပင်ပန်းပါတယ် ထိုင်ပြီး အတူတူ စားပါလား"
"မပင်ပန်းပါဘူးရှင်... ခဏလေးပါ၊ ပြီးတော့မှာပါ"
နီရိရှင်း ထွက်သွားသောအခါ ယန်ကွမ်းချင်းက ကြာစွယ်ကြော် တစ်ဖတ်ကို ကောက်ဝါးလိုက်ပြီး မေးလိုက်သည်။
"ပေရန်... ဒီစာချုပ်ထဲမှာ တရားလွန်တဲ့ အချက်တွေ ပါတယ်လို့ မင်း ထင်နေလား"
ကျန်းပေရန် ပြန်မဖြေခင် ယန်ကွမ်းချင်းက ဆက်ပြောသည်။
"အဲဒါက ငါတို့ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကို မင်း မကြုံဖူးသေးလို့ပါ"
သက်ပြင်းချလိုက်ပြီး ယန်ကွမ်းချင်းက ကိုယ့်ဘာသာ အရက်တစ်ခွက် ငှဲ့သောက်လိုက်သည်။
"အလယ်ပိုင်း လွင်ပြင်ကို မရောက်နိုင်တဲ့ နိုင်ငံတွေကို နိုင်ငံကြီး ၆ နိုင်ငံက ဂိုဏ်းတွေက အထင်သေးကြတယ် ငါတို့ကို အသက်ရှင်ခွင့် ပေးထားတာ လောလောဆယ် သူတို့ မအားသေးလို့ပဲ၊ သူတို့ အားတာနဲ့ ငါတို့ကို ဒီတိုက်ကြီးပေါ်ကနေ အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်လို့ ယူဆထားကြတာ"
ကျန်းပေရန် ဘာမှ ပြန်မပြောပေ။ ဒါသည် လူတိုင်း လက်ခံထားသော အမှန်တရား ဖြစ်သည်။
နိုင်ငံကြီး ၆ နိုင်ငံ အနိုင်အရှုံး ပေါ်သွားသည့်နေ့သည် အံ့ဖွယ်နဂါးတိုက်ကြီး တစ်ခုလုံး ပေါင်းစည်းသွားမည့်နေ့ ဖြစ်သည်။
လက်ရှိတွင် နိုင်ငံကြီး ၆ နိုင်ငံ အင်အား မျှနေသဖြင့် ထိုနေ့ရက် ဘယ်တော့ ရောက်လာမလဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
သို့သော် ယန်ကွမ်းချင်း၏ လေသံထဲတွင် မကျေနပ်မှုများ ပါဝင်နေသည်။
နောက်ထပ် အရက်တစ်ခွက် သောက်ပြီးနောက် ယန်ကွမ်းချင်း ဆက်ပြောသည်။
"ပေရန်... ငါ ဘာလို့ မင်းနဲ့ ပေါင်းသင်းရတာ သဘောကျလဲ သိလား"
ဒီလို အခြေအနေမျိုးတွင် "အစီအရင် ပညာ ဝါသနာတူလို့" ဟူသော အဖြေမျိုး မဟုတ်မှန်း ကျန်းပေရန် သိလိုက်သည်။
သို့သော်လည်း ကျန်းပေရန်က ဟန်ဆောင်ပြီး ဖြေလိုက်သည်။
"ကျွန်တော်က ဂိုဏ်းချုပ် ယန် လိုပဲ အစီအရင် ပညာကို ဝါသနာပါလို့လား"
"မဟုတ်ဘူး... မင်း မျက်လုံးထဲမှာ ရည်မှန်းချက်ကြီးတာကို ငါ မြင်နေရလို့ပဲ၊ ငါ့ကိုယ်ငါ ရူးသွပ်တယ်လို့ ထင်ခဲ့ပေမယ့် မင်းက ငါ့ထက် ပိုရူးနေတာကိုး"
ယန်ကွမ်းချင်း မျက်လုံးများ အရောင်တောက်လာပြီး ကျန်းပေရန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
"ငါ အမြဲတမ်း သိချင်နေတာ တစ်ခု ရှိတယ်... အစွန်အဖျား နိုင်ငံလေး တစ်ခုကို ဦးဆောင်ပြီး တိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်ချင်တာက မင်းရဲ့ ရည်မှန်းချက်လား၊ ဒါမှမဟုတ် စိတ်ဝင်စားစရာ ကောင်းလို့ လုပ်ကြည့်နေတာလား"
"ဂိုဏ်းချုပ် ယန် အထင်လွဲနေပါပြီ... ကျွန်တော့်မှာ အဲဒီလို ရည်မှန်းချက်မျိုး မရှိပါဘူး"
သို့သော် ယန်ကွမ်းချင်းက မကြားချင်ယောင် ဆောင်ပြီး ဆက်ပြောသည်။
"ဒီခေတ်ကြီးမှာ မင်းလို အရူးမျိုးတွေ များများ ရှိမှ ပျော်ဖို့ ကောင်းမှာ၊ အိမ်စောင့်ခွေးလို မျိုးရိုးစဉ်ဆက် ထိန်းသိမ်းနေရုံနဲ့ ဘာမှ အဓိပ္ပာယ် မရှိဘူး"
"ဂလု... ဂလု"
အရက်အိုးကို မော့သောက်လိုက်ပြီး ယန်ကွမ်းချင်း ပြုံးလိုက်သည်။
"ပေရန်... နောက်ဆုံးကျရင် ငါက မင်းလက်အောက် ရောက်မလား၊ မင်းက ငါ့လက်အောက် ရောက်မလား... ဒါမှမဟုတ် ငါတို့ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် လက်မခံနိုင် ဖြစ်သွားမလား"
ဒီလို မေးခွန်းမျိုး မေးလာလိမ့်မည်ဟု ကျန်းပေရန် ထင်မထားခဲ့ပေ။
မေးခွန်း၏ အဓိပ္ပာယ်က ရှင်းသည်။ အံ့ဖွယ်နဂါးတိုက်ကြီး၏ အနာဂတ် ဘုရင်က မင်းလား ငါလား ဟု မေးနေခြင်း ဖြစ်သည်။
သို့သော် သူတို့ နှစ်ယောက်စလုံးသည် တိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်ရန် ဝေးကွာလွန်းလှသေးသည်။ ဒီအချိန်မှာ ဒီမေးခွန်း မေးခြင်းသည်... လင်မယား နှစ်ယောက် ထီပေါက်ရင် ပိုက်ဆံ ဘယ်လို သုံးမလဲ ဆွေးနွေးရင်း ရန်ဖြစ်ကြသလို ဖြစ်နေသည်။
တကယ့် အဓိပ္ပာယ် မရှိတဲ့ မေးခွန်းပါပဲ။
ဖြစ်နိုင်ခြေ မရှိသေးတဲ့ ကိစ္စကို ဘယ်သူက ခေါင်းဆောင် ဖြစ်မလဲ ဆိုပြီး လာဆွေးနွေးနေတာ၊ ခင်ဗျား မူးနေတာလား၊ ဒါမှမဟုတ် ကျုပ်လည်း မူးနေတယ်လို့ ထင်နေတာလား။
ကျန်းပေရန် ကြောင်သွားသည်ကို မြင်လျှင် ယန်ကွမ်းချင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား... မူးပြီး လျှောက်ပြောမိတာပါ၊ ငါ မပြောခဲ့ဘူးလို့သာ မှတ်လိုက်ပါ... လာ လာ... ဟင်းစားပါဦး"
သူ့ပန်းကန်ထဲ ကြက်သားတစ်တုံး ထည့်ပေးသော ယန်ကွမ်းချင်းကို ကျေးဇူးတင်စကား ပြောရင်း ကျန်းပေရန် စဉ်းစားလိုက်သည်။
ဒါပေမဲ့ စနစ်၏ ရွေးချယ်မှု မပေါ်လာသည်ကို ကြည့်လျှင် ယန်ကွမ်းချင်းသည် အဖြေကို သိပ်အလေးမထားကြောင်း သိသာသည်။ စိတ်ကူးပေါက်ရာ မေးလိုက်ခြင်းသာ ဖြစ်နိုင်သည်။
ယန်ကွမ်းချင်းက ဆက်မမေးတော့သဖြင့် ကျန်းပေရန်လည်း မဖြေတော့ဘဲ ခေါင်းစဉ် လွှဲလိုက်သည်။
"ဒါဆိုရင် ဂိုဏ်းချုပ်ယန်က ဒီစာချုပ်ပါ အချက်အလက် အားလုံးကို သဘောတူတယ်ပေါ့"
"ဟုတ်တယ်... ငါ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်"
စကားလုံးများက ပုံမှန် ဖြစ်သော်လည်း ကျန်းပေရန် နားထဲတွင် တစ်မျိုးကြီး ဖြစ်နေသည်။ အရှက်ကွဲခံပြီး သည်းခံမည့် သူရဲကောင်းကြီး တစ်ယောက်လို ခံစားနေရသည်။
'နိုင်ငံကြီး ၆ နိုင်ငံက သူတို့ အားတာနဲ့ ဘေးပတ်ဝန်းကျင် နိုင်ငံတွေကို ရှင်းပစ်နိုင်မယ်လို့ တွေးထားကြတာ... တကယ် မောက်မာလွန်းတာပဲ'
သမိုင်းသင်ခန်းစာများအရ ပြိုင်ဘက်ကို အထင်သေးသော နိုင်ငံတိုင်း ပျက်စီးသွားကြသည်သာ ဖြစ်သည်။
အားနည်းသည်ဟု ထင်ရသော ပြိုင်ဘက်သည် သေရေးရှင်ရေး ကြုံလာသည့်အခါ မယုံနိုင်လောက်အောင် အစွမ်းထက်လာတတ်သည်။
စာရွက်ပေါ်မှ အင်အားသည် လက်တွေ့နှင့် ကွာခြားနိုင်သည်။ တကယ်တမ်း တိုက်ခိုက်ကြလျှင် ဘာမဆို ဖြစ်သွားနိုင်သည်။
ကံကောင်းခြင်း တစ်ခု ရလိုက်ရုံဖြင့် အားနည်းသူ တစ်ယောက်သည် အင်အားကြီးသူ ဖြစ်လာနိုင်သည်။
ဥပမာအားဖြင့် အံ့ဖွယ်စက်ယန္တရားကျွန်းနှင့် ရွှေရောင်ဒယ်အိုးကျွန်းတို့သည် ထိုကဲ့သို့သော နေရာများ ဖြစ်ကြသည်။
ညနက်သည်အထိ သောက်ပြီးနောက် ယန်ကွမ်းချင်း မူးနေပြီ ဖြစ်သော်လည်း ကျန်းပေရန်ကမူ လုံးဝ မူးခြင်း မရှိပေ။ အရက်အိုးကို ဘေးချလိုက်ပြီး စာချုပ်ကို ကောက်ယူကာ ပြောလိုက်သည်။
"ဒီနေ့တော့ ဒီလောက်ပါပဲ... ကျွန်တော် ဒီစာချုပ်ကို ရှီမိသားစုဆီ သွားပေးလိုက်ပါဦးမယ် အသေးစိတ် ဆွေးနွေးဖို့ကိုတော့ ဂိုဏ်းချုပ် ကိုယ်တိုင် သွားပြောမှ ရပါလိမ့်မယ်"
ယန်ကွမ်းချင်းက ပျော်ရွှင်နေသော်လည်း အလုပ်ကိစ္စ ပြောလာသဖြင့် ခွက်ကို ချလိုက်သည်။
"ကောင်းပြီ... ဒါပေမဲ့ မင်း မသွားခင် ငါ့ကို အကူအညီ တစ်ခုလောက် ပေးပါလား"
"ပြောပါ ဂိုဏ်းချုပ်"
"ငါ့သမီးကို မင်း ဘယ်လို မြင်လဲ"
'…………'
ယန်ကွမ်းချင်းက သူ့သမီးကို အရောင်းမြှင့်တင်ရေး လုပ်နေမှန်း ကျန်းပေရန် ရိပ်မိလိုက်သည်။
သူက ယန်ကွမ်းချင်း၏ သမီး ယန်ကွမ်းယွဲ့ ကို ချီးကျူးပြီး ထောင်ချောက်ထဲ မဝင်ချင်သလို၊ ဖခင် ရှေ့တွင် သမီးကို အပြစ်လည်း မပြောချင်ပေ။ ထို့ကြောင့် လိမ္မာပါးနပ်စွာ ဖြေလိုက်သည်။
"ဂိုဏ်းချုပ် ဆိုလိုချင်တာကို တဲ့တိုး ပြောပါဗျာ"
ယန်ကွမ်းချင်းကလည်း အချိန်မဆွဲတော့ဘဲ ပြောလိုက်သည်။
"ငါ့သမီးက အပြင်လောကကို ထွက်ပြီး လေ့လာသင်ယူဖို့ အချိန်တန်ပြီ၊ ဒါပေမဲ့ သူ့တစ်ယောက်တည်း လွှတ်လိုက်ဖို့ ငါ စိတ်မချဘူး၊ မင်းက ဗဟုသုတလည်း များ၊ နေရာစုံလည်း ရောက်ဖူးတယ် ဆိုတော့... မင်းနဲ့အတူ ထည့်ပေးလိုက်ရင် ကောင်းမလားလို့"
"ဂိုဏ်းချုပ်က လေ့လာသင်ယူစေချင်တာ ဆိုရင်တော့ မင်းသမီးလေး ကိုယ်တိုင် သွားပြီး ခံစားကြည့်မှ ရမှာ ကျွန်တော်နဲ့ လိုက်လာရင် သင်ယူစရာ ရှိတာတွေ သင်ယူနိုင်မှာ မဟုတ်ဘူး"
ငြင်းပယ်ခံရသော်လည်း ယန်ကွမ်းချင်း စိတ်မဆိုးပေ။ သူ မျှော်လင့်ထားပြီးသား အဖြေ ဖြစ်သည်။
"မင်း ပြောတာလည်း ဟုတ်တာပါပဲ... ဒါဆို သူ့တစ်ယောက်တည်းပဲ လွှတ်လိုက်တော့မယ်"
ယန်ကွမ်းချင်းက အလွယ်တကူ လက်လျော့လိုက်သဖြင့် ကျန်းပေရန် ထရပ်လိုက်သည်။
"ဒါဆိုရင် ကျွန်တော် သွားခွင့်ပြုပါဦး ရှီမိသားစုဘက်က အကြောင်းပြန်တာနဲ့ ဂိုဏ်းချုပ်ဆီ ချက်ချင်း အကြောင်းကြားပေးပါ့မယ်"
"ကောင်းပြီ... သတင်းကောင်း စောင့်နေမယ်"
"သွားခွင့်ပြုပါဦး ဂိုဏ်းချုပ်ကတော်"
နီရိရှင်းကို နှုတ်ဆက်ပြီးနောက် ကျန်းပေရန် ရှုခင်းသာ ဆောင်မှ ထွက်ခွာလာခဲ့သည်။
ကျန်းပေရန် ထွက်သွားပြီးနောက် နီရိရှင်းက မေးလိုက်သည်။
"ယောက်ျား... သမီးလေးကို အပြင်လောက လွှတ်တော့မလို့လား"
"မဟုတ်ဘူး"
ယန်ကွမ်းချင်း ခေါင်းခါလိုက်ပြီး အရက်တစ်ငုံ သောက်လိုက်သည်။
"မူလကတော့ မလွှတ်ချင်ပါဘူး ဒါပေမဲ့ အခွင့်အရေး ကောင်းမို့လို့ စမ်းကြည့်တာ"
"သခင်လေးကျန်းမှ ရမယ်လို့ ဆိုလိုတာလား"
"ဟုတ်တယ်... သူမှ ဖြစ်မှာ"
ယန်ကွမ်းချင်း ခေါင်းညိတ်လိုက်သည်။ "လမင်းလေးသာ သူ့နောက် လိုက်သွားရင် မမြင်ဖူးတာတွေ မြင်ရမယ့်အပြင် ကံကောင်းခြင်းတွေပါ ရနိုင်တယ်"
ယန်ကွမ်းချင်းသည် ကျန်းပေရန်၏ အရည်အချင်းကို အမြဲ လေးစားခဲ့သည်။ ထို့ကြောင့် သူ့သမီးကို ဘေးကင်းစေချင်ရုံသာမက ကျန်းပေရန်၏ နေထိုင်နည်းများကိုပါ သင်ယူစေချင်ခြင်း ဖြစ်သည်။
ကျင့်ကြံခြင်း အဆင့် နိမ့်သော်လည်း ထိပ်တန်း ပုဂ္ဂိုလ်များနှင့် ရင်ဘောင်တန်း ပြောဆိုနိုင်ခြင်းသည် လူတိုင်း မလုပ်နိုင်သော စွမ်းရည် ဖြစ်သည်။
သို့သော် ကျန်းပေရန်က တစ်ကိုယ်တော် သမား ဖြစ်နေသဖြင့် လက်မခံခဲ့ပေ။
'ဒါပေမဲ့ တစ်ကိုယ်တော်သမားက ဘာလို့ ရုပ်ဆိုးမလေး တစ်ယောက်ကို ခေါ်ထားရတာလဲ'
...
ကျန်းပေရန်သည် အချိန်မဆွဲတော့ဘဲ ပျံသန်းသော စံအိမ်ဖြင့် ရှီမိသားစုထံ ပြန်လာခဲ့သည်။ ညနေစောင်းနေပြီ ဖြစ်သော်လည်း ကောင်းကင် မမှောင်သေးသဖြင့် ပညာရှိ စံအိမ်သို့ ချက်ချင်း သွားလိုက်သည်။
သို့သော် အထဲတွင် ဧည့်သည် ရောက်နေသဖြင့် ခဏ စောင့်ဆိုင်းရန် အစောင့်များက ပြောလာသည်။
အစောင့်များ၏ လမ်းညွှန်မှုဖြင့် ဧည့်ခန်း တစ်ခုသို့ ရောက်ရှိလာသည်။
"ပညာရှိ ကျန်း... လက်ဖက်ရည် သုံးဆောင်ပါ"
အိမ်ဖော်မလေး တစ်ယောက်က လက်ဖက်ရည် လာချပေးရင်း ကြောက်ရွံ့တုန်လှုပ်သော အသံဖြင့် ပြောလိုက်သည်။
ကျန်းပေရန် ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပါ"
"ဆရာ... တခြား လိုအပ်တာ ရှိပါသေးလား"
"မလိုတော့ပါဘူး"
"ဒါဆိုရင် လိုအပ်ရင် ခေါ်လိုက်ပါနော်"
အိမ်ဖော်မလေး ထွက်သွားသောအခါ တံခါးဝရှိ အခြား အိမ်ဖော်မလေး တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"ဘယ်လိုလဲ... ဘယ်လိုလဲ"
လက်ဖက်ရည် လာချပေးသော အိမ်ဖော်မလေးက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြန်ဖြေသည်။
"အနီးကပ် ကြည့်လိုက်တော့ ပိုချောတယ်ဟ"
"ငါ ပြောသားပဲ... နင်မှ မယုံတာ"
နောက်ထပ် အိမ်ဖော်မလေးက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"တယ်အာ ပြောတာတော့ လက်ရာမြောက် အလုပ်ရုံမှာ သူ့ကို စတွေ့တုန်းက ဒီလောက် ချောတဲ့ ယောကျာ်းလေး တစ်ခါမှ မမြင်ဖူးဘူးတဲ့... ရှောင်ယွီအိမ်တော်က တတိယ သခင်လေးတောင် သူ့လောက် မချောဘူးတဲ့"
လက်ဖက်ရည် ချပေးသော အိမ်ဖော်မလေးက ခေါင်းညိတ်ထောက်ခံပြီး ကျန်းပေရန် ရှိရာသို့ လှမ်းကြည့်ကာ ဆက်ပြောသည်။
"ပြီးတော့လေ... သူက တခြား သခင်လေးတွေလို မာန မကြီးဘူး၊ ဒါပေမဲ့ ရင်းနှီးဖို့ ခက်မယ့်ပုံပဲ"
"နင်က ဘာနားလည်လို့လဲ... အဲဒါ စတိုင် လို့ ခေါ်တယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဧည့်သည်တော် ဖြစ်လာတာ သာမန်မှ မဟုတ်တာ"
"သူ့မှာ မိန်းမ ရှိနေပြီလား မသိဘူးနော်"
"ရှိရှိ မရှိရှိ ငါတို့လို အိမ်ဖော်တွေနဲ့ မဆိုင်ပါဘူး... ဒါပေမဲ့ ရှောင်ထောင်လေး ဆိုရင်တော့ မယားငယ်လောက် ဖြစ်နိုင်ပါတယ်"
"ဟာ... လျှောက်ပြောနေပြန်ပြီ"
"ငါကတော့ ဖြစ်ချင်တယ်"
...
သူတို့ နှစ်ယောက် တိုးတိုးလေး ပြောနေသော်လည်း ကျန်းပေရန် အကုန် ကြားနေရသည်။
'ဟူး... ချောရတာလည်း ဒုက္ခပါပဲ'
စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဒီလို အဖြစ်အပျက်မျိုးက မကြာခဏ ကြုံတွေ့နေရသည်။
ဆွဲဆောင်မှု အမှတ်များလာသည်နှင့်အမျှ သူ ပိုပို ချောလာသည်ဟု ခံစားရသည်။ မူလကတည်းက ရမှတ် ၁၀ မှတ်တွင် ၈ မှတ်လောက် ရနေပြီးသား ဖြစ်ရာ ယခုဆိုလျှင် အမှတ်ပြည့် ကျော်လွန်နေပြီ ဖြစ်သည်။
'ဘယ်သူ ခံနိုင်ရည် ရှိမှာလဲ'
လက်ဖက်ရည် သောက်ရင်း မယားငယ် လုပ်ချင်သည့် အကြောင်း ဆွေးနွေးနေကြသော အိမ်ဖော်မလေးများကို နားထောင်ပြီး ကျန်းပေရန် စိတ်ညစ်လာသည်။
'ထားလိုက်ပါတော့... ပြန်ရောက်ရင် မျက်နှာဖုံး တစ်ခုလောက် လုပ်ဝတ်ထားမှ ဖြစ်မယ်'
"ဟော... အစ်ကိုကြီး ကျန်း ပါလား"
ကျန်းပေရန် မျက်နှာဖုံး ကိစ္စ စဉ်းစားနေစဉ် ရင်းနှီးသော အသံတစ်သံ ကြားလိုက်ရသည်။
မော့ကြည့်လိုက်ရာ ရှီယွီထုန် ဖြစ်နေသည်။
"မင်္ဂလာပါ သခင်မလေး ရှီ"
ကျန်းပေရန် ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
သူများအိမ် ရောက်နေသဖြင့် ယဉ်ကျေးရမည် မဟုတ်ပါလော။
သို့သော် ရှီယွီထုန်က နှုတ်ခမ်းဆူလိုက်သည်။
"အစ်ကိုကြီး ကျန်း ကလည်း... ဘာလို့ စိမ်းကားနေတာလဲ နားထောင်ရတာ အဆင်မပြေလိုက်တာ"
တံခါးဝမှ အိမ်ဖော်မလေး နှစ်ယောက် မျက်လုံး ပြူးသွားသည်။ သခင်မလေးက စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်း သူတို့ သိလိုက်သည်။
'သခင်မလေးတောင် ငါတို့လိုပဲ ချောပြီး အရည်အချင်းရှိတဲ့ ယောကျာ်းလေးကို ကြိုက်တာပဲကိုး'
"သခင်မလေး ရှီ နောက်နေပါပြီ... ကျွန်တော်တို့က ဘယ်တုန်းက ရင်းနှီးသွားတာလဲ"
အိမ်ဖော်မလေး နှစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဒီဧည့်သည်တော်က သခင်မလေးကို ပြတ်ပြတ်သားသား ငြင်းလိုက်တာလား။
သတ္တိ ရှိလိုက်တာ…..
ဒါပေမဲ့ ယောကျာ်း ပီသလိုက်တာ……
ကျန်းပေရန်၏ အပြောအဆိုကို ကျင့်သားရနေပြီ ဖြစ်သော ရှီယွီထုန်က ဂရုမစိုက်ဘဲ ဝင်ထိုင်လိုက်သည်။
"အဖိုးကို လာရှာတာလား"
"အင်း"
"ဒီမနက် နတ်ဘုရား အိပ်မက်ဂိုဏ်း က လူနှစ်ယောက် ရောက်နေတယ်၊ အခန်းထဲ ဝင်သွားတာ ကြာပြီ... နောက်လအတွက် ဝိညာဉ်တောင်တန်း ခွဲဝေရေး ကိစ္စ ဆွေးနွေးနေကြတာ ထင်တယ်"
"အင်း"
"ဝိညာဉ်တောင်တန်း ဆိုတာ ဘာလဲ မသိချင်ဘူးလား"
"မသိချင်ပါဘူး"
ရှီယွီထုန် ရယ်မောလိုက်သည်။
"အစ်ကိုကြီး ကျန်း က တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ"