← Chapters

ကြိုတင် နိမိတ်ဖတ်ခြင်း

Vol. 42 Ch. 494

ကြိုတင် နိမိတ်ဖတ်ခြင်း

Vol. 42 Ch. 494

"ရွှပ် ရွှပ်"

ကိုယ့်ဘာသာ လက်ဖက်ရည် ငှဲ့သောက်ပြီးနောက် ရှီယွီထုန်က ကျောက်စိမ်းတံလေး တစ်ချောင်းကို ထုတ်ယူကာ ကျန်းပေရန်ကို ပြောလိုက်သည်။

"အစ်ကိုကြီး ကျန်း တစ်ဖက်လူရဲ့ တည်နေရာကို ရှာဖွေဖို့ ဘယ်လို မှော်ပစ္စည်းမျိုးက အသင့်တော်ဆုံးလဲ ဆိုတာ ပြောပြပေးလို့ ရမလား"

ကျန်းပေရန် မော့ကြည့်လိုက်သည်။ စကားပြန်ပြောရန် ပြင်လိုက်သော်လည်း ရှီယွီထုန် လက်ထဲမှ ကျောက်စိမ်းတံလေးက သူ့အာရုံကို ဖမ်းစားသွားသည်။

ဒီလို ပစ္စည်းမျိုး တစ်ခါမှ မမြင်ဖူးသော်လည်း သာမန် မဟုတ်မှန်း ခံစားမိနေသည်။

ပုံမှန် မှော်ပစ္စည်းများ ရတနာများကဲ့သို့ စွမ်းအင်များ ဖြာထွက်နေခြင်း မရှိသော်လည်း အမည်မသိ စွမ်းအင် တစ်မျိုးက ထိုကျောက်စိမ်းတံလေး ပတ်လည်တွင် ရစ်ပတ်နေသည်ကို ကျန်းပေရန် အာရုံခံမိနေလေသည်။

'ဒီကောင်မလေးဆီမှာ ဘယ်လိုလုပ် ရတနာတွေ အများကြီး ရှိနေရတာလဲ'

ပထမဆုံး တွေ့ဆုံချိန်က ရတနာ ရောင်ခြည် ကျောက်စိမ်းပြားမှသည် ယခု လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံလေး အထိ သူမသည် ကျန်းပေရန် စိတ်ဝင်စားစေမည့် ပစ္စည်းများကို အမြဲ ထုတ်ပြလေ့ ရှိသည်။

နောက်ပြီး လက်ထဲတွင် ကျောက်စိမ်းတံကို ကိုင်ထားရင်း မေးခွန်းမေးနေပုံကို ကြည့်လျှင် တမင်တကာ လုပ်နေမှန်း သိသာလှသည်။

'စာစစ်သူကြီးကို လာဘ်ထိုးချင်နေတာလား'

အကြည့်လွှဲလိုက်ပြီး ကျန်းပေရန် ဖြေလိုက်သည်။

"မှော်ပစ္စည်းက အဓိက မဟုတ်ပါဘူး အဓိကက မင်းရဲ့ စိတ်ရင်းမှန် မမှန် ဆိုတာပါပဲ"

ဂူလျန်ရန် လက်ထဲတွင် ကွဲအက်နေသော လိပ်ခွံကို မြင်လိုက်ကတည်းက စနစ်သည် ရှီယွီထုန်ကို ခက်ခဲသော ပုစ္ဆာ ပေးထားခြင်း မဟုတ်ဘဲ ဖြေရှင်း၍ မရနိုင်သော ပုစ္ဆာကို ပေးထားခြင်း ဖြစ်မှန်း ကျန်းပေရန် သိလိုက်သည်။

ဂူလျန်ရန်တောင် သူ့ကို မတွက်နိုင်မှတော့ ဒီကောင်မလေးက ဘာနဲ့ တွက်မလဲ။

ဒါပေမဲ့ ဖြစ်နိုင်ခြေ တစ်ခုကိုတော့ ကျန်းပေရန် တွေးမိသည်။ ဂူလျန်ရန်က သူ့ကံကြမ္မာ အတိတ်နှင့် အနာဂတ်တို့ကို တွက်ချက်ရန် ကြိုးစားခဲ့သောကြောင့် မှော်ပစ္စည်း ကွဲသွားခြင်း ဖြစ်နိုင်သည်။

ရှီယွီထုန်ကတော့ သူ ဘယ်နေရာ ရောက်နေသလဲ ဆိုတာလောက်ပဲ တွက်ရမှာ ဖြစ်သည်။ ဒါကြောင့် ခက်ခဲမှု အဆင့် လျော့နည်းသွားပြီး ဖြစ်နိုင်ခြေ ရှိလာနိုင်ပေသည်။

"ညီမလေးက စိတ်ရင်းမှန်ပါတယ် တကယ်ကို စိတ်ရင်းမှန်တာပါ"

ပြောရင်းနှင့် ရှီယွီထုန်က နောက်ထပ် ကျောက်စိမ်းတံ တစ်ချောင်းကို ထုတ်ပြပြန်သည်။

'သောက်ကျိုးနည်း'

ဒီ ဒုတိယ မျိုးဆက် သူဌေးသားသမီးတွေ လက်ထဲမှာ ရတနာတွေ ဒီလောက် ပေါများနေရတာလဲ။

ရှီယွီထုန်က ရတနာ ပေါများရုံတင် မဟုတ် ပြီးခဲ့သည့် တစ်ခေါက်က နေဖြတ်တောက် ကျောက်စိမ်းပြား ရှိသည့် နေရာကိုပါ ပေါ့ပေါ့ပါးပါး ပြောပြခဲ့သေးသည်။

ထိုအချိန်က ရှီဟုန်ဖန်တောင် ထိုကျောက်စိမ်း ဘယ်မှာရှိမှန်း မသိခဲ့ပေ။

သူမသည် မိသားစုခေါင်းဆောင်ကြီး၏ မြေးမလေး ဖြစ်သော်လည်း သူမ ပြသနေသော စွမ်းရည်များသည် ဒုတိယ မျိုးဆက် ဖြစ်ရုံသက်သက်ဖြင့် ရရှိနိုင်သော အရာများ မဟုတ်ပေ။

ရှီဖုန်းလန် သည်လည်း ရတနာများစွာ ပိုင်ဆိုင်သော်လည်း သူမသည် အထူး စောင့်ရှောက်ခံရသူ ဖြစ်သဖြင့် နားလည်ပေးလို့ ရသည်။

ဒါပေမဲ့ ရှီမိသားစုထဲက မျိုးဆက်သစ်တိုင်း ဒီလို အခွင့်ထူးမျိုး ရနိုင်မည် မထင်ပေ။ မဟုတ်လျှင် ရှီမိသားစု ဘဏ္ဍာတိုက် မည်မျှပင် ကြီးမားပါစေ ကုန်သွားမှာ အသေအချာပင် ဖြစ်ချေသည်။

ခဏ စဉ်းစားပြီးနောက် ရှီကျားမူ က ရှီယွီထုန် အကြောင်း ပြောပြခဲ့သည်ကို ကျန်းပေရန် သတိရသွားသည်။

'သူမရဲ့ အာရုံခံနိုင်စွမ်းက အရမ်း ထူးခြားတယ် အန္တရာယ် တစ်ခုခု ဖြစ်တော့မယ် ဆိုရင် ကြိုသိပြီး ရှောင်တိမ်းနိုင်တယ်'

ဒီစွမ်းရည်က ကြိုတင် နိမိတ်ဖတ်ခြင်း မဟုတ်ဘူးလား။

ဆက်စပ် တွေးမိလိုက်သောအခါ ဒီကောင်မလေးအပေါ် ကျန်းပေရန်၏ အမြင်များ ပြောင်းလဲသွားသည်။

အရင်က သူမကို ရိုးသားဟန်ဆောင်ပြီး ဥာဏ်နီဥာဏ်နက် များသူဟု ထင်ခဲ့သည်။

ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်လျှင် သူမသည် တစ်စုံတစ်ခုကို ကြိုမြင်ခဲ့ပြီးနောက် သူ့ကို တမင်တကာ လာချဉ်းကပ်ခြင်း ဖြစ်နိုင်ပေသည်။

ရုတ်တရက် ကျန်းပေရန် သူမကို စိတ်ဝင်စားသွားသည်။

ကျန်းပေရန် ဘာမှ မပြောသည်ကို မြင်လျှင် ရှီယွီထုန်က နောက်ထပ် ကျောက်စိမ်းတံ တစ်ချောင်းကို ထပ်ထုတ်လိုက်သည်။

"အစ်ကိုကြီး ကျန်း ဘယ်လိုလုပ်မှ စိတ်ရင်းမှန်တယ်လို့ သတ်မှတ်မှာလဲ ဟင်"

လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ကျန်းပေရန် မေးလိုက်သည်။

"မင်း ငါ့ကို ချဉ်းကပ်တာ ဗေဒင်ပညာ သင်ချင်ရုံ သက်သက်ပဲလား"

ရှီယွီထုန် ပြုံးလိုက်သည်။

"ဟုတ်တာပေါ့"

"ဒါဆို ငါ ပြောပြီးပြီလေ ငါ ဘယ်နေရာ ရောက်နေလဲ ဆိုတာ တွက်နိုင်တဲ့နေ့ကျမှ သင်ပေးမယ်လို့"

ရှီယွီထုန် မျက်လုံးများ လှုပ်ရှားသွားသည်။

"အစ်ကိုကြီးကျန်းက ညီမလေး ဗေဒင်သင်ချင်တာကို အကြောင်းပြချက် တစ်ခုလို့ ထင်နေတာလား"

"မင်းက မဟုတ်ဘူး ဆိုရင်လည်း မဟုတ်ဘူးပေါ့"

"တကယ်လို့ ညီမလေးက နောက်ထပ် ရည်ရွယ်ချက် တစ်ခု ရှိတယ်လို့ ဝန်ခံရင် စမ်းသပ်မှုရဲ့ ခက်ခဲမှု အဆင့်ကို လျှော့ပေးမှာလား"

ရှီယွီထုန် စကားဆုံးသည်နှင့် စနစ်၏ ရွေးချယ်မှုများ ပေါ်လာလေသည်။

[ရွေးချယ်မှု ၁ "လျှော့ပေးမယ်" ပြီးမြောက်ဆု လော်ဝမ် မိစ္ဆာသိုင်း မြေကမ္ဘာအဆင့် အလယ်အလတ်]

[ရွေးချယ်မှု ၂ "မဖြစ်နိုင်ဘူး" ပြီးမြောက်ဆု ကျပန်း အထူး ကျွမ်းကျင်မှုအမှတ် ၁]

အထူး ကျွမ်းကျင်မှုအမှတ် ကို မြင်လိုက်သည်နှင့် ဒီအကြောင်းအရာကို ဆက်မဆွေးနွေးသင့်မှန်း ကျန်းပေရန် သိလိုက်သည်။

အရင် ရွေးချယ်မှုများအရ ရှီယွီထုန်ကို ဖြေရှင်း၍ မရနိုင်သော ပုစ္ဆာ ပေးထားပြီး သူမ ကိုယ်တိုင် အဖြေရှာခိုင်းခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

ယခု သူမအပေါ် စိတ်ဝင်စားမှုကြောင့် စမ်းသပ်မှုကို လျှော့ပေါ့ပေးရန် ကြိုးစားလိုက်သည်နှင့် ပြဿနာ တက်လာတော့သည်။

ဆိုလိုသည်မှာ သူက ဒီမေးခွန်းကို မေးလိုက်ခြင်းကပင် ပြဿနာကို ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

'ဒီကောင်မလေးရဲ့ စွမ်းရည် သို့မဟုတ် ပါရမီက ငါ့ကို ဒုက္ခပေးနိုင်လို့လား'

သံသယ ဝင်မိသော်လည်း ကျန်းပေရန်က ရွေးချယ်မှု ၂ ကို ရွေးလိုက်သည်။

"မဖြစ်နိုင်ဘူး"

[ရွေးချယ်မှု ၂ ပြီးမြောက်ပါပြီ။ ဆုလာဘ် ဗေဒင်ပညာ ၁]

'အိုး'

ဗေဒင်ပညာ အမှတ် တိုးလာသည်ကို မြင်လိုက်ရသောအခါ ကျန်းပေရန် မျက်လုံးများ အရောင်တောက်သွားသည်။ ဒါသည် သူ အလိုချင်ဆုံး စွမ်းရည်များထဲမှ တစ်ခု ဖြစ်သည်။

'ရှယ်ပဲဟေ့'

ရုတ်တရက် ရှီယွီထုန်ကို ကြည့်ရသည်မှာ ပိုပြီး အဆင်ပြေလာသလို ခံစားလိုက်ရသည်။ သို့သော် သူမနှင့် အကွာအဝေး တစ်ခု ထားရှိရန် လိုအပ်သေးသည်။

ကျန်းပေရန်၏ ပြတ်သားသော အဖြေကို ကြားလိုက်ရသဖြင့် ရှီယွီထုန် အံ့ဩသွားသည်။

သူမ ထင်ထားသည်မှာ အစ်ကိုကြီး ကျန်း က တစ်စုံတစ်ခုကို ရိပ်မိနေပြီ ဖြစ်သဖြင့် အသေးစိတ် မေးမြန်းလိမ့်မည် ဟူ၍ ဖြစ်သည်။ သို့သော် သူမက ကမ်းလှမ်းချက် တစ်ခု ပြုလုပ်လိုက်ရုံဖြင့် ချက်ချင်း ငြင်းပယ်ခံလိုက်ရသည်။

'ဒီ အစ်ကိုကြီးကို သာမန် အတွေးနဲ့ ခန့်မှန်းလို့ မရပါလား'

"ပညာရှင် ကျန်း ဧည့်သည် ပြန်သွားပါပြီ အပေါ် တက်လို့ ရပါပြီ"

ရှီယွီထုန် ဆက်ပြောရန် ကြိုးစားနေစဉ် အစောင့်တစ်ဦး ဝင်လာပြီး ကျန်းပေရန်ကို အကြောင်းကြားလိုက်သည်။

"ကောင်းပြီ ကျေးဇူးပါ"

ကျန်းပေရန် ထရပ်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။

ကျန်းပေရန်၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးနောက် ရှီယွီထုန်သည် လက်ထဲမှ ကျောက်စိမ်းတံကို ပြန်ကြည့်ကာ သက်ပြင်းချလိုက်သည်။

'ဒီပစ္စည်းကို မြင်ရင် သူ စိတ်လှုပ်ရှားသွားမယ် ထင်နေတာ'

စိတ်ပျက်လက်ပျက်ဖြင့် ကျောက်စိမ်းတံကို ပြန်သိမ်းလိုက်သည်။ လမ်းကြောင်းလွှဲ နည်းလမ်းကို ဆက်သုံးမလား သို့မဟုတ် အစ်ကိုကြီး ကျန်း ပေးထားသော စမ်းသပ်မှုကို အောင်မြင်အောင် ကြိုးစားမလား ဟူ၍ စဉ်းစားရင်း ရှီယွီထုန်လည်း ဧည့်ခန်းမှ ထွက်ခွာသွားလေသည်။

၈ ထပ်သို့ ရောက်သောအခါ မိသားစုခေါင်းဆောင်ကြီး၏ အခန်းတံခါး ပွင့်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းပေရန် အရှေ့သို့ သွားပြီး နှုတ်ဆက်လိုက်သည်။

"မိသားစုခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်"

စာအုပ်စင်ရှေ့တွင် ရပ်နေသော ရှီဝေရိ က ခေါင်းညိတ်ပြသည်။

"ဝင်ခဲ့လေ"

"ဟုတ်ကဲ့"

ကျန်းပေရန် အခန်းထဲ ဝင်လိုက်သည်။

"စောင့်လိုက်ရလား"

ရှီဝေရိက လှည့်မကြည့်ဘဲ မေးလိုက်သည်။

"မစောင့်ရပါဘူး အခုမှ ရောက်တာပါ"

"ပြဿနာတချို့ ဖြေရှင်းနေရလို့ပါကွာ"

ရှီဝေရိက လှည့်လာပြီး သူ့ပခုံးသူ နှိပ်ကာ ဆက်ပြောသည်။

"လက်အောက်ငယ်သားတွေက အသုံးမကျတော့ ငါပဲ ပင်ပန်းရတာပေါ့"

ပြီးခဲ့သည့် မိသားစု ညစာစားပွဲမှ စကားများကို ပြန်ဆက်စပ်ကြည့်လျှင် ရှီဝေရိသည် သူ့မျိုးဆက်သစ်များ၏ လုပ်ရည်ကိုင်ရည်ကို မကျေနပ်ကြောင်းနှင့် ကျန်းပေရန်ကို သူ့ဆီ လာကူညီစေချင်ကြောင်း သွယ်ဝိုက် ပြောဆိုနေခြင်း ဖြစ်သည်။

သို့သော် ကျန်းပေရန်သည် လူအများရှေ့တွင်ပင် ပြတ်ပြတ်သားသား ငြင်းခဲ့ပြီး ဖြစ်ရာ ယခုလည်း အားနာနေမည် မဟုတ်ပေ။

"မိသားစုခေါင်းဆောင်ကြီး ကိုယ်တိုင် ဦးဆောင်နေတာ လေးစားဖို့ ကောင်းပါတယ်"

ပြောရင်းနှင့် ကျန်းပေရန်က စာချုပ်ကို ထုတ်ပေးလိုက်သည်။

"ဒါက ကောင်းကင်လွှမ်းမိုးဂိုဏ်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ ဂိုဏ်းချုပ်ယန်က တံဆိပ်တုံး ထုပေးလိုက်ပါပြီ"

ရှီဝေရိ ခေါင်းညိတ်လိုက်ပြီး စာချုပ်ကို လှမ်းယူလိုက်သည်။ ယန်ကွမ်းချင်းက ဒီလို မတရားသော စာချုပ် ကို လက်ခံလိုက်သည်ကို သူ လုံးဝ အံ့ဩပုံ မရပေ။

စာချုပ်ကို သိမ်းလိုက်ပြီးနောက် ရှီဝေရိက ကျန်းပေရန်ကို ကြည့်ကာ မေးလိုက်သည်။

"တခြား ကိစ္စ ရှိသေးလား"

ကျန်းပေရန် လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။

"မေးစရာ တစ်ခု ရှိပါတယ် "

"မေးလေ"

"မိသားစုခေါင်းဆောင်ကြီး အနေနဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေကို ရောက်ဖူးပါသလား"

လူသားများ မသိမ်းပိုက်နိုင်သေးသော နယ်မြေ ဖြစ်သဖြင့် ရှေးဟောင်း အပျက်အစီးနယ်မြေကို အကြောင်း သတင်းအချက်အလက် ရရှိရန် ခက်ခဲလှသည်။ အပြင်လောကတွင် ကံစမ်းပြီး လိုက်ရှာနေမည့်အစား ဗဟုသုတ အကြွယ်ဝဆုံး ပုဂ္ဂိုလ်ကို မေးမြန်းခြင်းက ပိုကောင်းမည် မဟုတ်ပါလော။

ရှေးဟောင်း အပျက်အစီးနယ်မြေကို ဆိုသော စကားလုံးကို ကြားလိုက်သည်နှင့် ရှီဝေရိ ပြုံးလိုက်သည်။

"မင်းက အဲဒီလို အန္တရာယ်များတဲ့ နေရာကို စိတ်ဝင်စားတယ်လား ရှားရှားပါးပါးပဲ"

"အရမ်း ထူးခြားဆန်းပြားတဲ့ နေရာလို့ ကြားဖူးလို့ စိတ်ဝင်စားသွားတာပါ"

ကျန်းပေရန်က သိချင်ရုံ သက်သက် မေးသည်ကို ရှီဝေရိ လုံးဝ ယုံမည် မဟုတ်ပေ။ ထို့ကြောင့် ပြုံးပြီး ပြောလိုက်သည်။

"မင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် ရှေးဟောင်း အပျက်အစီးနယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို ငါ အလွယ်တကူ ပြောပြလို့ မရဘူး တကယ်လို့ မင်းဘက်က တန်ဖိုး ညီမျှတဲ့ သတင်းအချက်အလက် တစ်ခုခုနဲ့ လဲလှယ်မယ် ဆိုရင်တော့ စဉ်းစားပေးမယ်"

"အဲဒါတော့ ကျွန်တော့်မှာ လဲလှယ်စရာ သတင်း မရှိပါဘူး"

"ဟိုးဟိုးဟိုး ဘာလို့ မရှိရမှာလဲ"

ရှီဝေရိ ရယ်မောလိုက်သည်။

"မင်း ဘာလို့ ရှေးဟောင်း အပျက်အစီးနယ်မြေကို သွားချင်တာလဲ ဆိုတဲ့ အကြောင်းပြချက်က သတင်းကောင်း တစ်ခု ဖြစ်နိုင်တာပဲ"

"အထင်လွဲနေပါပြီ ကျွန်တော်က တကယ်ပဲ သိချင်ရုံ သက်သက် မေးကြည့်တာပါ"

အကယ်၍ ရှီဝေရိသာ အကူအညီ လိုအပ်နေသော အမှောင်ထု ချုံချီ တစ်ကောင် ရှိနေမှန်း သိသွားလျှင် ရှီမိသားစု ဘဏ္ဍာတိုက်တွင် ရတနာများ ပိုမို များပြားလာမည်မှာ သေချာသည်။

ကျန်းပေရန် မပြောမှန်း သိလိုက်သောအခါ ရှီဝေရိလည်း ဆက်မမေးတော့ပေ။

ရှေးဟောင်း အပျက်အစီးနယ်မြေ အကြောင်း မသိရသဖြင့် ကျန်းပေရန်သည် ကုန်သွယ်ရေး ကိစ္စကိုသာ ပြန်လည် ဆွေးနွေးလိုက်သည်။ နာရီဝက်ခန့် ကြာသောအခါ နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့သည်။

'ကဲ ကိစ္စ တစ်ခုတော့ ပြီးသွားပြီ'

ယခုဆိုလျှင် ကျန်းပေရန်သည် ပွဲစား တာဝန် ကျေပွန်သွားပြီ ဖြစ်သည်။ ကျန်တာကိုတော့ သူတို့ နှစ်ဖက် ကိုယ်တိုင် ညှိနှိုင်းကြပေရော့။

ရှေးဟောင်း အပျက်အစီးနယ်မြေ သတင်းကို ဘယ်မှာ သွားစုံစမ်းရမလဲ'

ခဏ စဉ်းစားပြီးနောက် ကျန်းပေရန်သည် ကူချင်းဟွမ်းထံ စာတစ်စောင် ရေးလိုက်သည်။ ရှေးဟောင်း အပျက်အစီးနယ်မြေ အကြောင်း စုံစမ်းခိုင်းခြင်း အပြင် ထန်တိုင်းပြည် တွင် နာမည်ကြီးသော သားရဲထိန်းကျောင်းရေး အဖွဲ့အစည်း ရှိမရှိပါ မေးမြန်းလိုက်သည်။

ရှီဖုန်းလန်၏ သားရဲများနှင့် ရင်းနှီးလွယ်သော ပါရမီ အကြောင်းကို ကျွမ်းကျင်သူများထံ မေးမြန်းမှ ရမည် ဖြစ်ပေသည်။

စက္ကူငှက်လေးကို လွှတ်တင်လိုက်ပြီးနောက် ဒုတိယ စာတစ်စောင်ကို ဆက်ရေးလိုက်သည်။

ဒီစာကတော့ လင်းရှီယွင် အတွက် ဖြစ်သည်။ ယင်ယန် လျှို့ဝှက်ငှက်မွေး နှင့် ဧကရာဇ် အဆိပ်ကောင် ကိစ္စ နှစ်ခုစလုံးကို သူမ ကူညီပေးခဲ့သဖြင့် သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးမည် ဟူသော ကတိကို တည်ရပေမည်။

ဒုတိယ အချက်အနေဖြင့် ကျူရှန်ဇန်း သည် လင်းမိသားစုထံတွင် ကောင်းကင်နှင့် မြေကြီး ပညာရပ် သင်ယူရန် စောင့်ဆိုင်းနေသည်။ လင်းရှီယွင်၏ ထောက်ခံချက် ပါလျှင် အဆင်ပြေမည် ဖြစ်သည်။

စာနှစ်စောင် ပို့ပြီးနောက် ကျန်းပေရန် ပျံသန်းသော စံအိမ် ပေါ်သို့ ပြန်ရောက်လာသည်။

"ဟား"

အထဲဝင်လိုက်သည်နှင့် ရှီဖုန်းလန်က ပန်းချီကား တစ်ချပ် ကိုင်ပြီး ရှေ့ရောက်လာသည်။

"ပေရန်လေး ကြည့်ပါဦး ဒီနေ့ ငါ ဆွဲထားတာ"

ပန်းချီကားကို ယူကြည့်လိုက်ပြီးနောက် ကျန်းပေရန်သည် အားနေသဖြင့် ရှီဖုန်းလန်ကို လက်တွေ့ သင်ပြပေးရန် ခြံဝင်းထဲသို့ ခေါ်သွားလိုက်သည်။

"ဆရာ"

ခြံဝင်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေသော ချူယန်ဇယ် က ကျန်းပေရန်ကို မြင်သည်နှင့် ထရပ်ပြီး နှုတ်ဆက်လိုက်သည်။

ကျန်းပေရန် ခေါင်းညိတ်ပြပြီး မေးလိုက်သည်။

"ဒီရက်ပိုင်း မှိုတွေ ထွက်သေးလား"

ချူယန်ဇယ် ပြန်မဖြေခင် သူ့နှာခေါင်းပေါ်တွင် မှိုနီလေး တစ်ပွင့် ပေါက်လာသည်။

ကျွမ်းကျင်စွာဖြင့် မှိုကို နှုတ်လိုက်ပြီး ချူယန်ဇယ်က ရှက်ရွံ့စွာ ဖြေလိုက်သည်။

"ဟုတ်ကဲ့ ပေါက်တယ် ပိုတောင် များလာသလိုပဲ"

"နေရထိုင်ရတာ သက်သာရဲ့လား"

"သက်သာပါတယ်"

ချူယန်ဇယ် ခေါင်းခါလိုက်ပြီး လက်သီးဆုပ်ကာ ပြောသည်။

"ကျွန်တော် နေ့တိုင်း အားအင်တွေ ပြည့်ဖြိုးနေသလို ခံစားရတယ်"

ကျန်းပေရန် အံ့ဩသွားပြီး စိတ်စွမ်းအင်ဖြင့် ချူယန်ဇယ်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ ဘုရင်အဆိပ်ကောင် များ၏ အခြေအနေ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

အရင်က ဘုရင်အဆိပ်ကောင်များသည် စားလိုက် အိပ်လိုက်သာ လုပ်ကြသည်။ ယခုမူ သူတို့ အားလုံး နိုးကြားနေကြပြီး ချူယန်ဇယ်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို ကြိုးစားပမ်းစား စုပ်ယူနေကြသည်။

'နေမင်းကြီး အနောက်က ထွက်တာလား ဒီပျင်းတဲ့ကောင်တွေက ဘာလို့ ထကြွနေကြတာလဲ'

ဘုရင်အဆိပ်ကောင်များ စွမ်းအင် စုပ်ယူနေခြင်းကို ကျန်းပေရန် စိတ်မပူပေ။ ချူယန်ဇယ်သည် အဆိပ်ကောင် မွေးမြူသူ ဖြစ်သဖြင့် သူ့ခန္ဓာကိုယ်က အဆိပ်ကောင်များ လိုအပ်သော စွမ်းအင်ကို ထုတ်ပေးနိုင်စွမ်း ရှိသည်။

ထူးခြားသည်မှာ ပုံမှန်ဆိုလျှင် တစ်နေ့ သုံးနပ် စားပြီး အိပ်နေတတ်သော အကောင်များက ယခု အချိန်ပြည့် စားသောက်ပြီး ဗိုက်ကားအောင် ဖြည့်နေကြခြင်း ဖြစ်သည်။ ပိုမို သန်မာလာအောင် ကြိုးစားနေသည့် ပုံပေါက်သည်။

'မရိုးသားဘူး တစ်ခုခုတော့ မှားနေပြီ'

ပုံမှန်အားဖြင့် အဆိပ်ကောင်များ ကြီးထွားမှုသည် သဘာဝအတိုင်း ဖြစ်ပျက်လေ့ ရှိသည်။ လူသားများ အရပ်ရှည်လာသလိုမျိုး ဖြည်းဖြည်းချင်း ကြီးထွားလာကြသည်။ လူသား ကျင့်ကြံသူများထက် ကြီးထွားနှုန်း မြန်ဆန်သည်ကလွဲရင်ပေါ့။

ဒါပေမဲ့ အခုတော့ သူတို့က ကြီးထွားနှုန်းကို အားမလိုအားမရ ဖြစ်ပြီး အတင်းအဓမ္မ ကြိုးစားနေကြသည်။

'ပြီးခဲ့တဲ့ တစ်ခေါက်က လာအိုဝမ် လက်ချက်နဲ့ ခံလိုက်ရလို့ မခံချင်စိတ် ဖြစ်သွားကြတာလား ဒါမှမဟုတ် ကောင်မလေးကို အစွမ်းပြချင်လို့လား'

ချူယန်ဇယ် ကိုယ်ပေါ်တွင် မှိုပေါက်ခြင်းသည် ဒီအဆိပ်ကောင်များ၏ အပြောင်းအလဲနှင့် သက်ဆိုင်ကြောင်း ကျန်းပေရန် အာရုံခံမိသည်။

ကျန်းပေရန် နားလည်ထားသလောက် မှိုပေါက်ခြင်းသည် အာဟာရ လွန်ကဲခြင်း ကြောင့် ဖြစ်သည်။ ယခု အဆိပ်ကောင်များက စွမ်းအင် အများအပြား စုပ်ယူနေပါလျက်နှင့် ချူယန်ဇယ်က အားမနည်းသွားဘဲ ပိုပြီး အားပြည့်နေသည်။

'အပြန်အလှန် အကျိုးပြုခြင်း လား'

အဆိပ်ကောင် ဗဟုသုတများကို ပြန်လည် ရှာဖွေကြည့်ပြီးနောက် ကျန်းပေရန် ကောက်ချက်ချလိုက်သည်။

အဆိပ်ကောင်များက စွမ်းအင် ပိုမို စုပ်ယူလေလေ ချူယန်ဇယ်ထံသို့ စွမ်းအင် ပိုမို ပြန်လည် ပေးဆပ်လေလေ ဖြစ်သည်။

ဆိုလိုသည်မှာ အဆိပ်ကောင်များ ကြိုးစားလေလေ အိမ်ရှင် ဖြစ်သော ချူယန်ဇယ် ပိုမို သန်မာလေလေ ဖြစ်သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေ ဖြစ်ချေသည်။

သေချာအောင် စစ်ဆေးရန် ကျန်းပေရန် ပြောလိုက်သည်။

"ဒီနေ့က စပြီး မင်း ငါနဲ့ ၂ နာရီလောက် တိုက်ခိုက် လေ့ကျင့်ရမယ် အစွမ်းကုန် သုံးပြီး တိုက်ခိုက်ပါ"

"ဗျာ"

ချူယန်ဇယ် ကြောင်သွားသော်လည်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

မှိုပေါက်ခြင်းသည် အာဟာရ လွန်ကဲခြင်းကြောင့် ဖြစ်လျှင် ပိုလျှံနေသော အာဟာရများကို ကုန်ဆုံးအောင် လုပ်လိုက်ပါက ပျောက်ကင်းသွားမည်ဟု ကျန်းပေရန် ယူဆလိုက်သည်။

ကျင့်ကြံရုံဖြင့် မလုံလောက်လျှင် တိုက်ပွဲဝင်ပြီး ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်းကို အလုပ်ပေးလိုက်ရုံသာ ရှိသည်။

"ငါ ပန်းချီ ဆွဲပြပြီးရင် စကြမယ် မင်း အဆင်သင့် ပြင်ထားလိုက်"

"ဟုတ်ကဲ့"

ဝူချင်းချယ် နှင့် အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက် ချူယန်ဇယ်သည် သူ့ခန္ဓာကိုယ် အကြောင်း ကောင်းကောင်း နားလည်လာပြီ ဖြစ်သည်။ သို့သော် ဝူချင်းချယ်ကို ဒဏ်ရာရမှာ စိုးသဖြင့် အပြည့်အဝ အားမသုံးခဲ့ရပေ။

ဆရာနှင့် တိုက်ခိုက်ရမည် ဆိုလျှင်တော့ လက်တွန့်နေစရာ မလိုတော့ပေ။ အစွမ်းကုန် ကြိုးစားရမည် ဖြစ်ချေသည်။

All Chapters