အခန်း (၁၉၁)
Vol. 19 Ch. 191
ရှန်းယွီနှင့် လီယောင်းတို့သည် ဟင်းချက်ပြသပွဲကို လာရောက်ကြည့်ရှုကြသည့် စိတ်အားထက်သန်နေသော ဂိုဏ်းသားအုပ်စုကြီး၏ အလယ်တွင် ရပ်နေကြသည်။ ကွင်းပြင်ကျယ်ကြီးအတွင်း၌ ဟင်းချက်စင် ဒါဇင်ပေါင်းများစွာကို စီတန်းပြင်ဆင်ထားပြီး စင်တစ်ခုစီတွင် မီးဖိုများ၊ ဟင်းချက်ကိရိယာ အစုံအလင်၊ စဉ်းတီတုံးများနှင့် သစ်သားခြင်းတောင်းများထဲတွင် သေသပ်စွာ ထည့်ထားသော ဟင်းချက်စရာ ပစ္စည်းမျိုးစုံတို့ဖြင့် ပြည့်နှက်နေကာ တစ်ခွင်လုံးမှာ လှုပ်လှုပ်ရွရွနှင့် စိတ်လှုပ်ရှားမှုများ မြင့်တက်နေသည်။
ဂိုဏ်းသားများသည် စူးစမ်းလိုစိတ်နှင့် တက်ကြွလှသော မျက်နှာများဖြင့် အနားသို့ တိုးကပ်လာကြသည်။ အချို့မှာ စိတ်လှုပ်ရှားလွန်း၍ ခြေဖျားလေးများထောက်ကာ ကြည့်နေကြပြီး အချို့မှာမူ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြကာ အချို့ကမူ အားရပါးရ လက်ဝါးချင်း ပွတ်နေကြတော့သည်။ ထိုသူတို့၏ စိတ်လှုပ်ရှားနေသော အမူအရာများကို ကြည့်ရင်း ရှန်းယွီ မပြုံးဘဲ မနေနိုင်တော့ပေ။
သူသည် စိတ်အားထက်သန်နေသော မျက်နှာများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ ထင်ထားသည်ထက် လူပိုများနေသည်ဟု သူ တွေးနေမိသည်။ အမှန်အတိုင်းပြောရလျှင် လူအရေအတွက်မှာ အတော်လေး အံ့ဩစရာကောင်းလှသည်။ သူက စိတ်ဝင်စားသူ တစ်ဒါဇင်ခန့်သာ ရှိလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း အနည်းဆုံး လူငါးဆယ်ခန့် ရောက်ရှိနေကြခြင်း ဖြစ်သည်။ အကယ်၍ သူသာ အတတ်ပညာကျောင်းတစ်ခုချင်းစီအတွက် တပည့်များကို အောင်မြင်စွာ စုဆောင်းနိုင်မည်ဆိုပါက ဂိုဏ်းအတွက် အလွန်ပင် ကြီးမားသော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေမည်ဖြစ်သည်။ တစ်ကိုယ်တော် စွမ်းဆောင်နိုင်မှုတွင် အကန့်အသတ်ရှိသည် မဟုတ်ပါလား။
ဤကဲ့သို့ စိတ်အားထက်သန်သော ကျောင်းသားများနှင့်ဆိုလျှင် အဆင့်မြင့်ပညာရပ်များကို ချက်ချင်း မတတ်မြောက်နိုင်သေးလျှင်ပင် အခြေခံပစ္စည်းများကိုတော့ ကျွမ်းကျင်စွာ ဖန်တီးနိုင်ကြပေလိမ့်မည်။ ဂိုဏ်းကြီးအနေဖြင့် အဆင့်နိမ့်ပစ္စည်းများကို အသည်းအသန် မလိုအပ်သော်လည်း ဒေသတွင်းရှိ ဂိုဏ်းငယ်လေးများနှင့် ကုန်သွယ်ရာတွင်မူ ၎င်းတို့ကို သေချာပေါက် အသုံးချနိုင်မည်ဖြစ်သည်။
ထိုအတွေးက သူ့ကို အလွန်ပင် ကျေနပ်သွားစေသည်။ အဆင့်မြင့် အရင်းအမြစ်များအတွက် အင်အားကြီးဂိုဏ်းများနှင့် အဓိက သဘောတူညီချက်များ ရရှိထားပြီးဖြစ်သော်လည်း ယခုအစီအစဉ်မှာ လုံးဝခြားနားသော ရည်ရွယ်ချက်တစ်ခုအတွက် ဖြစ်သည်။ ဤကဲ့သို့ ကျယ်ပြန့်သော ကုန်သွယ်မှုများမှာ အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် မိုးပြာရောင်တိမ်တိုက်ဂိုဏ်း ၏ ဂုဏ်သတင်းကို သိသိသာသာ မြင့်တက်လာစေမည် ဖြစ်သည်။
ပို၍ ကျေနပ်စရာကောင်းသော အချက်တစ်ခုကို တွေးမိလိုက်ချိန်တွင် သူ၏အပြုံးမှာ ပို၍ ကျယ်လာတော့သည်။ ဤစနစ် တိုးတက်ပြန့်ပွားလာသည်နှင့်အမျှ မိုးပြာရောင်တိမ်တိုက်ဂိုဏ်း မှ ထွက်သမျှ အရင်းအမြစ်အားလုံးမှာ ဘေးထွက်အတတ်ပညာဆောင် နှင့်သာ တိုက်ရိုက်ဆက်စပ်နေတော့မည် ဖြစ်သည်။ ထိုအခါကျမှသာ သူသည် သူ၏အမည်ကို အညစ်အကြေးကင်းစင်အောင် နောက်ဆုံး၌ ဆေးကြောနိုင်တော့မည် ဖြစ်သည်။
ရှန်းယွီသည် လူတိုင်း၏အာရုံကို ဖမ်းစားရန် လက်ခုပ်တီးလိုက်ပြီး အသံကို မြှင့်ပြောလိုက်
သည်။
"ကဲ... အားလုံးပဲ အဆင်သင့်ပြင်ထားကြပြီး သေချာ အာရုံစိုက်ကြည့်ပေးကြပါ"
ချက်ချင်းပင် ဂိုဏ်းသားအားလုံးမှာ ကိုယ်ဟန်ကို အမြန်ပြင်ကာ စကားပြောသံများ တိတ်ဆိတ်သွားပြီး ဂိုဏ်းချုပ်ကြီးထံသို့သာ အာရုံစိုက်လိုက်ကြတော့သည်။ လွန်ခဲ့သည့် တိုက်ပွဲအတွင်း သူ၏ ဒဏ္ဍာရီဆန်သော စွမ်းဆောင်မှုများအကြောင်းကို သူတို့အားလုံး ကြားသိထားကြပြီးဖြစ်သည်။ သူသည် ပြင်းထန်သော ကျင့်ကြံခြင်းစွမ်းအားကြောင့် ကျော်ကြားသူမဟုတ်သော်လည်း ဒေသတွင်း အစွမ်းအထက်ဆုံးဟု ဆိုကြသော ဝူမင်ဂိုဏ်းချုပ်ကို အနိုင်ယူရာတွင် မည်သူ့ထက်မဆို ပိုမိုအကျိုးပြုခဲ့သူဖြစ်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။
ဘေးထွက်အတတ်ပညာတွေက တကယ်ပဲ အဲဒီလောက်အထိ အစွမ်းထက်တာလာ။
အများအပြားက စိတ်ထဲမှ တွေးနေကြသည်။
ဒါဆို ငါတို့က ဘာလို့ ဂိုဏ်းချုပ်ကြီးရဲ့ လမ်းစဉ်နောက်ကို မလိုက်ဘဲ ကျင့်ကြံရေး အရင်းအမြစ်တွေအတွက် အသက်ကို ရင်းပြီး အမြဲတမ်း တိုက်ခိုက်နေကြရတာလဲ။
"ငါ အခြေခံ ဟင်းလျာတစ်ခုကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ အရင်ဆုံး ပြသသွားမယ်"
ရှန်းယွီက ဟင်းချက်စင်များကို လက်ညှိုးထိုးပြရင်း ကြေညာလိုက်သည်။
"ပြီးရင်တော့ မင်းတို့အားလုံး ငါပြသသွားတာကို နမူနာယူပြီး ပြန်ချက်ကြည့်စေချင်တယ်"
အချို့သော ဂိုဏ်းသားများ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ရိပ်ယောင်နေသည်ကို သတိပြုမိလိုက်သဖြင့် သူက နှစ်သိမ့်သော အပြုံးဖြင့် အမြန်ထပ်ပြောလိုက်သည်။
"မင်းတို့ အပြည့်အဝ တူအောင်လုပ်နိုင်ဖို့ ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ ရလဒ်ထွက်လာဖို့ မလိုပါဘူး။ မင်းတို့ရဲ့ အစွမ်းကုန် ကြိုးစားမှုကိုပဲ ပြသပေးပါ။ ငါက မင်းတို့မှာ ဒီအတတ်ပညာအတွက် ပင်ကိုယ်ပါရမီ ရှိမရှိဆိုတာကိုပဲ စစ်ဆေးမှာပါ"
ထိုစကားကို ကြားလိုက်ရချိန်တွင် သူတို့၏ မျက်နှာများမှာ သိသိသာသာ စိတ်အေးသွားကြသည်။
ထို့နောက် ရှန်းယွီသည် ရှေ့ဆုံးမှ ပြသသည့်နေရာသို့ လျှောက်သွားကာ ပြင်ဆင်ထားသော မီးဖိုတစ်ခုကို ရွေးချယ်လိုက်သည်။
"ဟင်းချက်နေတဲ့အချိန်မှာ ဘာတွေကို မလုပ်သင့်ဘူး ဆိုတာကိုလည်း မင်းတို့ အသေအချာ သိသွားအောင် ဒီအခွင့်အရေးမှာ ငါ တစ်ခါတည်း ပြသပေးသွားမယ်"
သူက ပြောလိုက်တော့သည်။
ရှန်းယွီသည် လီယောင်းဘက်သို့ လှည့်ကာ ပြုံးပြလိုက်ပြီး အနားသို့ လာရန် လက်ဟန်ပြလိုက်သည်။
"ဒီကို လာခဲ့ဦး"
လီယောင်းသည် သူမကိုယ်သူမ ပြန်ညွှန်ပြရင်း ဝေခွဲမရစွာဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
"ကျွန်မလား"
"ဟုတ်တာပေါ့"
သူက ခေါင်းညိတ်၍ အတည်ပြုပေးလိုက်သည်။
လီယောင်းသည် သူ၏အနားသို့ လျှောက်သွားကာ ဘေးတွင် နေရာယူလိုက်သော်လည်း သူ ဘာခိုင်းမည်ကိုတော့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။
"ဟိုဘက်က မီးဖိုကို သုံးပြီး ငါလုပ်သမျှကို အတတ်နိုင်ဆုံး တူအောင်လိုက်လုပ်ကြည့်ပါ"
ဘေးကပ်လျက်ရှိ ဟင်းချက်စင်ကို ညွှန်ပြရင်း ရှန်းယွီက ညွှန်ကြားလိုက်သည်။
လီယောင်းက နာခံမှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ရှန်းယွီသည် စုဝေးနေသော ဂိုဏ်းသားများဘက်သို့ လှည့်ကာ အလွန်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ငါ တစ်ခုတော့ အသေအချာ ပြောထားချင်တယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို သူမ အခုလုပ်ပြမယ့် အရာတွေကိုတော့ မင်းတို့ လုံးဝ လုံးဝ လိုက်မလုပ်ကြဖို့ပဲ"
ဂိုဏ်းသားများသည် တစ်ဦးကိုတစ်ဦး ဝေခွဲမရသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး ဂိုဏ်းချုပ်ကြီးက ဤကဲ့သို့ ထူးဆန်းသော သတိပေးချက်မျိုးကို အဘယ်ကြောင့် ပေးရတာလဲဟု လီယောင်းကို ကြည့်ကာ တွေးနေမိကြသည်။ သို့သော်လည်း ဟင်းချက်ပြသပွဲ အမှန်တကယ် စတင်လိုက်ချိန်တွင်မူ အကြောင်းရင်းကို သူတို့ ချက်ချင်း နားလည်သွားကြတော့သည်။
လီယောင်းသည် သူမ၏ အစွမ်းကုန် ကြိုးစားမှုနှင့် ရှန်းယွီ၏ လှုပ်ရှားမှုတိုင်းကို အတိအကျ လိုက်တုရန် ကြိုးပမ်းနေသော်လည်း သူမသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် အရာရာကို မှားယွင်းအောင် လုပ်ဆောင်နေတော့သည်။ ပထမဆုံး မိနစ်အနည်းငယ်အတွင်းမှာပင် သူမသည် မဖြစ်နိုင်လောက်သော လုပ်ရပ်တစ်ခုဖြစ်သည့် ဟင်းချက်အိုးကို အရည်ပျော်သွားအောင် ပြုလုပ်နိုင်ခဲ့သည်။ ပစ္စည်းများမှာ အတူတူပင် ဖြစ်သော်လည်း သူမသည် မှားယွင်းသော ဟင်းခတ်ပစ္စည်းများကိုသာ တစိုက်မတ်မတ် ရွေးချယ်နေခဲ့သည်။
ရှန်းယွီ၏ လှုပ်ရှားမှုများကို အဆင့်ဆင့် အတိအကျ လိုက်လုပ်နေပုံ ပေါက်သော်လည်း နောက်ဆုံးထွက်လာသော ရလဒ်မှာမူ အစားအစာဟု ခေါ်ဆိုရန်ပင် ရာဇဝတ်မှု မြောက်လောက်သည့် လုံးဝ လောင်ကျွမ်းမည်းနက်နေသော ဖော်ပြ၍မရသည့် အရာတစ်ခုသာ အမြဲတမ်း ဖြစ်နေတော့သည်။
"စီနီယာအစ်ကို... ကျွန်မ လုပ်တာ ကောင်းရဲ့လား"
လီယောင်းသည် သူမ ဖန်တီးထားသော ထူးဆန်းသည့် အရာကြီးကို ဂုဏ်ယူစွာ ကိုင်မြှောက်ပြရင်း တောက်ပပြီး မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် ရှန်းယွီကို မေးလိုက်သည်။
"အင်း... မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်"
ရှန်းယွီက ညင်သာစွာ ပြန်ဖြေလိုက်ပြီး သူမ၏ ခေါင်းကို ချစ်ခင်စွာ ပုတ်ပေးလိုက်သည်။
ထိုသို့လုပ်ရင်း သူသည် တဖျတ်ဖျတ် တောက်ပနေသော ဖီးနစ်မီးလျှံများ ဝန်းရံထားဆဲဖြစ်သည့် သူ၏ နောက်လက်တစ်ဖက်ကို ဂရုတစိုက် ကြည့်လိုက်မိသည်။ ဖီးနစ်သွေးမျိုးဆက်က တကယ်ကို အံ့ဩစရာကောင်းလှသည်ဟု သူ တွေးနေမိသည်။ ဤမီးကို နက်ရှိုင်းသောမီးလျှံကဲ့သို့ တိကျစွာ မထိန်းချုပ်နိုင်သော်လည်း သာမန်မီးကို သုံးရသည်ထက်တော့ သိသိသာသာ ပိုကောင်းလှသည်။
သူသည် လက်ကို တစ်ချက်ခါလိုက်ကာ မီးလျှံများကို လုံးဝ ငြှိမ်းသတ်လိုက်သည်။ သူသည်
နက်ရှိုင်းသောမီးလျှံတည်ရှိမှုကို လုံးဝ အသိမခံလိုသဖြင့် ဤတပည့်များကို သင်ကြားပေးရာတွင် ဖီးနစ်မီးကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူ၏ လက်ရှိ အရည်အချင်းဖြင့်ဆိုလျှင် စစ်မှန်သော ဝိညာဉ်မီးလျှံမပါဘဲ အခြေခံဟင်းလျာများကို ချက်ပြုတ်ရန်မှာ လွယ်ကူလှသည်။
စိတ်ဝင်တစား စောင့်ကြည့်နေကြသော ပရိသတ်ကြီးဘက်သို့ ပြန်လှည့်လိုက်ကာ သူက အော်မေးလိုက်သည်။
"ကဲ... အားလုံးပဲ သေသေချာချာ မြင်တွေ့လိုက်ကြရဲ့လား"
ဂိုဏ်းသားများမှာ ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ကြသည်။ ဂိုဏ်းချုပ်ကြီးက မလုပ်သင့်တဲ့အရာ တွေကို ပြသပေးမည်ဟု ပြောခဲ့သည်မှာ လုံးဝ မပိုကြောင်း သူတို့အားလုံး တွေးနေမိကြသည်။ လီယောင်း၏ ပြသမှုကြောင့် လွဲချော်နိုင်သမျှ အရာရာတိုင်းမှာ အံ့ဩစရာကောင်းလောက်အောင် လွဲချော်ပြသွားခဲ့ပြီ မဟုတ်ပါလား။
"အကောင်းဆုံးပဲ။ အခု မင်းတို့အလှည့်ရောက်ပြီ။ ငါ ခုနက ပြသသွားတာကို လိုက်လုပ်
ကြည့်ကြပါ။ မှတ်ထားပါ... လုံးဝ ပြီးပြည့်စုံနေဖို့ မလိုဘူး။ မင်းတို့ရဲ့ အစွမ်းကုန် ကြိုးစားအားထုတ်မှုကိုပဲ ပြသပါ"
ရှန်းယွီက သူတို့ကို နွေးထွေးစွာ အားပေးလိုက်သည်။
ဂိုဏ်းသားများမှာ သူတို့၏ ကိုယ်ပိုင်ဟင်းချက်စင်များဆီသို့ အသီးသီး ပြန့်ကျဲသွားကြပြီး ရှန်းယွီ ပြသခဲ့သည်ကို လိုက်လံတုပချက်ပြုတ်နေကြသည်ကို သူက အာရုံစိုက်ကာ ကြည့်နေမိသည်။ လေထုထဲတွင် ဓားဖြင့် တောက်တောက်စဉ်းသံများ၊ ဆီပူသံများနှင့် တစ်ခါတစ်ရံတွင်မူ အာရုံစိုက်လွန်း၍ ထွက်ပေါ်လာသော အားတင်းသံများဖြင့် ပြည့်နှက်နေတော့သည်။
သူတို့၏ တိုးတက်မှုကို စောင့်ကြည့်နေရင်း အဆင့် ၉ ဟင်းလျာများတွင် ဝိညာဉ်စွမ်းအင် အများကြီး မပါဝင်ကြောင်း သူ စဉ်းစားနေမိသည်။ တကယ်တော့ ၎င်းတို့မှာ ပြင်ဆင်ပုံနည်းစနစ် အနည်းငယ် ပိုမိုမြင့်မားရုံမှအပ သာမန်အစားအစာများသာ ဖြစ်သည်။ သူ၏ အကြည့်မှာ စင်တစ်ခုပြီးတစ်ခုသို့ ရွေ့လျားကာ ဂိုဏ်းသားတစ်ဦးချင်းစီ၏ ချဉ်းကပ်ပုံကို အကဲဖြတ်နေသည်။ သို့သော် သူသည် သာမန်စားဖိုမှူးများကို စမ်းသပ်နေခြင်း မဟုတ်ပေ။ သူပြသခဲ့သော ဟင်းလျာမှာ ဝိညာဉ်စွမ်းအင်ကို တမင်တကာ ထည့်သွင်းထားခြင်းဖြစ်ပြီး အဆင့် ၈ ဝိညာဉ်အစားအစာဖြစ်ရန် ခြေတစ်လှမ်းအလို အခြေအနေဟု သတ်မှတ်နိုင်သည်။
သူက လက်ပိုက်လျက် စိတ်ထဲမှ ဆက်လက် အကဲဖြတ်နေမိသည်။ သူတို့အနေဖြင့် လုံးဝတူအောင် လုပ်နိုင်ရန် သို့မဟုတ် ပြီးပြည့်စုံသော ရလဒ်ရရန် မလိုပေ။ တစ်စုံတစ်ယောက်က ဝိညာဉ်စွမ်းအင် အနည်းငယ်မျှ ပါဝင်သော အစားအစာကို ဖန်တီးနိုင်လျှင်ပင် ၎င်းကို ပါရမီရှိသည်ဟု သတ်မှတ်နိုင်သည်။ ဤဂိုဏ်းသားများအနေဖြင့် ဤစမ်းသပ်မှု၏ နောက်ကွယ်မှ ပိုမိုနက်နဲသော အဓိပ္ပာယ်ကို နားလည်ကြပါ့မလားဟု သူ တွေးနေမိသည်။
ရုတ်တရက် လေထဲတွင် ဆေးဖက်ဝင်အပင်များ လောင်ကျွမ်းသွားသော ထူးခြားသည့် အနံ့တစ်ခု လွင့်ပျံ့လာသည်။ ရှန်းယွီသည် နှာခေါင်းကို ရှုံ့လိုက်ကာ အနံ့ထွက်လာသည့် ရင်းမြစ်ကို ချက်ချင်း လိုက်ရှာလိုက်ပြီး အိုးထဲမှ အနံ့ထွက်နေသော ဂိုဏ်းသားထံသို့ လျှောက်သွားလိုက်သည်။ အိုးထဲမှ မည်းနက်သော မီးခိုးများ ထွက်နေပြီး ဆေးပင်များမှာလည်း မှတ်မိ၍မရလောက်အောင် မီးသွေးခဲများ ဖြစ်သွားပြီဖြစ်သည်။
"ကျရှုံးတယ်"
ရှန်းယွီက ကြေညာလိုက်သည်။
"အားးးးးး မဖြစ်နိုင်ဘူးဗျာ"
ထိုဂိုဏ်းသားသည် မယုံနိုင်လောက်အောင် အော်ဟစ်လိုက်သဖြင့် ရှန်းယွီပင် လန့်သွားရသည်။ ထိုလူငယ်၏ အသံမှာ သူ၏ တစ်ကမ္ဘာလုံး ပြိုလဲသွားသကဲ့သို့ စစ်မှန်သော နာကျင်မှုများဖြင့် တုန်ရင်နေတော့သည်။
ဟင်းမချက်တတ်တာက တကယ်ပဲ ကမ္ဘာပျက်မတတ် ဖြစ်ရတာလား။
ထိုပြင်းထန်သော တုံ့ပြန်မှုကြောင့် ရှန်းယွီ အမှန်တကယ် အံ့ဩသွားမိသည်။
ကျရှုံးသွားသော ဂိုဏ်းသားသည် သူ၏ လောင်ကျွမ်းသွားသော ဆေးပင်များကို ကြည့်ကာ မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ အပြည့်ဖြင့် ရပ်နေသည်။
မဖြစ်နိုင်ဘူး... ဒါမျိုး မဖြစ်သင့်ဘူး။
သူ အသည်းအသန် တွေးနေမိသည်။
အကယ်၍ ငါသာ ဟင်းချက်တာကို မတတ်မြောက်ဘူးဆိုရင် ဂိုဏ်းချုပ်ကြီးဆီမှာ ဂိုဏ်းချုပ်မလေး ရှိနေသလိုမျိုး ငါ့ကို ပြုစုစောင့်ရှောက်ပေးမယ့် လှပပြီး သန်မာတဲ့ အမျိုးသမီးတစ်
ယောက်ကို ငါ ဘယ်လိုလုပ် ဆွဲဆောင်နိုင်တော့မှာလဲ။ ငါ့မှာ တကယ်ပဲ ကံမပါတာလား။
အားငယ်မှုများက သူ့ကို လွှမ်းမိုးလာသဖြင့် သူ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့သည်။
"သူ တကယ် ငိုနေတာလား"
အနီးနားရှိ ဂိုဏ်းသားတစ်ဦးက မယုံကြည်နိုင်စွာဖြင့် တိုးတိုးလေး မေးလိုက်သည်။
"အဟား... လူသစ်ကတော့ လူသစ်ပဲဟေ့"
တခြားတစ်ယောက်က လှောင်ရယ်လိုက်သည်။
"ခွင့်လွှတ်ပါ သူငယ်ချင်း... မင်းကတော့ သွားပြီပဲ"
တတိယတစ်ယောက်ကလည်း မအောင့်နိုင်ဘဲ ရယ်မောရင်း ထပ်ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများသည် ငိုနေသော သူတို့၏ သူငယ်ချင်းကို လက်ညှိုးထိုးကာ လှောင်ပြောင်ရယ်မောလိုက်ကြတော့သည်။
"မင်းတို့ ကိုယ်ပိုင်ဟင်းလျာတွေကိုပဲ အာရုံစိုက်စမ်း"
ရှန်းယွီက ပြတ်သားစွာ အော်ပြောလိုက်ရာ လှောင်ရယ်သံများ ချက်ချင်း တိတ်ဆိတ်သွားပြီး အားလုံးက သူတို့၏ ဟင်းချက်အိုးများဆီသို့ အလောတကြီး အာရုံပြန်စိုက်လိုက်ကြသည်။
ရှန်းယွီသည် စိတ်ပျက်အားငယ်နေသော ဂိုဏ်းသားလေးအနားသို့ ချဉ်းကပ်သွားပြီး သူ၏ ပခုံးပေါ်သို့ အားပေးသည့်အနေဖြင့် လက်တင်လိုက်သည်။
"ဂိုဏ်းချုပ်ကြီး..."
ကောင်လေးက မျက်ရည်များကြားမှ ခေါ်လိုက်သည်။
"တစ်ကြိမ်တစ်ခါ ကျရှုံးတာက ကမ္ဘာပျက်သွားတာ မဟုတ်ဘူး"
ရှန်းယွီက နူးညံ့သော်လည်း ခိုင်မာသောလေသံဖြင့် ပြောလိုက်သည်။
"ငါကိုယ်တိုင်လည်း အစပိုင်းမှာ အကြိမ်ကြိမ် ကျရှုံးခဲ့ဖူးတာပဲ"
"တကယ်လား"
ကောင်လေး၏ မျက်ဝန်းများတွင် ရုတ်တရက် မျှော်လင့်ချက်အလင်းတန်းများ တောက်ပလာပြီး ပါးပြင်ပေါ်တွင် မျက်ရည်စများ ရှိနေဆဲပင်။ ဂိုဏ်းချုပ်ကြီးကဲ့သို့ ကျွမ်းကျင်သူတစ်ဦးတောင်မှ ကျရှုံးမှုတွေကို ကြုံတွေ့ခဲ့ဖူးတယ်ဆိုတာ တကယ်ပဲလား။
"ဟုတ်တယ်... ငါ ကျရှုံးခဲ့တဲ့ အကြိမ်ရေက ရေတွက်လို့တောင် မရနိုင်ဘူး"
ရှန်းယွီက ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောသည်။
"အကြိမ်ပေါင်း သန်းနဲ့ချီ ကျရှုံးရင်ကော ဘာဖြစ်လဲ။ မင်းအနေနဲ့ တစ်ကြိမ်တည်း မှန်အောင်
လုပ်နိုင်ရင်ပဲ လုံလောက်ပြီလေ"
"ဟုတ်ပါတယ် မှန်လိုက်တာ"
ကောင်လေးက ကြေညာလိုက်ပြီး မျက်ရည်များကို စိတ်ပိုင်းဖြတ်မှုအပြည့်ဖြင့် သုတ်လိုက်ကာ ရုတ်တရက် အားအင်များ ပြန်ပြည့်လာပုံရသည်။
"ဂိုဏ်းချုပ်ကြီး... ကျွန်တော် နောက်တစ်ကြိမ် ထပ်ကြိုးစားချင်ပါတယ်"
သူက ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။
"ကောင်းပြီလေ"
ရှန်းယွီက အားပေးသည့် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ ဤကောင်လေး၏ စိတ်နေစိတ်ထားက မှန်ကန်နေပြီဖြစ်ကာ သူ့ကို သေချာပေါက် သင်ကြားပေး၍ ရနိုင်သည်။
ကောင်လေးသည် သူ၏ အိတ်ကပ်ထဲမှ သန့်ရှင်းသော အဖြူရောင် အဝတ်စတစ်ခုကို ထုတ်လိုက်ပြီး သူ၏ နဖူးတွင် ဦးခေါင်းစည်း ကဲ့သို့ ဂရုတစိုက် စည်းလိုက်သည်။
"ကျွန်တော် ဇောင်ရှင်း... ဟင်းချက်ခြင်းနတ်ဘုရား ဖြစ်လာစေရမယ်လို့ ကျိန်ဆိုပါတယ်"
သူက ကောင်းကင်သို့ လက်သီးထောင်ကာ အစွမ်းကုန် အော်ဟစ်လိုက်တော့သည်။
ထိုကြေညာချက်ကြောင့် လူအုပ်ကြားတွင် ရယ်မောသံများ နောက်တစ်ကြိမ် လှိုင်းထသွားပြန်သည်။
"ဘယ်က ဟင်းချက်ခြင်းနတ်ဘုရားလဲ"
တစ်ယောက်က လှောင်ပြောင်အော်ဟစ်လိုက်သည်။
"မင်းက တကယ်ပဲ ဂိုဏ်းချုပ်ကြီးကို ကျော်တက်ချင်နေတာလား"
ဇောင်ရှင်း...
ရှန်းယွီသည် စဉ်းစားရင်း ဝေခွဲမရ ဖြစ်သွားသည်။
ဒီနာမည်ကို ငါတစ်နေရာရာမှာ ကြားဖူးသလိုပဲ ဘာလို့ပါလိမ့်။