အခန်း (၁၉၃)
Vol. 19 Ch. 193
"ဂျူနီယာညီမလေး... မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ တခြား လုပ်စရာ ကိုင်စရာ ကိစ္စတွေ မရှိဘူးလား"
ရှန်းယွီက ရှေ့တွင်ရှိသော စားသောက်ပွဲကြီးအတွက် ဟင်းချက်စရာများကို စီစဉ်ရင်း ပခုံးကျော်၍ လှမ်းမေးလိုက်သည်။
ဟင်းချက်သည့်နေရာအနီးရှိ သစ်သားထိုင်ခုံလေးပေါ်တွင် တိတ်တဆိတ် ထိုင်နေသော လီယောင်းသည် အပြစ်ကင်းစင်သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
"မရှိပါဘူး... ကျွန်မ ဒီမှာပဲ နေပြီး စီနီယာအစ်ကို လုပ်တာတွေကို ကြည့်နေမှာ"
သူမက ပြောလိုက်သည်။
"ကောင်းပြီလေ"
ရှန်းယွီက ပခုံးတစ်ချက်တွန့်ကာ ပြန်ဖြေလိုက်ပြီး ပြင်ဆင်မှုများအပေါ်တွင်သာ ပြန်လည်အာရုံစိုက်လိုက်သည်။
သို့သော်လည်း လီယောင်း၏ အသိစိတ်ထဲတွင်မူ [ဘာကို မရှိပါဘူးလဲ။ နင့်မှာ လုပ်စရာ စာရွက်စာတမ်းတွေ အပုံကြီး ကျန်သေးတယ်လေ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ဘတ်ဂျက်ချပေးရမယ်။ မဟာမိတ် သဘောတူညီချက်တွေကို ပြန်စစ်ရမယ်။ အပြင်
စည်းတပည့်တွေအတွက် ကင်းလှည့်ချိန်တွေ သတ်မှတ်ပေးရမယ်။ ဒဏ်ရာရတဲ့သူတွေအတွက် နစ်နာကြေးပေးဖို့ အကဲဖြတ်ရမယ်...]
စုပုံနေသော အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ဝတ္တရားများကို စာရင်းချပြရင်း ဧကရီ၏ အသံမှာ စိတ်မရှည်သယောင် ထွက်ပေါ်လာသည်။
ဒါပေမဲ့ လီယောင်းက သူမစကားကို ဖြတ်ပြောလိုက်သည်။
"ရပါတယ်။ အဲဒါတွေကို နောက်မှ လုပ်လည်း ဖြစ်တာပဲ။ စီနီယာအစ်ကို့ကို ခဏလောက်ပဲ ကြည့်နေလို့ မရဘူးလား"
ဧကရီသည် အတော်ကြာအောင် တိတ်ဆိတ်သွားသည်။ ဤမိန်းကလေးမှာ အစောပိုင်းက ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် သူမ ပြသနေသည်ထက် ပို၍ စိတ်ထိခိုက်သွားခဲ့သလားဟု သူမ တွေးတောမိသည်။ လီယောင်းသည် အပြင်ပန်းတွင် သူမ၏ ထုံးစံအတိုင်း ယုံကြည်မှုအပြည့်ရှိသော ပုံစံကို ထိန်းသိမ်းထားသော်လည်း ထိုအတွေ့အကြုံကြောင့် သူမ အတော်လေး တုန်လှုပ်သွားခဲ့လိမ့်မည်ဟု ဧကရီက သံသယရှိနေသည်။
[ကောင်းပြီလေ... ထားပါတော့]
ဧကရီက ယခင်ထက် ပို၍ နူးညံ့သော လေသံဖြင့် နောက်ဆုံးတွင် ပြောလိုက်သည်။ တစ်ခါတစ်ရံတွင် စိတ်ကို လွှတ်ထားပေးဖို့က တကယ်ပဲ အရေးကြီးသည်ဟု သူမ တွေးနေမိသည်။ ပြန်စဉ်းစားကြည့်လျှင် သူမသည်လည်း တာဝန်ဝတ္တရားများကို အလေးအနက်ထားလွန်းခဲ့သောကြောင့် ယခုကဲ့သို့ ဖြစ်လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း အချိန်ကို နောက်ပြန်လှည့်နိုင်မည်ဆိုလျှင်ပင် သူမသည် ယခုကဲ့သို့သော ရွေးချယ်မှုများကိုသာ ထပ်မံပြုလုပ်ဦးမည်ဖြစ်ကြောင်း သူမ သိနေသည်။ အကြောင်းမှာ သူမသည် သူမ၏ စီနီယာအစ်မနှင့် မတူသောကြောင့်ပင်...
လီယောင်းသည် သူမ၏ ထိုင်ခုံပေါ်တွင် ပို၍ သက်သောင့်သက်သာ နေရာယူလိုက်သည်။ ရှန်းယွီက ဟင်းချက်ခြင်းလုပ်ငန်းကို စတင်ညှိနှိုင်းနေသည်ကို ကြည့်နေရင်း သူမ၏ မျက်ဝန်းများမှာ တောက်ပကာ စူးစိုက်မှု အပြည့်ရှိနေသည်။ သူ့အလုပ်လုပ်နေသည်ကို ကြည့်နေရခြင်းမှာ သူမအတွက် တစ်စုံတစ်ရာသော ငြိမ်းချမ်းမှုကို ပေးစွမ်းနေသကဲ့သို့ပင်။
"မင်းက မီးပြင်ထား။ မင်းက ဆေးပင်တွေသွားယူ။ ဟိုဘက်ကတစ်ယောက်... အသားတွေကို အဆင်သင့်လုပ်ထား"
ရှန်းယွီသည် ရှေ့တွင်ရှိသော ကြီးမားလှသည့် စားသောက်ပွဲကြီးအတွက် သူ၏ ဟင်းချက်ပညာကျောင်းသား ၁၀ ဦးကို သွက်လက်မြန်ဆန်သော ညွှန်ကြားချက်များ ပေးနေသည်။
ယခုကဲ့သို့ လက်ထောက်အများအပြားနှင့် အကြီးအကျယ် ချက်ပြုတ်ရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သော်လည်း သူထင်ထားသလောက် မခက်ခဲကြောင်း ရှန်းယွီ တွေးနေမိသည်။ တကယ်တော့ အပိုလက်တွဲဖော်များ ရရှိထားသကဲ့သို့ပင်။ အဓိကမှာ ရှင်းလင်းသော ဆက်သွယ်မှုနှင့် တာဝန်များကို စနစ်တကျ ခွဲဝေပေးနိုင်မှုပင်။ ဤအရည်အချင်းများကို သူ ကောလိပ်တက်စဉ်က အဖွဲ့လိုက် ပရောဂျက်များ လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ယနေ့ည အောင်ပွဲခံစားသောက်ပွဲအတွက် ရှန်းယွီသည် အဆင့်သုံးဆင့် ပါဝင်သော အစီအစဉ်တစ်ခုကို ချမှတ်ထားသည်။ ၎င်းမှာ ဂိုဏ်း၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသရန်နှင့် ဧည့်သည်များကို သူတို့၏ ဂုဏ်ဒြပ်အလိုက် သင့်တင့်လျောက်ပတ်စွာ ဧည့်ခံရန် ဖြစ်သည်။
လာရောက်ကူညီကြသော ဂိုဏ်းအသီးသီးမှ သာမန်တပည့်များအတွက် အဆင့် ၇ ဝိညာဉ်အစားအစာများ ကို ပြင်ဆင်ပေးမည်။ ဤအဆင့်ရှိ ကျင့်ကြံသူများအတွက် ၎င်းမှာ အလွန်ပင် အကျိုးရှိစေမည် ဖြစ်သည်။ အဆင့်မြင့်တပည့်များနှင့် အကြီးအကဲများအတွက် အဆင့် ၆ ဝိညာဉ်အစားအစာများ ကို တည်ခင်းပေးမည်။ ဤအဆင့်မှာ ဂိုဏ်းကြီးများတွင်ပင် တန်ဖိုးကြီးသည်ဟု သတ်မှတ်ကြပြီး သဋတို့၏ ကျင့်ကြံခြင်းကို အထောက်အကူပြုစေကာ အချို့အတွက် အဆင့်တက်ရန် ပိတ်ဆို့မှုများကိုပင် ကျော်လွှားစေနိုင်သည်။ အမြင့်မြတ်ဆုံးသော ဧည့်သည်တော်များဖြစ်သည့် ဂိုဏ်းချုပ်ကြီးများအတွက်မူ အဆင့် ၅ ဝိညာဉ်အစားအစာများကို ကျွေးမွေးမည်။ ဤဟင်းလျာများသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များပင် တန်ဖိုးထားရမည့် အရာများဖြစ်ပြီး သူတို့၏ ဝိညာဉ်စွမ်းအင်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ရုံသာမက ဝိညာဉ်ကျင့်ကြံမှုအတွက်ပါ အထောက်အကူဖြစ်စေမည့် စွမ်းအင်များ ပါဝင်သည်။
သို့သော် သူတစ်ဦးတည်းသာ သိထားသော နောက်ထပ် အဆင့်နှစ်ဆင့် ရှိသေးသည်။ သူ၏ ဆရာ၊ သိုင်းဒေါ်နှင့် သူကိုယ်တိုင်အတွက်မူ ထုံးစံအတိုင်း အဆင့် ၄ ဝိညာဉ်အစားအစာများကို ပြင်ဆင်မည်ဖြစ်သည်။
နောက်ဆုံးနှင့် အထူးခြားဆုံးအဆင့်မှာမူ လီယောင်းအတွက် ဖြစ်သည်။ သူမအတွက် အဆင့် ၂ ဝိညာဉ်အစားအစာကို သူပြင်ဆင်ပေးမည်။ သူ၏ ဟင်းချက်စွမ်းရည်မှာ ဤမျှအထိ တိုးတက်လာပြီဖြစ်ရာ ဤအခွင့်အရေးကို အလဟဿ မဖြစ်စေလိုတော့ပေ။ လီယောင်းသာ ဆက်လက်သန်မာနေသရွေ့ ကျန်ရှိသည့် ကိစ္စများမှာ အလိုအလျောက်ပင် အဆင်ပြေသွားမည် ဖြစ်သည်။
ချက်ပြုတ်မှုမှာ မွန်းလွဲပိုင်းမှစ၍ နေဝင်ရီတရောအချိန်အထိ ဆက်တိုက်ဖြစ်ပွားနေသည်။ မီးဖိုချောင်ဧရိယာတစ်ခုလုံးမှာ စစ်တလင်းပြင်သဖွယ် ဖြစ်နေပြီး တပည့်များမှာ ဟင်းခတ်ပစ္စည်းများ သယ်ယူခြင်း၊ မီးဖိုများစွာကို ဂရုစိုက်ခြင်းနှင့် ဟင်းလျာမျိုးစုံကို တစ်ပြိုင်နက်တည်း ချက်ပြုတ်ရန် ရှန်းယွီပေးသော ရှုပ်ထွေးလှသည့် ညွှန်ကြားချက်များကို လိုက်နာခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြတော့သည်။
နောက်ဆုံးတွင်တော့... မှောင်စပြုနေသော ကောင်းကင်ယံ၌ ပထမဆုံး ကြယ်ပွင့်လေးများ စတင်ထွက်ပေါ်လာချိန်တွင် သူတို့၏ ကြီးမားလှသော လုပ်ငန်းကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝိညာဉ်အစားအစာများ၏ မွှေးပျံ့လှသော ရနံ့များမှာ လေထုထဲတွင် ပျံ့လွင့်နေပြီး အနားမှ ဖြတ်သွားသော ဂိုဏ်းသားများပင် မသိစိတ်မှ တံတွေးမျိုချမိရလောက်အောင် ဆွဲဆောင်နေတော့သည်။
ဟင်းချက်ပညာကျောင်းမှ တပည့်သစ် ၁၀ ဦးစလုံးမှာ အလုပ်ပြီးသည်နှင့် ကြမ်းပြင်ပေါ်သို့ အပုံလိုက် လဲကျသွားကြတော့သည်။ ပင်ပန်းနွမ်းနယ်မှုများက သူတို့ကို လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည်။ ဟင်းချက်ရခြင်းက ဘာကြောင့် ဒီလောက်အထိ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းရတာလဲ။ ၎င်းမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရသကဲ့သို့ပင်။
သူတို့ကို ပို၍ အံ့အားသင့်စေသည်မှာ ဂိုဏ်းချုပ်ကြီး ဖြစ်သည်။ ဤမျှအထိ အလုပ်လုပ်ခဲ့ရသော်လည်း သူကတော့ ကြံ့ကြံ့ခိုင်ခိုင်နှင့် နိုးကြားနေဆဲပင်။ သူသည် သူတို့အားလုံးထက် ပို၍ အလုပ်လုပ်ခဲ့ရသည် မဟုတ်ပါလား။ အရာအားလုံးကို ညှိနှိုင်းပေးခဲ့ရုံသာမက အခက်ခဲဆုံးသော ဟင်းလျာများကိုလည်း သူကိုယ်တိုင် ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းချုပ်ကြီးမှာ တကယ်ကို အထင်ကြီးစရာ ကောင်းလှပေသည်။
"မင်းတို့ တကယ် ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ မင်းတို့ တစ်ယောက်ချင်းစီ အဆင့် ၅ ဟင်းလျာ တစ်ပွဲစီ ယူသွားကြပါ"
ရှန်းယွီက ကြေညာလိုက်ပြီးနောက် အနားသို့တိုးကာ လျှို့ဝှက်သလို တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ ဒါကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦးနော်"
တပည့်များ၏ မျက်လုံးများမှာ အံ့ဩဝမ်းသာမှုကြောင့် ပြူးကျယ်သွားကြသည်။ အဆင့် ၅ ဝိညာဉ်အစားအစာ ဆိုသည်မှာ သူတို့တစ်သက်လုံး ရှာဖွေနိုင်သည့် ပမာဏထက်ပင် ပို၍ တန်ဖိုးရှိလှသည်။ သူတို့သည် တုန်ရင်နေသော လက်များဖြင့် သူတို့ ဝေစုကို လက်ခံယူရင်း ရှန်းယွီကို လေးလေးနက်နက် ဦးညွှတ်ကာ တစ်ဦးပြီးတစ်ဦး အားယူထရပ်ကြတော့သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး"
သူတို့က တစ်ညီတစ်ညွတ်တည်း ပြောဆိုကာ ထွက်ခွာသွားကြသည်။ စိတ်လှုပ်ရှားမှုကြောင့် အစောပိုင်းက ပင်ပန်းမှုများကိုပင် ခဏတာ မေ့လျော့သွားကြပုံရသည်။
ရှန်းယွီသည် ဤနေရာမှ သူ၏အလုပ်များ ပြီးဆုံးပြီဟု စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ အခြားတပည့်များကလည်း သတ်မှတ်ထားသော အဆင့်အတန်းအလိုက် အစားအစာများကို သက်ဆိုင်ရာ ဧည့်သည်များထံသို့ စတင်ဝေငှနေကြပြီ ဖြစ်သည်။ ယခု သူ၏ လက်ထဲတွင် ကျန်ရှိနေသည်မှာ ဆရာ၊ သိုင်းဒေါ်နှင့် သူ့အတွက် အဆင့် ၄ ဟင်းလျာများနှင့် လီယောင်းအတွက် အဆင့် ၂ ဟင်းလျာတို့သာ ဖြစ်သည်။
သူသည် လီယောင်းဘက်သို့ လှည့်ကာ "ယောင်းယောင်း... မင်း ဂိုဏ်းချုပ်ကြီးတွေနဲ့ သွားစားပါလား။ ဒါမှ သူတို့က ငါတို့က သူတို့ကို အထင်သေးနေတယ်လို့ မထင်မှာလေ" ဟု အကြံပြုလိုက်သည်။
မည်သည့် တုံ့ပြန်မှုမျှ မရရှိသဖြင့် သူက နောက်ထပ် နည်းလမ်းတစ်ခုကို ပြောင်းသုံးကြည့်သည်။
"စိတ်မပူပါနဲ့။ မင်းရဲ့ ဝေစုကို ငါ သေချာ သိမ်းထားပေးမယ်။ ဘယ်သူမှ မယူစေရဘူး"
သူမကို ကတိပေးလိုက်သည်။
သို့သော်လည်း သူမက တိတ်ဆိတ်နေဆဲပင်။
သူမ ဘာကြောင့် ပြန်မဖြေရတာလဲဟု ရှန်းယွီ ဇဝေဇဝါ ဖြစ်သွားကာ သူမ ထိုင်နေသည့်နေရာသို့ လျှောက်သွားလိုက်သည်။ သူက သူမ၏ မျက်နှာလေးကို အသာအယာ မော့ကြည့်
လိုက်သောအခါမှ သူမသည် ထိုင်ခုံပေါ်တွင် ထိုင်လျက်သားပင် အိပ်ပျော်နေခဲ့ကြောင်း တွေ့လိုက်ရသည်။ အနေအထားမှာ သက်သောင့်သက်သာ မရှိသော်လည်း သူမ၏ အသက်ရှူသံလေးမှာ ငြိမ်သက်အေးချမ်းနေတော့သည်။