← Chapters

ကံကြမ္မာ ပြောင်းလဲခြင်း

Vol. 43 Ch. 496

ကံကြမ္မာ ပြောင်းလဲခြင်း

Vol. 43 Ch. 496

ကျန်းလင်းမြို့ရှိ အရက်ဆိုင်ငယ် တစ်ခု၏ သီးသန့်ခန်း အတွင်း...

ကျန်းပေရန်ထံမှ စာပြန်ရရှိပြီးနောက် လင်းရှီယွင်သည် ကြေးမုံရှေ့တွင် ထိုင်ကာ သူမ၏ ဆံပင်များကို ပြင်ဆင်နေသည်။

'မျက်ခုံးမွေးက နည်းနည်း ထူးဆန်းနေသလိုပဲ...'

လင်းရှီယွင် သူမ၏ မိုးမခရွက် ပုံသဏ္ဍာန် မျက်ခုံးမွေးများကို ဖြီးသင်ရန် သစ်သားဘီးငယ်လေးကို ကောက်ယူလိုက်စဉ် အခန်းတံခါး ရုတ်တရက် ပွင့်လာသည်။ လန့်သွားသဖြင့် ကြေးမုံကို လက်သီးဖြင့် ထိုးခွဲမိမလို ဖြစ်သွားသည်။

ဘီးလေးကို ကပျာကယာ ဝှက်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ဝင်လာသူမှာ သခင်လေး ကျန်း ဖြစ်နေသည်။

'တကယ့် ပညာရှင်ကြီးပါလား... အသံ လုံးဝ မထွက်ဘဲ ရောက်လာတာပဲ'

လင်းရှီယွင်သည် ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အမြဲ စောင့်ကြည့်နေသော်လည်း ကျန်းပေရန် ရောက်လာသည်ကို လုံးဝ မသိလိုက်ပေ။ ထို့ကြောင့် ယခုလို လန့်သွားခြင်း ဖြစ်သည်။

အသက်ပြင်းပြင်း ရှူလိုက်ပြီး ကြည့်လိုက်သောအခါ ကျန်းပေရန်သည် အနက်ရောင် ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားပြီး မျက်နှာကိုပါ ဖုံးကွယ်ထားသည်ကို တွေ့လိုက်ရသည်။ လျှို့ဝှက်ဆန်းကြယ် လွန်းလှသည်။

"ရောက်တာ မြန်သားပဲ"

ကျန်းပေရန်က တံခါးပိတ်ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။

စားပွဲပေါ်မှ အရက်အိုးကို ယူပြီး ကျန်းပေရန်အတွက် တစ်ခွက် ငှဲ့ပေးရင်း လင်းရှီယွင် ပြောလိုက်သည်။

"သခင်လေးကျန်း ဆီက စာရတာနဲ့ ချက်ချင်း လာခဲ့တာပါ"

ကျန်းပေရန် ဘာမှ မပြောရသေးခင် သူမ ဆက်ပြောသည်။

"တကယ်တော့ ဒီတစ်ခေါက် လာတာက လူကိုယ်တိုင် ကျေးဇူးတင်စကား ပြောချင်လို့ပါ၊ ကျွန်မ အသက်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တဲ့ ပညာရှင် ကျန်း ကို ကျွန်မကသာ ပြန်ပြီး ကျေးဇူးဆပ်ရမှာပါ၊ ဆုလာဘ် ယူစရာ အကြောင်း မရှိပါဘူး"

"လက်ဖြန့်လိုက်"

သူမ ပြောစကားများကို မကြားချင်ယောင် ဆောင်ပြီး ကျန်းပေရန်က ပြောလိုက်သည်။ လင်းရှီယွင် ခဏ ကြောင်သွားသော်လည်း လက်ကို ကမ်းပေးလိုက်သည်။

သိုလှောင်လက်စွပ် ထဲမှ ဟင်္သာပြဒါး စွန်းထင်းနေသော စုတ်တံတစ်ချောင်းကို ထုတ်ယူပြီး လင်းရှီယွင်၏ လက်ဖဝါးပေါ်တွင် စာလုံးနှစ်လုံး ရေးလိုက်သည်။

[ဂွေရွှေ]

လင်းရှီယွင် နားမလည်စွာ ကြည့်နေသောအခါ ကျန်းပေရန် ရှင်းပြလိုက်သည်။

"ကံကြမ္မာ ဇာတာမှာ ဂွေရွှေ ပါတဲ့ လူတွေက ဉာဏ်ကောင်းတယ်၊ မာနမကြီးဘူး၊ စိတ်ရှည်တယ်၊ လုပ်စရာ ရှိတာကို တိတ်တိတ်ဆိတ်ဆိတ် လုပ်တတ်တယ်၊ လူအလိုက် စကားပြောတတ်တယ်၊ လူမှုဆက်ဆံရေး ကောင်းမွန်တယ်... အမြင့်မြတ်ဆုံးသော ကောင်းကျိုးတရားသည် ရေနှင့် တူသည် ဆိုတဲ့ စကားက ဂွေရွှေ ကို ရည်ညွှန်းတာပဲ"

"ဒါဆို ကျွန်မရဲ့ ဇာတာမှာ ရေဓာတ် လိုနေတယ်လို့ ဆိုလိုတာလား"

လက်ဖဝါးပေါ်မှ စာလုံးများကို ကြည့်ရင်း လင်းရှီယွင် မေးလိုက်သည်။

"မင်းရဲ့ ဇာတာက သတ္တဖြတ်လေးပါး လွှမ်းမိုးမှု များလွန်းနေတယ်၊ အရမ်း ရိုးသားတယ်၊ ဖြောင့်မတ်လွန်းတယ်၊ ဒါပေမဲ့ စိတ်ရှည်သည်းခံမှု အားနည်းတယ်... ဒါကြောင့် ဂွေရွှေ ဓာတ် ဖြည့်တင်းပေးတာက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ အကောင်းဆုံး နည်းလမ်းပဲ"

လင်းရှီယွင် သေချာ နားမလည်သော်လည်း အထင်ကြီး လေးစားမိသည်။

"ဒါဆိုရင် ဂွေရွှေ ဓာတ် ရအောင် ဘယ်လို လုပ်ရမလဲဟင်"

ဒီအချိန်တွင် ဆုလာဘ် မယူဘူး ဆိုသော မူလ ရည်ရွယ်ချက်ကို မေ့သွားပြီး ကံကြမ္မာ ပြောင်းလဲနည်းကိုသာ စိတ်ဝင်စားနေတော့သည်။

စက္ကူတစ်ရွက် ထုတ်လိုက်ပြီး ကျန်းပေရန်က ပုံကြမ်းတစ်ခု ဆွဲလိုက်သည်။ ထို့နောက် စာရွက်ပေါ်မှ စာလုံးများကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ဂွေရွှေ ရဲ့ စိတ်နှလုံးထဲမှာ အမြဲတမ်း ယင်းသစ်သား ရှိနေတယ်... ပြီးတော့ သူက လျှောက်ကျား ရဲ့ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်တယ်၊ ဒီအချက်ကို သေချာ မှတ်ထားပါ"

လင်းရှီယွင် ဘာမှ နားမလည်သော်လည်း ခေါင်းညိတ်ပြီး မှတ်သားထားလိုက်သည်။

ထို့နောက် ကျန်းပေရန်သည် တွက်ချက်မှုများ ဆက်တိုက် ပြုလုပ်ပြီးနောက် လက်ချောင်းများကို ရေတွက်ကာ ပြောလိုက်သည်။

"ကောင်းကင်တာဝန်ကြယ် ရဲ့ မူလ နန်းတော်က ကန်း နန်းတော် ၈ မှာ ရှိတယ်၊ ကန်း နန်းတော်မှာ မြေပြင်ပြား 'ရီ' ရှိတယ်၊ ဒါကြောင့် ကောင်းကင်တာဝန်ကြယ် သယ်ဆောင်လာတဲ့ ကောင်းကင်ပြား ပင်စည်က 'ရီ' ပဲ၊ အခု ကောင်းကင်တာဝန်ကြယ် က နန်းတော် ၇ ကို ရွှေ့သွားပြီ၊ ဒါကြောင့် နန်းတော် ၇ ရဲ့ ကောင်းကင်ပြား ပင်စည်က 'ရီ' ဖြစ်တယ်"

ဂူအောင်းခန်းထဲတွင် ရှိစဉ်ကလည်း ကျန်းပေရန်၏ ဟောပြောချက်များကို နားထောင်ခဲ့ဖူးသည်။ ထိုစဉ်ကလည်း နားမလည်ခဲ့ပေ။ သို့သော် ထွက်လာသော ရလဒ်များက အမြဲ မှန်ကန်နေသဖြင့် လေးစားခဲ့ရသည်။

ဒီတစ်ခေါက်လည်း ထိုနည်းလည်းကောင်းပင်။ နားမလည်သော်လည်း ဟောပြောနေသော ကျန်းပေရန်၏ ပုံစံသည် လူသား တစ်ယောက်ထက် နတ်ဘုရား တစ်ပါးနှင့် ပိုတူနေသည်ဟု ခံစားရသည်။

'မတွေ့ရတာ ကြာလို့လား မသိဘူး... ပိုပြီး ခန့်ညားလာသလိုပဲ'

မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူ၏ ဆွဲဆောင်မှု ညှို့ဓာတ်ကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

လင်းရှီယွင် ငေးမော ကြည့်ရှုနေစဉ် ရုတ်တရက် သူမ ခေါင်းထဲတွင် ဓားသွေးသံများ ကြားလိုက်ရပြီး သူမ တူမလေး၏ ကြောက်မက်ဖွယ် အပြုံးက မျက်စိထဲ ပေါ်လာသည်။

ဒါသည် အရင်တုန်းက အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော အခြေအနေ ဖြစ်သဖြင့် သူမ၏ ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ခေါင်းခါလိုက်ပြီး ထိုပုံရိပ်များကို မောင်းထုတ်လိုက်သည်။ ထို့နောက် မေးထောက်ပြီး ကျန်းပေရန်၏ ဟောပြောချက်များကို ဆက်လက် နားထောင်နေလိုက်သည်။

တွက်ချက်ပြီးနောက် ကျန်းပေရန်က စာရွက်ပေါ်တွင် စာကြောင်းအနည်းငယ် ရေးလိုက်သည်။

"ဒါကတော့ တိုင်လေးတိုင် ကံကြမ္မာ ပြောင်းလဲနည်း ပဲ... မင်းရဲ့ မွေးနေ့ သက္ကရာဇ် ပေါ် မူတည်ပြီး တွက်ချက်ထားတာ၊ မင်းရဲ့ ဇာတာမှာ ရွှေဓာတ် အားနည်းနေတယ် သို့မဟုတ် မရှိဘူး၊ ဒါကြောင့် သစ်သားဓာတ် ကို အသုံးပြုပြီး ကုစားပေးထားတယ်၊ ငါကတော့ ဘယ်လို လုပ်ရမယ် ဆိုတာ တွက်ချက်ပေးနိုင်ရုံပဲ... လက်တွေ့ လုပ်ဆောင်ရမှာက မင်းတာဝန်ပဲ"

ပြောပြီးသည်နှင့် စာရွက်ကို လင်းရှီယွင်ထံ တွန်းပေးလိုက်သည်။

"ဒီစာရွက်ထဲမှာ ရေးထားတဲ့အတိုင်း လိုက်လုပ်ပါ... ၃ လ နေရင် နောက်တစ်ခေါက် ထပ်တွက်ပေးမယ်"

"ဟုတ်ကဲ့"

လင်းရှီယွင် ခေါင်းညိတ်ပြီး စာရွက်ကို ဖတ်ကြည့်လိုက်သည်။

'အဝါရောင် အဝတ်အစား များများ ဝတ်ပါ... အိပ်ရာခင်းကို အပြာရောင် သုံးပါ... အိမ်ဆောက်ရင် အနောက်ဘက်ကနေ အရှေ့ဘက်ကို မျက်နှာမူပါ... အိပ်ရင် ခေါင်းကို အရှေ့ဘက် လှည့်အိပ်ပါ...'

အသေးစိတ် အချက်အလက်များကို ဖတ်ပြီးနောက် သူမ အံ့သြသွားသည်။ စားသောက်နေထိုင်မှု ပုံစံများ အားလုံး အသေးစိတ် ပါဝင်နေသည်။

"ကံကြမ္မာကို လုံးဝ ပြောင်းလဲချင်ရင် ဒီအချက်တွေ အကုန်လုံးကို တိတိကျကျ လိုက်နာရမယ်... နားလည်လား"

လင်းရှီယွင် လေးစားစွာဖြင့် ပြန်ဖြေလိုက်သည်။

"စိတ်ချပါ ... ကျွန်မ အတိအကျ လိုက်နာပါ့မယ်"

ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ဧကရာဇ် အဆိပ်ကောင် သတင်းအတွက် ကျေးဇူးတင်ပါတယ်၊ မင်းရဲ့ လုပ်ရည်ကိုင်ရည်က တော်တော် ကောင်းတာပဲ"

ကျန်းပေရန်၏ ချီးကျူးစကားကြောင့် လင်းရှီယွင် ပျော်ရွှင်သွားသည်။

"နေရာစုံ သွားလာနေရတော့ မိတ်ဆွေ ပေါများပြီး သတင်းရဖို့ လွယ်ကူတာပါ"

"အင်း... နောက်ပြီး ဧကရာဇ် အဆိပ်ကောင် ရှာရင်းနဲ့ မင်းတို့ လင်းမိသားစု နဲ့ ကိုက်ညီမယ့် လူတော် တစ်ယောက်ကို တွေ့ခဲ့တယ် မင်းနဲ့ မိတ်ဆက်ပေးချင်လို့"

လင်းရှီယွင် အံ့ဩသွားသည်။ သခင်လေးကျန်း၏ စံချိန်စံညွှန်းက အလွန် မြင့်မားသည်။ သာမန် ပါရမီရှင်များကို သူ အဖတ်လုပ်လေ့ မရှိပေ။ သူက လူတော်ဟု ညွှန်းဆိုမှတော့ ထိုလူသည် အလွန် ထူးခြားသော အရည်အချင်း ရှိသူ ဖြစ်ရပေမည်။

ဒီလို လူမျိုးကို ဘယ်မိသားစုက မလိုချင်ဘဲ ရှိပါ့မလဲ။

"ကျေးဇူးတင်ပါတယ် သခင်လေး….. အဲဒီလူ ဘယ်မှာ ရှိပါသလဲ အခု တွေ့လို့ ရမလား"

"ရတာပေါ့... မင်းနဲ့ မိတ်ဆက်ပေးချင်လို့ ခေါ်လာတာ ကျန်တာတော့ မင်းတို့ ဘာသာ ဆက်လုပ်ကြတော့... ဒါပေမဲ့ တစ်ခု သတိပေးချင်တာက ငါ့အကြောင်း သိပ်မပြောမိစေနဲ့"

"စိတ်ချပါ... ကျွန်မ သေချာ စီစဉ်လိုက်ပါ့မယ်"

လင်းရှီယွင် စကားဆုံးသည်နှင့် တံခါးခေါက်သံ ကြားလိုက်ရသည်။

"ဝင်ခဲ့"

ကျန်းပေရန် လှမ်းခေါ်လိုက်သည်။

"ကျွီ"

တံခါးပွင့်လာပြီး ကျူးရှန်ကျန်း ဝင်လာသည်။ အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ကျန်းပေရန်ကို မြင်သည်နှင့် အရိုအသေ ပေးလိုက်သည်။

"စီနီယာကြီးကို ဂါရဝပြုပါတယ်"

ထိုနေ့က အစီအရင်ထဲမှ ထွက်လာပြီးနောက် ကျူးရှန်ကျန်းသည် သူ့ကိစ္စများကို အမြန်ဆုံး ရှင်းလင်းပြီး စီနီယာကြီး၏ သတင်းကို စောင့်မျှော်နေခဲ့သည်။

လွန်ခဲ့သော ၂ ရက်က စာရွက်စွန် တစ်ကောင် ရောက်လာခဲ့ပြီး ဒီနေရာသို့ လာရန် ညွှန်ကြားခဲ့သည်။

ကျူးရှန်ကျန်း တံခါးပိတ်လိုက်သောအခါ ကျန်းပေရန် မိတ်ဆက်ပေးလိုက်သည်။

"ဒါက လင်းမိသားစု ခေါင်းဆောင်ရဲ့ ညီမလေးပဲ... မိတ်ဆက်လိုက်ကြဦး"

ကျူးရှန်ကျန်း မျက်လုံး ပြူးကျယ်သွားသည်။ စီနီယာကြီး မိတ်ဆက်ပေးမည့်သူမှာ လင်းမိသားစု၏ အောက်ခြေ လူတန်းစား သို့မဟုတ် ဧည့်အကြီးအကဲ တစ်ယောက်လောက် ဖြစ်မည်ဟု ထင်ထားခဲ့သည်။ ယခုလို အဓိက ပုဂ္ဂိုလ်ကြီး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

'စီနီယာကြီးက တကယ် အစွမ်းထက်တာပဲ'

အံ့ဩစိတ်ကို ထိန်းချုပ်ပြီး ကျူးရှန်ကျန်း အရိုအသေ ပြုလိုက်သည်။

"ကျွန်တော် ကျူးရှန်ကျန်း ပါ... လင်းသခင်မလေးကို ဂါရဝပြုပါတယ်"

လင်းရှီယွင်လည်း မတ်တတ်ရပ်ပြီး ပြန်လည် နှုတ်ဆက်လိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်"

နှစ်ယောက်သား မိတ်ဆက်ပြီးသည်နှင့် ကျန်းပေရန် ထရပ်လိုက်သည်။

"ကျန်တာ မင်းတို့ဘာသာ ဆွေးနွေးကြတော့... ငါ လုပ်စရာ ရှိသေးလို့ သွားလိုက်ဦးမယ်"

ပြောပြီးသည်နှင့် အခန်းထဲမှ ထွက်ခွာသွားလေသည်။

လင်းရှီယွင်နှင့် ကျူးရှန်ကျန်း ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည်။ အပြင်ထွက်ကြည့်လိုက်ရာ ကျန်းပေရန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

'ပညာရှင်ကြီးကတော့... အမြဲတမ်း ဒီလိုပါပဲလား'

လင်းရှီယွင် သက်ပြင်းချလိုက်ပြီး ကျူးရှန်ကျန်းကို ပြောလိုက်သည်။

"အထဲဝင်ပြီး ဆွေးနွေးကြရအောင်"

ကျူးရှန်ကျန်း ခေါင်းညိတ်လိုက်ပြီး လင်းရှီယွင် နောက်သို့ လိုက်ပါသွားသည်။

...

ကျန်းပေရန်သည် အရက်ဆိုင်မှ ထွက်ပြီးနောက် ပျံသန်းသော စံအိမ် ပေါ်သို့ တိုက်ရိုက် ပြန်လာခဲ့သည်။

ကျူးရှန်ကျန်း၏ ပါရမီဖြင့် ဆိုလျှင် ထောက်ခံစာ ရေးပေးစရာပင် မလိုပေ။ သူ့အရည်အချင်းကို ပြသလိုက်ရုံဖြင့် လင်းမိသားစုက သူ့ကို ဦးစားပေး ပြုစုပျိုးထောင်ပေးမည်မှာ သေချာသည်။

လင်းရှီယွင်၏ အကူအညီဖြင့် ကျူးရှန်ကျန်း၏ "အသတ်ခံရတော့မည်" ဟူသော စိတ်ဝေဒနာလည်း သက်သာသွားမည်ဟု မျှော်လင့်ရသည်။ လင်းမိသားစုတွင် ကောင်းကင်နှင့် မြေကြီး ပညာရပ် ကိုလည်း လေ့လာခွင့် ရပေလိမ့်မည်။

ဒီနည်းအားဖြင့် နေရာတစ်ခု ရသွားသော ကျူးရှန်ကျန်းနှင့် ပါရမီရှင် တစ်ယောက် ရသွားသော လင်းမိသားစု... နှစ်ဖက်စလုံး သူ့ကို ကျေးဇူးတင်ကြမည် ဖြစ်သည်။

'ပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ'

စံအိမ်ထဲသို့ ရောက်သောအခါ ရှီဖုန်းလန်သည် ခြံဝင်းထဲတွင် ပန်းချီ ဆွဲနေသည်ကို တွေ့လိုက်ရသည်။ အလွန် အာရုံစိုက်နေပုံ ရသည်။

"သခင်လေး... လက်ဖက်ရည် သုံးဆောင်ပါ"

ရှဲ့လင်းတန်းက လက်ဖက်ရည်ခွက် ကိုင်ပြီး ရောက်လာသည်။

နေ့တိုင်းလိုလို ရှီဖုန်းလန် ပန်းချီ ဆွဲသည်ကို မြင်ရပြီးနောက် ရှဲ့လင်းတန်းသည်လည်း အစေခံ တစ်ယောက် အနေဖြင့် ပညာရပ်တချို့ သင်ယူသင့်သည်ဟု တွေးမိသည်။ ဥပမာ - ဟင်းချက်နည်း၊ လက်ဖက်ရည် ဖျော်နည်း စသဖြင့်…..

သူမ ဘယ်လောက် ကြိုးစားကြိုးစား သခင်လေး၏ လက်ရာကို မမီနိုင်သော်လည်း သခင်လေး ပင်ပန်းချိန်တွင် အစားထိုး လုပ်ကိုင်ပေးနိုင်ရန် ရည်ရွယ်သည်။

ထို့ကြောင့် ကျန်းပေရန်ကို လက်ဖက်ရည် ဖျော်နည်း သင်ပေးရန် တောင်းဆိုခဲ့ပြီး ကျန်းပေရန်ကလည်း သင်ပေးခဲ့သည်။

လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"အင်း... မဆိုးဘူး"

ရှဲ့လင်းတန်း ဝမ်းသာသွားသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

လက်ဖက်ရည်ခွက် ကိုင်ရင်း ကျန်းပေရန် ခြံဝင်းထဲ ဆင်းလာပြီး ရှီဖုန်းလန်၏ အနောက်တွင် ရပ်ကြည့်လိုက်သည်။

ရှီဖုန်းလန်သည် ပန်းချီ ပညာရပ်တွင် ပါရမီ ပါသည်။ ကျန်းပေရန် သင်ပြပေးလိုက်သည်နှင့် ချက်ချင်း လိုက်လုပ်နိုင်စွမ်း ရှိသည်။

"ဆရာ"

ဘေးတွင် ကျင့်ကြံနေသော ချူယန်ဇယ်က ထရပ်ပြီး နှုတ်ဆက်သည်။

ကျန်းပေရန်က တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီး ရှီဖုန်းလန် ပန်းချီဆွဲနေသည်ကို ဆက်ကြည့်နေလိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ ရှီဖုန်းလန် စုတ်တံကို ချလိုက်ပြီး နောက်ဆုတ်ကာ ကြည့်လိုက်သည်။

ကျေနပ်အားရစွာ ခေါင်းညိတ်ပြီးနောက် ဘေးနားမှ ကျန်းပေရန်ကို လှည့်မေးလိုက်သည်။

"ပေရန်လေး... လှလား"

"မဆိုးပါဘူး"

ရှီဖုန်းလန် နှုတ်ခမ်းဆူလိုက်သည်။

"တခြား ပြောစရာ မရှိတော့ဘူးလား"

"စုတ်ချက် မပီပြင်ဘူး... ဖွဲ့စည်းပုံ မကျဘူး... သက်ဝင်မှု အားနည်းတယ်..."

"ဝါး"

ရှီဖုန်းလန် ငိုချလိုက်သည်။ ခေါင်းခါပြီး အော်ပြောသည်။

"တော်ပြီ... မပြောနဲ့တော့... မပြောနဲ့တော့"

"ကောင်းပြီလေ"

ရှီဖုန်းလန် နှာခေါင်းရှုံ့လိုက်ပြီး သူမ ပန်းချီကား နားသို့ ပြန်သွားကာ မေးလိုက်သည်။

"ဒါဆို ငါ့ပန်းချီကားက လှလား မလှဘူးလား"

"မဆိုးပါဘူး"

"ပေရန်လေး... နင် ငါ့ကို အနိုင်ကျင့်တယ်"

ရှီဖုန်းလန် အော်ဟစ်ပြီး အိမ်ကြီးထဲသို့ ပြေးဝင်သွားလေသည်။

လက်ဖက်ရည်ခွက်ကို ရှဲ့လင်းတန်းထံ ပေးလိုက်ပြီး ချူယန်ဇယ်ဘက် လှည့်မေးလိုက်သည်။

"ဒီနေ့ မှိုပေါက်သေးလား"

"တော်တော် သက်သာသွားပြီ ဆရာ" ချူယန်ဇယ် ပြန်ဖြေသည်။

"ဒီနေ့ ၂ ပွင့်ပဲ ပေါက်တော့တယ်"

"ဒါဆိုရင် ငါ့နည်းလမ်းက ထိရောက်တယ် ဆိုတဲ့ သဘောပဲ... လာ လေ့ကျင့်ရေးကွင်း သွားကြစို့"

"ဟုတ်ကဲ့"

...

၂ နာရီကြာ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ခြေလက်များ အကြိမ်ကြိမ် ပြတ်တောက်ခဲ့ရသော ချူယန်ဇယ်သည် မောပန်းနွမ်းနယ်စွာဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။ မနေ့ကထက် ဆရာ၏ တိုက်ခိုက်မှုများက ပိုမို ပြင်းထန်လာသည်။

ရှဲ့လင်းတန်း ပေးသော အဝတ်အစားကို လဲလှယ်ဝတ်ဆင်ပြီးနောက် ကျန်းပေရန် ပြောလိုက်သည်။

"တိုက်ခိုက်နှုန်း မြန်လာတဲ့အခါ မင်းရဲ့ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်း ကျဆင်းသွားတယ်... အဲဒါကို ပြင်ဖို့ လိုတယ်"

"ဟုတ်ကဲ့ ဆရာ"

အရင်က သူ့ခန္ဓာကိုယ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ပြီဟု ထင်ခဲ့သော်လည်း ဆရာ၏ လျင်မြန်သော တိုက်ခိုက်မှုအောက်တွင် လက်မလည် ဖြစ်သွားခဲ့သည်။

လက်ဖက်ရည် သောက်ရင်း ကျန်းပေရန် မေးလိုက်သည်။

"ဘာလို့ အဲဒီလို ဖြစ်ရတာလဲ သိလား"

ချူယန်ဇယ် အကြာကြီး စဉ်းစားသော်လည်း အဖြေမတွေ့သဖြင့် ခေါင်းခါလိုက်သည်။

"တပည့် ညံ့ဖျင်းပါတယ်... ဆရာ ရှင်းပြပေးပါ"

"မင်းရဲ့ မျက်လုံးက ကောင်းတယ်... ငါ့လှုပ်ရှားမှုတိုင်းကို မြင်နေရတယ်၊ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်က မင်းမျက်လုံးရဲ့ အမြန်နှုန်းကို မမီဘူး... ဒါကြောင့် လှုပ်ရှားမှုတွေ ပုံပျက်ကုန်တာ"

"ဆရာ... တပည့် သိပ်နားမလည်ဘူး"

ချူယန်ဇယ် ခေါင်းကုတ်လိုက်သည်။

"ကိစ္စ မရှိပါဘူး... အထိုးများများ ခံရရင် မင်းခန္ဓာကိုယ်က အလိုလို အသားကျသွားလိမ့်မယ်"

ချူယန်ဇယ် ကြောင်သွားသော်လည်း အရိုအသေ ပေးလိုက်သည်။

"ဒါဆိုရင် ဆရာ ပင်ပန်းပါဦးမယ်"

"အင်း... နားလိုက်တော့"

ကျန်းပေရန် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာလာခဲ့သည်။

"ပေရန်လေး... ဒီနေ့ရော အသားကင် စားမှာလား"

စိတ်ပြေသွားပြီ ဖြစ်သော ရှီဖုန်းလန် ပြေးလာပြီး မေးလိုက်သည်။

"မင်း စားချင်ရင် စားလေ"

"စားမယ် စားမယ်... ပိုးအိမ်ကင် လည်း စားချင်တယ်"

ကျန်းပေရန် ခေါင်းညိတ်ပြီး အသားကင်စင် နားသို့ လျှောက်သွားလိုက်သည်။

"သခင်လေး... ကျွန်မကို ကင်နည်း သင်ပေးလို့ ရမလား"

ရှဲ့လင်းတန်းက မေးလိုက်သည်။

"ရတာပေါ့... မီး အရင်မွှေးလိုက်"

ရှဲ့လင်းတန်း ပျော်ရွှင်စွာဖြင့် မီးသွားမွှေးလိုက်သည်။

အသားကင်ခြင်းသည် မခက်ခဲသော်လည်း အရသာ ရှိစေရန် ကျွမ်းကျင်မှု လိုအပ်သည်။ အသားအထူအပါး ချိန်ဆခြင်း၊ အချဉ်ရည် စပ်ခြင်း စသည်ဖြင့်…..

ကျန်းပေရန်၏ အချဉ်ရည် အများစုသည် ကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်ပြီး တစ်မျိုးချင်းစီသည် အလွန် အရသာ ရှိလှသည်။

မီးမွှေးပြီးသောအခါ ဝက်သားသုံးထပ်သား တစ်တုံးကို ယူလိုက်ပြီး ကျန်းပေရန် ပြောလိုက်သည်။

"အသားကင်မလုပ်ခင် အချဉ်ရည် စိမ်တာက အရေးကြီးဆုံး အဆင့်ပဲ... ဒီနေ့ သစ်သီးဖျော်ရည်နဲ့ ဘယ်လို စိမ်ရမလဲ ဆိုတာ သင်ပေးမယ်"

ကျန်းပေရန် ထုတ်လိုက်သော ပုလင်းများကို ကြည့်ပြီး ရှဲ့လင်းတန်း မျက်လုံး ပြူးသွားသည်။

"ဒါက သစ်တော်ပန်းဆား... ဒါက လင်းသကြား... ဒါက ဆန်လင်းဆီ..."

နာမည်ဆန်းများကို ကြားလိုက်ရသဖြင့် ရှဲ့လင်းတန်း စာအုပ်နှင့် ဘောပင်ယူပြီး လိုက်မှတ်လိုက်သည်။

ပါဝင်ပစ္စည်းများကို ရှင်းပြပြီးနောက် လတ်ဆတ်သော လိမ္မော်သီး တစ်လုံးကို ထုတ်ယူကာ ပြောလိုက်သည်။

"ဒါကတော့... ဒီဟင်းပွဲရဲ့ ဝိညာဉ်ပဲ"

All Chapters