← Chapters

ကျူးယန်

Vol. 43 Ch. 497

ကျူးယန်

Vol. 43 Ch. 497

ရှီမိသားစု လယ်တောထဲကနေ ကျန်းပေရန် ဆွဲလာခဲ့တဲ့ ဝက်လက်သားက သောင်းချီတဲ့အထဲကမှ ရွေးထုတ်ထားတဲ့ ထင်းရှူးပွင့်အဆင် ဝက်ဖြူသား ဖြစ်ပေသည်။

ဝိညာဉ်စွမ်းအင်နဲ့ မွေးမြူထားပြီး လူအစောင့်အရှောက်များဖြင့် အကောင်းဆုံး အစာတွေကိုသာ ကျွေးမွေးထားခြင်း ဖြစ်လေသည်။

ဒီလိုမျိုး မွေးမြူထားတဲ့ ဝက်သားက မွှေးကြိုင်ပြီး နူးညံ့နေတာကြောင့် ကျန်းပေရန် ပထမဆုံးအကြိမ် စားဖူးတုန်းက ဝက်သားမှ ဟုတ်ရဲ့လားလို့တောင် သံသယဝင်ခဲ့ရပေသည်။

သူက ဝက်သားကို ရေဆေးပြီး အတုံးလိုက်လှီးကာ ဘေးဖယ်ထားလိုက်သည်။

ထို့နောက် ဓားကိုကောက်ကိုင်ပြီး လိမ္မော်သီးကို အခွံနွှာလိုက်လေသည်။

လျှပ်စီးလက်သလို လျင်မြန်တဲ့ ဓားချက်အောက်မှာ လိမ္မော်ခွံက အကွင်းလိုက် ကွာကျလာပေမယ့် အထဲက အဖြူရောင် အမြှေးပါးလေးတွေကိုတော့ လုံးဝ ထိခိုက်ခြင်း မရှိချေ။

ဒါမှသာ လိမ္မော်ခွံရဲ့ ရနံ့က အကောင်းဆုံး ထွက်ပေါ်လာနိုင်မည် ဖြစ်ပေသည်။

သူက လိမ္မော်ခွံကို အမျှင်လေးတွေဖြစ်အောင် လှီးလိုက်ပြီး အထဲက အသားကိုတော့ အရည်ညှစ်လိုက်သည်။

သစ်တော်ပွင့်ဆား တစ်ဇွန်း လင်းသကြား နှစ်ဇွန်းခွဲ ချင်လုအရည် နှစ်ဇွန်း နှမ်းဆီမွှေး တစ်ဇွန်းနဲ့ ချန်လင်ဆီ နှစ်ဇွန်းတို့ကို ရောစပ်လိုက်လေသည်။

ဒါတွေအားလုံးက ကူချင်းဟွမ်း တစ်ယောက် ကျန်းပေရန်အတွက် နေရာအနှံ့ ရှာဖွေပေးထားတဲ့ ဒေသထွက် အမွှေးအကြိုင် ပစ္စည်းများ ဖြစ်ပေသည်။

ကူချင်းဟွမ်းက နေရာသစ်တစ်ခုကို ရောက်တိုင်း ဒီလိုပစ္စည်းမျိုးတွေကို အမြဲ သတိထားပြီး ဝယ်ယူလေ့ ရှိသည်။

ကျန်းပေရန်က ပစ္စည်းတွေ ရောက်လာတဲ့အခါ အကောင်းဆုံးတွေကို ရွေးထုတ်ပြီး အရသာ ပိုပေါ်လာအောင် ပြုပြင်မွမ်းမံလေ့ ရှိသည်။

အရသာ အနှစ်ရည် စပ်ပြီးသွားတဲ့အခါ ကျန်းပေရန်က အရွယ်အစားနဲ့ ပုံစံတူညီအောင် လှီးဖြတ်ထားတဲ့ ဝက်သားတုံးတွေကို အထဲသို့ထည့်ပြီး နယ်လိုက်လေသည်။

"ရှလွတ်"

ဘေးနားမှာ မှတ်စုလိုက်ရေးနေတဲ့ ရှဲ့လင်းတန်းခမျာ သွားရည်မထိန်းနိုင်တော့ဘဲ တံတွေးမြိုချမိ လေတော့သည်။

ဒီဝက်သားနဲ့လုပ်တဲ့ အသားကင်က ဘယ်လောက် စားကောင်းကြောင်း သူမသိထားပြီး ဖြစ်ပေမယ့် ဒီလောက် အာရုံစိုက်ပြီး ပြုလုပ်နေတဲ့ လုပ်ဆောင်မှု အဆင့်ဆင့်ကို မြင်ဖူးတာတော့ ဒါပထမဆုံး ဖြစ်သည်။

ရှဲ့လင်းတန်းက တံတွေးထပ်မြိုချလိုက်ရင်း ထူးဆန်းတဲ့ အချက်တစ်ခုကို ရှာတွေ့သွားခဲ့သည်။

အဲဒါကတော့ တခြားလူ ချက်ပြုတ်နေတာကို ကြည့်ရတာကလည်း ခံတွင်းမြိန်စရာ ကောင်းတယ် ဆိုတာပါပဲ။

ဟင်းပွဲရလာတာကို မြင်ရတာထက်တောင် ပိုပြီး စားချင်စိတ်ကို ဖြစ်ပေါ်စေလေသည်။

အထူးသဖြင့် သခင်လေး ဟင်းချက်နေတဲ့ ပုံစံက ကြည့်လို့ကောင်းလွန်းသည်။

ရှဲ့လင်းတန်းခမျာ သခင်လေးကို တင်စားဖို့ ဝေါဟာရတွေ ပိုသုံးချင်ပေမယ့် စာသိပ်မတတ်ရှာတော့ ကြည့်လို့ကောင်းတယ် ဆိုတဲ့ စကားလုံးကိုပဲ စဉ်းစားမိရှာသည်။

"မဖြစ်ဘူး မဖြစ်ဘူး"

ရှဲ့လင်းတန်းက ခေါင်းကို တွင်တွင်ခါလိုက်ပြီး မဖြစ်သင့်တဲ့ အတွေးတွေကို ခေါင်းထဲကနေ ထုတ်ပစ်ကာ ဟင်းချက်နည်းကိုသာ ဆက်လက် အာရုံစိုက် လေ့လာလိုက်သည်။

...

ညရောက်တဲ့အခါ ရှီဖုန်းလန် တစ်ယောက် ဘယ်လက်ထဲမှာ အသားကင် ငါးချောင်း ညာလက်ထဲမှာ ဟင်းသီးဟင်းရွက်ကင် ငါးချောင်းကို ကိုင်ပြီး ပျော်ပျော်ပါးပါးကြီး စားသောက်နေတော့သည်။

တကယ်တော့ အစပိုင်းမှာ ရှီဖုန်းလန်က ဟင်းသီးဟင်းရွက် စားရတာ သိပ်မကြိုက်ပေ။

တစ်ခါတုန်းက ကျန်းပေရန်က အာလူးကင် တစ်တုံးကို ညှပ်ပြီး သူမပါးစပ်ထဲ အတင်းထိုးထည့်ပေးခဲ့ဖူးသည်။

ကျန်းပေရန် ကင်ပေးတဲ့ အာလူးက ရနံ့မွှေးကြိုင်ရုံသာမက စားလိုက်ရင် ကြွပ်ရွနေတာကြောင့် ရှီဖုန်းလန် တစ်ယောက် မျက်လုံးအရောင် တောက်သွားပြီး မစားရမနေနိုင် ဖြစ်သွားခဲ့ရသည်။

နောက်ပိုင်းမှာတော့ သူမက စူးစမ်းလိုစိတ်နဲ့ တခြား ဟင်းသီးဟင်းရွက်ကင်တွေကိုပါ လိုက်မြည်းကြည့်တဲ့အခါ တစ်ခုနဲ့တစ်ခု မတူအောင် စားကောင်းနေတာကို တွေ့လိုက်ရသည်။

ဒါကြောင့် သူမက အသားစားရုံနဲ့ ကျေနပ်မနေတော့ပေ။

ဘေးနားက ချူယန်ဇယ်နဲ့ ရှဲ့လင်းတန်း တို့ကလည်း ပါးစပ်မပြတ်တမ်း စားနေကြပြီး စားလို့ကောင်းလိုက်တာ လို့ ပြောဖို့အချိန်တောင် မရကြရှာပေ။

ဒါပေမဲ့ စားဖိုမှူးကြီး ကျန်းပေရန်ကတော့ စားပွဲဝိုင်းမှာ ရှိမနေဘဲ ပျံသန်းသော စံအိမ် အပြင်ဘက်မှာ ရောက်လာခါစ စာတစ်စောင်ကို ဖတ်နေလေသည်။

ကူချင်းဟွမ်းရဲ့ အလုပ်လုပ်နိုင်စွမ်းကတော့ အရင်လိုပဲ ထက်မြက်နေဆဲ ဖြစ်သည်။

တစ်ရက်တည်းနဲ့ ရှေးဟောင်း အပျက်အစီးများ အကြောင်းနဲ့ သားရဲထိန်းကျောင်းသူ မဟာသခင် အကြောင်းကို စုံစမ်းလို့ ရခဲ့ပေသည်။

ဒုတိယအချက်က စုံစမ်းရတာ သိပ်မခက်လှပေ။

အဆင့်မြင့် အနက်ရောင်ပညာရှင် တစ်ယောက် ဖြစ်လာရင် နာမည်ကျော်ကြားလာမှာ အသေအချာပင် ဖြစ်သည်။

ဒါပေမဲ့ ရှေးဟောင်း အပျက်အစီးများ ကိစ္စကတော့ တော်တော်လေး ခက်ခဲပေသည်။

အနက်ရောင်သူတော်စင် အဆင့်တွေတောင် သတိထားပြီး ဝင်ထွက်ရတဲ့ နေရာမျိုးဖြစ်တာကြောင့် သာမန် ကျင့်ကြံသူတွေအနေနဲ့ သတင်းအစအန ရဖို့ဆိုတာ မလွယ်ကူလှပေ။

ဒါပေမဲ့ ကူချင်းဟွမ်းကတော့ စုံစမ်းလို့ ရခဲ့လေသည်။

မိသားစုကြီး တစ်ခုက ဂျူနီယာ တစ်ယောက်ဆီကနေ ရခဲ့ခြင်း ဖြစ်သည်။

သတင်းက သေချာပေါက် မှန်ကန်တယ်လို့ ပြောလို့မရပေမယ့် ကျန်းပေရန်ကလည်း အတွင်းရေး လျှို့ဝှက်ချက်တွေကို သိချင်တာ မဟုတ်ပေ။

သူသိချင်တာက ရှေးဟောင်း အပျက်အစီးများထဲမှာ ထူးဆန်းတဲ့ သားရဲတွေပဲ ရှိတာလား ဆိုတာကိုပါပဲ။

ဒီကမ္ဘာပေါ်က သက်ရှိတွေဆိုတာ လူသားတွေနဲ့ သားရဲတွေပဲ ရှိတာမှ မဟုတ်တာ။

ကူချင်းဟွမ်းရဲ့ ဖော်ပြချက်အရ ရှေးဟောင်း အပျက်အစီးများ ထဲက သားရဲတွေကလည်း တစ်စိတ်တစ်ဝမ်းတည်း ရှိကြတာ မဟုတ်ပေ။

သူတို့မှာ ကိုယ်ပိုင်နယ်မြေတွေ ရှိကြပြီး လူသားတွေ ကျူးကျော်လာမှသာ ချက်ချင်း လက်တွဲသွားကြခြင်း ဖြစ်လေသည်။

ဒါ့အပြင် ရှေးဟောင်း အပျက်အစီးများ ထဲမှာ ကြီးငယ်မဟူသော သားရဲမျိုးနွယ်စုတွေကလွဲရင် တခြားသက်ရှိ မရှိတာကိုလည်း အတည်ပြုနိုင်ခဲ့သည်။

ထို့နောက် သိပ်အရေးမကြီးတဲ့ သတင်းအချက်အလက် တချို့ကို ဖတ်ပြီးတဲ့နောက် နောက်ဆုံးအကြောင်းအရာက ကျန်းပေရန်ရဲ့ စိတ်ကို ဖမ်းစားသွားခဲ့သည်။

[ ကျူးယန် ]

ဒါက ရှေးဟောင်း အပျက်အစီးများထဲက စွမ်းအားကြီးတဲ့ သားရဲခေါင်းဆောင် တစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ်က လူဝံနဲ့တူကာ ခေါင်းဖြူ ခြေထောက်နီ ပုံစံရှိသည်။

လူသား အနက်ရောင်သူတော်စင် နှစ်ယောက်ကို တိုက်ထုတ်နိုင်ခဲ့တဲ့ ဂုဏ်ပြောင်တဲ့ သမိုင်းကြောင်းလည်း ရှိလေသည်။

အနက်ရောင်သူတော်စင် အချင်းချင်း တိုက်ခိုက်တာကို ကျန်းပေရန် မြင်ဖူးပေသည်။

ကာကွယ်မှု အပြည့် တိုက်ခိုက်မှု အပြည့် ပါတဲ့ ဆရာသမားကြီးတွေ ချကြတာက မိုးသံသာကြားရပြီး မိုးမရွာတဲ့ ပုံစံမျိုး ဖြစ်သည်။

တစ်ဖက်နဲ့တစ်ဖက် သိပ်ပြီး ထိခိုက်အောင် လုပ်လို့မရကြပေ။

ဒါကလည်း နယ်မြေလုတာလောက်နဲ့ အသက်ပေးပြီး မတိုက်ခိုက်ချင်ကြတာကြောင့်လည်း ဖြစ်နိုင်ပေသည်။

အဲဒီတစ်နှစ်ကျော် ကာလမှာ သူတို့က သစ်သားဓာတ် ဝိညာဉ်သွေးကြောကို လုနေကြတယ် ဆိုတာထက် သိုင်းပညာ ဖလှယ်ရင်း အားနည်းချက် အားသာချက်တွေကို ပြင်ဆင်နေကြတယ်လို့ ပြောရင် ပိုမှန်လိမ့်မည်။

လမ်းစဉ်ကို နားလည်သဘောပေါက်သွားတဲ့သူက စောစောစီးစီး ထွက်သွားကြပြီး နားမလည်သေးတဲ့သူတွေက နောက်ဆုံးအထိ ကျန်နေခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက သူတို့ထဲက ဘယ်သူကမှ သစ်သားဓာတ် ဝိညာဉ်သွေးကြောကို တကယ် စိတ်ဝင်စားပုံ မရတာကိုတော့ ကျန်းပေရန် ရိပ်မိခဲ့သည်။

ဘယ်လိုပဲပြောပြော အနက်ရောင်သူတော်စင်တွေရဲ့ စွမ်းအားကြီးမားမှုကတော့ ယုံမှားသံသယ ဝင်စရာ မလိုပေ။

တောင်ကိုရွှေ့ ပင်လယ်ကိုဖို့နိုင်တဲ့ ပညာရပ်တွေကို လိုသလို ထုတ်သုံးနိုင်ကြသူများ ဖြစ်သည်။

အဲဒီလို လူသား ထိပ်သီးပညာရှင် နှစ်ယောက်ကို တစ်ကောင်တည်းနဲ့ တိုက်ထုတ်နိုင်တယ် ဆိုကတည်းက ဒီကျူးယန်ရဲ့ ကျင့်ကြံခြင်း အဆင့်က မယုံနိုင်စရာ ကောင်းလောက်အောင် မြင့်မားနေမှာ အသေအချာပင်။

'ဒီသတင်းက အမှန်လား အမှားလား ဆိုတာတော့ မသိဘူး'

သာမန်အားဖြင့် တွေးကြည့်ရင် အနက်ရောင်သူတော်စင် နှစ်ယောက်ပေါင်းတာတောင် သားရဲတစ်ကောင်ကို မနိုင်ဘူးဆိုတဲ့ သတင်းမျိုးက ဘယ်တော့မှ အပြင်ကို ပေါက်ကြားလာမှာ မဟုတ်ပေ။

ပေါက်ကြားလာရင်တောင် ဘယ်သူကမှ ဆက်ပြီး ဖြန့်ဝံ့မှာ မဟုတ်ပေ။

အတင်းအဖျင်း ပြောရုံသက်သက်နဲ့ ကြီးမားတဲ့ အန္တရာယ်ကို ဘယ်သူမှ အရဲစွန့်ပြီး ယူကြမှာ မဟုတ်ပေ။

ဒါပေမဲ့ မိသားစု အတွင်းထဲမှာပဲ ဖြန့်ဝေတဲ့ စာမျိုးဆိုရင်တော့ ဖြစ်နိုင်ချေ ရှိပေသည်။

ဂျူနီယာတွေကို ရှေးဟောင်း အပျက်အစီးများထဲက သားရဲတွေ ဘယ်လောက် ကြောက်စရာကောင်းကြောင်း သတိပေးတဲ့ အနေနဲ့ ပြောပြတာမျိုး ဖြစ်နိုင်လေသည်။

သွေးကြွနေတဲ့ လူငယ်လေးတွေ သေလမ်း သွားမရှာမိအောင် တားဆီးတဲ့ သဘောပင် ဖြစ်သည်။

ဒါတွေကို ပေါင်းစပ်လိုက်တဲ့အခါ ကျန်းပေရန် တစ်ယောက် ရှေးဟောင်း အပျက်အစီးများ နဲ့ ပတ်သက်ပြီး ဝါးတားတား ပုံရိပ်တစ်ခုကို မြင်လာရပြီ ဖြစ်သည်။

ပျံသန်းသော စံအိမ် ပေါ် ပြန်ရောက်တဲ့အခါ ကျန်းပေရန်က အံ့ဖွယ်နဂါးတိုက်ကြီး မြေပုံကို ဖြန့်ခင်းလိုက်ပြီး ရှေးဟောင်း အပျက်အစီးများ တည်နေရာကို ရှာဖွေကာ စဉ်းစားခန်း ဖွင့်လိုက်လေသည်။

ရှေးဟောင်း အပျက်အစီးများ ရဲ့ ဧရိယာက ကျယ်ဝန်းပေမယ့် တိုင်းပြည်ခြောက်ခု နဲ့ ယှဉ်ရင်တော့ သေးငယ်ပေသည်။

အထဲမှာသာ အနက်ရောင်သူတော်စင် တွေကို ယှဉ်နိုင်တဲ့ သားရဲတွေ အများကြီး ရှိနေမယ်ဆိုရင် သူတို့က သေချာပေါက် နယ်မြေချဲ့ထွင်လာကြမှာ ဖြစ်သည်။

"ပေရန်လေး ဘာတွေ ကြည့်နေတာလဲ"

သိုးသားကင် နှစ်ချောင်းကို ကိုင်ပြီး ပြေးလာတဲ့ ရှီဖုန်းလန်က မေးလိုက်လေသည်။

"မြေပုံ"

ရှီဖုန်းလန်က ကြားတာနဲ့ စိတ်ဝင်စားမှု ပျောက်သွားပြီး လက်ထဲက သိုးသားကင် တစ်ချောင်းကို ကျန်းပေရန်ဆီ ကမ်းပေးလိုက်သည်။

"ပေရန်လေး နမ်းကြည့်လိုက် ဒါလေးက အရမ်းမွှေးတာ ငါမင်းအတွက် သက်သက် ဖယ်ထားတာ"

ကျန်းပေရန်က ခေါင်းညိတ်လိုက်ပြီး သိုးသားကင်ကို ယူကာ တစ်ကိုက် ကိုက်လိုက်သည်။

"ပြောပါဦး ဘာစားချင်သေးလဲ"

"ဟီးဟီး"

သူမရဲ့ အကြံကို လူမိသွားတာကြောင့် ရှီဖုန်းလန်က ရှက်ကိုးရှက်ကန်း ရယ်လိုက်ပြီး ပြောလိုက်သည်။

"ငါ ကျောက်ကပ်ကင် စားချင်သေးတယ်"

"မင်းကတော့ တကယ် အစားပုတ်တာပဲ"

ကျန်းပေရန်က ပြောရင်း မြေပုံကို သိမ်းလိုက်ပြီး ရှီဖုန်းလန်ကို ခေါ်ကာ ခြံဝင်းထဲသို့ ထွက်လာခဲ့လေသည်။

ကျန်းပေရန်က သံတံကျင် တစ်ဆုပ်ကို ထုတ်လိုက်ပြီး မျှော်လင့်တကြီး ကြည့်နေတဲ့ ရှီဖုန်းလန်ကို မေးလိုက်သည်။

"ချီချီလိုမျိုး သားရဲတွေနဲ့ ထပ်ပြီး ကစားချင်သေးလား"

"ချင်တာပေါ့ ချီချီက သိပ်ကစားလို့ကောင်းတာ"

ရှီဖုန်းလန်က ခေါင်းကို ဆတ်ခနဲ ညိတ်ပြရင်း ဖြေလေသည်။

"ကောင်းပြီ ဒါဆို ငါတို့ မနက်ဖြန် ထန်တိုင်းပြည်ကို သွားကြမယ်"

"အဲဒီမှာ ချီချီလိုသားရဲတွေ အများကြီး ရှိလို့လား"

"ရှိတယ်လို့ ပြောရမှာပေါ့"

ကျန်းပေရန်က ပြောရင်း အသားတွေကို တံကျင်မှာ ထိုးသီလိုက်လေသည်။

စောစောက စာထဲမှာပါတဲ့ ဒုတိယ အပိုင်းကတော့ ကူချင်းဟွမ်း ရှာတွေ့ထားတဲ့ အဆင့် ၈ သားရဲထိန်းကျောင်းသူ အကြောင်းပင် ဖြစ်သည်။

ထန်တိုင်းပြည် တစ်ခုလုံးမှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်လေသည်။

ဒီလို ပုဂ္ဂိုလ်ကြီးမျိုး ရှိနေမှတော့ ကျန်းပေရန် အနေနဲ့ သွားရောက် ဂါရဝပြုချင်မိသည်။

ရှီဖုန်းလန်ရဲ့ ပါရမီက ဘာလဲဆိုတာကို စုံစမ်းရင်း သူကိုယ်တိုင်လည်း ဗဟုသုတ အသစ်တွေ ရနိုင်ကောင်း ရနိုင်ပေသည်။

...

နောက်တစ်နေ့ မနက်ခင်းမှာတော့ ပျံသန်းသော စံအိမ်က ထန်တိုင်းပြည် ရင်ဝူစီရင်စု ကျားဆန်းခရိုင်သို့ ဆင်းသက်လာခဲ့လေသည်။

ဧည့်ဂေဟာ တစ်ခုထဲသို့ ဝင်သွားပြီးနောက် ကျန်းပေရန်က ရှီဖုန်းလန်နဲ့ ရှဲ့လင်းတန်း တို့ကို ခေါ်ပြီး တတိယထပ်က သီးသန့်ခန်း တစ်ခုဆီသို့ တက်လာခဲ့သည်။

"ဂါရဝပြုပါတယ် အကိုကြီး"

အခန်းထဲမှာ ရောက်နှင့်နေတဲ့ ကူချင်းဟွမ်း ဝူချင်းစစ်နဲ့ လော့ဝမ်ကျိုး တို့က ကျန်းပေရန်ကို ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။

"ထိုင်ကြပါ"

"ဟုတ်ကဲ့ပါ"

သုံးယောက်သား ပြန်ဖြေလိုက်ပြီး ကျန်းပေရန် နောက်က နှစ်ယောက်ကိုပါ ဂါရဝပြုလိုက်ကြသည်။

ထို့နောက်မှ နေရာအသီးသီးမှာ ဝင်ထိုင်လိုက်ကြလေသည်။

စားပွဲဝိုင်းမှာ ထိုင်လိုက်တာနဲ့ ရှဲ့လင်းတန်း လှုပ်ရှားခွင့် မရလိုက်ခင်မှာပဲ ဝူချင်းစစ်က ရေနွေးအိုးကို ယူပြီး သူ့အကိုကြီးအတွက် ရေနွေးငှဲ့ပေးလိုက်လေသည်။

"အကိုကြီး လက်ဖက်ရည် သုံးဆောင်ပါ"

"အင်း"

ကျန်းပေရန်က လက်ဖက်ရည်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်ကာ ကူချင်းဟွမ်းကို ကြည့်ပြီး မေးလိုက်သည်။

"ရှန်မိသားစု ကိစ္စ ဘယ်လို အခြေအနေ ရှိလဲ"

ကူချင်းဟွမ်းက လက်သီးဆုပ် ဂါရဝပြုရင်း ပြန်ဖြေလေသည်။

"ကျွန်တော်တို့ကို အကိုကြီး တာဝန်ပေးထားတာထက် ပိုပြီး အဆင်ပြေပါတယ် အခုဆိုရင် မဟာမိတ်ဖွဲ့ဖို့ မိသားစုကြီး သုံးခုနဲ့ ဂိုဏ်းနှစ်ဂိုဏ်းကို ရှာတွေ့ထားပါပြီ သူတို့အားလုံးက ရှန်မိသားစုကို သွေးကြွေးဆပ်ခိုင်းဖို့ သန္နိဋ္ဌာန်ချထားကြတယ်"

'ဒီရှန်မိသားစုရဲ့ လက်တံက တော်တော် ရှည်တာပဲ'

လူမသိစေချင်ရင် မလုပ်နဲ့ဆိုတဲ့ စကားအတိုင်း ဒီလောကမှာ ပြစ်ချက်မရှိတဲ့ ရာဇဝတ်မှုဆိုတာ မရှိပေ။

ဟန်မပျက် ဖုံးကွယ်ထားတယ် ထင်ရပေမယ့် အစွန်းအစ တစ်ခုလောက် ပေါ်လာတာနဲ့ စုတ်ပြဲနေတဲ့ ခြေအိတ်တစ်ဖက်လိုမျိုး အကုန်လုံး ပွင့်ထွက်လာတတ်စမြဲ ဖြစ်သည်။

ကူချင်းဟွမ်းရဲ့ စုံစမ်းထောက်လှမ်းနိုင်စွမ်းက အလွန်မြင့်မားတာကြောင့် ပထမ ဟာကွက်တစ်ခုကို တွေ့တာနဲ့ နောက်ဆက်တွဲတွေကို ဖော်ထုတ်ဖို့ဆိုတာ သူ့အတွက် သိပ်မခက်ခဲလှပေ။

"အင်း"

ကျန်းပေရန်က ခေါင်းညိတ်လိုက်ပြီး အသေးစိတ် ဆက်မမေးတော့ပေ။

ဒီကိစ္စကို ကူချင်းဟွမ်းဆီ အပြည့်အဝ လွှဲအပ်ထားမယ်လို့ သူပြောထားပြီးသားမို့ အကြံဉာဏ် သိပ်ပေးနေစရာ မလိုပေ။

"ရှေးဟောင်း အပျက်အစီးကိစ္စကရော သဲလွန်စ ထပ်ရသေးလား"

ကူချင်းဟွမ်းက ခေါင်းငုံ့ပြီး ဖြေလေသည်။

"အကိုကြီး ကျွန်တော့်ကို အချိန်နည်းနည်း ထပ်ပေးပါ ရှေးဟောင်း အပျက်အစီးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပိုရအောင် စုံစမ်းပေးပါ့မယ်"

"ကောင်းပြီ ဒါဆို ငါထပ်စောင့်လိုက်မယ်"

တကယ်တော့ မနေ့က ကူချင်းဟွမ်း ပေးပို့လိုက်တဲ့ သတင်းအချက်အလက်တွေက သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။

ဆက်ပြီး စုံစမ်းခိုင်းရတာက တန်ဖိုးရှိတဲ့ သတင်းတွေ ထပ်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မနေ့က သတင်းတွေ မှန်မမှန် အတည်ပြုချင်တာကြောင့် ဖြစ်သည်။

ခြုံပြောရရင်တော့ ပိုသိရရင် ကောင်းတယ် မသိရရင်လည်း ကိစ္စမရှိပေ။

"သည်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကိုကြီး"

ကူချင်းဟွမ်းက ဆက်ပြောလိုက်သည်။

"နောက်ပြီး အဲဒီ အဆင့် ၈ သားရဲထိန်းကျောင်းသူဆီကို တွေ့ဆုံခွင့်တောင်းစာ ပို့ဖို့ ဝမ်ယွမ်ကို စီစဉ်ခိုင်းထားပါတယ် မကြာခင် သတင်းပြန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်"

"အဲဒီပညာရှင်က မိသားစု ဒါမှမဟုတ် ဂိုဏ်းတစ်ခုခုရဲ့ ဧည့်အကြီးအကဲလား ဒါမှမဟုတ် ကိုယ်ပိုင်ဂိုဏ်းထောင်ထားတာလား တောင်ပေါ်မှာ သီးခြားနေတာလား"

အကိုကြီးရဲ့ မေးခွန်းကို ကြားတဲ့အခါ ကူချင်းဟွမ်းက ချက်ချင်း ပြန်ဖြေလေသည်။

"အဲဒီ မဟာသခင်က ချန်ဟိုင်ဂိုဏ်း ရဲ့ ဧည့်အကြီးအကဲပါ ချန်ဟိုင်ဂိုဏ်း က ထန်တိုင်းပြည် ရဲ့ ထိပ်တန်းဂိုဏ်းကြီးတွေထဲက တစ်ခုဖြစ်ပြီး အင်အားအတောင့်တင်းဆုံးပါပဲ ကြားရသလောက်တော့ ချန်ဟိုင်ဂိုဏ်း ဂိုဏ်းချုပ်က မြေကမ္ဘာအဆင့် အဆင့်မြင့် ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့အတွက် လက်တွေ့တိုက်ပွဲ စွမ်းရည်က အဆင့်တူတွေထက် ပိုသာတယ်လို့ ဆိုကြတယ်"

'မြေကမ္ဘာအဆင့် အဆင့်မြင့်...'

ဒီလို ကျင့်စဉ်မျိုးကို စနစ်ရဲ့ အချက်ပေးမှုတွေထဲမှာတောင် ကျန်းပေရန် သိပ်မတွေ့ဖူးပေ။

အနက်ရောင်သူတော်စင် အဆင့် ရောက်နေရင်တောင် လူတိုင်း မြေကမ္ဘာအဆင့် ကျင့်စဉ်ကို ပိုင်ဆိုင်ထားကြတာ မဟုတ်ပုံရသည်။

'ဒီမြေကမ္ဘာအဆင့်ဆိုတဲ့ အရာက... တကယ်ကို ရှားပါးတာပဲ'

အနက်ရောင်သူတော်စင် တွေဆိုတာ ဒီတိုက်ကြီးပေါ်မှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တွေ ဖြစ်သည်။

သူတို့မှာတောင် မြေကမ္ဘာအဆင့် အဆင့်မြင့် ကျင့်စဉ် ကိုယ်စီ မရှိကြဘူး ဆိုကတည်းက ဒီကျင့်စဉ်က ကြောက်ခမန်းလိလိ ရှားပါးကြောင်း ပြသနေခြင်း ဖြစ်သည်။

'မြေကမ္ဘာအဆင့် အဆင့်မြင့် တောင် ဒီလောက် ရှားနေမှတော့ ကောင်းကင်ဘုံအဆင့် ဆိုတာက ပုံပြင်လို ဖြစ်နေတာ မဆန်းပါဘူး'

ကျန်းပေရန် တွေးရင်း ပြီးခဲ့တဲ့ ဝိညာဉ်သွေးကြော လုပွဲကြီးကို ပြန်သတိရသွားသည်။

အဲဒီတုန်းက ဒီလူ လာပါဝင်ခဲ့သလား ဆိုတာ သူပြန်စဉ်းစားနေမိသည်။

သူ့မှတ်ဉာဏ်ထဲမှာတော့ တခြားလူတွေထက် သိသိသာသာ စွမ်းအားကွာခြားတဲ့ အနက်ရောင်သူတော်စင် ပါဝင်ခဲ့တာမျိုး မရှိပေ။

ပြန်စဉ်းစားကြည့်ပြီး မရှိတာ သေချာတော့မှ ကျန်းပေရန်က ထန်တိုင်းပြည် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မေးမြန်းလိုက်သည်။

ရှန်အချိန် ရောက်တဲ့အခါ ကူချင်းဟွမ်းက ခါးမှာချိတ်ထားတဲ့ အသံလွှင့် တံဆိပ်ပြားကို ထုတ်လိုက်ပြီး သူ့အကိုကြီးကို ပြောလိုက်သည်။

"အကိုကြီး အဆင့် ၈ သားရဲထိန်းကျောင်းသူဆီက စာပြန်လာပါပြီ ကျွန်တော်တို့ လာတွေ့တာကို လက်ခံလိုက်ပါတယ် မနက်ဖြန် သွားလို့ရပါပြီ"

"ကောင်းပြီ"

မနက်ဖြန် သွားတွေ့မယ့် ကိစ္စကို ကျန်းပေရန် ကိုယ်တိုင်သွားဖို့ အစီအစဉ် မရှိပေ။

ထုံတိုင်းပြည်က ရှီမိသားစုဆီ သွားတုန်းကနဲ့ အခြေအနေ မတူပေ။

ဟိုမှာတုန်းက ရှီဖုန်းလန် ရှိနေတာရယ် မျိုးနွယ်စု သူတော်စင်ရဲ့ စိတ်ထဲမှာ ပညာရှင်ကြီးရဲ့ တပည့်ဆိုတဲ့ ပုံရိပ်ကို တည်ဆောက်ထားနိုင်တာရယ်ကြောင့် သူ့ကို အကြံသမားတွေ သိပ်မကပ်ရဲကြပေ။

ဒါပေမဲ့ ထန်တိုင်းပြည် မှာတော့ မတူပေ။

ဘယ်သူမှ မကာကွယ်ပေးနိုင်တဲ့ အခြေအနေမှာ လမ်းမပေါ် လျှောက်သွားရင်တောင် စနစ်ရဲ့ ရွေးချယ်မှုတွေက တရစပ် ပွင့်လာနိုင်သည်။

ဒီလို ဂိုဏ်းကြီးတစ်ခုရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ စကားပြောရမယ် ဆိုရင်တော့ ပြောမနေနဲ့တော့။

ခဏလေးအတွင်းမှာတင် ပြဿနာပေါင်း သောင်းခြောက်ထောင် တက်လာနိုင်သည်။

ဒါကြောင့် သူက မနက်ဖြန် မေးမြန်းရမယ့် မေးခွန်းတွေကို ကူချင်းဟွမ်းကို ကြိုတင်မှာကြားထားပြီး သူ့အစား မေးမြန်းခိုင်းလိုက်သည်။

ကူချင်းဟွမ်းက အားလုံးကို မှတ်သားပြီးတဲ့နောက် လက်သီးဆုပ် ဂါရဝပြုကာ ပြောလိုက်သည်။

"စိတ်ချပါ အကိုကြီး ဒီကိစ္စကို အဆင်ပြေအောင် ဆောင်ရွက်ခဲ့ပါ့မယ်"

"ကောင်းပြီ"

ပြောပြီးတဲ့နောက် ကျန်းပေရန်က ရှီဖုန်းလန်ကို အားလုံးကို ပျံသန်းသော စံအိမ် ထဲ ခေါ်သွားခိုင်းလိုက်သည်။

တပည့်တွေ အားလုံး ဧည့်ခန်းမဆောင်ထဲမှာ စကားပြောနေကြချိန် သူကတော့ ဒုတိယထပ်ကို တက်သွားလိုက်သည်။

"စီနီယာအကိုကြီးကူ စီနီယာအကိုကြီးဝူ စီနီယာအကိုကြီးလော့"

ချူယန်ဇယ်က အကိုကြီး သုံးယောက်ကို မြင်တာနဲ့ ဝမ်းသာအားရ ဆီးကြို နှုတ်ဆက်လိုက်သည်။

ကူချင်းဟွမ်းက ချူယန်ဇယ်ကို တစ်ချက်ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"မင်းက ငါနောက်ဆုံးတွေ့တုန်းကနဲ့ မတူတော့သလိုပဲ"

ချူယန်ဇယ်က ရိုးအအပုံစံလေးနဲ့ ရယ်မောရင်း ပြန်ဖြေလေသည်။

"စီနီယာအကိုကြီးကူရဲ့ အမြင်အာရုံက တကယ် ထက်မြက်တာပဲ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ကျွန်တော် နောက်တစ်ကြိမ် ပိုးအိမ်ဖွဲ့ ပြီးသွားတာ ပိုးအိမ်ထဲက ထွက်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် သိပ်မပြောင်းလဲဘူး ထင်နေတာ အကိုကြီးက ကြည့်တာနဲ့ သိတယ်နော်"

တကယ်တော့ ချူယန်ဇယ်ရဲ့ အပြင်ပန်းသွင်ပြင်က သိပ်မပြောင်းလဲပေ။

ဒါပေမဲ့ ကူချင်းဟွမ်းက သဘာဝမူလကောင်းကင်ဝင်ရိုးနည်းစနစ် ကို လည်ပတ်ထားချိန်မှာ အာရုံခံနိုင်စွမ်းတွေက ပိုပြီး အားကောင်းလာခဲ့သည်။

သာမန် ကျင့်ကြံသူတွေ သတိမထားမိတဲ့ အသားအရေ ကြွက်သား သွေးကြော စတဲ့ အသေးစိတ် အချက်အလက်တွေကို အလွယ်တကူ အာရုံခံနိုင်လာသည်။

ဒီအချက်တွေမှာ ချူယန်ဇယ်က လူသားဆိုတဲ့အတိုင်းအတာ ဘောင်ကို ကျော်လွန်နေပြီ ဖြစ်သည်။

အထူးသဖြင့် ကြွက်သား အရေအတွက်က နောက်ဆုံးတွေ့တုန်းကထက် ပိုပြီး များပြားလာသည်။

"ပြောင်းလဲသွားလို့လား"

ဝူချင်းစစ်က ချူယန်ဇယ်ရဲ့ လက်မောင်းကို ပုတ်ကြည့်ရင်း မေးလိုက်သည်။

ဒီဂျူနီယာညီလေးက တိုက်ခိုက်တဲ့အချိန်မှာ လူနဲ့မတူအောင် ပြောင်းလဲသွားတတ်ပေမယ့် ပုံမှန်အချိန်မှာတော့ ပုံမှန်အတိုင်းပင် ဖြစ်သည်။

ကူချင်းဟွမ်းက ခေါင်းခါရင်း ပြောလိုက်သည်။

"မသိမသာလေး ပြောင်းလဲသွားတာ မမြင်ရတာလည်း ဆန်းတော့ မဆန်းပါဘူး"

ပြောပြီးနောက် ကူချင်းဟွမ်းက ရှဲ့လင်းတန်း ဘက်ကိုလှည့်ပြီး လက်သီးဆုပ် ဂါရဝပြုကာ ပြောလိုက်သည်။

"ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက နှုတ်ဆက်ဖို့ အချိန်မရလိုက်လို့ ဂျူနီယာညီမလေး နားလည်ပေးပါ မိတ်ဆက်ပေးရရင် ကျွန်တော့်နာမည် ကူချင်းဟွမ်းပါ နောက်နောင် ညီမလေး အကူအညီ လိုအပ်ရင် အချိန်မရွေး လာပြောလို့ ရတယ်"

လော့ဝမ်ကျိုးကလည်း ရှဲ့လင်းတန်းကို နှုတ်ဆက်လိုက်သည်။

"ဟုတ်တယ် ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက အချိန်ကပ်နေလို့ သေချာ စကားမပြောဖြစ်လိုက်ဘူး ကျွန်တော့်နာမည် လော့ဝမ်ကျိုးပါ ညီမလေး အဆင်ပြေရင် အကိုကြီးလော့လို့ ခေါ်လို့ရတယ်"

ရှဲ့လင်းတန်းက လက်ကာပြပြီး ပြောလိုက်သည်။

"အကိုကြီးတို့က ယဉ်ကျေးလွန်းနေပြီ တကယ်တော့ ကျွန်မက အစေခံ မိန်းကလေး တစ်ယောက်ပါ မထိုက်တန်ပါဘူး..."

ရှဲ့လင်းတန်း စကားမဆုံးခင်မှာပဲ ဝူချင်းစစ်က ဖြတ်ပြောလိုက်သည်။

"ဘာတွေ ထိုက်တန်တာ မထိုက်တန်တာ ပြောနေတာလဲ အကိုကြီးက ညီမလေးကို ခေါ်ထားပြီး ကျင့်စဉ်တွေ သင်ပေးနေမှတော့ မင်းက ငါတို့ရဲ့ ဂျူနီယာညီမလေးပဲပေါ့"

အားလုံးရဲ့ ဖော်ရွေတဲ့ အပြုံးတွေကို မြင်လိုက်ရတဲ့အခါ ရှဲ့လင်းတန်းရဲ့ ရင်ထဲမှာ နွေးထွေးသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ဂါရဝပြုလိုက်လေသည်။

"ဟုတ်ကဲ့ပါ ညီမလေး လင်းတန်းက အကိုကြီးတို့ကို ဂါရဝပြုပါတယ်"

All Chapters