လျှို့ဝှက်နှလုံးသား ဓူဝံကြယ် ခန္ဓာကိုယ်
Vol. 43 Ch. 498
နောက်တစ်နေ့ နေ့လယ်ချိန်တွင် ကူချင်းဟွမ်းနှင့် အဖွဲ့သည် မိုးပျံယာဉ်ဖြင့် ချန်ဟိုင်ဂိုဏ်းသို့ ရောက်ရှိလာခဲ့လေသည်။
တောင်ခြေသို့ရောက်သောအခါ ကူချင်းဟွမ်းက ဝမ်ယွမ်ကို ဂါရဝပြုပြီး ပြောလိုက်သည်။
"ဒီတစ်ခေါက် သခင်လေးဝမ် ဒုက္ခရောက်ရပါပြီ"
ဝမ်ယွမ်က တွေ့ဆုံခွင့်တောင်းစာ ပေးပို့သူ ဖြစ်သောကြောင့် သူကိုယ်တိုင် လာရောက်မှသာ သင့်တော်မည် ဖြစ်သည်။
ဝမ်ယွမ်က ပြန်လည် ဂါရဝပြုရင်း ပြောလိုက်သည်။
"ဆရာကလည်း အားနာစရာကြီး ဒါက အသေးအဖွဲ ကိစ္စလေးပါ"
ဝမ်ယွမ်က ကူချင်းဟွမ်းကို အခုလို လေးလေးစားစား ဆက်ဆံပြီး "ဆရာ" ဟု ခေါ်ဝေါ်ရခြင်းမှာ ကူချင်းဟွမ်း၏ ဉာဏ်ရည်ဉာဏ်သွေးကို လေးစားသောကြောင့် ဖြစ်သည်။
သူတို့နှစ်ယောက် ရင်းနှီးတာ သိပ်မကြာသေးပေမယ့် ကူချင်းဟွမ်းက သူ့ကို အံ့အားသင့်စရာတွေ တစ်ခုပြီးတစ်ခု ပေးစွမ်းနိုင်ခဲ့သည်။
သူ့အမြင်မှာ လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ ကိစ္စတွေက ကူချင်းဟွမ်းလက်ထဲ ရောက်သွားတာနဲ့ အလွယ်တကူ ပြေလည်သွားလေ့ ရှိသည်။
ဥပမာအားဖြင့် ရှန်မိသားစုကို တိုက်ခိုက်မည့် ကိစ္စတွင် ရှန်မိသားစု၏ အင်အားဖြန့်ကျက်ထားပုံကို သိလိုက်ရချိန်၌ ဝမ်ယွမ်တစ်ယောက် စိတ်ဓာတ်ကျသွားခဲ့ဖူးသည်။
ဒါပေမဲ့ ကူချင်းဟွမ်းကတော့ အချိန်တိုအတွင်းမှာပဲ အားကိုးရတဲ့ မဟာမိတ် အများအပြားကို စုစည်းပေးနိုင်ခဲ့သည်။
ကူချင်းဟွမ်း ဘယ်လိုလုပ်လိုက်လဲ ဆိုတာကို ဝမ်ယွမ် မသိပေမယ့် ဒီဆရာရှိနေသရွေ့ ပြဿနာအားလုံး ပြေလည်သွားမယ် ဆိုတာကိုတော့ သူယုံကြည်နေသည်။
ဒါ့အပြင် ဆရာခေါ်လာတဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း သာမန်မဟုတ်ကြပေ။
သခင်လေးလော့က သူ့ဖခင် ချီးကျူးရလောက်တဲ့ ဆေးလုံးတွေကို ဖော်စပ်နိုင်ရုံသာမက သုံးရက်အတွင်းမှာပဲ သူဝင်ဆံ့ဖို့ ခက်ခဲနေတဲ့ အသိုင်းအဝိုင်းထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
နောက်ဆုံးကျန်တဲ့ သခင်လေးဝူကတော့...
သူက စကားပြောတာ အလွန်နည်းပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။
စကားနည်းပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ပညာရှင်မျိုး ဖြစ်ပုံရသည်။
ဒီသုံးယောက်ရဲ့ အကူအညီနဲ့ ဝမ်ယွမ်က သူ့အစ်ကိုကြီးအတွက် လက်စားချေနိုင်မယ်လို့ ယုံကြည်လာရုံသာမက ဒီကိစ္စပြီးရင် ဝမ်မိသားစု တစ်ခုလုံးရဲ့ အဆင့်အတန်းလည်း မြင့်တက်လာလိမ့်မည်ဟု မျှော်လင့်နေသည်။
တွေ့ဆုံခွင့်တောင်းစာကို ချန်ဟိုင်ဂိုဏ်း တံခါးစောင့် တပည့်ထံ ပေးအပ်ပြီး ခဏအကြာတွင် သူတို့လေးယောက် ဂိုဏ်းထဲသို့ ဝင်ရောက်ခွင့် ရရှိခဲ့ကြသည်။
ဧည့်ခန်းမဆောင် တစ်ခုတွင် အဆင့် ၈ သားရဲထိန်းကျောင်းသူ မဟာသခင် ယိုဇီကျန်းနှင့် တွေ့ဆုံခွင့် ရခဲ့သည်။
"ဂျူနီယာ ဝမ်ယွမ်က မဟာသခင် ယိုကို ဂါရဝပြုပါတယ်"
ဝမ်ယွမ်က ရှေ့ထွက်ပြီး ဦးစွာ နှုတ်ဆက်လိုက်သည်။
အကြောင်းမှာ သူတို့အဖွဲ့ထဲတွင် ဒီပုဂ္ဂိုလ်ကြီးနှင့် သိကျွမ်းသူမှာ သူတစ်ယောက်သာ ရှိသောကြောင့် ဖြစ်သည်။
ယိုဇီကျန်းက ခေါင်းညိတ်ပြီး ပြုံးကာ ပြောလိုက်သည်။
"ဝမ်မိသားစုက ကောင်လေး လာတွေ့မယ်လို့ ထင်မထားဘူး မင်းအဖေ နေကောင်းရဲ့လား"
"အဖေက... သိပ်နေမကောင်းပါဘူး"
ဝမ်ယွမ်က ရိုးသားစွာ ဖြေကြားလိုက်သည်။
လောကတွင် အနာကျင်ရဆုံး အရာမှာ သားသမီးကမိဘထက် စောပြီး သေဆုံးသွားခြင်းပင် ဖြစ်သည်။
ရုတ်တရက် ကြုံတွေ့လိုက်ရတဲ့ သားသေဆုံးမှုကြောင့် ဖခင်ဖြစ်သူရဲ့ နာကျင်မှုကို ဝမ်ယွမ် နားလည်လေသည်။
"ဟေ"
ယိုဇီကျန်းက ဟန်ဆောင်ပြီး မေးလိုက်တာ ဖြစ်ပေမယ့် ဒီလိုအဖြေမျိုး ရလာမယ်လို့ ထင်မထားခဲ့ပေ။
"မင်းအဖေ ဘာဖြစ်လို့လဲ"
ဝမ်ယွမ်က သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက အစ်ကိုကြီး လုပ်ကြံခံလိုက်ရပါတယ် အဖေက သတင်းကြားပြီး ဒေါသထွက်လွန်းလို့ သွေးအန်ပြီး လဲသွားခဲ့ပါတယ် ကျင့်စဉ်ပါ ပျက်လုနီးပါး ဖြစ်သွားခဲ့ရတယ်"
"ဒီလိုကိစ္စမျိုး ရှိတယ်လား တရားခံကိုရော မိပြီလား"
ဝမ်ယွမ်ကျန်း လုပ်ကြံခံရမှုက ဒေသတွင်းမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပေမယ့် ချန်ဟိုင်ဂိုဏ်းနဲ့ လင်းမိသားစုက မတူညီတဲ့ ခရိုင် မတူညီတဲ့ ပြည်နယ်တွေမှာ ရှိနေကြတာကြောင့် မသိကြတာ မဆန်းပေ။
ဝမ်မိသားစုကလည်း သတင်းမပို့ထားတာကြောင့် သူတို့ မသိနိုင်ပေ။
အစ်ကိုကြီးအကြောင်း ပြောရတဲ့အခါ ဝမ်ယွမ်ရဲ့ ရင်ထဲမှာ ဝမ်းနည်းမှုတွေ ပျောက်ကွယ်သွားပြီး လက်စားချေလိုစိတ်တွေသာ ပြင်းထန်လာခဲ့သည်။
"စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ မဟာသခင် တရားခံကိုတော့ စုံစမ်းနေတုန်းပါပဲ"
"ဟူး"
ယိုဇီကျန်းက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
"ဒီလိုကိစ္စမျိုး ဖြစ်သွားလိမ့်မယ်လို့ ထင်မထားဘူး မင်းအဖေ ခံစားနေရရှာမှာပဲ"
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ယိုဇီကျန်းက ခေါင်းမော့လာပြီး ပြောလိုက်သည်။
"ငါကူညီပေးနိုင်တာ ရှိရင် အားမနာနဲ့ပြောပါ တူလေး"
"ကျေးဇူးတင်ပါတယ် မဟာသခင်"
ဝမ်ယွမ်က ရိုသေစွာ ဂါရဝပြုလိုက်သည်။
ယိုဇီကျန်းက ခေါင်းညိတ်ပြီး ဆက်မေးလိုက်သည်။
"ဒါနဲ့ ဒီနေ့ ငါ့ဆီလာတာ ဘာကိစ္စများ ရှိလို့လဲ"
အလုပ်ကိစ္စ ရောက်လာတဲ့အခါ ဝမ်ယွမ်က စိတ်ခံစားချက်တွေကို ဘေးဖယ်ထားလိုက်ပြီး နောက်က သုံးယောက်ကို မိတ်ဆက်ပေးလိုက်သည်။
"ဒီနေ့ လာရတဲ့ အကြောင်းရင်းကတော့ ကျွန်တော့် သူငယ်ချင်းတွေက မဟာသခင်ဆီမှာ သားရဲထိန်းကျောင်းခြင်း ပညာရပ်နဲ့ ပတ်သက်ပြီး လမ်းညွှန်မှု ခံယူချင်လို့ပါ"
ယိုဇီကျန်းက သဘောကျစွာ ရယ်မောလိုက်သည်။
"ကိစ္စမရှိပါဘူး မင်း သူငယ်ချင်းတွေပဲ ငါသိသလောက် အကုန် ပြောပြပေးမှာပေါ့"
"ဒါဆိုရင် ကျွန်တော့် သူငယ်ချင်းတွေ ကိုယ်စား ကျေးဇူးတင်ပါတယ်"
ဝမ်ယွမ်က ထပ်မံ ဂါရဝပြုလိုက်သည်။
"ရပါတယ် ကိစ္စမရှိဘူး"
အခြေအနေ ကောင်းမွန်လာပြီ ဖြစ်တာကြောင့် ကူချင်းဟွမ်းက ရှေ့ထွက်ပြီး ဂါရဝပြုလိုက်သည်။
"ဂျူနီယာ ကူဖန်းရဲ့ က မဟာသခင် ယိုကို ဂါရဝပြုပါတယ်"
ဒါက ကူချင်းဟွမ်း ထန်တိုင်းပြည် ရောက်ကတည်းက သုံးနေတဲ့ နာမည်ဝှက် ဖြစ်သည်။
ယိုဇီကျန်းက ပြုံးပြီး ကူချင်းဟွမ်းကို အကဲခတ်လိုက်သည်။
"မဆိုးဘူး ရုပ်ရည်သန့်ပြန့်သားပဲ မင်းက သားရဲထိန်းကျောင်းသူလား"
ကူချင်းဟွမ်းက ပြန်ဖြေလိုက်သည်။
"ဂျူနီယာမှာ အဲဒီလို ကံပါမလာပါဘူး သားရဲထိန်းကျောင်းခြင်း လမ်းစဉ်ကို လျှောက်လှမ်းခွင့် မရခဲ့ဘူး အဲဒါကြောင့် အမြဲတမ်း စိတ်မကောင်း ဖြစ်ရပါတယ်"
"သားရဲထိန်းကျောင်းခြင်း လမ်းစဉ်က ပါရမီအပေါ် အများကြီး မူတည်တယ် မဟုတ်ရင် သားရဲတွေက မင်းကို အလိုလို ယဉ်ပါးလာမှာ မဟုတ်ဘူး ဒါနဲ့ မင်းက သားရဲထိန်းကျောင်းသူ မဟုတ်ရင် ငါ့ကို ဘာမေးချင်လို့လဲ"
ကူချင်းဟွမ်းက ဝူချင်းစစ် ရှိရာဘက်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"တကယ်တော့ ဒီနေ့လာတာက သူ့အတွက်ပါ သူက စကားပြော မတတ်လို့ မဟာသခင် စိတ်ငြိုငြင်မှာ စိုးရိမ်တဲ့အတွက် ကျွန်တော့်ကို ကိုယ်စား ပြောခိုင်းတာပါ ခွင့်လွှတ်ပေးပါခင်ဗျာ"
"ဟားဟားဟား"
ယိုဇီကျန်းက သဘောကျစွာ ရယ်မောလိုက်သည်။
"ဒီလောက်ထိ သတိထားနေစရာ မလိုပါဘူး ဒါဆို မင်းသူငယ်ချင်းက ဘာမေးချင်တာလဲ"
ကူချင်းဟွမ်းက ဆက်ပြောလိုက်သည်။
"ကျွန်တော့် သူငယ်ချင်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်က သွေးအရိပ် သားရဲ တစ်ကောင်ကို ဖမ်းမိခဲ့ပါတယ် ပုံမှန်အချိန်ဆိုရင် သွေးအရိပ် သားရဲက သူ့ကို စီးနင်းခွင့်ပြုသလို တိုက်ပွဲတွေမှာလည်း ကူညီပေးပါတယ် ဒါပေမဲ့ တစ်ခါတလေကျရင် သူသတိမထားမိတဲ့အချိန် အလစ်ဝင်တိုက်တတ်ပါတယ် အဲဒါ ဘာကြောင့်လဲဆိုတာ သိချင်လို့ပါ"
ယိုဇီကျန်းက ဒီလိုကိစ္စမျိုးကို မကြာခဏ ကြားဖူးပုံရပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"သားရဲတစ်ကောင် လုံးဝ ယဉ်ပါးလာဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စပဲ ကျင့်ကြံမှု မြင့်မားလေ ပါရမီမြင့်မားလေ ပိုခက်ခဲလေပဲ"
"ဒါဆိုရင် သားရဲတစ်ကောင် လုံးဝ ယဉ်ပါးလာအောင် ဘယ်လိုလုပ်ရမလဲ ခင်ဗျာ"
ကူချင်းဟွမ်းက အခွင့်ကောင်းယူပြီး မေးလိုက်သည်။
"အဲဒါအတွက် အချက်အလက်တွေ အများကြီး လိုအပ်တယ် စကားတစ်ခွန်းနှစ်ခွန်းနဲ့ ပြောပြလို့ မရဘူး မင်းသူငယ်ချင်းက တကယ် စိတ်ဝင်စားတယ် ဆိုရင်တော့ သားရဲထိန်းကျောင်းသူ အသင်းကို ဝင်ပြီး သေချာ လေ့လာသင့်တယ်"
"သူလည်း အဲဒီလို စိတ်ကူးရှိပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေက ဒီဒေသကို ရောက်တာ မကြာသေးတော့ ဘယ်အသင်းကို ဝင်ရမလဲ မသိဖြစ်နေတာပါ"
ယိုဇီကျန်းက ရယ်မောပြီး ပြောလိုက်သည်။
"မင်းတို့ ငါ့ဆီတောင် ရောက်လာမှတော့ ငါ ထောက်ခံစာ ရေးပေးလိုက်မယ် ငါ့တပည့် တစ်ယောက်ကိုလည်း ထည့်ပေးလိုက်မယ် သူက ငါရှိတဲ့ သားရဲထိန်းကျောင်းသူ အသင်းဆီ ခေါ်သွားပေးလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် မဟာသခင်"
ဝူချင်းစစ်ကလည်း ရှေ့ထွက်ပြီး ကူချင်းဟွမ်းနဲ့အတူ ဂါရဝပြုလိုက်သည်။
"ရပါတယ် ရပါတယ် မင်းတို့ ငါ့ဆီ ရောက်လာမှတော့ ငါ့ရဲ့ အတွေ့အကြုံ တစ်ခုကို လက်ဆောင်ပေးလိုက်မယ်"
"ကောင်းမွန်စွာ နားထောင်မှတ်သားပါ့မယ်"
ဝူချင်းစစ်က ချက်ချင်း ပြန်ဖြေလိုက်သည်။
"အင်း"
ယိုဇီကျန်းက ခေါင်းညိတ်ပြီး ဆက်ပြောသည်။
"သားရဲတွေဆိုတာ ယဉ်ပါးဖို့ ခက်ခဲတယ် မွေးရာပါ ပင်ကိုယ်စရိုက်အရ အားကြီးတဲ့သူကိုပဲ နာခံတတ်ကြတယ် ဒါကြောင့် သူတို့နဲ့ သူငယ်ချင်း ဖြစ်ဖို့ မကြိုးစားနဲ့ အင်အားသုံးပြီး သိမ်းသွင်းမှ ရမယ် သူတို့ရဲ့ အသက်သခင်က မင်းဖြစ်တယ် ဆိုတာကို သိအောင် လုပ်ရမယ်"
ဝူချင်းစစ်က လက်သီးဆုပ် ဂါရဝပြုရင်း ပြောလိုက်သည်။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ"
ဘေးနားက ကူချင်းဟွမ်းက အချိန်ကိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
"စီနီယာ ဂျူနီယာမှာ မေးစရာ တစ်ခု ရှိပါသေးတယ်"
"မေးလေ"
"တချို့လူတွေက မွေးရာပါ သားရဲတွေကို ဆွဲဆောင်နိုင်ပြီး သားရဲတွေနဲ့ သူငယ်ချင်းလို ရင်းနှီးသွားနိုင်တယ်လို့ ကြားဖူးပါတယ် အဲဒါ တကယ်ပဲလား ခင်ဗျာ"
ယိုဇီကျန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"အဲဒီစကားက မှန်တယ်"
ထို့နောက် ကူချင်းဟွမ်း ဘာမှ ဆက်မမေးရသေးခင် သူက ဆက်ပြောလိုက်သည်။
"အဲဒီလို လူမျိုးကို သားရဲထိန်းကျောင်းသူ လောကမှာ 'လျှို့ဝှက်နှလုံးသား ဓူဝံကြယ် ခန္ဓာကိုယ်' ပိုင်ရှင်လို့ ခေါ်ကြတယ် အဲဒီလိုလူတွေက သားရဲတွေရဲ့ ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်ကြတယ် ငါစောစောက ပြောသလို အင်အားသုံးပြီး သိမ်းသွင်းစရာ မလိုဘဲ မိတ်ဆွေဖွဲ့တဲ့ နည်းလမ်းနဲ့ ယဉ်ပါးအောင် လုပ်နိုင်ကြတယ်"
ကူချင်းဟွမ်းက အံ့သြဟန်ဆောင်ပြီး ပြောလိုက်သည်။
"လောကကြီးက ကျယ်ပြောလိုက်တာ ဒီလို ထူးဆန်းတဲ့ ခန္ဓာကိုယ်မျိုး ရှိလိမ့်မယ်လို့ ထင်မထားဘူး ဂျူနီယာက ဒါကို ကောလာဟလ သက်သက်ပဲ ထင်နေခဲ့တာ ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ မဟာသခင်"
"မင်း မသိတာ မဆန်းပါဘူး ဒီလိုခန္ဓာကိုယ် ပိုင်ရှင်တွေက အင်မတန် ရှားပါးတယ် ဒါပေမဲ့ ဒါက သားရဲထိန်းကျောင်းသူ တိုင်း လိုချင်မက်မောကြတဲ့ ခန္ဓာကိုယ်ပါပဲ"
"ဪ ဒါကြောင့်ကိုး မဟာသခင်က တကယ် ဗဟုသုတ များတာပဲ"
ဒီအကြောင်း သိရပြီဖြစ်တာကြောင့် သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သည်။
ထို့နောက် ကူချင်းဟွမ်းက ယိုဇီကျန်းကို ချီးကျူးစကား အနည်းငယ် ပြောပြီးနောက် လေးယောက်သား နှုတ်ဆက် ထွက်ခွာလာခဲ့ကြသည်။
တောင်ခြေသို့ ရောက်သောအခါ ဝူချင်းစစ်က ယိုဇီကျန်း၏ တပည့်နှင့်အတူ သားရဲထိန်းကျောင်းသူ အသင်းသို့ လိုက်သွားရမည် ဖြစ်သဖြင့် ကူချင်းဟွမ်းက ဝမ်ယွမ်ကို နှုတ်ဆက်လိုက်သည်။
"ဒီတစ်ခေါက် သခင်လေးဝမ်ကို ကျေးဇူးတင်ပါတယ် သခင်လေး မျက်နှာသာ မပါရင် ချန်လင်း (ဝူချင်းစစ်၏ နာမည်ဝှက်) အနေနဲ့ အဆင့် ၈ သားရဲထိန်းကျောင်းသူရဲ့ ထောက်ခံစာကို ဒီလောက်လွယ်လွယ် ရမှာ မဟုတ်ပါဘူး"
"ကိစ္စမရှိပါဘူး ဆရာ စိတ်ထဲ မထားပါနဲ့"
"ကျွန်တော်တို့ နှစ်ယောက်က ချန်လင်း ပြန်လာတာကို ဒီမှာပဲ စောင့်လိုက်ပါ့မယ် သခင်လေးဝမ်က အလုပ်များတဲ့သူဆိုတော့ အရင် ပြန်နှင့်ပါ"
ဝမ်ယွမ်က ပြန်ပြောလိုက်သည်။
"ညကျရင် အဖေနဲ့အတူ အရေးကြီး ဧည့်သည် တစ်ယောက်ကို တွေ့ရမှာမို့ ကျွန်တော် အရင်ပြန်နှင့်ပါ့မယ် ညကျမှ အိမ်မှာ ပြန်တွေ့ကြတာပေါ့"
"ကောင်းပါပြီ အိမ်ကျမှ တွေ့မယ်"
ဝမ်ယွမ် ပြန်သွားပြီးနောက် ကူချင်းဟွမ်းက မနီးမဝေးရှိ မြို့ငယ်လေး တစ်ခုထဲသို့ ဝင်သွားပြီး အဆောင်လက်ဖွဲ့ စာရွက်ကို ထုတ်မလို့ လုပ်တုန်းမှာပဲ နားထဲမှာ အသံတစ်ခု ကြားလိုက်ရသည်။
"လက်ဖက်ရည်ဆိုင် သခင်လေးချူကို ရှာလိုက်"
ကူချင်းဟွမ်းက ချက်ချင်း သဘောပေါက်သွားပြီး လော့ဝမ်ကျိုးကို ခေါ်ကာ လက်ဖက်ရည်ဆိုင်သို့ သွားလိုက်သည်။
ဆိုင်ရှေ့ရောက်တာနဲ့ စားပွဲထိုးလေးက ပြေးထွက်လာပြီး ကြိုဆိုလေသည်။
"ဧည့်သည်တော်ကြီးများ ကြွပါ ခင်ဗျာ"
"ငါတို့ သခင်လေးချူကို လာရှာတာ"
စားပွဲထိုးလေးက ချက်ချင်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"သခင်လေးချူလား ရှိပါတယ် ရှိပါတယ် ဒီဘက် ကြွပါ"
စားပွဲထိုးလေးရဲ့ လမ်းပြမှုနဲ့ ဒုတိယထပ်က သီးသန့်ခန်း တစ်ခုဆီ ရောက်လာခဲ့ကြသည်။
စားပွဲထိုးလေး ပြန်ထွက်သွားတာနဲ့ သူတို့နှစ်ယောက်က လက်ဖက်ရည် သောက်နေတဲ့ အကိုကြီးကို ဂါရဝပြုလိုက်ကြသည်။
"အကိုကြီး"
"မေးလို့ ရခဲ့လား"
ကျန်းပေရန်က မေးလိုက်သည်။
"ရခဲ့ပါတယ်"
ကူချင်းဟွမ်းက ခေါင်းညိတ်ပြီး စောစောက ကြားခဲ့ရတဲ့ စကားတွေကို ပြန်ပြောပြလိုက်သည်။
'လျှို့ဝှက်နှလုံးသား ဓူဝံကြယ် ခန္ဓာကိုယ် တဲ့လား...'
လျှို့ဝှက်နှလုံးသား ဆိုတာကိုတော့ ကျန်းပေရန် နားမလည်ပေမယ့် ဓူဝံကြယ် ဆိုတာကိုတော့ ရိပ်မိလိုက်သည်။
ဓူဝံကြယ်မြက်ပင် ဆိုတာက သားရဲတွေ အလွန်ကြိုက်နှစ်သက်တဲ့ အပင်ဖြစ်ပြီး စွဲလမ်းစေတတ်သော အာနိသင် ရှိလေသည်။
သားရဲတချို့ဆိုရင် ဓူဝံကြယ် မြက်ပင်ကို တစ်ရက် မစားရရင် မနေနိုင် ဖြစ်တတ်သည်။
'တကယ် လိုက်ဖက်တဲ့ နာမည်ပဲ'
ဒီလို ခန္ဓာကိုယ်မျိုး တကယ် ရှိတယ်ဆိုမှတော့ ရှီဖုန်းလန်ရဲ့ အခြေအနေကို ကျန်းပေရန် အတည်ပြုလို့ ရသွားပြီ ဖြစ်သည်။
သူမက ရှားပါးတဲ့ လျှို့ဝှက်နှလုံးသား ဓူဝံကြယ် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်ဖို့များသည်။
ရှီဖုန်းလန် ကိုယ်တိုင် သွားပြီး စစ်ဆေးခိုင်းလို့ ရပေမယ့် မလုပ်တာက ဒီလိုခန္ဓာကိုယ်မျိုးက သူမအတွက် ဒုက္ခရောက်စေနိုင်လို့ ဖြစ်သည်။
သားရဲထိန်းကျောင်းသူ အသင်းတွေက သူမကို အလုအယက် လိုချင်ကြမှာ သေချာသလို လူဆိုးတွေကလည်း သူမရဲ့ စွမ်းရည်ကို အသုံးပြုပြီး အန္တရာယ်ရှိတဲ့ ကိစ္စတွေကို လုပ်ခိုင်းလာနိုင်ပေသည်။
ဒါကြောင့်လည်း ကျန်းပေရန်က ကူချင်းဟွမ်းကို သွယ်ဝိုက်ပြီး မေးခိုင်းခဲ့တာ ဖြစ်သည်။
ပျံသန်းသော စံအိမ် ပေါ်မှာ ရှိနေတဲ့ ရှီဖုန်းလန်ကို တွေးမိရင်း ဒီကိစ္စကို ရှီမိသားစုဆီ ပြောပြသင့် မသင့် ကျန်းပေရန် စဉ်းစားနေမိသည်။
ရှီဖုန်းလန်ကို ကာကွယ်ချင်ရင်တော့ ဒီကိစ္စကို သိတဲ့လူ နည်းလေ ကောင်းလေ ဖြစ်သည်။
ဒါက သာမန် ခန္ဓာကိုယ်ထူး ပိုင်ရှင်တွေနဲ့ မတူဘဲ သားရဲတွေနဲ့ မိတ်ဆွေဖွဲ့နိုင်တဲ့ စွမ်းရည်က အလွန် ထူးခြားလွန်းလှသည်။
သူမကို အသုံးချပြီး သားရဲတွေရဲ့ ဝိညာဉ်ကို ထုတ်ယူကာ လက်နက်တွေထဲ ထည့်ပြီး အတုအယောင် ဝိညာဉ်လက်နက်တွေ ဖန်တီးတာမျိုး လုပ်လာနိုင်သည်။
ဒါမှမဟုတ် လူသားတွေ ဝင်ခွင့်မရှိတဲ့ ရှေးဟောင်း အပျက်အစီးများ လို နေရာမျိုးကို သွားခိုင်းတာမျိုးလည်း ဖြစ်လာနိုင်သည်။
ရှီဖုန်းလန်ရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်း အသုံးချနိုင်ရင် အကျိုးကျေးဇူး များပြားပေမယ့် သူမကိုယ်တိုင်ကတော့ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမည် ဖြစ်သည်။
ဒီလို ခန္ဓာကိုယ်က ရှားပါးတယ် ဆိုပေမယ့် ရှီဖုန်းလန် တစ်ယောက်တည်း ရှိတာတော့ မဟုတ်လောက်ပေ။
တခြားလူတွေရော ဒီလို အသုံးချမခံရဘူးလား။
ကျန်းပေရန်က ကူချင်းဟွမ်းကို မေးလိုက်သည်။
"အဲဒီ မဟာသခင်က တခြား လျှို့ဝှက်နှလုံးသား ဓူဝံကြယ် ခန္ဓာကိုယ် ပိုင်ရှင်တွေအကြောင်း ပြောပြသေးလား"
"ကျွန်တော် မေးကြည့်ပါတယ် ဒါပေမဲ့ သူက မပြောချင်တာလား တကယ် မသိတာလားတော့ မသိဘူး ဘာမှ ပြန်မဖြေဘူး"
ကျန်းပေရန်က မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။
သူထင်ထားသလိုပဲ ရှီဖုန်းလန်ရဲ့ ပါရမီက အလွန် အဖိုးတန်လွန်းနေသည်။
သူမရဲ့ မိသားစုဝင်တွေတောင် မကောင်းတဲ့ စိတ်ကူးတွေ ရှိလာနိုင်သည်။
'သူမအဖေကို ပြောပြလိုက်ရင် ကောင်းမလား'
အရင်က အဖြစ်အပျက်တွေကို ကြည့်ရတာ ရှီဖုန်းလန်ရဲ့ အဖေက သမီးကို အရမ်းချစ်ပုံရသည်။
သူ့ကို ပြောပြပြီး ဆုံးဖြတ်ခိုင်းတာ အကောင်းဆုံး ဖြစ်လိမ့်မည်။
ဒါပေမဲ့ ပြဿနာ တစ်ခု ရှိနေသည်။
ရှီဖုန်းလန်ရဲ့ အဖေက သူ့ကို တစ်ခါမှ လာမတွေ့ဖူးပေ။
သူ့သမီးကို လာမတွေ့တာက ဂူရှန်ဝမ် မှာထားလို့ ဆိုရင်တောင် သူ့ကို လာမတွေ့ရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။
ဂူရှန်ဝမ်က အဲဒါကိုပါ တားမြစ်ထားတာလား။
'ထားလိုက်တော့ ငါသွားမရှာရင် သူနဲ့ တွေ့ရမှာ မဟုတ်ဘူး စမ်းကြည့်တာပေါ့'
အချိန်ဆွဲမနေတော့ဘဲ ကူချင်းဟွမ်းတို့ကို အသင့်စောင့်နေခိုင်းပြီး ကျန်းပေရန်က ပျံသန်းသော စံအိမ် ဆီ ပြန်လာခဲ့သည်။
ထို့နောက် ရှီဖုန်းလန်ကို နေအိမ်သို့ ပြန်မောင်းခိုင်းလိုက်သည်။
ရှီမိသားစု အိမ်တော်သို့ ရောက်သည်နှင့် ကျန်းပေရန်က ရှီဟုန်ဖန် ကို သွားတွေ့လိုက်သည်။
"ဟေ"
ရှီဟုန်ဖန်က ကျန်းပေရန်ကို မြင်တော့ အံ့သြသွားသည်။
"မင်း ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက နှုတ်ဆက်ပြီး ထွက်သွားတာ ကြာကြီးနေမှ ပြန်လာမယ် ထင်နေတာ ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ"
ကျန်းပေရန် ကိုယ်တိုင်ကလည်း ကိစ္စပြီးရင် ရှန့်တိုင်းပြည် ပြန်မယ်လို့ စိတ်ကူးထားပေမယ့် ကံတရားက သူ့ကို ဒီနေရာဆီ ပြန်ပို့လိုက်ပြန်ပြီ ဖြစ်သည်။
လူအကြံထက် ဘုရားအကြံက ပိုကြီးတယ်လို့ပဲ ဆိုရမလို ဖြစ်နေသည်။
"ကိစ္စလေး တစ်ခု ပေါ်လာလို့ အိမ်တော်သခင်ကို အကူအညီ တောင်းချင်လို့ပါ"
"ပြောပါ"
ရှီဟုန်ဖန်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
"ကျွန်တော် ရှီဖုန်းလန်ရဲ့ ဖခင်နဲ့ တွေ့ဆုံ ဆွေးနွေးစရာ ရှိလို့ပါ အဆင်ပြေမလား မသိဘူး"
ရှီဟုန်ဖန်က ဒီလို တောင်းဆိုမှုမျိုး လာမယ်လို့ ထင်မထားတာကြောင့် ကြောင်သွားပြီး ပြန်မေးလိုက်သည်။
"မင်း သူ့အဖေကို တွေ့ချင်တာ သေချာလို့လား"
"ဟုတ်ကဲ့ သေချာပါတယ်"
ကျန်းပေရန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် ကြိုသတိပေးထားရလိမ့်မယ် သူ့အဖေက မင်းကို မြင်ရင် သိပ်ကြည်မှာ မဟုတ်ဘူး"
"ကိစ္စမရှိပါဘူး ကျွန်တော် ခံနိုင်ရည် ရှိပါတယ်"
"ကောင်းပြီလေ ဒါဆို ငါမေးပေးမယ်"
ရှီဟုန်ဖန်က ကြားကနေ ပြောပေးမယ် ဘာညာ မပြောတော့ပေ။
ကျန်းပေရန်က ရှီဖုန်းလန်ရဲ့ အဖေကို တွေ့ချင်တယ် ဆိုကတည်းက လူချင်းတွေ့မှ ပြောလို့ရမယ့် ကိစ္စမျိုး ဖြစ်နေလို့ပင် ဖြစ်မည်။
သူသိသလောက် ကျန်းပေရန်က ပြဿနာ ရှာတတ်တဲ့လူ မဟုတ်ပေ။