← Chapters

လင်းဂိုဏ်း၏ဘိုးဘေးသေပြီ

Vol. 1 Ch. 483

လင်းဂိုဏ်း၏ဘိုးဘေးသေပြီ

Vol. 1 Ch. 483

လင်းဘိုးဘေးက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေပြီး သူ၏တစ်ကိုယ်လုံးက မလှုပ်နိုင်တော့ပေ။ ကျန်းရီက ထိုကဲ့သို့ အခွင့်အရေးကောင်းတွင် မလှုပ်ရှားခဲ့လျှင် သူရူးမိုက်ရာ ကျပေလိမ့်မည်။ အရံအတားက တောက်ပသည့်အလင်းများ ဖြာထွက်နေပြီး ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီးနဂါး ပေါ်ထွက်လာသည့် ရှေးဟောင်း ခေါင်းတလားထဲမှ ထူးဆန်းသော လှုပ်ရှားမှုများ ရှိနေသေးသည်။

သဘောတရားအရ ကျန်းရီသည် သူ့ကိုယ်သူထိန်းထားပြီး အန္တရာယ်မရှိတော့မှသာ လှုပ်ရှားသင့်ပေ၏။ သို့သော်သူက ရဲရင့်စွာ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်း ခေါင်းတလားက သူ့ကိုအမှန်တကယ် တိုက်ခိုက်ချင်လျှင် မည်သည်နည်းနှင့်မဆို သူလွတ်မြောက်မှာ မဟုတ်ချေ။ ဧကရီနန်းတော်ထဲတွင် ပုန်းကွယ်နေခြင်းဖြင့် အိုမင်းရင့်ရော်ပြီး သေမည်လော။

လင်းဂိုဏ်း၏ ဘိုးဘေးက အစွမ်းထက်လွန်းပြီး သူ့ကိုယခုအချိန်တွင် အနက်ရောင် နွယ်ပင်များက ချုပ်ထားကောင်း ချုပ်ထားနိုင်လောက်ပေ၏။ ပြန်လည်ကုသရန် အချိန်ရသွားခဲ့လျှင် ဒဏ်ရာများ မြန်မြန်ပြန်ကောင်းသွားနိုင်သည်။ နောက်ပိုင်း၌ ကျန်းရီကသူ့ကို သတ်ချင်လျှင် လင်းဘိုးဘေးက သူမသေခင် ကျန်းရီကိုသတ်ရန် ကြိုးစားလောက်ပေသည်။

ကျန်းရီက စွန့်စားရန် ဆုံးဖြတ်ချက် ချလိုက်၏။

ဗီး

ကျန်းရီက သလင်းလုံးကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ရုတ်တရက်တောက်ပပြီး လျင်မြန်စွာ ကျုံ့သွားတော့သည်။ ပြီးနောက် ကျန်းရီ၏ခန္ဓာကိုယ်က ဧကရီနန်းတော် အပြင်ဘက်၌ ရုတ်တရက် ပေါ်လာတော့သည်။

ကျွီ ကျွီ

ဧကရီနန်းတော်က ချက်ချင်းပင် သေသွားပြီး ကျန်းရီက စကြ၀ဠာနန်းတော်ထဲ၌ သိမ်းထားလိုက်တော့သည်။ ဧကရီနန်းတော်ဆီ ရစ်ပတ်နေကြသည့် အနက်ရောင် နွယ်ပင်များက သူတို့၏သားကောင် ရုတ်တရက် ဆုံးရှုံးသွားရာ ကျန်းရီဆီသို့သာ တိုးဝင်လာကြပေသည်။

ဘုံကိုးဘုံရဲ့ နဂါးမီးတောက်၊ တမလွန်လောက တစ္ဆေမီးလျှံတွေ

ကျန်းရီက ဂရုမစိုက်ဘဲ မနေရဲချေ။ သူသည် အနက်ရောင် နွယ်ပင်များဖြင့် တုတ်နှောင်ခံလိုက်ရလျှင် လှည့်ပတ်ရန် ခက်ခဲသွားမည်ဖြစ်ကာ သူသည်ယခင်က ထိုအရာကို တွေ့ကြုံခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူအပြင်သို့ ရောက်လာသည်နှင့် သူ့လက်ဝါးမှ အစိမ်းရင့်ရင့်အလင်းကို ချက်ချင်း ထုတ်ဖော်လိုက်ပြီးနောက် ဘုံကိုးပါး၏ နဂါးမီးတောက်ကို ပစ်ထုတ်လိုက်တော့သည်။ တစ်ချိန်တည်းတွင် သူ၏မီးဝိညာဉ်ပုလဲက လင်းထိန်လာပြီးနောက် အဆုံးမရှိ အဖြူရောင် တစ္ဆေမီးလျှံများကို ထုတ်ဖော်လိုက်တော့သည်။

ဒြပ်စင်ငါးမျိုးက နှစ်ဖက်လုံးအတွက် အကျိုးရှိစေပြီး တစ်ခုကိုတစ်ခု ထိန်းချုပ်ထားပေးသည်။ မီးက သစ်သားကို နှိမ်နင်းနိုင်ပေသည်။ အနက်ရောင်နွယ်များ သို့မဟုတ် နေနက်မိစ္ဆာနွယ် မည်မျှ မာကျောစေကာမူ သူ၏အတွင်းပိုင်းသဘာဝက သစ်သားဓာတ် ဖြစ်နေသေးဆဲဖြစ်သည်။ ဘုံကိုးဘုံ၏ နဂါးမီးတောက်နှင့် တမလွန်လောက တစ္ဆေမီးလျှံက ကမ္ဘာပေါ်ရှိ ဆန်းကြယ်သော မီးလျှံများ ဖြစ်ပေ၏။ ဆန်းကြယ်သောသစ်သားက ဆန်းကြယ်သော မီးလျှံနှင့် တွေ့မိချိန်၌ ရလဒ်က အသိသာကြီးဖြစ်သည်။

နေနက်မိစ္ဆာနွယ်က ဘုံကိုးဘုံနဂါးမီးလျှံ၏ အင်မတန် ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြစ််သည်။ ယခုအချိန်တွင် အနက်ရောင် နွယ်ပင်များက တမလွန်လောက တစ္ဆေမီးလျှံနှင့် ဘုံကိုးဘုံ၏ နဂါးမီးတောက်တို့ကို ထိသွားသည်နှင့် သူတို့က အနက်ရောင်မီးခိုးများအဖြစ် ချက်ချင်း လောင်ကျွမ်းသွားကာ ကြောက်လန့်တကြားဖြင့် ပင်လယ်ကြမ်းပြင်ဆီသို့ နောက်ပြန်ဆုတ်သွားကြတော့သည်။

“အဘိုးကြီး ငြိမ်းငြိမ်းချမ်းချမ်း အနားယူလိုက်တော့ ခင်ဗျားရဲ့ မိုးပြာနဂါးအင်ပါယာက မကြာခင်မှာ ပြာဖြစ်သွားစေရမယ်လို့ ကျုပ်အာမခံတယ် ”

ကျန်းရီက မြေပြင်ကို ခြေတစ်ချက် ဆောင့်နင်းလိုက်သည်။ သူ၏တစ်ကိုယ်လုံးက တစ္ဆေမီးလျှံများထဲ မြုပ်နေပြီး လင်းဘိုးဘေးဆီသို့ တဟုန်ထိုး ဝင်သွားလိုက်တော့သည်။ ကျန်းရီက အနားတောင်မကပ်ရသေးခင် လင်းဘိုးဘေးကို ချည်နှောင်ထားသည့် အနက်ရောင် နွယ်ပင်များက ကြောက်လန့်ပြီး ပင်လယ်ကြမ်းပြင်ထဲသို့ ဆုတ်သွားကြသည်။

“အမျိုးယုတ်လေး မင်းသေပေတော့ ”

လင်းဘိုးဘေးက တုန်လှုပ်နေဆဲဖြစ်ပြီး သူ၏စိတ်က နာကျင်မှုတို့ ကြီးစိုးနေသည်။ ကျန်းရီ၏စကားကို ကြားသောအခါ မျက်လုံးရုတ်တရက် ပွင့်လာပြီးနောက် အက်ကွဲသံဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။

“ဟား ဟား ဟား ”

ကျန်းရီက ကျယ်လောင်စွာ ရယ်မောပြီးနောက် လက်ဝါးရိုက်ချက်အချို့ ထုတ်ဖော်လိုက်သည်။ တမလွန်လောက တစ္ဆေမီးလျှံများ ပါရှိသည့် ကြမ်းတမ်းသော လက်ဝါးစွမ်းအင်က သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီးနောက် လင်းဂိုဏ်း၏ ဘိုးဘေးဆီ ချက်ချင်း လွှမ်းမိုးသွားတော့သည်။

“အား ” လင်းဘိုးဘေး၏ မျက်လုံးထဲ၌ စိတ်ပျက်အားငယ်သည့် အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူကဝမ်းနည်းစွာ အော်ဟစ်လိုက်တော့သည်။ သူ၏တစ်ကိုယ်လုံးကို တစ္ဆေမီးလျှံများဖြင့် အရှို့ခံလိုက်ရသည်ကို ခံစားမိသောအခါ ရှေးဟောင်း ခေါင်းတလားကို မကျေမချမ်း ကြည့်လိုက်တော့၏။ ရှေးဟောင်း ခေါင်းတလားအတွင်းရှိ အမျိုးသမီးသည် သူ့ကိုသာ ပစ်မှတ်ထားနေရသည့် အကြောင်းအရင်းကို သူနားမလည်နိုင်ပေ။

ကျွီ ကျွီ

သန့်စင်ထားသော တစ္ဆေမီးလျှံက နိုင်လိုမင်းထက်နိုင်ပေ၏။ လင်းဘိုးဘေး၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ကောင်းကင်လက်နက်နှင့် ယှဉ်နိုင်သောငြား သူသည် လျင်မြန်စွာပင် အနက်ရောင် ပြာအဖြစ်သို့ ပြောင်းလဲသွားပေ၏။ သူ၏ရှေးဟောင်း နတ်ဘုရားလက်စွပ်နှင့် သူတော်စင်လက်နက်ကလည်း အနက်ရောင် မီးခိုးများအဖြစ် ပြောင်းလဲသွားပြီး ဖျက်ဆီးခံလိုက်ရသည်။

ဝှစ်

လင်းဘိုးဘေး၌ လက်နက်များစွာ သေချာပေါက် ရှိပေ၏။ ကျန်းရီကသူတို့ကို မဖြုန်းတီးချင်ပေ။ ထို့ကြောင့်သူသည် ဖျတ်ခနဲသွားလိုက်ပြီးနောက် တစ္ဆေမီးလျှံများကို ထုတ်လွင့်တာ ရပ်တန့်ပြီး သူ၏မီးဝိညာဉ်ပုလဲဖြင့် အပြင်ဘက်ရှိ တစ္ဆေမီးလျှံများကို လျင်မြန်စွာ စုပ်ယူလိုက်တော့သည်။

“ပြန်ဆုတ်” ရှေးဟောင်း နတ်ဘုရားလက်စွပ်နှင့် သူတော်စင်လက်နက်ကို စကြ၀ဠာနန်းတော်ထဲတွင် သိမ်းပြီးနောက် ကျန်းရီက သူ့အထက်ရှိ အရံအတားကို ကြည့်လိုက်ရာ အဆုံးမရှိ လျှပ်စီးလုံးများကို မြင်လိုက်ရ၏။ ယင်းက အရံအတား၏စွမ်းအင်ကို တိုးစေသည်။ သူသည် လွတ်မြောက်ရန်အတွက် အရံအတားကို အဆင်အခြင်မဲ့ တိုက်ခိုက်ရန် မကြိုးစားခဲ့ပေ။ ရှေးဟောင်း ခေါင်းတလားနား ပိုတောင် မချဉ်းကပ်ရဲ။ ရှေးဟောင်း ခေါင်းတလားက လင်းဘိုးဘေး ယင်းကိုတိုက်ခိုက်ရန် ကြိုးစားစဉ်ကကဲ့သို့ ရုတ်တရက် ကြားဖြတ်တိုက်ခိုက်လာခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ အလွန့်အလွန် ဆိုးဝါးသည့် အခြေအနေတစ်ခု ဖြစ်လာမှာပင်။

“ဧကရီနန်းတော် ပေါ်ပေါက် ”

ကျန်းရီက နာနာခံခံ စောင့်ဆိုင်းရန် ဆုံးဖြတ်ချက် ချလိုက်၏။ မိုးသောက်ချိန်တွင် လျှပ်စီးလုံးများ ကျလာတာ ရပ်တန့်သွားနိုင်လောက်ပေ၏။ အရံအတားသည် သူအားစိုက်ထုတ်စရာမရှိဘဲ ဝင်လာစဉ်ကကဲ့သို့ မူလအခြေအနေသို့ ပြန်ရောက်ကောင်း ရောက်သွားနိုင်ပေ၏။

ဘီး

ဧကရီနန်းတော်က သူ့လက်ထဲမှ ပြန်ထွက်လာပြီးနောက် ပင်လယ်ကြမ်းပြင်၏ မျက်နှာပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။ ပြီးနောက်သူသည် နန်းတော်ထဲသို့ ကမန်းကတန်း ပြေးဝင်သွားရာ အနက်ရောင် နွယ်ပင်များက ဧကရီနန်းတော်ကို ချည်နှောင်ရန် ပေါ်ပေါက်လာကြတော့သည်။

“ဟူး ဟူး ”

ဧကရီနန်းတော်ထဲသို့ ဝင်ပြီးနောက် ကျန်းရီသည် မည်သည့်ထူးဆန်းသည့် ဖြစ်ရပ်မှမရှိတာကို အတည်ပြုလိုက်ပြီးနောက် မြေပြင််ပေါ်တွင်ထိုင်ချကာ အမောတကော အသက်ရှုတော့သည်။ သူကနဖူးပေါ်ရှိ ချွေးစေးများကို သုတ်လိုက်၏။ ယခုအချိန်တွင် သူအိမ်မက် မက်နေသလို ခံစားနေမိသည်။

သူက လင်းဂိုဏ်းရဲ့ဘိုးဘေးကို တကယ်သတ်ခဲ့တာလား။ ရှေးဟောင်း ခေါင်းတလားက သူ့ကို မတိုက်ခိုက်ဘူးလား။ အားလုံးက ဟာကွက်မရှိ ချောချောမွေ့မွေ့ ဖြစ်နေတယ်။ ဒီဟာက ကောင်းကင်ဘုံကသူ့ကို ကူညီပေးနေတာပဲ။

သူ၏အကြည့်က သလင်းလုံးကနေ ရှေးဟောင်း ခေါင်းတလားဆီသို့ ရောက်သွားတော့သည်။ သူသည် ခေါင်းတလားထဲရှိ မိန်းမပျိုလေးကို မမြင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေ၏။ သို့သော် မဖော်ပြနိုင်သည့် ခံစားချက်မျိုး ခံစားမိသည်က ထိုမိန်းမပျိုလေး မသေဆုံးသေးပေ။ အခြေအနေတွေ ရုတ်ခြည်း ပြောင်းလဲမှုက သူမသူ့ကို ကူညီလိုက်သောကြောင့် ဖြစ်ပေ၏။ ထိုသို့ဆိုလျှင် နောက်ထပ် မေးခွန်းတစ်ရပ် ရှိသေးသည်။

ထိုအမျိုးသမီး မသေသေးလျှင် သူမ၏ခန္ဓာကိုယ်တွင် အသက်ဓာတ် အဘယ့်ကြောင့် မရှိရသနည်း။ သူမဤနေရာတွင် အဘယ့်ကြောင့် ရှိနေရသနည်း။ ရှေးဟောင်း ခေါင်းတလားထဲတွင် အဘယ့်ကြောင့် လဲနေရသနည်း။ ဤနေရာသို့ မိုးကြိုးလုံးများ အဘယ့်ကြောင့် ဆက်တိုက် ပစ်ခတ်နေသနည်း။ သူမသည် မိစ္ဆာကျင့်စဉ်အချို့ ကျင့်ကြံနေသည်လော။

ရှေးဟောင်း ခေါင်းတလားသည် ဤကဲ့သို့ အစွမ်းထက်သည့် လျှပ်စီးလုံး ပစ်ထုတ်နိုင်သည်ဆိုလျှင် အစောပိုင်းက သူ့ကို ကျန်းရှောင်နူ ကယ်တင်သည့်အချိန်၌ အဘယ့်ကြောင့် မတိုက်ခိုက်ခဲ့သနည်း။ ရှေးဟောင်း ခေါင်းတလားသည် သူလင်းဘိုးဘေးကိုတိုက်ရန် အပြင်ထွက်လာသည့် အချိန်တွင် အဘယ့်ကြောင့်သူ့ကို မတိုက်ခိုက်ရသနည်း။

ထိုကဲ့သို့ အစွမ်းထက်သည့် ကျင့်စဉ်မျိုးကို ကျင့်ကြံနိုင်သည့် မိန်းမပျိုလေးသည် လွှမ်းမိုးနိုင်စွမ်းရှိသည့် နောက်ခံမှလာတာ ဖြစ်ရပေမည်။ သူမ၏ ပကတိခန္ဓာကိုယ်ကို ကျန်းရီအပြည့်အဝ မြင်ခဲ့ပြီးဖြစ်သည်။ သို့သော်သူမသည် ရှက်ရွံ့မှုကြောင့် ဒေါသမထွက်သည်လော။ သူမသည် သူ့ကိုမသတ်ဘဲ နေမည်လော။

ရှေးဟောင်း ခေါင်းတလားပေါ်ရှိ ရုန်းပုံစံများသည် သူ၏ချိတ်ပေါ်ရှိ ရုန်းပုံစံများနှင့် အဘယ့်ကြောင့် ဆင်တူနေရသနည်း။ ယင်းသည် တိုက်ဆိုင်မှု တစ်ခုလော သို့တည်းမဟုတ် သူနှင့်ထိုခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးသည် တစ်နည်းနည်းဖြင့် သက်ဆိုင်နေသည်လော။

အရာအားလုံးက ကျန်းရီကို စိတ်ရှုပ်ထွေးစေသည်။ သူက ဧရာမလက်တစ်ဖက်သည် သူ၏ ကံကြမ္မာနှင့် သူ့မှာရှိသည့် အရာအားလုံးကို ထိန်းချုပ်နေသည်ဟု သူခံစားမိနေသည်။

သူ၏စိတ်ကူးများက အရိုင်းဆန်နေစဉ် အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး လျှပ်စီးများပစ်တာ ရပ်သွားတော့၏။ အရံအတားပေါ်ရှိ ရောင်ခြည်က ဖြေးဖြေးချင်း အားနည်းသွားကာ ကျန်းရီသည်လည်း သတိပြန်ဝင်လာပြီး သူချက်ချင်း ပျော်ရွှင်ကြည်နူးသွားတော့သည်။

“သွားဖို့အချိန်ရောက်ပြီ ”

သူက အံ့ကြိတ်ပြီးနောက် ဤနေရာတွင်ဆက်လက် ကြာရှည်စွာ မနေချင်တော့ရာ စမ်းကြည့်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ အမည်မသိ အရာများက ကြောက်မက်ဖွယ်ကောင်းပြီး ဤနေရာရှိ အရာရာတိုင်းက ထူးဆန်းလွန်းနေသည်။ ကျန်းရီသည် သစ္စာဖောက်သည့် အတွေ့အကြုံများစွာကို ကျော်ဖြတ်ပြီးသည့်တိုင် သူ့ရင်ထဲ ထိတ်လန့်နေသေးဆဲဖြစ်သည်။

ဝှစ်

ဧကရီနန်းတော်ကို သိမ်းပြီးနောက် သူ၏ခန္ဓာကိုယ်ကို ကားရန် တစ္ဆေမီးလျှံများကို ထုတ်လိုက်သည်။ ပြီးနောက် အထက်သို့ နေရာရွှေ့ပြောင်းလိုက်ကာ အရံအတားဆီသို့ ရောက်သည့်အချိန်၌ အရံအတားကိုစမ်းသပ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်က အရံအတားကို ချက်ချင်း ဖြတ်ကျော်သွားပြီးနောက် သူသည် ချက်ချင်းပင် အာရုံစိုက်လိုက်၏။ ရှေးဟောင်း ခေါင်းတလားထဲတွင်ရှိသည့် မိန်းမပျိုလေးကို အနီးကပ် တစ်ချက်ကြည့်ပြီးနောက် ပျောက်ကွယ်သွားကာ ပင်လယ်ရေ မျက်နှာပြင်ဆီသို့ နေရာရွှေ့ပြောင်းလိုက်တော့သည်။

“ခစ် ခစ် သေးငယ်တဲ့ ကောင်းကင်ကြယ်တာရာကုန်းမြေက အစွမ်းထက်တဲ့ မီးလျှံတွေကို သန့်စင်နိုင်စွမ်းရှိတဲ့ ပါရမီရှင်တစ်ယောက် တကယ် ထုတ်နိုင်တာပဲ၊ အနည်းဆုံးတော ရှင့်ကို ကူညီဖို့အတွက် ဒီမမလေးရဲ့ အားစိုက်ထုတ်မှုတွေကို မဖြုန်းတီးခဲ့ဘူးပဲ ”

ကျန်းရီထွက်သွားပြီးနောက် မိန်းမပျိုလေး၏ မျက်တောင်များက လှုပ်လာပြီး ကြယ်ကဲ့သို့ မျက်ဝန်းများကပွင့်လာကာ ခပ်ဖျော့ဖျော့ပြုံးလိုက်ရာ ရှေးဟောင်း ခေါင်းတလားကို လင်းထိန်သွားစေသည်။

သူမသည် ပိန်းပိတ်အောင် နက်မှောင်နေသော အနက်ရောင် ပင်လယ်ဒေသကို ခဏလှည့်ကြည့်ပြီးနောက် ရေရွတ်ပြောလိုက်၏။

“အဲ့ဒီလူငယ်ရဲ့ ဒန်တျန်က တကယ်မူမမှန်ဘူး သူ့ရဲ့ဒန်တန်ထဲက ကျန်းယွမ်တွေက ထူးဆန်းလွန်းနေတယ် ကောင်းကင်ကျောက်တုံးတွေ အများကြီး သန့်စင်ပြီးတဲ့နောက်မှ သူ့ရဲ့ခန္ဓာကိုယ် ထိခိုက်သွားတာ နှမြောစရာပဲ အရှေ့ပိုင်း တော်ဝင်ကုန်းမြေကို သူ့ကိုခေါ်သွားရမလား၊ ဟူး ထားလိုက်ပါတော့လေ ဖခမည်းတော်ရဲ့ လက်အောက်မှာ ပညာရှင်တွေ အများကြီး ရှိလွန်းနေပြီ ထူးခြားတဲ့လူတွေကလည်း များပြားလွန်းနေတာ ဒီလူငယ်ကို အရှေ့ပိုင်း တော်ဝင်ကုန်းမြေကို သွားတဲ့အချိန် သူ့ကို သိပ်တွေးကြမှာမဟုတ်ဘူး၊ တစ်လလိုသေးတယ် ဒီသခင်မလေးရဲ့ မိုးကြိုးဝိညာဉ်သိုင်းက ထူးကဲတဲ့အဆင့်ကို ရောက်နေပြီ ဒီလူငယ်လေး ရှင်အရှေ့ပိုင်း တော်ဝင်ကုန်းမြေကို သွားမယ်ဆိုရင် ဒီသခင်မလေးက ရှင့်ကိုအခွင့်အရေးအချို့ ချီးမြင့်အုံးမှာပဲ ”

ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေး၏ မျက်တောင်များက အနည်းငယ် လှုပ်သွားပြီးနောက် မြန်မြန်ဆန်ဆန် မျက်လုံးမှိတ်သွားတော့၏။ သေမင်းပင်လယ်ပြင်သည် ၎င်း၏ သောကဝေဒနာ ကင်းဝေးမှုကို ပြန်လည်ရရှိသွားပြီဖြစ်သည်။

***

All Chapters