မြေသြဇာကောင်းမွန်သော ရှေးဟောင်း အပျက်အစီးနယ်မြေ
Vol. 43 Ch. 501
လူသားတွေက ဒီသားရဲနယ်မြေကို တစ်ခါမှ မအောင်နိုင်ခဲ့ဖူးတာကြောင့် မြေပုံပေါ်မှာ သတင်းအချက်အလက်က အလွန် နည်းပါးသည်။
ဆိုလိုတာက ဘာသတင်းအချက်အလက်မှ မရှိဘူးလို့ ပြောလို့ရသည်။
အများဆုံး သိရရင် ဒီနေရာက ဘယ်လောက် ကျယ်ဝန်းသလဲ ဆိုတာလောက်သာ ဖြစ်သည်။
ဒါကြောင့် သစ်တောထဲမှာ နှစ်နာရီလောက် လမ်းလျှောက်ပြီးတဲ့အခါ ကျန်းပေရန် တစ်ယောက် ကြောင်တောင်တောင် ဖြစ်လာသည်။
'ဒါ အမေဇုန်တောကြီးများလားကွ'
အဆုံးအစ မမြင်ရတဲ့ သစ်တောကြီးနဲ့ ရှားပါးသားရဲတွေ ဖြတ်ပြေးသွားတာကို မြင်လိုက်ရတော့ ဒါက စွန့်စားသူတွေ အကြိုက်ဆုံး နေရာမျိုးနဲ့ တူနေသည်။
ဒါ့အပြင် သူလမ်းလျှောက်လာတာ နှစ်နာရီလောက် ရှိပြီ ဖြစ်ပေမယ့် ဘယ်သားရဲကမှ သူ့ဆီ ရောက်မလာသေးပေ။
လူသားစစ်တပ်သာ ဝင်တိုက်မယ်ဆိုရင် ဒီသားရဲတွေက အိမ်ပေါက်ဝ ရောက်မှပဲ အတိုက်ခံရမှန်း သိကြတော့မလား မသိပေ။
'သတိမရှိကြတာလား ဒါမှမဟုတ် လူသားတွေကို လုံးဝ အထင်သေးနေတာလား'
စဉ်းစားနေတုန်းမှာပဲ အဝေးကနေ ထူးခြားတဲ့ ရနံ့တစ်ခု ရလိုက်သည်။
ဒါက သူတစ်ခါမှ မရဖူးတဲ့ ရနံ့မျိုး ဖြစ်သည်။
ဒါက ပန်းနံ့လား ဆေးမြစ်နံ့လား ဆိုတာ သိချင်တာကြောင့် ရနံ့ရရာဘက်သို့ လျှောက်သွားလိုက်သည်။
အမွှေးတိုင် တစ်ဝက်လောက် ကြာအောင် လျှောက်ပြီးတဲ့အခါ ရနံ့ပိုင်ရှင်ကို တွေ့လိုက်ရသည်။
လှပတဲ့ ပန်းတစ်ပွင့် ဖြစ်သည်။
ကျန်းပေရန်က ပန်းလေးရှေ့မှာ ထိုင်ချလိုက်တာ မြင်တော့ ချီချီက မေးလိုက်သည်။
"ဒီပန်းက ဘာဖြစ်လို့လဲ"
"လှလို့လေ ပြန်ယူသွားပြီး စိုက်ပျိုးမလို့"
ပြောပြီးတာနဲ့ ကျန်းပေရန်က စိတ်စွမ်းအင်ကို အသုံးပြုပြီး ပန်းရဲ့ အမြစ်ဖွဲ့စည်းပုံကို လေ့လာလိုက်သည်။
ပထမဆုံး တွေ့ဖူးတဲ့ ပန်းဖြစ်တာကြောင့် သတိထားပြီး ကိုင်တွယ်ရမည်။
အတင်းဆွဲနှုတ်လိုက်ရင် မသေရင်တောင် ဆေးဖက်ဝင် အာနိသင်တွေ လျော့နည်းသွားနိုင်သည်။
လက်ဖက်ရည် တစ်အိုး ကုန်ချိန်လောက် ကြာတဲ့အခါ ကျန်းပေရန်က ပန်းကို အောင်မြင်စွာ တူးထုတ်နိုင်ခဲ့သည်။
ဆေးဖက်ဝင် အာနိသင်ကိုတော့ ပြန်ရောက်မှ စမ်းသပ်ကြည့်ရမည်။
ပန်းကို အနက်ရောင် ကျောက်စိမ်းပုလင်းထဲ ထည့်ပြီးနောက် ကျန်းပေရန်က နောက်ထပ် ရနံ့ရရာဘက်သို့ ဆက်သွားလိုက်သည်။
ဒီလိုနဲ့ ပန်းတွေ ဆေးမြစ်တွေ ဆယ်ပင်ကျော်လောက် တူးယူပြီးတဲ့အခါ ဒီနေရာက ရွှေရောင်ဒယ်အိုးကျွန်း လောက်ကို မြေသြဇာ ကောင်းမွန်ကြောင်း တွေ့ရှိလိုက်ရသည်။
ဒီပန်းတွေ ဆေးမြစ်တွေကို သူနာမည်မသိပေမယ့် သူတောင် မသိဘူးဆိုရင် ဒါတွေက သေချာပေါက် အဖိုးတန် ပစ္စည်းတွေ ဖြစ်ရမည်။
ကျန်းပေရန် နောက်က လိုက်လာတဲ့ သားရဲတွေကတော့ နည်းနည်း စိတ်မရှည် ဖြစ်လာကြသည်။
'ဒီလူသားက ဘာလို့ မြက်ပင်တွေနဲ့ စကားများနေရတာလဲ'
သားရဲတွေ တီးတိုးပြောနေတာကို ကျန်းပေရန် သတိထားမိသည်။
"မင်းတို့ ငါ့နောက် ဘာလို့ လိုက်နေတာလဲ"
ကျန်းပေရန်က လှည့်မေးလိုက်သည်။
သားရဲတွေ ကြောင်သွားပြီး ဘယ်လို ဖြေရမလဲ မသိတာကြောင့် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ကြသည်။
ချီချီက သူ့လူတွေရဲ့ အကြည့်ကို ရလိုက်တဲ့အခါ မတတ်သာဘဲ ပြန်ဖြေလိုက်ရသည်။
"မင်းပဲ အစ်ကိုကြီးရဲ့ ရန်သူကို လိုက်ရှာပေးမယ်ဆို"
ကျန်းပေရန်က မျက်စောင်းထိုးပြီး ပြောလိုက်သည်။
"ငါက ကူရှာပေးမယ်လို့ ပြောတာ မင်းတို့ကို ခေါ်သွားမယ်လို့ မပြောဘူး အခု စွမ်းအားရှင် လေးပါး နယ်မြေ ထဲ ရောက်နေပြီဆိုတော့ မင်းတို့ ကြိုက်တဲ့နေရာ သွားလို့ရပြီ ကြိုက်တာ လုပ်လို့ရပြီ ငါ့နောက် လိုက်နေစရာ မလိုဘူး"
နောက်ဆုံးမှာ ကျန်းပေရန်က သားရဲတွေကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းတို့ လွတ်လပ်သွားပြီ"
'လွတ်လပ်... သွားပြီ'
သားရဲတွေ တစ်ကောင်နဲ့ တစ်ကောင် ကြည့်လိုက်ကြသည်။
သူတို့က နယ်မြေထဲမှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရသည်။
လွတ်လပ်တယ် ဆိုပေမယ့် နေရာက ကျဉ်းပြီး ဘာမှ မရှိပေ။
နယ်မြေထဲ မဝင်ခင်တုန်းကလည်း လူသားတိုင်းပြည်တွေကြားက တောတောင်တွေထဲမှာ ပုန်းအောင်းနေခဲ့ရသည်။
သူတို့ကို ဖမ်းချင်တဲ့ ကျင့်ကြံသူတွေနဲ့ နေ့တိုင်း စစ်ခင်းနေခဲ့ရသည်။
မွေးကတည်းက လူသားတွေ ရှိတဲ့ နေရာကို မသွားရဘူးလို့ မိဘတွေက သွန်သင်ခဲ့သည်။
ဒါကြောင့် လွတ်လပ်တယ် ဆိုတာ သူတို့အတွက် အလှမ်းဝေးခဲ့သည်။
အခုတော့ သူတို့က သားရဲတွေချည်းပဲ ရှိပြီး လူသားမရှိတဲ့ နေရာကို ရောက်နေပြီ ဖြစ်သည်။
အိပ်နေတုန်း အရေခွံနွှာခံရမှာ အရိုးထုတ်ခံရမှာ စိုးရိမ်စရာ မလိုတော့ပေ။
မြို့တွေကို ရှောင်ကွင်းသွားစရာ မလိုတော့ပေ။
ဒီနေရာက သူတို့ပိုင်နက် ဖြစ်ပြီး လွတ်လပ်စွာ နေထိုင် ပြေးလွှားနိုင်သည်။
ဒါပေမဲ့ ဒီလို လွတ်လပ်မှုကို တစ်ခါမှ မရဖူးတာကြောင့် သူတို့ စိတ်လှုပ်ရှားနေကြသည်။
ဒါကြောင့် အားလုံးက ကျန်းပေရန် နောက်မှာပဲ ငြိမ်ငြိမ်လေး လိုက်နေကြသည်။
ကျန်းပေရန်က ဒီနေရာရဲ့ သခင် ဖြစ်နေသလိုမျိုးပင် ဖြစ်ပြီး ချီချီလည်း အတူတူပင် ဖြစ်သည်။
ခဏလောက် ပျော်ရွှင်သွားပြီးနောက် ချီချီက ပြောလိုက်သည်။
"ငါတို့... မင်းနောက်ပဲ လိုက်တော့မယ်"
"ဟေ့ကောင်တွေ ဒါမင်းတို့ ပိုင်နက်လေကွာ မင်းတို့က ငါ့ကို မကာကွယ်ပေးရင် နေ ငါက ပြန်ကာကွယ်ပေးရဦးမှာလား"
"ကာကွယ်ပေးစေချင်တာ မဟုတ်ပါဘူး မင်းနဲ့ အတူရှိရင် ပိုလုံခြုံမယ်လို့ ခံစားရလို့"
"..."
ကျန်းပေရန်က ခေါင်းခါလိုက်ပြီး ပြန်ထိုင်ချကာ ပြောလိုက်သည်။
"သဘောပဲ"
ကျန်းပေရန်က အခု သူတို့ခေါင်းဆောင် ဖြစ်သွားပြီ ဆိုတာ သိလိုက်တဲ့အခါ သားရဲတွေက ပိုပြီး လိမ်မ္မာသွားကြသည်။
ဒီလိုနဲ့ ညဉ့်နက်တဲ့အထိ ဆေးမြစ်တွေ တူးပြီးတဲ့အခါ ဒီနေရာက ဆေးမြစ်တွေကို တစ်ခါတည်းနဲ့ အကုန်တူးယူဖို့ မဖြစ်နိုင်မှန်း ကျန်းပေရန် နားလည်လိုက်သည်။
ဒါကြောင့် ခြေရင်းက ဆေးပင်တစ်ပင်ကို တူးပြီးတာနဲ့ ဒီအမေဇုန်တောကြီး ထဲကနေ ထွက်ဖို့ လမ်းစရှာတော့သည်။
မြောက်ဘက်ကို ဦးတည်ပြီး ဆက်လျှောက်လိုက်သည်။
တစ်ညလုံး လျှောက်ပြီးတဲ့အခါ ကျန်းပေရန်က ထူးခြားတဲ့ အနံ့တစ်ခုကို ရလိုက်သည်။
ဝိညာဉ်စွမ်းအင်နဲ့ မတူဘဲ သာမန် အနံ့မျိုး ဖြစ်သည်။
သစ်တောထဲက အနံ့မျိုး မဟုတ်တာကြောင့် ထွက်ပေါက်နား ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။
ခြေလှမ်းကို မြန်လိုက်ပြီးနောက် အနံ့ရရာဘက်သို့ သွားလိုက်တဲ့အခါ သစ်တောထွက်ပေါက်ကို တွေ့လိုက်ရသည်။
သားရဲတွေလည်း ဒါကို အာရုံခံမိပြီး နုံးချိနေတဲ့ ပုံစံတွေ ပျောက်သွားကာ နေရောင်ခြည် ရနေတဲ့ လမ်းပေါက်ဝဆီ ပြေးထွက်သွားကြသည်။
ကျန်းပေရန်က နောက်ဆုံးကနေ ထွက်လာပြီး ဘယ်ကြည့်ညာကြည့် လုပ်ကာ သတင်းအချက်အလက် ရယူလိုက်သည်။
'မြေနီ ကုန်းမြေပါလား'
ရှေ့မှာ မြင်နေရတာက ကွင်းပြင်ကျယ်ကြီး ဖြစ်ပြီး မြေကြီးအရောင်က အနီရောင် ဖြစ်နေသည်။
ထိုင်ချပြီး မြေကြီးကို စမ်းကြည့်လိုက်တော့ အပြင်က မြေကြီးနဲ့ အတူတူပဲ ဖြစ်ပေမယ့် သေချာ အာရုံခံကြည့်ရင် ဝိညာဉ်စွမ်းအင် ပိုများတာကို တွေ့ရသည်။
လက်ထဲက မြေမှုန့်တွေကို ခါချလိုက်ပြီး ကျန်းပေရန်က ရှေ့ဆက်လျှောက်လိုက်သည်။
သားရဲတွေကလည်း စူးစမ်းချင်စိတ်နဲ့ ဟိုကြည့်ဒီကြည့် လုပ်နေကြသည်။
သူတို့ခေါင်းဆောင် ပြောဖူးတဲ့ နယ်မြေကို ရောက်နေပြီ ဖြစ်သည်။
"ဒီနေရာက ဝိညာဉ်စွမ်းအင် ပြည့်ဝရုံတင် မကဘူး @#¥ လည်း အများကြီးပဲ ခေါင်းဆောင်ပြောတဲ့ အတိုင်းပဲဟ"
"ဟုတ်တယ် စောစောက သစ်တောထဲမှာ @#¥ နည်းနည်း ရှူလိုက်ရတာနဲ့တင် တော်တော် နေလို့ကောင်းနေပြီ အခု အပြင်ရောက်တော့ ပိုများတာပဲ"
(ဇာတ်လမ်း သဘောတရားအရ ဒီသင်္ကေတတွေက "လူသားတွေ နားမလည်နိုင်တဲ့/ အသံထွက်ရခက်တဲ့ သားရဲဘာသာစကား" ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ )
ရှေ့ဆုံးက လျှောက်နေတဲ့ ကျန်းပေရန်က သားရဲတွေ နားမလည်နိုင်တဲ့ စကားလုံးနဲ့ ပြောနေကြတာ ကြားတော့ ချီချီကို မေးလိုက်သည်။
"သူတို့ ဘာအကြောင်း ပြောနေကြတာလဲ"
ချီချီက သံသယ မျက်လုံးနဲ့ ကြည့်ပြီး မေးလိုက်သည်။
"မင်း @#¥ ကို မသိဘူးလား"
ကျန်းပေရန်က သက်ပြင်းချလိုက်ပြီး အသံထွက်ကို ဂရုမစိုက်တော့ဘဲ မေးလိုက်သည်။
"အဲဒါက ဘာလုပ်လို့ ရတာလဲ"
ချီချီက စဉ်းစားပြီး ပြန်ဖြေသည်။
"ဝိညာဉ်စွမ်းအင်ကို ရှူရင် ငါတို့ရဲ့ ကျင့်ကြံမှု အဆင့် တက်လာတယ် @#¥ ကို ရှူရင်တော့ ငါတို့ရဲ့ ခန္ဓာကိုယ် ပိုသန်မာလာတယ်"
'ဪ'
ကျန်းပေရန် နားလည်သွားသည်။
သူသစ်တောထဲ ဝင်တုန်းက ဝိညာဉ်စွမ်းအင် အပြင် တခြား ခံစားမိတဲ့ စွမ်းအင်က ဒါဖြစ်ရမည်။
'ဒီနေရာက တကယ်ပဲ သားရဲတွေ နေဖို့ အသင့်တော်ဆုံးပဲ ဝိညာဉ်စွမ်းအင်လည်း များတယ် သားရဲတွေအတွက် သီးသန့် ဖန်တီးထားတဲ့... အင်း... သားရဲစွမ်းအင်လို့ပဲ ခေါ်လိုက်တော့မယ်'
သားရဲတွေအတွက် သီးသန့်လို့ ပြောရတာက သူဒီစွမ်းအင်ကို ရှူပေမယ့် ခန္ဓာကိုယ်မှာ ဘာမှ ထူးခြားမှု မရှိလို့ ဖြစ်သည်။
အဖြေရပြီးနောက် ကျန်းပေရန်က ရှေ့ဆက်လျှောက်မလို့ လုပ်တုန်းမှာပဲ စူးရှတဲ့ လင်းယုန် အော်သံတွေကို ကြားလိုက်ရသည်။
မော့ကြည့်လိုက်တော့ ခေါင်း ၆ လုံးပါတဲ့ ငှက်စိမ်း တစ်ကောင် ပျံဝဲနေတာကို တွေ့လိုက်ရသည်။
အလယ်က ခေါင်းက အကြီးဆုံး ဖြစ်ပြီး ကျန်တဲ့ ၅ လုံးက ဘေးမှာ ဝန်းရံထားသည်။
'ကျူငှက်လား'
ဒီငှက်ကို မမြင်ဖူးပေမယ့် ကြားဖူးသည်။
ကိုယ်လုံး အဝါရောင် ခြေထောက် အနီရောင် ရှိပြီး အတောင်ပံ အနားသတ်တွေက အစိမ်းရောင် သမ်းနေတဲ့ ခရမ်းရောင် အလင်းတန်း ထွက်နေသည်။
'ပါးစပ်ကလည်း များလိုက်တာ...'
ငှက်ခေါင်း ၆ လုံးက အသံ ၆ မျိုး ထွက်နေသည်။
နားမလည်ရင် သံပြိုင်ဆိုနေတယ် ထင်ရပေမယ့် နားလည်နေတဲ့ ကျန်းပေရန် အတွက်တော့ နားငြီးစရာ ကောင်းလှသည်။
"မင်းတို့ ဘယ်သူလဲ"
"ဘယ်က လာတာလဲ"
"ဘယ်က လာတာလဲ"
"အဲဒီ မေးခွန်း ငါမေးပြီးပြီလေ"
"မင်းမေးတာ ငါနဲ့ ဘာဆိုင်လို့လဲ"
"ငါမေးပြီးသားကို မင်းထပ်မမေးနဲ့လေ"
"ဘာလို့ မမေးရမှာလဲ"
"ငါ မင်းကို ဆိတ်သတ်လိုက်မှာနော်"
"မင်းကများ ငါ့ကို ဆိတ်ရဲတယ်ပေါ့ ငါပြန်ဆိတ်မှာ"
"မင်းတို့ ဘယ်က လာတာလဲ"
"ငါမေးပြီးပြီလို့ ပြောနေတယ်လေ"
...
ခေါင်း ၆ လုံး ရန်ဖြစ်နေတာကို နားထောင်ပြီး ကျန်းပေရန်က ချီချီကို ပြောလိုက်သည်။
"သွားနှုတ်ဆက်လိုက်ပါဦး"
"နှုတ်ဆက်တာ ခေါင်းဆောင် အလုပ်လေ"
"မင်းပဲလေ"
"အခု မင်းက ငါတို့ ခေါင်းဆောင်လေ"
"မဟုတ်ပါဘူး"
"ဒါဆို... ငါသွားရမှာလား"
"သွားလေကွာ"
ချီချီက သက်ပြင်းချပြီး အတောင်ပံ ခတ်ကာ ပျံတက်သွားသည်။
"ငါတို့က လူသားတိုင်းပြည် ဘက်က လာတာ"
ချီချီရဲ့ အဖြေကို ကြားတော့ ကျူငှက်ရဲ့ ခေါင်းတွေက အမျိုးမျိုး တုံ့ပြန်ကြသည်။
တချို့က ဆက်ရန်ဖြစ်နေကြသည်။
အကြီးဆုံး ခေါင်းက တခြား ခေါင်းသေး တစ်လုံးကို နိုင်အောင် ပြောပြီးမှ ချီချီဘက် လှည့်မေးလိုက်သည်။
"မင်းတို့ ဒီကို ဘာလာလုပ်တာလဲ"
"မင်း သူ့ကို ဆိတ်သတ်လိုက်သင့်တာ ဘာလာလုပ်လဲ မေးမနေနဲ့"
"ငါဘယ်လို မေးမေး မင်းနဲ့ မဆိုင်ဘူး"
"မဟုတ်ဘူး မင်း သူ့ကို ဆိတ်သတ်လိုက်"
"သူ့စကား နားမထောင်နဲ့ ငါတို့က ကင်းလှည့်နေတာ ဘိုင်မြန်တို့ လာမှ သူ့ကို သတ်ရမှာ"
"ဟွန်း သူရဲဘောကြောင်တဲ့ကောင်တွေ ငါ့သဘောဆို အခုချက်ချင်း သတ်ပြီး စားပစ်လိုက်မှာ"
"ငါ့ကို အရူး လို့ ခေါ်တယ်ပေါ့ မင်းကို အရင်သတ်မယ်"
...
ကျူငှက်က သူ့ကို လုံးဝ ဂရုမစိုက်တာ မြင်တော့ ချီချီ ဒေါသထွက်သွားသည်။
"မင်းတို့ လာစမ်းပါ မင်းတို့က ငါ့ကို သတ်မလား ငါက မင်းတို့ကို အရင် ကိုက်သတ်မလား ကြည့်ရသေးတာပေါ့"
အောက်က ကျန်းပေရန်က သက်ပြင်းချလိုက်သည်။
သားရဲ နှစ်ကောင် ဆွေးနွေးညှိနှိုင်းဖို့ မျှော်လင့်တာ သူ့အမှား ဖြစ်သည်။
ကျူငှက်ကို လစ်လျူရှုပြီး ရှေ့ဆက်သွားမလား စဉ်းစားနေတုန်း ဓာတ်လိုက်သွားသလို ခံစားလိုက်ရသည်။
အာရုံခံနိုင်စွမ်း မြင့်လာလို့ ဖြစ်သည်။
အန္တရာယ် တစ်ခုခု လာတော့မယ်ဆိုရင် အလိုလို သိရှိလာခြင်း ဖြစ်သည်။
စိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်တော့ အဝေးကနေ သားရဲအုပ်ကြီး ချီတက်လာတာကို တွေ့လိုက်ရသည်။
'ဟိုငှက်က ရူးနေပေမယ့် သူ့အလုပ်သူ လုပ်သားပဲ'
သစ်တောအုပ်ကြီးကို ပြန်ကြည့်လိုက်တော့ ကျန်းပေရန် သဘောပေါက်သွားသည်။
သားရဲတွေရဲ့ သတိပေး နယ်မြေက ဒီသစ်တောအုပ် အဆုံးသတ် နေရာ ဖြစ်သည်။
လူသားတွေ သစ်တောထဲက ထွက်လာမှ ကျူငှက်က သတိပေးချက် ထုတ်ပြန်တာ ဖြစ်သည်။
"ဘုန်း ဘုန်း ဘုန်း"
သားရဲအုပ်ကြီး နီးလာတာနဲ့အမျှ မြေကြီးပါ တုန်ခါလာသည်။
ခြေသံကို နားထောင်ရုံနဲ့တင် လာနေတဲ့ကောင်က အကောင်ကြီးမှန်း သိသာသည်။
ချီချီကလည်း ဖိအားကို ခံစားမိပြီး ငှက်နဲ့ ဆက်မရန်ဖြစ်တော့ဘဲ မြေပြင်ပေါ် ဆင်းသက်ကာ ကျန်းပေရန် ဘေးမှာ လာရပ်သည်။
ပြီးမှ နောက် နည်းနည်း ထပ်ဆုတ်သွားသည်။
"ဘုန်း"
နောက်ထပ် ခြေသံ တစ်ချက်နဲ့အတူ ကာယကံရှင်က ကျန်းပေရန်ရဲ့ မြင်ကွင်းထဲ ဝင်လာသည်။
နွားနဲ့တူတဲ့ သားရဲကြီး တစ်ကောင် ဖြစ်သည်။
ခေါင်းမှာ ဂျိုမပါဘဲ ခြေထောက် တစ်ချောင်းတည်း ရှိသည်။
မှန်တယ်... သူက ခြေတစ်ချောင်းတည်းနဲ့ ခုန်လာတာ ဖြစ်လို့ ခြေသံက ဒီလောက် ကျယ်လောင်နေတာ ဖြစ်သည်။
ခြေတစ်ချောင်းတည်း နွားနဲ့တူတယ် ဆိုကတည်းက ကွေနွားမှန်း ကျန်းပေရန် သိလိုက်သည်။
နာမည်သာ ကြားဖူးပြီး တစ်ခါမှ မမြင်ဖူးတဲ့ သားရဲ ဖြစ်သည်။
ဒီလို အစွမ်းထက် သားရဲကို ကျန်းပေရန်က လေးစားသမှုနဲ့ ဆက်ဆံချင်ပေမယ့် သူ့ပုံစံကြီးက ရယ်စရာ ကောင်းနေသည်။
"ဘုန်း"
ကွေနွားက ကျန်းပေရန် ရှေ့မှာ ခုန်ချလိုက်ပြီး မြေနီတွေကို လွင့်စင်သွားစေသည်။
"လူသား..."
ကွေနွားက အံ့သြသွားပုံရသည်။
ကောင်းကင်က ကျူငှက်ကို မော့ကြည့်ပြီး မေးလိုက်သည်။
"လူသားဝင်လာတာ ဘာလို့ သတင်းမပို့တာလဲ"
"သူ မမြင်လိုက်တာ"
"မဟုတ်ဘူး သူ မမြင်တာ"
"ငါမဟုတ်ဘူး ငါက အနောက်ဘက်ကို ကြည့်ရတာ ဒီလူသားက အရှေ့မြောက်ဘက်က လာတာ သူ့တာဝန်"
"မင်း ညာနေတာ ငါက မြောက်ဘက်ကို ကြည့်ရတာကွ အရူးကောင်ရဲ့"
"မင်း ငါ့ကို ဆဲတယ်ပေါ့ တွေ့မယ်"
...
ကွေနွားက ကျူငှက်ရဲ့ အကျင့်ကို သိနေပုံရပြီး ဆက်မမေးတော့ဘဲ လူသားကို စိုက်ကြည့်လိုက်သည်။
"အဟမ်း"
ကျန်းပေရန်က ချောင်းဟန့်လိုက်ပြီး ပြောလိုက်သည်။
"ဒီလိုပါ..."
"သူ စကားပြောတတ်တယ်"
"ဒီလူသားက ငါတို့ စကားကို ပြောတတ်တယ်ဟ"
"မဖြစ်နိုင်တာ သူက လူသား အစစ် ဟုတ်ရဲ့လား"
"ဒီနေရာကို လူသားတစ်ယောက် ရောက်လာတယ် ဆိုကတည်းက မသင်္ကာစရာပဲ"
...
ကျန်းပေရန် စကားစလိုက်တာနဲ့ သားရဲတွေ ပွက်လောရိုက်သွားကြသည်။
ကွေနွားလည်း အံ့သြသွားသည်။
ဒီနေရာမှာ ကြီးပြင်းလာတဲ့ သားရဲ ဖြစ်လို့ လူသားတွေကို အများကြီး မြင်ဖူးပေမယ့် စကားပြောနိုင်တဲ့ လူသားကိုတော့ တစ်ခါမှ မတွေ့ဖူးပေ။
ဒါပေမဲ့ ဒီကောင်က လူသားဆိုတာ သေချာသည်။
ဘာလို့လဲဆိုတော့ လူသားတွေမှာပဲ ရှိတဲ့ ရွံရှာဖွယ် အနံ့မျိုး ရနေလို့ ဖြစ်သည်။