မျိုးနွယ်စုခေါင်းဆောင်
Vol. 43 Ch. 502
သားရဲတွေရဲ့ ထူးဆန်းတဲ့ အကြည့်တွေကို လျစ်လျူရှုပြီး ကျန်းပေရန်က ချီချီကို ကယ်တင်ခဲ့တဲ့ အကြောင်းနဲ့ သူ့ကို ဒီပို့ပေးတဲ့ အကြောင်းကို ပြောပြလိုက်သည်။
ကွေနွားကတော့ ကျန်းပေရန် စကားပြောနိုင်တဲ့ အကြောင်းကို ပိုပြီး စိတ်ဝင်စားပုံရသည်။
ချီချီကို ဘယ်လို ကယ်ခဲ့လဲ ဆိုတာကို သိပ်အသေးစိတ် မမေးဘဲ ရှေ့ကို တစ်လှမ်းတိုးပြီး ကျန်းပေရန်ကို ငုံ့ကြည့်ကာ မေးလိုက်သည်။
"လူသားတစ်ယောက် ဒီနေရာကို ရောက်လာရင် ဘယ်လို ဇာတ်သိမ်းသွားတတ်လဲ ဆိုတာ မင်းသိတယ်မလား"
ကျန်းပေရန်က ပခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။
"ငါက ကောင်းမှုကုသိုလ် လာလုပ်တာလေ ညှိနှိုင်းလို့ မရဘူးလား"
"ကောင်းမှု လုပ်ချင်ရုံ သက်သက်ဆိုရင် မင်း ဒီအထိ ဝင်လာစရာ မလိုဘူး သူတို့ကို သစ်တောထဲ ထည့်ပေးလိုက်ရင် ရပြီ"
'ဟော... ဦးနှောက် နည်းနည်း ရှိသားပဲ'
ကျန်းပေရန်က ဒီနွားခေါင်းကြီးထဲမှာ ဦးနှောက် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
ဒီနေရာက သားရဲတွေ အပေါ် သူ့အမြင် နည်းနည်း ပြောင်းလဲသွားသည်။
"ဟုတ်တယ် ဒါပေမဲ့ ငါကိုယ်တိုင်လည်း ဝင်ကြည့်ချင်လို့ မင်းတို့ မကြိုဆိုဘူး ဆိုရင်လည်း ငါအခု ပြန်ထွက်သွားပေးပါ့မယ်"
ကွေနွားက "မူး" ခနဲ ရယ်မောလိုက်ပြီး အော်ပြောလိုက်သည်။
"ဒီနေရာက မင်းတို့ လူသားတွေ ဝင်ချင်တိုင်း ဝင် ထွက်ချင်တိုင်း ထွက်လို့ ရတဲ့ နေရာလို့ ထင်နေလား"
[ ရွေးချယ်မှု ၁ - ကွေနွားကို စကားလုံးများဖြင့် ဆက်လက် သိမ်းသွင်းပါ။ ဆုလဒ် - မူလမှောင်မိုက် မှတ်တမ်း (မြေကမ္ဘာအဆင့် အဆင့်မြင့်) ]
[ ရွေးချယ်မှု ၂ - ရှီဖုန်းလန်ကို ပျံသန်းသော စံအိမ် ထဲမှ ထွက်လာခိုင်းပါ။ ဆုလဒ် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် + ၁ ]
'ဒီလို နည်းလမ်းလည်း ရှိသေးတာလား'
ကျန်းပေရန်က ရှေးဟောင်း အပျက်အစီးများ ထဲ ဝင်တုန်းက ရွေးချယ်မှု မပေါ်တာက သူစကားပြောတတ်လို့ ထင်နေတာ တကယ်တော့ ရှီဖုန်းလန် ဆိုတဲ့ အဆောင်လက်ဖွဲ့ ကြောင့် ဖြစ်နေသည်။
ရွေးချယ်မှု ၂ ကို ရွေးလိုက်ပြီး ကျန်းပေရန်က ပျံသန်းသော စံအိမ် ဘက် လှည့်အော်လိုက်သည်။
မကြာခင်မှာပဲ ရှီဖုန်းလန် ထွက်လာသည်။
[ ရွေးချယ်မှု ပြီးမြောက်ပါပြီ။ ဆုလဒ် - ပုံရိပ်ယောင် အသံ + ၁ ]
ရုတ်တရက် ပေါ်လာတဲ့ ရှီဖုန်းလန်ကို မြင်တော့ ကွေနွား ကြောင်သွားသည်။
ဒီနေ့ ဘာနေ့လဲ မသိဘူး လူသားတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာနေသည်။
'ဒီလူသားတွေ... ဘာလုပ်ကြံမှုတွေ ကြံစည်နေကြပြန်ပြီလဲ'
"ဝါး... နွားကြီးက အကြီးကြီးပဲ"
ထွက်လာတာနဲ့ ကွေနွားကို မြင်လိုက်ရတဲ့ ရှီဖုန်းလန်က မျက်လုံးလေး ပြူးပြီး အော်ပြောလိုက်သည်။
ရှီဖုန်းလန်ရဲ့ အကြည့်ကို ခံစားမိတဲ့ ကွေနွားက ဒေါသတကြီး အော်ဟစ်ပြီး ပညာပေးဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ ပါးစပ်ဟလိုက်ပြီး အသံထွက်မလာတော့ပေ။
ဘာလို့လဲဆိုတော့ ဒီလူသားမလေးဆီကနေ သူရွံရှာတဲ့ အနံ့မျိုး မရလို့ ဖြစ်သည်။
ဒီလိုမျိုး တစ်ခါမှ မကြုံဖူးပေ။
မယုံနိုင်စွာနဲ့ ခေါင်းငုံ့ပြီး ရှီဖုန်းလန်ကို အနံ့ခံကြည့်လိုက်သည်။
ဒီလူသားမလေးရဲ့ အနံ့က မွှေးကြိုင်နေပြီး သူအကြိုက်ဆုံး ရွှေရောင်မြက်ပင် ထက်တောင် ပိုမွှေးနေသည်။
ကွေနွားရဲ့ ပထမဆုံး အတွေးကတော့ ဒီလူသားမလေးက မြေခွေး သဏ္ဍာန်ပြောင်းထားတာ ဖြစ်မယ် ဆိုတာပါပဲ။
ဒါပေမဲ့ သူမဆီကနေ သားရဲ အနံ့ လုံးဝ မရပေ။
ကွေနွားရဲ့ ခေါင်းကြီးက သူ့ရှေ့မှာ ကပ်ပြီး အနံ့ခံနေတာကို ရှီဖုန်းလန်က လုံးဝ မကြောက်တဲ့အပြင် ကျန်းပေရန် ဘက် လှည့်ပြီး မေးလိုက်သည်။
"သူ့နှာခေါင်းကို ကိုင်ကြည့်လို့ ရမလား"
ဒါကို ကြားတော့ ချီချီက မကျေနပ်စွာ အော်ဟစ်လိုက်သည်။
ကျန်းပေရန်က ပြုံးလိုက်သည်။
ဘာလို့လဲဆိုတော့ ချီချီ ပြောတာက "ဒီနွားအိုကြီးရဲ့ နှာခေါင်းက ငါ့လည်ဆံမွေးလောက် ဘယ်ကောင်းမလဲ" ဆိုတာပါပဲ။
ချီချီရဲ့ စကားကို ကြားတော့ ကွေနွားက နှာခေါင်းကနေ လေမှုတ်ထုတ်လိုက်ပြီး ပြောလိုက်သည်။
"မင်း ဒီမှာ ဆက်နေချင်ရင် ငါ့ကို လေးလေးစားစား ဆက်ဆံတာ ကောင်းမယ်နော်"
ချီချီက သူ့ရဲ့ သားရဲစွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး မျက်လုံးတွေက အနီရောင် ပြောင်းသွားကာ ပြန်အော်လိုက်သည်။
"ငါ ဘယ်မှာနေမယ် ဆိုတာ မင်းမျက်နှာ ကြည့်နေရမှာလား မင်းက ဘာကောင်မို့လို့လဲ"
မာန်စောင်နေတဲ့ ချီချီကို ကြည့်ပြီး ကျန်းပေရန် အတိတ်ကို ပြန်သတိရသွားသည်။
ပထမဆုံး တွေ့တုန်းကလည်း ချီချီက ဒီလို ခန့်ညားထည်ဝါခဲ့သည်။
သူ့ရဲ့ ဖိအားပေးမှုနဲ့ ရှီဖုန်းလန်ရဲ့ ပြုစုယုယမှုတွေကြောင့်သာ အိမ်မွေးတိရစ္ဆာန်လေး ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
အခုတော့ တခြားသားရဲရဲ့ စိန်ခေါ်မှုကို ခံလိုက်ရပြီး သူ့နောက်လိုက်တွေ ရှေ့မှာဆိုတော့ ဒေါသပေါက်ကွဲသွားခြင်း ဖြစ်သည်။
'အနီရောင် ဝိညာဉ်အဆင့်ပါလား'
ကွေနွားက လူသားတွေ ကယ်တင်မှ လွတ်မြောက်လာတဲ့ အကောင်ဆိုတော့ အားနည်းမယ် ထင်ထားပေမယ့် အခုလို စွမ်းအင်တွေ ထုတ်လွှတ်လိုက်တဲ့အခါ သူမှားမှန်း သိလိုက်ရသည်။
ဒီချီချီရဲ့ စွမ်းအားက သူ့ထက်တောင် သာလွန်နေသည်။
'ဒါဆို ဒီလူသားကရော'
တစ်ခဏအတွင်းမှာပဲ ကွေနွားက ကျန်းပေရန်ကို အထင်ကြီးသွားသည်။
အနီရောင် ဝိညာဉ်အဆင့် သားရဲကတောင် အကယ်တင်ခံရတယ်လို့ ဝန်ခံထားမှတော့ ဒီလူသားက ဘယ်လောက်တောင် စွမ်းအားကြီးမလဲ။
စဉ်းစားခန်း ဖွင့်ပြီးနောက် ကွေနွားက ချီချီကို ဂရုမစိုက်တော့ဘဲ ကျန်းပေရန်ကို ပြောလိုက်သည်။
"ညှိနှိုင်းလို့ ရမရ ဆိုတာ ငါဆုံးဖြတ်လို့ မရဘူး ငါတို့ မျိုးနွယ်စုခေါင်းဆောင်ကို အရင် တင်ပြရမယ်"
'ဒီနွားက... တကယ် ဉာဏ်ကောင်းတာပဲ'
ကျန်းပေရန် စိတ်ထဲက ချီးကျူးလိုက်သည်။
ဒါပေမဲ့ ချီချီကတော့ မလျှော့ဘဲ ဆက်အော်လိုက်သည်။
"ဟေ့ကောင် ငါမင်းကို စကားပြောနေတာလေ"
ကျန်းပေရန်က လက်ကာပြပြီး တားလိုက်သည်။
"တော်ပါတော့ကွာ သူများပိုင်နက်ထဲ ရောက်နေတာပဲ သူ့မျက်နှာ ထောက်လိုက်ပါဦး"
ရှီဖုန်းလန်ကလည်း အလိုက်တသိနဲ့ ချီချီရဲ့ မေးစေ့ကို ပွတ်ပေးပြီး ချော့လိုက်သည်။
"ချီချီရေ စိတ်မဆိုးနဲ့နော် စိတ်မဆိုးနဲ့"
ကွေနွားက ဆက်ပြီး ရန်မစဘဲ နောက်ဆုတ်သွားတာရယ် ကျန်းပေရန်နဲ့ ရှီဖုန်းလန်တို့ ဝင်ဖျန်ဖြေပေးတာရယ်ကြောင့် ချီချီလည်း စိတ်လျော့လိုက်သည်။
ကွေနွားကို တစ်ချက် ဟိန်းဟောက်လိုက်ပြီးမှ ကျန်းပေရန် နောက် ပြန်ဝင်သွားသည်။
ဒါကြောင့်လည်း ကျန်းပေရန်က ကွေနွားကို ဉာဏ်ကောင်းတယ်လို့ ချီးကျူးခဲ့တာ ဖြစ်သည်။
သူက ချီချီနဲ့ အကြီးအကျယ် ပြဿနာ မဖြစ်ချင်တဲ့ အကြောင်းရင်း တစ်ခုခု ရှိနေပုံရသည်။
ဖြစ်နိုင်တာကတော့ ချီချီလို စွမ်းအားကြီးတဲ့ သားရဲကို မျိုးနွယ်စုတိုင်းက လိုချင်ကြမှာ သေချာသည်။
ရှေးဟောင်း အပျက်အစီးများ ထဲက သားရဲတွေက လူသားတွေနဲ့ တိုက်ခိုက်ချိန်မှာသာ ညီညွတ်ကြပြီး ကျန်တဲ့အချိန်တွေမှာ ကိုယ့်မင်းကိုယ့်ချင်း နေကြတာမို့ အင်အားစုဆောင်းဖို့က အရေးကြီးသည်။
ဒါပေမဲ့ ကွေနွားက သူ့လူတွေရှေ့မှာ အရှက်မကွဲချင်တာကြောင့် ကျန်းပေရန် ဘက်ကို လှည့်ပြီး စကားလမ်းကြောင်း လွှဲလိုက်ခြင်း ဖြစ်သည်။
ချီချီက ကျန်းပေရန် စကား နားထောင်မှန်း သိတာကြောင့် ကျန်းပေရန် ဝင်တားလိုက်တာနဲ့ ပြဿနာ ပြေလည်သွားမည် ဖြစ်သည်။
ဒီလိုလုပ်ခြင်းအားဖြင့် ဒီလူသားကို ကူညီပေးတာက ကျေးဇူးကြွေး ဆပ်တာလို့ သူ့ကိုယ်သူ ဖြေသိမ့်လို့ ရသွားသည်။
ရင်ထဲက အဖုအထစ်တွေ ပျောက်သွားတာပေါ့။
'တကယ့် ပါးနပ်တဲ့ နွားကြီးပဲ'
ကျန်းပေရန်က ကွေနွားကို ပြောလိုက်သည်။
"ကောင်းပြီလေ ငါဒီမှာပဲ စောင့်နေပါ့မယ်"
ကွေနွားက ခေါင်းညိတ်ပြီး ရှီဖုန်းလန်ကို တစ်ချက် ကြည့်ကာ လှည့်ထွက်သွားသည်။
ကွေနွား နောက်က ကောင်းကင်ခွေးတစ်ကောင်က မေးလိုက်သည်။
"ယဇ်ပုရောဟိတ်ကြီး သူတို့ကို စောင့်ကြည့်ဖို့ လူချန်ခဲ့ရမလား"
"မလိုဘူး အားလုံး ပြန်လိုက်ခဲ့ကြ"
ကွေနွားက ပြောပြီးတာနဲ့ လာလမ်းအတိုင်း ပြန်ခုန်ထွက်သွားသည်။
ကျန်တဲ့ သားရဲတွေ နားမလည်ပေမယ့် ယဇ်ပုရောဟိတ် စကားကို မလွန်ဆန်ရဲတာကြောင့် နောက်ကနေ လိုက်ပါသွားကြသည်။
'ဒီနွားက... လူပါးဝနေပြီပဲ'
ကွေနွားက စောင့်ကြည့်ဖို့ လူမထားခဲ့တာက ကျန်းပေရန်ကို အစွမ်းထက်တဲ့ ကျင့်ကြံသူလို့ ယူဆထားလို့ ဖြစ်ပုံရသည်။
ဒီလို လူမျိုးနဲ့ ပြဿနာ မဖြစ်ချင်ဘူး ဖြစ်ရင်လည်း သူတို့ဘက်က နစ်နာမယ် ဆိုတာ တွက်ချက်မိလို့ ဖြစ်မည်။
ဒါကြောင့် မသိချင်ယောင်ဆောင်ပြီး ထွက်သွားပေးလိုက်တာ ဖြစ်သည်။
ကျန်းပေရန် အနေနဲ့ ထွက်သွားချင်ရင် ထွက်သွားလို့ ရအောင် လမ်းဖွင့်ပေးလိုက်တဲ့ သဘောပင်။
ဒါပေမဲ့ ဒီအထိ ရောက်နေမှတော့ ကျန်းပေရန်က သားရဲတွေအကြောင်း ပိုသိချင်သလို အကျိုးအမြတ် တစ်ခုခု ရမလား စောင့်ကြည့်ချင်သေးသည်။
ကွေနွား ပြန်ရောက်လာပြီး ကျန်းပေရန် ရှိနေသေးတာကို မြင်တော့ မျက်နှာပျက်သွားသည်။
ဒီလူသား ဘာလုပ်ချင်မှန်း သူနားမလည်နိုင်တော့ပေ။
ကွေနွား ဘာမှ မပြောတာ မြင်တော့ ကျန်းပေရန်က ဦးအောင် မေးလိုက်သည်။
"ဘယ်လိုလဲ မျိုးနွယ်စုခေါင်းဆောင်က လက်ခံလား"
ကွေနွားက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
"လက်ခံတယ် ငါ့နောက်လိုက်ခဲ့"
"ကျေးဇူးပဲ"
ကျန်းပေရန်က လက်သီးဆုပ် ဂါရဝပြုပြီး နောက်က လိုက်သွားသည်။
အမွှေးတိုင် တစ်ဝက်စာလောက် လျှောက်ပြီးတဲ့အခါ ကျောက်တုံးတွေ ပြည့်နှက်နေတဲ့ ကုန်းမြင့်တစ်ခု ရှေ့ကို ရောက်လာသည်။
ဝင်ပေါက်မှာ သားရဲတွေ အများကြီး စောင့်ကြည့်နေကြသည်။
သတင်းကြားပြီး လာကြည့်ကြပုံရသည်။
"ဖယ်ကြစမ်း"
ကွေနွားက အသံဩဩကြီးနဲ့ အော်လိုက်သည်။
ယဇ်ပုရောဟိတ်ကြီး အသံကြားတာနဲ့ သားရဲတွေ အကုန် ထွက်ပြေးကုန်ကြသည်။
သတ္တိရှိတဲ့ ကောင်တချို့လောက်သာ အဝေးကနေ ချောင်းကြည့်နေကြသည်။
"လူသား... မင်းသတ္တိကိုတော့ ချီးကျူးရမယ်"
ကုန်းမြင့်ထဲ ဝင်ခါနီးမှာ ကွေနွားက လှည့်ပြောလိုက်သည်။
"ငါက မိတ်ဖွဲ့ချင်တဲ့ သဘောနဲ့ လာနှုတ်ဆက်တာပါ"
ကျန်းပေရန်က ပြုံးပြီး ပြောလိုက်သည်။
ကွေနွားက ဘာမှ ပြန်မပြောပေမယ့် စိတ်ထဲမှာတော့ ကျန်းပေရန်ရဲ့ စွမ်းအားကို ခန့်မှန်းနေသည်။
လူသား တစ်ယောက်အနေနဲ့ သူတို့စကားကို နားလည်တယ် ဆိုကတည်းက သူတို့ မျိုးနွယ်စုခေါင်းဆောင် ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ သိမှာပဲ။
ဒါကိုတောင် တစ်ယောက်တည်း လာရဲတယ် ဆိုတော့...
'သူ့ကို လျှော့တွက်လို့ မရဘူးပဲ'
ကုန်းမြင့်ထဲ လျှောက်လာရင်း အပြင်မှာ မမြင်ဖူးတဲ့ သားရဲတွေ အများကြီးကို တွေ့ရသည်။
'သူတို့က ဘယ်လို စည်းမျဉ်းနဲ့ အဖွဲ့ဖွဲ့ထားကြတာလဲ မသိဘူး'
မျိုးနွယ်တူ စုထားတာတော့ မဟုတ်ပေ။
ဒီစခန်း တစ်ခုတည်းမှာတင် မျိုးစိတ်ပေါင်းစုံ ရှိနေသည်။
မျိုးနွယ်တူ မဟုတ်ဘဲ စုဖွဲ့ထားတယ် ဆိုရင်... တစ်ဖက် စခန်းမှာ ရှိတဲ့ မျိုးနွယ်တူတွေကိုရော သတ်ကြတာလား။
'မျိုးနွယ်တူချင်း သတ်တာကလည်း ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူးလေ'
ကျန်းပေရန်က ခေါင်းညိတ်လိုက်ပြီး ဆက်မတွေးတော့ပေ။
အခွင့်အရေး ရရင် မေးကြည့်ရမည်။
"ရောက်ပြီ"
ကွေနွားက ရှေ့ကို လက်ညှိုးထိုးပြသည်။
မော့ကြည့်လိုက်တော့ အမြင့်ဆုံး ကုန်းမြင့်ပေါ်မှာ ခြံစည်းရိုး ခတ်ထားတဲ့ နေရာတစ်ခုကို တွေ့လိုက်ရသည်။
အနုပညာ လက်ရာ မမြောက်ပေမယ့် တွင်းအောင်းနေတဲ့ တခြားသားရဲတွေနဲ့ ယှဉ်ရင်တော့ တော်တော် သပ်ရပ်သည်ဟု ပြောရမည်။
ဝင်ပေါက်ရောက်တော့ ကွေနွားက ချီချီနဲ့ ကျန်းပေရန်ကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းနဲ့ ဟိုကောင်ပဲ လိုက်ခဲ့"
ကျန်းပေရန်က ခေါင်းညိတ်ပြီး ရှီဖုန်းလန်ကို ပြောလိုက်သည်။
"ဒီမှာ စောင့်နေနော်"
ရှီဖုန်းလန်က စိတ်ဝင်တစား လိုက်ကြည့်နေတုန်း တားခံလိုက်ရတာကြောင့် မျက်လုံးဝိုင်းလေးတွေနဲ့ ကွေနွားကို ကြည့်ပြီး ပြောလိုက်သည်။
"နွားကြီးရေ ငါလည်း လိုက်လို့ မရဘူးလား"
ကျန်းပေရန်က ဘာသာပြန်ပေးလိုက်သည်။
"သူလည်း ခေါင်းဆောင်ကို တွေ့ချင်လို့တဲ့"
ကွေနွားက ငြင်းမလို့ လုပ်ပေမယ့် ရှီဖုန်းလန်ရဲ့ မျက်လုံးတွေကို မြင်တော့ မငြင်းရက်တော့ပေ။
သူ့လည်ပင်းပေါ်တောင် တင်ခေါ်သွားချင်စိတ် ပေါက်လာသည်။
ဒါပေမဲ့ သားရဲ သိက္ခာကို ငဲ့ပြီး ပြောလိုက်သည်။
"ကောင်းပြီ ဒါပေမဲ့ သူ့ကို သေချာ ထိန်းနော် ခေါင်းဆောင် စိတ်ဆိုးအောင် လုပ်မိရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"
"စိတ်ချပါ သူက လိမ်မ္မာပါတယ်"
ပြောပြီးနောက် ကျန်းပေရန်က ရှီဖုန်းလန် ဘက်လှည့်ပြီး ပြောလိုက်သည်။
"သူ ခွင့်ပြုတယ်"
ရှီဖုန်းလန်က ပျော်လွန်းလို့ ကွေနွား နဖူးနားထိ ပျံတက်သွားပြီး လှမ်းပွတ်လိုက်သည်။
"ကျေးဇူးပါ နွားကြီးရေ"
အထိခံလိုက်ရတဲ့ အခိုက်အတန့်မှာ ကွေနွားက ဓာတ်လိုက်သွားသလို နောက်ဆုတ်သွားသည်။
ဒေါသထွက်ပြီး အော်မလို့ လုပ်ပေမယ့် ရှီဖုန်းလန်ရဲ့ မျက်နှာလေး မြင်တော့ အသံတိတ်သွားသည်။
နှာခေါင်းကနေ လေမှုတ်ထုတ်လိုက်ပြီး ကျန်းပေရန်ကို ပြောလိုက်သည်။
"နောက်တစ်ခါ သူ့ကို အဲဒီလို ပေးမလုပ်နဲ့"
"ကောင်းပြီ"
ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။
စိတ်ထဲမှာတော့ ရှီဖုန်းလန်ရဲ့ ခေါင်းပွတ်သိုင်းက အဆင့် ၈ သားရဲ နှစ်ကောင်ကိုတောင် နိုင်သွားပြီမို့ မြေကမ္ဘာအဆင့် ကျင့်စဉ်နဲ့ ညီမျှတယ်လို့ သတ်မှတ်လိုက်သည်။
ကွေနွား နောက်ကနေ ခြံဝင်းထဲ ဝင်သွားပြီး မြေအောက် လှိုဏ်ခေါင်းထဲ ဆင်းသွားကြသည်။
လမ်းလျှောက်နေရင်း ကျန်းပေရန်က ထူးခြားတဲ့ ခံစားမှု တစ်ခုကို ရလိုက်သည်။
ဝိညာဉ်စွမ်းအင်လည်း မဟုတ် သားရဲစွမ်းအင်လည်း မဟုတ်ပေ။
အသစ်အဆန်း တစ်ခု ဖြစ်သည်။
ဝိညာဉ်ကို ထိတွေ့ပြီး တုန်ခါသွားစေတဲ့ ခံစားမှုမျိုး ဖြစ်သည်။
ချီချီရဲ့ တုံ့ပြန်မှုက ပိုပြင်းထန်သည်။
အမွေးတွေ ထောင်ထသွားပြီး ဘောလုံးလေးလို ဖြစ်သွားသည်။
ကြောက်လို့ မဟုတ်ဘဲ တစ်စုံတစ်ခုက လှုံ့ဆော်လိုက်လို့ ဖြစ်သည်။
ချီချီက ဟိုကြည့်ဒီကြည့် လုပ်နေတာ မြင်တော့ ကွေနွားက ပြောလိုက်သည်။
"ဒီနေရာက စွမ်းအားရှင် လေးပါးရဲ့ ဝိညာဉ်တွေ ကိန်းဝပ်ရာ နေရာပဲ ဒီစွမ်းအားကို မင်းတို့ ရိုသေသင့်တယ်"
ဒီစကား ကြားတော့ ချီချီ ငြိမ်ကျသွားသည်။
သူကိုးကွယ်တဲ့ ဘုရင်နဲ့ စွမ်းအားရှင် လေးပါးရဲ့ ဝိညာဉ်တွေ ရှိတဲ့ နေရာမို့ အလွန် မွန်မြတ်သန့်ရှင်းတယ်လို့ ခံစားလိုက်ရသည်။
ကွေနွားက ကျေနပ်စွာ ခေါင်းညိတ်ပြီး ရှေ့ဆက်သွားသည်။
လမ်းချိုး တစ်ခု ရောက်တော့ အပေါ်မတက်ဘဲ အောက်ဘက် ဆင်းသွားသည်။
မြေအောက် ရောက်တော့ အလင်းရောင် မရှိတော့ဘဲ မှောင်မဲနေသည်။
စိတ်စွမ်းအင် သုံးပြီး လမ်းလျှောက်ရသည်။
သားရဲတွေ အတွက်တော့ အမှောင်ထဲမှာ မြင်ရတာ အထူးအဆန်း မဟုတ်ပေ။
နှစ်လှမ်းလောက် လျှောက်ပြီးတာနဲ့ ကျန်းပေရန်က သူ့အင်္ကျီစ ဆွဲတာ ခံလိုက်ရသည်။
ရှီဖုန်းလန် ဖြစ်မည်။
အနက်ရောင်ဘုရင် အဆင့် ဖြစ်ပြီး အမှောင်ကြောက်နေသေးတဲ့ ရှီဖုန်းလန်ကို ပြောချင်ပေမယ့် မပြောတော့ဘဲ ဒီအတိုင်း လွှတ်ထားလိုက်သည်။
သုံးထပ်လောက် ဆင်းပြီးတဲ့အခါ ကွေနွားက ပြောလိုက်သည်။
"ခေါင်းဆောင် သူတို့ကို ခေါ်လာပါပြီ"
ကွေနွား စကားဆုံးတာနဲ့ အမှောင်ထဲမှာ နှင်းဆီရောင် မျက်လုံးတစ်စုံ လင်းလက်လာသည်။
ကျန်းပေရန်က မျက်လုံးမှာ စိတ်စွမ်းအင် စုစည်းပြီး ကြည့်လိုက်သည်။
ကျားနဲ့တူပြီး အပြာရောင် အမွေးရှည်တွေ ရှိသည်။
လူမျက်နှာ ကျားခြေထောက် ဝက်သွားတွေ ရှိပြီး အမြီးက အလွန်ရှည်ကာ လေထဲမှာ ယမ်းခါနေသည်။
'ထောင်ဝူ ပါလား...'
လူမျက်နှာနဲ့ အမြီးရှည်က ထောင်ဝူရဲ့ လက္ခဏာတွေ ဖြစ်တာကြောင့် ချက်ချင်း မှတ်မိလိုက်သည်။
'ကြားဖူးသလောက်တော့ ဒီကောင်က ဦးနှောက် သိပ်မကောင်းဘူး ဆို စကားပြောလို့ ရပါ့မလား'