သန့်စင်သော ရေကန်
Vol. 43 Ch. 504
"ဟိုလူသား နှစ်ယောက် အသက်ရှင်သေးရဲ့လား"
"အဲဒီထဲ ဝင်သွားပြီးမှ အသက်ရှင်ချင်သေးတယ်တဲ့လား ခေါင်းဆောင်ရဲ့ ဗိုက်ထဲ ရောက်လောက်ပြီ"
"ခေါင်းဆောင်က ချက်ချင်း စားပစ်မယ် မထင်ဘူး ကိုယ့်ဘာသာ လာအစာကျွေးတဲ့ လူသား ဆိုတာ ရှားတယ်လေ ဆော့ကစားပြီးမှ စားမှာ နေမှာပါ"
"ဟားဟား... ဟုတ်သားပဲ... ဟော ဟိုမှာ ခေါင်းဆောင် ထွက်လာပြီ"
...
ခေါင်းဆောင် စံအိမ်ရှေ့မှာ စုဝေးနေတဲ့ သားရဲတွေက လူသားနှစ်ယောက်ရဲ့ ကံကြမ္မာကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။
လူသား တစ်ယောက်တည်း ဒီနေရာအထိ ဝင်လာရဲတယ် ဆိုတာ တစ်ခါမှ မကြုံဖူးတဲ့ ဖြစ်ရပ်ဆန်း ဖြစ်တာကြောင့် သတင်းက တစ်စက္ကန့်အတွင်း တစ်မျိုးနွယ်စုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ခေါင်းဆောင် ထွက်လာတာကို မြင်တော့ လူစုခွဲမလို့ လုပ်တုန်းမှာပဲ နောက်က လူသားနှစ်ယောက် ပါလာတာကို မြင်လိုက်ရသည်။
"အသက်ရှင်နေသေးတယ်ဟ"
သားရဲတွေ အာမေဋိတ်သံတွေ ထွက်လာသည်။
ဒီရလဒ်ကို ဘယ်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
"ငါသိပြီ ခေါင်းဆောင်က ငါတို့ရှေ့မှာ စားပြချင်လို့ ခေါ်လာတာ နေမှာ"
"မဟုတ်ဘူး မဟုတ်ဘူး ခေါင်းဆောင်က အိမ်မွေးတိရစ္ဆာန် လုပ်ဖို့ ခေါ်လာတာ ဖြစ်မယ်"
"ဖြစ်နိုင်တယ် လူသားတွေလည်း အဲဒီလို လုပ်တတ်ကြတာပဲ ဒါပေမဲ့ ဒီလို ကိုယ်လုံးသေးသေးလေးနဲ့ ဘာလုပ်လို့ ရမှာလဲ"
...
သားရဲတွေ ဝေဖန်နေကြတုန်းမှာပဲ ထောင်ဝူက ကျန်းပေရန် တို့ကို သန့်စင်သော ရေကန်ဘက် ခေါ်သွားနေပြီ ဖြစ်သည်။
သားရဲတွေက တစ်ကောင်နဲ့ တစ်ကောင် ကြည့်ပြီးနောက် ခပ်လှမ်းလှမ်းကနေ လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
ခေါင်းဆောင်က ဒီလူသားတွေကို ဘယ်လို စီရင်မလဲ ဆိုတာ သိချင်ကြသည်။
ထောင်ဝူ နောက်ကနေ လိုက်လာရင်း စမ်းချောင်းလေး တစ်ခုဆီ ရောက်လာသည်။
ထောင်ဝူက လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ဒါက ငါတို့ မျိုးနွယ်စုရဲ့ သန့်စင်သော ရေကန် ပဲ ဒဏ်ရာရတဲ့ သားရဲတွေ ဒီရေကို သောက်လိုက်ရင် သက်သာသွားလေ့ ရှိတယ်"
'ဒဏ်ရာ ကုသပေးနိုင်တဲ့ စမ်းရေလား...'
ကျန်းပေရန်က ထိုင်ချလိုက်ပြီး စိတ်စွမ်းအင်နဲ့ စမ်းရေကို စစ်ဆေးကြည့်လိုက်သည်။
ဝိညာဉ်စွမ်းအင် ပြည့်ဝနေတာကို တွေ့ရသည်။
ဒါပေမဲ့ သာမန် ဝိညာဉ်စွမ်းအင် ပြည့်ဝတာလောက် မကပေ။
"ငါ မြည်းကြည့်လို့ ရမလား"
ကျန်းပေရန်က မော့ကြည့်ပြီး မေးလိုက်သည်။
"ရတယ်"
ခွင့်ပြုချက် ရတာနဲ့ ကျန်းပေရန်က လက်ခုပ်နဲ့ ရေတစ်ခွက် ခပ်ယူပြီး သောက်လိုက်သည်။
'ဟာ...'
ရေကို မျိုချလိုက်တာနဲ့ ကျန်းပေရန် အံ့သြသွားသည်။
ဒါက ရေမဟုတ်ပေ... ဝိညာဉ်စွမ်းအင် အရည် ဖြစ်သည်။
အံ့ဖွယ်နဂါးတိုက်ကြီး မှာ ဝိညာဉ်စွမ်းအင်က အရေးအပါဆုံး အခြေခံအကျဆုံးနဲ့ မရှိမဖြစ် လိုအပ်ဆုံး အရာဖြစ်သည်။
အစီအရင် ချတာပဲ ဖြစ်ဖြစ် ဆေးဖော်တာပဲ ဖြစ်ဖြစ် လက်နက်သွန်းလုပ်တာပဲ ဖြစ်ဖြစ် ဝိညာဉ်စွမ်းအင် မပါရင် မပြီးပေ။
ကျန်းပေရန်က ဝိညာဉ်စွမ်းအင် ဆိုတာ ဘာလဲလို့ သုတေသန အများကြီး လုပ်ခဲ့ဖူးသည်။
သူ့ရဲ့ ကောက်ချက်အရ ဝိညာဉ်စွမ်းအင် ဆိုတာက သက်ရှိတွေအတွက် အကျိုးရှိစေတဲ့ အထူးစွမ်းအင် တစ်မျိုး ဖြစ်သည်။
ဒါ့အပြင် ဝိညာဉ်စွမ်းအင်ကို လောင်စာအဖြစ် အသုံးပြုပြီး စွမ်းအင်အဖြစ် ပြောင်းလဲကာ နေရာအနှံ့ အသုံးပြုနိုင်သည်။
ဥပမာ လက်နက်တွေ မောင်းနှင်တာ မိုးပျံယာဉ်တွေ မောင်းနှင်တာ ဆေးဖော်တာ စသဖြင့်ပေါ့။
လျှပ်စစ်စွမ်းအင် နဲ့ ဆင်တူသည်။
နောက်ထပ် တွေ့ရှိချက် တစ်ခုက ဝိညာဉ်စွမ်းအင်မှာ "မျိုးတူ တွန်းကန်အား" ရှိသည်။
ရိုးရိုးရှင်းရှင်း ပြောရရင် ဝိညာဉ်စွမ်းအင်တွေက တစ်နေရာတည်းမှာ စုပြုံနေလေ့ မရှိပေ။
သဘာဝ လွန် နည်းလမ်းတွေ သုံးမှသာ စုစည်းလို့ ရသည်။
ဥပမာ ဝိညာဉ်ကျောက်တုံးတွေထဲမှာ ဖိသိပ်ထည့်ထားတာမျိုးပေါ့။
ဒါပေမဲ့ အခု သူ့ရှေ့က စမ်းရေကတော့ သဘာဝ အတိုင်း တည်ရှိနေပြီး "မျိုးတူ တွန်းကန်အား" သီအိုရီကို ဆန့်ကျင်နေသည်။
"ဒါက သူ့အလိုလို ပေါ်လာတာလား"
ကျန်းပေရန်က ထောင်ဝူကို မေးလိုက်သည်။
ထောင်ဝူက ခေါင်းခါလိုက်သည်။
"ဒါက စွမ်းအားရှင် လေးပါး နယ်မြေ မှာ ရှေးအကျဆုံး သန့်စင်သော ရေကန် ပဲ ဘယ်တုန်းက စပေါ်လာလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး"
'ငါထင်တဲ့အတိုင်း ဒီနေရာက ရတနာသိုက်ပဲ'
ရှေးဟောင်း အပျက်အစီးများ ထဲ မဝင်ခင်ကတည်းက ကျန်းပေရန် မျှော်လင့်ထားခဲ့သည်။
ဒီလောက် စွမ်းအားကြီးတဲ့ သားရဲတွေ ပေါက်ဖွားလာနိုင်တာ ဒီလို ရတနာတွေ ရှိနေလို့ ဖြစ်ရမည်။
ပထမဆုံး ဘူတာမှာတင် ထီပေါက်သလို ဖြစ်သွားသည်။
ဒီစမ်းရေက တကယ်ပဲ "မျိုးတူ တွန်းကန်အား" ကို ဆန့်ကျင်နေတဲ့ ဝိညာဉ်စွမ်းအင် ဟုတ်မဟုတ် မသေချာသေးပေမယ့် လက်ရှိ အနေအထားအရ အသုံးချစရာတွေ အများကြီး မြင်ယောင်နေသည်။
ဥပမာ ဒီစမ်းရေနဲ့ ဝိညာဉ်အရက် ချက်လိုက်ရင် စိမ်ရတဲ့ အချိန် တိုသွားမယ့်အပြင် အာနိသင်လည်း ပိုကောင်းလာမည်။
လက်နက်သွန်းလုပ်ရာမှာ သုံးရင်လည်း သတ္တုထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ပိုမာကျောစေမည်။
ခဏလောက် စဉ်းစားလိုက်တာနဲ့တင် အကျိုးကျေးဇူးတွေ အများကြီး တွေ့နေရသည်။
သေချာ သုတေသန လုပ်လိုက်ရင် ပိုပြီး အစွမ်းထက်တဲ့ အရာတွေ ဖန်တီးနိုင်မှာ သေချာသည်။
ကျန်းပေရန် တစ်ယောက် အတွေးလွန်နေချိန်မှာ နောက်က လိုက်လာတဲ့ သားရဲတွေကတော့ မျက်လုံးတွေ ကျွတ်ကျမတတ် ပြူးကြည့်နေကြသည်။
"ဟို... ဟိုလူသားက သန့်စင်သော ရေကန် ထဲက ရေကို သောက်လိုက်တယ်ဟ"
"ဘယ်လို ဖြစ်နိုင်မှာလဲ ဒဏ်ရာ အပြင်းအထန် ရမှ ခေါင်းဆောင်က သောက်ခွင့်ပေးတာလေ ခိုးသောက်ရင်တောင် အပြစ်ပေးခံရတာကို"
"ခေါင်းဆောင်က ဒီလူသားကို ဝဖြိုးလာအောင် လုပ်ပြီးမှ စားမလို့များလား"
"အင်း... ဖြစ်နိုင်တယ်"
တခြား အကြောင်းပြချက် စဉ်းစားလို့ မရတာကြောင့် ဒီလိုပဲ ကောက်ချက်ချလိုက်ကြသည်။
ကျန်းပေရန်က စမ်းရေထဲ လက်နှိုက်ပြီး မွှေကြည့်ကာ မေးလိုက်သည်။
"ဒဏ်ရာ ကုတာကလွဲရင် တခြား ဘာအတွက် သုံးသေးလဲ"
"မရှိတော့ဘူး"
ထောင်ဝူက ခေါင်းခါလိုက်သည်။
'နှမြောစရာကြီးကွာ...'
ဒီစမ်းရေကို ဒီတိုင်း သောက်တာက အကြီးမားဆုံး ဖြုန်းတီးမှု ဖြစ်သည်။
နည်းနည်းလောက် ပြုပြင်လိုက်ရင် အာနိသင်က အဆပေါင်းများစွာ တက်လာနိုင်သည်။
"အရမ်း ဖြုန်းတီးရာ ရောက်တာပဲ ဒီစမ်းရေက အရမ်းကောင်းတဲ့ ကုန်ကြမ်း ငါ ဒါနဲ့ ဝိညာဉ်အရက် ချက်ပြီး ခေါင်းဆောင်ကို တိုက်ကြည့်မယ် ခေါင်းဆောင် ကြိုက်တယ် ဆိုရင် ငါတို့ ပူးပေါင်းပြီး တခြား ပစ္စည်းတွေ ထပ်ထုတ်ကြမလား"
"ဝိညာဉ်အရက်... ထပ်ထုတ်မယ်..."
ဒီစကားလုံး နှစ်လုံးကို နားမလည်တဲ့ ထောင်ဝူက ပြန်မေးလိုက်သည်။
"ဪ ဝိညာဉ်အရက် ဆိုတာက ဆေးလုံးနဲ့ ဆင်တူတယ် သောက်လိုက်ရင် ဒဏ်ရာ ပျောက်စေတယ် ကျင့်ကြံမှု မြင့်စေတယ် ခန္ဓာကိုယ် သန်မာစေတယ် ထပ်ထုတ်မယ် ဆိုတာကတော့ ဒီစမ်းရေကို သုံးပြီး ဆေးလုံးလို အစွမ်းထက်တဲ့ ပစ္စည်းတွေ ဖန်တီးတာကို ပြောတာ ခေါင်းဆောင်တို့ မျိုးနွယ်စု တစ်ခုလုံးအတွက် အကျိုးရှိစေမှာ"
ဆေးလုံးရဲ့ အစွမ်းကို တွေ့ဖူးပြီးသား ထောင်ဝူက ခဏ စဉ်းစားပြီး ပြောလိုက်သည်။
"မင်းပြောတဲ့ ဝိညာဉ်အရက် က တကယ် ကောင်းတယ် ဆိုရင် စဉ်းစားပေးပါ့မယ်"
"ကောင်းပြီ ဒါဆို ကတိတည်ကြေးနော်"
ကျန်းပေရန်က ထရပ်လိုက်သည်။
ထောင်ဝူ သဘောတူလိုက်တာနဲ့ ကျန်းပေရန် ခေါင်းထဲမှာ စီမံကိန်းတွေ ပေါ်လာသည်။
'ဒီဘက်မှာ ကျင့်ကြံတဲ့ အခန်း ဆောက်မယ် ဟိုဘက်မှာ လက်နက်သွန်းလုပ်တဲ့ အခန်းနဲ့ ဆေးဖော်တဲ့ အခန်း ဆောက်မယ် ပြီးတော့...'
စဉ်းစားရင်းနဲ့ ကျန်းပေရန်က မေးလိုက်သည်။
"ရေအောက် ဆင်းကြည့်လို့ ရမလား"
ထောင်ဝူက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။
"ရပါတယ် ဒါပေမဲ့ ငါလည်း လိုက်ခဲ့မယ်"
"ကောင်းတာပေါ့"
ကျန်းပေရန်က ရှီဖုန်းလန်ကို စောင့်နေခိုင်းပြီး ထောင်ဝူနဲ့အတူ ရေထဲ ဒိုင်ဗင်ထိုး ချလိုက်သည်။
"ဟာ"
လူသား တစ်ယောက် ခေါင်းဆောင်နဲ့အတူ ရေကန်ထဲ ခုန်ချသွားတာ မြင်တော့ သားရဲတွေ အာမေဋိတ်သံတွေ ဆူညံသွားသည်။
ခေါင်းဆောင် ဘာလုပ်နေလဲ ဆိုတာ ဘယ်သူမှ နားမလည်နိုင်တော့ပေ။
ရေထဲ ရောက်တာနဲ့ ကျန်းပေရန်က စမ်းရေထွက်ရာ နေရာကို ရှာတွေ့သွားပြီး အဲဒီဘက် ကူးသွားလိုက်သည်။
ရေထွက်ပေါက် နားရောက်တော့ စိတ်စွမ်းအင်နဲ့ အောက်ဘက်ကို စစ်ဆေးကြည့်လိုက်သည်။
သာမန် စမ်းရေထွက်ပေါက်နဲ့ အတူတူပဲ ဖြစ်သည်။
မြေအောက်ရေ သဘာဝအတိုင်း ထွက်လာခြင်း ဖြစ်သည်။
ဒါပေမဲ့ ရေထွက်ပေါက်ထဲ ဝင်ပြီး အောက်ဘက်ကို ဆက်ရှာမလို့ လုပ်တုန်းမှာပဲ စနစ်ရဲ့ အချက်ပေးသံ ပေါ်လာသည်။
[ ရွေးချယ်မှု ၁ - ဆက်လက် စူးစမ်းရှာဖွေပါ။ ဆုလဒ် - ကောင်းကင်ဘုံ လျှို့ဝှက် အစီအရင် မှတ်တမ်း (မြေကမ္ဘာအဆင့် အဆင့်မြင့်) ]
[ ရွေးချယ်မှု ၂ - သန့်စင်သော ရေကန် မှ ထွက်ခွာပါ။ ဆုလဒ် - ကျပန်း အခြေခံ အရည်အချင်းပြ အမှတ် + ၁ ]
'ဟာ... အောက်မှာ ဘာတွေ ရှိနေလို့ ဒီလောက် အန္တရာယ်များနေရတာလဲ'
လန့်သွားတဲ့ ကျန်းပေရန်က ရွေးချယ်မှု ၂ ကို ချက်ချင်း ရွေးလိုက်ပြီး ထောင်ဝူကို အပေါ်တက်တော့မယ့် အကြောင်း လက်ဟန်ပြကာ ပြန်ကူးတက်လာခဲ့သည်။
ကမ်းပေါ် ရောက်တာနဲ့ ကျန်းပေရန်က ကိုယ်ပေါ်မှာ ရေတစ်စက်မှ မတင်ကျန်နေတာကို တွေ့လိုက်ရသည်။
[ ရွေးချယ်မှု ပြီးမြောက်ပါပြီ။ ဆုလဒ် - စိတ်စွမ်းအင် + ၁ ]
'အောက်မှာ ဘာကောင်တွေ စောင့်နေလဲ မသိဘူး'
ကျန်းပေရန်က ဒီထူးခြားတဲ့ ဝိညာဉ်စွမ်းအင်တွေ ဘယ်က လာသလဲ ဆိုတာ သိချင်လို့ ဆင်းကြည့်တာ ဖြစ်ပေမယ့် စနစ်က အန္တရာယ် ကြီးမားကြောင်း သတိပေးလိုက်တာကြောင့် လက်လျော့လိုက်ရသည်။
'စွမ်းအားကြီးတဲ့ သားရဲ တစ်ကောင်က စောင့်နေတာလား ဒါမှမဟုတ် အောက်ရောက်ရင် ပြဿနာကြီး တစ်ခုခုထဲ ပါသွားမှာလား'
ဖြစ်နိုင်ချေတွေ အများကြီး ရှိတာကြောင့် ဘာဖြစ်မယ် ဆိုတာ ခန့်မှန်းလို့ မရပေ။
'ထားလိုက်ပါတော့ ဝေးဝေးနေတာ အကောင်းဆုံးပဲ'
ရေထွက်ပေါက်အောက်က အန္တရာယ်များပေမယ့် အပေါ်ကို တက်လာတဲ့ စမ်းရေတွေကို သုံးတာကတော့ ပြဿနာ မရှိပေ။
'ဆေးဖော်တဲ့ အခန်းဘေးမှာ ဆေးမြစ်ပျိုးဥယျာဉ် တစ်ခု ဆောက်ရမယ် ပြီးတော့ ချစ်စရာ အကောင်လေးတွေ မွေးဖို့ နေရာလေး လုပ်ရမယ်'
ဒီစမ်းရေ ပမာဏက ဆေးဖော်တာ လက်နက်သွန်းလုပ်တာ အားလုံးအတွက် လုံလောက်သည်။
ဒါပေမဲ့ ထောင်ဝူ သဘောတူမှ ဖြစ်မည်။
'ဒီလို စမ်းရေမျိုး နေ့တိုင်း သောက်နေမှတော့ ဒီက သားရဲတွေ ဉာဏ်ကောင်းတာ မဆန်းပါဘူး'
စောစောက ထောင်ဝူ ဘာလို့ ထင်ထားတာထက် ပိုဉာဏ်ကောင်းနေလဲ ဆိုတာ အခုမှ သဘောပေါက်သွားသည်။
ဝိညာဉ်စွမ်းအင်ရဲ့ အဓိက လုပ်ဆောင်ချက် ၉ ခုထဲမှာ "ဉာဏ်ရည် ဖွင့်ပေးခြင်း" လည်း ပါဝင်သည်။
လက်နက်တွေမှာ ဝိညာဉ်ဝင်လာတာက ဝိညာဉ်စွမ်းအင်တွေ စုစည်းပြီး သက်ရှိ အချက်အလက်တွေနဲ့ ပေါင်းစပ်မိသွားလို့ ဖြစ်သည်။
သက်မဲ့ ပစ္စည်းကိုတောင် ဉာဏ်ရည် ဝင်လာအောင် လုပ်နိုင်ရင် သက်ရှိ သားရဲတွေ အတွက်တော့ ပြောနေစရာတောင် မလိုပေ။
"တစ်ခုခု တွေ့ခဲ့လား"
ကျန်းပေရန် တိတ်ဆိတ်နေတာ မြင်တော့ ထောင်ဝူက မေးလိုက်သည်။
"ဪ ဒီစမ်းရေတွေကို ဘယ်လို အကျိုးရှိရှိ သုံးမလဲ ဆိုတာ စဉ်းစားနေတာ"
"ဒီစမ်းရေက ငါတို့ မျိုးနွယ်စုအတွက် အရမ်း အရေးကြီးတယ် မင်း သတိထားပြီး ကိုင်တွယ်စေချင်တယ် မတော်တဆ တစ်ခုခု ဖြစ်သွားရင် ငါတို့ မိတ်ဆွေ ဆက်ဖြစ်လို့ ရမှာ မဟုတ်ဘူး"
"စိတ်ချပါ ငါ နားလည်ပါတယ်"
ထောင်ဝူက ခေါင်းညိတ်ပြီး ဆက်ပြောသည်။
"ဒါနဲ့ မင်း စောစောက သောက်လိုက်တဲ့ စမ်းရေ တစ်ခွက်စာ အတွက် ဘာနဲ့ ပြန်ပေးမလဲ"
'...'
'………'
'ဒီကောင်က ကပ်စေးနည်းလှချည်လား'
ထောင်ဝူက စာရင်းရှင်းလိမ့်မယ်လို့ ကျန်းပေရန် ထင်မထားခဲ့ပေ။
ကျန်းပေရန် ကြောင်သွားတာ မြင်တော့ ထောင်ဝူက ဟားတိုက် ရယ်မောလိုက်သည်။
"စတာပါကွာ လာ နောက်တစ်နေရာ သွားကြည့်ရအောင်"
'ဟာသတောင် လုပ်တတ်နေပါလား'
ဒီအဖြစ်အပျက်ကြောင့် ကျန်းပေရန်က ထောင်ဝူကို ဦးနှောက်မရှိတဲ့ သားရဲ တစ်ကောင်လို သဘောထားလို့ မရတော့မှန်း သိလိုက်ရသည်။
အနည်းဆုံးတော့...
ဟာသ ဉာဏ် ရွှင်သည်။
ကျန်းပေရန် နဲ့ ထောင်ဝူ ထွက်သွားတာကို ကြည့်ပြီး သားရဲတွေ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့သည်။
"ခေါင်းဆောင်... စောစောက ရယ်လိုက်တာလား"
"ခေါင်းဆောင်က လူသားနဲ့ တော်တော် တည့်နေပုံရတယ်နော်"
"မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး"
"လိုက်ကြည့်ရအောင်"
...
ထောင်ဝူရဲ့ နယ်မြေက အလွန် ကျယ်ဝန်းသည်။
အချိန်အကြာကြီး လျှောက်ကြည့်တာတောင် တစ်ဝက် မကျိုးသေးပေ။
ဒါပေမဲ့ ဒီခဏလေး အတွင်းမှာတင် ကျန်းပေရန် တစ်ယောက် မျက်စိပွင့် နားပွင့် ဖြစ်ခဲ့ရသည်။
ရှေးဟောင်း အပျက်အစီးများ ဆိုတာ တကယ်ပဲ ရတနာသိုက်ကြီး ဖြစ်သည်။
"ထူးခြားဆန်းပြား မှတ်တမ်း" ထဲမှာ မပါတဲ့ ပစ္စည်းတွေ အများကြီး ရှိသလို ရှီဟုန်ဖန်ရဲ့ ကိုယ်ပိုင် မှတ်တမ်းထဲမှာ မပါတာတွေလည်း အများကြီး တွေ့ရသည်။
ကျန်းပေရန် ပျော်လွန်းလို့ ကခုန်ချင်စိတ်တောင် ပေါက်လာသည်။
ပထမဆုံး ရှာဖွေတွေ့ရှိသူ ဖြစ်ရတာ အရမ်း အရသာရှိသည်။
ဒါပေမဲ့ ဒီပစ္စည်းတွေကို ပိုင်ဆိုင်ချင်ရင်တော့ နည်းလမ်း သုံးရဦးမည်။
သူက သူများပိုင်နက်ထဲ ရောက်နေတာကိုး။
ညရောက်တဲ့အခါ ကျန်းပေရန်က ပြောလိုက်သည်။
"လေးစားအပ်ပါသော မျိုးနွယ်စုခေါင်းဆောင် နည်းနည်းလောက် နားပြီး တခုခု စားကြမလား"
"စားမယ်" ဆိုတဲ့ စကားလုံး ကြားတာနဲ့ ရှီဖုန်းလန်နဲ့ ချီချီတို့ မျက်လုံး အရောင်တောက်လာသည်။
ချီချီ ဆိုရင် တံတွေးတောင် ယိုကျလာသည်။
"ကောင်းပြီ"
ထောင်ဝူက ခေါင်းညိတ်လိုက်သည်။
အသားကင် ကျွေးပြီး သားရဲတွေနဲ့ ရင်းနှီးမှု တည်ဆောက်တာက ရိုးနေပြီ ဖြစ်တဲ့ နည်းလမ်း ဖြစ်ပေမယ့် အလွန် ထိရောက်သည်။
မီးမွှေး အသားလှီး တံကျင်ထိုး...
ကျွမ်းကျင်စွာ ပြင်ဆင်ပြီးနောက် ကျန်းပေရန်က သိုးသားကင် စတင် ကင်လိုက်သည်။
ထောင်ဝူက လူသားတွေ အသားကင်တာကို တခါမှ မမြင်ဖူးပေ။
အစပိုင်းမှာတော့ အသားဆိုတာ ဒီတိုင်း ကိုက်စားရုံပဲကို ဘာလို့ ရှုပ်ရှုပ်ယှက်ယှက် လုပ်နေရတာလဲ ဆိုပြီး အထင်သေးနေသည်။
ဒါပေမဲ့ အသားကင် နံ့တွေ နှာခေါင်းထဲ တိုးဝင်လာတဲ့အခါ နှာခေါင်းကို ရှုံ့လိုက်ပြီး တံတွေးမြိုချလိုက်မိသည်။
တံတွေးမြိုချသံ ကြားလိုက်ရတဲ့ ကျန်းပေရန်က ပြုံးပြီး ပြောလိုက်သည်။
"ခဏလေး စောင့် ရတော့မယ်"
"ဒါကို ဘာခေါ်လဲ"
ထောင်ဝူက မီးဖိုပေါ်က အသားတွေကို ကြည့်ပြီး မေးလိုက်သည်။
"သိုးသားကင် လို့ ခေါ်တယ် သိုးသားကို တံကျင်မှာ ထိုးပြီး ကင်တာ အရမ်း မွှေးတယ်"
"အနံ့ရတယ်"
ထောင်ဝူက ခေါင်းညိတ်ပြီး မေးလိုက်သည်။
"လူသားတွေရဲ့ ဆေးလုံးက ဒဏ်ရာ ကုသပေးနိုင်တယ် ဆိုရင် အစားအစာကရော ဘာအစွမ်း ရှိလဲ"
"အစားအစာ ဆိုတာ ခံစားဖို့ပါ အရသာ ရှိဖို့က အဓိကပဲ ကျန်တာ တွေးမနေပါနဲ့"
ပြောပြီးနောက် ကျန်းပေရန်က ဆီတွေ တဝုန်းဝုန်းကျနေတဲ့ သိုးသားကင် ၁၀ ချောင်းကို ထောင်ဝူဆီ ကမ်းပေးလိုက်သည်။
"ရော့ မြည်းကြည့်ပါ"
ထောင်ဝူရဲ့ ပါးစပ်က အကြီးကြီးမို့ တစ်ချောင်းချင်း ပေးရင် သွားကြားညှပ်ရုံပဲ ရှိမည်။
ဒါကြောင့် ၁၀ ချောင်း တပြိုင်တည်း ပေးလိုက်ခြင်း ဖြစ်သည်။
ထောင်ဝူက အားမနာတော့ဘဲ ပါးစပ်ဟပြီး အကုန်လုံးကို တံကျင်တွေပါ မကျန် ဝါးစားလိုက်သည်။
"မွှေးလိုက်တာ"
ပထမဆုံး ကိုက်လိုက်တာနဲ့ ထောင်ဝူ အော်ဟစ်လိုက်သည်။