နတ်ဘုရားချောက်နက်ကြီး ဆူပူအုံကြွခြင်းနှင့် ဓားနတ်ဘုရားဧကရာဇ်၏ ဘေးအန္တရာယ်
Vol. 24 Ch. 235
ဤအချိန်၌ ကောင်းကင်သို့ တက်လှမ်းသွားသော တာအိုဝတ်ရုံအဘိုးအိုသည် ထိုကဲ့သို့သော လူစားမျိုး ဖြစ်ပေသည်။
သူသည် လူလုံးမထွက်သော ကျွမ်းကျင်သူ တစ်ဦး ဖြစ်သော်လည်း သူ၏အင်အားသည် အလွန် သန်မာလှချေ၏။
ထိုအချိန်တွင်
အရှေ့ပိုင်း ကောင်းကင်ရှိ မဟာရှား မင်းဆက် အတွင်းတွင် ထိတ်လန့်နေကြသော ပြည်သူများသည် ကောင်းကင်ကို မော့ကြည့်ပြီး တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုကို ကြည့်နေကြလေသည်။
နတ်ဆိုးများ တိုက်ခိုက်ခြင်း ခံရသည့် နေရာသည် မဟာရှား မင်းဆက်၏နယ်မြေ ဖြစ်ပေသည်။
မရေမတွက်နိုင်သော လူများသည် အလောင်းပင် မကျန်ရစ်ဘဲ ဆိုးရွားစွာ သေဆုံးခဲ့ကြရချေ၏။
လေကို စီးပြီး ဓားကို ထိန်းချုပ်ထားသော တာအိုဝတ်ရုံနှင့် အဘိုးအိုက သူသည် မဟာရှား မင်းဆက်မှ ဖြစ်ကြောင်း ပြောဆိုသော်လည်း မည်သူမျှ သူ့ကို မသိကြချေ။
မည်သူမျှ သူ့ကို မမြင်ဖူး၊ မကြားဖူးခဲ့ကြပေ။
မဟာရှား မင်းဆက်၏နန်းတော် အတွင်းတွင်
မဟာရှားမင်းဆက်၏ ဘုရင်သည် လေးနက်သော အပြုံးတစ်ခု သူ၏ခန့်ညားသော မျက်နှာတွင် ပေါ်လာပြီး အဝေးသို့ လှမ်းကြည့်လိုက်လေသည်။
သူ၏မင်းဆက် အတွင်း၌ ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ရှိနေမှန်း သူပင် မသိခဲ့ပေ။
ဤတိုက်ပွဲ ပြီးဆုံးသွားပါက မဟာရှားမင်းဆက်၏ ဂုဏ်သတင်းသည် ဤအဘိုးအို၏အကူအညီဖြင့် နောက်တစ်ဆင့်သို့ မြင့်တက်သွားလိမ့်မည် ဖြစ်ချေ၏။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူသည် ဘေးပတ်ဝန်းကျင် နိုင်ငံများကို ဟန့်တားနိုင်ပြီး သူ့ကို ဦးညွှတ်လာစေနိုင်မည် ဖြစ်ပေသည်။
ဤအချိန်တွင် တာအိုဝတ်ရုံနှင့် အဘိုးအိုသည် လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်နေလေသည်။
မဟာရှားမင်းဆက်မှ ပြည်သူများသာမက အရှေ့ပိုင်း ကောင်းကင် တစ်ခုလုံးရှိ သက်ရှိသန်းပေါင်းများစွာကလည်း အာရုံစိုက်နေကြချေ၏။
ကောင်းကင်ထက် ချောက်နက်ကြီး အပြင်ဘက်ရှိ ဓားနတ်ဘုရား ဧကရာဇ် သည် တာအိုဝတ်ရုံနှင့် အဘိုးအိုကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
သူသည် ရက်စက်စွာ ရယ်မောလိုက်ချေ၏။
"မိုက်မဲတဲ့ အဘိုးကြီး... ဒီနေ့ မင်းကို ငါ ကောင်းကင်ဘုံ ပို့ပေးမယ်..."
စကားမဆုံးမီ သူသည် လက်ဝါးကို မြှောက်ပြီး ရိုက်ချလိုက်ပေသည်။
သူ၏လှုပ်ရှားမှုသည် အလွန် နှေးကွေးသော်လည်း ဖော်ပြမရနိုင်သော အရှိန်အဝါများ ပါဝင်နေလေသည်။
လက်ဝါးပုံရိပ်သည် တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးတွင် မိုးနှင့်မြေ၊ ဟင်းလင်းပြင်နှင့် ကမ္ဘာ၏အစိတ်အပိုင်း တစ်ခုကို ဖုံးလွှမ်းသွားချေ၏။
"ဘုန်း"
ကောင်းကင်ကို ဖုံးလွှမ်းသွားသော လက်ဝါးရိုက်ချက်အောက်တွင် အဘိုးအို၏ ဓားအလင်းရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အစအန မကျန်တော့ချေ။
၎င်းသည် ကျယ်ပြောလှသော ကြယ်တာရာ ပင်လယ်ထဲသို့ ပစ်ချလိုက်သော ကျောက်တုံးတစ်တုံးကဲ့သို့ လှိုင်းဂယက်မထဘဲ ပျောက်ကွယ်သွားခြင်း ဖြစ်ပေသည်။
သန်းပေါင်းများစွာသော လူများ၏ အကြည့်အောက်တွင် ကြီးမားသော လက်ဝါးရာကြီး အောက်မှ သွေးများ ပန်းထွက်လာလေသည်။
သွေးချီ အားလုံးကို ဓားနတ်ဘုရား ဧကရာဇ်က စားသုံးလိုက်ချေ၏။
ဤမြင်ကွင်းသည် မဟာရှားမင်းဆက်မှ လူများ၏ မျက်နှာကို ဖြူဖျော့သွားစေလေသည်။
သူတို့သည် နှလုံးသားထဲမှ မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ကြရပေသည်။
အရှေ့ပိုင်း ကောင်းကင်၏ဝိညာဉ်သည် တုန်လှုပ်သွားလေသည်။
မဟာပျက်စီးခြင်းနယ်မြေ၏ အပြင်ဘက် ဧရိယာ တစ်ခုလုံးတွင် မရေမတွက်နိုင်သော လူများ၏ မျက်နှာများ ဖြူဖျော့သွားပြီး မျှော်လင့်ချက်မဲ့မှုဖြင့် တုန်လှုပ်နေကြချေ၏။
မဟာရှား မင်းဆက်မှ တာအိုဝတ်ရုံနှင့် အဘိုးအို။
သူသည် ဓားနတ်ဘုရား ဧကရာဇ် လက်ချက်ဖြင့် သေဆုံးရသည့် နောက်ဆုံးလူ မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဓားနတ်ဘုရား ဧကရာဇ်သည် ကောင်းကင်ကို ဖြတ်ကျော်ပြီး မဟာပျက်စီးခြင်း နယ်မြေ အပြင်ဘက်ရှိ ကုန်းမြေပေါ်သို့ ဆင်းသက်လာခဲ့သောကြောင့် ဖြစ်လေသည်။
သူသည် မဟာရှားမင်းဆက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။
မကြာမီ မဟာရှားမင်းဆက်မှ သန်းပေါင်းများစွာသော လူများသည် သူ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး အရိုးပင် မကျန်တော့ချေ။
သေဆုံးသွားသူများ၏သွေးချီများကို သူက စားသုံးပြီး သူ့ကိုယ်သူ အားဖြည့်လိုက်လေသည်။
မဟာရှားမင်းဆက်မှ သန်းပေါင်းများစွာသော ပြည်သူများကို သတ်ဖြတ်ပြီးနောက် သူသည် မရပ်တန့်ခဲ့ပေ။
သူသည် သတ်ဖြတ်ပွဲကို ဆက်လက် ဆင်နွှဲပြီး ဘေးပတ်ဝန်းကျင် မင်းဆက်များဆီသို့ ဦးတည်သွားလေသည်။
မရေမတွက်နိုင်သော လူများသည် သူ၏ လက်ချက်ဖြင့် သေဆုံးပြီး တစ္ဆေများ ဖြစ်သွားကြရချေ၏။
မဟာရှားမင်းဆက်၏ဘေးပတ်ဝန်းကျင်တွင် သာမန်ပြည်သူများသည် သွေးမြေကျကာ ကြီးစွာသော ဒုက္ခဆင်းရဲကို ခံစားနေကြရပေသည်။
မင်းဆက် သုံးခုမှ လူများကို သတ်ဖြတ်ပြီးနောက်မှ ဓားနတ်ဘုရား ဧကရာဇ်သည် ကန့်သတ်ချက်လော သို့မဟုတ် အခြားအကြောင်းပြချက် တစ်ခုခုကြောင့် ရပ်တန့်သွားချေ၏။
နောက်ဆုံးတွင် သူသည် မြေကြီးမှထွက်ခွာပြီး ချောက်နက်ကြီးထဲသို့ ပြန်ဝင်သွားလေသည်။
ကမ္ဘာကြီးက ဘေးအန္တရာယ်မှ လွတ်မြောက်ပြီဟု ထင်မှတ်ပြီး သက်ပြင်းချလိုက်ချိန်၊ အသက်ရှင်ကျန်ရစ်ခြင်း၏ခံစားချက်ကို ခံစားလိုက်ရချိန်တွင်ပင် နောက်ထပ် ဓားနတ်ဘုရား ဧကရာဇ် တစ်ပါး ချောက်နက်ကြီးထဲမှ ထွက်လာပြီး သွေးစွန်းသော သတ်ဖြတ်ပွဲကို စတင်ပြန်လေသည်။
ဤမြင်ကွင်းသည် အရှေ့ပိုင်း ကောင်းကင်နှင့် မဟာပျက်စီးခြင်း နယ်မြေ၏အပြင်ဘက် ဧရိယာတွင်သာမက အခြားကမ္ဘာများတွင်လည်း ဖြစ်ပျက်နေခြင်း ဖြစ်ပေသည်။
မဟာပျက်စီးခြင်း နယ်မြေ၏အပြင်ဘက် ဒေသတစ်ခုလုံးသည် အဆုံးမဲ့ ထိတ်လန့်မှုထဲသို့ ကျရောက်သွားလေသည်။
မရေမတွက်နိုင်သော လူများသည် ကြောက်ရွံ့နေကြပြီး အသက်ရှင်ရန် ရုန်းကန်နေကြရချေ၏။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က အကြံပြုလာပြီး လေးဘက်လေးတန်မှ လူများ သဘောတူညီမှု ရရှိသွားကြလေသည်။
ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော သက်ရှိများ၏အမည်နာမဖြင့် သူတို့သည် မြင့်မြတ်မင်းဆက် ထံသို့ အကူအညီတောင်းရန် မဟာပျက်စီးခြင်း နယ်မြေ၏ အလယ်ဗဟိုသို့ လူလွှတ်လိုက်ကြပေသည်။
မြင့်မြတ်မင်းဆက် အနေဖြင့် မိစ္ဆာနတ်ဆိုးများကို သတ်ဖြတ်ရန်နှင့် ဤဘေးအန္တရာယ်ကို ဖယ်ရှားရန် ကျွမ်းကျင်သူများ စေလွှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြချေ၏။။
သို့သော် အချိန်အကြာကြီး ကြာပြီးနောက် မြင့်မြတ်မင်းဆက်သို့ အကူအညီတောင်းရန် သွားသောသူသည် ပြန်ရောက်လာလေသည်။
သို့သော် သူသည် မည်သည့် စစ်ကူမျှ ခေါ်မလာနိုင်ဘဲ တစ်ယောက်တည်း ပြန်ရောက်လာခြင်း ဖြစ်ပေသည်။
မြင့်မြတ်မင်းဆက်မှ လူများ၏ပြောစကားအရ သူတော်စင်ဘုရင် သည် တံခါးပိတ် ကျင့်ကြံနေသဖြင့် သူတို့တွင် ဆုံးဖြတ်ချက်ချခွင့် မရှိဘဲ အကူအညီ မပေးနိုင်ကြောင်း၊ သူတော်စင်ဘုရင် ကျင့်ကြံရာမှ ထွက်လာမှသာ အကူအညီ ပေးနိုင်မည် ဖြစ်ကြောင်း ပြောဆိုလိုက်လေသည်။
နောက်ပိုင်း ရက်များတွင် ဓားနတ်ဘုရား ဧကရာဇ်များသည် အလှည့်ကျ ဆင်းသက်လာကြလေသည်။
သူတို့သည် သက်ရှိများကို သတ်ဖြတ်ပြီး သွေးချီများကို စားသုံးကြချေ၏။
သွေးများသည် မဟာပျက်စီးခြင်း နယ်မြေ၏ အပြင်ဘက် ဒေသတစ်ခုလုံးကို အနီရောင်ဆေးဆိုးလိုက်သကဲ့သို့ ဖြစ်နေပေသည်။
သွေးမြစ်ချောင်းများ စီးဆင်းပြီး အလောင်းများသည် တောင်လို ပုံနေလေသည်။
၎င်းသည် လူ့လောက၏အလွန် ဝမ်းနည်းဖွယ် ကောင်းသော မြင်ကွင်း ဖြစ်ပြီး လူတိုင်းကို တုန်လှုပ်စေခဲ့ပေသည်။
ဝတ်ရုံနက် အဖွဲ့အစည်း အတွင်းမှ ဝတ်ရုံနက်သမားများသည်လည်း အလွန် ကြောက်ရွံ့ ထိတ်လန့်နေကြသော်လည်း ရှန်းချန်ကော၏အမိန့်ကို နာခံပြီး မည်သူမျှ အပြင်မထွက်ကြပေ။
လူတိုင်းသည် ထိတ်လန့်နေကြပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေရင်း မိစ္ဆာနတ်ဆိုးများ ဝတ်ရုံနက် အဖွဲ့အစည်း၏နယ်မြေအနီးသို့ မဆင်းသက်လာပါစေနဲ့ဟု ဆုတောင်းနေကြရလေသည်။
ရှန်းချန်ကောသည်လည်း သူ၏ကျင့်ကြံခြင်း နယ်ပယ်ကို ခိုင်မာစေရန် တံခါးပိတ် ကျင့်ကြံနေပေသည်။
သူသည် ဖန်ဆင်းခြင်းနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ကာစ ဖြစ်သဖြင့် သူ၏အခြေခံအုတ်မြစ် အမှန်တကယ် အပြစ်အနာအဆာ ကင်းမဲ့စေရန် လက်ရှိ နယ်ပယ်ကို ခိုင်မာအောင် လုပ်ရန် အချိန်လိုအပ်သေးလေသည်။
...
အမည်မသိ နယ်မြေတစ်ခုတွင် မတ်စောက်သော တောင်ထိပ်ပေါ်၌
လော့ယွင်ရှီးသည် ခမ်းနားထည်ဝါပြီး မြင့်မြတ် တောက်ပသော ခန်းမဆောင်ကြီး အတွင်းရှိ ပလ္လင်ထက်တွင် ထိုင်နေလေသည်။
သူမ၏မျက်လုံးများသည် အေးစက်နေပြီး စူးရှသော အလင်းရောင်များ လက်နေချေ၏။
သူမသည် လူ့ပြည်သို့ ဆင်းသက်လာသော ဧကရာဇ်မ တစ်ပါးကဲ့သို့ ပလ္လင်ထက်တွင် ထိုင်နေပြီး သူမ၏မျက်လုံးများတွင် ကြီးမားသော ဖိအားများ ပြည့်နှက်နေပေသည်။
"သူတော်စင်သခင်မ... ကျုပ် ကိုယ်တိုင် သွားရောက် စုံစမ်းပြီးနောက် ဆင်းသက်လာတဲ့ ဓားနတ်ဘုရား ဧကရာဇ်က ဖန်ဆင်းခြင်းနယ်ပယ် အဆင့် ရှိတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်... သူက အရမ်း စွမ်းအားကြီးပြီး လျှော့တွက်လို့ မရပါဘူး..."
ပင်မ ခန်းမဆောင်၏အောက်ဘက်တွင် ရှန်းချန်ကောမှလွဲ၍ သူတော်စင်နတ်ဘုရားကျောင်းတော် ၏ သူတော်စင်နတ်ဘုရားကြီး ၁၀ ပါး စုံညီစွာ ရှိနေကြလေသည်။
ထိုအချိန်တွင် ရှေ့ဆုံးမှ လူတစ်ယောက်က လေးစားစွာ တင်ပြလိုက်ခြင်း ဖြစ်ပေသည်။
သူတော်စင်နတ်ဘုရားကြီး ဆယ်ပါး စုရုံးရောက်ရှိနေခြင်းက ဤကိစ္စသည် လော့ယွင်ရှီးအတွက် မည်မျှ အရေးကြီးကြောင်း ပြသနေချေ၏။
အစောပိုင်းက စကားပြောလိုက်သူသည် လော့ယွင်ရှီးကို မော့ကြည့်လိုက်ပြီးနောက် မျက်လွှာကို လေးစားစွာ ချကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"ချောက်နက်ကြီး ပေါ်လာကတည်းက ဓားနတ်ဘုရား ဧကရာဇ် ၅ ပါး ဆင်းသက်လာခဲ့ပြီးပြီ... ဆိုလိုတာက ချောက်နက်ကြီးထဲမှာ အနည်းဆုံး ဖန်ဆင်းခြင်းနယ်ပယ် ဓားနတ်ဘုရား ဧကရာဇ် ၅ ပါး ရှိနေတယ်..."
ပလ္လင်ထက်တွင် လော့ယွင်ရှီးသည် တိတ်ဆိတ်နေလေသည်။
သူမသည် နက်နက်နဲနဲ တွေးတောနေပုံ ရပေသည်။
ထိုအချိန်တွင် အဘိုးအို တစ်ဦးသည် ခန်းမဆောင် အောက်ဘက်မှ ထွက်လာခဲ့လေသည်။
သူသည် ရှေ့သို့ ရောက်လာပြီး လေးစားစွာ ဦးညွှတ်ကာ ပြောလိုက်ချေ၏။ "သူတော်စင်သခင်မ... အခု အရှေ့ပိုင်း ကောင်းကင် တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပါတယ်... ပြည်သူတွေ သွေးမြေကျပြီး ဒုက္ခရောက်နေကြတယ်... သန်းပေါင်းများစွာသော လူတွေက ကမ္ဘာပျက်တော့မယ်လို့ ထင်ပြီး ကြောက်ရွံ့နေကြပါတယ်... သူတို့ မျှော်လင့်ချက်မဲ့နေကြပါပြီ..."
"ဒါက သူတော်စင်နတ်ဘုရားကျောင်းတော် နာမည်ရဖို့ အကောင်းဆုံး အချိန်လို့ ကျွန်တော် ထင်ပါတယ်... အရင်ကနဲ့ မတူဘဲ ဒီတစ်ကြိမ် ကျွန်တော်တို့ ဝင်ပါပြီး ဒီဘေးအန္တရာယ်ကို ဖြေရှင်းပေးလိုက်ရင်... အရှေ့ပိုင်း ကောင်းကင်က အင်အားစုတွေ၊ သက်ရှိတွေနဲ့ မဟာပျက်ခြင်းစီးခြင်း နယ်မြေ အပြင်နယ်မြေ တစ်ခုလုံးက ကျွန်တော်တို့ကို ကျေးဇူးတင်ပြီး ကျွန်တော်တို့ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုလာကြပါလိမ့်မယ်... ဒါက သူတော်စင်နတ်ဘုရားကျောင်းတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အကျိုးရှိပါလိမ့်မယ်..."
အဘိုးအိုသည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
သူသည် သူတော်စင်နတ်ဘုရားကျောင်းတော်၏ ပထမ သူတော်စင်နတ်ဘုရား ဖြစ်ပြီး သူတော်စင်သခင်မ အောက်တွင် အသန်မာဆုံး ကျွမ်းကျင်သူ ဖြစ်ပေသည်။
"ပထမ သူတော်စင်နတ်ဘုရား ပြောတာ ငါ့ဆန္ဒနဲ့ ကိုက်ညီမှု ရှိတယ်..."
ဤစကားကို ကြားသောအခါ လော့ယွင်ရှီးက ခေါင်းအနည်းငယ် ငြိမ့်လိုက်လေသည်။
ထို့နောက် သူမ၏ဖီးနစ် မျက်လုံးများ တောက်ပလာပြီး မေးလိုက်ချေ၏။
"မြင့်မြတ်မင်းဆက်ကရော ကျွမ်းကျင်သူတွေ လွှတ်လိုက်ပြီလား..."