← Chapters

နတ်ဘုရားချောက်နက်ကို တစ်ဦးတည်းဖိနှိပ်ခြင်း

Vol. 25 Ch. 244

နတ်ဘုရားချောက်နက်ကို တစ်ဦးတည်းဖိနှိပ်ခြင်း

Vol. 25 Ch. 244

ကောင်းကင်ထက်ရှိ အနက်ရောင်မြူခိုးများသည် ပြင်းထန်စွာ လှိုင်းထန်နေပြီး မြူခိုးများအတွင်း၌ ပုံရိပ်အချို့ ပေါ်ထွက်လာပေသည်။

သူတို့၏နက်မှောင်သောမျက်ဝန်းများသည် နက်ရှိုင်းပြီးမိစ္ဆာဆန်လှပေရာ အဆုံးမဲ့ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ရှန်းချန်ကောကို စိုက်ကြည့်နေကြပေ၏။

သူတို့သည် ရှန်းချန်ကောကို မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေပေသည်။

ဤလူငယ်သည် အလွန်ပင် ထူးဆန်းလွန်းလှပေသည်။

မရေမတွက်နိုင်သော နှစ်ကာလများတစ်လျှောက် ဓားနတ်ဘုရားဧကရာဇ်သည် ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စု၏‌အကောင်းဆုံးလက်နက်တစ်ခု ဖြစ်ခဲ့ပေသည်။

သူတို့သည် ၎င်းကို ထိန်းချုပ်၍ ကမ္ဘာလောကကို သိမ်းပိုက်ခဲ့ကြပေ၏။ ဤသည်မှာ ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုတို့ ဂုဏ်ယူဝင့်ကြွားရသော စွမ်းရည်တစ်ခုပင် ဖြစ်ပေသည်။

ထိုမျှမကသေးပေ။

အချိန်အတော်ကြာ လေ့လာစူးစမ်းပြီးနောက် သူတို့သည် ဓားနတ်ဘုရားဧကရာဇ်ကို ပိုမိုပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်လာခဲ့ကြပေသည်။

ဘက်ပေါင်းစုံမှ ထိန်းချုပ်နိုင်ရုံသာမက ဓားနတ်ဘုရားဧကရာဇ်၏စွမ်းအားအပြည့်အဝကိုလည်း ထုတ်ဖော်နိုင်ခဲ့ကြပေ၏။

ထို့အပြင် မကြာသေးမီနှစ်များအတွင်း ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုထဲ၌ ကောင်းကင်ကို ဆန့်ကျင်နိုင်သော ပါရမီရှင်တစ်ဦး ပေါ်ထွက်ခဲ့ပြီး ဓားနတ်ဘုရားဧကရာဇ်ကဲ့သို့သော ရုပ်သေးရုပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်သည့် နတ်ဘုရားနည်းစနစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပေသည်။

ထို့ကြောင့်ပင် ယခင်က ကျွမ်းကျင်သူတစ်ဦး ထွက်ပေါ်လာခြင်း ဖြစ်ပေ၏။

သူသည် သူ၏နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ ဓားနတ်ဘုရားဧကရာဇ်နှင့် တစ်သားတည်း ပေါင်းစပ်ကာ ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့သော ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုမှ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။

သို့သော် ယခုအခြေအနေက မည်သည့်အရာနည်း။

သူတို့၏အရှင်သခင် ဖန်တီးခဲ့သော ဆန်းကြယ်သည့် နတ်ဘုရားနည်းစနစ်မှာ အာနိသင် ကုန်ဆုံးသွားပုံရပေသည်။

ဓားနတ်ဘုရားဧကရာဇ်သည် ဤလူငယ်နှင့် ရင်ဆိုင်ရချိန်တွင် ရုတ်တရက် တောင့်တင်းသွားပြီး လှုပ်ရှား၍ မရတော့ပေ။

ထို့ကြောင့် ဓားနတ်ဘုရားဧကရာဇ်နှင့် ပေါင်းစပ်ထားသော ကျွမ်းကျင်သူမှာလည်း အသတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိတော့ပေ။

သူတို့သည် သတ်ဖြတ်ခြင်းဓားချက် ကျရောက်လာသည်ကို မည်သို့မျှ မခုခံနိုင်ဘဲ လက်ပိုက်ကြည့်နေခဲ့ကြရပေသတည်း။

"ဒီလူကို ဖမ်းဆီးသင့်လား"

ထူထပ်သော အနက်ရောင်မြူခိုးများအတွင်း၌ ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုမှ ကျွမ်းကျင်သူအချို့သည် စိတ်ချင်းဆက်သွယ်၍ ဆွေးနွေးနေကြပေသည်

"မင်း သွားမှာလား" ဟု တစ်ဦးက တိုက်ရိုက်မေးလိုက်ပေ၏။

မေးလိုက်သောရှေးဟောင်းနတ်ဘုရားမျိုးနွယ်မှာ တောင့်တင်းသွားခဲ့လေပြီ။ ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးသဖြင့် ယခုအချိန်တွင် သူတို့သည် အလွန်အမင်း သတိထားနေကြပြီး ကြောက်ရွံ့နေကြပေသည်။

သူတို့သည် စွန့်စား၍ မလှုပ်ရှားရဲကြတော့ပေ။

ဒေါင်...

ရုတ်တရက် ကောင်းကင်အဆုံးမှ မြည်ဟီးသံတစ်ခု ထွက်ပေါ်လာပြီး ပြင်ပကမ္ဘာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပေသည်။

ထိုအသံကို ကြားရသောအခါ ကောင်းကင်ထက်ရှိ အနက်ရောင်မြူခိုးများမှာ ပြင်းထန်စွာ လှိုင်းထန်သွားပေ၏။

မြူခိုးများအတွင်းရှိ ပုံရိပ်များသည် မျက်နှာများထက်ဝယ် ထူးဆန်းသောအမူအရာများဖြစ်သွားပေသည်။

ဤသည်မှာ မျိုးနွယ်စုဝင်များ ဆုတ်ခွာရန် အမိန့်ပေးခြင်းပင် ဖြစ်ပေသည်။

သို့သော် သူတို့သည် လက်မခံနိုင်ကြသေးပေ။

ဤတစ်ကြိမ် မဟာပျက်စီးခြင်းနယ်မြေသို့ လာရောက်ရန် သူတို့သည် ကြီးမားသော ရင်းနှီးပေးဆပ်မှုများ ပြုလုပ်ခဲ့ရပေသည်။

သူတို့သည် ဤကမ္ဘာ၏အခြေအနေကို စုံစမ်းရန် လာရောက်ခဲ့သော ကင်းထောက်များ ဖြစ်ကြပေ၏။

ယခုတွင် သူတို့သည် မည်သည့်အရာမျှ မအောင်မြင်သေးဘဲ ဤလူကြောင့် သူတို့၏ အစီအစဉ်ကို လက်လွှတ်ကာ ဆုတ်ခွာရတော့မည်လော။

ထို့ကြောင့် မြူခိုးများအတွင်းရှိ ကျွမ်းကျင်သူများသည် ရှန်းချန်ကောကို အေးစက်စွာ စိုက်ကြည့်နေကြပြီး သူတို့၏မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များမှာ အထင်အရှား ပေါ်လွင်နေပေသည်။

သူတို့သည် ရှန်းချန်ကောကို ကြောက်ရွံ့နေကြသော်လည်း တိုက်ခိုက်ရန် ဝန်လေးနေကြသည်တော့ မဟုတ်ပေ။

သူတို့သည် ဤအတိုင်း အရှုံးပေးရန် မလိုလားကြပေ။

သို့သော် နောက်ဆုံးတွင် သူတို့သည် ဆုတ်ခွာရန်အမိန့်ကို နာခံရန် ဆုံးဖြတ်လိုက်ကြပေတော့သည်။

ကောင်းကင်နှင့်မြေပြင်သည် တုန်ခါသွားပေသည်။

ကောင်းကင်ထက်ရှိ အနက်ရောင်မြူခိုးများသည် ပြင်းထန်စွာ လှိုင်းထန်သွားပြီးနောက်တဖြည်းဖြည်း ပျောက်ကွယ်သွားပေ၏။

ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုမှ ကျွမ်းကျင်သူများ ဆုတ်ခွာသွားကြလေပြီ။

ပြင်ပကမ္ဘာတွင် ရှန်းချန်ကောနှင့် အခြားသူများသည် လေထဲတွင် ရပ်တန့်နေကြပြီး လိုက်လံတိုက်ခိုက်ခြင်း မပြုကြပေ။

"ဟူး..."

အကြီးအကဲယွင်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပေသည်။

သူ၏ဖြူလျော့နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး မယုံကြည်နိုင်သကဲ့သို့ မေးလိုက်ပေသည်။

"သူတို့ တကယ်ပဲ ဆုတ်ခွာသွားတာလား"

"ဒသမမြောက် သူတော်စင်နတ်ဘုရားက ဒီနေရာကို ကိုယ်တိုင် ဖှိနိပ်နေတာပဲ။ ဒီမိစ္ဆာတွေက မဆုတ်ခွာလို့ ဘယ်ဝံ့ပါ့မလဲ" ဟု နဝမမြောက် သူတော်စင်နတ်ဘုရားက ပြောလိုက်ပေသည်။

သူသည် ရှန်းချန်ကောကို လှည့်ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းများတွင် လေးစားအားကျမှုများ အရိပ်ထင်နေပေ၏။

"ဒီနေ့ပြီးရင်တော့ ဒသမမြောက် သူတော်စင်နတ်ဘုရားရဲ့အမည်နာမက မဟာပျက်စီးခြင်းနယ်မြေ တစ်ခုလုံးမှာ ပဲ့တင်ထပ်သွားတော့မယ်" ဟု အဋ္ဌမမြောက် သူတော်စင်နတ်ဘုရားက အကျယ်ကြီး ရယ်မောရင်း ပြောလိုက်ပေသည်။

သူသည် မိမိကိုယ်ကို ရှန်းချန်ကောနှင့် မယှဉ်နိုင်ကြောင်း ဝန်ခံသော်လည်း စိတ်ထဲတွင်မူ အလွန်ပင် ဝမ်းမြောက်နေပေ၏။

အဘယ်ကြောင့်ဆိုသော် ရှန်းချန်ကောသည်လည်း သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့်ပင် ဖြစ်ပေသည်။

အကြီးအကဲသည်ယွင်လည်း အဋ္ဌမမြောက် သူတော်စင်နတ်ဘုရား၏စကားကို ထောက်ခံသကဲ့သို့ ခေါင်းညိတ်လိုက်ပြီး "ဒသမမြောက် သူတော်စင်နတ်ဘုရားက ဓားတစ်လက်တည်းနဲ့ ရှေးဟောင်းနတ်ဘုရားမျိုးနွယ်တွေကို ဆုတ်ခွာသွားအောင် ခြောက်လှန့်နိုင်ခဲ့တယ်။ ငါတော့ သူ့ကို မမီနိုင်ပါဘူး" ဟု သက်ပြင်းချရင်း ပြောလိုက်ပေသည်။

"စီနီယာတို့ကလည်း ချီးကျူးလွန်းနေပါပြီ"

ရှန်းချန်ကောက တောက်ပစွာ ပြုံးရင်း ယဉ်ကျေးပျူငှာစွာ တုံ့ပြန်လိုက်ပေသည်။

ထို့နောက် သူတို့သည်လည်း ပြင်ပကမ္ဘာမှ ထွက်ခွာလာခဲ့ကြပေသည်။ ဤနေရာသည် အလွန်ပင် ခြောက်သွေ့ဆိတ်သုဉ်းပြီး သက်ရှိအရိပ်အယောင် လုံးဝမရှိပေ။

ကမ္ဘာတစ်ခုလုံးသည် ပျက်စီးနေပြီး ခြေအောက်ရှိ ရေခဲမြေပြင်မှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပေ၏။

နေရာအနှံ့တွင် အင်္ဂါအစိတ်အပိုင်းများနှင့် အလောင်းများ ပြန့်ကျဲနေပြီး သွေးများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပေသည်။

၎င်းသည် သွေးပျက်ဖွယ်ကောင်းသော သေဆုံးခြင်းတလင်းပြင်တစ်ခုနှင့် တူနေပေသတည်း။

သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူသုံးဦးမှာဘေးကင်းခဲ့သော်လည်း သူတို့၏ဆုံးရှုံးမှုများမှာမူ အလွန်ပင် ကြီးမားလှပေသည်။

ဖန်ဆင်းခြင်းနယ်မြေအောက်ရှိ သူတော်စင်နတ်ဘုရားအဖွဲ့အစည်းမှ ကျွမ်းကျင်သူ မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြရပေသည်။

သူတို့သည် ဤခြောက်သွေ့သော ပြင်ပကမ္ဘာတွင် သွေးမြေကျခဲ့ကြရပြီး သူစိမ်းမြေတွင် ထာဝရ အိပ်ပျော်သွားခဲ့ကြရပေတော့သည်။

...

မဟာပျက်စီးခြင်းနယ်မြေ၏ပြင်ပဧရိယာ၊ကောင်းကင်ယံထက်တွင်မူ မည်းမှောင်နေသော တွင်းနက်ကြီးမှာ ပြန်လည်စေ့သွားခဲ့လေပြီ။

ခဏအကြာတွင် အနက်ရောင်မြူခိုးများ ပျောက်ကွယ်သွားပြီးနောက် တွင်းနက်ကြီးမှာ လုံးဝ ပိတ်ဆို့သွားခဲ့ပေ၏။

ဤတွင်းနက်ကြီးသည် ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စု၏အထွတ်အထိပ်စွမ်းအားဖြင့် ဆွဲဖြဲဖွင့်လှစ်ထားခြင်း ဖြစ်ပေသည်။

၎င်းသည် တာအိုလမ်းစဉ်၏စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုတို့မှာလည်း ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရပေသည်။

ယခု သူတို့ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သောအခါ တွင်းနက်ကြီးမှာလည်း သဘာဝအတိုင်း ပိတ်သွားခဲ့ပေ၏။

လေထဲတွင် ရှန်းချန်ကောနှင့် အခြားသူ သုံးဦး ပေါ်လာကြပေသည်။သူတို့နောက်ကွယ်မှ ပြန်လည်ကောင်းမွန်သွားသော လောကကြီးကို ကြည့်ရင်း စိတ်သက်သာရာရစွာ ပြုံးလိုက်ကြပေတော့သည်။

မိုးနှင့်မြေ၏ကပ်ဘေး၊သက်ရှိအားလုံးအတွက် ကပ်ဆိုးကြီး။ယခုတော့ ၎င်းသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေပြီ။

ရုန်းရင်းဆန်ခတ်မှုများ လုံးဝ ငြိမ်းချမ်းသွားခြင်း မရှိသေးသော်လည်း လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းမှာမူ ပြေလည်သွားခဲ့ပြီး ကမ္ဘာလောကတွင် ငြိမ်းချမ်းမှု ပြန်လည် စိုးမိုးလာခဲ့ပေသည်။

"ဒီတစ်ကြိမ်ဟာ လောကကြီးရဲ့ကပ်ဘေး၊ သာမန်လူတွေအတွက် ဘေးဆိုးကြီးပဲ ဖြစ်တယ်။ သူတော်စင်နတ်ဘုရားအဖွဲ့အစည်းက ကျွမ်းကျင်သူတွေဟာ ရှေးဟောင်းနတ်ဘုရားတွင်းနက်ကို တိုက်ခိုက်ခဲ့ကြပြီး မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေဟာ လောကကြီးရဲ့ငြိမ်းချမ်းမှုနဲ့ သာမန်လူတွေရဲ့ဘေးကင်းလုံခြုံမှုအတွက် အသက်ပေးဆပ်ခဲ့ကြတယ်"

"ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောဟာ ဓားတစ်လက်တည်းနဲ့ ရှေးဟောင်းနတ်ဘုရားတွင်းနက်ကို တွန်းလှန်နိုင်ခဲ့တယ်။ သူဟာ ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုတွေကို သတ်ဖြတ်ပြီး ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူတွေကို သွေးမြေကျစေခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့ကို ဆုတ်ခွာသွားအောင် ပြုလုပ်နိုင်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ လောကကြီးရဲ့ကပ်ဘေးကြီးကို ငြိမ်းအေးစေခဲ့ပြီ။ လူသားတွေဟာ ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောရဲ့ အမည်ကို ထာဝရမှတ်တမ်းတင်ထားကြပါလိမ့်မယ်"

ကောင်းကင်ယံထက်တွင် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး အရှေ့ကောင်းကင်ယံနှင့် မဟာပျက်စီးခြင်းနယ်မြေ၏ပြင်ပဧရိယာ တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပေ၏။

ဤသည်မှာ ခုနစ်မြောက် သူတော်စင်နတ်ဘုရား အကြီးအကဲယွင်၏အသံပင် ဖြစ်ပေသည်။

နတ်ဘုရားတစ်ပါး လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ ခမ်းနားကြီးကျယ်လှပြီး ကမ္ဘာလောကကြီးကို တုန်လှုပ်သွားစေပေသည်။

"ဒသမမြောက် သူတော်စင်နတ်ဘုရား"

ထိုအချိန်တွင် အရှေ့ကောင်းကင်ယံနှင့် မဟာပျက်စီးခြင်းနယ်မြေ ပြင်ပဧရိယာရှိ သက်ရှိ မရေမတွက်နိုင်အောင် နတ်ဘုရားတစ်ပါးကို ကိုးကွယ်သကဲ့သို့ ဒူးထောက်လိုက်ကြပေသည်။

သူတို့သည် ရိုသေကိုင်းရှိုင်းစွာဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်ကာ ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကော၏အမည်ကို ခေါ်ဆိုနေကြပေတော့သည်။

အကြီးအကဲယွင်သည် ဤဘေးဒုက္ခကို နှိမ်နင်းနိုင်ခြင်းမှာ ရှန်းချန်ကောကြောင့် ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့်ပင် ရှန်းချန်ကောသည် သက်ရှိသန်းပေါင်းများစွာ၏မျက်လုံးထဲတွင် အကာအကွယ်အစောင့်အရှောက် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပေ၏။

အကြီးအကဲယွင် ထိုသို့ ပြောရခြင်းမှာ ရှန်းချန်ကောကြောင့်သာလျှင် အခြေအနေကို ပြောင်းလဲနိုင်ခဲ့သောကြောင့် ဖြစ်ပေသည်။

သို့သော် ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောသည် သူတော်စင်နတ်ဘုရားအဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦး ဖြစ်ပေသည်။

တစ်နည်းအားဖြင့်ဆိုသော် သူတော်စင်နတ်ဘုရားအဖွဲ့အစည်းသည် နောင်အနာဂတ်တွင် ဤကမ္ဘာလောကနှင့် သက်ရှိအားလုံးကို ကာကွယ်စောင့်ရှောက်မည့် အဖွဲ့အစည်း ဖြစ်လာပေလိမ့်မည်။

ဤကပ်ဘေးကြီးပြီးနောက် မရေမတွက်နိုင်သော လူသားတို့သည် သူတော်စင်နတ်ဘုရားအဖွဲ့အစည်းကို လုံးဝအသိအမှတ်ပြုလာကြပြီး သူတို့၏ နှလုံးသားထဲတွင် မြင့်မြတ်မင်းဆက်၏နေရာတွင် အစားထိုး နေရာယူသွားလိမ့်မည်ဟု သူ ယုံကြည်ထားပေသည်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် သူတို့ကို ကာကွယ်ပေးခဲ့သည်မှာ မြင့်မြတ်မင်းဆက် မဟုတ်ဘဲ သူတော်စင်နတ်ဘုရားအဖွဲ့အစည်း ဖြစ်သောကြောင့်ပင် ဖြစ်ပေတော့သတည်း။

All Chapters