တုန်လှုပ်သွားသောမြင့်မြတ်မင်းဆက်
Vol. 25 Ch. 248
ဘုန်း... ဘုန်း... ဘုန်း...
ခန်းမဆောင်အတွင်း၌ ကျယ်လောင်သော မြည်ဟီးသံကြီးများ အဆုံးမရှိ ထွက်ပေါ်နေပေသည်။
အကြီးအကဲယွင်သည် တရားမှတ်နေသော ဘုန်းကြီးအို တစ်ပါးကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေ တစ်ခုသို့ ရောက်ရှိနေလေသည်။
သူ့တစ်ကိုယ်လုံး တောက်ပနေပြီး မြင့်မြတ်ကာ မျက်စိကျိန်းမတတ် ဖြစ်နေချေ၏။ သူသည် ကြီးမားကျယ်ပြန့်၍ နက်ရှိုင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်ရာ ခန်းမဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ဤအချိန်တွင် ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်သွားပေသည်။
ငြင်းခုံနေသံများ အားလုံး ပျောက်ကွယ်သွားပြီး လူတိုင်းသည် အကြီးအကဲယွင်၏နယ်ပယ်ချိုးဖောက်မှုကိုသာ အာရုံစိုက်နေကြချေ၏။
ကျင့်ကြံခြင်း လမ်းကြောင်းတွင် ယင်နှင့်ယန်ကို ခိုးယူခြင်း၊ကံကြမ္မာကို ဖီဆန်ခြင်း၊ သေခြင်းနှင့်ရှင်ခြင်းကို ပြောင်းလဲပစ်ခြင်းတို့သည် သေမျိုးကမ္ဘာတွင် တိုက်ပွဲဝင်နေကြရခြင်း ဖြစ်ပေသည်။
သူတို့သည် အချိန်ကာလ၏ဓားသွားအောက်တွင် အရိုးစုများ မဖြစ်လိုကြသဖြင့် ကံကြမ္မာကို ဆန့်ကျင်ပြီး အသက်ရှင်သန်ခွင့် ရရေးအတွက် ပြင်းထန်စွာ တိုက်ခိုက်နေကြရခြင်း ဖြစ်လေသည်။
အချိန်ကာလသည် ကောင်းကင်၏ဂုဏ်သရေ ဖြတ်တောက်သော ဓားတစ်လက်ကဲ့သို့ ဖြစ်ပြီး သူရဲကောင်းတို့၏လှပသော မျက်နှာများကို အိုမင်းရင့်ရော်သွားစေသည်သာ ဖြစ်ချေ၏။
အကြီးအကဲယွင်သည် ဖန်ဆင်းခြင်းအသေးစား နယ်ပယ် တွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
ဖန်ဆင်းခြင်းအကြီးစား နယ်ပယ် သည် သူ့ခေါင်းပေါ်ရှိ သဘာဝအလျောက် ဖြစ်ပေါ်နေသော ဖြတ်ကျော်မရသည့် ချောက်နက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေခဲ့ပေသည်။
ဘဝ၏အပြောင်းအလဲများကို ခံစားရန် သေမျိုးကမ္ဘာတွင် ခရီးသွားသည် ဖြစ်စေ၊ တရားထိုင် ကျင့်ကြံသည် ဖြစ်စေ သူ မည်သို့ပင် ကြိုးစားပါစေ၊ သူသည် နယ်ပယ်ကို မချိုးဖောက်နိုင်ဘဲ ကြီးမားသော ခုန်ပျံကျော်လွှားမှုကို မပြုလုပ်နိုင်ခဲ့ချေ။
ဤနေရာရှိနေသူ အားလုံးသည် ဖန်ဆင်းခြင်းနယ်ပယ်မှ မဟာအင်အားကြီးများ ဖြစ်ကြလေသည်။
သဘာဝကျစွာပင် ဖန်ဆင်းခြင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် ကောင်းကင်ကို ဖီဆန်နိုင်သော အခွင့်အရေး မရှိဘဲနှင့် ထပ်မံ ချိုးဖောက်ဝင်ရောက်ရန် အလွန်ခက်ခဲကြောင်း သူတို့ သိကြပေသည်။
အကြီးအကဲယွင်သည် ယခင်က ဖန်ဆင်းခြင်း အကြီးစားနယ်ပယ်၏အတားအဆီးကြားတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်လေသည်။
မမျှော်လင့်ထားသော ကိစ္စရပ်များသာ မရှိပါက သူသည် ဤအဆင့်တွင်ပင် ဘဝတစ်သက်တာ ရပ်တန့်နေရမည် ဖြစ်ပြီး အချိန်ကာလ၏ ဓားသွားဖြင့် ဖြတ်တောက်ခံရကာ ခေါင်းဖြူ၊အရိုးခြောက်နှင့် အဝတ်အစားများသာ ကျန်ရစ်မည့် အုတ်ဂူတစ်ခု ဖြစ်လာရန် စောင့်ဆိုင်းနေရုံသာ ရှိချေတော့၏။
သူ၏သွေးချီ များ လျော့နည်းလာနေပြီး သူ၏ အနှစ်သာရ၊ ချီနှင့် ဝိညာဉ်တို့သည် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်ပေသည်။
သူသည် နောက်တစ်ဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် အလားအလာ ပျောက်ဆုံးနေပြီ ဖြစ်လေသည်။
ယခုအခါ ရှန်းချန်ကောက ကုလင်းဖန်ကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းသည် သူ့အပေါ် ပြင်းထန်သော သက်ရောက်မှု ရှိစေခဲ့လေသည်။
၎င်းက သူ့အတွေးများကို ရှင်းလင်းသွားစေပြီး တိုက်ရိုက်ပင် နယ်ပယ် ချိုးဖောက်သွားနိုင်စေခဲ့ပေသည်။
ခန်းမဆောင်ထဲတွင် အကြီးအကဲယွင်သည် တာအို ၏အနှစ်သာရ၊ တာအို၏မူလအစကို ထိတွေ့လိုက်မိသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။
သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် ပိုမို အားကောင်းလာပြီး စွမ်းအားကြီးလာချေ၏။
သူ၏အိုမင်းသော မျက်နှာသည် နုပျိုလာပြီး ဖြူနေသော ဆံပင်များသည် မျက်စိရှေ့တွင်ပင် သိသိသာသာ နက်မှောင်လာကာ အရောင်အဝါများ ပြည့်နှက်လာလေသည်။
ဤအချိန်တွင် အကြီးအကဲယွင်သည် ကောလဟာလများထဲမှ လူငယ်တစ်ဦးကဲ့သို့ ပြန်ဖြစ်နေပေသည်။
သူ့တစ်ကိုယ်လုံး နုပျိုနေပြီး သွေးချီများသည် ပင်လယ်ကဲ့သို့ အားကောင်းနေချေ၏။ သူ၏ ခန္ဓာကိုယ်သည် တက်ကြွလန်းဆန်းမှုများဖြင့် ပြည့်နှက်နေလေသည်။
"ဘုန်း..."
တစ်ခဏအတွင်း အကြီးအကဲယွင်၏အရှိန်အဝါ ပွင့်ထွက်လာပြီး ခန်းမဆောင်ထဲရှိ လေထုကို တုန်ခါသွားစေပေသည်။
ထို့နောက် သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ ကြောက်မက်ဖွယ် ကောင်းသော အလင်းရောင်များ ပြည့်နှက်နေချေ၏။
"ဒါက ဖန်ဆင်းခြင်း အကြီးစား နယ်ပယ်လား..."
အကြီးအကဲယွင်သည် ယခင်ကလောက် အိုမင်းပုံ မရတော့ပေ။
သူသည် ဆယ်နှစ်ခန့် ပိုမို နုပျိုသွားပုံ ရလေသည်။
သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ ဆူပွက်နေသော စွမ်းအားများကို ခံစားရင်း မိန်းမောသော အမူအရာဖြင့် ရေရွတ်လိုက်ချေ၏။
"သတ္တမမြောက် သူတော်စင်နတ်ဘုရားက ကောင်းကင်ချောက်နက်ကြီးရဲ့အချုပ်အနှောင်ကို ကျော်ဖြတ်ပြီး ဖန်ဆင်းခြင်း အကြီးစား နယ်ပယ်ကို ဝင်ရောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်..."
လော့ယွင်ရှီး၏မျက်လုံးများ အေးစက်နေပြီး အကြီးအကဲယွင်ကို ငုံ့ကြည့်ကာ ပြောလိုက်လေသည်။
"သတ္တမမြောက် သူတော်စင်နတ်ဘုရား နယ်ပယ် ချိုးဖောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်..."
"သတ္တမမြောက် သူတော်စင်နတ်ဘုရား နယ်ပယ် ချိုးဖောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်..."
...
တစ်ခဏအတွင်း ခန်းမဆောင်တစ်ခုလုံး လူတိုင်း၏ဂုဏ်ပြုသံများဖြင့် ပြည့်နှက်သွားပြီး ဒီရေလှိုင်းကဲ့သို့ ပျံ့နှံ့သွားလေသည်။
ယခင်က လေးလံနေသော လေထုသည် လွင့်ပါးသွားပြီး အနည်းငယ် ပိုမို ပျော်ရွှင်ပေါ့ပါးသွားချေ၏။
"အားလုံးကို ကျေးဇူးတင်ပါတယ်..."
အကြီးအကဲယွင်က ပြုံးလိုက်ပြီး ယဉ်ကျေးစွာ လက်သီးဆုပ် ဂါရဝပြုလိုက်လေသည်။ ထို့နောက် သူသည် ရှန်းချန်ကောဘက်သို့ လှည့်ပြီး ဦးညွှတ်လိုက်၏။
"ကျုပ် အချုပ်အနှောင်ကို ချိုးဖောက်ပြီး ဖန်ဆင်းခြင်း အကြီးစား နယ်ပယ်ကို ရောက်နိုင်တာက ဒသမမြောက် သူတော်စင်နတ်ဘုရားရဲ့ လက်ရာကြောင့်ပါ... ဒီအတွက် ဒသမမြောက် သူတော်စင်နတ်ဘုရားကို ဦးညွှတ်ပြီး ကျေးဇူးတင်ပါတယ်..."
ထိုအရာကို မြင်သောအခါ ရှန်းချန်ကောကရယ်လိုက်ပြီး လက်ကာပြလိုက်လေသည်။
"ဒါက အကြီးအကဲယွင်ရဲ့ ကိုယ်ပိုင် အခွင့်အရေးပါ... ကျွန်တော်နဲ့ မဆိုင်ပါဘူး... နယ်ပယ် ချိုးဖောက်နိုင်ပြီး ပြန်လည် နုပျိုလာတဲ့အတွက် ဂုဏ်ပြုပါတယ် အကြီးအကဲ ယွင်..."
ရှန်းချန်ကောသည် အကြီးအကဲယွင်၏နုပျိုသော မျက်နှာကို မြင်သောအခါ မစနောက်ဘဲ မနေနိုင်တော့ချေ။
"ဟုတ်တယ်... သတ္တမမြောက် သူတော်စင်နတ်ဘုရားက အခု တောက်ပပြီး ခန့်ညားနေတာပဲ..."
"ကျွန်တော့်အမြင် ပြောရရင်တော့... သတ္တမမြောက် သူတော်စင်နတ်ဘုရား နယ်ပယ် ချိုးဖောက်တာက ဝမ်းသာစရာ ကိစ္စပဲ... အခုက ဒုတိယ နွေဦးစ ရောက်လာသလို ဖြစ်နေပြီဆိုတော့... စိတ်ဓာတ်တွေ တက်ကြွပြီး ဘုန်းအရှိန်အဝါတွေ ပြန်ရလာအောင် နောက်ထပ် ဇနီးငယ်ငယ်ချောချောတစ်ယောက်လောက် ယူလိုက်သင့်တယ်..."
ခန်းမဆောင်ထဲတွင် လေထုသည် ပျော်ရွှင်စရာ ကောင်းနေလေသည်။ယခင်က မှိုင်းညို့နေသော အခြေအနေများ လွင့်ပါးသွားပြီး လုံးဝ မေ့လျော့သွားကြသကဲ့သို့ လူတိုင်း စနောက်လာကြချေ၏။
...
မဟာပျက်စီးခြင်းနယ်မြေ၏နက်ရှိုင်းသော နေရာတွင် မြေပြင်သည် ကျယ်ပြောပြီး အဆုံးမရှိပေ။
အပြင်ဘက် ရှုခင်းများနှင့် ယှဉ်လျှင် ဤနေရာသည် ပိုမို စည်ကားဝေဆာလေသည်။ ခံ့ညားထည်ဝါသော နတ်ဘုရား တောင်တန်းများသည် တိမ်များအထက်တွင် မြင့်မားစွာ တည်ရှိနေပြီး ရှေးဟောင်း နတ်ဘုရား ခန်းမဆောင်ကြီး တစ်ခု တည်ရှိနေလေသည်။
ဝိညာဉ်စွမ်းအင်များသည် ထူထပ်ပြီး လွင့်ပျံနေကာ မြင့်မြတ်သော နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေချေ၏။
နတ်ဘုရား စမ်းရေတွင်းများနှင့် ရေတံခွန်များသည် စီးဆင်းကျနေပြီး ရောင်စုံ သက်တံရောင် အလင်းများကို ဖြစ်ပေါ်စေကာ ခမ်းနားထည်ဝါလှပေသည်။
မဟာပျက်စီးခြင်းနယ်မြေ၏အပြင်ဧရိယာကို အပိုင်းလေးပိုင်း ခွဲခြားထားလေသည်။
မရေမတွက်နိုင်သော အင်အားစုများ ကွဲပြားနေပြီး တစ်ခုစီက တစ်ဖက်စီကို အုပ်ချုပ်ထားကြရာ အလွန် ဖရိုဖရဲ ဖြစ်နေပေသည်။
သို့သော် မဟာပျက်စီးခြင်း နယ်မြေ၏ အတွင်ပိုင်းနေရာတွင်မူ အလွန် တည်ငြိမ်အေးချမ်းလှလေသည်။
တိုက်ပွဲနှင့် သတ်ဖြတ်မှု နည်းပါးပြီး သာယာဝပြောသော မြင်ကွင်းတစ်ခု ဖြစ်ချေ၏။
သတ်ဖြတ်မှုများ ရှိလျှင်ပင် အမှောင်ထဲတွင်သာ ဖြစ်ကြပေသည်။ အနည်းဆုံးတော့ မျက်နှာပြင်ပေါ်တွင် မြင်တွေ့ရခြင်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် ဤကျယ်ပြောသော ကမ္ဘာနှင့် ကျယ်ပြန့်သော နယ်မြေကို အထွတ်အထိပ် အင်အားစုကြီး တစ်ခုက အုပ်ချုပ်ထားသောကြောင့် ဖြစ်လေသည်။
ထိုအရာသည်... မြင့်မြတ်မင်းဆက် ပင် ဖြစ်ချေ၏။
သူတော်စင်မြို့တော်သည် မြင့်မြတ်မင်းဆက်၏ အထွတ်အထိပ် အာဏာ ဗဟိုချက်မ ဖြစ်ပေသည်။
ဤအချိန် သူတော်စင်မြို့တော် အတွင်း၌...
ခမ်းနားထည်ဝါပြီး တောက်ပနေသော နတ်ဘုရား ခန်းမဆောင် တစ်ခုထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာလေသည်။
သူတို့သည် နတ်ဘုရားများကဲ့သို့ အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်နေကြချေ၏။ သူတို့ အသက်ရှူလိုက်တိုင်း ကမ္ဘာလောက တုန်ခါသွားပြီး ဟင်းလင်းပြင်များ မြည်ဟီးသွားပေသည်။
"အပြင်ဒေသကို သူတော်စင်ဘုရင်ရဲ့ အမိန့်တော် သွားပို့တဲ့ ကုကလန်က ကောင်လေး သေသွားပြီလို့ ကြားတယ်..."
ဂုဏ်သရေရှိသော ပုံရိပ်တစ်ခုသည် နတ်ဘုရား ခန်းမဆောင် အထက်တွင် ထိုင်နေလေသည်။
သူ၏နက်ရှိုင်းသော မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်များ လက်နေပြီး ပြုံးလျက် မေးလိုက်ချေ၏။
"အရှင်မင်းကြီး... ကုလင်းဖန်က သူတော်စင်နတ်ဘုရားကျောင်းတော်ကို အမိန့်တော် သွားပို့ရင်း မဟာပျက်စီးခြင်း နယ်မြေ အပြင်ဘက်မှာ သေဆုံးသွားခဲ့ပါတယ်... ကုမိသားစုဘိုးဘေးခန်းမထဲက သူ့ရဲ့အသက်မီးအိမ် ငြိမ်းသွားတာကြောင့် ကုမိသားစုထဲမှာ ဂယက်ရိုက်ခတ်မှုကြီး ဖြစ်နေပါတယ်... သူတော်စင်မြို့တော် တစ်ခုလုံးလည်း ဒီကိစ္စကြောင့် တုန်လှုပ်နေကြပါတယ်..."
အောက်ဘက်ရှိ လူတစ်ဦးက ရိုသေလေးစားစွာ ပြန်ဖြေလိုက်လေသည်။ ထို့နောက် သူ့မျက်လုံးများ တောက်ပသွားပြီး အေးစက်စွာ ရယ်မောလိုက်၏။
"ကုလင်းဖန်က ကုကလန်ရဲ့ ထိပ်တန်း အမွေဆက်ခံသူ သုံးယောက်ထဲက တစ်ယောက်လေ... အခု သူသေသွားတော့ ကျွန်တော်တို့အတွက် ကောင်းတာပေါ့... အနာဂတ်မှာ ကုကလန်ရဲ့ အင်အားကို အားနည်းသွားစေလိမ့်မယ်..."
ကုလင်းဖန်သည် ကုကလန်၏ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။
သူသည် ကုကလန်၏ကောင်းကင်ဘုရင် ရွေးချယ်ထားသော အမွေဆက်ခံသူ ငါးဦးအနက် တစ်ဦး ဖြစ်ပေသည်။
အကယ်၍ သူသာ ငယ်ငယ်ရွယ်ရွယ်နှင့် မသေဆုံးခဲ့ပါက ဖန်ဆင်းခြင်း အကြီးစား နယ်ပယ်သို့ ရောက်ရှိရန် သေချာသလောက် ရှိချေ၏။
ကုလင်းဖန် သေဆုံးသွားသဖြင့် ကုကလန်၏ အနာဂတ် အင်အားသည် အားနည်းသွားမည် ဖြစ်လေသည်။
မြင့်မြတ်မင်းဆက်တွင် သူတော်စင်ဘုရင် သည် အလေးစားခံရဆုံး ဖြစ်ပေသည်။
သူတော်စင်ဘုရင်၏အောက်တွင် မြင့်မြတ်မင်းဆက်၏ ကောင်းကင်ဘုရင် ဆယ်ပါး ရှိကြလေသည်။
သူတို့ တစ်ဦးစီသည် ကလန်တစ်ခုစီထူထောင်ပြီး မြင့်မြတ်မင်းဆက်တွင် အထင်ရှားဆုံးနှင့် ဂုဏ်အရှိဆုံး ကလန်ဆယ်ခု ဖြစ်လာကြချေ၏။
သူတို့သည် ကြီးမားသော အာဏာကို ကိုင်စွဲထားကြသဖြင့် ကလန်ဆယ်ခုကြားတွင် အဆုံးမရှိသော ပြိုင်ဆိုင်မှုများ ရှိနေပေသည်။
ယခုအခါ ကုကလန်၏အမွေဆက်ခံသူ တစ်ဦး ကျဆုံးသွားခြင်းသည် ကျန်ရှိသော ကလန်ကိုးခုအတွက် သဘာဝကျစွာပင် ကောင်းသောအရာ ဖြစ်လေသည်။
"အပြင်နယ်မြေဆိုတာ မြင့်မြတ်မင်းဆက်က အုပ်ချုပ်ဖို့တောင် မထိုက်တန်ဘူးလို့ သတ်မှတ်ထားတဲ့ မြေရိုင်းပဲ... အဲဒီမှာ သူတော်စင်နတ်ဘုရားကျောင်းတော်လို စွမ်းအားကြီးတဲ့ အဖွဲ့အစည်း ပေါ်လာပြီး ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ ဆယ်ယောက်ကို ချက်ချင်း စုစည်းနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး... အဲဒီ သူတော်စင်သခင်မကို လျှော့တွက်လို့ မရဘူးပဲ... ဒီလောက် မြန်ဆန်ပြီး အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်က ကျုပ်ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ကို သတိရစေတယ်..."
နတ်ဘုရားပလ္လင်ထက်ရှိ ပုံရိပ်၏မျက်လုံးများတွင် စူးရှသော အလင်းရောင်များ ပေါ်လာလေသည်။
ထို့နောက် သူက အမိန့်ပေးလိုက်၏။
"အပြင်နယ်မြေကို လူလွှတ်ပြီး အဲဒီအဖွဲ့အစည်းအကြောင်း သတင်းအချက်အလက် အားလုံးကို စုံစမ်းခိုင်းလိုက်... အထူးသဖြင့် ကုလင်းဖန်ကို သတ်လိုက်တဲ့ လူအကြောင်းပေါ့... သူ့ကို စည်းရုံးလို့ရရင် မင်းဆက်ဆီ ပြန်ခေါ်လာပြီး ငါတို့အတွက် အသုံးချရမယ်..."
"အမိန့်အတိုင်းပါ..."
အောက်ဘက်ရှိ ပုံရိပ်သည် ရိုသေစွာ ဦးညွှတ်ပြီး နတ်ဘုရားခန်းဆောင်မှ ထွက်ခွာသွားလေသတည်း။