ညှာတာလွန်းသည်
Vol. 52 Ch. 766
မျိုးနွယ်ခေါင်းဆောင်ရှောက်မိန်လီ၏ရယ်သံက ပို၍တုန်ရင်လာသည်။ နောက်ဆုံးတွင် အသက်မဲ့ရယ်သံလိုဖြစ်လာသည်။
ဟေးယုက လက်ကိုဆန့်ထုတ်၍ ရှောက်မိန်လီ၏ဂုတ်ပိုးကိုဆွဲသည်။ သူ့မျက်လုံးများက သေမိန့်ကျအကျဉ်းသားကို ကြည့်နေသကဲ့သို့ အေးစက်တင်းမာနေသည်။
"ဘိုးဘေး...အပြင်လူတွေရှိတယ်လေ။ တစ်ခြားလူတွေ လှောင်ရယ်စရာဖြစ်အောင်မလုပ်ပါနဲ့"
ရှောက်မိန်လီက လုယန်တို့ကို ဒိုင်းကာအဖြစ်သုံးသည်။
ပုံမှန်ဆိုလျှင် မျက်နှာသိက္ခာကိုအရမ်းအလေးထားသည့် ဟေးယုက ယခု ဘာကိုမှအရေးမစိုက်ဘဲ ရှောက်မိန်လီကို ဆွဲခေါ်သွားသည်။
လေ့လာသင်ယူရာတွင်ကျွမ်းကျင်သည့် လုယန်ကလည်း ရှောက်မိန်လီ၏ဇာတ်လမ်းပြောပုံကို သဘောကျသဖြင့် မှော်ဖန်လုံးတစ်ခု စောစောကြိုထုတ်ထားပြီး
ရှောက်မိန်လီ၏ နောက်ဆုံးထွက်သက်ကို မှတ်တမ်းယူရန်ပြင်သည်။
သို့သော် ဟေးယုက ထိုအခွင့်အရေးလုံးဝမပေး။ ရှောက်မိန်လီကို သူ့အသိုက်မြင့်ဆီ ခေါ်သွားသည်။
မကြာမီ ခွန်ဖုန်မျိုးနွယ်အထက်ကောင်းကင်တွင် စူးရှသည့်ငှက်အော်သံများ ဆက်တိုက်ပေါ်လာသည်။ မျိုးနွယ်ဝင်များက လုပ်လက်စအလုပ်ရပ်၍ ဇဝေဇဝါမျက်နှာဖြင့် ကောင်းကင်ကို မော့ကြည့်ကြသည်။
ထိုငှက်အော်သံများ ဘယ်နေရာကပေါ်လာသည်ကို မသိကြ။
ထို့နောက် ရုတ်တရက် ငှက်အော်သံများ တိခနဲရပ်သွားသည်။
ရှောက်မိန်လီ စိတ်ဆန္ဒများနောက်လိုက်မိ၍ သေသွားခြင်းဖြစ်မည်။
ထိုအတိုင်းသာမှန်လျှင် တကယ်ကောင်းသည့် ဇာတ်လမ်းအဆုံးသတ်ဖြစ်သည်။
"အဟွတ်...အဟွတ်.. ဘိုးဘေးက တကယ်မညှာဘူးပဲ။ ငါသတိလစ်သွားတဲ့အထိ အပြတ်နွှာခဲ့တာ"
ရှောက်မိန်လီ ဒယိမ်းဒယိုင်ဖြင့် ပြန်လာသည်။ မျက်နှာက ဖူးရောင်ညိုမည်းနေသည်။ ဦးခေါင်းမှ ရွှေရောင်ငှက်မွှေးများ ထိုးထိုးထောင်ထောင်ဖြစ်နေသည်။
"ငါသတိလစ်သွားတာ ဘယ်လောက်ကြာပြီလဲမသိဘူး"
"ခေါင်းဆောင်ရှောက်၊ ခင်ဗျားအဆင်ပြေရဲ့လား။ အရှင်ဟေးယုက တကယ်တရားလွန်တာပဲ"
မုန်ကျင်းကျိုးက လောကဝတ်အရ အလိုက်သင့်မေးသည်။
"ငါအသက်မသေဘူးဆိုတော့ အဆင်ပြေတယ်ပြောရမှာပေါ့။ ဒီတစ်ခါ ငါကံဆိုးလို့ ဘိုးဘေးရဲ့အားနည်းချက်တွေပြောနေတဲ့အချိန် မိသွားတာပါ။
မျိုးနွယ်ထဲမှာ ဘိုးဘေးရဲ့အတိတ်အကြောင်း သိတဲ့လူတွေအများကြီးပဲ။ အဲဒီ့လူတွေကျတော့ သူဘာလို့သင်ခန်းစာမပေးတာလဲ"
ရှောက်မိန်လီ မကျေမနပ်ရေရွတ်နေသည်။
"ခွန်ဖုန်မျိုးနွယ်ဝင်တိုင်း အရှင်ဟေးယုရဲ့ အတိတ်အကြောင်းတွေကို သိတယ်ပေါ့"
"သိတာပေါ့"
ရှောက်မိန်လီ ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။
"ဘိုးဘေးရဲ့အတိတ်ကကိစ္စတွေသိလားလို့ ငါသူတို့ကိုမေးတယ်။ မသိဘူးလို့ဖြေတဲ့လူတွေကို ဇာတ်လမ်းအစအဆုံး ငါပြောပြတယ်လေ"
မုန်ကျင်းကျိုး ပင့်သက်ရှည်တစ်ချက်ရှိုက်လိုက်သည်။ ခုနက အရှင်ဟေးဟုဆုံးမခဲ့သည်မှာ အတော်သက်ညှာရာရောက်လွန်းသည်ဟု ထင်မိသည်။
ရှောက်မိန်လီ၏စွမ်းအားသည် ခွန်ဖုန်မျိုးနွယ်တွင် ဒုတိယဟု ဆိုနိုင်သည်။
မျိုးနွယ်ခေါင်းဆောင်ဖြစ်နေ၍သာမဟုတ်လျှင် ဟေးယုက အသေသတ်ပစ်ခဲ့လောက်သည်။
လုယန် ခန့်မှန်းချက် မှန်ပါသည်။ ခွန်ဖုန်မျိုးနွယ်တွင် ရှောက်မိန်လီသည် ဟေးယုပြီးလျှင် စွမ်းအားအကြီးဆုံးဖြစ်သည်။
မျိုးနွယ်အကြီးအကဲများထက် ပိုစွမ်းအားကြီးသည်။
"အစက ခွန်ဖုန််မျိုးနွယ်ပိုင်နက်ထဲ ငါကိုယ်တိုင်လှည့်ပတ်ပြမလို့ပါပဲ"
ရှောက်မိန်လီက သူ့မျက်နှာသူပွတ်သပ်ကြည့်သည်။ မျက်နှာချက်ချင်းရှုံ့မဲ့သွားသည်။
"ဒါပေမယ့် ငါ့မျက်နှာကဒဏ်ရာတွေက ချက်ချင်းပျောက်ဦးမှာမဟုတ်ဘူး။ မျက်နှာဖုံးစွပ်ပြီး မင်းတို့ကို လိုက်ပို့ဖို့ကလည်း အမြင်မတော်ဘူး။
..ရှင်းဟိုင်၊ ကျင့်ကြံတာရပ်ပြီး ဒီကိုခဏလာခဲ့ဦး"
ရှောက်မိန်လီ သူ့သားကို သိစိတ်အသံလှိုင်းမှ လှမ်းခေါ်သည်။
မကြာမီ ရွှေတောင်ပံနှင့်ဖုန်ငှက်ကြီးတစ်ကောင် ရောက်လာသည်။ သူ့အဖေ လူအသွင်ပြောင်းထားသည်ကို မြင်သဖြင့် သူလည်း လူအသွင်ပြောင်းလိုက်သည်။
အပြာရောင်မျက်လုံးများနှင့် ချောမောခံ့ညားသည့် လူငယ်တစ်ယောက် ဖြစ်လာသည်။
"ဒါငါ့ရဲ့အငယ်ဆုံးသား ရှောက်ရှင်းဟိုင်ပါ"
သူ့အဖေမျက်နှာမှ ဒဏ်ရာဒဏ်ချက်များကိုကြည့်၍ ရှောက်ရှင်းဟိုင် အံ့အားသင့်သွားသည်။
"အဖေဘာဖြစ်တာလဲ"
"ဘာမှမဖြတ်ပါဘူး။ ပြုတ်ကျတာပါ"
"ရွှမ်ဝူမျိုးနွယ်ကလိပ်နက်ကျောကုန်းခွံပေါ် ပြုတ်ကျတာလား"
"တော်စမ်းကွာ...တော်စမ်း။ မင်းမမေးသင့်တာတွေ မမေးနဲ့"
ရှောက်ရှင်းဟိုင် ဒေါသထွက်သွားပြီး သူ့သားကို ရိုက်ချင်စိတ်ပေါက်လာသည်။
"ဒီခြောက်ယောက်က တာအိုလမ်းစဉ်ဂိုဏ်းက မိတ်ဆွေတွေပဲ။ မင်းနဲ့လည်း သက်တူရွက်တူလောက်ပဲ။ ဒီတော့ သူတို့ကို ငါ့ကိုယ်စား ဧည့်ခံလိုက်ပါ"
ခွန်ဖုန်ပိုင်နက်တွင် ဟေးယုဒေါသကိုသွေးတိုးမစမ်းရဲသဖြင့် လုယန်တို့အားလုံး ဓာတ်ငါးမျိုးဂိုဏ်းတပည့်များအဖြစ်သာ ဟန်ဆောင်ခဲ့သည်။
"တာအိုလမ်းစဉ်ဂိုဏ်းဆိုတာ မဟာရှားမသေမျိုးငါးဂိုဏ်းထဲက တစ်ဂိုဏ်းကိုပြောတာလား"
ရှောက်ရှင်းဟိုင် အတော်အံ့အားသင့်သွားသည်။
ပင်လယ်တာအိုသခင်နှင့် နိယာမသခင်တို့တိုက်ခိုက်ခဲ့သည်က တစ်ပတ်သာကြာသေးသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် မသေမျိုးတစ်ဝက်တစ်ယောက်ရှိသည့်သတင်း ပင်လယ်မြောက်စွန်မှ ခွန်ဖုန်မျိုးနွယ်သို့ ရောက်မလာသေး။
ထိုသတင်းသာသိလျှင် ရှင်းဟိုင် ယခုထက်ပို၍အံ့ဩပေလိမ့်မည်။
"ဒါဆို လုယန်နဲ့ မုန်ကျင်းကျိုးကို မင်းတို့သိလား"
"ငါက လုယန်ပါ။ သူက ငါ့ညီငယ် မုန်ကျင်းကျိုးပါ"
"မဟုတ်သေးဘူး။ မင်းတို့နှစ်ယောက်က ပန်းချီပုံထဲကနဲ့မတူပါဘူး"
"ငါတို့တာအိုလမ်းစဉ်ဂိုဏ်းက အရှေ့ပင်လယ်မှာ ရန်သူများတယ်လေ။ ဒါကြောင့် ရုပ်ဖျက်ထားတာပါ"
တာအိုလမ်းစဉ်ဂိုဏ်းမှ လူကိုးယောက်၏ဆုကြေးကြော်ငြာများကို ရှင်းဟိုင် ပြန်သတိရလာသည်။ လုယန်ဆိုလိုရင်းကို သဘောပေါက်သည်။
"ကောင်းပြီလေ။ သွားစို့၊ မင်းတို့ကို ငါတို့ပိုင်နက်ထဲလိုက်ပြမယ်"
မဟာရှား၏ နာမည်ကျော်ပါရမီရှင်များနှင့်ဆုံရသဖြင့် ရှောက်ရှင်းဟိုင် အတော်ပျော်နေသည်။ ရွှေတောင်ပံဖုန်ငှက်အသွင်ပြောင်း၍ လုယန်တို့ကို သယ်သွားသည်။
သူ့ရွှေတောင်ပံများက နေခြည်အောက်တွင် တောက်ပနေသည်။
မျိုးနွယ်ခေါင်းဆောင်အိမ်မှ ရှောက်ရှင်းဟိုင်ကျောပေါ်စီး၍ ထွက်လာပြီးနောက် ခွန်ဖုန်မျိုးနွယ်နေထိုင်သည့်နေရာကို အပေါ်စီးမှ ရှင်းလင်းစွာမြင်ကြရသည်။
သစ်တောတစ်ခုလုံး ပင်လယ်ထဲတွင် အမြစ်တည်သည်။ တစ်ချို့သစ်ပင်များက မီတာထောင်ချီမြင့်သည်။ တစ်ဝက်က ရေထဲတွင်ရှိသည်။ တစ်ဝက်က ရေပေါ်တွင်ရှိသည်။
သစ်ကိုင်းသစ်ခက်များ သိပ်သည်းပြီး ထီးရွက်ပုံအုပ်မိုး၍ နေရောင်ခြည်ကို ကာကွယ်ထားသည်။ အောက်ဘက်တွင် အေးမြသည့်အရိပ် ဖြစ်ပေါ်လာသည်။
ခွန်ဖုန်တို့ နေထိုင်သည့်ပုံစံ နှစ်မျိုးရှိသည်။ သစ်ပင်ကို အခေါင်းထွင်း၍နေသည်။ သို့မဟုတ် အသိုက်ဆောက်၍နေသည်။
မျိုးနွယ်ခေါင်းဆောင်က သစ်ခေါင်းထွင်းအိမ်ဖြင့်နေသည်။
ခွန်ဖုန်တို့သည် အရွယ်အစားကြီးမားကြသဖြင့် သူတို့နေအိမ်များကလည်း အလွန်တရာကြီးမားကျယ်ပြန့်သည်။ သစ်ပင်ခေါင်းအဝင်ဝသည်လည်း ကျယ်ပြန့်သည်။ ရှေးဟောင်းလူ့ဘီလူးမျိုးနွယ်၏ နယ်မြေသို့ ဝင်လာရသလို ခံစားကြရသည်။
တစ်ခါတစ်ရံ ဖုန်ငှက်ကြီးများ သူတို့ဘေးမှဖြတ်ပျံရင်း စူးစမ်းသည့်အကြည့်ဖြင့် လှည့်ကြည့်သွားသည်။
"ပင်လယ်ထဲကို ဆင်းဖို့ပြင်ထားပါ"
ရှင်းဟိုင်က အော်ဟစ်သတိပေးသည်။ သူ့တောင်ပံများက ရွှေရောင်အကြေးခွံအဖြစ်ပြောင်းသွားသည်။
လုယန်တို့က ရှင်းဟိုင်ကျောကုန်းပေါ်မှ ဆူတောင်များကို မြဲမြဲကိုင်ထားသည်။ အေးစိမ့်သည့်ပင်လယ်ရေက နေရာစုံမှဝင်လာပြီး သူတို့ကိုဖုံးလွှမ်းသွားသည်။
ရေကွင်းပုလဲများ အသက်ဝင်လာသည်။ ရေဖိအားဒဏ်ကိုကာကွယ်ပေးသဖြင့် ပင်လယ်အောက်တွင် လွတ်လပ်စွာ သူတို့လှုပ်ရှားနိုင်သည်။
ပင်လယ်ရေအောက်ရှုခင်းသည် ရေမျက်နှာပြင်ထက်မြင်ကွင်းနှင့် လုံးဝကွဲပြားသည်။ မရေမတွက်တိုင်သည့် ခွန်များ ကူးခတ်နေသည်။ အတော်များများက ရှင်းဟိုင်ထက်ပင် အရွယ်အစားကြီးသည်။
သို့သော် သူတို့အကြေးခွံများက ရှင်းဟိုင်လောက်တော့ မပြည့်စုံကြ။
ဖုန်ငှက်ဗီဇထက် ခွန်ငါးဗီဇပိုများသူများဖြစ်လိမ့်မည်။
"ငါတို့မျိုးနွယ်အများစုက ရှေ့အောက်မှာနေရတာကိုပဲ သဘောကျကြတယ်"
ရှင်းဟိုင်က ရှင်းပြသည်။
ခွန်ငါးများအပြင် တစ်ခြားပင်လယ်မျိုးနွယ်ဝင်များလည်းရှိသည်။ အနီးအနားမျိုးနွယ်များက ကုန်ပစ္စည်းဖလှယ်ရန် ခွန်မျိုးနွယ်၏ ပင်လယ်မြို့တော်သို့ လာကြသည်။
ပင်လယ်မြို့တော်အကျယ်အဝန်းသည် ဖန်လိုင်ကျွန်းလောက်ရှိသည်။ ထိုတစ်ချက်တည်းနှင့်ပင် ခွန်ဖုန်မျိုးနွယ်သည် အရှေ့ပင်လယ်မျိုးနွယ်ကြီးဆယ်ခုစာရင်းဝင်အဖြစ် ထိုက်တန်ကြောင်း သက်သေခံနေသည်။
ဤနေရာသည် ချင်ဟော်ရန်ရော စုယီရန်ပါ တစ်ခါမှမရောက်ဖူးသည့် နေရာဖြစ်သည်။ မြင်ကွင်းများက အတော်သာယာသဖြင့် ထောင်ယော်ယဲ့က သေချာအာရုံစိုက်၍ ကြည့်နေသည်။
နောင်တစ်ချိန် ထိုမြင်ကွင်းကို အိပ်မက်ရေပွက်ပုံရိပ်တစ်ခုအဖြစ်သုံးဖို့ တွေးထားသည်။
သူသင်္ဘောပေါ်မှ ပြုတ်ကျမည်။ လုယန်က ပင်လယ်ထဲ ဒိုင်ပင်ပစ်ထိုးဆင်းလာမည်။ သူအသက်ရှူရပ်ထားချိန်တွင် အကိုလုက သူနှင့်နှုတ်ခမ်းချင်းတေ့၍ လေမှုတ်သွင်းပေးမည်။ ရိုဆန်သည့်မြင်ကွင်းတစ်ခုဖြစ်လာမည်။
"အကိုလုယန်၊ ကျွန်မပင်လယ်ထဲကိုကျရင် အကိုကျွန်မကိုကယ်မှာလား"
လုယန်က ထောင်ယော်ယဲ့ကို တအံ့တဩ ခြေဆုံးခေါင်းဆုံးကြည့်သည်။ ယခုပင် သူတို့အားလုံး ရေထဲတွင် သက်တောင်သက်သာရှိနေသည်မဟုတ်လော...
ဘာကြောင့် ထိုမျှကြောင်တောင်တောင်နိုင်သည့်မေးခွန်းမျိုး လာမေးသည့်မသိ။
"ညီမထောင်၊ ညီမခေါင်းထဲကို ရေဝင်သွားတာလား"
"...ကျွန်မ...ကျွန်မက အရှေ့ပင်လယ်ကို အိပ်မက်ရေပွက်ပုံရိပ်နောက်ခံတစ်ခုမှာ ထည့်သုံးချင်တာပါ။ ကျွန်မ ပင်လယ်ထဲကျသွားပြီး အကိုကလာကယ်တဲ့ ဇာတ်ကွက်မျိုးလေ"
လုယန် သဘောပေါက်သွားပြီး စိတ်အားထက်သန်စွာပြောသည်။
"ဪ...အဲလိုလား။ ဒါဆို ညီမက ပင်လယ်ထဲကျသွားတယ်ဆိုရင် အရှေ့နဂါးမျိုးနွယ်ရဲ့ လက်ချက်ပဲပေါ့။
ညီမကိုကယ်ပြီးရင် အရှေ့ပင်လယ်နဂါးမျိုးနွယ်နဲ့ ငါအပြင်းအထန်တိုက်ခိုက်မယ်။ နဂါးရဲ့ အရိုးအကြောတွေ ဆွဲနှုတ်မယ်။
ပြီးရင် ငါ့ကိုလက်စားချေဖို့အတွက် နဂါးမျိုးနွယ်က ဖန်လိုင်ကျွန်းကို သွေးနဲ့ဆေးဖို့ ကြိုးစားမယ်။ အဲဒီ့အချိန်မှာ ငါကသူရဲကောင်းအဖြစ်နဲ့ ပေါ်လာမယ်။
နဂါးမျိုးနွယ်ကို အသေခံပြီး တိုက်ခိုက်သွားမယ်။ အဲဒါပြီးရင် အမယွမ်ပေါ်လာမယ်။ ငါ့ရဲ့ ဝိညာဉ်သုံးခုလိပ်ပြာခုနစ်ပါးကို ပြန်စုစည်းပြီး ကြာမြစ်တွေနဲ့ ခန္ဓာကိုယ်တစ်ခု ဖန်တီးမယ်။
ကြာမြစ်ခန္ဓာကိုယ်နဲ့ ငါပြန်ရှင်သန်လာမယ်။ နဂါးမျိုးနွယ်ကို နှိပ်ကွပ်မယ်။ အရှေ့ပင်လယ်လည်း ပြန်ပြီးငြိမ်းချမ်းသွားမယ်။...ညီမထောင်က ဒီဇာတ်ကွက်မျိုး ဖန်တီးချင်တာလား"
"...ဒါဆို ကျွန်မကရော ဘယ်လိုဆက်ဖြစ်မှာလဲ"
ဘေးမှနားထောင်နေသည့် အရိုးရိုင်းက သူ့စကားကို နားမလည်ဟန်ဖြင့်ဝင်ပြောသည်။
"ခုနက အမထောင်ကို သူကယ်ထားပြီးပြီပဲမဟုတ်လား"
************************************