ပင်လယ်ကိုမွှေကြသူ
Vol. 52 Ch. 767
"မင်းတို့လည်း အိပ်မက်ပုံရိပ်ဖန်တီးနိုင်တာလား။ ဖန်လိုင်ကျွန်းက ဖန်ချောင်ပဲ ဒါမျိုးလုပ်နိုင်တယ်လို့ ထင်ထားတာ"
လုယန်နှင့်ထောင်ယော်ယဲ့တို့ပြောသည့် စကားများကြောင့် ရှင်းဟိုင်အတော်စိတ်ဝင်စားသွားသည်။
လုယန်က ဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်ပေးသည်။
"ဖန်ချောင်က ဘာမို့လဲ။ သူက ဘာကောင်မှမဟုတ်ပါဘူး။ ငါ့ညီမ ထောင်ယော်ယဲ့က ရုပ်လည်းလှသလို ဉာဏ်လည်းထက်တယ်။ အိပ်မက်ရေပွက်ကိုဖန်တီးခဲ့တာ သူပဲ"
ထောင်ယော်ယဲ့ ပါးနှစ်ဘက် နည်းနည်းနီရဲလာသည်။ သို့သော် အရိုးရိုင်းပြောသည့်စကားကို မကြားသလို ဟန်ဆောင်လိုက်သည်။
"ဖန်လိုင်ကျွန်းက ဖန်ချောင်ဆိုတာက သူများတီးထွင်ထားတာကိုခိုးတဲ့ သူခိုးပါ။ ငါတို့မဟာရှားမှာသာဆိုရင် သူထောင်ကျတာကြာပြီးပေါ့။ ညီမထောင်က မူလဖန်တီးရှင်အစစ်ပါ"
"အားကျလိုက်တာ"
နားထောင်နေရင်း ရှင်းဟိုင်မျက်လုံးများ အရောင်လက်လာသည်။
"ငါ့အတွက်ရော ဇာတ်ဝင်ခန်းတစ်ခန်းလောက် စီစဉ်ပေးလို့ရမလား။ ဇာတ်လိုက်ဖြစ်ဖြစ် လူဆိုးနေရာဖြစ်ဖြစ် ကိစ္စမရှိပါဘူး"
အိပ်မက်ရေပွက်ထဲမှ ဇာတ်ကောင်တစ်ယောက်ဖြစ်ဖို့ အရင်ကတည်းက ရှင်းဟိုင်စိတ်ကူးယဉ်ခဲ့သည်။ နာမည်ကြီးဖို့မကြီးဖို့ သူထည့်မစဉ်းစား။
ခွန်ဖုန်မျိုးနွယ်သည် အတော်ခင်မင်စရာကောင်းပြီး ဧည့်ဝတ်ကျေပွန်သည်ဟု ထောင်ယော်ယဲ့ ယူဆသည်။ ဟေးယုကလည်း သူတို့အပေါ် ဒေါသပုံချခြင်းမရှိ။
ခေါင်းဆောင်ရှောက်ကလည်း မဟာစွမ်းအားရှင်တို့၏ဇာတ်လမ်းများ ပြောပြသည်။ ရှင်းဟိုင်က ခွန်အဖြစ်တစ်လှည့် ဖုန်အဖြစ်တစ်လှည့် အသွင်ပြောင်း၍ သူတို့ကို ရှုခင်းလိုက်ပြသည်။ အတော်သဘောကောင်းကြသည်။
"ရပါတယ်"
ဇာတ်ကောင်တစ်နေရာစာထည့်ပေးဖို့ အခက်အခဲမရှိ။
လုယန် စဉ်းစားသည်။
"ခုနကဇာတ်လမ်းကို မင်းဘယ်လိုသဘောရလဲ။ နဂါးမျိုးနွယ်နေရာမှာ ခွန်ဖုန်မျိုးနွယ်နဲ့ အစားထိုးလိုက်မယ်လေ။ မင်းက ညီမထောင်ကိုဒုက္ခပေးတဲ့ ခွန်ဖုန်နေရာက သရုပ်ဆောင်ပေါ့"
"ရတယ် ရတယ်"
ရှင်းဟိုင် ချက်ချင်းသဘောတူသည်။
"ငါ့အတွက်ကျတော့ရော။ ငါလည်း ဇာတ်ကောင်တစ်နေရာစာ ဝင်ချင်တယ်"
မုန်ကျင်းကျိုးက တစ်စခန်းထလာပြန်သည်။
လုယန်က အထင်မကြီးဟန်ဖြင့် မုန်ကျင်းကျိုးကို တွန်းဖယ်သည်။
"ဇာတ်ကောင်နေရာတွေက ပြည့်သွားပြီ။ မင်းအတွက် မကျန်တော့ဘူး"
"ဘာလို့ မရှိရမှာလဲ။ မင်းမိဘတွေရဲ့ အရိုးကိုသွားရှားပြီး အသားပြန်ဖြည့်တဲ့ ဇာတ်ကွက်မျိုးထည့်လို့ရတာပဲ။ မင်းအဖေနေရာက ငါသရုပ်ဆောင်မယ်လေ"
လီဟော်ရန်လည်း အနားသို့ကပ်လာသည်။
"ယိရန်နဲ့ကျုပ်က ဘဝကြင်ဖော်အစစ်တွေပါ။ ကျုပ်တို့နှစ်ယောက် မိဘတွေနေရာက သရုပ်ဆောင်ရင်ရော ဘယ်လိုလဲ"
လုယန်၏ဖခင်အဖြစ်သရုပ်ဆောင်ဖို့ လူငယ်အသွင်ကိုစွန့်လွှတ်ဖို့ပင် လီဟော်ရန် ဆန္ဒရှိနေသည်။
"သွားစမ်းပါကွာ။ မင်းတို့နှစ်ယောက်က တမင်ပြဿနာရှာနေတာလား။ မင်းအဖေနေရာက ငါသရုပ်ဆောင်ရင်လည်း ရတာပဲ"
လုယန်က ပြန်ချေပသည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ငါ့ဇာတ်ကောင်နေရာ ပြောင်းလိုက်ပါ့မယ်...ဒါပေမယ့် မဖြစ်ဘူးကွ။ မင်းဇာတ်လမ်းမှာ အရေးကြီးတဲ့ဇာတ်ကောင်နေရာ သိပ်မရှိဘူး"
မုန်သခင်လေးဆိုသည့် သူ့အဆင့်အတန်းက မြင့်လွန်းသဖြင့် မထင်မရှားဇာတ်ရုပ်နေရာတွင် သရုပ်ဆောင်၍မဖြစ်ဟု မုန်ကျင်းကျိုးတွေးနေသည်။
"ဇာတ်လမ်းကို အဆင့်မြင့်ဖို့ နည်းလမ်းစဉ်းစားကြတာပေါ့"
"အကိုလု၊ ကျုပ်ကိုရော ဇာတ်ကောင်တစ်နေရာစာ ပေးနိုင်မလား"
အရိုးရိုင်းလည်း ဝင်လာသည်။ သူလည်း ဇာတ်လမ်းထဲတွင် ပါချင်သည်။
လုယန် ခေါင်းကိုက်လာသည်။ ပင်လယ်ပြင်သိမ်းပိုက်သည့် နီကျားဇာတ်လမ်းမှာပင် ဇာတ်ကောင်နေရာ ထိုမျှများများစားစားမရှိ။
အတော်ခက်သည်။
ရုတ်တရက် လုယန် စိတ်ကူးတစ်ခုရလာသည်။ ဖြေရှင်းနည်းကို စဉ်းစားမိသည်။
"ဇာတ်လမ်းနောက်ခံကို ပြောင်းလိုက်ရင်တော့ ရလောက်တယ်။ နွယ်ပင်တစ်ခုကနေ ဘူးသီးလေးလုံးသီးမယ်။ ဘူးသီးတွေ ပွင့်ထွက်သွားမယ်။ ပြီးရင် လူလေးယောက်ဖြစ်လာမယ်လေ"
"ဟား...အဲဒီနောက်ခံဇာတ်လမ်း မဆိုးဘူးကွ။ သဘာဝရတနာတွေ အများကြီးရှိတဲ့ အရှေ့ပင်လယ်ရဲ့အခြေအနေနဲ့လည်း ကိုက်ညီတယ်"
"အချိန်ကျလာရင် ဘူးသီးခြောက်ထဲက ငါအရင်ဆုံးထွက်မယ်။ ရှောက်ရှင်းဟိုင်ကို စိန်ခေါ်မယ်။ ငါသူ့ကိုမနိုင်တော့..လောင်မုန်...မင်းထပ်ထွက်လာမယ်။
ပြီးရင် အရိုးရိုင်းထွက်မယ်၊ ပြီးရင် ညီလေးလီထွက်လာမယ်။ အဲလိုမျိုးပေါ့။ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ကြမယ်.."
စုယီရန်သည် တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်၍ အိပ်မက်ရေပွက်တွင်ပါဝင်ဖို့ မသင့်တော်။
လုယန်အလေးအနက် ဆွေးနွေးနေသဖြင့် ရှောက်ရှင်းဟိုင်လည်း ဝင်ဆွေးနွေးသည်။ သူတို့ငါးယောက် ပို၍စိတ်အားတက်ကြွလာကြသည်။ အစမ်းလေ့ကျင့်လိုစိတ်များ ချက်ချင်းပေါ်လာသည်။
"ငါက ဒီအကွက်နဲ့ စတိုက်ခိုက်မယ်..."
"ဒါဆိုငါက ဒီပညာနဲ့ ပြန်တိုက်မယ်။ မင်းရောငါရော ဒဏ်ရာရမယ်..."
လုယန်တို့ ဘာကြောင့်ထိုမျှစိတ်အားတက်ကြွနေသည်ကို ထောင်ယော်ယဲ့ နားမလည်တော့။
"ညီမထောင်ကိုရော ဘယ်လိုဇာတ်ကောင်နေရာထားမလဲ"
အဓိကကျသည့်မေးခွန်းကို မုန်ကျင်းကျိုးမေးသည်။
လုယန် မေးကိုပွတ်လျက် တွေးတွေးဆဆလေသံဖြင့်
"လိပ်ပြာဝိညာဉ်ပေါ့...မဟုတ်သေးဘူး။ အဲဒါက သဘာဝမကျဘူး။ အရှေ့ပင်လယ်မှာ လိပ်ပြာဝိညာဉ်ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ သူ့ကို ဖန်လိုင်ကျွန်းရဲ့ ပါရမီရှင်တပည့်အဖြစ်ထားမယ်။
...ဘယ်လိုသဘောရလဲ ညီမထောင်"
"ကျွန်မက ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်"
ထောင်ယော်ယဲ့ လုံးဝစိတ်မဝင်စား။ သူဘယ်လိုနားထောင်သည်ဖြစ်စေ ဇာတ်လမ်းထဲမှ သူ့ဇာတ်ရုပ်သည် အဓိကကျသည့်နေရာမျိုးမဟုတ်။
ထို့ကြောင့် ဘယ်နေရာနေရနေရ သိပ်အရေးမစိုက်တော့။
"ရှောင်ထောင်၊ လုယန်ကို မင်းစိတ်ဝင်စားနေတာလား"
စုယီရန်က သိစိတ်အာရုံမှ ထောင်ယော်ယဲ့ကိုမေးသည်။
စုယိယန်သည် ထိုကိစ္စမျိုးကို ကြုံဖူးသည်။ လုယန်တို့လို နလဗိန်းတုံးများမဟုတ်။ ထောင်ယော်ယဲ့ လုယန်ကို စိတ်ဝင်စားနေမှန်း သူသတိထားမိသည်။
ထောင်ယော်ယဲ့ပါးနှစ်ဘက် နီရဲလာသည်။ ရှက်နေသည့်လေသံဖြင့် သူပြန်ပြောသည်။
"အမစုက ရိပ်မိတယ်ပေါ့"
"အင်း..နည်းနည်းရိပ်မိတယ်"
"ဒါဆို ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲ အမစု"
စုယီရန် ခဏစဉ်းစားပြီး အလေးအနက်အကြံပြုသည်။
"ကျင့်ကြံမှုကို အာရုံစိုက်ပေါ့"
"ကျင့်ကြံရမှာလား.."
စုယီရန်က ထပ်၍အတည်ပြုသည်။
"ဟုတ်တယ်။ ကြိုးစားကျင့်ကြံပြီး လုယန်ထက်စွမ်းအားသာနေရင် အချိန်တန်လာတဲ့အခါ သူ့ကိုကို မင်္ဂလာခန်းဆောင်ထဲ အတင်းဆွဲခေါ်လို့ရတာပေါ့။
သူငြင်းဆန်နေရင်တောင် ဘာမှတတ်နိုင်မှာမဟုတ်ဘူးလေ။ ဥပမာ..ငါဆိုရင် ဟောရန်ကို အဲလိုမျိုး လုပ်နိုင်တယ်"
ထောင်ယော်ယဲ့စဉ်းစားကြည့်သည်။ ထိုစကား မှန်သလိုရှိသည်။ စွမ်းအားကြီးသူကို လေးစားရသည့် ကျင့်ကြံမှုလောကစည်းမျဉ်းနှင့်လည်း ကိုက်ညီသည်။
စုယီရန် တစ်ခြားကိစ္စတစ်ခုကို ထပ်တွေးမိသည်။
"ပြီးတော့ မဟာရှားကို နင်ပြန်ရောက်တဲ့အခါ ယွီကျိုးနယ်က ချန်ကျန်းမြို့မှာရှိတဲ့ မှောင်ခိုဈေးကိုသွားပါ။ ငါ့မှာရှိတဲ့ သွေးသန္ဓေကို အဲဒီကနေဝယ်ခဲ့တာ။ သုံးဖူးတဲ့လူတိုင်းက အရမ်းကောင်းတယ်လို့ ပြောကြတယ်..."
သူတို့နှစ်ယောက် စကားပြောနေစဉ် လုယန်က ဇားတ်လမ်အသေးစိတ်ကို အချောသပ်လိုက်သည်။
"ဖန်လိုင်ကျွန်းမှာ ငါတို့ဘူးသီးညီအကိုလေးယောက် ပေါ်လာမယ်။ ညီလေးရှင်းဟိုင်က ညီမထောင်ကိုစားဖို့ ရေထဲကို ဆွဲခေါ်သွားမယ်။
အဲဒါပြီးရင် ဘူးသီးခြောက်ကိုခွဲပြီး ငါဝင်လာမယ်။...အဲဒီ့အတိုင်း လုပ်ကြတာပေါ့။ အစမ်းလေ့ကျင့်ဖို့ နေရာရှာကြမလား"
ထောင်ယော်ယဲ့အတွက် အိပ်မက်ရေပွက်ပုံရိပ် တည်ဆောက်ဖို့ နောက်ခံအဖြစ် နေရာအစစ်တစ်ခု လိုအပ်သည်။ ထိုနေရာကို အခြေခံပြီး လိုအပ်သလို ပြင်ဆင်ပြောင်းလဲရသည်။
လုယန်တို့မရှိဘဲ အိပ်မက်ရေပွက်ကို သူမတည်ဆောက်နိုင်။
"ဒီနားမှာ ကျွန်းတစ်ခုခုရှိလား"
"ရှိပါတယ်"
ရှင်းဟိုင်က ပြောသည်။ ထိုမျှပျော်စရာကောင်းသည့်ကိစ္စအတွက် ကျွန်းမရှိလျှင်ပင် မျိုးနွယ်အကြီးအကဲများကို ကျွန်းတစ်ခုဖန်တီးပေးဖို့ သူတောင်းဆိုနိုင်သည်။
"ညီမထောင်၊ မင်းလည်း အစမ်းလေ့ကျင့်တဲ့ထဲ ဝင်ပါပါလား"
"ကောင်းပြီလေ"
စုယီရန်၏အကြံပြုချက်ကို သူကြားပြီးနောက် အစောပိုင်းကလို စိတ်ပျက်လက်ပျက်ပုံစံမျိုး မဟုတ်တော့။
အားလုံးကို ငှက်အော်သံနှင့်ပန်းရနံ့များပြည့်နေသည့် ကျွန်းတစ်ကျွန်းသို့ ရှင်းဟိုင်က ခေါ်သွားသည်။
ထိုနေရာသည် ခွန်ဖုန်မျိုးနွယ်ပိုင်နက်ထဲတွင်မပါ။ သို့သော် မျိုးနွယ်ပိုင်နက်နှင့် ကပ်လျက်ရှိနေသဖြင့် ထိုကျွန်းတွင် ဘယ်သူမှ မနေရဲကြ။
လူသူကင်းဝေးသည့် ကျွန်းတစ်ကျွန်းဖြစ်နေသည်။ ဇာတ်ကွက်လေ့ကျင့်ဖို့ အသင့်တော်ဆုံးဖြစ်သည်။
...
ထောင်ယော်ယဲ့ ဖန်လိုင်ကျွန်းဝတ်စုံဝတ်ထားသည်။ အတော်ချစ်စရာကောင်းသည့် အသွင်မျိုးပေါ်နေသည်။
လက်နှစ်ဘက်နောက်ပစ်၍ ဖိနပ်တစ်စုံကိုင်ထားသည်။ နူးညံ့သည့်သဲမှုန်နှင့် ပင်လယ်ရေများက သူ့ခြေကျင်းဝတ်ထိ မြုပ်နေသည်။
သာယာသည့် ကျေးလက်သီချင်းတစ်ပုဒ် ညည်းနေသည်။ ကမ်းခြေအတိုင်းလျှောက်လာသည်။ သူ့ခေါင်းထက်တွင် တောရိုင်းပန်းတစ်ပွင့်ပတ်ထားသည်။
ရုတ်တရက် နတ်ဆိုးလေပြင်းတစ်ခု တိုက်ခတ်လာသည်။ ရှောက်ရှင်းဟိုင်အသွင်ပြောင်းထားသည့် ခွန်ငါးပေါ်လာသည်။ စိမ်းလဲ့သည့်မျက်လုံးများက ထောင်ယော်ယဲ့ကို ဒေါသရိပ်အပြည့်ဖြင့် စိုက်ကြည့်သည်။
"သန့်စင်တဲ့ကျင့်စဉ်စွားအားပါလား...တကယ့်ကို မိုးမြေကောင်းချီးနဲ့မွေးလာတဲ့လူပဲ။ ဖန်လိုင်ကျွန်းကလူ၊ ဒီနေ့မင်း ငါ့ဗိုက်ထဲကိုရောက်ရမယ်"
ရှင်းဟိုင် နတ်စွမ်းအားထုတ်သုံးသည်။ ထောင်ယော်ယဲ့ခန္ဓာကိုယ် တစ်ချက်ယိမ်းယိုင်သွားပြီး ပင်လယ်အတွင်းပိုင်းဆီ အလိုလိုမျောပါသွားသည်။ ရေပူဖောင်းများမှုတ်ထုတ်၍ အော်ဟစ်အကူအညီတောင်းရင်း ကြိုးစားရုန်းကန်နေသည်။
ထိုအချိန်တွင် ဖန်လိုင်ကျွန်းအတွင်းပိုင်း၌ ဘူးနွယ်ပင်တစ်ခုရှိနေသည်။ ရှေးဟောင်းကမ္ဘာဦးဝိညာဉ်ပင်ဖြစ်သည်။ အခက်အခဲများစွာ ဖြတ်ကျော်ပြီးနောက် ယခု ဘူးသီးများ ရင့်မှည့်အချိန်ရောက်နေသည်။
ဖျောက်ခနဲ အက်ကွဲသံတစ်ခုပေါ်လာသည်။ အနီရောင်ရှိသည့် ပထမဘူးသီး ပွင့်သွားသည်။
အနီရောင်ဘူးရွက်ဘောင်းဘီဝတ်ထားသည့်လုယန် ခုန်ထွက်လာသည်။ အရွယ်အစားချက်ချင်းကြီးလာပြီး သာမန်လူတစ်ယောက်အနေအထား ရောက်သွားသည်။
"မကောင်းဆိုးဝါးကောင်၊ မင်းကများ လူတွေကိုဒုက္ခပေးရဲတယ်ပေါ့"
လုယန်အော်ဟစ်၍ အရှေ့ပင်လယ်ထဲသို့ ဒိုင်ပင်ထိုးဆင်းပြီး ရေရွှဲရွှဲစိုနေသည့် ထောင်ယော်ယဲ့ကို ပွေ့ချီသည်။
လုယန် ထိုမျှရင်းရင်းနှီးနှီး ပြုမူမည်ဟုထင်မထားသဖြင့် ထောင်ယော်ယဲ့ စိတ်လှုပ်ရှားမှုလွန်ကဲပြီး စကားထစ်နေသည်။
"အကိုလုယန်၊ ဒ..ဒါ..ဒါက.."
"ညီမထောင်၊ အစမ်းလေ့ကျင့်တဲ့အချိန်မှာလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်ဖို့ ကြိုးစားပါ"
လုယန် တီးတိုးပြောသည်။
ထောင်ယော်ယဲ့ မပွင့်တပွင့်လေသံဖြင့် 'အင်း'လိုက်သည်။
************************************