ပင်လယ်မြို့တော်တံလျှပ်အကြောင်း
Vol. 52 Ch. 769
ပင်လယ်တံလျှပ်သည် အရှေ့ပင်လယ်တွင် လွင့်မျောနေသည့် ထူးဆန်းသည့်အရာဖြစ်သည်။
တံလျှပ်မျိုးနွယ်သည် တစ်ချိန်က ယှဉ်ဘက်မရှိအောင် စွမ်းအားကြီးပြီး ပင်လယ်မျိုးနွယ်ကြီးဆယ်ခုထဲတွင် ထိပ်ဆုံးအဆင့်ဖြစ်သည်ဟု ဆိုကြသည်။
လွန်ခဲ့သည့် နှစ်ရှစ်ထောင်က တံလျှပ်မျိုးနွယ်ဘိုးဘေးသည် မှော်ပညာများလေ့လာရင်း အမှားအယွင်းတစ်ခုဖြစ်ပြီး စိတ်ဝိညာဉ်ထိန်းချုပ်ခံရသည်။ ပင်လယ်တံလျှပ်ကိုဦးဆောင်၍ ပင်လယ်မျိုးနွယ်၏ အဓိကအဖွဲ့ဝင်များကို ဝါးမျိုခဲ့သည်။
ထိုအချိန်မှစ၍ တံလျှပ်မျိုးနွယ်သည် ထိပ်တန်းမျိုးနွယ်ဝင်စာရင်းမှ အဆင့်လျှောကျခဲ့သည်။ ထိန်းချုပ်မရသည့်ပင်လယ်တံလျှပ်က ပုံသေအသွင်သဏ္ဌာန်မရှိပဲ အရှေ့ပင်လယ်တွင် ဦးတည်ရာမဲ့ လွင့်မျောနေသည်။
လူသားမျိုးနွယ် ပင်လယ်မျိုးနွယ် ခွဲခြားခြင်းမရှိဘဲ သက်ရှိအားလုံးကို ဝါးမျိုနေခဲ့သည်။
ထိုတံလျှပ်ထဲမှ အသက်ရှင်လျက်ထွက်လာနိုင်သူ တစ်ချို့ရှိသည်။ တစ်ချို့က အကောင်းပကတိအတိုင်း ထွက်လာသည်။ တစ်ချို့က ရူးသွပ်သွားသည်။
တံလျှပ်ထဲတွင် လုံးဝပျောက်ကွယ်သွားခဲ့သူများလည်းရှိသည်။
အကောင်းပကတိ ပြန်ထွက်လာနိုင်သူများ၏စကားအရ ပျောက်ကွယ်သွားသူများကို ပင်လယ်တံလျပ်ထဲတွင် တွေ့ခဲ့ရသည်ဟုဆိုသည်။ သို့သော် ထိုလူများသည် ပုံရိပ်ယောင်တို့၏ထိန်းချုပ်ခြင်းခံထားရပြီး အလွန်တရာ ရန်မူလိုစိတ်ပြင်းထန်သည်ဟုဆိုသည်။
တစ်ခါက ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးအင်ပါယာတစ်ချို့ အတူပေါင်း၍ ပင်လယ်တံလျှပ်ကိုဖျက်ဆီးရန် ကြိုးစားဖူးသည်။
ရူးသွပ်နေသည့် တံလျှပ်မျိုးနွယ်ဘိုးဘေးနှင့် တွေ့ကြုံရသည်။ အပြင်းအထန်တိုက်ခိုက်ပြီးနောက် ထိုဘိုးဘေး စွမ်းအင်ကုန်ခမ်း၍ သေဆုံးသွားသည်။
တံလျှပ်ဘိုးဘေးသေသွားသော်လည်း ပင်လယ်တံလျှပ်က ပျောက်ကွယ်မသွား။
ထိုနောက်ပိုင်း ဘယ်သူမှ ပင်လယ်တံလျှပ်ကို ရင်ဆိုင်ဖို့မကြိုးစားကြတော့။ ခရီးသွားကပ်ဆိုးတစ်ခုအဖြစ်သတ်မှတ်ပြီး မြင်သည်နှင့် ချက်ချင်းထွက်ပြေးကြသည်။
....
"ဘာရယ်၊ အသက်ကမ္ဗည်းကျောက်ပြားက ရှင်းဟိုင်ရဲ့တည်နေရာကို အာရုံမခံနိုင်တော့ဘူးပေါ့"
ခေါင်းဆောင်ရှောက်မိန်လီ လောလောဆယ် ဒဏ်ရာကုသနေရသည်။ ရှင်းဟိုင်၏အသက်ကမ္ဗည်းတိုင် ထူးထူးဆန်းဆန်း အရောင်မှိန်သွားသည်။
သေသွားသည့်လက္ခဏာတော့မဟုတ်။ ကမ္ဗည်းတိုင်အာရုံခံနိုင်သည့် နယ်စည်းအပြင်ဘက်သို့ ရောက်သွားခြင်းဖြစ်သည်။
"နယ်စည်းအပြင်ဘက်ကိုရောက်သွားတာလား။ ဒါဆိုသူတို့ အဆင့်မြင့်လျှို့ဝှက်နယ်မြေတစ်ခုထဲ ဝင်သွားတဲ့သဘောလား။
မဟုတ်ဘူး။ ဒါလည်း မဟုတ်သေးဘူး။ ရှင်းဟိုင်က ဟိုဟိုဒီဒီလမ်းသလားတတ်ပေမယ့် တစ်ယောက်ယောက်ကို အသိမပေးဘဲ လျှို့ဝှက်နယ်မြေတစ်ခုကို ဝင်မှာမဟုတ်ဘူး။
ပြီးတော့ ဧည့်သည်တွေလည်းပါတယ်လေ။ တစ်နေရာရာကို ဆွဲခေါ်ခံရတာများလား။...ဟာ...သွားပြီ။ သူတို့ ပင်လယ်တံလျှပ်နဲ့တွေ့သွားတာဖြစ်မယ်"
ရှောက်မိန်လီ သဘောပေါက်သွားသည်။
...
"အဲ၊ ခေါင်းဆောင်ရှောက်၊ ဘာစိတ်ကူးပေါက်လို့များ ကျုပ်တို့ဆီ လာလည်တာလဲဗျာ"
တံလျှပ်မျိုးနွယ်ခေါင်းဆောင်က ရှောက်မိန်လီကို ချက်ချင်းကြိုဆိုနှုတ်ဆက်သည်။
ရှောက်မိန်လီ စကားအပိုပြောလိုစိတ်မရှိ။ တံလျှပ်ခေါင်းဆောင်ကို အေးစက်စက်စိုက်ကြည့်၍ ချိတ်ကောက်ပုံရှိသည့် သူ့နှုတ်သီးဖြင့် ထိလိုက်သည်။
"ငါပြောမယ်၊ ငါ့သားနဲ့ငါ့အထူးဧည့်သည်တွေ မင်းတို့ဖန်တီးခဲ့တဲ့ ပင်လယ်တံလျှပ်ထဲမှာ ပိတ်မိနေတယ်။ သူတို့တစ်ခုခုဖြစ်လို့ကတော့ ပြန်ပေးဆပ်ဖို့ မင်းတို့အသင့်ပြင်ထားပါ"
တံလျှပ်ခေါင်းဆောင်မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။
"ပင်လယ်တံလျှပ်ထဲက ဘယ်လိုထွက်ရသလဲဆိုတာ မင်းပြောပြပါ"
ပင်လယ်တံလျှပ်ထဲဝင်၍ လူသွားကယ်ဖို့ ရှောက်မိန်လီ ပြင်ဆင်နေသည်။ တံလျှပ်မျိုးနွယ်ဆီမလာမီ သူ့လူများကို သူတို့နယ်မြေအနီးအနားတွင် ရွေ့လျားနေသည့် မြူခိုးအုပ်များကို ရှာကြဖို့ ညွှန်ကြားခဲ့ပြီးဖြစ်သည်။
တံလျှပ်မျိုးနွယ်ခေါင်းဆောင်က ငိုမဲ့မဲ့မျက်နှာဖြင့်
"ခေါင်းဆောင်ရှောက်၊ အဲဒါ ပင်လယ်တံလျှပ်လုံးဝမဟုတ်ပါဘူး။ ပင်လယ်တံလျှပ်သာမှန်ရင် ကျုပ်တို့မျိုးနွယ်တွေ ဘာလို့ဒီလောက် ကူကယ်ရာမဲ့သလိုဖြစ်နေမှာလဲ"
"ပင်လယ်တံလျှပ်မဟုတ်ဘူးပေါ့..."
"မှန်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရှစ်ထောင်က ထူးဆန်းတဲ့ လေဟာနယ်တစ်ခုကို မျိုးနွယ်ဘိုးဘေး တွေ့ခဲ့တယ်။
အဲဒီ့လေဟာနယ်ရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ရင် မသေမျိုးတစ်ဝက်အဆင့်ဖြစ်လာနိုင်တယ်လို့ သူပြောတယ်။
ဒါကြောင့်လည်း သူက အဲဒီ့လေဟာနယ်ကို မှော်စက်ဝန်းအထပ်ထပ်ကာပြီး တံခါးပိတ်ကျင့်စဉ်ဝင်ခဲ့တာပါ။
နောက်ပိုင်း ဘိုးဘေးဘာတွေလုပ်တယ်ဆိုတာတော့ မသိဘူး။ လေဟာနယ်က မြူခိုးအုပ်အဖြစ် ပေါက်ကွဲသွားတယ်။
ဘယ်မှော်စက်ဝန်းမှ အလုပ်မဖြစ်ဘူး။ ဘိုးဘေးကျင့်စဉ်ဝင်ဖို့ ရွေးချယ်တဲ့နေရာက ကျုပ်တို့ပိုင်နက်ရဲ့ အလယ်ဗဟိုမှာပါ။ လေဟာနယ်ပေါက်ကွဲတော့ ကျုပ်တို့မျိုးနွယ်က အဓိကလူတွေအားလုံး ဝါးမျိုခံလိုက်ရတယ်"
ခေါင်းဆောင်ရှောက် မျက်နှာပိုပျက်လာသည်။
.....
"အခု ငါတို့ဘာလုပ်ကြမလဲ"
ပင်လယ်တံလျှပ်ထဲတွင်ပိတ်မိနေသည့် လုယန်တို့လူစု မလှုပ်ရဲကြ။
ဘေးပတ်လည်ကို ဝိညာည်အာရုံဖြန့်ကြည့်ရန် ကြိုးစားသည်။ သို့သော် မရ။ စုစည်းခြင်းအဆင့်ဖြစ်သည့် စုယီရန်ပင် အာရုံမခံနိုင်။
ကြောက်စရာကောင်းသည့် ပင်လယ်တံလျှပ်အကြောင်း နည်းနည်းသိသည့် အရိုးရိုင်းတစ်ယောက်သာ ဟန်မပျက်ရှိနေသည်။ သို့သော် ရှင်းဟိုင်စကားကြားပြီးနောက် သူလည်းကြောက်လာသည်။
"ဒီနေရာကနေ အကောင်းပကတိထွက်လာနိုင်တဲ့လူတွေရဲ့ စကားအရ ဒီမှာဘယ်လိုပဲနေနေ ဘယ်လိုပဲလျှောက်သွားသွား နောက်ဆုံးကျရင် အပြင်ကိုထွက်နိုင်တယ်တဲ့"
ကြားဖူးသမျှကို ရှင်းဟိုင်က ပြောသည်။
အကောင်းပကတိထွက်လာနိုင်သည်ဆိုသည်မှာ ရူးသွပ်မသွားသူများကို ဆိုလိုသည်။
"ဒါဆို ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဒီနေရာကထွက်နိုင်မယ်ပေါ့"
အရိုးရိုင်းကမေးသည်။
"အဲလောက်လည်း မလွယ်ဘူး။ ရူးသွားတဲ့လူတွေ ပင်လယ်တံလျှပ်ထဲ ပျောက်သွားတဲ့လူတွေလည်း အဲလိုပဲကြိုးစားခဲ့ကြလောက်တယ်။
ဒီတော့ ဘေးကင်းကင်းနဲ့ထွက်နိုင်မလားဆိုတာ ကံပေါ်မှာပဲမူတည်တယ်။ ကံကောင်းတဲ့လူတွေက ဘာမှမဖြစ်ဘူး။
ကံသိပ်မကောင်းတဲ့လူတွေကျတော့ အရင်ပိတ်မိနေတဲ့လူတွေတိုက်ခိုက်တာကို ခံရတယ်။ အချိန်အတော်လေးကြာမှ အပြင်ကိုထွက်နိုင်တာ။
ကျုပ်သိထားသလောက်တော့ ဒီနေရာမှာပိတ်မိနေတဲ့ စုစည်းခြင်းအဆင့်တွေ တစ်ယောက်မကရှိတယ်။ ကံဆိုးတဲ့လူတွေက ဒီမှာပဲသေသွားတယ်။ ဒါမှမဟုတ် ပုံရိပ်ယောင်တွေကြောင့် ရူးသွားကြတယ်"
"နတ်မယ်၊ ဒီကိစ္စကိုဖြေရှင်းဖို့ ခင်ဗျားမှာ နည်းလမ်းရှိလား"
အရှေ့ပင်လယ်တွင် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ပင်လယ်တံလျှပ်အကြောင်းသိရပြီးနောက် သူတစ်ယောက်တည်းဖြေရှင်းနိုင်သည့် ပြဿနာမဟုတ်ကြောင်း လုယန်နားလည်လာသည်။ ထို့ကြောင့် အကူအညီတောင်းသည်"
ရေသူမအသွင်ပြောင်းထားသည့်နတ်မယ်က ပင်လယ်မွေ့ယာထက်တွင် လှဲအိပ်နေသည်။ လုယန်အမေးကြောင့် သူစိတ်မပါ့တပါ သမ်းဝေရင်း ထလာသည်။
"ဘာကိစ္စလဲ...ဝါး...ဘာဖြစ်သွားတာလဲ"
"ပင်လယ်တံလျှပ်ထဲမှာ ကျုပ်တို့ပိတ်မိနေပြီ"
"ပင်လယ်တံလျှပ်လား...တံလျှပ်မျိုးနွယ်ရဲ့ မှော်စွမ်းအားက....ဝါး...နင်လွယ်လွယ်နဲ့ ဖျက်ဆီးလို့မရနိုင်ဘူး။
...အဲ နေပါဦး။ ဒါက ပင်လယ်တံလျှပ်မဟုတ်ဘူး။ တံလျှပ်မျိုးနွယ်က ဒီလိုအရာမျိုးဖန်တီးနိုင်တဲ့အစွမ်းမရှိပါဘူး"
တံလျှပ်မျိုးနွယ်၏ စွမ်းရည်အတိုင်းအတာကို သူကောင်းကောင်းသိသည်။
"ဒါဆို ဒါကဘာလဲ"
နတ်မယ် မျက်မှောင်ကျုံ့၍ အလေးအနက်လေသံဖြင့်ပြောသည်။
"မသေမျိုးတိုက်ပွဲကနေ ကျန်ရစ်ခဲ့တဲ့ စွမ်းအားမျိုးပါ။ မသေမျိုးအချင်းချင်း တိုက်ခိုက်ခဲ့ကြတာဖြစ်မယ်။ နေရာတိုင်းမှာ မသေမျိုးတိုက်ပွဲသဲလွန်စတွေ အရိယဖလစွမ်းအားအရိပ်အယောင်တွေ ရှိနေတယ်။
ခုနက နင်ဘာလို့ ဒါကို ပင်လယ်တံလျှပ်လို့ ပြောတာလဲ။ ငါ့ကိုပြောပြပါဦး"
လုယန် ပင်လယ်တံလျှပ်အကြောင်း ပြောပြသည်။ နတ်မယ်က သူရှင်းပြသည်ကို နားထောင်ပြီးနောက်
"ပင်လယ်တံလျှပ်ကို ကူးဖြတ်ခြင်းအဆင့် တံလျှပ်မျိုးနွယ်ဝင်တစ်ယောက် ဖန်တီးခဲ့တယ်ပေါ့။ ဒါက လှည့်ကွက်တစ်ခုဖြစ်မှာပါ။
ကူးဖြတ်ခြင်းအဆင့်မျိုးနွယ်ဝင်က ဒီနေရာမှာရှိတဲ့ မသေမျိုးတိုက်ပွဲရဲ့စွမ်းအင်အကြွင်းအကျန်တွေကို အာရုံခံမိလို့ အရိယဖလကို နားလည်ဖို့ကြိုးစားခဲ့တာဖြစ်မယ်။
ဒါပေမယ့် ဒါကိုသူမထိန်းချုပ်နိုင်ဘူး။ ငုပ်လျှိုးနေတဲ့ တိုက်ပွဲအကြွင်းအကျန်စွမ်းအားက ပွင့်ထွက်လာပြီး သူ့ကိုဝါးမျိုသွားတာဖြစ်မယ်"
"ဒါဆို ဒီနေရာမှာ တိုက်ခိုက်ခဲ့တာ ဘယ်မသေမျိုးတွေလဲ"
နတ်မယ် သေချာအာရုံခံကြည့်သည်။
"တစ်ဘက်လူက ချီလင်မသေမျိုးပဲ။ သူ့ရဲ့အားအကြီးဆုံးရှင်သန်မှုအရိယဖလက နတ်ဆိုးမျိုးနွယ်ဝင်တိုင်းနဲ့ သဟဇာတဖြစ်တယ်။ သူတို့ရဲ့ သဘာဝဗီဇမျိုးပဲ။
တံလျှပ်မျိုးနွယ်ဝင်က အဲဒီ့စွမ်းအားကို ဝိုးတဝါးအာရုံခံမိတာဖြစ်မယ်။...ဒါပေမယ့် အဲဒါလည်း မဟုတ်သေးဘူး။ ငါမှတ်မိသလောက် ချီလင်က မသေမျိုးဖြစ်ပြီးနောက်ပိုင်း ဒီလိုတိုက်ပွဲမျိုး တစ်ခါမှမတိုက်ခိုက်ခဲ့ဖူးပါဘူး"
လုယန် ထိတ်လန့်လာသည်။ တစ်ခုခုမူမမှန်ကြောင်း နားလည်လာသည်။
"ခင်ဗျားသေပြီးတဲ့နောက်မှာ ရှေးဟောင်းမသေမျိုးလေးယောက်နဲ့ နောက်ကွယ်ကလျှို့ဝှက်စွမ်းအားရှင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲများဖြစ်မလား"
နတ်မယ်ခေါင်းခါသည်။
"မဟုတ်လောက်ဘူး။ ဒီတိုက်ပွဲက အဲလောက်လည်း အဆင့်မမြင့်ဘူး။ ဒါပေမယ့် လက်ရည်စမ်းတိုက်ခိုက်တာမျိုး မဟုတ်တာတော့ သေချာတယ်။
အသေအကြေတိုက်ပွဲမျိုးပဲ"
လုယန် စဉ်းစားသည်။ ရှေးဟောင်းမသေမျိုးလေးယောက်၏ရန်သူသည် အမည်မသိစွမ်းအားရှင်သာရှိသည်။ ချီလင် တစ်ခြားဘယ်သူနှင့် တိုက်ခိုက်ခဲ့သနည်း....
အဲ...နောက်တစ်ယောက်တော့ ရှိသေးသည်။
"နတ်မယ်၊ ခင်ဗျားသေပြီးတော့ မီးနိုင်ငံပေါ်လာတဲ့ကိစ္စမှတ်မိသေးလား။ မီးနိုင်ငံမှာ မသေမျိုးတစ်ယောက် ပေါ်ထွက်ခဲ့တယ်ထင်တယ်။
အဲဒီ့မသေမျိုးက သူ့ဖြစ်တည်မှုကို သမိုင်းကြောင်းထဲကနေ တမင်တကာဖျောက်ဖျက်ခဲ့တယ်။ ချီလင်နဲ့တိုက်ခိုက်တဲ့လူက မီးနိုင်ငံခေတ်အတွင်းပေါ်လာတဲ့ မသေမျိုးများလား"
"မီးနိုင်ငံခေတ်မှာမွေးတဲ့ မသေမျိုး...အင်း ဟုတ်တယ်...သိပ်ဖြစ်နိုင်တာပေါ့"
*********************************