မင်းလည်းအမှိုက် ငါလည်းအမှိုက်
Vol. 52 Ch. 770
"နတ်မယ်၊ ဒီ့ပြင် တစ်ခြားသဲလွန်စတစ်ခုခု မစဉ်းစားမိတော့ဘူးလား"
ချီလင်မသေမျိုးနှင့် မီးနိုင်ငံမသေမျိုးတိုက်ခိုက်ခဲ့သည့်နေရာကို အမှတ်မထင်တွေ့လာခြင်းဖြစ်သည်။
"တိုက်ပွဲကိုသုံးသပ်ကြည့်ရင် ချီလင်မသေမျိုး အရေးနိမ့်ခဲ့တာဖြစ်မယ်။ သူ့လှုပ်ရှားမှုအများစုက ခံစစ်အနေအထားပဲ။
...အင်း မဟုတ်သေးဘူး။ သူက တစ်ယောက်ယောက်ကို ကာကွယ်နေတာများလား"
နတ်မယ် နည်းနည်းမျက်မှောင်ကျုံ့နေသည်။ ချီလင်မသေမျိုးတိုက်ခိုက်ထားသည့် ခြေရာလက်ရာများက သူအရင်သိထားသလောက် ရဲတင်းခြင်းမရှိ။
"လောလောဆယ် ဒီကိစ္စကို ခဏထားပါဦး။ ဒီမြူတွေက နင်တို့အတွက် အရမ်းအန္တရာယ်များတယ်။ လွတ်လမ်းရှာဖို့ အရင်ဆုံးကြိုးစားသင့်တယ်"
နတ်မယ်က သိပ်သည်းသည့်မြူထုတစ်ခုလုံးကို ဝိညာဉ်အာရုံဖြန့်ကြည့်သည်။
"ကျုပ်တို့ဘယ်ဘက်ကိုသွားရမလဲ"
"မြူခိုးအုပ်က အနေအထားအမျိုးမျိုး အဆက်မပြတ်ပြောင်းနေတာ။ အခုနင်တို့ မြူခိုးအုပ်ရဲ့အလယ်ဗဟိုနားကို ရောက်နေပြီ။ ပြီးတော့ နင်တို့အဝိုင်းခံထားရပြီ"
လုယန် ရင်ထိတ်သွားသည်။
"မြူထဲမှာ ဘာတွေရှိလဲ"
"အရင်က ပိတ်မိခဲ့တဲ့ လူတွေဖြစ်မယ်ထင်တယ်။ ချီလင်မသေမျိုးရဲ့ အရိယဖလစွမ်းအားတစ်ချို့ ဒီနေရာမှာရှိနေတယ်။
ဒီစွမ်းအင်အကြွင်းအကျန်တွေက မြူထဲကလူတွေကို ထိန်းချုပ်နိုင်တယ်။ အခြေတည်အဆင့်ကနေ စုစည်းခြင်းအဆင့်ထိရှိတယ်။
ကူးဖြတ်ခြင်းအဆင့်တစ်ယောက်မှမရှိတာ ကံကောင်းသေးတယ်ပြောရမယ်။ မဟုတ်ရင် ရှောင်ယွမ်ကိုပဲ အကူအညီတောင်းရတော့မှာ။
ငါပြောတဲ့လမ်းကြောင်းအတိုင်း နင်တို့ပြေးပါ"
"ကောင်းပါပြီ"
"ကဲ ကိုယ့်လူတို့၊ ငါ့ဆီမှာ ဂိုဏ်းကပေးထားတဲ့ လျှို့ဝှက်ရတနာတစ်ခုရှိတယ်။ ဒီထဲကနေထွက်ဖို့ ငါတို့ကိုလမ်းပြပေးနိုင်တယ်"
လုယန် တည်ငြိမ်စွာပြောလိုက်သည်။ နတ်မယ်လမ်းညွှန်ချက်အတိုင်း ရန်သူအနည်းဆုံး ဖြတ်သန်းဖို့အလွယ်ကူဆုံးလမ်းကြောင်းဖြစ်သည့် မြောက်ဘက်စူးစူးသို့ လက်ညှိုးထိုးပြသည်။
"ဒီဘက်ကိုသွားမယ်"
ကျန်သည့်လူအားလုံး ယုံကြည်ချက်အပြည့်ဖြင့် လုယန်နောက်သို့ ပြေးလိုက်ကြသည်။
"ပြီးတော့၊ တိုက်ခိုက်ဖို့လည်း အသင့်ပြင်ထားပါ။ ငါတို့အဝိုင်းခံထားရတယ်လို့ ငါ့ရတနာကပြောနေတယ်"
စကားဆုံးသည်နှင့် ရေသားလှံတစ်ခု သူ့ဆီတိုးဝင်လာသည်။ မြန်ဆန်တိကျသည်။
"ဘုန်း"
စုယီရန် လုယန်ရှေ့သို့ရောက်လာပြီး ရေလှံကို လက်ဝါးဖြင့်ရိုက်ထုတ်သည်။ သူတို့ဘေးပတ်လည်မှမြူခိုးများ ကျဲပါးသွားသည်။
သို့သော် မြူခိုးများ ချက်ချင်းပြန်လိမ့်ဝင်လာပြီး အားလုံးကို ဖုံးအုပ်သွားပြန်သည်။
မြူကျဲသွားချိန်တစ်ခဏတွင် သူတို့ရန်သူကို မြင်လိုက်ရသည်။ တက်မကြီးနှစ်ခုနှင့် သုံးမီးတာကျော်မြင့်မားသည့် ကဏန်းတစ်ကောင်ဖြစ်သည်။
ခန္ဓာကိုယ်က ဆွေးမြေ့ပျက်စီးနေပြီး ရေညှိရေမှော်များဖုံးလွှမ်းနေသည်။ ဘယ်အချိန်ကတည်းက သေခဲ့သည်မသိ။
"စုစည်းခြင်းအဆင့် မဟာကဏန်းမျိုးနွယ်ပဲ"
သူ့ဇစ်မြစ်နှင့် ကျင့်စဉ်အဆင့်ကို စုယီရန် ချက်ချင်းသိလိုက်သည်။
မဟာကဏန်းမျိုးနွယ်သာမဟုတ်။ တခြားပင်လယ်မျိုးနွယ်နှင့် လူသားမျိုးနွယ်များစွာ သူတို့ကိုဝိုင်းရံထားသည်။
အားလုံးက အသက်မရှိတော့သော်လည်း လှုပ်ရှားနေဆဲဖြစ်သည်။
လီဟော်ရန် မြူခိုးများကို သတိမပြတ်ကြည့်နေသည်။ ဂရုတစိုက်သွန်းလုပ်ထားသည့် မှော်ရတနာမျိုးစုံ သူ့ဘေးပတ်လည်တွင် ဝဲပျံနေသည်။
သူ့နဖူးတွင် ချွေးစေးများထွက်လာသည်။
"နောက်တစ်ခါ အရှေ့ပင်လယ်ကိုလာရင် အလောင်းထိန်းဂိုဏ်းက မိတ်ဆွေတစ်ယောက်လောက် အတူခေါ်လာမှထင်တယ်"
စုစည်းခြင်းအဆင့် မဟာကဏန်းမျိုးနွယ်က တက်မနှစ်ခုကိုမြှောက်၍ သူတို့ဆီ ပြေးဝင်လာသည်။ တက်မများဖြင့် စုယီရန်၏ခါးကို ဖမ်းညှပ်၍ နှစ်ပိုင်းဖြတ်ပစ်ရန် ကြိုးစားသည်။
"ဝိညာဉ်ခြင်ဆီသန့်စင်ခြင်းစွမ်းအား"
စုယီရန် ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဖြူဖွေးနူးညံ့သည့် သူ့ခန္ဓာကိုယ်ထဲတွင် အဆုံးစမဲ့စွမ်းအားများ ရှိနေသည်။ ကဏန်းနတ်ဆိုးကို တန်ပြန်တိုက်ခိုက်သည်။
မာကျောသည်ဟု နာမည်ကြီးသည့် ကဏန်းကျောကုန်းက သူ့လက်သီးချက်ကြောင့် ချိုင့်ဝင်သွားသည်။
တစ်ခြားပင်လယ်မျိုးနွယ် လူသားမျိုးနွယ်အလောင်းကောင်များလည်း နောက်မှလိုက်လာသည်။ အသွင်သဏ္ဌာန်များက ကွဲပြားသည်။ စွမ်းအင်ရောင်များက ကြမ်းတမ်းသည်။
ဝေလငါးပြာတစ်ကောင် ခုန်ပျံလာသည်။ ပင်လယ်ပျံလွားနတ်ဆိုးဘုရင် ထိုးထွက်လာသည်။ မြင့်မားသည့် လိပ်နတ်ဆိုးလည်း သူတို့ထဲတွင် ပါသည်။
တစ်ချို့က သက်တမ်းရင့် မကောင်းဆိုးဝါးများ။ တစ်ချို့က ပြိုင်ဘက်ကင်းပါရမီရှင်များဖြစ်သည်။ သို့သော် သူတို့နာမည်ကြီးသည့်ခေတ်ကာလက များစွာကျော်လွန်ခဲ့ပြီဖြစ်သည်။
ထိုသတ္တဝါများ၏နာမည်ကိုသာ ရှင်းဟိုင်ကြားဖူးသည်။ ကိုယ်တွေ့တစ်ခါမှ မမြင်ဖူးသဖြင့် သူခွဲခြားမသိ။
"တိုက်ကွက်ပုံစံခင်းမယ်"
လုယန် အော်ဟစ်လိုက်သည်။ လူငါးယောက် ဓာတ်ငါးမျိုးတိုက်ပွဲမှော်စက်ဝန်းကို နောက်တစ်ကြိမ်ထုတ်သုံး၍ ဝိညာဉ်စွမ်းအားမျှဝေသည်။
သူတို့တိုက်ခိုက်စွမ်းအား အဆများစွာ တိုးပွားလာသည်။
"ဓားတစ်သောင်းအသွင်ပြောင်းစွမ်းအား"
လုယန် ဓားဆေးကန်ကို ထုတ်သည်။ ဓားဆေးကန်ပေါင်းများစွာ ကောင်းကင်တွင်ပြည့်နက်သွားသည်။ ဝိညာဉ်ပြောင်းအဆင့်အောက်မှ ပင်လယ်မျိုးနွယ် လူသားမျိုးနွယ်အားလုံးကို ကြိတ်ချေသည်။
ဝိညာဉ်ပြောင်းအဆင့်များပင် အပြင်းအထန်ဒဏ်ရာရသည်။ တိုက်ခိုက်စွမ်းအား များစွာလျော့ကျသွားသည်။
"ကောင်းကင်တုန်ခြောက်ကွက်"
မုန်ကျင်းကျိုး ခေါင်းသုံးလုံးလက်ခြောက်ဘက်စွမ်းအားကို ပြသည်။ သူ့ခန္ဓာကိုယ်က သတ္တုနှင့်င့်ဖွဲ့စည်းထားသယောင်ထင်ရသည်။ ကြွက်သားများက သစ်မြစ်သစ်ဖုများလို အမြှောင်းလိုက်ထလာသည်။
လက်သီးနှစ်ဘက်တွင် ပြင်းထန်သည့်စွမ်းအားများပါဝင်သည်။ လက်သီးချက်တိုင်းက မိုးမြေကိုကိုင်လှုပ်နေသယောင်ရှိသည်။
မုန်ကျင်းကျိုးက လေးလံသည့်တင်းပုတ်ကြီးကိုကိုင်၍ ဝေလငါးကို ရင်ဆိုင်သည်။ ရင်ဆိုင်တိုက်ခိုက်လိုက်တိုင်း ပင်လယ်ရေပြင် ရုန်းကြွလှုပ်ရှားနေသည်။
"ယန္တရားတစ်ထောင်စွမ်းအား"
လီဟော်ရန်ဘေးပတ်လည်တွင် မှော်ရတနာကိုးခု ပေါ်လာသည်။ ဘူးသီးခြောက်၊ ဆေးအိုး၊ တူ၊ သစ်သားဓား...စသဖြင့်ရှိသည်။
မှော်ရတနာကိုးခုက မီးတောက်စစ်ကို ထုတ်လွှတ်သည်။ မှော်စက်ဝန်းတစ်ခုဖြစ်လာပြီး နေရာစုံမှ တိုက်ခိုက်မှုများကို ခုခံသည်။
"ငှက်အသွင်ပြောင်းမသေမျိုးခန္ဓာ"
အလောင်းကောင်များနှင့် ရင်ဆိုင်ရသဖြင့် ထောင်ယော်ယဲ့၏ ပုံရိပ်ယောင်ပညာသည် သိပ်အသုံးမတည့်။
ထို့ကြောင့် သူ့ငှက်မသေမျိုးခန္ဓာစွမ်းအားကို အသက်သွင်းသည်။ အဖြူရောင်အလင်းများ သူ့ဘေးပတ်လည်တွင် ရစ်ဆိုင်းနေသည်။
ထိုအလင်းများက ငှက်အမွှေးအတောင်များအဖြစ် ပြောင်းလဲသွားသည်။ သူ့စွမ်းအင်ရောင်လည်း ရုတ်တရက် မြင့်တက်လာသည်။
ဝိညာဉ်ပြောင်းအခြေခံအဆင့်။
အနာဂတ်စွမ်းအားကို သူချေးယူသည်။ ဝိညာဉ်ပြောင်းအဆင့်သို့ ယာယီတိုးမြှင့်သည်။
ပေးဆပ်ရသည့်တန်ကြေးမှာ နောင်တစ်ချိန် သူဝိညာဉ်ပြောင်းအဆင့်ရောက်ချိန်၌ နတ်ဝိညာဉ်အလတ်တန်းဆင့်သို့ ခဏတာလျှောကျလိမ့်မည်။
သူ့ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူနှင့်အတူရှိနေသည့် လူလေးယောက်ပင် အဆုံးအစမဲ့စီးဆင်းနေသည့် ထိုစွမ်းအားကို ခံစားမိကြသည်။
လုယန်တို့ နတ်စွမ်းအားထုတ်လွှတ်နေကြသည်ကိုကြည့်၍ ရှောက်ရှင်းဟိုင် လေးစားအားကျနေသည်။
"ခွန်ဖုန်အသွင်ပြောင်းစွမ်းအား။ နဂါးအသွင်ပြောင်းစွမ်းအား"
နတ်စွမ်းအားပညာနှစ်ခုကို ရှောက်ရှင်းဟိုင် ဆက်တိုက်သုံးသည်။ မီတာတစ်ရာရှည်လျားသည့် ခြေလေးချောင်းရွှေနဂါးအသွင်သို့ပြောင်းသည်။ ထိုနဂါးတွင် ရွှေတောင်ပံတစ်စုံပါသည်။
အတောင်တစ်ချက်ခတ်တိုင်း ပြင်းထန်သည့်လေလှိုင်းများ ထွက်ပေါ်လာသည်။
"ဂါး"
ရှောက်ရှင်းဟိုင်က နှစ်တစ်ထောင်လိပ်နတ်ဆိုးနှင့် ရင်ဆိုင်သည်။ စွမ်းအားကြီးသည့် နဂါးလက်သည်းများကြောင့် လိပ်ခွံပေါ်တွင် ခြစ်ကြောင်းများထင်လာသည်။
ထိုလိပ်နတ်ဆိုးသည် လွန်ခဲ့သည့်နှစ်တစ်ထောင်က နာမည်ကျော်ခဲ့သည့် အရှေ့ပင်လယ်မှ ဝိညာဉ်ပြောင်းအဆင့် သွေးနှောနတ်ဆိုးအိုဖြစ်သည်။
ရွှမ်ဝူမျိုးနွယ်မှ အဆင့်တူပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူနိုင်သဖြင့် ဂုဏ်သတင်းကျော်ဇောခဲ့ဖူးသည်။
မုန်ကျင်းကျိုး ရှောက်ရှင်းဟိုင်ကို တအံ့တဩလှမ်းကြည့်သည်။ ထိုခွန်ဖုန်၏အစွမ်းအစက သိပ်မဆိုးလှ။
"သူတို့ကြားကို အရောက်မခံနဲ့။ ဆက်ပြေးကြ"
အချိန်ဆွဲနေလျှင် အားလုံးသေမည်မှန်း လုယန်သိသည်။ စုစည်းခြင်းအဆင့်စွမ်းအားရှင်များစွာ တိုက်ပွဲရှိရာသို့လာနေကြောင်း နတ်မယ်ကသတိပေးနေသည်။
ချင်ဖုန်းဓားနှင့် မိန်ယွဲ့ဓားကိုကိုင်၍ ဓားချီထုတ်လွှတ်ပြီး သူလမ်းရှင်းသည်။ ဓားချီကို မြူများက ချက်ချင်းဝါးမျိုသွားသည်။
ထို့ကြောင့် ဓားဆေးကန်ကိုချ၍ အားဖြင့်ဆောင့်တွန်းသည်။
"ဒီဘက်ကိုပြေးကြ"
အားလုံး သွေးချင်းချင်းနီရဲနေသည့်လမ်းအတိုင်း တိုက်ခိုက်ထိုးဖောက်သည်။
ပြေးနေရင်း လုယန်မေးသည်။
"ချီလင်မသေမျိုးက အားအကြီးဆုံးရှင်သန်မှုအရိယဖလနဲ့ ဆက်စပ်နေတာမဟုတ်လား။ ဘာလို့တစ်ခြားလူတွေကို ထိန်းချုပ်နိုင်တာလဲ"
"နင်မေ့နေတယ်ထင်တယ်။ လျန်ယိရဲ့ အရိယဖလသန္ဓေက တစ်ခြားလူတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ သူ့သန္ဓေက အရိယဖလအစစ်ရဲ့ အဆင့်နိမ့်ပုံပွားသဘောပဲ။
ပိုင်ဆိုင်ထားတဲ့ အရိယဖလ အဆင့်မြင့်လေ တစ်ခြားလူတွေကို ထိန်းချုပ်နိုင်စွမ်း ပိုရှိလေပဲ။ ဒါပေမယ့် ထာဝရအရိယဖလနဲ့ ထာဝရအရိယဖလသန္ဓေကြားက ဆက်စပ်မှုကတော့ အဲလိုမဟုတ်ဘူး။
...တံလျှပ်လေဟာနယ်က ပုံးစံပြောင်းသွားပြန်ပြီ။ ရှေ့မှာ မသေမျိုးစွမ်းအားအကြွင်းအကျန်တွေ အတော်များတယ်။ မသေမျိုးစွမ်းအားတွေမှာ နက်ရှိုင်းတဲ့စွမ်းအားနိယမသဘောတွေပါတယ်။
နင်တို့လိုလူမပြောနဲ့။ ကူးဖြတ်ခြင်းအဆင့်တွေတောင် တစ်ခါကြည့်မိရုံနဲ့ ရူးသွားမှာ။ ဒါကြောင့်လည်း အရင်လူတွေ ရူးနေကြတာ။ အရှေ့ဘက်ကိုပြေးကြပါ"
မသေမျိုးတိုက်ပွဲဖြစ်ခဲ့သည့်နေရာက သေမင်းတမန်ထောင်ချောက်များပြည့်နေသည်။ ကြိုတင်ခန့်မှန်းနိုင်ဖို့ ခဲယဉ်းသည်။ လုယန်ကို လမ်းညွှန်ပေးနိုင်သည့် နတ်မယ်ရှိ၍သာ သူတို့ကံကောင်းနေခြင်းဖြစ်သည်။
သွေးစွန်းနေသည့်လူစု မြူထဲမှထွက်လာသည်။ အံ့ဖွယ်ကောင်းလောက်အောင် အသက်ရှင်လျက် လွတ်မြောက်ခဲ့သည်။ လမ်းတွင် သုံးကြိမ်တိုက်ခိုက်ခဲ့ရသည်။
ဒဏ်ရာများရထားသော်လည်း အသက်အန္တရာယ်ထိခိုက်လောက်အောင် မပြင်းထန်လှ။
"ဟိုနေရာမှာ ငါအမှတ်အသားချန်ထားပြီးပြီ။ နင့်လူတွေ အခြေအနေတည်ငြိမ်သွားတဲ့အချိန်ကျရင် ဒီကိုပြန်လာပြီး သေချာလေ့လာရအောင်"
ယွမ်ကျိပြောထားစကားကို နတ်မယ်သတိမရတော့။
"ကောင်းပြီလေ"
တိုက်တိုက်ဆိုင်ဆိုင် လုယန်လည်း ယွမ်ကျိသတိပေးထားသည့်စကားကို မေ့နေသည်။
****************************************