ညခရီး
Vol. 52 Ch. 771
"ငါတို့ တကယ်အသက်ရှင်လျက် ထွက်လာနိုင်ခဲ့တာလား"
ရှောက်ရှင်းဟိုင် ကြောက်စိတ်မပြေသေး။ မယုံနိုင်သေး။ ထိုတံလျှပ်သည် အရှေ့ပင်လယ်၏ သဘာဝကပ်ဆိုးဖြစ်သည်။
လွတ်မြောက်နိုင်ခြေ ဆယ်ရာနှုန်းမရှိဟု ပြောကြသည်။ အကောင်းပကတိထွက်လာနိုင်ဖို့ဆိုလျှင် ဖြစ်နိုင်ခြေ ၁ ရာနှုန်းပင်မရှိ။
ထိုမျှဘေးကင်းကင်းလမ်းညွှန်ပေးနိုင်သည့် လုယန်၏လျှို့ဝှက်ရတနာသည် ဘယ်လိုရတနာမျိုးမှန်းမသိ။
ထောင်ယော်ယဲ့၏ ကျင့်စဉ်အဆင့်က နတ်ဝိညာဉ်အလတ်တန်းဆင့်သို့ လျှောကျ၍ အားနည်းနေသည်။ အားဖြည့်ဆေးများလည်း မတိုးတော့။
သလဲကျမလိုဖြစ်သွားသဖြင့် လုယန်အမြန်ပြေးထိန်းပြီး စိုးရိမ်တကြီးမေးသည်။
"မင်းဘယ်လိုနေသေးလဲ"
ထောင်ယော်ယဲ့အတွက် သူဆေးထုတ်ရန်ပြင်ဆင်သည်။
ထောင်ယော်ယဲ့ ညင်သာစွာခေါင်းခါသည်။
"ဒါက ငှက်အသွင်ပြောင်းမသေမျိုးခန္ဓာရဲ့ အားနည်းချက်ပါ။ ဆေးဝါးတွေနဲ့မရဘူး။ သုံးလေးရက်လောက် အနားယူမှပဲ ပြန်ကောင်းလာမှာ"
"ငါတို့ပြေးလာတာ ဘယ်ကိုရောက်နေပြီလဲ"
ကုန်းမြေအမှတ်အသားများကို မုန်ကျင်းကျိုး လှည့်ပတ်ကြည့်သည်။ သို့သော် ဗလာပင်လယ်ပြင်နှင့် လွင့်မြောနေသည့်မြူအုပ်မှလွဲ၍ ဘာမှမတွေ့ရ။
"ခဏစောင့်ပါ"
ရှောက်ရှင်းဟိုင် ပင်လယ်ထဲသို့ ခေါင်းနှစ်၍ကြည့်သည်။ ထို့နောက်ခေါင်းပြန်ဖော်သည်။
"ဒီအောက်ဘက်နေရာက တံလျှပ်မျိုးနွယ်ပိုင်နက်ပါ။ ခွန်ဖုန်ရဲ့ လက်အောက်ခံမျိုးနွယ်လို့ သတ်မှတ်ထားတယ်။ သူတို့နဲ ငါရင်းနှီးပါတယ်"
အားလုံးကို ပင်လယ်အောက်သို့ ဦးဆောင်ခေါ်သွားဖို့ ပြင်ဆင်နေစဉ် မီတာထောင်ချီရှည်လျားသည့် ခွန်ဖုန်နှစ်ကောင် အဝေးမှပျံသန်းလာသည်ကို မြင်လိုက်ရသည်။
ထိုခွန်ဖုန်တို့အော်သံများက အပျော်ရိပ်လွှမ်းနေသည်။
"သခင်လေး၊ ဘေးကင်းကင်းထွက်လာနိုင်ပြီပေါ့"
"ဦးလေးခွန်တို့၊ ဦးလေးယွဲ့တို့၊ ဒီနေရာကို ဘာလို့ရောက်နေကြတာလဲ"
ရောက်လာသူများသည် သူ့အဖေ၏ လူယုံများဖြစ်သည်။
"မျိုးနွယ်ခေါင်းဆောင်က သခင်လေးနဲ့ဧည့်သည်တွေကို ပင်လယ်တံလျှပ်က ဝါးမျိုသွားပြီလိုပြောတယ်။ တံလျှပ်ကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ ကျုပ်တို့နှစ်ယောက်ကို တာဝန်ပေးထားတယ်လေ"
ထိုဦးလေးနှစ်ယောက်သည် ပင်လယ်တံလျှပ်နားသို့ မကပ်ရဲသဖြင့် အဝေးမှသာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
"သွားစို့၊ ပြန်ရအောင်။ မျိုးနွယ်ခေါင်းဆောင်က စိတ်ပူနေတော့ တံလျှပ်မျိုးနွယ်ဆီ သွားပြီးပွဲကြမ်းတော့မလိုဖြစ်နေတယ်။ သခင်လေး ဘာမှမဖြစ်တာသိရင် သူဝမ်းသာမှာ"
ဦးလေးခွန်နှင့် ဦးလေးယွဲ့က လုယန်တို့အတွက် အားဆေးများပေးချင်ကြသော်လည်း လုယန်တို့ထုတ်ပြသည့် ဆေးဝါးမျိုးစုံကိုကြည့်၍ ထိုစိတ်ကူးကို မေ့ထားလိုက်ကြသည်။
အားလုံး ဘေးကင်းကင်းပြန်ရောက်လာသဖြင့် ခေါင်းဆောင်ရှောက်မိန်လီ ပျော်ရွှင်နေသည်။ ပင်လယ်တံလျှပ်မှ ထိုသို့ အကောင်းပကတိပြန်ထွက်လာနိုင်မည်ဟု သူမထင်ခဲ့။
"မင်းတို့ အခုလို ပြန်ရောက်လာတာကောင်းတာပေ့ါ"
ခေါင်းဆောင်ရှောက်က အားလုံးအတွက် နေရာထိုင်ခင်းစီစဉ်ပေးပြီး ကောင်းကောင်းအနားယူကြဖို့ပြောသည်။
...
ညသန်းခေါင်တွင် လုယန် ကျင့်စဉ်ဝင်နေရာမှ နိုးလာသည်။ အတိအကျပြောရလျှင် နတ်မယ်က အမြီးဖြင့်ခတ်၍ သူ့ကိုလှုပ်နှိုးခြင်းဖြစ်သည်။
"သွားစို့၊ သွားစို့၊ ဒီကနေဆို တိုက်ပွဲနယ်မြေ(ပင်လယ်တံလျှပ်လေဟာနယ်)က သိပ်မဝေးသေးဘူး"
နတ်မယ် စိတ်အားထက်သန်နေသည်။
ခွန်ဖုန်မျိုးနွယ်တို့သည် အိပ်စရာမလိုသော်လည်း ပုံမှန်အားဖြင့် ညဘက်တွင်သာ သူတို့ကျင့်ကြံကြသည်။ ထို့ကြောင့် အပြင်ဘက်တွင် လူများများစားစားမရှိ။ ခိုးထွက်ဖို့ အခွင့်ကောင်းဖြစ်သည်။
လုယန် ဓားဆေးကန်ကိုပဲ့ကိုင်၍ နတ်မယ်လမ်းညွှန်ချက်အတိုင်း ခွန်ဖုန်ပိုင်နက်မှ ပျံထွက်လာသည်။ လွင့်မျောနေသည့်မြူအုပ်ကို ချက်ချင်းတွေ့သည်။
ရုတ်တရက် နတ်မယ်၏သွေးဆောင်မှုညှို့ကွင်းမှ သူအသိပြန်ဝင်လာပြီး ပြဿနာတစ်ခုကို တွေးမိသည်။
"နေပါဦး၊ ဟိုမှာက စုစည်းခြင်းအဆင့်အလောင်းကောင်တွေရှိတယ်မဟုတ်လား။ ကျုပ်ဝင်သွားရင် သေကြောင်းကြံသလိုဖြစ်မနေဘူးလား"
"နင်ဘာတွေပြောနေတာလဲ။ ငါနတ်မယ်ရှိနေရင် နင်ဘယ်လိုဒုက္ခရောက်နိုင်မှာလဲ။ နေ့ခင်းပိုင်းတုန်းက လူတွေအများကြီးရှိတော့ ငါ့အစွမ်းကိုသုံးဖို့ အဆင်မပြေလို့ပါ။
ငါ့မသေမျိုးစွမ်းအား နည်းနည်းလွှတ်လိုက်တာနဲ့ အလောင်းကောင်တွေ အနားတောင်သီရဲမှာမဟုတ်ဘူး"
"အင်း..၊ဒါလည်း ဟုတ်တာပဲ"
နတ်မယ်၏ ညှို့ကွက်ထဲသို့ လုယန် နောက်တစ်ကြိမ်ကျသွားပြန်သည်။
ခန္ဓာကိုယ်မျက်နှာပြင်ပေါ် တွပ်ကပ်နေသည့် ခံစား၍ကောင်းသည့် စွမ်းအားတစ်ခုကို သူခံစားမိသလိုရှိသည်။
သို့သော် သေချာအာရုံခံကြည့်လျှင်လည်း ဘာမှမခံစားရ။
မသေမျိုးတိုက်ပွဲနယ်မြေသို့ သူဝင်လာသည်။ မသေမျိုးစွမ်းအား၏ အကာအကွယ်ကြောင့် အမှန်တကယ်ပင် အရိယဖလထိန်းချုပ်ခံအလောင်းကောင်များနှင့် သူလုံးဝမတွေ့ရ။
ဘေးပတ်လည်ကိုသာ သူမြင်နိုင်စွမ်းရှိလျှင် အလောင်းကောင်များမရှိခြင်းမဟုတ်ဘဲ သူရောက်လာသည်နှင့် ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိပေလိမ့်မည်။
"နေ့ခင်းဘက်လိုပါပဲလား"
အထဲရောက်သည်နှင့် သူ့ရှေ့မှအရာအားလုံး အဖြူရောင်ပြောင်းသွားသကဲ့သို့ အမှောင်ထုပင်မထိုးဖောက်နိုင်သည့် ထူထဲသည့်မြူအုပ်က လွှမ်းခြုံဝါးမျိုလိုက်သည်။
"ဒါက မဆန်းပါဘူး။ ဒီမြူကို အပြင်ကနေ မြင်ရပေမယ့် အမှန်တော့ ဒီနေရာက တစ်သီးတစ်ခြားရှိနေတဲ့ ကမ္ဘာငယ်ပဲ။ မြူထဲကလေဟာနယ်က နင်မြင်နေရတာထက် အများကြီးကျယ်ပြန့်တယ်။
...ကျွတ်...တိုက်ပွဲက တကယ်ကြမ်းတမ်းခဲ့ပုံပဲ။ ဘာမှတောင်မကျန်ခဲ့ဘူး"
နတ်မယ် မကျေမနပ်လေသံဖြင့် ရေရွတ်သည်။ ချီလင်နှင့် အမည်မသိရန်သူတို့တိုက်ပွဲက ပြင်းထန်လွန်းသဖြင့် ဘေးပတ်လည်မှ အရာအားလုံး မြူမှုန့်နှင့် လေဟာနယ်အဖြစ်ပြောင်းသွားသည်။
ယခု ထိုလူများ ဘယ်နေရာရောက်သွားသည်၊ ဘယ်လိုပြဿနာစဖြစ်ခဲ့သည်ကို ခန့်မှန်းဖို့မဖြစ်နိုင်တော့။
"အဲ...ဟိုနားမှာ ပစ္စည်းတစ်ခုရှိတယ်။ အတွင်းပိုင်းကို ထပ်သွားပါ"
နတ်မယ်က အမိန့်ပေးသည်။ လုယန် ရှေ့ဆက်သွားသည်။
တိုက်ပွဲအပြင်းထန်ဆုံးနေရာသည် အတွင်းပိုင်းအကျဆုံးနေရာဖြစ်သည်။ အရိယဖလစွမ်းအားများ ဖုံးလွှမ်းနေသည်။ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတို့ပင် ထိုနေရာကို ကပ်ရဲကြည့်ရဲမည်မဟုတ်။
"ညာဘက်ကိုနည်းနည်း...ဟုတ်ပြီ..အဲဒီ့နေရာပဲ"
နတ်မယ်လမ်းညွှန်ချက်အတိုင်း လုယန် ဆောင့်ကြောင့်ထိုင်၍ မြေပေါ်မှ ကျောက်စိမ်းလက်ကောက်တစ်ခုကို ကောက်ယူလိုက်သည်။
လက်ကောက်က မလိုင်ခဲလိုနူးညံ့ဖြူဖွေးသည်။ လဝန်းလိုတောက်ပသည်။ ကြည်လင်သည်။ အရည်လဲ့နေသည်။ အသက်ဝင်သည့် နဂါးပုံတစ်ခု ထွင်းထုထားသည်။
"ဒါက ရှောင်လင်းပိုင်တဲ့ နဂါးပုံလက်ကောက်ပဲ"
နတ်မယ် တအံ့တဩရေရွတ်သည်။
"အရင်က မသေမျိုးပစ္စည်းနှစ်ခု သွန်းလုပ်ပေးဖို့ ချီလင်မသေမျိုးက ယင်ထန်ဆီမှာ တောင်းဆိုဖူးတယ်။ တစ်ခုက လျန်ယိမကြာခဏတီးမှုတ်တဲ့ ကျောက်စိမ်းပုလွေ။
နောက်တစ်ခုက ရှောင်လင်းဝတ်တဲ့ နဂါးပုံကျောက်စိမ်းလက်ကောက်ပေါ့"
မသေမျိုးရတနာဖြစ်၍သာ တိုက်ပွဲအတွင်း မပျက်မစီးကြွင်းကျန်ခဲ့ခြင်းဖြစ်သည်။
"ရှောင်လင်းပိုင်တဲ့ပစ္စည်းက ဘာလို့ဒီမှာရှိနေရတာလဲ။ ဒါသူအမြတ်နိုးဆုံးပစ္စည်းပါ။ အိပ်တဲ့အချိန်ပဲ သူချွတ်တာ။...
ဒီနေရာမှာ ချီလင်တိုက်ခိုက်ခဲ့တဲ့ စွမ်းအင်ပုံစံတွေက အများအားဖြင့် ခံစစ်အနေအထားမျိုးပဲ။ မီးနိုင်ငံမသေမျိုးက ရှောင်လင်းကိုသတ်ဖို့ကြိုးစားလို့ ချီလင်နဲ့ တိုက်ပွဲဖြစ်ခဲ့တာများလား"
နတ်မယ် သူ့ဘာသာရေရွတ်နေသည်။ ထိုအတိုင်းသာမှန်လျှင် အားလုံးအဓိပ္ပါယ်ရှိလာသည်။
အောင်းလင်းသည် စွမ်းအားအကြီးဆုံးမသေမျိုးတစ်ဝက်အဆင့်ဖြစ်သော်လည်း မသေမျိူးတစ်ဝက်ကို မယှဉ်နိုင်သေး။ မီးနိုင်ငံမသေမျိုး၏တိုက်ခိုက်မှုကို ကာကွယ်ဖို့ အခက်ကြုံခဲ့ရလောက်သည်။
ချီလင်မသေမျိုးက အချိန်မီရောက်လာပြီး ရန်သူနှင့်တိုက်ခိုက်ကြမည်။ ထို့ကြောင့် ဘေးပတ်လည်အရာအားလုံး ပျက်စီးခြင်းဖြစ်မည်။
တိုက်ပွဲအတွင်း ရှောင်လင်း၏ နဂါးပုံလက်ကောက် ကျကျန်ခဲ့ခြင်းဖြစ်မည်။
"နတ်မယ်၊ အမအောင်းလင်းလည်း မသေမျိုးတစ်ဝက်အဆင့်ဆိုတော့ ခင်ဗျားနဲ့တွေ့ဖို့ ခေတ်ကာလအချိန်အကြာကြီး ဖြတ်သန်းနိုင်အောင် သေဟန်ဆောင်ပညာကို သုံးခဲ့လောက်မလား"
"သုံးခဲ့လောက်တယ်"
"ဒါဆို ဒီနေရာက အမအောင်းလင်းအိပ်စက်တဲ့နေရာဖြစ်နိုင်လား"
နတ်မယ် ရင်တစ်ချက်လှုပ်ရှာသွားသည်။
"သဘောပေါက်ပြီ။ ရှောင်လင်းက ရန်သူကိုမယှဉ်နိုင်တာမဟုတ်ဘူး။ ရန်သူက ရှောင်လင်းအိပ်ပျော်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး သတ်ဖို့ကြိုးစားခဲ့တာပဲ"
နိယာမသခင်ပြောခဲ့သည့် ကိစ္စတစ်ခုကို လုယန်ပြန်သတိရလာသည်။ မီးနိုင်ငံအကြောင်းသိထားသည့် နိယာမသခင်၏မိတ်ဆွေတစ်ယောက်သည် ဂူအောင်းအိပ်စက်နေချိန်တွင် မသေမျိုးတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ယခုလည်း ထိုသို့ပင်ဖြစ်မည်။
လုယန် စကားလုံးကို ဂရုစိုက်၍မေးလိုက်သည်။
"နတ်မယ်၊ နတ်မယ် အမအောင်းလင်းက ဟိုစွမ်းအားရှင်နဲ့တွေ့ခဲ့တာ ဖြစ်နိုင်မလား"
နတ်မယ် ခေါင်းခါသည်။
"မဖြစ်နိုင်ဘူး။ နဂါးပုံလက်ကောက်က မသေမျိုးတစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိတယ်။ ရှောင်လင်းက လက်ကောက်ကို ချွတ်ထားရင်တောင် မသေမျိုးတစ်ယောက် တိုက်ခိုက်လာရင် လက်ကောက်က သခင်ကို အလိုလိုကာကွယ်ပေးမှာပဲ။
အခု လက်ကောက်ရဲ့စွမ်းအင်က ကုန်သွားလောက်ပြီ။ ဒါပေမယ့် လက်ကောက်မပျက်စီးဘူး။ ဒီတော့ ရှောင်လင်း အန္တရာယ်နဲ့ကြုံခဲ့ရပေမယ့် လက်ကောက်က ကာကွယ်ပေးခဲ့တဲ့သဘောပဲ။
ချီလင်က ရှောင်လင်းကို တစ်ခြားတစ်နေရာရွှေ့ပြောင်းပေးခဲ့တာဖြစ်လောက်တယ်။ အရင်လိုဆိုရင်တော့ လက်ကောက်ကနေတစ်ဆင့် ရှောင်လင်းရှိတဲ့နေရာကို ခြေရာခံနိုင်တယ်။ ဒါပေမယ့် ချီလင်က လက်ကောက်နဲ့ ရှောင်လင်းကြားက ဆက်သွယ်မှုကို သေချာရှင်းလင်းသေသပ်အောင် ဖြတ်တောက်ခဲ့တယ်။
အားသုံးပြီး ဖြတ်တောက်ခဲ့တာမျိုးမဟုတ်ဘူး။ လက်ကောက်ဖန်တီးခဲ့တဲ့ အချိန်မသေမျိုးနဲ့ ချီလင်ကိုယ်တိုင်ပဲ ဒါမျိုးလုပ်နိုင်မှာ။ ဒီတိုက်ပွဲနယ်မြေမှာ အချိန်မသေမျိုးရဲ့ စွမ်းအင်ရောင်တွေ မတွေ့ရဘူး။ ရန်သူနဲ့တိုက်ခိုက်ခဲ့တာ ချီလင်တစ်ယောက်တည်းပဲ။
ဒီတော့ ချီလင်က ရှောင်လင်းရှိတဲ့နေရာကို လက်ကောက်သုံးပြီး ဘယ်သူမှခြေရာမခံနိုင်စေချင်တဲ့သဘောပဲ"
*************************************