← Chapters

ခေါင်းတလား

Vol. 52 Ch. 774

ခေါင်းတလား

Vol. 52 Ch. 774

ထာဝရနတ်မယ် အဆက်မပြတ်မြည်တွန်တောက်တီးနေသည်ကို လုယန်အရေးမစိုက်ဘဲ ခေါင်းတလားကို ဆက်သယ်သွားသည်။

“ဒါနဲ့…ဒီခေါင်းတလားအရည်အသွေးက အတော်ကောင်းတာပဲ။ ရှင်းဟိုင်စကားအရဆို စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်အာရုံတောင် မထိုးဖောက်နိင်ဘူးတဲ့”

ယေဘုယျအားဖြင့် ကျင့်ကြံသူလောကမှခေါင်းတလားများသည် သေဆုံးသူကိုလေးစားသည့်အနေဖြင့် ဝိညာဉ်အာရုံကာကွယ်နိုင်အောင် ဒီဇိုင်းထွင်ထားကြသည်။ သို့သော် ဤအတိုင်းအတာထိ အရည်အသွေးမြင့်သည့် ခေါင်းတလားမျိုးက အတော်ရှားသည်။

“ဒီခေါင်းတလားကို အတော်ရင်းနှီးနေသလိုပဲ”

လုယန် မျက်မှောင်ကျုံ့နေသည်။ ထို့နောက် ချက်ချင်း သူပြန်သတိရလာသည်။

“ဒါက မဟာအကြီးအကဲ မကြာခဏအိပ်တဲ့ ခေါင်းတလားမဟုတ်လား”

ခြေတစ်လှမ်းမိုင်ချီပညာကို သူသင်ယူချိန်က မတော်တဆ ချောက်ကမ်းပါးတစ်ခုထဲ ထိုးကျသွားသည်။ ကံကောင်းထောက်မ၍ မဟာအကြီးအကဲတည်ဆောက်ထားသည့် ဂူသင်္ချိုင်းထဲ ရောက်သွားသည်။ ထိုနေရာတွင် မြင်ခဲ့ရသည့်ခေါင်းတလားသည် ယခုရှောက်ရှင်းဟိုင်လှဲနေသည့် ခေါင်းတလားမျိုးနှင့် ပုံစံတူဖြစ်သည်။

“မဟာအကြီးအကဲက အရှေ့ပင်လယ်မှာ ဂူသင်္ချိုင်းတွေဆောက်ခဲ့လို့ ရှင်းဟိုင်က အမှတ်မထင် ရှာတွေ့ခဲ့တာဖြစ်မှာပေါ့”

မုန်ကျင်းကျိုးက သိပ်မအံ့ဩ။

အရှေ့ပင်လယ်တွင် ပါရမီရှင်တစ်ယောက် ဂူသင်္ချိုင်းတစ်ခုထဲ ချိုးဖောက်ဝင်၍ သင်္ချိုင်းရှင်ဖန်တီးထားသည့် စမ်းသပ်မှုများကိုဖြတ်ကျော်၍ မှော်ရတာအမွေအနှစ်များရပြီး နောက်ပိုင်းတွင်း နာမည်ကျော်ကြားလာသည့်ဇာတ်လမ်းမျိုး မရှားပါးလှ။

ရှောက်ရှင်းဟိုင်ရခဲ့သည့် ရတနာက ခေါင်းတလားတစ်လုံးသာဖြစ်သည်။

လောင်မုန်စကား သဘာဝကျသည်ဟု လုယန်တွေးမိသည်။ ယင်ထန်မသေမျိုးသည်လည်း နှောင်းလူများကို ဂုဏ်ပြုချီးမြှောက်သည့်အနေဖြင့် လျှို့ဝှက်နယ်မြေတစ်ခုတွင် အမွေအနှစ်များ ချန်ထားခဲ့ဖူးသည်။

“ရှင်းဟိုင်ပြောတာတော့ နဂါးမျိုးနွယ်က ငွေကြေးကြွယ်ဝတယ်။ ငွေလိုလို့ သွေးရောင်းတာမျိုးတော့ မလုပ်ဘူးတဲ့။ တာဝန်တစ်ခုခု ပြီးမြောက်အောင်လုပ်နိုင်မှပဲ သူတို့သွေးနဲ့ ဆုချီးမြှင့်တာတဲ့။

နဂါးသွေးက ရွှေထက်အဖိုးတန်တော ခိုင်းတဲ့တာဝန်တွေကလည်း အတော်ခက်ခဲတယ်လို့ပြောတယ်။ ပြီးတော့ တစ်ချို့တာဝန်တွေက နဂါးမျိုးနွယ်ရဲ့ လျှို့ဝှက်ကိစ္စတွေပါတယ်။ အများသိထုတ်ပြလို့မရတော့ လျှို့ဝှက်လမ်းကြောင်းကနေပဲ တာဝန်ပေးတယ်တဲ့”

“ခေါင်းတလားကြီးသယ်ပြီး လျှောက်သွားနေရတာတော့ နည်းနည်းအဆင်မချောဘူးမဟုတ်လား”

ဘေးပတ်လည်မှ စူးစမ်းနေသည့်အကြည့်များကို သတိထားမိသဖြင့် အရိုးရိုင်းကမေးသည်။

“လမ်းဘေးမှာချထားခဲ့ရင်လည်း လူခိုးမှာမစိုးရိမ်ရပေမယ့် မင်္ဂလာမရှိဘူးလို့ ထင်ကြမှာလေ။ ဒါကိုထားဖို့ နေရာတစ်ခုအရင်ရှာပြီး နဂါးသွေးတွေ့မှ ပြန်လာယူရင် မကောင်းဘူးလား”

မုန်ကျင်းကျိုး အကြံပြုသည်။ ပင်လယ်မြို့တော်သို့ ရောက်နေပြီဖြစ်၍ သယ်ယူပို့ဆောင်ရေးအတွက်ရော နဂါးသွေးရဖို့ပါ ပြဿနာမရှိတော့။

ရှောက်ရှင်းဟိုင်ဆီ သိစိတ်အာရုံမှ သူလှမ်းပြောသည်။

“မင်းဘယ်လိုသဘောရလဲ ရှင်းဟိုင်”

တုံ့ပြန်သံမကြားရ။

“ဪ ဟုတ်သားပဲ။ ခေါင်းတလားက ဝိညာဉ်အာရုံမထိုးဖောက်နိုင်တော့ အသံလှိုင်းဘယ်ရောက်မလဲ”

ခေါင်းတလားဖုံးမဖွင့်လျှင် သူ့အသံကို ရှင်းဟိုင်မကြားနိုင်။

“ဒါဆိုရင် ရှင်းဟိုင်အတွက် ငါတို့ပဲဆုံးဖြတ်ပေးကြတာပေါ့။ ခေါင်းတလားထားဖို့ နေရာတစ်ခုရှာမယ်။….အဲ ဟိုရှေ့မှာ ရွှေစီးပွားကုန်သည်အသင်းဆိုင်ပါလား။ သူတို့က ဒီမှာတောင် ဆိုင်ခွဲဖွင့်ထားကြတယ်ပေါ့”

မုန်ကျင်းကျိုး ပြုံးနေသည်။ ရွှေစီးပွားအသင်း၏လက်တံက အတော်ရှည်သည်။ အရှေ့ပင်လယ်ထိပင်ရောက်သည်။

ထိုနယ်ပယ်တွင် မုန်မိသားစုလည်း သူတို့ထက်မညံ့ပါ။ အရှေ့ပင်လယ်နှင့် နတ်ဆိုးနယ်မြေထိ စီးပွားချဲ့ထွင်ထားသည်။

“ကောင်းတာပေါ့။ ကုန်သည်အသင်းက အရွယ်အစားကြီးတဲ့ပစ္စည်းတွေ ယာယီထိန်းသိမ်းပေးတဲ့တာမျိုးလည်း လုပ်ကြတယ်”

….

ပင်လယ်မြို့တော်အစွန်မှ နဂါးနန်းတော်တွင်။

“သောက်သုံးမကျတဲ့ကောင်တွေ၊ ရတနာကို အခုထိမတွေ့သေးဘူးလားကွာ”

နဂါးအကြီးအကဲတစ်ယောက် ဒေါသူပုန်ထနေသည်။ ဖြစ်နိုင်လျှင် ထိုသူခိုးကို အစိတ်စိတ်ဆုတ်ဖြဲပစ်ချင်သည်။

“လှုပ်ရှားပုံက သေသပ်တယ်။ ရေရှည်စီစဉ်ပြီးမှ ခိုးသွားတာ။ အနည်းဆုံး စုစည်းခြင်းအဆင့်ရှိတဲ့တစ်ယောက် လုပ်သွားတာဖြစ်မယ်”

နောက်အကြီးအကဲတစ်ယောက်က ပြောသည်။ ဒေါသထွက်နေသော်လည်း စိတ်ကိုငြိမ်အောင်ထိန်း၍ အခြေအနေကို သုံးသပ်သည်။

“ရှေးဘိုးဘေးရဲ့ကောင်းချီးကြောင့် ရတနာကို အမြန်ပြန်ရှာတွေ့ပါစေလို့ ဆုတောင်းပါတယ်”

နောက်တစ်ယောက်က ဒဏ္ဍာရီနဂါးဘိုးဘေးကိုဆုတောင်းသည်။

“ရှာကြမယ်၊ ရတနာသယ်တဲ့လူဟာ လေဟာနယ်ပညာမသုံးနိုင်ဘူး။ ဝေးဝေးမရောက်သေးတာ သေချာတယ်။ အရှေ့ပင်လယ်ကို ပြောင်းပြန်လှန်ရရင်တောင် မတွေ့တွေ့အောင်ရှာရမယ်"

“ဒီသူခိုးအရှိနိုင်ဆုံးနေရာက ပင်လယ်မြို့တော်ပဲဖြစ်မယ်ထင်တယ်”

“ဝိညာဉ်အာရုံဖြန့်ကြည့်ကြမလား”

“အရူး၊ မြို့တော်တစ်ခုလုံး ဝိညာဉ်အာရုံဖြန့်လိုက်ရင် အကြီးအကျယ်ဂယက်ထသွားမှာပေါ့။ ငါတို့ရတနာပျောက်တဲ့ကိစ္စ တစ်ခြားမျိုးနွယ်တွေ ရိပ်မိသွားမှာပေါ့။ မင်းလူတွေကို နေရာခွဲပြီးရှာခိုင်းပါ။ ငါတို့လှုပ်ရှားနေတာ အပြင်လူတွေမသိစေနဲ့”

....

“ခေါင်းဆောင်၊ ကျုပ်တို့တကယ်လုပ်နိုင်ခဲ့ပြီနော်”

ကြွက်မျက်နှာနှင့်စုစည်းခြင်းအဆင့်တစ်ယောက်က ဝမ်းသာအားရပြောသည်။ စုစည်းခြင်းအဆင့်၏စိတ်ဓာတ်အင်အားဖြင့်ပင် အပျော်စိတ်ကို သူထိန်းမထားနိုင်။

နောက်ထပ်စုစည်းခြင်းအဆင့်၏နှစ်ယောက်လည်း အသံတိတ်နေသည့်တိုင် အပျော်ရိပ်များ သူတို့မျက်လုံးတွင် ပြည့်နေသည်။

နဂါးမျိုးနွယ်ရတနာ။ သူတို့တစ်သက် ကျင့်စဉ်အထောက်အပံ့အတွက် စိုးရိမ်စရာမလိုတော့။ ကူးဖြတ်ခြင်းအဆင့်တက်ဖို့ပင် မျှော်လင့်ချက်ရှိလာသည်။

“စိတ်မလှုပ်ရှားနဲ့။ အခုငါတို့ တစ်ဝက်ပဲအောင်မြင်သေးတာ။ နဂါးမျိုးနွယ်ထိန်းချုပ်ထားတဲ့ ပင်လယ်မြို့တော်ကနေ မထွက်နိုင်သေးဘူး။ မြို့တော်ကထွက်ပြီးမှ အောင်မြင်တယ်ပြောလို့ရမှာ”

အကိုအကြီးဆုံးက သူ့ညီအကိုသုံးယောက်ကို ထိန်းထိန်းသိမ်းသိမ်းပြောသည်။

“ဒါပေမယ့်ခေါင်းဆောင်၊ ဒီရတနာက မှော်လက်စွပ်ထဲ ထည့်လို့မရဘူး။ ပင်လယ်မြို့တော်ကနေ ဘယ်လိုထုတ်မှာလဲ”

တစ်ယောက်က စိုးရိမ်ပူပန်စွာပြောသည်။

နဂါးမျိုးနွယ်များ ဝိညာဉ်အာရုံခံမည့်အန္တရာယ်ကြား သူတို့စွန့်စားခဲ့ကြသည်။

“စိတ်မပူပါနဲ့။ နည်းလမ်းတစ်ခု အစကတည်းက ကြိုစဉ်းစားထားပြီးသားပါ”

ခေါင်းဆောင်အကိုကြီးက မှော်လက်စွပ်ထဲမှ မှော်ရတနာတစ်ခု ထုတ်လိုက်သည်။

“ဒါဘာလဲကြည့်လိုက်”

“ခေါင်းတလားကြီးလား”

ကျန်သည့်လူများ တအံ့တဩ ပြိုင်တူရေရွတ်ကြသည်။

အတိတ်ကိစ္စကို ပြန်တွေးမိဟန်ဖြင့် ခေါင်းဆောင်မျက်နှာ ထိတ်လန့်ရိပ်ပေါ်လာပြီး အသံကိုနှိမ့်၍ပြောသည်။

“ဟုတ်တယ်၊ အရင် ငါဂူဖောက်သူခိုးလုပ်တုန်းက ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုထဲ ခိုးဝင်ခဲ့တယ်။ သေလုနီးပါးအန္တရာယ်တွေ ဖြတ်ကျော်ပြီးတော့ ဂူအတွင်းပိုင်းကို ရောက်သွားတယ်။ ဒါပေမယ့် ပူဇော်ပစ္စည်းဘာမှမရှိဘူး။ ခေါင်းတလားထဲမှာလည်း ဘာမှမတွေ့ဘူး။ သင်္ချိုင်းပိုင်ရှင်က ဝိညာဉ်ဘဝနဲ့ မသေမျိုးဖြစ်သွားတာလို့ ငါယူဆတယ်။ သူခိုးဆိုတာ လက်ဗလာနဲ့ ဘယ်တော့မှမပြန်ဘူးလေ။ ဒါကြောင့် ခေါင်းတလားကို ငါယူခဲ့တာ။ ဒီခေါင်းတလားက ရတနာအစစ်ပဲ။ စုစည်းခြင်းအဆင့်တောင် အထဲကို ဝိညာဉ်အာရုံမခံနိုင်ဘူး”

ကျန်သည့်ညီအကိုများ လက်တွေ့အာရုံခံကြည့်သည်။ တကယ်ဟုတ်မှန်ကြောင်း တွေ့ရသည်။

“ဒါဆို ရတနာကိုအထဲထည့်ပြီး ခေါင်းတလားကို ခိုးထုတ်မယ်ပေါ့”

တစ်ယောက်က လေးစားမှုအပြည့်ဖြင့် ပြန်မေးသည်။ သူတို့အကိုကြီးသည် ခေါင်းဆောင်ပီသသည်။ အစီအစဉ်ချရာတွင် ပိရိသေသပ်သည်။ ဘယ်လိုဖြစ်ဖြစ် နဂါးမျိုးနွယ်သည် သေဆုံးသူကို မလေးစားဘဲ ခေါင်းတလားဖွင့်၍ စစ်ဆေးသည့်အလုပ်မျိုး လုပ်မည်မဟုတ်။ ထိုသို့လုပ်လျှင် နဂါးမျိုးနွယ်မှ အရေးကြီးပစ္စည်းတစ်ခုပျောက်သွားကြောင်း အများရိပ်မိသွားမည်။

သိက္ခာကို တန်ဖိုးထားကြသည့် နဂါးမျိုးနွယ်က ထိုသို့လုံးဝလုပ်မည်မဟုတ်။

“အင်း၊ ဒီလောက်လည်းမလွယ်ဘူး။ ခေါင်းတလားတစ်လုံးသယ်ပြီး မြို့ထဲလျှောက်သွားနေရင် နဂါးမျိုးနွယ်က အာရုံခံမိသွားလိမ့်မယ်”

“ဒါဆို ခေါင်းဆောင်အကြံက ဘယ်လိုလဲ”

“ရွှေစီးပွားကုန်သည်အသင်းမှာ ငါ့အဆက်အသွယ်တွေရှိတယ်။ သူတို့ကို ကြိုတင်အကြောင်းကြားပြီးပြီ။ ခေါင်းတလားကို အဲဒီမှာသွားထားမယ်။ အခြေအနေငြိမ်သွားမှ ပြန်ထုတ်မယ်လေ။ ပြီးတော့ ငါတို့ ရုပ်ဖျက်ဖို့လည်းလိုတယ်”

ခေါင်းဆောင်က အင်္ကျီရင်ဘတ်ထဲမှ ဆေးလေးလုံးထုတ်လိုက်သည်။

“ဒီဆေးတွေကို မဟာရှားမှောင်ခိုဈေးကနေ ငါဝယ်လာတာ။ တာအိုလမ်းစဉ်ဂိုဏ်းက ဆေးပညာရှင်ရဲ့ လက်ရာတွေပဲ။ တစ်လုံးသောက်လိုက်ရင် ကျင့်စဉ်အဆင့်ကို ယာယီနှိမ့်ထားနိုင်တယ်လို့ပြောတယ်။ ငါတို့အားလုံးက စုစည်းခြင်းအဆင့်တွေပါ။ နဂါးမျိုးနွယ်က စုစည်းခြင်းအဆင့်တွေကိုပဲ သေချာပေါက်ပစ်မှတ်ထားလိမ့်မယ်။ ငါတို့အတွက် အန္တရာယ်များတယ်။ ကျင့်စဉ်အဆင့်လျှော့ချထားနိုင်ရင် ငါတို့ကို သံသယဝင်တော့မှာမဟုတ်ဘူး”

“အကိုကြီးက သိပ်တော်တာပဲ”

ကျန်သည့်ညီအကိုသုံးယောက် အတော်ပျော်နေသည်။ သူတို့ခေါင်းဆောင်၏ အစီအစဉ်သည် လုံးဝဟာကွက်မရှိ။

….

“တစ်ဆိတ်လောက်ဗျာ၊ ခင်ဗျားဆီမှာ ခေါင်းတလားသိမ်းထားလို့ရလား”

လုယန်တို့လူစု ခေါင်းတလားသယ်၍ ကုန်သည့်အသင်းသို့ဝင်လာပြီး ယဉ်ယဉ်ကျေးကျေးမေးသည်။

***************

All Chapters