ဝန်ဆောင်မှုကောင်းခြင်းဆိုသည်မှာ
Vol. 52 Ch. 775
“သူတို့ရောက်လာသင့်ပြီ”
ကုန်သည်အသင်း၏တာဝန်ခံလျို စိတ်ထဲကျိတ်တွေးနေသည်။
တာဝန်ခံဖြစ်၍ ကောင်တာစားပွဲတွင် သူရပ်နေစရာမလို။ သို့သော်ယနေ့က အထူးနေ့ဖြစ်သည်။ ပေါ့ဆ၍မဖြစ်။
ကျူးရွှမ်ကျွန်းသူခိုးလေးယောက်နှင့် လျှို့ဝှက်ပူးပေါင်းထားသည်။ သူ့ကျင့်စဉ်အဆင့်နိမ့်သော်လည်း ကုန်သည်အသင်း၏တာဝန်ခံဟူသည့်ရာထူးကြောင့် ဤနေရာတွင် အချိန်စီးသည်။ သူခိုးလေးယောက် သူ့ကို ပမာမခန့်မဆက်ဆံရဲ။ တန်းတူလုပ်ငန်းဖော်အဖြစ် သတ်မှတ်ရသည်။
ကျူးရွှမ်သူခိုးလေးယောက်ကလည်း သူ့အပေါ် နိုင်ကွက်ရှိထားသည်။
အစီအစဉ်အရ ယနေ့ သူခိုးလေးယောက် ကုန်သည်အသင်းတွင် ခေါင်းတလားတစ်လုံးလာအပ်နှံမည်။
ပုံမှန်အားဖြင့် ခေါင်းတလားထိန်းသိမ်းသည့်အလုပ်မျိုးကို သူတို့မလုပ်။ သူတို့ဆိုင်သည် အသုဘအိမ်ယာမဟုတ်။ ထို့ကြောင့်ယခု တာဝန်ခံလျို ဤနေရာတွင် သူခိုးလေးယောက်အလာကို ကိုယ်တိုင်စောင့်နေရခြင်းဖြစ်သည်။
“လောင်လျို၊ ဥက္ကဌက တာဝန်ခံအဆင့်နဲ့အထက် အဖွင့်ဝင်တွေအားလုံး အစည်းအဝေးတက်ရမယ်တဲ့”
နောက်တာဝန်ခံတစ်ယောက်က လာပြောသည်။
တာဝန်ခံလျို မျက်မှောင်ကျုံ့သွားသည်။ ယခုလိုအချိန်မျိုးတွင် အစည်းအဝေးခေါ်မည်ဟု ထင်မထား။ သူငြင်းချင်သည်။ သို့သော် သူ့အပေါ် သံသယဝင်သွားမည်ကိုလည်းကြောက်သည်။
ဥက္ကဌက အစည်းအဝေးမတက်သူများကို ဒေါသအထွက်ဆုံးဖြစ်သည်။
အတော်အခက်တွေ့သည်။ နဂါးမျိုးနွယ်ရတနာကို ဝေစုခွဲပြီးလျှင် အလုပ်ထွက်မည်ဟု သူတေးမှတ်ထားလိုက်သည်။
ယခု သူ့တာဝန်ကို လက်ထောက်တစ်ယောက်ဆီ လွှဲပေးရတော့မည်။ သို့သော် ခေါင်းတလားတစ်လုံးလာလျှင်လက်ခံလိုက်ပါဟု တိုက်ရိုက်ပြော၍မဖြစ်။ ထိုစကားမျိုးက ကြားရုံဖြင့်ပင် သံသယဝင်စရာကောင်းသည်။
မျက်နှာထားနူးညံ့သည့် မိန်းမတစ်ယောက်ကိုလှည့်ကြည့်၍ သူညွှန်ကြားလိုက်သည်။
“စုယု၊ မှတ်ထားပါ။ ငါတို့ကုန်သည်အသင်းရဲ့ စည်းမျဉ်းက ဖောက်သည်တွေကို ဝန်ဆောင်မှုပေးဖို့ပဲ။ သူတို့ဘာပဲတောင်းဆိုပါစေ ငါတို့ဘက်က စိတ်ကျေနပ်အောင် အကောင်းဆုံးကြိုစားပေးရမယ်။ နားလည်လား”
မကြံဒစဖူး ထူးထူးခြားခြား ကိုယ်တိုင်လမ်းညွှန်ဩဝါဒပေးလာသည့် တာဝန်ခံကိုကြည့်၍ စုယု ဘဝင်ခွေ့သွားသည်။
“နားလည်ပါတယ် တာဝန်ခံလျို”
“နားလည်ရင် ကောင်းတာပေါ့”
“လောင်လျို၊ လာတော့ဟ။ အစည်းဝေးက စတော့မှာ”
…….
ဆယ့်ငါးမိနစ်အကြာတွင် အစည်းအဝေးပြီးဆုံးသွားသည်။ တာဝန်ခံလျိုက စုယုကိုဘာမှမမေးဘဲ ပစ္စည်းထိန်းခန်းထဲသွားကြည့်သည်။
“ဘာခေါင်းတလားမှ မရှိသေးပါလား။ သူတို့ရောက်မလာသေးဘူးထင်တယ်”
ဆိုင်ရှေ့ကောင်တာသို့ပြန်သွား၍ စုယုကိုပြန်လွှတ်သည်။
“ရပြီ စုယု၊ ငါရှိနေပြီပဲ။ မင်းပြန်နားလို့ရပြီ”
စုယုသည် အပြင်လူသာဖြစ်သည်။ သူခိုးလေးယောက်နှင့် တွေ့ခွင့်ပေးလျှင် ထင်မှတ်မထားသည့် ပြဿနာများ ပေါ်လာနိုင်သည်။
နောက်ထပ်နှစ်မိနစ်မပြည့်မီ လုယန်တို့လေးယောက် ခေါင်းတလားသယ်၍ဝင်လာသည်။
“ဒီမှာဗျ။ ခင်ဗျားတို့ဆီမှာ ခေါင်းတလားသိမ်းထားလို့ရလား”
မုန်ကျင်းကျိုးကမေးသည်။ ကုန်သည်အသင်းနှင့် သူအရင်းနှီးဆုံးဖြစ်၍ စေ့စပ်ညှိနှိုင်းရေးတာဝန်ကိုယူသည်။
မျက်နှာစိမ်းဖြစ်၍ ရုပ်ဖျက်လာခြင်းဖြစ်မည်ဟု တာဝန်ခံလျို တွေးမိသည်။ ထိုသူခိုးများသည် လှုပ်ရှားရာတွင် အတော်သတိထားကြသည်။
နားလည်သည့်အပြုံးမျိုးဖြင့် လုယန်တို့ကို မမှတ်မိချင်ယောင်ဆောင်ပြီး သမာန်ဖောက်သည်များလိုဆက်ဆံသည်။
“ရတာပေါ့ဗျာ။ ကျုပ်တို့ကုန်သည်အသင်းက တတ်နိုင်တဲ့ဝန်ဆောင်မှုအားလုံး ဖြည့်ဆည်းပေးပါတယ်။ ခင်ဗျားတို့က ခေါင်းတလားသိမ်းထားချင်တာလား။ စီစဉ်ပေးလို့ရပါတယ်”
မုန်ကျင်းကျိုး နည်းနည်းအံ့အားသင့်သွားသည်။ ပင်လယ်မြို့တော်မှ ကုန်သည်အသင်းဆိုင်ခွဲက ဝန်ဆောင်မှုကို ထိုမျှအလေးထားမည်မထင်ခဲ့။ သူ့တောင်းဆိုချက်ကို အလိမ္မာသုံး၍ ငြင်းမည်ဟုထင်ခဲ့သည်။
ခေါင်းတလားသိမ်းဖို့ တည်းခိုခန်းတစ်ခုရှာရလောက်သည်ဟု ကြိုတွေးထားခဲ့သည်။ တည်းခိုခန်းကလည်း လက်ခံချင်မှလက်ခံမည်။ ဝိညာဉ်ကျောက်များများပေးပြီး ညှိနှိုင်းကြည့်ဖို့ တွေးထားသည်။
ထိုသို့လုပ်၍မအောင်မြင်လျှင် ခေါင်းတလားကို ဆက်သယ်သွားရုံမှလွဲ၍ တစ်ခြားရွေချယ်စရာမရှိတော့။ ဘေးလူများအမြင်ကို မုန်ကျင်းကျိုး အရေးမစိုက်။ အရိုးရိုင်းက အရေးစိုက်နေသောကြောင့်သာဖြစ်သည်။
“ဧည့်သည်တော်တို့ ဘယ်နှရက်လောက်ထားချင်လဲဗျ”
“သုံးရက်လောက်ထားဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် အတိအကျပြောဖို့တော့ခက်တယ်။ အခြေအနေပေါ်မူတည်ပြီး ဒီထက်လည်းကြာချင်ကြာမယ်။ နဂါးမျိုးနွယ်ဘက်ကအခြေအနေက ဘယ်လောက်ကြာမယ်မသိဘူးလေ။ ဝိညာဉ်ကျောက် ဘယ်လောက်ပေးရမလဲ”
မုန်ကျင်းကျိုး ပွင့်ပွင့်လင်းလင်းပြောသည်။ နဂါးသွေးရဖို့ တာဝန်ထမ်းဆောင်ရန် ဘယ်လောက်ကြာမည်မှန်း သေချာမသိသေး။
တာဝန်ခံလျို အထာပေါက်သည်။ အခြေအနေငြိမ်သွားဖို့ ဘယ်လောက်ကြာမည်ကို သူတို့သေချာသိပုံမရ။
မုန်ကျင်ကျိုးက ကုန်ကျစရိတ်မေးလာသဖြင့် တာဝန်ခံလျို ရင်ထိတ်သွားသည်။ ဝိညာဉ်ကျောက်လက်ခံလျှင် မှတ်တမ်းထဲ စာရင်းသွင်းရမည်။….မဟုတ်သေး။ ကျူးရွှမ်သူခိုးလေးယောက်သည် ငတုံးများမဟုတ်။ အားလုံးက တစ်လှေတည်းစီးနေသူများဖြစ်ကြောင်း တစ်ဘက်လှည့်ဖြင့် ရည်ညွှန်းနေခြင်းလော။ ရတနာကို သူတို့မသိအောင် လျှို့ဝှက်ရွှေ့ပြောင်းဖို့ စိတ်မကူးရန် အရိပ်အမြွက်ပြနေခြင်းလော…
“ဝိညာဉ်ကျောက် သုံးရာပါ”
အလတ်တန်းဆင့်ဝိညာဉ်ကျောက်သုံးရာကို မုန်ကျင်းကျိုး ချက်ချင်းထုတ်ပေးသည်။
ခေါင်းတလားသယ်ခါနီးတွင် လုယန်က တာဝန်ခံကို သတိပေးသည်။
"ဟေ့လူ၊ ခေါင်းတလားကို ညင်ညင်သာသာကိုင်တွယ်ပါ။ အထဲမှာပါလာတာ လူသေအလောင်းမဟုတ်ဘူးဗျ"
တာဝန်ခံလျိုက အံ့ဩဟန်မပြဘဲ နားလည်သည့်အပြုံးမျိုးပြုံးသည်။ သူ့လှုပ်ရှားများက ညင်သာသည်။
"ဒီထဲမှာ နဂါးမျိုးနွယ်ရတနာပါလာတာကို ကျုပ်မသိဘဲနေပါ့မလား။ ဒီပစ္စည်းက ကျုပ်အသက်ထက်ပိုပြီး တန်ဖိုးရှိပါတယ်"
လုယန်တို့လူစုကို လိုက်ပို့ပြီးနောက် လူတစ်ယောက်က တာဝန်ခံလျိုကို လာခေါ်သည်။
"လောင်လျို၊ တာဝန်ခံနဲ့အထက်ဆင့်အဖွဲ့ဝင်တွေအားလုံး ခုနကလုပ်ခဲ့တဲ့အစည်းအဝေးနဲ့ပတ်သက်ပြီး ထပ်ဆွေးနွေးဖို့ ဒုဥက္ကဌက အစည်းအဝေးလုပ်မယ်တဲ့"
"အခုလာခဲ့မယ်။...စုယု၊ ဧည့်ကြိုကောင်တာကို စောင့်ကြည့်ထားဦးကွာ"
"ကောင်းပါပြီ ဆရာလျို"
နောက်ထပ်သိပ်မကြာမီ ကျူးရွှမ်သူခိုးလေးယောက် ခေါင်းတလားဖြင့် ခိုးဝင်လာသည်။
"ထူးဆန်းတယ်။ လောင်လျိုဘယ်ရောက်နေတာလဲ။ ငါတို့ကို ဒီမှာစောင့်နေမယ်လို့ ပြောထားရဲ့သားနဲ့"
ဧည့်ကြိုကောင်တာတွင် မိန်းကလေးတစ်ယောက်သာရှိသဖြင့် သူခိုးခေါင်းဆောင် နားမလည်နိုင်အောင်ဖြစ်သွားသည်။
"ဧည့်သည်တော်တို့၊ ဘာများကူညီပေးရမလဲရှင့်"
စုယုက ဧည့်ခံနှုတ်ဆက်သည်။
လောင်လျိုစီစဉ်ထားသူဟုတ်မဟုတ် မသေချာသဖြင့် ခေါင်းဆောင်က မယုံမရဲမေးလိုက်သည်။
"ကျုပ်တို့ ခေါင်းတလားတစ်ခုအပ်ထားချင်လို့လာတာပါ။ အဆင်ပြေလောက်မလား"
စုယု ငြင်းဆန်ရန်စိတ်ကူးမိသော်လည်း ဝန်ဆောင်မှုကိုဦးစားပေးပြီး ဧည့်သည်များ၏တောင်းဆိုချက်ကို အတတ်နိုင်ဆုံးလိုက်လျောရမည်ဟုပြောခဲ့သည့် တာဝန်ခံလျိုစကားကို ပြန်သတိရလာသည်။
ထို့ကြောင့် ပြုံးရွှင်ချိုသာသည့်မျက်နှာဖြင့်
"ရပါတယ်ရှင့်"
လောင်လျိုစီစဉ်ထားခြင်းဖြစ်မည်ဟု ခေါင်းဆောင်တွေးလိုက်သည်။ ထို့သို့သာမဟုတ်လျှင် ဤပစ္စည်းမျိုးကို ကုန်သည်အသင်းက လွယ်လွယ်ကူကူ လက်ခံမည်မဟုတ်။
နဂါးမျိုးနွယ်ခြေရာခံမိမည်စိုး၍ သတိဖြင့်လုပ်ဆောင်ခြင်းဖြစ်မည်။
"ဒါကို ဘယ်နှရက်အပ်ထားချင်ပါသလဲ ဧည့်သည်တော်တို့"
"သုံးရက်အနည်းဆုံးထားမယ်။ ဒီထက်လည်းကြာချင်ကြာပါမယ်"
နဂါးမျိုးနွယ်က သုံးလေးရက်လောက်သာ ရှာဖွေစုံစမ်းလိမ့်မည်ဟု သူခန့်မှန်းသည်။ ထိုအချိန်အတော်အတွင်း ရှာမတွေ့လျှင် ရတနာကို တစ်ခြားတစ်နေရာသို့ယူသွားပြီဟု ထင်ကြလိမ့်မည်။
အကယ်၍ နဂါးမျိုးနွယ်က ဆက်စုံစမ်းနေလျှင်လည်း ရက်ထပ်ရွှေ့လိုက်ရုံသာရှိသည်။ သူစောင့်နိုင်သည်။
"ကောင်းပါပြီ၊ ဒါဆို ဝိညာဉ်ကျောက်သုံးရာကျသင့်ပါမယ်"
စုယုက ပြုံး၍ သတ်မှတ်ဈေးနှုန်း ဝိညာဉ်ကျောက်သုံးရာ တောင်းသည်။ သုံးရက်ထက်ကြာလျှင် တစ်ရက်ကို တစ်ရာနှုန်း ထပ်ပေးရမည်။
'မင်းက ငွေတောင်းနေတယ်ပေါ့'
ခေါင်းဆောင်စိတ်ထဲ တွေးနေသည်။ ဘာကြောင့် လျှို့ဝှက်စီစဉ်သည့်ကိစ္စကို ငွေတောင်းနေသည်မသိ။
ထို့နောက် သူနားလည်လာသည်။ ထိုမိန်းကလေးမှတစ်ဆင့် တာဝန်ခံလျိုက သူတို့ကို သတိပေးနေခြင်းဖြစ်မည်။ အားလုံးတည်ငြိမ်သွားလျှင် သဘောတူထားသည့်ဝေစုကို လျှော့၍မရကြောင်း ရည်ညွှန်းခြင်းဖြစ်မည်။
ခေါင်းဆောင် ဝိညာဉ်ကျောက်သုံးရာထုတ်ပေးသည်။
"ငါတို့မင်းကို မှတ်ထားမယ်။...ပြီးတော့ ဒီခေါင်းတလားသယ်ရင် ညင်ညင်သာသာလုပ်ပါ။ ဒီထဲကပစ္စည်းကို အလင်းရောင်ထိလို့မရဘူး"
မိန်းကလေး၏ လှုပ်ရှားမှုများက အများသတိထားမိစရာဖြစ်နေသဖြင့် ခေါင်းဆောင် သတိပေးလိုက်သည်။
"နားလည်ပါတယ်ရှင်"
စုယုသည် အားနည်းနူးညံ့သည်ဟု ထင်ရသော်လည်း အတော်သန်မာသည်။ ခေါင်းတလားကို ပစ္စည်းထိန်းခန်းထဲသို့ အသာအယာသယ်သွားသည်။
ထို့နောက် ကျူးရွှမ်ကျွန်းသူခိုးလေးယောက်ပြောသည့်စကားကို သတိရလာသဖြင့် အဝတ်နက်တစ်ခုထုတ်ပြီး ခေါင်းတလားကို ဂရုတစိုက်ဖုံးအုပ်လိုက်သည်။
"အလင်းရောင်ထိထို့မရဘူးဆိုတော့ ဒါနဲ့ဖုံးထားရမှာပေါ့"
....
ကုန်သည်အသင်းမှထွက်လာချိန်တွင် သူခိုးတစ်ယောက်က သူတို့ခေါင်းဆောင်ကိုမေးသည်။
"အကိုကြီး၊ ဒီဆေးက မပြင်းလွန်းဘူးလား။ အခုကျုပ်တို့ ဝိညာဉ်ပြောင်းအဆင့်ကိုတောင် ရောက်နေပြီ"
အစက အဆင့်တစ်ခုသာ လျှောကျမည်ဟု ထင်ထားခဲ့သည်။
ထိုဆေးလုံးများသည် တာအိုလမ်းစဉ်ဂိုဏ်း ဆေးအိုးတောင်မှ စွန့်ပစ်ဆေးလုံးများဖြစ်ကြောင်း သူတို့ခေါင်းဆောင်မသိ။ ဆေးအပြင်းအပျော့က ပုံသေမရှိ။
"ဒါလည်း အစီအစဉ်တစ်စိတ်တစ်ပိုင်းပဲ။ ဒါမှ ငါတို့ကို နဂါးမျိုးနွယ်က သံသယမဝင်မှာပေါ့"
နောက်တစ်နာရီအကြာတွင် တာဝန်ခံလျို အစည်းအဝေးပြီးသွားသည်။ သို့သော် ဧည့်ကြိုကောင်တာသို့ သူပြန်မသွား။
ခေါင်းတလားကို သိမ်းဆည်းပြီးဖြစ်၍ သူ့တာဝန်မကျန်တော့။
"နောက်တစ်ဆင့်က ဒီကိစ္စ အရှိန်သေသွားအောင် စောင့်ရုံပဲ။ အားလုံး ချောမွေ့မယ်ထင်ပါတယ်"
တာဝန်ခံလျို သူ့ဘာသာသူ ရေရွတ်နေသည်။
*********************************