← Chapters

ခေါင်းတလားထဲကလူ ဘယ်သူလဲ

Vol. 52 Ch. 778

ခေါင်းတလားထဲကလူ ဘယ်သူလဲ

Vol. 52 Ch. 778

နဂါးမျိုးနွယ်ဝင်နှစ်ယောက် ခိုးကြောင်ခိုးဝှက် စောင့်ကြည့်ရင်း ကြက်သီးထမိကြသည်။ အစက လက်သည်တရားခံသည် အပြင်လူတစ်ယောက်ဟု ထင်ခဲ့သည်။ မျိုးနွယ်တွင်းအကြီးအကဲတစ်ယောက် ပါဝင်နေမည်ဟု ထင်မထားကြ။

ထိုမျှရဲတင်းသည့်လုပ်ရပ်မျိုး ကျူးလွန်ရဲသည့် အကြီးအကဲတစ်ယောက်၏စွမ်းအားကို လျှော့တွက်၍မဖြစ်။

"အခုငါတို့ ဘာလုပ်ကြမလဲ။ သူတို့အားလုံးကို ဖမ်းလိုက်မလား"

ရာထူးမြင့်နဂါးမျိုးနွယ်က သူ့အဖော်ကိုတအံ့တဩ လှည့်ကြည့်သည်။

"မင်းရူးနေလား။ သူတို့က ရှစ်ယောက်တောင်လေ။ ဝိညာဉ်ပြောင်းအဆင့်လေးယောက်၊ နတ်ဝိညာဉ်အဆင့်လေးယောက်ပါ။ အဲဒီ့နတ်ဝိညာဉ်အဆင့်လေးယောက်ကလည်း ဟိုလေးယောက်ကို ယှဉ်နိုင်စွမ်းရှိတဲ့ပုံပဲ။ ငါတို့နှစ်ယောက်တည်းနဲ့ ဖမ်းရမှာလား"

"ဒါဆိုဘာလုပ်ကြမလဲ"

"ဒီလိုလုပ်မယ်။ အကြီးအကဲတွေကို မင်းသွားအကြောင်းကြားလိုက်။ ငါဒီမှာနေပြီး သူတို့ကိုစောင့်ကြည့်ထားမယ်။ ဟိုနတ်ဝိညာဉ်လေးယောက်က နောက်ကွယ်ကအကြီးအကဲကို နဂါးမှော်ဖန်လုံး သေချာပေါက်လက်လွှဲပေးမှာပဲ။

အဲဒီကျမှ အားလုံးကိုလက်ပူးလက်ကြပ်ဖမ်းမယ်။ ငါတို့လည်း ချီးကျူးဂုဏ်ပြုခံရမယ်လေ"

"မင်းတကယ်တော်တာပဲ"

အခြေအနေအရေးကြီးကြောင်း နားလည်သဖြင့် သူ့အဖော်က အကြီးအကဲများကိုသတိပေးရန် ချက်ချင်းထွက်သွားသည်။

လုယန်နှင့် ကျူးရွှမ်သူခိုးလေးယောက် ညှိနှိုင်းမှုအဆင်ပြေသွားသည်။ ဘိုးဘေးနဂါးမြက်ကို ရလာသည်။

သူခိုးခေါင်းဆောင်က သူ့လူများကို သိစိတ်အသံလှိုင်းမှ သတိပေးသည်။

"အစီအစဉ်ပြောင်းမယ်၊ အခုချက်ချင်း ထွက်သွားစို့"

ကျန်သုံးယောက် နားမလည်နိုင်အောင်ဖြစ်သွားသည်။

"ကျုပ်တို့ နဂါးမှော်ဖန်လုံးခိုးတာ သူတို့သိသွားပြီလား"

ခေါင်းဆောင် သူ့တပည့်သုံးယောက်ကို ဒေါသဖြင့်ကြည့်သည်။ သူ့သာမရှိလျှင် ကျူးရွှမ်ကျွန်းသည် ဘာမှမဟုတ်။ ထိုတပည့်သုံးယောက်လည်း အစောကြီးကတည်းက အဖမ်းခံရပြီးဖြစ်မည်။

"ဟိုလေးယောက်ပြောတာ မင်းတို့မကြားဘူးလား။ ဒီမြက်ပင်ကို နဂါးမျိုးနွယ်အကြီးအကဲတစ်ယောက်ပိုင်တာ။ သူ့ပစ္စည်းကို ငါတို့ခိုးခဲ့တာလေ။ သူက ငါတို့ကို အလွတ်ပေးပါ့မလား။ ဟိုလေးယောက် အဲဒီ့အကြီးအကဲဆီ ပြန်ရောက်တာနဲ့ ငါတို့ဇာတ်သိမ်းပြီပဲ"

စုစည်းခြင်းအဆင့်တွင် ရှိနေသေးလျှင် အခြေအနေကို သူတို့ထိန်းချုပ်နိုင်ခြေရှိသည်။ သို့သော် ဝိညဉ်ပြောင်းအဆင့်လေးယောက်အင်အားသည် နဂါးမျိုးနွယ်အကြီးအကဲ၏ လက်သည်းတစ်ချက်ပုတ်စာကိုပင် ခံနိုင်မည်မဟုတ်။

"ဒါဆို အခုဘာလုပ်ကြမလဲ"

ခေါင်းဆောင် အံတင်းတင်းကြိတ်၍ ဆုံးဖြတ်ချက်ချသည်။

"ကျန်တာတွေ တွေးပူနေချိန်မရှိဘူး။ ကုန်သည်အသင်းကို မြန်မြန်သွားပြီး နဂါးမှော်ဖန်လုံးကို နေရာရွှေ့မယ်"

...

လုယန်တို့လူစုက ဝတ်ရုံနက်နဂါးအကြီးအကဲကို သွားတွေ့ဖို့ ဆုံးဖြတ်ကြသည်။

အဖွဲ့နှစ်ခု တစ်လမ်းစီခွဲထွက်သွားသဖြင့် စောင့်ကြည့်နေသည့် နဂါးမျိုးနွယ်က တုံ့ဆိုင်းခြင်းမရှိဘဲ လုယန်တို့နောက်သို့ ချက်ချင်းလိုက်သည်။

သူခိုးလေးယောက်ကို သူစိတ်မပူ။ အကြီးအကဲများရောက်လာလျှင် ထိုသူခိုးများ မြို့ပြင်ထွက်နိုင်သည့်တိုင် နဂါးမျိုးနွယ်လက်ထဲမှ လွတ်မည်မဟုတ်။

အရှေ့ပင်လယ်နဂါးမျိုးနွယ်၏ ယုံကြည်ချက်ဖြစ်သည်။

သူခိုးလေးယောက် ကုန်သည်အသင်းဆိုင်သို့ ပြန်လာသည်။ သုံးရက်မြောက်နေ့ဖြစ်၍ တာဝန်ခံလျိုက ဧည့်ကြိုကောင်တာတွင် လည်ပင်းတရှည်ရှည်ဖြစ်နေသည်။

သူခိုးခေါင်းဆောင်က အလျင်စလိုပြောသည်။

"လောင်လျို၊ ခေါင်းတလားကို မြန်မြန်သွားယူတော့"

"ဘာဖြစ်တာလဲ။ တို့ကိစ္စကို သိသွားကြပြီလား"

သူခိုးခေါင်းဆောင်၏လေသံက မူမမှန်ကြောင်း သူရိပ်စားမိသည်။ လွန်ခဲ့သည့်သုံးရက် ခေါင်းတလားလာအပ်ချိန်ကနှင့်မတူ။ ယနေ့ထူးခြားနေသည်။

"မပေါ်သေးဘူး။ သွားသာထုတ်ပါ။ နဂါးမျိုးနွယ်က မင်းကိုမေးလားမြန်းလားလုပ်ရင် မင်သေသေဖြေလိုက်။ သူတို့မင်းကို သံသယဝင်မှာမဟုတ်ပါဘူး"

တာဝန်ခံလျိုကို ခေါင်းဆောင်က အာမခံပေးသည်။ ထိုသို့မပြောလျှင် သူတို့ကိုမယုံသင်္ကာဖြစ်ပြီး တာဝန်ခံလျိုက ဖော်ကောင်လုပ်လိုက်လျှင် ဒုက္ခရောက်မည်။

"ကောင်းပြီလေ"

တာဝန်ခံလျို ပစ္စည်းထိန်းခန်းသို့သွားပြီး စုယုအဝတ်နက်ဖြင့်အုပ်ထားသည့် ခေါင်းတလားဘေးမှဖြတ်သွားသည်။ လွန်ခဲ့သည့်သုံးရက်က သူကိုယ်တိုင်လက်ခံခဲ့သည့် ခေါင်းတလားကို ထုတ်လာသည်။

"ရော့...သတိထားကြနော်"

တာဝန်ခံလျို ခေါင်းတလားကို လွှဲပေးသည်။

"နောက်မှ ငါတို့ပြန်တွေ့ကြမယ်"

သူခိုးလေးယောက် ခေါင်းတလားကိုအမြန်သယ်၍ ထွက်သွားကြသည်။

ခေါင်းတလားသယ်သည့်အချိန်တွင် ညီအကိုတစ်ယောက်သေသွားသည့် အသုဘရှင်များကဲ့သို့ ဟန်ဆောင်ထားကြသည်။

အကြီးတန်းသူခိုးများဖြစ်၍ ကျင့်စဉ်စွမ်းအားမြင့်သလို ပါးနပ်ထက်မြက်ပြီး သရုပ်ဆောင်လည်းကောင်းကြသည်။ လမ်းသွားလမ်းလာများက ထိုခေါင်းတလားထဲတွင် လူသေအလောင်းပါသည်ဟု တကယ်ယုံကြည်ကြသည်။

လေးယောက်သား ဝမ်းနည်းပက်လက်ငိုကြွေး၍ အစောင့်အကြပ်များကိုလှည့်စားပြီး မြို့ထဲမှထွက်သွားသည်။

မြို့တော်နှင့် နှစ်မိုင်အကွာသို့ရောက်လာချိန်တွင် မြန်နှုန်းမြှင့်မှော်အဆောင်များထုတ်၍ သူ့တို့ခြေထောက်တွင် ကပ်လိုက်သည်။ ထို့နောက် အန္တရာယ်များသည့် ပင်လယ်မြို့တော်နှင့် ဝေးနိုင်သမျှဝေးအောင် ထွက်ပြေးသည်။

ပြေးရာတွင်လည်း လမ်းကြောင်းအကြိမ်ကြိမ်ပြောင်းသည်။ တစ်ခါတစ်ရံ ကောင်းကင်ကိုဖြတ်၍ပျံသည်။ တစ်ခါတစ်ရံ ရေအောက်မှသွားသည်။ နောက်ဆုံးတွင် သူတို့ရည်ရွယ်ထားသည့်ကျွန်းသို့ ရောက်လာသည်။

"ဟူး...အခုငါတို့ စိတ်ချရပါပြီ"

ခရီးစဉ်တစ်လျှောက်သုံး အကြောက်တရားကြောင့် သူတို့ရင်တဒိန်းဒိန်းခုန်ခဲ့ရသည်။ သူတို့လုပ်ရပ်ကို နဂါးမျိုးနွယ်များရိပ်မိသွားပြီး ခဲလေသမျှသဲရေကျဖြစ်မည်ကို စိုးရိမ်ခဲ့ရသည်။

"အောင်မြင်ပြီကွ။ နဂါးမှော်ဖန်လုံးကို မြန်မြန်ထုတ်ရအောင်"

လောင်အာက ဝမ်းသာအားရအော်ဟစ်လိုက်သည်။ သူတို့လှုပ်ရှားမှုတွင် ထင်မှတ်မထားသည့် အပြောင်းအလဲများ ကြုံခဲ့သော်လည်း သူတို့အကိုကြီး၏ ပါးနပ်သည့်ဆုံးဖြတ်ချက်ကြောင့် အားလုံးဘေးကင်းကင်းလွတ်မြောက်ခဲ့သည်။

သူခိုးခေါင်းဆောင်လည်း စိတ်လှုပ်ရှားနေသည်။ ခေါင်းတလားဖုံးကို တွန်းဖွင့်လိုက်သည်။ အထဲတွင်လှဲနေသည့် ရှောက်ရှင်းဟိုင်နှင့် အကြည့်ချင်းဆုံပြီးနောက် သူ့မျက်နှာမှအပြုံးများ ရပ်တန့်သွားသည်။

ဘာစကားမှထပ်မပြောဘဲ ခေါင်းတလားဖုံးကိုပြန်ပိတ်သည်။ နောက်တစ်ကြိမ် ပြန်ဖွင့်ကြည့်သည်။ အထဲတွင် လူတစ်ယောက် လဲလျောင်းနေဆဲဖြစ်သည်။

ရှောက်ရှင်းဟိုင်း သမ်းတစ်ချက်ဝေသည်။

"ငါအပြင်ရောက်နေတာ သုံးရက်တောင်ရှိပြီ။ မင်းတို့ နဂါးသွေးရောရခဲ့ပြီလား။ တစ်ခြားလူတွေမမှတ်မိအောင် နောက်ထပ်ရုပ်ဖျက်ထားကြပြန်ပြီပေါ့"

နဂါးမျိုးနွယ်သည် တာအိုလမ်းစဉ်ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့ကို အမြင်မကြည်ကြောင်း သူကြားဖူးသည်။ လုယန်တို့သတိထားလုပ်ဆောင်သည်မှာ သဘာဝကျသည်။

သူခိုးလေးယောက် ရှောက်ရှင်းဟိုင်ကို ဇဝေဇဝါမျက်နှာများဖြင့် ကြည့်နေကြသည်။ နှစ်တစ်ထောင်ကျော်သက်တမ်းရှိပြီး စုစည်းခြင်းအဆင့်စွမ်းအားရှင်များအကြောင်း ကောင်းကောင်းသိထားသော်လည်း ထိုလူကိုသူတို့မသိ။

ထိုလူသည် ကျင့်ကြံမှုသက်တမ်း သုံးနှစ်သာရှိသေးသည့် ခွန်ဖုန်ငယ်တစ်ယောက်ဖြစ်သည်။

"အကိုကြီး၊ ဘာတွေဖြစ်ကုန်တာလဲ။ နဂါးမှော်ဖန်လုံးက အသိစိတ်ဖွံ့ဖြိုးလာတာလား"

ညီအငယ်ဆုံးက သိစိတ်အာရုံမှ လှမ်းမေးသည်။

သူခိုးခေါင်းဆောင် မသိမသာခေါင်းငြိမ့်၍ သူ့ထင်မြင်ချက်ကိုပြောသည်။

"သိပ်ဖြစ်နိုင်တာပေါ့။ တစ်ချို့အဆင့်မြင့်မသေမျိုးရတနာတွေ မသေမျိုးတစ်ဝက်အဆင့်ရတနာတွေက အသိစိတ်ဖွံ့ဖြိုးပြီး လူအသွင်ပြောင်းနိုင်တယ်လို့ ကြားဖူးတယ်။ ပြီးတော့ ခုနကသူပြောလိုက်တာ ကြားလိုက်လား။

'ငါအပြင်ရောက်တာ သုံးရက်ရှိပြီ'တဲ့။ အဲဒါ လွန်ခဲ့တဲ့သုံးရက်က ငါတို့သူ့ကို နဂါးနန်းတော်ကနေ ခိုးခဲ့တာကို ရည်ညွှန်းနေတာပဲ။ နန်းတော်ကထွက်လာရတာကို သူအတော်ပျော်နေတယ်ထင်တယ်။

သူကနတ်ဝိညာဉ်အဆင့်ပဲ ရှိပေမယ့် ငါတို့ရုပ်ဖျက်ထားမှန်း ချက်ချင်းတန်းသိတယ်။ ဒီအစွမ်းမျိုး သာမန်နတ်ဝိညာဉ်အဆင့်တွေမှာ မရှိနိုင်ဘူး"

"ဒါဆို နဂါးသွေးဆိုတာကရော ဘာကိုပြောတာလဲ"

"သေချာတော့မသိဘူး။ နဂါးမှော်ဖန်လုံးက အာနိသင်အစစ်ရဖို့ နဂါးသွေးလိုအပ်တာများလား"

လောင်အာက သုံးသပ်သည်။

စုစည်းခြင်းအဆင့်များဖြစ်၍ သူတို့လက်ထဲတွင် နဂါးသွေးနည်းနည်းရှိသည်။ သို့သော် သိပ်မလတ်ဆတ်တော့။

"ခင်ဗျားလိုချင်တာဒါလား"

ခေါင်းဆောင်က မှော်လက်စွပ်ထဲမှ နဂါးသွေးပုလင်းငယ်တစ်လုံးထုတ်ပြသည်။ သူ့လေသံက အတော်ရိုကျိုးနေသည်။

"ဒါက သိပ်မလတ်ဆတ်ဘူး"

နဂါးမျိုးနွယ်သည် ရိုးဖြောင့်မှုမရှိဟု ရှောက်ရှင်းဟိုင်ထင်မိသည်။ လုယန်တို့လို အဝေးမှမိတ်ဆွေများကို ဖျံကျသည်။ တာဝန်ပြီးမြောက်အောင် ထမ်းဆောင်ခိုင်းပြီး သွေးအဟောင်းများပေးလိုက်သည်။

"ရှိတာနဲ့ပဲ အဆင်ပြေအောင်လုပ်လိုက်ပါလား"

ခေါင်းဆောင်က တောင်းပန်သည့်အပြုံးဖြင့်ပြောသည်။

"အထဲကို လောင်းထည့်ပေးပါ"

ရှောက်ရှင်းဟိုင်က လှဲနေရင်းမှပြောသည်။ လက်ရှိတွင် သူအပြင်းအထန်ဒဏ်ရာရထားသည်။

"စည်းမျဉ်းတွေရဲ့ထိန်းချုပ်မှုကြောင့်သာမဟုတ်ရင် ဒဏ်ရာပြန်သက်သာဖို့ နဂါးသွေးသုံးစရာလိုမှာမဟုတ်ဘူး"

သူခိုးလေးယောက်ရင်ထဲ ဒိန်းခနဲဖြစ်သွားသည်။ မှန်နေသည်။ နဂါးမှော်ဖန်လုံး အသက်ဝင်လာခြင်းဖြစ်သည်။ လူသားအသွင်ပြောင်းပြီးနောက် သူ့စွမ်းအား များစွာလျော့ပါးသွားမည်။ ထို့ကြောင့် ပြန်အားဖြည့်ဖို့ နဂါးသွေးစုပ်ယူရခြင်းဖြစ်လိမ့်မည်။

'စည်းမျဉ်း'စွမ်းအားဟု သူပြောသွားသည်။ ကူးဖြတ်ခြင်းအဆင့်ချင်း သို့မဟုတ် မသေမျိုးတစ်ဝက်အဆင့်ချင်း တိုက်ခိုက်ခဲ့သည့်အကျိုးဆက်ဖြစ်မည်။

သူခိုးခေါင်းဆောင်က နဂါးသွေးကို ခေါင်းတလားထဲသို့ ဂရုတစိုက် ရိုရိုသေသေလောင်းထည့်သည်။ ရှောက်ရှင်းဟိုင်အဝတ်အစားများ သွေးစွန်းနေသော်လည်း သက်တောင့်သက်သာဟန်ဖြင့် လှဲလျောင်း၍ နဂါးသွေးကို စုပ်ယူနေသည်။

နဂါးအသွင်ပြောင်းပညာကို ကျင့်ကြံနေသည်။

ရှောက်ရှင်းဟိုင်ခန္ဓာကိုယ်မှထွက်လာသည့် နဂါးအော်သံကိုကြားရသည်။ သူခိုးလေးယောက် မပေါ့ဆရဲကြတော့။

သူခိုးခေါင်းဆောင်က အနားတွင် ရိုရိုသေသေရပ်လျက် ဖော်လံဖားအပြုံးဖြင့် စကားလုံးကို သတိထား၍မေးသည်။

"အကိုကျူး၊ နောက်ထပ်ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ"

ရှောက်ရှင်းဟိုင် အူကြောင်ကြောင်ဖြစ်သွားသည်။

"အကိုကျူးတဲ့လား...အဲဒါဘယ်သူလဲ။ မင်းငါ့ကိုပေးတဲ့ နာမည်ပြောင်လား"

"အကိုကျူးရဲ့ ဇစ်မြစ်အမှန်က နဂါးမှော်ဖန်လုံး မဟုတ်လား။ ဒီဘွဲ့နာမည်ကိုမကြိုက်ရင်လည်း တစ်ခြားတစ်ခု ကျုပ်တို့ပြောင်းပေးပါ့မယ်"

ရှောက်ရှင်းဟိုင် ပို၍နားရှုပ်လာသည်။

"မင်းတို့ ဦးနှောက်ပျက်သွားတာလား။ ငါက ရှောက်ရှင်းဟိုင်လေ"

ရှောက်ရှင်းဟိုင်နှင့် သူခိုးလေးယောက် အချင်းချင်း နားမလည်ဟန်ဖြင့် ကြည့်နေကြသည်။

ထို့နောက် သူခိုးလေးယောက် အခြေအနေမှန်ကို သဘောပေါက်လာသည်။ ဒေါသအိုးပေါက်ကွဲသွားသည်။ သူတို့အော်ဟစ်သံက တစ်ကျွန်းလုံး ပဲ့တင်ထပ်သွားသည်။

"နဂါးမှော်ဖန်လုံး ဘယ်ရောက်သွားတာလဲကွ"

***************************************

All Chapters