← Chapters

လက်ပူးလက်ကြပ်

Vol. 52 Ch. 779

လက်ပူးလက်ကြပ်

Vol. 52 Ch. 779

သူခိုးလေးယောက် ရှောက်ရှင်းဟိုင်ကို လူသတ်ရိပ်အပြည့်ဖြင့် စိုက်ကြည့်နေသည်။

"မင်းဘယ်ကကောင်လဲကွ။ နဂါးမှော်ဖန်လုံးဘယ်မှာလဲ"

ရှောက်ရှင်းဟိုင် ကြောင်တက်တက်ဖြစ်နေသည်။ ဘာနဂါးမှော်ဖန်လုံးကို ပြောမှန်းမသိ။ ထိုလေးယောက်ကိုလည်း သူမသိ။ ယခု သူဘယ်ရောက်နေမှန်းလည်းမသိ။

သူခိုးလေးယောက်၏ဒေါသက ပို၍အရှိန်မြင့်လာသည်။ နဂါးမှော်ဖန်လုံးကိုခိုးဖို့ နှစ်တစ်ရာကြာအောင် အချိန်ယူ၍ပြင်ဆင်ခဲ့ပြီးမှ လုပ်နိုင်ခြင်းဖြစ်သည်။

ဟိုလုယန်ဆိုသည့်ကောင်၏ လက်ချက်ဖြစ်မည်။

"အခုထိ ရူးချင်ယောင်ဆောင်နေသေးတယ်ပေါ့။ သေလိုက်စမ်း.."

သူတို့ကျင့်စဉ်အဆင့်လျှောကျနေသော်လည်း ဝိညာဉ်ပြောင်းအဆင့်တော့ရှိသေးသည်။ ရှောက်ရှင်းဟိုင်ကလည်း မတ်တပ်မရပ်နိုင်လောက်အောင် ဒဏ်ရာအပြင်းအထန်ရနေသည်။

အဖြစ်အပျက်ကိုနားမလည်သော်လည် ရှောက်ရှင်းဟိုင်က သူတို့တိုက်ခိုက်မှုကို အရိုးခံမျက်နှာဖြင့် ခံယူသည်။

တိုက်ခိုက်မှုများ ထိခါနီးတွင် သူ့ဆံပင်တစ်ချောင်းမှ အနက်ရောင်အလင်းတစ်ခု ရုတ်တရက် ထိုးထွက်လာသည်။

ခွန်ဖုန်မျိုးနွယ်၏ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်၍ အသက်ကယ်နည်းလမ်းတစ်ခုခုရှိသည်မှာ မဆန်းလှ။

ထိုဆံပင်သည် ဟေးယုအရှင်၏ ငှက်မွေးတစ်ခုဖြစ်သည်။ ရှောက်ရှင်းဟိုင် အန္တရာယ်ကြုံလျှင် အလိုလိုတုံ့ပြန်နိုင်စွမ်းရှိသည်။

"အား..."

သူခိုးလေးယောက်ကို အနက်ရောင်အလင်းဖြတ်သွားပြီးနောက် အသက်ရှူရပ်သွားသည်။

....

နဂါးမျိုးနွယ်ဝင်များ သတင်းသဲလွန်စရသဖြင့် လူစုခွဲ၍ လုယန်တို့အဖွဲ့နှင့် သူခိုးလေးယောက်နောက်သို့ လိုက်ကြသည်။

"ဟိုဝိညာဉ်ပြောင်းအဆင့်လေးယောက်က ခေါင်းတလားတစ်လုံးနဲ့ ထွက်သွားတယ်ပေါ့"

နဂါးမျိုးနွယ်အကြီးအကဲ အေးစက်စက်လှောင်ပြုံးပြုံးသည်။ ထိုသို့ပြေး၍ လွတ်မည်ထင်နေကြသလားမသိ။

"သူတို့နောက်ကိုလိုက်မယ်"

နောက်လိုက်များကိုဦးဆောင်၍ ပင်လယ်မြို့တော်မှ ထည်ဝါမှုအပြည့်ဖြင့် ပျံသန်းထွက်ခွာကြသည်။ အနီးအနားမှငါးများထံတွင် သူခိုးလေးယောက်ထွက်သွားရလမ်းကြောင်းကို စုံစမ်းသည်။

ထိုစွမ်းရည်သည် သူ့ပင်ကိုပါရမီဖြစ်သည်။ သိစိတ်မဖွံ့ဖြိုးသေးသည့်ငါးများနှင့် ဆက်သွယ်ပြောဆိုနိုင်သည့်အစွမ်းမျိုး မွေးကတည်းကပါလာသည်။

သူတို့အားလုံး မူလအသွင်ပြောင်းပြီး ငါးများညွှန်ပြသည့် လမ်းကြောင်းအတိုင်း လိုက်ကြသည်။ နဂါးတစ်ဒါဇင်ကျော် ပင်လယ်မျက်နှာပြင်အထက်တွင် ပျံသန်းနေသည့်မြင်ကွင်းက ဝင့်ကြွားထည်ဝါလှသည်။

"ဒီကျွန်းပဲ..."

သူတို့ရောက်ချိန်တွင် ခေါင်းတလားထဲလဲလျောင်းနေသည့် ရှောက်ရှင်းဟိုင်ကို မြင်ရသည်။ သွေးသံရဲရဲဖြင့် အားနည်းနေသည်။ မတ်တပ်ပင်မရပ်နိုင်။ သို့သော် ဝိညာဉ်ပြောင်းသူခိုးလေးယောက်က မြေပေါ်တွင်လဲကျနေသည်။ သွေးများပြန့်ကျဲနေသည်။

ထိုမြင်ကွင်းကိုကြည့်၍ နဂါးအုပ်စု အံ့အားသင့်သွားကြသည်။ ထိုလူသည် သူခိုးလေးယောက်ကို အသက်နှင့်ရင်း၍ တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ သူသည် နဂါးမျိုးနွယ်၏ သူရဲကောင်းဖြစ်သည်။

နဂါးများဆင်းသက်လာသည်။ တစ်ချို့က ဝိညာဉ်ပြောင်းလေးယောက်၏ နောက်ခံကို အတည်ပြုစစ်ဆေးသည်။ အများစုက ရှောက်ရှင်းဘေးတွင်ဝိုင်းအုံ၍ ချီးကျူးနေကြသည်။

ရှောက်ရှင်းဟိုင် လုံးဝနားမလည်နိုင်တော့။

သူက ခေါင်းတလားထဲတွင် လှဲနေခဲ့ရုံသာဖြစ်သည်။ လူတစ်ချို့က သတ်ဖို့ကြိုးစားသည်။ ဘိုးဘေးဟေးယု၏ ငှက်မွေးက တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူသည် နဂါးမျိုးနွယ်သူရဲကောင်းမဟုတ်။

လုယန်တို့လေးယောက် ဘယ်ကီုရောက်နေကြသည်မသိ။

....

လုယန်တို့လူစုက ဘိုးဘေးမြက်နှင့်အတူ ဝတ်ရုံနက်နဂါးအကြီးအကဲကိုတွေ့ရန် ထွက်လာသည်။ သို့သော် လမ်းတစ်ဝက်တွင် အားလုံးကို သူတားသည်။

"ခဏနေဦး"

"ဘာဖြစ်တာလဲ"

"ဒီပစ္စည်းကို နဂါးအကြီးအကဲဆီအပ်လိုက်လို့ သူကစကားမတည်ဘဲ ငါတို့ခေါင်းတလားပြန်ယူနေတဲ့အချိန် ထွက်ပြေးသွားရင်ရော ဘယ်လိုလုပ်မလဲ။

သူ့မျက်နှာကိုအုပ်ထားတော့ ဘယ်သူဘယ်ဝါမှန်း ငါတို့မသိဘူးလေ"

"ဟုတ်သားပဲ။ ဒါဆို ခေါင်းတလားကိုယူပြီး သူ့ကိုသွားတွေ့ကြမယ်လေး"

"ကောင်းတယ်"

အားလုံးပြန်လှည့်၍ ကုန်သည်အသင်းဆီ ဦးတည်ကြသည်။

ကုန်သည်အသင်းတွင် တာဝန်ခံလျိုက သူ့လုပ်ငန်းပြီးဆုံးပြီးနောက် ဧည့်ကြိုကောင်တာတွင် ဆက်မနေတော့ဘဲ တစ်ခြားလက်အောက်ခံတစ်ယောက်ကို တာဝန်ပေးထားသည်။

"ဒီမှာဗျ၊ လွန်ခဲ့တဲ့သုံးရက်က ဒီမှာကျုပ်တို့အပ်ထားတဲ့ ခေါင်းတလားကို လာယူတာပါ။ အဲဒီတုန်းက ဝိညာဉ်ကျောက်သုံးရာပေးထားပါတယ်"

မုန်ကျင်းကျိုး တာဝန်ခံလျိုပေးထားသည့် ပြေစာကိုထုတ်ပြသည်။

ကောင်တာစာရေးက ပြေစာကို မှတ်တမ်းနှင့်တိုက်ဆိုင်စစ်ဆေး၍ မှန်ကန်ကြောင်း အတည်ပြုသည်။ သိပ်မကြာမီ အဝတ်နက်အုပ်ထားသည့် ခေါင်းတလားကိုတွေ့သည်။

ခေါင်းတလားကို အဝတ်နက်ဖြင့်အုပ်ထားသည်ကိုကြည့်၍ လုပ်ငန်းပိုင်းတွင် စာနာထောက်ထားတတ်သည့် ကုန်သည်အသင်းကို အတော်လေးစားသွားကြသည်။

အဝတ်နက်ကိုဖယ်၍ စစ်ဆေးသည်။ သူတို့ရွေးချယ်ခဲ့သည့် ဒီဇိုင်းပုံစံဖြစ်ကြောင်း အတည်ပြုသည်။ ထို့နောက် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဝတ်ရုံနက်နဂါးမျိုးနွယ်ဆီ အမြန်ထွက်လာကြသည်။

လမ်းတစ်လျှောက် ဘေးလူများ၏ ထူးဆန်းသည့်အကြည့်တို့ကို အရေးမစိုက်ကြ။ လက်ဖက်ရည်ဆိုင်၏ အနောက်စွန်ဆုံးအခန်းထဲ ဝင်ကြသည်။

ဝတ်ရုံနက်က အခန်းထဲတွင် အသင့်စောင့်နေသည်။

လုယန်က ဘိုးဘေးနဂါးမြက်ထည့်ထားသည့်သေတ္တာကို တစ်ဘက်ကကိုင်၍ ခေါင်းတလားကို တစ်ဘက်ကထမ်းထားသည်။

ဝတ်ရုံနက်ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားသည်။ လွန်ခဲ့သည့်သုံးရက်က မိတ်ဆွေတစ်ယောက် ဒဏ်ရာအပြင်းအထန်ရ၍ နဂါးသွေးလိုကြောင်းပြောသည့် လုယန်၏စကားသည် အမှန်ဖြစ်ကြောင်း နားလည်လာသည်။

သုံးရက်ပြည့်ပြီဖြစ်သည်။ ဘိုးဘေးမြက်ကို တကယ်ရအောင်ရှာလာသည်။ သို့သော် သူတို့မိတ်ဆွေ အသက်မရှိနိုင်တော့။

နဂါးသွေးထဲစိမ်ရုံဖြင့် သေသူကိုအသက်ပြန်သွင်းပြီး ထာဝရအသက်ကိုပေးနိုင်သည်ဟု သာမန်လူတို့ စိတ်ကူးယဉ်လေ့ရှိသည်။ အမှန်တော့ ထိုမျှအစွမ်းထက်သည်မဟုတ်။

"အကြီးအကဲ၊ ကျုပ်တို့တာဝန် ပြီးသွားပြီ"

"မင်းတို့ကို တစ်ခြားလူတွေမမြင်ဘူးမဟုတ်လား"

"မမြင်ပါဘူး"

လုယန် သေတ္တာကို လှမ်းပေးသည်။

ဝတ်ရုံနက် သေတ္တာကိုဖွင့်သည်။ နဂါးလက်သည်းနှင့်တူသည့် ဘိုးဘေးနဂါးမြက်က အထဲတွင် လဲလျောင်းနေသည်။ ပစ္စည်းတကယ်ရလာသဖြင့် သူစိတ်သက်သာရာရသွားသည်။

လုယန် လက်နှစ်ဘက်ကိုပွတ်ရင်း အားနာပြုံးပြုံး၍ပြောသည်။

"အကြီးအကဲ၊ ကျုပ်တို့တာဝန်ပြီးပြီဆိုတော့ နဂါးသွေးကိစ္စကရော ဘယ်လို..."

စုစည်းခြင်းအဆင့်တစ်ယောက်၏ နဂါးသွေးသည် ရှောက်ရှင်းဟိုင်အတွက် သေချာပေါက်အကျိုးပြုလိမ့်မည်။ နဂါးအသွင်ပြောင်းကျင့်စဉ်ကိုပင် အဆင့်မြင့်တင်ပေးနိုင်လောက်သည်။

"ကောင်းပြီလေ။ ငါမင်းတို့ကို ပေးမှာပါ။ ငါ့ကတိကို ငါတည်ပါတယ်"

ထိုခဏမှာပင် ကြီးမားသည့်နဂါးလက်သည်းတစ်ခုက လက်ဖက်ရည်ဆောင်ခေါင်မိုးကို ဆွဲမ,လိုက်သည်။ အထဲမှလူအားလုံး ကြောက်လန့်တကြား ထွက်ပြေးကြသည်။

"အောင်းရန်၊ နဂါးမှော်ဖန်လုံးကိုခိုးတာ မင်းဖြစ်မယ်လို့ ငါထင်မထားခဲ့ဘူး။ လူသားမျိုးနွယ်တွေကိုတောင် မင်းကအကူအညီခေါ်ထားတယ်ပေါ့"

ကြီးမားသည့်နဂါးသုံးကောင် ပင်လယ်မြို့တော်အထက်တွင် လှည့်ပတ်ပျံသန်း၍ ဝတ်ရုံနက်နဂါးအကြီးအကဲကို စူးစူးရဲရဲငုံ့ကြည့်နေသည်။

သူတို့နှုတ်ခမ်းမွှေးများက တဖျတ်ဖျတ်လှုပ်ခါနေသည်။ နဂါးမျက်လုံးများက ကြောက်မက်ဖွယ်ကောင်းသည်။ အရှေ့ပင်လယ်သခင်၏ ဩဇာတိက္ကမကို အပြည့်အဝပြသနေသည်။

"အောင်းယဲ့၊ မင်းငါ့ကို မဟုတ်တမ်းတရားမစွပ်စွဲနဲ့"

အောင်းရန်ဆိုသည် ဝတ်ရုံနက်နဂါးက ပြန်အော်သည်။

"ဘာနဂါးမှော်ဖန်လုံးလဲ။ အဲဒါကို ငါတစ်ခါမှ မမြင်ဖူးဘူး။ ဒီလေးယောက်လား..သူတို့ကိုလည်း ငါလုံးဝမသိဘူးကွ"

နဂါးမှော်ဖန်လုံးပျောက်သွားသည့်သတင်း သူကြားပါသည်။ ထိုမှော်ဖန်လုံးကိုစောင့်ကြပ်ဖို့က အောင်းယဲ့တို့တာဝန်သာဖြစ်သည်။ သူနှင့်ဘာမှမဆိုင်။

'အောင်းရန်'ဆိုသည့်နာမည်ကို လုယန်တို့စိတ်ထဲ ရင်းနှီးနေသလို ခံစားရသည်။

အတွေးအရှင်းဆုံးဖြစ်သည့် အရိုးရိုင်းက အရင်ဆုံးပြန်သတိရသည်။ အရှေ့ပင်လယ်တွင် အောင်းရန်ဟုခေါ်သည့် မိတ်ဆွေတစ်ယောက်ရှိကြောင်း သူတို့ခရီးထွက်မလာမီ လောင်ပါးက ပြောလိုက်သည်။

အောင်းရန်သည် ကျင့်စဉ်စွမ်းအားကို ချိတ်ပိတ်၍ အမြဲလှည့်စားတတ်ကြောင်း အရေးကြီးချိန်ရောက်မှ အစွမ်းထုတ်တတ်ကြောင်း သိခဲ့ရသည်။

"အကြီးအကဲအောင်းရန်၊ ကျုပ်တို့လေးယောက်က တာအိုလမ်းစဉ်ဂိုဏ်းကပါ။ ကျုပ်နာမည်အရိုးရိုင်းပါ။ ဒီသုံးယောက်က လုယန်၊ မုန်ကျင်းကျိုးနဲ့ လီဟော်ရန်တဲ့"

"မင်းတို့က တာအိုလမ်းစဉ်ဂိုဏ်းကလား"

သိပ်မကြာသေးမီက လောင်ပါးပို့လိုက်သည့်စာအကြောင်း အောင်းရန်ပြန်သတိရလာသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှ ထူးချွန်သည့် မျိုးဆက်သစ်ငါးယောက် အရှေ့ပင်လယ်သို့ထွက်သွားကြောင်း ထိုလေးယောက်သည် အမြဲတမ်းပြဿနာရှာတတ်သူများဖြစ်ကြောင်းပြောသည်။

ထိုလူငယ်များကိုတွေ့လျှင် ကြည့်ရှောင်သင့်ကြောင်း သတိပေးခဲ့သည်။

"ဒါတောင်မင်းက သူတို့ကိုမသိဘူးလို့ ပြောနေသေးတယ်ပေါ့"

လုယန်ဟူသည့်နာမည်ကိုကြားသည်နှင့် ကောင်းကင်မှနဂါးသုံးကောင်ဦးနှောက်ထဲတွင် မှတ်ဉာဏ်တစ်ခု နိုးထလာသည်။

ဆရာတပည့်နှစ်ယောက်လုံး နဂါးမှော်ဖန်လုံးကိုခိုးဖို့ တစ်လှည့်စီကြိုးစားကြသည်ကို သူတို့မယုံနိုင်အောင်ဖြစ်နေသည်။ နဂါးနန်းတော်ကို လုံးဝမျက်လုံးထဲမထည့်သည့်သဘောဖြစ်သည်။

"မင်းတို့သုံးယောက် အခြေအမြစ်မရှိလျှောက်ပြီးစွပ်စွဲမနေနဲ့"

အောင်းရန်က လုယန်တို့ကို ကာကွယ်သည်။ ကောင်းကင်နဂါးသုံးကောင်က ယခုပြဿနာကိုအခွင့်ကောင်းယူပြီး ပြဿနာရှာတော့မည်ကို သူရိပ်မိသည်။

"အခြေအမြစ်မရှိစွပ်စွဲတယ်တဲ့လား။ ဒါဆို အဲဒီသစ်သားသေတ္တာထဲကပစ္စည်းက ဘာလဲ"

ကိုယ့်ဘက်က မှန်နေသည်ဖြစ်၍ အောင်းရန်မကြောက်။ သစ်သားသေတ္တာကိုဖွင့်၍ ဘိုးဘေးနဂါးမြက်ကို ပြလိုက်သည်။

"ဘိုးဘေးနဂါးမြက်လေ..နန်းတော်သခင်မွေးနေ့မှာ လက်ဆောင်ပေးဖို့ပါ။ အဲဒါဘာမှားနေလို့လဲ"

ကောင်းကင်နဂါးသုံးကောင် နည်းနည်းတုံ့ဆိုင်းသွားသည်။ မဟုတ်သေး...ထိုသေတ္တာထဲတွင် နဂါးမှော်ဖန်လုံးရှိနေသင့်သည်မဟုတ်လော...

ရုတ်တရက် သူတို့အကြည့်က အခန်းထဲမှ မြင်သာထင်သာအရှိဆုံး ခေါင်းတလားဆီ အကြည့်ရောက်သွားသည်။

"အဲဒီ့ခေါင်းတလားထဲမှာရော ဘာရှိလဲ"

အောင်းရန် ဒေါသထွက်သွားပြီး ခေါင်းတလားကို ဝုန်းခနဲဖွင့်လိုက်သည်။

"ဘာရှိရမလဲကွ။ အထဲမှာ လူတစ်ယောက်ရှိတာပေါ့"

ထို့နောက်တွင် ခေါင်းတလားထဲမှ တလက်လက်တောက်ပကြည်လဲ့နေသည့် လက်ဝါးအရွယ်မှော်ဖန်လုံးတစ်ခု အားလုံးမြင်ကြရသည်။

နဂါးမှော်ဖန်လုံးအစစ်ဖြစ်သည်။

အခန်းတစ်ခုလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

အောင်းရန် "..."

"လက်ပူးလက်ကြပ်မိတာပဲ။ မင်းဘာဆင်ခြေပေးချင်သေးလဲ။ ခုနက မင်းလက်ကောက်ဝတ်ကိုလှီးဖြတ်ပြီး သွေးထုတ်ဖို့ပြင်နေတာ မှော်ဖန်လုံးကို သခင်တံဆိပ်ကပ်ဖို့ပြင်နေတာမဟုတ်လား"

***************************************

All Chapters