← Chapters

လောင်ပါး...ဒီကိစ္စတော့ ကျုပ်ကာကွယ်ပေးလို့မရတော့ဘူး

Vol. 52 Ch. 780

လောင်ပါး...ဒီကိစ္စတော့ ကျုပ်ကာကွယ်ပေးလို့မရတော့ဘူး

Vol. 52 Ch. 780

လုယန်မတွေးတတ်တော့။ ဘယ်နှကြိမ်ပြန်တွေးတွေး တွေးမရ။ ဘာကြောင့် ရှောက်ရှင်းဟိုင်ပျောက်သွားပြီး နဂါးမှော်ဖန်လုံးဖြစ်လာသည်မသိ။

ရှောက်ရှင်းဟိုင် ခေါင်းတလားထဲမှ ထသွားပြီး နဂါးမှော်ဖန်လုံးနှင့် အစားထိုးခဲ့လေသလားမသိ။

မုန်ကျင်းကျိုးနှင့် လီဟော်ရန်လည်း စဉ်းစားမရ။

အရိုးရိုင်းတစ်ယောက်သာ နားလည်လာဟန်ရှိသည်။ သူ့မျက်နှာတွင် ဝမ်းနည်းရိပ်များပြည့်နေသည်။

"မိတ်ဆွေရှောက်ဟိုင်က ဒဏ်ရာတွေကို မလွန်ဆန်နိုင်တော့လို့ စွမ်းအင်သန္ဓေလုံးဘဝကို ရောက်သွားပြီပေါ့"

လုယန် ".."

အရိုးရိုင်း...မင်းဝင်မပြောစမ်းပါနဲ့လားကွာ။ ငါ့တွေးနေတာ‌တောင်ဘယ်ရောက်သွားမသိတော့ဘူး...

"နဂါးမှော်ဖန်လုံးဆိုတာ ဘာလဲ"

လုယန် လီဟော်ရန်ကို တီးတိုးမေးသည်။

"အစစ်ကိုတော့ ကိုယ်တိုင်မမြင်ဖူးဘူး။ တစ်ဆင့်စကားနဲ့ပဲ ကြားဖူးတာ။ နဂါးမှော်ဖန်လုံးဆိုတာ နဂါးမျိုးနွယ်တန်ဖိုးအထားဆုံး အမွေအနှစ်ရတနာပါ။

ဇစ်မြစ်နောက်ခံလည်း မသိဘူး။ အဆင့်အတန်းကိုလည်း မှန်းဆလို့မရဘူး။ ဒါက လုံးဝဖျက်ဆီးလို့မရဘူး။ အဆိပ်အားလုံးကို ဖြေနိုင်စွမ်းရှိတယ်။ ဒဏ်ရာတွေကုသနိုင်တယ်။

ကျင့်ကြံမှုကို အထောက်အကူပေးနိုင်တယ်။ ကံကြမ္မာကောင်းချီးကိုတောင် ယူဆောင်ပေးနိုင်တယ်။ ဒီပစ္စည်းရဲ့ အံ့ဖွယ်အစွမ်းသတ္တိတွေက အဆုံးအစမရှိဘူး"

လုယန် ပြန်သတိရလာသည်။ တစ်ခါက သူ့ဆရာဝစီပိတ်သည် လူတစ်ယောက်ကိုကယ်ဖို့ နဂါးမျိုးနွယ်၏တန်ဖိုးအကြီးဆုံးရတနာကို ခိုးယူခဲ့သည်ဟု ကြားဖူးသည်။

ထိုနဂါးမှော်ဖန်လုံးပင် ဖြစ်လိမ့်မည်။

ယခု တပည့်ဖြစ်သည့်သူကိုယ်တိုင် ထိုပစ္စည်းကို ခိုးမိသလိုဖြစ်နေသည်။ ကံဆိုးလှသည်။ ချောက်နက်ထဲ ဆွဲချခံရသူဘဝရောက်နေသည်။ အဖြစ်အပျက်ကို သူလုံးဝနားမလည်။

အောင်းယဲ့က အောင်းရန်နှင့် ငြင်းခုန်နေဆဲဖြစ်သည်။ ခေါင်းတလားကိုကြည့်လေ သူ့စိတ်ထဲ ရင်းနှီးသလိုခံစားရလေ ဖြစ်လာသည်။

"အဲဒါက ဟိုခွေးသူတောင်းစား ချင်ကျိုးနန်ရဲ့ခေါင်းတလားပဲ"

အောင်းယဲ့ မှတ်မိသွားသည်။

တာအိုလမ်းစဉ်ဂိုဏ်း မဟာအကြီးအကဲ ချင်ကျိုးနန်။

တာအိုလမ်းစဉ်ဂိုဏ်းပိုင်ဆိုင်သည့် ခေါင်းတလားဖြစ်သည်။ နဂါးမှော်ဖန်လုံးသယ်လာသူကလည်း တာအိုလမ်းစဉ်ဂိုဏ်းဝင်များဖြစ်သည်။

ထိုကိစ္စသည် ထိုဂိုဏ်းနှင့် သေချာပေါက် ပတ်သက်နေရမည်။

အောင်းရန် စိတ်ပျက်လက်ပျက် သူ့နဖူးသူအုပ်ကိုင်လိုက်သည်။ ပြဿနာက တဖြေးဖြေးပိုရှင်းရခက်လာသည်။

ထိုစဉ် အမိန့်သံပါသည့် စကားသံတစ်ခု ကောင်းကင်မှ ဟိန်းထွက်လာသည်။

"တော်တော့အောင်းယဲ့။ ဒီကိစ္စက တာအိုလမ်းစဉ်ဂိုဏ်းကလူတွေနဲ့ ဘာမှမဆိုင်ဘူး"

အောင်းယဲ့ မော့ကြည့်သည်။ သူ့ထက်ပင် အရွယ်အစားကြီးမားသည့် နဂါးစစ်တစ်ကောင် ပင်လယ်ထဲဆင်းလာသည်ကို မြင်ရသည်။

တွန့်လိမ်လှုပ်ရှားနေသည့်ခန္ဓာကိုယ်က စွမ်းအားအပြည့်ရှိသည်။ လက်သည်းများကြားတွင် တစ်ခြားခေါင်းတလားတစ်ခု ဆုပ်ကိုင်ထားသည်။

အောင်းယဲ့ မျက်မှောင်ကျုံ့သွားသည်။

"အောင်းလီ၊ မင်းက ဟိုလူတွေကို လိုက်ဖမ်းနေတာမဟုတ်ဘူးလား"

လုယန်နှင့်မုန်ကျင်းကျိုးတို့ အောင်းလီကိုသိသည်။ အောင်းလီသည် နတ်ဆိုးနိုင်ငံတည်ပွဲတော်တွင် နဂါးမျိုးနွယ်ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သူဖြစ်သည်။

ထိုဖြစ်ရပ်က နဂါးနန်းတော်တွင် အောင်းလီ၏အဆင့်အတန်း ဘယ်လောက်မြင့်မားသည်ကို သက်သေခံနေသည်။

ထို့ပြင် အောင်းလီသည် မဟာအကြီးအကဲနှင့်လည်း အဆက်အသွယ်ရှိခဲ့ဖူးသည်။

အရင်က အောင်းလီ အတွင်းနတ်ဆိုးဆင်းရဲဖြတ်ကျော်ချိန်၊ အထူးသဖြင့် ဆန္ဒရမ္မက်စမ်းသပ်မှုကို ဖြတ်ကျော်ချိန်တွင် သူအတော်အခက်ကြုံပြီး ရုန်းမထွက်နိုင်ဖြစ်နေခဲ့သည်။

မဟာအကြီးအကဲက နည်းနည်းအကူအညီပေးခဲ့သည်။ အောင်းလီခန္ဓာကိုယ်ကို ဆန္ဒရမ္မက်မပေါ်နိုင်အောင် ဖျက်ဆီးပေးသည်။ ထို့ကြောင့် အောင်းလီ ရမ္မက်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့သည်။

ထိုကိစ္စသည် သူ့သိက္ခာကိုဆယ်ပေးခဲ့သည့် ကျေးဇူးတရားဖြစ်သည်။

အောင်းလီ မြေပေါ်သို့ဆင်းလာပြီး သူ့လက်သည်းကြားမှ ခေါင်းတလားကိုဖွင့်သည်။ နဂါးသွေးများပြည့်နေသည်။ အထဲတွင် နဂါးသွေးစုပ်ယူနေသည့် ရှောက်ရှင်းဟိုင်ရှိသည်။

ထိုနဂါးသွေးသည် နဂါးမျိုးနွယ်၏ စုစည်းခြင်းအဆင့်များကြားတွင် အရည်အသွေးအကောင်းဆုံးဖြစ်သည့် အောင်းလီ၏ကိုယ်ပိုင်သွေးဖြစ်သည်။

ရှောက်ရှင်းဟိုင်က ခေါင်းတလားထဲမှ နှုတ်ဆက်သည်။

"လုယန်၊ အခု ငါတို့အခြေအနေ ဘယ်လိုရှိလဲ"

လုယန်ကိုယ်တိုင်းလည်း လက်ရှိအခြေအနေကို နားလည်ချင်နေသည်။

"တူတော်ရှောက်ဟိုင်။ ခွန်ဖုန်မျိုးနွယ်က မင်းထွက်လာပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကို အသေးစိတ်ရှင်းပြပါဦး"

အောင်းရန်ကပြောသည်။

အခြေအနေကို နားမလည်သော်လည်း ရှောက်ရှင်းဟိုင် ရှင်းပြသည်။ သို့သော် သူ့အဖေရိုက်နှက်ခဲ့သည့်အကြောင်းကိုတော့ ချန်လှပ်ထားသည်။

မည်သို့ဆိုစေ မိသားစုအရှုပ်တော်ပုံများကို လူရှေ့သူရှေ့တွင် ချမပြသင့်။ အများအမြင်တွင် သူ့ဖခင်ကို အရှက်မရစေချင်လို။

လုယန်တို့က သူ့ကို ခေါင်းတလားဖြင့် ပင်လယ်မြို့တော်သို့ သယ်လာသည့်အကြောင်းသာပြောသည်။

အောင်းရန် နားလည်လာသည်။ အားလုံးရှင်းသွားသည်။

"ဒါဆို မင်းတို့ခေါင်းတလားကို ဟိုဝိညာဉ်ပြောင်းအဆင့်လေးယောက်က မှားယူသွားတာပေါ့"

မဟာအကြီးအကဲဝှက်ထားသည့်ခေါင်းတလားများ အရှေ့ပင်လယ်နေရာအနှံ့ရှိသည်။ ခေါင်းတလားချင်းမှားသည်မှာ အံ့ဩစရာမရှိ။

အောင်းလီက ခေါင်းခါ၍ ရှင်းပြသည်။

"အဲဒီ့လေးယောက်က သာမန်ဝိညာဉ်ပြောင်းအဆင့်တွေမဟုတ်ဘူး။ သူတို့သေပြီးတော့ ရုပ်ဖျက်ထားတွေပေါ်လာတယ်။ ကျူးရွှမ်ကျွန်းက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သူခိုးလေးယောက်ဆိုတာ အတည်ပြုပြီးပါပြီ"

"အဲဒီ့နတ်ဝိညာည်အဆင့်လေးယောက်လား...ဒီဘိုးဘေးနဂါးမြစ်ကို သူတို့ဆီကယူလာတာပါ"

မုန်ကျင်းကျိုးက ဝင်ပြောသည်။

အောင်းရန်ခေါင်တစ်ချက်ငြိမ့်၍ စိတ်သက်သာရာရသွားသည်။

"ဒါဆို နဂါးမှော်ဖန်လုံးကိုခိုးသွားတာ သူတို့လေးယောက်ဖြစ်မယ်။ ပြီးတော့ ငါတို့မျိုးနွယ်ဝင်ကိုပါသတ်ပြီး ဘိုးဘေးနဂါးမြက်ကို လုယူသွားတာဖြစ်မယ်။ ဒီတာအိုလမ်းစဉ်ဂိုဏ်းင်တွေနဲ့ ဘာမှမပတ်သက်ပါဘူး"

အောင်းလီကလည်း ထောက်ခံသည်။

"ငါလည်း အဲလိုပဲတွေးတယ်။ ဒီကိစ္စက နားလည်မှုလွဲတာပဲဖြစ်မှာပါ။ ဒါပေမယ့် ငါ့တူရှင်းဟိုင်က ငါတို့မျိုးနွယ်ကိုယ်စား သူခိုးလေးယောက်ကို ကူသတ်ပေးခဲ့တဲ့ကိစ္စကိုတော့ မေ့ထားလို့မရဘူး။ ဒီတော့ ငါတို့မျိုးနွယ်ရဲ့ သူရဲကောင်းအဖြစ် သတ်မှတ်ရမှာပဲ"

လုယန်တို့လည်း အသက်ရှူချောင်သွားသည်။ အခြေအနေရှင်းလင်းသွားလျှင် ပြောဆိုဆက်ဆံရပိုပြေလည်လာတော့မည်။ မည်သို့ဆိုစေ သူတို့လေးယောက်သည် တော်ဝင်လမ်၏ ဖြူစင်ရိုးသားသည့် ကျင့်ကြံသူများဖြစ်သည်။

နဂါးနန်းတော်နယ်မြေတွင် တစ်ပတ်လှည့်ကြည့်ရုံဖြင့် သူခိုးဘဝပြောင်းသွားမည့်လူများမဟုတ်။

ထိုသို့လုပ်လျှင် တာအိုလမ်းစဉ်ဂိုဏ်း၏ နာမည်ဂုဏ်သတင်း ပျက်စီးသွားလိမ့်မည်။

သို့သော် မျက်မြင်သက်သေရှောက်ရှင်းဟိုင် မရှိလျှင်လည်း လုယန် အခြေအနေကိုရှင်းပြပြီး နဂါးမျိုးနွယ်သံသယကို ဖျောက်ဖျက်နိုင်စွမ်းရှိပါသည်။

အစောကြီးကတည်းက နတ်မယ် တဟားဟားရယ်နေခဲ့သောကြောင့်ဖြစ်သည်။

အဖြစ်အပျက်တစ်ခုလုံးကို သူမြင်ခဲ့လိမ့်မည်။ ဘာမှမပြောသည်သာရှိသည်။

သိစိတ်နယ်မြေတွင် ရေသူမနတ်မယ် ရယ်ရလွန်းသဖြင့် ရေကူးဖို့ပင် ခွန်အားမကျန်တော့။ ရေမွေ့ယာပေါ် ဘယ်ညာလူးလှိမ့်၍နေသည်။ သူ့ရယ်သံ သိစိတ်နယ်မြေတွင် ပဲ့တင်ထပ်နေသည်။ လုယန်မျက်နှာတင်းနေသည်ကို လုံးဝအရေးမစိုက်။

လုယန် မသေမျိုးဖြစ်ချင်စိတ်ပေါက်နေသည်။ အကျင့်ယုတ်သည့်နတ်မယ်ကို သင်ခန်းစာပေးလိုက်ချင်သည်။

"ဒါနဲ့နတ်မယ်၊ ဒီနဂါးမှော်ဖန်လုံးကို အရင်ကမြင်ဖူးလား"

ထိုရတနာသည် ရှေးဟောင်းပစ္စည်းဟု လီဟော်ရန်ကပြောသည်။ ရှေးဟောင်းခေတ်မှလူဖြစ်သည့် နတ်မယ်လည်း ထိုအကြောင်း သိကောင်းသိနိုင်သည်။

"ဘာနဂါးမှော်ဖန်လုံးလဲ။ အဲဒါ ချီလင်နဲ့ယင်ထန်တို့ မြေပေါ်မှာ ဇယ်ပစ်တမ်းကစားနေကျ ပုလဲလုံးပါ။ ဒါက နှစ်လုံးတွဲရှိသင့်တာ။...အဲ.."

လုယန်အူကြေင်ကြောင် ပြန်ကြည့်နေသဖြင့် သူနားမလည်ကြောင်း နတ်မယ်သဘောပေါက်သွားသည်။

"နင်ဟိုပုံပြင်တွေမကြားဖူးဘူးလား။ ဈေးလိုနေရာတွေမှာ 'ပုလဲနဲ့ကစားတဲ့ချီလင်'တို့ 'ပုလဲနဲ့ကစားတဲ့နဂါး'တို့လို့ ရုပ်ပုံတွေ ရှိတာပဲ။

အဲဒါကို မင်္ဂလာရှိတဲ့နိမိတ်လို့ ပြောကြတယ်လေ။ မင်္ဂလာရှိတယ်လို့ပြောတာလည်း မမှားပါဘူး။ ငါသူတို့ကို အစားအသောက်ဖိတ်ကျွေးတဲ့တိုင်း မစားခင် တစ်ပွဲလောက်တော့ဆော့ကြတယ်။

ပြီးတော့ စားသောက်တဲ့အချိန် အဲဒီ့ပုလဲတွေကို စားပွဲပေါ်မှာတင်ထားတယ်။..ဪ ပြီးတော့ ဒီပစ္စည်းက အဆိပ်ပြေစေတဲ့ အာနိသင်လည်းရှိတယ်တဲ့။ ဘာအတွက်သုံးကြလဲတော့မသိဘူး"

လုယန် နားလည်လိုက်သည်။ ထိုပစ္စည်းသည် အဆိပ်ဖြေနိုင်သည့် မှော်ပစ္စည်းတစ်မျိုးဖြစ်မည်။ နတ်မယ်ဆီ စားသောက်ပွဲတက်တိုင်း ကစားဖို့ဟုအကြောင်းပြပြီး ထိုပုလဲများကို ယူလာကြခြင်းဖြစ်မည်။

နတ်မယ်လေသံအရ ထိုပုလဲ၏ အဆိပ်ဖြေအာနိသင်သည် သိပ်အစွမ်းထက်ပုံမပေါ်။

"ဒါပေမယ့် ဒီပုလဲလုံးက အတော်ကြီးတယ်။ ချီလင်အတွက် ကစားရတာ အဆင်ပြေလို့လား"

နဂါးပုလဲသည် လက်သီးဆုပ်အရွယ်ရှိသည်။

"ဪ...ဒါက မူလပုံစံမဟုတ်ဘူးလေ။ အပြင်ဘက်မှာ အကာတစ်ခုထည့်ထားတာ။ ဒီပုလဲရဲ့ပုံစံအစစ်ကို ငါပြမယ်"

လုယန် တားဖို့ပြင်သည်။ ထိုစဉ် ရှေးဟောင်းမှော်စာလုံးများ ထိုးထွက်လာသည်ကို မြင်လိုက်ရသည်။ ခေါင်းတလားထဲငြိမ်သက်နေသည့် နဂါးပုလဲမျက်နှာပြင်တွင် အက်ကြောင်းများ ပေါ်လာသည်။

"ဖျောက်"

အားလုံး၏မျက်စိရှေ့မှာပင် နဂါးပုလဲ အက်ကွဲသွားသည်။ မူလအသွင်ပေါ်လာသည်။ ဆေးလုံးအရွယ်ခန့်ရှိသည့် မီးခိုးရောင်ပုလဲတစ်လုံးဖြစ်သည်။

"နင်ကြည့်လိုက်၊ အဲဒါ မူလပုံစံအစစ်ပဲ။ ဒီပုလဲက ကြယ်ကမ္ဘာတစ်ခုလုံးကိုယူပြီး ဖန်တီးထားတာ။ အရမ်းမာတယ်"

နဂါးမျိုးနွယ်များ အံ့ဩနေသည်။ နဂါးမှော်ဖန်လုံးသည် လုံးဝမပျက်စီးနိုင်ဟု သူတို့သိထားကြသည်။ ယခု ဘာကြောင့် ရုတ်တရက် အက်ကွဲသွားသည်မသိ။

လုယန် မလုံမလဲဖြင့် ခေါင်းငုံ့ထားလိုက်သည်။

ရုတ်တရက် သူ့ခါးတွင်ဆွဲထားသည့် ကျောက်စိမ်းတံဆိပ် ပူနွေးလာသည်။ မီးခိုးရောင်ပုလဲနှင့် ဆက်သွယ်မှုတစ်ခု ဖြစ်လာသည်။

ပုလဲက ခေါင်းတလားထဲမှ ပျံထွက်လာသည်။ လုယန် အံ့ဩနေစဉ်မှာပင် ပြင်းထန်သည့်အားလှိုင်းတစ်ခုက ပုလဲလုံးဆီ သူ့ကိုဆွဲယူသွားသည်။

ကျောက်စိမ်းတံဆိပ်ထဲမှ နဂါးလက်ကောက်က နဂါးပုလဲနှင့် စွမ်းအင်ချိတ်ဆက်နေခြင်းဖြစ်ကြောင်း လုယန်နားလည်လာသည်။

"ဟာ"

အားလုံးအံ့အားသင့်သွားသည်။ ပုလဲလုံးက လုယန်နှင့်အတူ ကောင်းကင်သို့ထိုးတက်၍ ချက်ချင်းပျောက်ကွယ်သွားသည်။

မြန်လွန်းသဖြင့် ဘယ်သူမှမီအောင်မလိုက်နိုင်ကြ။

အောင်းယဲ့က မျက်တောင်တစ်ချက်ခတ်လျက်

"လုယန်က နဂါးမှော်ဖန်လုံးကိုခိုးသွားတားလား။ ဒါမှမဟုတ်...နဂါးမှော်ဖန်လုံးက လုယန်ကို ခိုးသွားတာလား"

အောင်းလီလည်း အခြေအနေကို ဘယ်လိုဖြေရှင်းရမှန်းမသိသဖြင့် တွေးတွေးဆဆပြောသည်။

"တာအိုလမ်းစဉ်ဂိုဏ်းကလူတွေကို ဆက်သွယ်ကြမလား"

အောင်းရန်က လုယန်နှင့်ပုလဲပျောက်သွားသည့် ကောင်းကင်ဆီမော့ကြည့်နေသည်။ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချသည်။

'လောင်ပါး...ဒီကိစ္စကိုတော့ ကျုပ်ဘယ်လိုမှ ကာကွယ်မပေးနိုင်တော့ဘူး'

************************************

All Chapters