စိုက်ပျိုးရေးနတ်ဘုရား သက်တော်ရာကျော် ရှည်ပါစေ
Vol. 15 Ch. 200
ကိုယ်စားလှယ် အားလုံးတို့သည် အကာအကွယ်မန္တန် အသီးသီး ထုတ်လွှတ်ကာဖြင့် ကြောက်မက်ဖွယ်ရာ ရေထုဖိအားကို ခုခံကြလေသည်။
သူတို့၏ ခန္ဓာကိုယ်များသည် ထိုဖိအားကို ရင်ဆိုင်နိုင်ကြသော်လည်း အသက်စေ့မှာမူ ထိုကဲ့သို့ မဟုတ်ပေ။
ထိုအကြောင်းကို စဉ်းစားကာဖြင့် လူတိုင်းသည် ဟုန်သိုအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိကြသည်။
သူတို့ ရောက်ရှိနေသည့် သမုဒ္ဒရာ ပတ်လည်သည် ပိန်းပိတ်အောင် နက်မှောင်နေသည့်အပြင် သုဿန်တစ်ပြင်ကဲ့သို့ တိတ်ဆိတ်နေလေသည်။
ဩဂတ်စ်သည် အလင်းမန္တန်တစ်ခုအား အသုံးပြုကာဖြင့် သူတို့၏ ပတ်ဝန်းကျင်အား စစ်ဆေးလေ့လာလိုက်သည်။
ပတ်လည်တွင် ဝိုင်းရံထားသည်များအား မြင်လိုက်သည့်အခါ သူတို့အားလုံးတို့မှာ ချက်ချင်းပင် ဆွံ့အသွားကြလေသည်။ သောက်မကောင်းဆိုးဝါးတွေရဲ့ နေရာဟ။ ငိုးးးးး
သူတို့ပတ်လည်တွင် မရေမတွက်နိုင်အာင် များပြားလှသည့် အနက်ရောင် အရိပ်များ လွင့်မျောလျက်ရှိပြီး ပင်လယ်နက်အတွင်းမှ ထူးဆန်းသည့် ပုံသဏ္ဌာန်နှင့် ငါးများသည် ပါးစပ်များဟကာဖြင့် ကူးနေကြသလို အဝေးတစ်နေရာရှိ တွန့်လိမ်နေသော ပုံရိပ်များသည် ယင်းတို့ထံ ချဉ်းကပ်လာသည့် မည်သည့်သက်ရှိ အရာကိုမဆို အပိုင်းပိုင်းအစစ ဖြစ်သည်အထိ ဖျက်ဆီးဝါးမျိုပစ်လေသည်။
သူတို့၏မျက်လုံးများ ကျဉ်းသွားကြ သော်လည်း ဩဂတ်စ်၏ အလင်းမန္တန်အား သိသိသာသာ တုံ့ပြန်ကြခြင်း မရှိကြပေ။
“ဒီလိုလေးပဲ တိတ်တိတ်လေး မတ်တတ်ရပ် နေကြမယ်ဆိုရင် အဆင်ပြေမယ် မဟုတ်လား”
လျှိုချင်ဟွမ်သည် အန်လင်းအား အသံဖြင့် ဆက်သွယ်လိုက်သည်။
“ကျွန်တော်တော့ အဲဒီလိုမထင်မိဘူး။ ပြီးခဲ့တဲ့တစ်ခါတုန်းက နှင်းပြိုကျလာတယ်လေ။ အခုတစ်ခါလည်း အဲဒီလိုပဲ မရိုးရှင်းလောက်ဘူး”
အန်လင်းသည် မျက်လုံးများ ဝေ့ကြည့်ကာဖြင့် ပြောလိုက်သည်။
ထိုအချိန်မှာပင် ကြီးမားလှသည့် အနက်ရောင် အရိပ်တစ်ခုသည် ယင်း၏ ပါးစပ်ကြီးအား ဖွင့်ဟကာဖြင့် သူတို့ထံ ချဉ်းကပ်လာလေသည်။
ယင်း၏ပါးစပ်မှ ရေများပန်းထွက်လာပြီး လူတိုင်းသည် ရုတ်တရက်ဆိုသလို ပြင်းပြင်းထန်ထန် ဆွဲချခြင်းအား ခံစားကြရသည်။
“အားလုံးပဲ ဂရုစိုက်။ အဲဒီမကောင်းဆိုးဝါးကို ကျုပ်ရင်ဆိုင်လိုက်မယ်”
ချင်ယန်သည် အော်ဟစ်ကာဖြင့် ကြီးမားလှသည့် အနက်ရောင် အရိပ်ကြီးထံ ပြေးဝင်သွားလေသည်။ သူ၏လက်များမှ ရွှေရောင်အလင်းများ ပြိုးပြိုးပြက်ပြက် တောက်ပ ထွက်ပေါ်လာပြီး …
“ရွှေရောင်ဗုဒ္ဓလက်ဖဝါး”
“ချင်ယန် အလျင်မလိုနဲ့” ချင်ကျစ် အော်ဟစ်လိုက်သည်။
သို့သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ချင်ယန်သည် အနက်ရောင် အရိပ်ထံသို့ ပြေးဝင်သွားနှင့်ပြီး ဖြစ်ကာ ပေတစ်ရာခန့်ရှိသည့် သူ၏ရွှေရောင် လက်ဖဝါးကြီးသည် ကြောက်မက်ဖွယ်ရာ စွမ်းအားဖြင့် ပျံသန်းသွားလေသည်။
ဘုန်း
အနက်ရောင် အရိပ်သည် ချင်ယန်၏ လက်ဖဝါးချက် အောက်တွင် လွင့်ပျောက်သွား လေသည်။
သို့သော်လည်း ချင်ယန်သည် ရုတ်တရက်ဆိုသလို ထူးဆန်းသည့် ကြောက်မက်ဖွယ်ရာ အာရုံတစ်ခု၏ လွှမ်းမိုးခြင်း ခံလိုက်ရသည်။
သူ၏ မျက်ဆံများ ကျဉ်းမြောင်းလာပြီး နောက်တွင် ပိန်းပိတ်အောင် နက်မှောင်နေသည့် ရေထဲ၌ ရေတွက်၍မရနိုင်အောင် များပြားလှသော ကြီးမားသည့် အနက်ရောင်အရိပ်များ ပေါ်လာပြီး ချင်ယန်ထံ ပြေးဝင်လာကြလေသည်။
ထက်မြိနေသည့် လက်သည်းများ၊ လက်တံများ၊ အဆိပ်ရှိသည့် ဦးမှင်များ၊ ချွန်ထက်သည့် ဆူးတောင်များ ... စသည်တို့သည် ချင်ယန်အား ဝိုင်အုံတိုက်ခိုက် လာလေသည်။
“အားးးးး”
ချင်ယန်၏ မချိတင်ကဲ အော်ဟစ်သံမှာ ပိန်းပိတ်အောက် နက်မှောင်နေသည့် သမုဒ္ဒရာအတွင်း ထွက်ပေါ်လာလေသည်။
အခြားသူများမှာမူ သူတို့သည် ကီလိုမီတာများစွာ အကွာတွင် ထွက်ပြေးလျက် ရှိကြလေသည်။
ချင်ကျစ်နှင့် ချင်ရှင်းတို့သည် ချင်ယန် ပျောက်ကွယ်သွားသော နေရာကိုသာ ကြည့်နေမိကြသည်။ ထို့နောက်တွင် လက်အုပ်ချီကာဖြင့် ‘အော်မီသောဖော်’ ဟူ၍ ရေရွတ်လိုက်ကြ ပြီးနောက် ရှေ့ဆက်သွားကြ လေသည်။
ချင်ယန်ဦးစွာ တိုက်ခိုက်လိုက်သော မကောင်းဆိုးဝါး၏ နောက်တွင် အရိပ်များစွာ အုပ်သည်းနေသည်ကို သူတို့မြင်တွေ့ထားပြီး ဖြစ်သည်။
ထိုမျှလောက်အထိ များပြားလှစွာသော မကောင်းဆိုးဝါးများနှင့် ဆိုလျှင် အားလုံးအတူတကွ စုစည်းတိုက်ခိုက်ကြမည် ဆိုလျှင်ပင် သူတို့အနေဖြင့် ရှုံးနိမ့်ဖို့ရန်သာ ရှိသည်။
သို့သော်လည်း အခြားသော အင်အားကြီးသုံးရပ်မှ ကိုယ်စားလှယ်များသည် တုံ့ဆိုင်းခြင်းမရှိဘဲ ချင်ယန်အား စတေးပစ်ရန် ရွေးချယ်ခဲ့ကြသည်။
ထို့အတွက်ကြောင့် တိုက်ခိုက်ဖို့ ကြိုးစားရန် မဖြစ်နိုင်တော့ပေ။
ချင်ယန်ကဲ့သို့ စဉ်းစားတွေးတောခြင်း မရှိဘဲ သွေးရူးသွေးတန်း တိုက်ခိုက်ကြမည်ဆိုလျှင် ဗုဒ္ဓလောကမှ ကိုယ်စားလှယ်အားလုံး တစ်နေရာတည်းမှာပင် သတ်ဖြတ်ခြင်း ခံကြရပေလိမ့်မည်။ ထို့ကြောင့် ချင်ယန်အား မကယ်တင်လို၍ မဟုတ်ဘဲ ရွေးချယ်ရန် မရှိခြင်းကြောင့်ပင် ဖြစ်သည်။
“ချင်ယန် သတ်ဖြတ်ခံလိုက်ရပြီ။ ရမှတ် ၂ မှတ်”
ဗာနက်ဆာ၏အသံ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ချင်ယန်၏ ခန္ဓာကိုယ်သည်လည်း တည်နေရာ ရွေ့ပြောင်းခြင်း ခံလိုက်ရသည်။
“ဒီလိုအခြေအနေမျိုးမှာ အဖွဲ့ကနေ ခွဲထွက်တယ်ဆိုတာ အဆိုးဝါးဆိုးအရာပဲ။ အဲဒီ ချင်ယန်က တကယ်ကို ဦးနှောက်မရှိတာပဲ”
လျှိုချင်ဟွမ် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ခေါင်းယန်းလိုက်သည်။
“ဒီလိုပုံမျိုးနဲ့ဆိုရင် League of Valor သာ ကစားလို့ကတော့ ကြေးအဆင့်ကနေ တက်မှာကို မဟုတ်ဘူး”
အန်လင်းသည် သူ၏နံဘေးရှိ အမျိုးသမီးအား စောင်ကြည့်လိုက်သည်။ အခြားသူ တစ်ဦး တစ်ယောက်သာလျှင် ထိုစကားများကို ပြောလာပါက သူ့အနေဖြင့် ကန့်ကွက်ရန် မရှိပေ။
သို့သော်လည်း ထိုအမျိုးသမီးထံမှ ထွက်ပေါ်လာခြင်းကြောင့် အန်လင်းသည် ချင်ယန်အတွက် စော်ကားခံရသလိုပင် ခံစားနေမိသည်။
သမုဒ္ဒရာအောက်ခြေတွင် လူတိုင်းသည် မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အခါတွင် ပြေးလွှားရှောင်ပုန်းခြင်း လမ်းစဉ်ကို ခိုင်မာစွာ ကိုင်စွဲကာဖြင့် ဤနယ်မြေအား ဖြတ်သန်း ကျော်လွှားနိုင်ရန် ပြုလုပ်ကြလေသည်။
“ဂုဏ်ယူပါတယ်။ မင်းတို့အားလုံး တတိယနယ်မြေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ”
ဗာနက်ဆာ၏ ကြေညာချက်အပြီးတွင် နေရာရွှေ့ပြောင်း ခံရပြန်သည်။
ဤတစ်ကြိမ်တွင် သူတို့အားလုံးတို့သည် စားသောက်ဆိုင် တစ်ခုသို့ ရောက်ရှိလာကြ လေသည်။
အတော်လေး ဆွံ့အနေမိကြသည်။ ကျော်လွန်ခဲ့သည့် နယ်မြေများမှာ အတော်လေး အန္တရာယ်များပုံရသည်။ သို့သော်လည်း ဤစားသောက်ဆိုင် အခင်းအကျင်းသည် သူတို့အား မည်ကဲ့သို့ ဖြစ်စေချင်နေသနည်း။
သူတို့အားလုံး အသိပြန်မလည် လာခင်မှာပင် ဗာနက်ဆာ၏အသံ ထွက်ပေါ်လာပြန်သည်။
“အားအင်ကုန်ခန်းအဆိပ် မန္တန်ဝင်္ကပါ”
ဝုန်း
ပြိုင်ပွဲဝင် ကိုယ်စားလှယ်အားလုံး တစ်ညီတစ်ညာတည်း ယိမ်းထိုးကာဖြင့် အားအင်ကုန်ခန်း ဝင်္ကပါ၏ သက်ရောက်မှုကို ခံစားကြရသည်။
မရှေးမနှောင်းမှာပင် တောင်ပို့တမျှရှိသည့် ပစ္စည်းများ သူတို့ရှေ့၌ ပေါ်လာသည်။
ဗာနက်ဆာ၏အသံ ထွက်ပေါ်လာပြန်သည်။
“အခု မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သေစေနိုင်လောက်တဲ့ အဆိပ် ရှိနေတယ်။ မင်းတို့ရဲ့ အဆိပ်ကို ဖြေဖို့အတွက် သင့်တော်တဲ့ အရာကို ဒီအရာတွေထဲကနေ ရှာဖွေရမယ်။ ဒီထဲက တချို့အရာတွေက မင်းတို့ကို ကယ်နိုင်မှာဖြစ်ပြီး တချို့ကတော့ သေစေနိုင်တယ်နော်။ အချိန်အများကြီး မရဘူးဆိုတော့ မြန်မြန်လေး ရွေးကြတော့”
လူတိုင်း၏မျက်လုံးများ အရောင်လက်သွားပြီး နောက်တွင် တုံ့ဆိုင်းခြင်းမရှိဘဲနှင့် သူတို့အရှေ့ရှိ ပစ္စည်းပုံအား မွှေနှောက်ကြလေသည်။
အဆိပ်ဖြေနိုင်မည့်အရာ အနည်းငယ်သာ ရှိမည်ဆိုလျှင် ချက်ချင်းဆိုသလို အပြေးအလွှား ရှာဖွေသင့်သည် မဟုတ်ပါလား။
ဘာကိုများ စောင့်နေရဦးမည်နည်း။
“ငါ့တို့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်က ချီစွမ်းအင်တွေကို အားနည်းပြီး ပျောက်ကွယ်လာစေတယ်။ ဒါက ယင်ဓာတ်ပါဝင်တဲ့ အဆိပ်ပဲ။ ချီစွမ်းအင်ကို ပြန်စုစည်းဖို့အတွက် ယန်ဓာတ်ပါဝင်တဲ့ ပစ္စည်းတွေကို စုဆောင်းဖို့ လိုအပ်တယ်။ အဲဒီကနေမှ သင့်တော်တဲ့ ဖြေဆေးကို ပြန်ရွေးကြတာပေါ့”
ဝမ်ရွှမ်ကျန့်သည် လျင်မြန်စွာ ရှင်းပြလိုက်သည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ကြပြီး ပစ္စည်းပုံအား စတင်ရှာဖွေကြ လေသည်။
နှစ်မိနစ်ကြာပြီးနောက်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့ နှစ်ဦးစလုံး ရှာဖွေနေခြင်းအား ရပ်တန့်လိုက်ကြ ပြီးနောက် စိတ်ပျက်အားငယ်စွာဖြင့် ကောင်းကင်အား မော့ကြည့်လိုက်ကြသည်။
ထိုသောက်ရေး မပါလှသော ယန်ဓာတ်ပါဝင်သည့် ပစ္စည်းများသည် မည်သည့်နေရာမှ ရောက်ရှိလာကြသနည်း။ သူ့အနေဖြင့် တစ်ခုတလေမျှပင် မရှာဖွေနိုင်ပေ။
ထိုအခြေအနေအရ ဆေးရည်၊ ဆေးလုံးများနှင့် ပတ်သက်သော အသိပညာသည် အရေးကြီးသည့်အကြောင်း မီးမောင်းထိုးပြနေ သကဲ့သို့ပင် ဖြစ်သည်။
တစ်ဦးမှာ တစ်နှစ်မျှသာလျှင် ကျင့်ကြံရသေးသော ‘ငနု’ ကောင်ဖြစ်ပြီး ကျန်တစ်ဦးမှာ အင်တာနက်နှင့် ဂိမ်းအား အရူးအမူးဖြစ်နေသည့် မိန်းမငယ်လေး ဖြစ်လေသည်။ သို့ဖြစ်ရာ သူတို့အတွက် အခွင့်အရေး နည်းနည်းလေးမျှပင် မရှိချေ။
အန်လင်းမှာ အရှုံးမပေးချင်သည့်အတွက် ဂျင်ဆင်းပင်များအား နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ် စတင်အသုံးပြုလေသည်။
သူ၏စိတ်ထဲတွင် အချက်အလက် တသီတတန်းကြီး စတင်ပေါ်လာလေသည်။ “ရှေးဟောင်းပင်လယ်နက် ဂျင်ဆင်း။ ပင်လယ်နက်ရဲ့ အနက်ပိုင်းမှာ ရှင်သန်ကြီးထွားပြီး ဆူးချွန်တစ်ထောင် ပြည်ကြီးငါးနဲ့ သစ်သန္တာကောင်တို့ရဲ့ မစင်တို့ ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အဆင့် ၉ ရှိသည့် စိတ်ဝိညာဉ်ဆေးဝါး ဖြစ်ပြီး အစပ်အရာသာဖြစ်ကာ သကြားပါဝင်မှု မရှိချေ။ ကျောက်ကပ်၏ အလုပ်လုပ်နိုင်စွမ်းအား မြင့်မားစေရန် အထောက်အကူပြုသည်”
(ဒီနေရာမှာ ရှေးဟောင်းပင်လယ်နက် ဂျင်ဆင်း ဆိုတာမှာ ပါဝင်တဲ့ ‘နက်’ ဆိုတာ deep ကို ဆိုလိုတာ ဖြစ်ပြီး ပင်လယ်နက်ရဲ့ အနက်ပိုင်းမှာ ဆိုတဲ့ နေရာက ‘ပင်လယ်နက်’ ဆိုတာကတော့ Black Sea ကို ဆိုလိုတာ ဖြစ်ပါတယ်_)
အန်လင်း : “…”
အရမ်းကို အသေးစိတ် ကျလွန်းသည်။ အရသာကိုပါ ဖော်ပြပေးထား လေသသည်။ သို့သော်လည်း ယင်း၏ သောက်ကျိုးနည်း ဂုဏ်သတ္တိများကို ပြောထားခြင်းမရှိပေ။
မကြာမီပင် ကိုယ်စားလှယ် အားလုံးတို့သည် အသုံးဝင်သည့် ဆေးဝါးပစ္စည်းများအား သိမ်းယူလိုက်ကြလေသည်။
ဝမ်ရွှမ်ကျန့်သည် ဆေးဝါးတစ်ပြုံအား ပွေ့ပိုက်ကာဖြင့် အန်လင်းနှင့် လျှိုချင်ဟွမ်တို့အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေသည်။ ထို့နောက်တွင် ခေတ္တမျှ ကြောင်အသွား လေတော့သည်။
“ဘယ် ... ဘယ်မှာလဲ မင်းတို့ရှာထားတာတွေ”
တုန်ယင်နေသည့် အသံဖြင့် မေးလိုက်လေသည်။ သူ၏နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာတော့သည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့ နှစ်ဦးစလုံးသည် လက်ဗလာဖြင့် ရပ်နေကြပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကြလေသည်။
လျှိုချင်ဟွမ်သည် ကြောက်လန့်တကြားဖြင့် “ကောင်းပြီလေ။ ငါတို့နှစ်ယောက်က ဘာကိုမှ မရထားပေမဲ့လည်း စိုက်ပျိုးရေး နတ်ဘုရားရဲ့ စိတ်ဝိညာဉ်ကို အတုခိုးလို့ရသေးတာပဲ”
လျှိုချင်ဟွမ်၏ စကားများကို ကြားသည့်အခါတွင် အန်လင်း၏ မျက်လုံးများ အရောင်လက်လာသည်။ သူ၏ကိုယ်ပိုင်ဖြစ်တည်မှု၏ ရည်ရွယ်ချက်အား ရှာဖွေတွေ့ရှိလိုက်ရပြီ ဖြစ်သည်။
“အမှန်ပဲ။ ကျွန်တော်တို့က စီနီယာဝမ် ရှာဖွေလာတာတွေကို စမ်းသပ်ပေးတဲ့ ပူးကောင်လေးတွေ ဖြစ်ပေးနိုင်တာပဲ”
ဒဏ္ဍာရီများတွင် စိုက်ပျိုးရေး နတ်ဘုရားသည် ကမ္ဘာပေါ်ရှိ ဆေးဝါးများအား အရသာခံ စားသုံးကာဖြင့် ယင်းတို့၏ ဂုဏ်သတ္တိနှင့် လုပ်ဆောင်ချက်တို့ကို ဆုံးဖြတ်သတ်မှတ် ပေးခဲ့သည်။ သူတို့သည်လည်း ထိုနည်းလမ်းကို အတုခိုးနိုင်သည် မဟုတ်ပါလား။
ဝမ်ရွှမ်ကျန့်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် ရုတ်တရက်ဆိုသလို ပင်ပန်းနွမ်းနယ် လာတော့သည်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အား စစ်ဆေးကြည့်လိုက်ပြီး သူ၏အနောက်တွင် ရှိနေသည့် ထိုမကောင်းဆိုးဝါး နှစ်ကောင်အား စကားဆက်ပြောလိုစိတ် မရှိတော့ပေ။
ဝမ်ရွှမ်ကျန့်၏ လက်ဝါးပေါ်တွင် မီးတောက်ကလေးများ ကခုန်လျက်ရှိပြီး ဆေးပစ္စည်းများ လေပေါ်တွင် လွင့်မျောလာသည်။
ကျောက်ပြာမီးတောက်ပန်း ၁၀ ဂရမ်၊ နဂါးသွေးကြော ၈ ဂရမ်၊ သွေးမြစ် ၁၆ ဂရမ်။
“ပေါင်းစပ်”
ဝမ်ရွှမ်ကျန့်သည် သူ၏လက်အား ဖမ်းဆုပ်လိုက်သည့်အခါ ဆေးဝါးများတွင် ပါဝင်သည့် အဆီအနှစ်များအားလုံး စတင်ပေါင်းစပ်ကာ တောက်ပသည် ရွှေရောင်ဆေးလုံး ဖြစ်ပေါ်လာသည်။
ခန္ဓာကိုယ်အတွင်းရှိ အဆိပ်ကြောင့် အားနည်းနေပြီး ဖြစ်သဖြင့် ဆေးဖော်စပ်ရာတွင် ကုန်ဆုံးခဲ့သည့် အားအင်များသည် သူ့အား သတိမေ့သွားမတတ်ပင် ဖြစ်စေသည်။ သို့သော်လည်း အောင်မြင်စွာပင် ဆေးဖော်စပ်နိုင်ခဲ့သည်။
“စီနီယာ ဝမ် အဲဒီဆေးလုံးကို ကျွန်မစမ်းသပ်ပါရစေ။ သေရမှာ မကြောက်ပါဘူး”
လျှိုချင်ဟွမ်သည် တက်ကြွစွာပင် ဗော်လံတီယာလုပ်ရန် တောင်းဆိုလေသည်။
အဆိပ်ဖြေနိုင် မဖြေနိုင်ကို ဆုံးဖြတ်ပေးနိုင်ရန် ကြိုးစားလေသည်။ အကယ်၍ ပါဝင်ပစ္စည်းအချိုးအဆ မှန်ကန်မှု မရှိပါက သူတို့ သေသွားနိုင်ပေသည်။
“စီနီယာ ဝမ် ဒီလိုမျိုး အန္တရာယ်များတဲ့ တာဝန်က ကျွန်တော့် ပခုံးပေါ်မှာပဲ ကျရောက်သင့်ပါတယ်”
အန်လင်းသည် ရဲရဲဝံ့ဝံ့ပင် လက်ဆန့်ထုတ် လိုက်သည်။
ဝမ်ရွှမ်ကျန့်သည် လျှိုချင်ဟွမ်နှင့် အန်လင်းတို့အား အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူ၏ပါးစပ်အတွင်း ဆေးလုံးကို ပစ်ထည့်လိုက်လေသည်။
လျှိုချင်ဟွမ် : “…”
အန်လင်း : “…”
“ပထမဆုံး အချိန်မလောက်တော့ဘူး။ ဒုတိယတစ်ချက် နောက်ထပ် ဆေးလုံးဖော်ဖို့ ပစ္စည်းတွေ လုံလုံလောက်လောက် မကျန်တော့ဘူး။ နောက်ဆုံးအနေနဲ့ နောက်တစ်လုံး ဖော်ဖို့အတွက် စွမ်းအင် မလုံလောက်တော့ဘူး”
ဝမ်ရွှမ်ကျန့်သည် အေးစက်စွာ ပြောလိုက်ပြီးနောက် အလွန်စိတ်ပျက်သည့် အမူအရာဖြင့် ရှိနေလေသည်။
ထိုသို့ဖြင့် လျှိုချင်ဟွမ်နှင့် အန်လင်းတို့သည် စိုက်ပျိုးရေး နတ်ဘုရားအား တုပရန် အခွင့်အရေးပင် မရရှိလိုက်ကြချေ။
သုံးမိနစ်သာလျှင် ကျန်ရှိတော့သည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် ဝမ်ရွှမ်ကျန့် ဆေးဖော်စပ်ရာမှ ကျန်ရှိသည်များအား ကောက်ယူလိုက်ပြီးနောက် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။
“အစ်မ ဘယ်ဟာကို စားချင်လဲ”
အန်လင်း မေးလိုက်သည်။
လျှိုချင်ဟွမ်သည် အရောင်အသွေး စုံလင်သည့် ဆေးဝါးများအား ကောက်ယူလိုက်ပြီးနောက်…
“ဒီဟာတွေက အနည်းဆုံးတော့ လှနေသေးတယ်လေ။ ဒါတွေကို စားမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်တယ်”
အန်လင်း ခေါင်းညိတ်လိုက် ပြီးနောက် ကျန်ရှိနေသည်များအား ပါးစပ်အတွင်း ပစ်ထည့်လိုက်လေသည်။
ဤသို့ဖြင့် စိုက်ပျိုးရေး နတ်ဘုရားနှစ်ပါးသည် ဆေးဝါးများအား စတင်ဝါးလိုက်ကြသည်။
သူတို့နှစ်ဦးစလုံးမှာ အန္တရာယ်အများဆုံး အခြေအနေသို့ ရောက်ရှိနေကြသည့် အတွက် နောက်ဆုံးအနေဖြင့် တတ်နိုင်သလောက် အားထုတ်ကြိုးပမ်း မိကြခြင်း ဖြစ်သည်။
“အားးးး အရမ်းခါးတယ်”
လျှိုချင်ဟွမ်သည် ရှုံ့မဲ့ကာဖြင့် ပြောလေသည်။ သူ၏ ခရမ်းရောင်မျက်လုံး တောက်တောက်လေး များမှာလည်း ကျဉ်းမြောင်းသွားသည်။
“ဒီဟာတွေကတော့ ပုံစံက မလှပေမဲ့ အရသာက အတော်လေး ကောင်းတယ်”
အန်လင်းသည် ကျေနပ်စွာဖြင့် ဝါးနေခြင်းဖြစ်သည်။
အချိန်စေ့သွားပြီ ဖြစ်သည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် မျက်လုံးများ လည်ကာဖြင့် ပါးစပ်ထဲမှ အမြှုပ်များ ထွက်လာကြသည်။ နှစ်ဦးစလုံးသည် ခန္ဓာကိုယ်တွင်းမှ အဆိပ်ဒဏ်ကို ခံနေရခြင်း ဖြစ်လေသည်။
***