← Chapters

အနောက်ပိုင်းကျွင်းတပ်ဖွဲ့၏ တပ်တွင်းပုန်ကန်မှု

Vol. 1 Ch. 487

အနောက်ပိုင်းကျွင်းတပ်ဖွဲ့၏ တပ်တွင်းပုန်ကန်မှု

Vol. 1 Ch. 487

ရှန်ဝူတိုင်းပြည်က ဖရိုဖရဲ ဖြစ်နေပေ၏။ ယခု ရှားထင်းဝေ့ သေဆုံးသွားပြီဖြစ်ရာ ထီးနန်းပလ္လင်ကို ဆက်ခံမည့် ဘုရင်အသစ် မရှိတော့ပေ။ မဟာဂိုဏ်းခုနှစ်ဂိုဏ်းအတွက်မူ ကျန်းစွန်းဂိုဏ်း၏ ပညာရှင်များအားလုံးက ကျန်းရီသတ်ဖြတ်တာ ခံလိုက်ရပြီး ကျန်းဂိုဏ်းကမူ ပျောက်ဆုံးနေပြီ ဖြစ်သည်။ ကျန့်ဂိုဏ်းနှင့် ချန်ဂိုဏ်းတို့ကမူ အပေါ်ယံတွင် တည်ငြိမ်ပြီး ငြိမ်းချမ်းနေပုံပေါ်သော်ငြား ကျန်းရီကို တိတ်ဆိတ် ထောက်ပံ့ပေးနေကြတာ ဖြစ်သည်။ ရင်ဂိုဏ်းအတွက်မူ သူတို့၏ လူငယ်ခေါင်းဆောင်က ကျန်းရီနှင့် အတော်လေး ရင်းနှီးပေ၏။ သို့သော် ယခုအချိန်တွင် သူတို့ ဘာစဉ်းစားနေမှန်း မည်သူမှ မသိနိုင်ပေ။

ကျန်ရှိသည့် လုံနှင့် ထိုက်ရှစ်ဂိုဏ်းတို့က ကျန်းရီနှင့် ရင်းနှီးခြင်း မရှိကြချေ။ ဂိုဏ်းနှစ်ခုလုံးက ရှန်ဝူတိုင်းပြည်၏ တပ်ဖွဲ့ကို ထိန်းချုပ်ခဲ့တာ ဖြစ်သည်။ ကျန်းရီ အလိုက်ခံခဲ့ရသည့် အချိန်အတော်အတွင်းတွင် ဂိုဏ်းနှစ်ခုမှ စစ်သူကြီးနှစ်ဦးသည် ဝင်ရောက်ပူးပေါင်း လိုက်ပါခဲ့သည်။

ရှားဂိုဏ်း၏ မင်းသားမင်းသမီး အချို့ကမူ ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ရှားထျန်းနှင့် ရှားပင်းယွီကမူ နောက်တွင် ကျန်ရစ်၏။ ရှားထျန်းနှင့် ကျန်းရီက ဘုံရန်သူများ ဖြစ်သောကြောင့် သူသည် လောကကြီး၏ တစ်နေရာဆီ လွတ်မြောက်သွားခဲ့လျှင်တောင် ကျန်းရီသည် သူ့နောက်လိုက်ရန်အတွက် လူများ ပို့နေသေးမှာပဲ ဖြစ်သည်။

ထို့ကြောင့် ရှားထျန်းသည် ကျန်းစွန်းရန်၊ ထိုက်ရှစ်ဂိုဏ်းနှင့် လုံဂိုဏ်းတို့နှင့်အတူ မဟာမိတ်ဖွဲ့ရန် တွေးမိခဲ့သည်။ အမျိုးမျိုးသော ဂိုဏ်းခေါင်းဆောင်များနှင့် ဆွေးနွေးပြီးနောက် သူသည် ထီးနန်းပလ္လင်ကို ရယူရန် ဆုံးဖြတ်ခဲ့ပြီး နောင်တက်မည့် ရှန်ဝူတိုင်းပြည်၏ ဘုရင် ဖြစ်လာပေမည်။

ပလ္လင်ကို ဆက်ခံပြီးနောက် ရှားထျန်းသည် ကျန်းရီကို သစ္စာဖောက်အဖြစ် ကြေညာခဲ့ပြီး ရှန်ဝူတိုင်းပြည်၏ သစ္စာဖောက်ကို ဖမ်းရန်အတွက် တိုင်းပြည်၏ စစ်တပ်အင်အားစုများကို လှုပ်ရှားခိုင်းခဲ့သည်။ တစ်ချိန်တည်းတွင် သူက သူ၏ဘုရင်အဆင့်အတန်းကို အသုံးချပြီး ကျန်သည့်တိုင်းပြည်များဆီမှ အကူအညီ တောင်းခံခဲ့ကာ မိုးပြာနဂါးအင်ပါယာနှင့် သိုင်းခန်းမတို့ဆီမှလည်း အကူအညီ တောင်းခဲ့၏။ တိုင်းပြည်ထဲတွင် နေထိုင်ကြသည့် အမျိုးမျိုးသော ဂိုဏ်းများနှင့် ပြည်သူပြည်သားများ တပ်ဖွဲ့များကလည်း နောက်ဆုံးတွင် သူတို့၏ ကျောထောက်နောက်ခံ ဖြည်းဖြည်းချင်း အခြေကျလာသည်ကို ရှာတွေ့သွားကြသည်။ မြန်မြန်ဆန်ဆန်ပင် ကျန်းစွန်းရန်နှင့် ကျန်သူများကလည်း ကျန်းရီကို ဟန့်တားရန် တပ်ဖွဲ့များ စေလွှတ်ခဲ့ကြ၏။ ကျန်သည့်တိုင်းပြည်များဖြစ်သည့် မိုးပြာနဂါးအင်ပါယာနှင့် သိုင်းခန်းမတို့သည် ရှန်ဝူတိုင်းပြည်ကို ကျန်းရီ ဖျက်ဆီးတာ သေချာပေါက် ကြည့်နေမှာ မဟုတ်ဟု သူတို့ ယုံကြည်ကြသည်။ အကြောင်းမှာ ရှန်ဝူတိုင်းပြည် ပြီးဆုံးလျှင် သူတို့က ဆက်ရှင်းခံရမှာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ကျန်းဂိုဏ်း ပျောက်ဆုံးနေသော်ငြား အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့၏ သန်မာသည့် တပ်သားငါးသိန်းက ရှိနေသေးသည်။ အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့က ရှန်ဝူတိုင်းပြည်ထဲရှိ အသန်မာဆုံး တပ်ဖွဲ့များထဲမှ တစ်ခု ဖြစ်သည်။ ရှားထျန်း ထီးနန်းပလ္လင်ဆက်ခံသည့် ပထမဆုံးနေ့တွင် ထိုက်ရှစ်ဂိုဏ်းထဲရှိ စစ်သူကြီးများထဲမှ တစ်ဦးကို အနောက်ပိုင်း ကျူးကျွင်းတပ်ဖွဲ့ကို လက်လွဲယူရန် အမိန့်ပေးခဲ့သည်။ သူတို့က ကျန်းရီကို တိုက်ခိုက်ရန်အတွက် တပ်ဖွဲ့များ စုဝေးနိုင်မှာပဲ ဖြစ်သည်။

ရှားထျန်းက ရှားထင်းဝေ့နှင့် အလွန်ဆင်တူသည်။ သူတို့နှစ်ယောက်လုံးက ကျန်းပိုင်လင်းနှင့် ကျန်းကလန်ကို အလွန်သံသယဝင်နေကြ၏။ အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့က ကျန်းဂိုဏ်း၏ သစ္စာရှိသည့် အမှုထမ်းများ အမြဲတမ်း ဖြစ်ခဲ့ကြ၏။ ရှားထျန်းက စိတ်မအေးနိုင်ပေ။ ထို့ကြောင့် အနောက်ပိုင်း ကျူးကျွင်းတပ်ဖွဲ့ကို ကျန်းရီအားလိုက်ရန် အမိန့်ပေးလိုက်တော့သည်။ သူတို့ အောင်ပွဲ မရခဲ့လျှင်တောင် နှစ်ဖက်လုံး ထိခိုက်မှုက အကျိုးရှိစေပေလိမ့်မည်။

သန်မာသည့် အနောက်ပိုင်း ကျူးကျွင်းတပ်ဖွဲ့သည် ချွင်းချက်မရှိ လိုက်လျောခဲ့ပြီး သူတို့က စစ်သူကြီး ထိုက်ရှစ်ဟန့်ကို သူတို့အား အလွယ်တကူ ထိန်းချုပ်ခွင့် ပေးခဲ့သည်။ သူသည် အဖွဲ့ခေါင်းဆောင် အများအပြားကိုတောင် ရွေ့ပြောင်းပေးခဲ့၏။ ထို့ကြောင့် ထိုက်ရှစ်ဂိုဏ်းသားများသည် ထိုနေရာများကို ယူခွင့်ပေးလိုက်၏။ တပ်ဖွဲ့ကို ပြင်ဆင်ပြီးနောက် စစ်သူကြီးထိုက်ရှစ်ဟန့်သည် တပ်ကို ဦးဆောင်ပြီး တောင်ပိုင်းအရပ်ဆီသို့ ဦးတည်သွားကာ ကျန်းရီ၏ တပ်ဖွဲ့နှင့် သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်နေတော့သည်။ ထိုရက်အနည်းငယ်အတွင်း ကျန်းရီနှင့် သူ့တပ်ဖွဲ့က မြို့နှစ်ဆယ်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ထိုမြို့များက များများစားစား မခုခံကြပေ။ ပန်းပွင့်အဘွားအို ပေါ်လာသည့် အချိန်တွင်တောင် သူမက မြို့အရှင်နှင့် မြို့တွင်းရှိ ပညာရှင်များကို တစ်ချက်တည်းဖြင့် ဖယ်ရှားရှင်းလင်းပစ်လိုက်သည်။ ပြီးနောက် ကျန်ရှိသည့် တပ်ဖွဲ့များက အညံ့ခံထားပေ၏။ သာမန်စစ်သားများ၏ အမြင်တွင် ဗာဂျရာနယ်ပယ်သိုင်းပညာရှင်များသည် သူတို့ဘယ်တော့မှ အနိုင်မယူနိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်ပေသည်။

ကျန်းရီက သေမိန့်ပေးထားပြီးသား ဖြစ်သည်။ သူတို့သည် မြို့များကို သိမ်းပိုက်သည့် အချိန်တွင် ခုခံရဲသည့်သူ ရှိပါက စစ်သားများသည် ရန်သူများကို နေရာတွင်ပင် သတ်ခွင့်ရှိသည်။ သို့သော် တိုင်းသူပြည်သားများနှင့် အညံ့ခံသော စစ်သားများကိုမူ သတ်ဖြတ်ခွင့် မရှိပေ။

ကျန်းရီ၏ လက်ရှိဂုဏ်သတင်းက ထိပ်ဆုံးသို့ ရောက်နေသည်။ သူသည် ရှားယွီမြို့အပြင်ဘက်၌ ဗာဂျရာနယ်ပယ်သိုင်းပညာရှင် သုံးဦးကို သတ်ဖြတ်ခဲ့ပြီး ရှောင်လုံဝမ်နှင့် ရှားတိတို့ကို ကြောက်လန့်စေခဲ့သည်။ နောက်ဆုံးတွင် သူက လင်းဂိုဏ်း၏ ဘိုးဘေးကိုတောင် ရိုက်နိုင်ခဲ့၏။ ဘိုးဘေးကြီးကို သတ်ခဲ့မသတ်ခဲ့ မည်သူမျှ မသိ။ သို့သော် သူက ပြန်ရောက်လာပြီး လင်းဂိုဏ်း၏ ဘိုးဘေးကမူ ပျောက်နေသေးဆဲ ဖြစ်၏။ ယင်းက မပြောင်းလဲနိုင်သည့် အချက်အလက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် မဟာရှတိုင်းပြည်၏ တပ်ဖွဲ့က ရှန်ဝူတိုင်းပြည်ကို သွေးဖြင့် ဆေးကြောချင်လျှင် သို့မဟုတ် ရှန်ဝူတိုင်းပြည်၏ တပ်ဖွဲ့များအားလုံးကို သတ်ဖြတ်ချင်လျှင် တပ်ဖွဲ့တစ်ဖွဲ့လုံးသည် အမိန့်ကို နာခံရမည် ဖြစ်ကာ ကျန်းရီ၏ အမိန့်က သူတို့အတွက် နတ်ဘုရား၏ အမိန့်သဖွယ် ဖြစ်နေသည်။ ထို့ကြောင့် မည်သူကမျှ မဖီဆန်ရဲချေ။

တပ်ဖွဲ့များသည် ကျိုင်းကောင်များကဲ့သို့ လှုပ်ရှားနေ၏။ သူတို့က မြန်မြန်ဆန်ဆန်ပင် ရှန်ဝူတိုင်းပြည်၏ နယ်မြေထဲရှိ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ် တပ်သားငါးသိန်းပါသည့် အနောက်ပိုင်း   ကျူးကျွင်းတပ်ဖွဲ့ကလည်း သူတို့သွားလိုသည့် နေရာကို ရောက်နေပြီ ဖြစ်သည်။ သူတို့က ရှန်ဝူတိုင်းပြည်၏ နံပါတ်တစ်မြို့ဖြစ်သော ရှန်ယဲ့မြို့ထဲတွင် အခြေချပြီး ဖြစ်သည်။ သူတို့က ကျန်းရီ၏ တပ်ဖွဲ့များနှင့် သေသည်အထိ တိုက်ခိုက်ရန် မယိမ်းမယိုင်သော ဆုံးဖြတ်ချက်သဘောထား ရှိပြီးသား ဖြစ်သည်။

“ရှန်ယဲ့မြို့လား.. ဟမ့် လုစစ်သူကြီး ကျုပ်တို့ရဲ့တပ်တွေကို စုထားလိုက် ရှန်ယဲ့မြို့ကို သိမ်းပိုက်ဖို့အတွက် တပ်သားတစ်သိန်းခေါ်သွားမယ်”

ရန်သူ၌ စစ်သားငါးသိန်း ရှိသည်။ သူတို့က ထိုတပ်ဖွဲ့ကို ရင်ဆိုင်ရန် တပ်ဖွဲ့ကို မှီခိုအားကိုးရမည် ဆိုလျှင် မဟာရှတိုင်းပြည်သည် ငွေပန်းပွင့်အဘွားအို ကူညီခဲ့လျှင်တောင် မရေမတွက်နိုင်အောင် သေခြင်းတရားများနှင့် ရင်ဆိုင်ရမှာ သေချာပေါ၏။ ကျန်းရီက တိုက်ပွဲကို ဦးဆောင်ရန် ဆုံးဖြတ်သောကြောင့် ထိုတပ်သားငါးသိန်းသည် အလွယ်တကူ သတ်ဖြတ်နိုင်သည့် သိုးအကောင်ရေငါးသိန်းနှင့် တူသွားပေတော့သည်။

လုစစ်သူကြီးက အမိန့်ရသည့် အချိန်တွင် ကျန်းရီက ကောင်းကင်ပေါ်သို့ တက်ပြီး ယာ့ဇီသားရဲနောက်ကျောပေါ်သို့ ခုန်တက်လိုက်၏။ သူက လက်တစ်ချက် ဝှေ့ယမ်းကာ ပြောလိုက်၏။

“လုစစ်သူကြီး တပ်ဖွဲ့တစ်သောင်းကို ဦးဆောင်ပြီး ရှန်ယဲ့မြို့ကို လိုက်ခဲ့”

“ဒီနိမ့်ကျတဲ့ အမှုထမ်းက အမိန့်အတိုင်း နာခံပါတယ်”

စိတ်ဝိညာဉ်မျောလွင့်ခရီးသည် စစ်သူကြီးက လက်သီးစုပ်ပြီးနောက် အကြောင်းပြန်လိုက်၏။ ပြီးနောက် သူက အမိန့်ပေးလိုက်တော့သည်။

“ရှားဝူတပ်ဖွဲ့၊ ရှားလုံတပ်ဖွဲ့၊ ရှားရှီ တပ်ဖွဲ့ အားလုံးပဲ ရှန်ယဲ့မြို့ကို သိမ်းပိုက်ဖို့အတွက် ကိုယ်စားအုပ်ချုပ်သူနောက် လိုက်ကြမယ်”

တပ်သားတစ်သိန်းပါသည့် တပ်ဖွဲ့က အမိန့်အတိုင်း နာခံကာ လုစစ်သူကြီးနောက်မှ လိုက်ပြီး သူတို့သည် မြောက်ပိုင်းအရပ်ဆီသို့ ချွန်ထက်သည့် ဓားတစ်လက်နှယ် သွားကြတော့သည်။ သူတို့ထဲတွင် အယောက်တစ်သိန်းသာ ရှိသော်ငြား တပ်သားတစ်သန်း၏ အရှိန်အဝါမျိုး ထုတ်လွှင့်နိုင်သေးသည်။ ယခုအချိ်န်တွင် သူတို့က ဓားတောင်ကျော်ပြီး မီးပင်လယ် ဖြတ်ရမည် ဆိုလျှင်တောင် စိုးရွံ့မှု မရှိကြချေ။ သူတို့၏ ဘုရင်က သူတို့အထက်တွင် ရှိနေပေသေည်။

“အရှင်ကိုယ်စားအုပ်ချုပ်သူက တိုက်ပွဲတိုင်း အောင်နိုင်ပြီး အရှုံးမရှိဘူး”

ဌာနချုပ်တိုင်းရှိ ခေါင်းဆောင်တိုင်းက ဟစ်ကြွေးကြတော့သည်။ သူတို့၏အသံက ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေပြီး တိမ်တိုက်များအထိ ပဲ့တင်သံ ထွက်သွားစေ၏။

နေ့ဝက်ခန့် ကြာပြီးနောက် မလှမ်းမကမ်း၌ ရှန်ယဲ့မြို့ကို မြင်နေရပြီ ဖြစ်သည်။ နေဝင်ချိန်ဖြစ်ရာ အနောက်ပိုင်း၌ သူရိမ်နေမင်း၏ သွေးနီရောင်ရောင်ခြည်များဖြင့် ပြည့်နေတော့သည်။ တောက်ပသည့် အနီရောင်က ထိုတပ်သားတစ်သိန်း ပိုင်ဆိုင်သည့် ဓားများကို ရောင်ပြန်ဟပ်နေစေတော့သည်။ ရောင်ပြန်ဟပ်သည့် အေးတိအေးစက် အလင်းတန်းက သူတို့ရင်ထဲ လှိုက်မောမှုတို့ကို ခံစားရစေ၏။ တပ်သားတစ်သိန်း တဟုန်ထိုးရောက်လာသည်နှင့် ကောင်းကင်ထဲ၌ မီးခိုးများ ပြည့်သွားကာ လူ့ဘီလူးသိန်းချီက တိတ်တဆိတ် ပျံတက်လာသကဲ့သို့ ထင်မှတ်ရသည်။

ရှန်ယဲ့မြို့က အင်မတန်ကျယ်ဝန်းပေ၏။ မြို့၏ တောင်ပိုင်းနံရံများက ဆယ်မိုင်ခန့် ရှည်လျားပြီး စစ်သားများဖြင့် ပြည့်နေ၏။ တပ်ဖွဲ့က အနက်ရောင်တိုက်ပွဲဝင် သံချပ်ကာဖြင့် အနက်ရောင်တိုက်ပွဲဝင်ဓားရှည်များ ကိုင်ဆောင်ထားကြသည်။ သူတို့မျက်နှာများက အလွန်လေးလံနေကြ၏။ မလှမ်းမကမ်းမှ ပျံသန်းလာသည့် ယာ့ဇီသားရဲကို မြင်သောအခါတွင် သူတို့မျက်နှာထဲ၌ အနည်းငယ်သော ပြောင်းလဲမှုလေးတောင် မရှိချေ။ ရှန်ဝူတိုင်းပြည်ထဲတွင် အသန်မာဆုံး တပ်ဖွဲ့ဟု ခေါ်ဆိုရန် ထိုက်တန်ပေသည်။

ထိုက်ရှစ်ဟန့်က မြို့တံတိုင်းရှေ့တွင် ရပ်ပြီး သေစေလိုသည့် အမူအရာများ ပြည့်နေတော့သည်။ အနောက်ပိုင်း ကျူးကျွင်းတပ်ဖွဲ့ကို ထိန်းချုပ်ထားသည့် ထိုက်ရှစ်ဂိုဏ်းသားများစွာကလည်း တူညီသည့် အမူအရာရှိနေကြသည်။ ယခုအခေါက် ဤတာဝန်က သူတို့အသက်ကို စွန့်လွှတ်ရန် ဖြစ်သည်။

ဟုတ်ပေ၏။ သူတို့အသက်ကို မစွန့်လွှတ်ခင် သူတို့က မဟာရှတိုင်းပြည်၏ တပ်သားများစွာကို သတ်နိုင်သမျှ သုတ်သင်ရှင်းလင်းပစ်ရအုံးမည် ဖြစ်သည်။ မဟာရှတိုင်းပြည်မှ စစ်သားခြောက်သိန်းကို ဖယ်ရှားရှင်းလင်း ပစ်နိုင်သရွေ့ ကျန်းရီသည် သူတစ်ကိုယ်တည်းဖြင့် အားလုံးကို ဖြေရှင်းနိုင်လျှင်တောင် ရှန်ဝူတိုင်းပြည်ကို သိမ်းပိုက်ဖို့ ဘယ်တော့မှ ဖြစ်နိုင်တော့မှာ မဟုတ်ပေ။

“ရှန်ဝူတိုင်းပြည်ရဲ့ စစ်သားတွေ အခု တိုင်းပြည်ဆီ ငါတို့ရဲ့ သစ္စာရှိမှုကို ပြသဖို့ အချိန်ရောက်ပြီ ရှန်ဝူတိုင်းပြည်ရဲ့ ဂုဏ်သရေနဲ့ ငါတို့တိုင်းပြည်သားတွေအတွက်၊ နဂါးလှည့်လည်ခြင်း အစီအရင်... သတ်ကြဟေ့”

ထိုက်ရှစ်ဟန့်က တပ်ဖွဲ့ ချဉ်းကပ်လာသည်ကို မြင့်သည့် အချိန်၌ သူ့လက်ထဲရှိ ဓားကို ဆန့်တန်းကာ ရှေ့ကနေ ဦးဆောင်ပြီး ဟစ်ကျွေးလိုက်သည်။ ထိုက်ရှစ်ဂိုဏ်းသားများကလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပါပြီး အော်ဟစ်ကြတော့၏။

“သတ်ကြ..”

အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲကက စစ်သားများသည်လည်း လက်နက်များကို ထုတ်ပြီး ဟစ်ကြွေးကာ ထိုက်ရှစ်ဟန့်အနောက်မှ လိုက်ပြီး မြို့ပြင်ဆီသို့ ဦးတည်လိုက်တော့သည်။ မရေမတွက်နိုင်သည့် တပ်သားများစွာသည် ဆယ်မိုင်ရှည်လျားသည့် မြို့နံရံမှ တွယ်ဆင်းလာပြီးနောက် သတ်ဖြတ်လိုသည့် ဆန္ဒများ ပြည့်နေ၏။ ရှန်ယဲ့မြို့ အပြင်ဘက်ရှိ ကောင်းကင်ကမူ ပိုသိပ်သည်းနေပုံရသည်။

“ဟမ့်..”

ကျန်းရီသည် ယာ့ဇီသားရဲ၏ နောက်ကျောပေါ်တွင် ရပ်နေပြီးနောက် အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့ ဝင်ရောက်လာတာကို မြင်လိုက်ရသည်။ သူတို့က မဟာရှတိုင်းပြည်၏ တပ်သားများဆီသို့ ဓားများတဝင့်ဝင့်ဖြင့် ရောက်လာတာ ဖြစ်သည်။ ကျန်းရီ၏ မျက်လုံးက ဖြည်းဖြည်းချင်း နီရဲသွားပြီးနောက် သူ ရန်သူတပ်ဖွဲ့ကို ဖိနှိပ်ရန်အတွက် သတ်ဖြတ်လိုသည့် ဆန္ဒကို ထုတ်ဖော်လိုက်၏။ ထိုစဉ် မထင်ထားသည့် အပြောင်းအလဲတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာတော့သည်။

“သတ်ကြ..”

အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့အတွင်းရှိ လူတစ်ယောက်က ဟစ်ကြွေးလိုက်၏။ ရုတ်တရက်တွင် စိတ်ဝိညာဉ်မျောလွင့်ခရီးသည် ပညာရှင်တစ်ရာကျော်က သူတို့၏ အဆီအနှစ်ဓာတ်များကို ထုတ်ဖော်ပြီး တာအိုတိုက်ကွက်များကိုလည်း ထုတ်ဖော်လိုက်ကြ၏။ သို့သော် ထိုတိုက်ကွက်များက မဟာရှတိုင်းပြည်၏ တပ်ဖွဲ့ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ ထိုက်ရှစ်ဟန့်နှင့် ထိုက်ရှစ်ဂိုဏ်းသား စစ်သူကြီးများကို ရည်ရွယ်တာ ဖြစ်သည်။

“မင်းတို့တွေ ရူးသွားပြီလား..”

ထိုက်ရှစ်ဟန့်က သူ့ဆီ ရောက်လာနေသော သေစေနိုင်သည့် အန္တရာယ်ကို အာရုံခံမိသည်။ သူ လှည့်ကြည့်လိုက်သည့် အချိန်၌ တိုက်ကွက်များ နေရာအနှံ့ ဖုံးလွှမ်းနေတာကို မြင်တွေ့ရပြီး သူသည် ချက်ချင်းပ်င တောင့်တင်းသွားပြီးနောက် ဟိန်းဟောက်လိုက်တော့၏။ ထိုမျှများပြားသည့် တိုက်ခိုက်မှုဖြင့် အထွတ်အထိပ် စိတ်ဝိညာဉ်မျောလွင့် ခရီးသွား ထိပ်ဆုံးအဆင့်သိုင်းပညာရှင်တောင် သေဆုံးမည် ဖြစ်သည်။ သူ့ကဲ့သို့ စိတ်ဝိညာဉ်မျောလွင့် ခရီးသွားနယ်ပယ် အဋ္ဌမအဆင့်တွင် ရှိနေသည့်သူဆိုလျှင် ပြောနေရန် မလိုတော့ချေ။

“မင်းပဲ..”

သေဆုံးခါနီးအချိန်အတွင်း၌ သူသည် အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့၏ အလယ်ရှိ အရုပ်ဆိုးသည့် မျက်နှာထားဖြင့် လှောင်ပြောင်နေသူကို တွေ့လိုက်ရသည်။ ထိုလူ၏ နှုတ်ခမ်းထောင့်တွင် ရှည်လျားကျဉ်းမြောင်းသည့် အမာရွတ်ကို မြင်သည့် အချိန်၌ အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့ကို ထိန်းချုပ်ရ အလွန်လွယ်ကူနေသည့် အကြောင်းအရင်းနှင့် ထိုတပ်ဖွဲ့သည် သူ့ကို ထိုမျှ နာခံနေရသည့် အကြောင်းအရင်းကို သဘောပေါက်သွားပြီ ဖြစ်သည်။

ဖောင်း ဖောင်း ဖောင်း..

အတွင်းအားများစွာဖြင့် တိုက်ခိုက်မှုများသည် ထိုက်ရှစ်ဂိုဏ်းသားများဆီ ကျရောက်သွားရာ စစ်သူကြီးများကို အပိုင်းပိုင်းအစစ ပေါက်ကွဲသွားစေပြီးနောက် မြေပြင်ပေါ်တွင် တွင်းနက်များ ကျန်ရစ်၏။ ပေါက်ကွဲမှုများက နားအူစေလောက်သည်အထိ ဆူညံနေပြီး ဖုန်များမီးခိုးများက မြေကြီးထဲမှ လှိမ့်တက်လာကြသည်။ အချိန်အတော်ကြာပြီးမှ ပေါက်ကွဲမှု ရပ်တန့်သွားတော့၏။

“ဒါက..”

ကျန်းရီနှင့် မဟာရှတိုင်းပြည်၏ တပ်သားတစ်သိန်းသည် အံ့သြဆွံ့အနေတော့သည်။ ရန်သူတပ်ဖွဲ့သည် တိုက်ပွဲမစခင် အဘယ်ကြောင့် အတွင်းရန် ဖြစ်ပွားနေရသနည်း။ ကျန်းရီက မျက်မှောင်ကြုတ်ကာ စဉ်းစားနေစဉ် သူ့အကြည့်က ဖုန်မှုန့်များကို ဖြတ်ကျော်ပြီး ရင်းနှီးနေသည့် မျက်နှာတစ်ခုကို အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့အလယ်၌ တွေ့လိုက်ရသည်။

ဝှစ်..

ထိုလူက လှုပ်ရှားလိုက်ပြီးနောက် ပုံရိပ်ယောင်အသွင် ပြောင်းလဲကာ ရောက်လာတော့သည်။ သူသည် မှင်တက်နေပြီး မဟာရှတိုင်းပြည်၏ တပ်သားများကို လျစ်လျူရှုထားပြီးနောက် ဒူးတစ်ဖက်ထောက်ကာ တလေးတစား အော်ပြောလိုက်တော့၏။

“အနောက်ပိုင်းကျူးကျွင်းတပ်ဖွဲ့ရဲ့ တပ်မှုး ကျန်းရမ်ထူက အရှင်ကိုယ်စားအုပ်ချုပ်သူကို အရိုအသေပေးပါတယ် ဒီစစ်သူကြီးက ကျူးကျွင်းတပ်ဖွဲ့ရဲ့တပ်သားငါးသိန်းကို ကိုယ်စားပြုပြီး မဟာရှတိုင်းပြည်နဲ့ မဟာမိတ်ဖွဲ့ကြောင်း သက်သေပြုပါတယ်”

***

All Chapters