အဆုံးအဖြတ်တိုက်ပွဲ
Vol. 1 Ch. 489
လင်းရွှယ်၊ ရှောင်လုံဝမ်နှင့် ကျန်သည့်သူများသည် မလှုပ်ရှားချင်တာ မဟုတ်ကြပေ။ နှုတ်ခမ်းမရှိတော့လျှင် သွားများ အေးမည်မှန်း သူတို့နားလည် သဘောပေါက်ပေ၏။ သို့သော် သူတို့ လုပ်နိုင်သည့်အရာ များများစားစား မရှိပေ။
လင်းရွှယ်သည် ကောင်းကင်ကြယ်တာရာမြို့ထဲရှိ သိုင်းခန်းမခွဲသခင်ကို ခေါ်ခဲ့ပြီး သိုင်းခန်းမခွဲ သခင်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့၏။ မကြာမီ၌ ခန်းမသခင်က မရှိသောကြောင့် ဧည့်တွေ့လက်မခံကြောင်း သိုင်းခန်းမက အကြောင်းပြန်ခဲ့သည်။
ပင်မသိုင်းခန်းမ မည်သည့်နေရာတွင် ရှိမှန်း မည်သူမျှ မသိပေ။ သူတို့သွားချင်လျှင်တောင် နည်းလမ်းရှာနိုင်မည် မဟုတ်၊ ယခုအချိန်တွင် ဘာဆက်လုပ်ရမည်မှန်း သူတို့ တကယ်မသိကြတော့ပေ။
လင်းရွှယ်က ရှောင်လုံဝမ်၊ ရှားတိနှင့် ကျင်းရှန်နိုင်ငံ၏ ဘုရင်တို့ကို ခေါ်ပြီး ကျန်းရှောင်နူတို့၏ သတင်းကို မေးခဲ့သည်။ သို့သော် သူတို့သုံးယောက်လုံးက ကျန်းရှောင်နူတို့နှင့် ပါဝင် ခြင်းမရှိဟု ငြင်းဆိုခဲ့ကြသည်။ ထိုအစား ကျန်းရီ၏ အကူအညီဖြင့် သူတို့၏ တိုင်းပြည်များကို ဖျက်ဆီးရန် ကြိုးစားနေသလားဟု လင်းရွှယ်ကို သူတို့သံသယ ဖြစ်မိကြသည်။ လင်းရွှယ်က အကြံကုန်သွားပြီးနောက် ရွှီယို့လျန်မျှော်စင်နှင့် ဇင်ဘုရားကျောင်းတို့ကို အကူအညီ တောင်းခဲ့သည်။ ကျန်းရီ၏ ရက်စက်ကြမ်းကြုတ်မှုကို ရပ်တန့်ပေးရန် သူတို့ကို တောင်းဆိုခဲ့သည်။
ရှားယွီမြို့အပြင်ဘက်၌ ဇင်ဘုရားကျောင်း၏ ဘုန်းကြီးအိုကြီးသည် နိမိတ်မကောင်းသည့်လူတစ်ဦး ဖြစ်လာခဲ့လျှင် ကျန်းရီကို သတ်ဖြတ်မည်ဟု တစ်ခါက ကတိပေးခဲ့သည်။
ထင်သည့်အတိုင်းပင် ရွှေယို့လန်က တုံ့ပြန်မှုမရှိ သုံးရက်တိုင် တိတ်ဆိတ်နေပြီးနောက် ဘုန်းကြီးအိုကြီးက လင်းရွှယ်ကို သတင်းစကား ပို့ခဲ့သည်။ သူသည် မဟာရှတိုင်းပြည်၌ လွန်လေပြီးတော့ အချိန်က အဓိက အင်အားစုငါးစုသည် တိုက်ခိုက်ခဲ့ခြင်းက ရှားယွီမြို့အပြင်ဘက်ရှိ အပေးအယူကို ချိုးဖျက်ရာ ရောက်နေပြီဟု ဆိုခဲ့သည်။ ဇင်ဘုရားကျောင်းသည် ဤအရေးကိစ္စ၌ ဝင်ပါလိမ့်မည် မဟုတ်ပေ။
ကျန်းရီသည် ရှန်ဝူတိုင်းပြည်၏ တပ်သားလေးသိန်းကို သတ်ဖြတ်ခဲ့ပြီး သူ့ကိုယ်သူ နိမိတ်ဆိုးသည့်သူတစ်ဦးအဖြစ် သက်သေပြခဲ့သော်ငြား ဘုန်းကြီးအိုကြီး၏ အမြင်တွင် သူက စည်းမကျော်ခဲ့ပေ။ ကျန်းရီသတ်ခဲ့သည့် သူများအားလုံးက စစ်သားများ ဖြစ်ပေ၏။ ဘုန်းကြီးအိုသည် မြို့များမှ စုစည်းရရှိသည့် သတင်းများအရ ကျန်းရီ၏ တပ်သားများသည် ရှန်ဝူတိုင်းပြည်ကို သိမ်းပိုက်သည့်အချိန်တွင် အရပ်သားတစ်ထောင်အောက်သာ သေဆုံးခဲ့၏။ ဆန့်ကျင်ဘက် အနေဖြင့် မဟာရှတိုင်းပြည်ကို တိုက်ခိုက်ခဲ့သည့် လက်ရွေးစင်တပ်ဖွဲ့ကမူ ပြည်သူပြည်သားတစ်သန်းနီးပါးကို သေစေခဲ့သည်။
စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဆင်ခြင်ကြည့်လျှင် နှစ်ဖက်လုံးက မိစ္ဆာများသာ ဖြစ်ပေသည်။ ဇင်ဘုရားကျောင်းသည် တိုင်းသူပြည်သားများအတွက် အကောင်းဆုံး အကျိုးအမြတ်ကိုသာ ထိန်းထားပေးခဲ့သည်။ သို့သော် အဘယ်ကြောင့် ဤအတိုင်း အမြဲတစေ ဖြစ်နိုင်မည်နည်း။
သမိုင်းကြောင်းထဲရှိ တိုက်ပွဲများတွင် လူမည်မျှ များစွာ သေဆုံးခဲ့သနည်း။ တိုင်းပြည်တစ်ပြည် စစ်ပွဲဖြစ်တိုင်း လူမရေမတွက်နိုင်အောင် သေဆုံးခဲ့ကြ၏။ တိုက်ပွဲများသည် နယ်မြေပေါ်၌ မကြာခဏ ဖြစ်ပွားနေတာပင်။ မိနစ်တိုင်း၌ လူများစွာ သေဆုံးနေကြသည်။ ဇင်ဘုရားကျောင်းက ကယ်ချင်လျှင်တောင် လူတိုင်းကို အကြိမ်မည်မျှ များများ ကယ်နိုင်မည်နည်း။
ထို့ကြောင့် ဇင်ဘုရားကျောင်းသည် စေတနာ ထက်သန်သော်ငြား ဘယ်တော့မှ သူတော်ကောင်းယောင် မဆောင်ခဲ့ပေ။ ကျန်းရီက မည်ကဲ့သို့သော လူမျိုးနည်း။ သူသည် လူလေးသိန်းကို သတ်ဖြတ်ခဲ့သည့် အညှာအတာမဲ့သည့် လူတစ်ယောက် ဖြစ်သည်။ ဇင်ဘုရားကျောင်းက ဝင်ပါခဲ့လျှင် ကျန်းရီသည် ဇင်ဘုရားကျောင်းကို ပြားပြားဝပ် ပျက်စီးအောင် လုပ်ရန် စိတ်ရှိမည် မဟုတ်ပေ။
ဘိုးဘေးကြီးကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ပေ။ သူ့အကြောင်း မည်သူမျှ မကြားကြတော့ချေ။ သူ ယခုလောက်ဆို သေပြီးတာ ဖြစ်နိုင်ပေ၏။ ဘုန်းကြီးအို၏ ခွန်အားက အားကောင်းသော်ငြား သူသည် လင်းဂိုဏ်း၏ ဘိုးဘေးနှင့် အဆင့်တူပင် မဟုတ်တာ သေချာပေသည်။
လင်းရွှယ်နှင့်အဖွဲ့က အကြံကုန်နေပြီဖြစ်သည်။ ကျင်းရှန်နိုင်ငံက ပိုတောင် စိတ်ဖိစီးလာပြီး ကျန်းရှောင်နူနှင့် သူမအဖွဲ့ကို ရှာရန် အကူအညီများ တောင်းခဲ့၏။ သူသည် ရှင်းလင်းသည့် သတင်းစကားတစ်ခု ပို့ခဲ့သည်။
“မင်းမှာ ကျန်းရှောင်နူနဲ့အဖွဲ့ ရှိခဲ့ရင် ချက်ချင်း လွှတ်ပေးလိုက် မဟုတ်ရင် ကျင်းရှန်နိုင်ငံက ပျက်စီးမယ်”
လင်းရွှယ် ရှောင်လုံဝမ်နှင့် ကျန်သည့်သူများက မလှုပ်ရှားခဲ့ကြပေ။ အချိန်ငါးရက်ကာလ ကြာပြီဖြစ်ကာ ကျန်းရီသည် ကျင်းရှန်နိုင်ငံသို့ ချီတက်ခိုင်းခဲ့သည့် တပ်သားတစ်သန်း ကျင်းရှန်နိုင်ငံသို့ ရောက်သည့် အချိန်တွင် အရှေ့ဘက်ရှိ အဓိကမြို့ဖြစ်သော ရွှေမီးလျှံမြို့က သိမ်းပိုက်ခံလိုက်ရပြီဖြစ်သည်။ လှံဂိုဏ်းသားများနှင့် စစ်သားတစ်သိန်းကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် ကျင်းရှန်နိုင်ငံတစ်ခုလုံးသည် ဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်။ ကျန်းရီက နောက်နေတာ မဟုတ်ပေ။
ဤသတ်ဖြတ်ခြင်းနတ်ဘုရားက သူ လူမည်မျှ သတ်ခဲ့သည်ကို ဂရုမစိုက်ခဲ့ချေ။ သူ့အမိန့်ကို ဖီဆန်ရဲသည့် မည်သူမဆို သူတို့အတွက် သေခြင်းတရားသာ စောင့်ကြိုနေမှာ ဖြစ်သည်။
ထို့ကြောင့် ကျင်းရှန်တိုင်းပြည်၏ အရှေ့ပိုင်းတွင် ရှိသော မြို့များရှိ တပ်ဖွဲ့များက လူခွဲပြီး စတင်ထွက်ပြေးကြပြီ ဖြစ်သည်။ ကျန်းရီက တပ်သားများကိုသာ သတ်ဖြတ်မည်ဟု တစ်ခါက ဆိုခဲ့ဖူး၏။ သူတို့ ထွက်ပြေးပြီး နောက်ပိုင်းတွင် အရပ်သားများ ပြန်လည် ဖြစ်သွားကြသည်။ ကျန်းရီသည် သူတို့ကို မသတ်နိုင်ဘူး မဟုတ်လော။
ရွှေမီးလျှံမြို့ထဲရှိ တိုင်းသူပြည်သား လက်တစ်ဆုပ်စာသာ သူတို့အသက်ဆုံးရှုံးခဲ့၏။ ယင်းက ရက်အနည်းငယ်အတွင်း တပ်ဖွဲ့သည် အရှေ့ပိုင်းရှိ မြို့များကို သိမ်းကြုံးဖြတ်သန်းသွားမည်ဟု သက်သေပြနေတာပဲ ဖြစ်သည်။ စစ်ဝတ်စုံ မဝတ်စားထားသရွေ့ သူတို့နှင့်အတူ လက်နက်များ မရှိမနေသရွေ့ တပ်သားများ ရောက်လာသည့်အချိန်တွင် ဒူးထောက်ထားသရွေ့ သူတို့ အဆင်ပြေနေမည် ဖြစ်သည်။ ကျန်းရီ၏ တပ်ဖွဲ့က မည်သူ့ကိုမျှ အမှန်တကယ် မသတ်ခဲ့ချေ။ သတင်းပြန့်သွားပြီးနောက် အရှေ့ပိုင်းမြို့ထဲရှိ စစ်သားများအားလုံးက ရှောင်ထွက်ကြပြီ ဖြစ်သည်။ မကြာမီ၌ ကျင်းရှန်တိုင်းပြည်တစ်ခုလုံးရှိ စစ်သားများပါ လိုက်ပါလာတော့သည်။ မည်သူမျှ မသေလိုပေ။ ပြိုင်ဘက်ကင်းရန်သူကို ရင်ဆိုင်ရသည့် အချိန်၌ သူတို့ခုခံလျှင် သေရမည် ဖြစ်သည်။
ကျင်းရှန်တိုင်းပြည်၏ စစ်သေနာပတိချုပ်ကြီး သေဆုံးပြီဖြစ်ရာ ကျန်းရီကို မည်သူက တားနိုင်မည်နည်း။
မျှော်လင့်ချက်မရှိရာ မည်သူကမျှ သိလိုစိတ်မရှိ၊ လူတစ်ယောက် စတင်ထွက်ပြေးသည်နှင့် ကျန်သူများကလည်း လိုက်ပါလာသည်။ အချို့သော မြို့များတွင် တစ်ညအတွင်း စစ်သားတစ်ထောင်ကျော် ထွက်ပြေးသွားခဲ့၏။ မြို့အရှင်မှအပ မည်သူမျှ မကျန်ခဲ့ပေ။
ကျန်းရမ်ထူသည် တပ်သားတစ်သန်းကို ဦးစီးခေါင်းဆောင်ပြုနေတာ ဖြစ်သည်။ ကျန်းဂိုဏ်းမှ သိုင်းပညာရှင်များသည် အင်အားစုထဲ ဝင်လာပြီး တပ်ဖွဲ့ကို ဦးဆောင်ပေးကြသည်။ ချန်ဂိုဏ်းသားများကလည်း ဝေဝါးလာ၏။ လုစစ်သူကြီးသည် ကြီးကြပ်သူတစ်ဦးသာ ဖြစ်၏။ ငွေပန်းပွင့်အဘွားအိုနှင့် ယာ့ဇီသားရဲတို့က ကင်းလှည့်နေသည်။ တပ်ဖွဲ့သည် သန်မာသည့် ခုခံတွေ့ရသည့် အချိန်တိုင်းတွင် သူတို့က ရောက်လာပြီး စိတ်ဝိညာဉ်မျောလွင့်ခရီးသွား သိုင်းပညာရှင်များကို သတ်ဖြတ်ကြ၏။ ထို့ကြောင့် တပ်သားများသည် မြို့ကို အလွယ်တကူ ဖောက်ဝင်နိုင်သည်။
ကျန်းရီသည် ဌာနချုပ်တွင်သာ ဦးစီးနေသည်။ ကျင်းရှန်တိုင်းပြည်ထဲတွင် ဗာဂျရာနယ်ပယ်သိုင်းပညာရှင်များ မရှိတော့ရာ သူကိုယ်တိုင် ဝင်တိုက်ခိုက်ရန် မလိုတော့ချေ။ အခြေစိုက်စခန်းတွင် သူ ရှိနေရာ တပ်သားများ နောက်ကြောင်းစိတ်ပူစရာ မလိုဘဲ တိုက်ခိုက်နိုင်မည် ဖြစ်သည်။ သူ ရှိနေလျှင် မည်သည့် ဗာဂျရာနယ်ပယ်သိုင်းပညာရှင်က လာရဲမည်နည်း။
ဆယ့်ငါးရက်မြောက်နေ့ဖြစ်သည်။ ကျန်းရီအဖို့ ရှန်ဝူတိုင်းပြည်ကို သိမ်းပိုက်ရန် ရက်နှစ်ဆယ်ကျော် အချိန်ယူခဲ့ရသည်။ ယခု သူသည် ကျင်းရှန်တိုင်းပြည်ကို သိမ်းပိုက်ရန် လဝက်သာ အချိန်ယူခဲ့ရ၏။ ကျင်းရှန်တိုင်းပြည်၏ တပ်ဖွဲ့ သုံးပုံတစ်ပုံက ထွက်ပြေးသွားခဲ့ခြင်းနှင့်လည်း သက်ဆိုင်ပေ၏။ မြို့များစွာ၌ စစ်သားများ မကျန်တော့ရာ ကျန်းရီ၏တပ်ဖွဲ့ ရောက်လာသည်နှင့် သိမ်းပိုက်နိုင်တာပဲ ဖြစ်၏။
(၁၇)ရက်မြောက်နေ့တွင် တပ်သားများက ကျင်းရှန်တိုင်းပြည်၏ မြို့တော်သို့ ရောက်လာပြီဖြစ်သည်။ ကျန်းရီက တိုက်ခိုက်ရန် အမိန့်မပေးရသေးခင် ကျင်းရှန်တိုင်းပြည်၏ ဘုရင် ရှန်းထျားက အရာရှိများနှင့် စစ်သူကြီးများကို ဦးဆောင်လျက် ကျန်းရီဆီ သွားကာ ကျန်ရှိသည့် စစ်သားသုံးသိန်းနှင့်အတူ အညံ့ခံလိုက်သည်။
ကျန်းရီက သူအညံ့ခံတာကို လက်မခံဟု ဆိုခဲ့သည်။ သူတို့အားလုံးကို သူ သတ်ဖြတ်မှာ ဖြစ်၏။ သို့သော် ကျန့်ရိမင်နှင့် ချန်ကွေ့က ထိုသူများအားလုံးကို လက်ခံထားရန် အကြံပေးလိုက်သည်။ သူသည် ကျင်းရှန်တိုင်းပြည်၏ ဘုရင်ကို သူ၏ဂိုဏ်းသားများနှင့်အတူ နယ်နှင်ဒဏ်ပေးနိုင်သည်။ သို့မှသာ ကိုယ်ပိုင်အင်အားစုများနှင့် စစ်သားများ မပူးပေါင်းနိုင်မှာ ဖြစ်၏။ ငွေပန်းပွင့်အဘွားအိုကလည်း သူ့ကို ပြော၏။ တပ်သားများမရှိဘဲ သူ သိမ်းပိုက်ထားသည့် မြေများကို ထိန်းချုပ်နိုင်မှာ မဟုတ်ပေ။
ကျန်းရီသည် ထိုမျှ ရှည်ရှည်ဝေးဝေး မတွေးခဲ့ပေ။ သူသည် ဤနယ်မြေကို စုစည်းရန်ပင် မတွေးခဲ့ပေ။ ကျန့်ရိမင်၊ ချန်ကွေ့နှင့် ငွေပန်းပွင့်အဘွားအိုတို့သာ ထိုကဲ့သို့ အတွေးများသာ ရှိတာ ဖြစ်သည်။ ဆိုရလျှင် ကျန်းရီက နယ်မြေ၏ ဘုရင် ဖြစ်လာခဲ့လျှင်သူတို့၏ အင်အားများလည်း ကြီးထွားလာမှာပဲ ဖြစ်၏။
ကျန်းရီသည် သူတို့၏ အကြံများကို မငြင်းပယ်နိုင်ဘဲ ကျင်းရှန်တိုင်းပြည်၏ ဘုရင် အညံ့ခံတာကို လက်ခံရန် သဘောတူလိုက်သည်။ ပြီးနောက် သူက တပ်သားသုံးသိန်းကို လွှဲယူလိုက်၏။ ကျင်းရှန်တိုင်းပြည်က တရားဝင်ကျရှုံးသော တိုင်းပြည် ဖြစ်သွားခဲ့ပြီပင်။
မကြာမီ၌ ကျန်းရီသည် မြောက်ဘက် မန့်တိုင်းပြည်ကို ငါးရက်အတွင်း တိုက်ခိုက်မည်ဟု ကြေညာခဲ့သည်။ သူသည် မည်သည့်အညံ့ခံမှုကိုမှ လက်မခံ၊ စစ်သားများသည် အသက်ရှင်လိုလျှင် ယခု ထွက်ပြေးရန်သာ သူတို့၏ နောက်ဆုံးအခွင့်အရေး ဖြစ်ပေသည်။ သတင်းက မြောက်ဘက် မန့်တိုင်းပြည်ဆီ ပျံ့နှံ့သွားပြီး မြောက်ဘက် မန့်တိုင်းပြည်အတွင်း၌ ဖရိုဖရဲ ဖြစ်ကုန်တော့၏။ သို့သော် သုံးရက်ကြာပြီးနောက် မြောက်ဘက် မန့်တိုင်းပြည်သည် မိုးပြာနဂါးအင်ပါယာနှင့် မြောက်ပိုင်းလျန်တိုင်းပြည်တို့နှင့် ပူးပေါင်းခဲ့သည်။ သူတို့က မြောက်ဘက်မန့်တိုင်းပြည်၏ တိုင်းသူပြည်သားများအတွက် မျှော်လင့်ချက်တစ်ခု ပေးစွမ်းနိုင်သည့် ကြေညာချက်တစ်ခု ထုတ်ခဲ့သည်။ ကြေညာချက်အစား ယင်းက စိန်ခေါ်စာဟု ဖော်ပြလျှင် ပိုသင့်တော်ပေမည်။
မိုးပြာနဂါးအင်ပါယာသည် ကျန်သည့်တိုင်းပြည်နှစ်ခုနှင့် ပူးပေါင်းပြီးနောက် ကျန်းရီကို စိန်ခေါ်ခဲ့၏။ တိုက်ပွဲက ကြယ်တာရာမြို့ အပြင်ဘက်တွင် ဖြစ်ပွားမည် ဖြစ်သည်။ တိုင်းပြည်နှစ်ခု၏ တပ်ဖွဲ့များက ကောင်းကင်ကြယ်တာရာမြို့၌ လျင်မြန်စွာ စုဝေးလာကြသည်။ သူတို့က ကျန်းရီနှင့် သေသည်အထိ တိုက်ခိုက်ကြမှာ ဖြစ်နေပေသည်။
သတင်းထွက်ပေါ်လာသည့် အချိန်တွင် နယ်မြေက ရုတ်တရက် ဆူညံကုန်တော့သည်။ ဤသည်က အဆုံးအဖြတ် တိုက်ပွဲဖြစ်မှန်း လူတိုင်း နားလည်ပေ၏။ ကျန်းရီအနိုင်ရသွားခဲ့လျှင် နယ်မြေက စုစည်းပြီးသား ဖြစ်သွားမည်။ ကျန်းရီ ရှုံးနိမ့်သွားခဲ့လျှင် ကုန်းပြင်မြင့်၏အခြေအနေက ထပ်မံရှုပ်ထွေးသွားမှာပဲ ဖြစ်၏။
သမိုင်းဝင်အခိုက်အတန့်သည် နောက်ဆုံးတော့ ရောက်လာပြီလား။
“ကိုယ်စားအုပ်ချုပ်သူ စိန်ခေါ်မှုကို လက်မခံပါနဲ့၊ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်ခဲ့ရင်တောင် ကြယ်တာရာမြို့မှာ မဖြစ်သင့်ဘူး၊ မူလအတိုင်း မြောက်ဘက်မန့်တိုင်းပြည်ကို တိုက်ခိုက်ပြီး ရှောင်လုံဝမ်နဲ့ မန့်တိုင်းပြည်ရဲ့ တပ်သားတွေ နောက်ပြန်ဆုတ်မလားဆိုတာ ကြည့်လို့ရပါတယ်”
“ဟုတ်တယ်.. မိုးပြာနဂါးအင်ပါယာနဲ့ ကျန်တဲ့တိုင်းပြည်နှစ်ခုက အတိတ်တုန်းက တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တယ်၊ ဒါပေမဲ့ အခု ရုတ်တရက်ကြီး စိန်ခေါ်နေပြီ ဒါက သူတို့မှာ တစ်ခုခု ရှိတယ်လို့ ဆိုလိုတာပဲ သူတို့အလိုအတိုင်း လိုက်လို့ မရဘူး ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေနဲ့ပဲ သွားဖို့လိုတယ်”
“ရန်သူကို တိုက်ခိုက်ဖို့ အမိန့်ပေးတာ အံ့သြစရာပဲ တောင်းပန်တာထက်တော့ ပိုလုံခြုံတာပေါ့”
စိန်ခေါ်စာက ကျန်းရီရှိနေသည့် နေရာဆီ ရောက်သည့် အချိန်၌ ကျန်းရမ်ထူ၊ ကျန့်ရိမင်နှင့် ချန်ကွေ့တို့က သူတို့အမြင်များကို ပြောကြသည်။ မိုးပြာနဂါးအင်ပါယာနှင့် တိုင်းပြည်နှစ်ခု ရုတ်တရက် မာကြောလာရသည့် အကြောင်းအရင်းမှာ ငါးညှီနံ့တစ်ခုတော့ ရှိရပေမည်။ ကောင်းကင်ကြယ်တာရာထဲ၌ ယခုလောက်ဆို အောက်ခြေဆွဲ ပိုက်ကွန်တစ်ခု ရှိနေပြီး ဖြန့်ထားသည်။ ကျန်းရီ ထောင်ခြောက်ထဲ ဝင်လာမှာကို စောင့်နေတာ ဖြစ်ရမည်။
“ဟား ဟား..”
ကျန်းရီက ခပ်ဖျော့ဖျော့ ပြုံးပြီးနောက် ခေါင်းခါလိုက်သည်။
“ကျုပ်ရဲ့တိုက်ပွဲဝင် ခွန်အားနဲ့ ဘယ်လှည့်ကွက်ကမှ ကျုပ်တို့ကို မထိခိုက်စေဘူး၊ သူတို့ ကျုပ်ကို သတ်နိုင်လို့ ကျုပ်သေမယ် ဆိုရင်.. ကမ္ဘာအဆုံးထိ ပြေးခဲ့ရင်တောင် သေနိုင်တာပဲ အဆုံးအဖြတ်တိုက်ပွဲက အနှေးနဲ့အမြန် ဖြစ်လာမှာဆိုတော့ နေရာက အရေးမကြီးတော့ဘူး ခင်ဗျားတို့တွေ ထပ်ပြောဖို့ မလိုဘူး။ ကျုပ်ရဲ့အမိန့်ကို ပြောလိုက် တပ်သားတွေ အားလုံး အခု ကောင်းကင်ကြယ်တာရာမြို့ကို သွားကြမယ်”
***