← Chapters

ဒီကောင်းကင်ကြယ်တာရာမြို့ကို ငါ့အတွက် အမှုန့်ခြေပေးပါ

Vol. 1 Ch. 490

ဒီကောင်းကင်ကြယ်တာရာမြို့ကို ငါ့အတွက် အမှုန့်ခြေပေးပါ

Vol. 1 Ch. 490

မိုးပြာနဂါးအင်ပါယာနှင့် တိုင်းပြည်နှစ်ခုက ကျန်းရီကို ရုတ်တရက် စိန်ခေါ်သည့် အချိန်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယင်းက သိုင်းခန်းမ ဖြစ်၏။

ယမန်နေ့က ကောင်းကင်ကြယ်တာရာဒေသခွဲရှိ သိုင်းခန်းမခွဲသခင်သည် ပင်မသိုင်းခန်းမမှ သတင်းစကား ပြန်ယူလာခဲ့သည်။ သိုင်းခန်းမသခင်သည် မိုးပြာနဂါးအင်ပါယာနှင့် တိုင်းပြည်နှစ်ခုတို့ကို ကျန်းရီတို့အား စိန်ခေါ်ရန် အမိန့်ပေးခဲ့ပြီး လိုအပ်လာလျှင် သိုင်းခန်းမ ဝင်ပါမည်ဟု ဆိုခဲ့သည်။

ခန်းမခွဲသခင်က သိုင်းခန်းမသခင်ဆီမှ အမိန့်ပေးတံဆိပ်ပြား ယူလာခဲ့သည်။ ထိုအမိန့်ပေးတံဆိပ်ပြားက အလွန်ထူးခြားပြီး အတု မလုပ်နိုင်ပေ။ ချက်ချင်းပင် ခန်းမခွဲခေါင်းဆောင်က အချက်အလက်ကို မမှန်မကန် မပြုရဲတော့ချေ။

ထို့ကြောင့် လင်းရွှယ်သည် ရှောင်လုံဝမ်နှင့် ရှားတိတို့နှင့် အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် သူတို့သည် အဆုံး၌ စိန်ခေါ်စာရေးရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် သိုင်းခန်းမနှင့် အပြန်အလှန် ဆက်ဆံမှုမရှိ အကျိုးအမြတ်လည်း မရှိ သူတို့သည် သိုင်းခန်းမအပေါ် နောက်ဆုံးမျှော်လင့်ချက် ထားပြီး ကျန်းရီကို တိုက်ခိုက်ရန် စိန်ခေါ်ရမည် ဖြစ်သည်။

ကျန်းရီက တပ်သားတစ်သန်းကို အမိန့်ပေးပြီးနောက် ကောင်းကင်ကြယ်တာရာမြို့ဆီသို့ တိုက်ရိုက်ချီတက်ကြတော့သည်။ တပ်သားများကို မခွဲဘဲ ဆန့်တန်းလိုက်ရာ ငါးကီလိုမီတာခန့် ရှည်ပေ၏။ ယင်းက မြောက်ဘက်ဆီသို့ ဦးတည်သွားနေသည့် ချွန်ထက်သောဓားသွားတစ်လက်နှင့် တူနေပေသည်။

ယင်းတပ်များမြောက်ဘက် မန့်တိုင်းပြည်သို့ ရောက်ပြီ ဖြစ်သော်ငြား ကျန်းရီက တိုက်ခိုက်ရန် အမိန့်မပေးခဲ့ချေ။ သူတို့က ကောင်းကင်ကြယ်တာရာမြို့မှ တိုက်ပွဲကို အောင်နိုင်သရွေ့ မြောက်ဘက်မန့်တိုင်းပြည်ကို အနိုင်ယူရန်မှာ အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့သည်။

လင်းရွှယ်နှင့် ကျန်သည့်သူများ စိုးရိမ်ပူပန်နေသည်က သိုင်းခန်းမ မလှုပ်ရှားမှာကို ဖြစ်သည်။ သိုင်းခန်းမခွဲက နယ်မြေအနှံ့ဖြန့်ကျက်ထားပြီးနောက် ကောင်းကင်ကြယ်တာရာမြို့ဆီသို့ သိုင်းပညာရှင်များ ပို့မည့် လက္ခဏာမရှိပေ။ လင်းရွှယ်က တပ်သားများ လွှတ်ပေးရန် သိုင်းခန်းမသခင်ကို တောင်းဆိုဖို့ရာ ခန်းမခွဲ သခင်ဆီသို့ ပြောခဲ့သည်။ ခန်းမခွဲသခင်က စစ်သားများ လိုအပ်သည့် အချိန်၌ အရောက်ပို့ပေးမည်ဟုသာ အကြောင်းပြန်ခဲ့သည်။

မြောက်ဘက် မန့်တိုင်းပြည်သည် လက်ရွေးစင်တပ်သားငါးသိန်းကျော် စေလွှတ်ခဲ့သည်။ မြောက်ပိုင်းလျန်တိုင်းပြည်ကမူ ခြောက်သိန်းစေလွှတ်ခဲ့၏။ မိုးပြာနဂါးအင်ပါယာဆီမှ တပ်သားတစ်သိန်းနှင့် ပေါင်းလိုက်သောအခါ စုစုပေါင်း (၁.၂)သန်း ရှိသွားပြီဖြစ်သည်။ မိုးပြာနဂါးအင်ပါယာထဲတွင် စိတ်ဝိညာဉ်မျောလွှင့်ခရီးသွား သိုင်းပညာရှင် တစ်ထောင်ကျော် ရှိပေ၏။ ယင်းက အင်မတန် အစွမ်းထက်သည့် မဟာမိတ်တပ်ဖွဲ့ဖြစ်ပြီး ရှောင်လုံဝမ်နှင့် ရှကျီတို့က ကောင်းကင်ကြယ်တာရာမြို့မှ အမိန့်ပေးကြမှာ ဖြစ်သည်။ သို့သော် လူတိုင်းက မလုံခြုံမှုကို ခံစားနေရသေးသည်။ အကြောင်းမှာ သူတို့၏ရန်သူက ကျန်းရီဖြစ်နေသောကြောင့် ဖြစ်သည်။

“သတင်းပို့ပါတယ်”

မြောက်ဘက် မန့်တိုင်းပြည်နှင့် ကျင်းရှန်တိုင်းပြည်ကြား၌ နယ်စပ်တစ်ခု ရှိပြီး ကျန်းရီသည် ထိုနောက်ကွယ်ရှိ အခင်းအကျင်းသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ မြင်းစီးလာသည့် စစ်သူကြီးတစ်ဦးက ကျန်းရီဆီ ကမန်းကတမ်း ရောက်လာပြီးနောက် ကိုက်ငါးဆယ်အကွာသို့ ရောက်သည့် အချိန်၌ မြင်းပေါ်မှ ခုန်ဆင်းလိုက်၏။ ချက်ချင်းပင် စစ်သူကြီးက အော်ဟစ်လိုက်ကာ ပြောလိုက်သည်။

“ကိုယ်စားအုပ်ချုပ်သူကို သတင်းပို့ပါတယ် ဘုန်းကြီးအိုတစ်ပါးက အနောက်ဘက်အရပ်ကနေ လာပြီး အရှင့်ကို တွေ့ချင်နေပါတယ်”

ကျန်းရီသည် အစီအရင်အလယ်တွင် ယခင်က နေခဲ့သည်။ သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည် ဝိညာဉ်ဖမ်းတောင်ကြားကို ဖြတ်သန်းသည့် အချိန်၌ သူ ပျောက်ကွယ်သွားခဲ့၏။ သူ မည်သည့်နေရာကို သွားမှန်း မပြောခဲ့ပေ။ ထို့ကြောင့် လူအိုကြီးကလည်း မမေး။

“ဘုန်းကြီးအို တစ်ပါးလား”

ကျန်းရီက မျက်ခုံးပင့်လိုက်သည်။ ငွေပန်းပွင့်အဘွားအိုကလည်း အော်ပြောလိုက်သည်။

“ဇင်ဘုရားကျောင်းက မဟာအကျော်အမော် ရွှမ်ထုံပဲ”

ဇင်ဘုရားကျောင်းသည် တိုင်းပြည်နှစ်ခုအကြား နယ်စပ်တွင် တည်ရှိပြီး ကီလိုမီတာငါးဆယ်ကာ ဝေးကွာသည်။ ဇင်ဘုရားကျောင်းထဲရှိ ဘုန်းကြီးအိုသာလျှင် တစ်ကိုယ်တည်း ရောက်လာပြီး ကျန်းရီနှင့် တိုက်ခိုက်ဝံ့တာ ဖြစ်သည်။

“တပ်သားတွေ ရှေ့ကို ဆက်ချီတက်နှင့်၊ ငါ မကြာခင်မှာ ပြန်လာခဲ့မယ်”

ကျန်းရီက တစ်ခဏတာ ချင့်ချိန်စဉ်းစားပြီးနောက် လက်ကာပြကာ အနောက်ဘက်ဆီသို့ သွားလိုက်၏။ ယာ့ဇီသားရဲနှင့် ငွေပန်းပွင့်အဘွားအိုတို့က အချင်းချင်း ကြည့်လိုက်ပြီး သူ့နောက်မှ တိတ်တဆိတ် လိုက်သွားကြသည်။ ဘုန်းကြီးအိုက ခေါင်းမာနေခဲ့လျှင် သူတို့က အနည်းငယ် ရိုင်းပျရလဲ စိတ်မရှိပေ။

သေးငယ်သည့် တောင်ထွတ်တစ်ခုပေါ်၌ သင်္ကန်းဝတ်ထားသည့် ဘုန်းကြီးအိုတစ်ပါးက ကွင်းကိုးကွင်းပါသည့် တောင်ဝှေးကို ကိုင်ထား၏။ သူ့မျက်လုံးများ ပိတ်ထားလေသည်။ ဤတောင်ထွတ်နှင့် ရောနှောနိုင်စွမ်း ရှိပြီး သဘာဝအရှိန်အဝါမျိုးရှိပြီး မလှမ်းမကမ်းကနေ ကြည့်နေလျှင် ထိုဘုန်းကြီးအိုက တောင်တန်းပေါ်ရှိ သစ်ပင်တစ်ပင် သို့မဟုတ် ကျောက်တိုင်တစ်တိုင်နှင့် ဆင်တူပေ၏။ ယင်းက အမှန်တကယ် ဆန်းကြယ်လှပေသည်။

ဒုန်း ဒုန်း ဒုန်း..

ကျန်းရီသည် စစ်မြင်းဖြင့် ဖြည်းညင်းစွာ လာနေ၏။ သူက တည်ငြိမ်နေပြီး နောက်မှ ယာ့ဇီသားရဲနှင့် ငွေပန်းပွင့်အဘွားအိုတို့က စိတ်ပူပန်နေ၏။ ကျန်းရီ၏ အမိန့်မရှိဘဲ သူတို့ မကပ်ရဲချေ။

တောင်ထွတ်အောက်ခြေ၌ ကျန်းရီက လှည့်ကြည့်ပြီး စစ်မြင်းပေါ်မှ ဆင်းလိုက်တော့သည်။ သူက တောင်ထွတ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။ သူ၏ ကိုယ်ပိုင်ဥယျာဉ်ထဲ လျှောက်လှမ်းနေသည့်အလား သက်သောင့်သက်သာ ရှိနေသည်။ တောင်ထွတ်ပေါ်ရှိ ဘုန်းကြီးအိုက မျက်လုံးမဖွင့် အိပ်ပျော်နေပုံရသည်။

တောင်ထွတ်ပေါ် တက်ပြီးနောက် ကျန်းရီသည် ဘုန်းကြီးအိုရှေ့၌ ရပ်လိုက်သည်။ သူက လက်ဝါးနှစ်ဖက်ကို ကပ်ကာ ညင်သာစွာ ပြောလိုက်၏။

“ကျန်းရီက မဟာပညာရှင်ရွမ်ထုံကို နှုတ်ဆက်ပါတယ်”

ဘုန်းကြီးအို၏ အဖြူရောင်မျက်ခုံးနှစ်ဖက်က တန်းနေပြီး သူက ခေါင်းခါလိုက်တော့၏။ မျက်လုံးဖွင့်ပြီးနောက် အနည်းငယ် ခေါင်းညွှတ်လိုက်တော့သည်။

“ဒကာကျန်း ကိုယ်တော်တို့ ထပ်တွေ့ကြပြန်ပြီ”

ကျန်းရီက ခြောက်ကပ်ကပ် ပြုံးကာ ပြောလိုက်၏။

“ဒီတစ်ခေါက် ကျုပ်ကိုများ အကြံဉာဏ်ပေးဖို့ ရောက်လာတာလား”

“မင်းကို အကြံဉာဏ်ပေးမှာ မဟုတ်ဘူး”

ဘုန်းကြီးအိုက တင်းမာနေပြီး သူ၏အသံက လေးနက်တည်ကြည်နေ၏။

“ကောင်းကင်အောက်က လူများစွာရဲ့အသက်အတွက် ရှေးရှုပြီး ဒကာကျန်းကို သက်ညှာပေးဖို့ လာပြောတာပဲ မင်းမှာ အင်မတန်ပြင်းထန်တဲ့ သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ရှိနေတယ် ဒါက လောကကြီးဆီ ကောင်းချီးတွေ သယ်ဆောင်လာမှာ မဟုတ်ဘူး ကိုယ်တော်တို့တွေက လူဝင်စားတွေပဲ၊ သံသရာဆိုတာက အမြဲတမ်းရှိနေတယ် တစ်နေ့ကျရင် ပြန်လည်မှာပဲ ဒီလောက်လူတွေ အများကြီးသတ်ဖြတ်တာက အလင်းကို ပိတ်စေပြီး ပြီး မိစ္ဆာလမ်းကြောင်းကို ဆွဲခေါ်သွားမှာ၊ အခုချိန်မှာ မခံစားမိလောက်သေးတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အကုသိုလ်တွေက စုပုံနေပြီးပြီ တစ်နေ့ကျရင် သူတို့တွေက ပေါက်ကွဲထွက်ပြီး မင်းရဲ့အနာဂတ်က..”

“ကျုပ်ရဲ့အနာဂတ်လား.. ဟား ဟား..”

ကျန်းရီက ခေါင်းခါပြီးနောက် ဖျော့တော့စွာ ပြုံးလိုက်၏။ သူသည် ကောင်းကင်ကျောက်တုံးများဖြင့် သန့်စင်သည့် အချိန်တည်းက သူ့ခန္ဓာကိုယ်သည် ကျိုးပဲ့နေခဲ့ပြီး ဖြစ်သည်။ မည်ကဲ့သို့သော အနာဂတ်က သူ့ကို စောင့်ကြိုနေမည်နည်း။ ဝဋ်နှင့် ဝဋ်လည်ခြင်းဟူသည် အမှိုက်များသာ ဖြစ်သည်။ နောင်တွင် ကောင်းကင်ဘုံက ပြစ်ဒဏ်ပေးမည်ကို ကြောက်ရွံ့သောကြောင့် စုလောရွှယ်နှင့် ကျန်းရှောင်နူတို့ကို သူ အလွတ်ပေးရမည်လော။ ထို့ကြောင့် သူ၏မျက်နှာက ရုတ်ခြည်း အေးစက်သွားခဲ့သည်။ သူက ဘုန်းကြီးအိုကို စိုက်ကြည့်ပြီးနောက် မေးလိုက်၏။

“ဒါဆိုရင် ကျုပ်တို့ အခု ဘာလုပ်ရမလဲဆိုတာ ပြောပြပေးနိုင်မလား၊ ကျုပ်ရဲ့ဓားကို ချပြီး အခြားသူတွေ ကျုပ်လည်ပင်းပေါ် ဓားတင်မှာကို စောင့်နေရမှာလား၊ နောင်ဘဝကျရင် ကျုပ်က ဗုဒ္ဓဖြစ်လာနိုင်မှာလား”

“ဟူး..”

ဘုန်းကြီးအိုက သူသည် ကျန်းရီကို မဖျောင်းဖျနိုင်၊ လာမည့် တိုက်ပွဲကြီးကိုလည်း မဟန့်တားနိုင်မှန်း သိပုံရသည်။ သူက လေးတွဲ့စွာ သက်ပြင်းချလိုက်၏။

“မင်းရဲ့အရေးကိစ္စတွေမှာ ဝင်မပါချင်ဘူး၊ တိုင်းသူပြည်သားတွေရဲ့ ကိုယ်စား လာတောင်းဆိုဖို့ မျှော်လင့်တာပဲ.. တတ်နိုင်သမျှ ကျေးဇူးပြုပြီး နည်းနည်းပဲ သတ်ပါ အသက်တစ်ချောင်းကယ်တာက ဘုံခုနှစ်ဆင့်စေတီ တည်တာထက်တော့ ပိုကောင်းတယ်၊ လူတစ်ယောက်အသက်ကို ချမ်းသာပေးတာက သာမန်လူတွေအတွက် ကောင်းချီးမင်္ဂလာလည်း ဟုတ်တယ်”

အံ့သြဖွယ်ကောင်းလောက်အောင်ပင် ကျန်းရီက ဒေါသမထွက်ပေ။ ထိုအစား သူက ခေါင်းညိတ်ပြီးနောက် ရိုသေလေးစားစွာ ပြန်ပြောလိုက်၏။

“ကျန်းရီက အကြံပေးမှုကို မှတ်သားထားပါ့မယ်”

ဘုန်းကြီးအိုက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားကာ တောင်အောက်သို့ ဆင်းသွားတော့၏။ သူ့ခြေလှမ်းတိုင်းက မီတာတစ်ရာကျော် ဝေးကွာပေသည်။ မျက်တောင်တစ်ခတ်အတွင်း သူ ပျောက်သွားတော့သည်။

“ဟူး.. ဟူး..”

ကျန်းရီသည် သက်ပြင်းချပြီးနောက် ဘုန်းကြီးအို ထွက်သွားသည့်ဘက်သို့ ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ သူသည် တောင်ထွတ်ပေါ်၌ အချိန်အတော်ကြာ ရပ်နေပြီးနောက် သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

“ဆရာကြီး ကျုပ်ကလည်း လူတွေကို သတ်ဖြတ်ရတာ နှစ်သက်တဲ့သူ မဟုတ်ဘူး သူတို့က ကျုပ်ကို ဖိအားပေးလွန်းနေတာ၊ ကျုပ်ရဲ့ စိတ်ဆန္ဒကြောင့် ဖြစ်လာတာပဲ ကျုပ်က ဓားကို မကိုင်ခဲ့ရင် သူတို့က ကျုပ်နဲ့ ကျုပ်မိသားစုကို သတ်ကြမှာ၊ ဒီလောကကြီးမှာ အကြောင်းပြချက်ဆိုတာ မရှိဘူး။ အမှန်တရားဆိုတာ ဘာလဲ။ မိစ္ဆာဓာတ်ဆိုတာ ဘာလဲ။ ဘယ်သူကများ ကျုပ်ကို ဉာဏ်အလင်း ဖွင့်ပေးမှာလဲ”

ရှေ့ပြေးတပ်က ကောင်းကင်ကြယ်တာရာဒေသ၏ အနောက်ဘက်သို့ ရောက်ရန်အတွက် ခုနှစ်ရက် ရှစ်ရက်ခန့်သာ အချိန်ယူရသည်။ ကျန်းရမ်ထူက တပ်သားများကို အမိန့်ပေးပြီး မြို့ပြင် ငါးကီလိုမီတာ အကွာ၌ စခန်းချခိုင်းထားပြီး ကျန်းရီရောက်လာမှာကို စောင့်နေ၏။

လွန်ခဲ့သည့် နှစ်နှစ်က နတ်ဆိုးဧကရီသည် မိစ္ဆာသားရဲတပ်ဖွဲ့ကို ဦးဆောင်ပြီး ဤနေရာကနေ မြို့ကို တိုက်ခိုက်ခဲ့၏။ ယခုအချိန်တွင် မိစ္ဆာသားရဲများကြောင့် ထိခိုက်မှု အကြွင်းအကျန်များ ရှိနေသေးသည်။ ကောင်းကင်ကြယ်တာရာမြို့ဝန်းကျင်၌ ဧရာမအရံအတားတစ်ခု တောက်ပနေပေ၏။ အရံအတားအတွင်း၌ မြို့နံရံ၌ စစ်သားများ ပြည့်နေကာ အနောက်ဘက် မိုးကုတ်စက်ဝိုင်းမှ လာနေသည့် တပ်သားစီးကြောင်းကို မြင်နိုင်ပေ၏။

သူတို့က ကောင်းကင်ကြယ်တာရာမြို့အနောက်ဘက်ရှိ ရှင်းလင်းနေသော မြေကို သိမ်းပိုက်ထားပြီး လူတိုင်းက မသက်မသာ ခံစားနေရ၏။ ဤတိုက်ပွဲတွင် မည်သူက အနိုင်ရမည်နည်း။ သူတို့ မသိကြပေ။ တိုက်ပွဲ ဖြစ်ပွားသည်နှင့် ကောင်းကင်ကြယ်တာရာမြို့ထဲတွင် သေနိုင်ခြေများမှန်းသာ သူတို့ သိကြပေသည်။

လင်းရွှယ်နှင့် အဖွဲ့က မြို့နံရံပေါ်တွင် ပေါ်မလာခဲ့ပေ။ ကောင်းကင်ကြယ်တာရာမြို့၏ စစ်သူကြီးငါးဦးသာ ရောက်လာခဲ့၏။ လုံစစ်သူကြီးသည် ရှားယွီမြို့ အပြင်ဘက်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ အတူတကွ စုစည်းထားသော တပ်ဖွဲ့ကို မြင်သည့်အချိန်၌ ခံစားချက်များ ရောထွေးနေသည်။

ထိုစဉ်က ကျန်းရီသည် မိုးပြာနဂါးအင်ပါယာအတွက် သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ကောင်းကင်ကြယ်တာရာ မြို့ထဲတွင် မြေခွေးလေးကို ရှာရန် အမိန့်ပေးခံခဲ့ရသည်။ သူတို့ကို ဦးဆောင်ပြီးနောက် အကြီးဆုံးမင်းသား၏ နေအိမ်ကို တိုက်ခိုက်ခိုင်းခဲ့သည်။ ယခု အမိန့်များကို ပြတ်သားစွာ ပေးနေသည့် ကျန်းရီ၏ ပုံရိပ်က သူတို့စိတ်ထဲ ပေါ်လာသည်။

ကိစ္စရပ်များသည် အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲနေ၏။ ထိုအတိုင်း လူများလည်း ပြောင်းလဲနေပေသည်။ ယခုအခေါက်တွင် ကျန်းရီက ကောင်းကင်ကြယ်တာရာမြို့ကို ထပ်ရောက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ယခုအခေါက်တွင်မူ သေသည်အထိ တိုက်ခိုက်ရန်အတွက် တပ်သားတစ်သန်းဖြင့် ရောက်လာခြင်းဖြစ်သည်။ တပ်သားများအားလုံးက ဒုတိယမြောက်နေ့တွင် ရောက်လာကြပြီ ဖြစ်သည်။ တပ်သားတစ်သန်းက ထူထဲနေပြီး မျက်စိတစ်ဆုံး မြင်နေရ၏။ အသံတစ်သံမှမထွက်ဘဲ ဖိနှိပ်နိုင်သော ခံစားချက်မျိုး ဖန်တီးပေးနိုင်၏။ သူတို့က အကောင်ရေတစ်သန်းသော နတ်ဆိုးသားရဲများကဲ့သို့ပင်။ အချိန်မရွေး အစွယ်များကို ပြကာ ကောင်းကင်ကြယ်တာရာမြို့ကို ပြားပြားဝပ် တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံရသည်။

အာရုံတက်အချိန်၌ အရှေ့ဘက် အရပ်မျက်နှာဆီမှ အလင်းတန်းတည့်တည့်ကျရောက်လာပြီးနောက် လူတိုင်းသည် လေကို ခွင်း၌ ပေါ်ထွက်လာသော အရာဝတ္ထုအသံတစ်သံကို ကြားလိုက်ရသည်။ ဧရာမသားရဲသည် ကောင်းကင်ထဲ၌ အနောက်အရပ်မှ ဖြည်းဖြည်းချင်း ပျံသန်းလာနေသည်။ ထိုသားရဲ၏ ကျောပေါ်၌ ချော်ရည်များ စီးကျနေပုံရ၏။ နောက်ကျောတွင် လှံတစ်စင်းကဲ့သို့ ရပ်နေသည့် လူတစ်ယောက် ရှိပေသည်။ သူတို့ဘေး၌ တောင်ဝှေးကိုင်ဆောင်ထားသည့် အဘွားအိုတစ်ဦး ရှိပေသည်။

ကျန်းရီသည် တပ်သားများအထက်သို့ ရောက်လာသည့် အချိန်၌ ကောင်းကင်ကြယ်တာရာမြို့ကို ငုံ့ကြည့်လိုက်သည်။ မလိုအပ်သည့် အရာများ ဘာမှမပြောခဲ့ပေ။ သူ့လက်ထဲ၌ အနီရောင်အလင်း ဖျတ်ခနဲ လင်းလာပြီး မီးနဂါးဓားပေါ်လာတော့၏။ သူသည် ဓားကို ရှေ့သို့ ရုတ်ခြည်း လွဲယမ်းကာ အော်လိုက်တော့၏။

“စိတ်ဝိညာဉ်ခရီးသွား သိုင်းပညာရှင်တွေ တိုက်ကြ.. ဒီကောင်းကင်ကြယ်တာရာမြို့ကို ငါ့အတွက် ချေမှုန်းပေး”

***

All Chapters