အခန်း (၇၆၃-၇၆၄)
Vol. 48 Ch. 763-764
အပိုင်း (၇၆၃)
ရှမ့်လန်၏ သွေးက ကြောက်စရာ ကောင်းလွန်းလှပြီး သွေးနှင့်ထိတွေ့သည်နှင့် ကူပိုးကောင်များက သေဆုံးကြ၏။ ရှမ့်လန်က ညှပ်တစ်ခုကို ထုတ်ယူပြီး ဦးနှောက်စားသည့် ပိုးလောင်းများကို ကောက်ယူ၏။ သူ၏။ ပြီးနောက် သူ၏ သွေးပုလင်းတစ်ခုတည်းသို့ ထည့်ထား၏။ မကြာခင်မှာပဲ ထိုကောင်များက ပိုမိုကာ ကြမ်းတမ်းလာခဲ့ပြန်၏။ ဤလူ၏ သွေးက ကြောက်ရွံ့စရာကောင်းသောကြောင့် အကောင်များက ကြောက်လန့်နေကြ၏။
“နာကျည်းမှု... ဟိုအဘွားကြီးရဲ့ မျက်လုံးကို ဆွဲဖွင့်ထားစမ်း။ အဘွားကြီး သေချာကြည့်... ကူပိုးကောင်တွေ၊ အဆိပ်ဓာတ်ငွေ့တွေ၊ ဒါမှမဟုတ် ဦးနှောက်စားတဲ့ ပိုးတွေ၊ အားလုံးက စေတီတောင်ကနေ လာတာ။ ခင်ဗျားတို့ ရွှယ်မိသားစု မထိန်းချုပ်နိုင်တဲ့ အရာတွေပဲ။ ဘာလို့ ဒီလောက် အန္တရာယ်များတဲ့ အရာတွေကို သုံးရဲရတာလဲ။”
ရွှယ်ချီ၏ အမေက အော်ပြောလိုက်သည်။ “ငါ့ကို သတ်။ ငါ့ကို သတ်စမ်း။ မနှိပ်စက်နဲ့။”
ရှမ့်လန်က ညှပ်ကို အသာကိုင်ပြီးနောက် ဦးနှောက်စားသည့် ပိုးကောင်ကို ရုတ်တရက် အဘွားအိုရွှယ်၏ မျက်လုံးထဲသို့ ထိုးထည့်၏။ ပြီးနောက် ထိုပိုးက မျက်လုံးထဲမှ တစ်ဆင့် ဦးနှောက်ထဲသို့ ဝင်ရောက်သွား၏။
ခဏကြာမှာတော့ ရက်စက်ကြမ်းကြုတ်လွန်းသည့် ထိုအဘွားအိုက မြေပြင်တွင် လူးလိမ့်နေသည်။
“အား... အား...”
ပြင်းထန်လွန်းသည့် နာကျင်မှုဝေဒနာကို ခံစားနေရ၏။ သူမက စူးရှသည့် အော်ဟစ်သံများကို အဆက်မပြတ် ထုတ်လွှင့်လျက် ရှိနေပြီး သူမက ခေါင်းနှင့် မြေပြင်ကို ဆောင့်၏။
မရေမတွက်နိုင်သည့် ပိုးမွှားများက ဦးနှောက်အတွင်းတွင် ပိုမိုကာ များပြားလာခဲ့ပြီး သူမ၏ ဦးနှောက်ကို ဝါးမျိုနေ၏။ တစ်စုံတစ်ယောက်အား အားဖြည့်ဆေး ကျွေးလိုက်သကဲ့သို့ပင်။ ပိုးကောင်များကလည်း အားဖြည့်ဆေး စားရသကဲ့သို့ပင် စားသုံးနေသည်။
“ရှမ့်လန်၊ ကျင်းမူလန်.. မင်းတို့နှစ်ယောက်လုံး ကြောက်စရာကောင်းတဲ့ သေဆုံးမှုမျိုးနှင့် သေဆုံးရလိမ့်မယ်။ မင်းတို့အားလုံး မကြာခင် သေရလိမ့်မယ်။ ငါနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်။ ဟား ဟား ဟား ဟား...”
ရွှယ်ချီ၏ အမေက စူးရှသည့် အသံနှင့် အော်ဟစ်နေ၏။ “အတူတူ သေဆုံးကြရအောင်။ အတူတူ သေဆုံးကြရအောင်။”
ရှမ့်လန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “အဘွားရွှယ်.. ဒီရဲတိုက်ကြီးရဲ့ အောက်မှာ ဆီကီလိုဂရမ် သန်းချီ ရှိတယ်လို့ ပြောနေတာလား။ ကျုပ်ရဲ့ နိဗ္ဗာနတပ်တော် အထဲ ဝင်လာဖို့အတွက် ရွှယ်ချီက သူ့မိသားစုဝင် ရာပေါင်းများစွာတို့ကို စွဲဆောင်စေခဲ့တယ်။ ပြီးတော့ ဆီတွေကို မီးရှို့လိုက်မယ်။ ဒါဆိုရင် ကျုပ်တို့ နိဗ္ဗာနတပ်တော် တစ်ခုလုံးက ပျက်စီးပြီး အားလုံး အတူတူ သေရလိမ့်မယ်။”
ရွှယ်ချီ၏ အမေက အံ့အားသင့်သွား၏။ ရှမ့်လန်က မည်သို့သိရသနည်း။ ဟုတ်ပေ၏။ ဤအရာက ရွှယ်ချီ၏ အစီအစဉ်ပင် ဖြစ်၏။ သူက ဤကဲ့သို့သော အခြေအနေမျိုးတွင် ပင်လျှင် ရှမ့်လန်၏ နိဗ္ဗာနတပ်တော်ကို ဖျက်ဆီးချင်နေတုန်းပင်။
သူက ရှမ့်လန်၏ နိဗ္ဗာနတပ်တော်ကို ဖျက်ဆီးပစ်ရန် မိမိ၏ မိသားစုဝင် ရာပေါင်းများစွာကို စွန့်လွှတ် စတေးရန်ပင် ဆန္ဒရှိခဲ့၏။
“ရက်စက်လွန်းတယ်။ ရွှယ်မိသားစုက တကယ့်ကို ရက်စက်လွန်းတယ်။ ဝံပုလွေတွေလိုပဲ။ အံ့အားသင့်စရာပဲ။ ကျုပ်က တာ့နန်နိုင်ငံရဲ့ မြို့တော်မှာ အလားတူ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရတယ်။ ပညာရှင်တစ်ယောက်က ကျုပ်ကို ထွက်ခွာစေဖို့အတွက် သူ့ကိုသူနဲ့ သူ့ရဲ့မျိုးနွယ်စုတစ်ခုလုံးကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်က သူတို့ကို မီးရှို့ သေစေဖို့ စိတ်ဆန္ဒမရှိခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျုပ်က လိုက်လျောခဲ့တယ်။
ပြီးတော့ အခု ရွှယ်ချီကလည်း ကျုပ်ရဲ့ နိဗ္ဗာနတပ်တော်ကို မီးရှို့သတ်ဖြတ်ပစ်ဖို့ အတွက် သူ့ရဲ့မျိုးနွယ်စုတစ်ခုလုံးကို ငါးစာအဖြစ် အသုံးပြုခဲ့တယ်။ ဒါက အံ့အားသင့်စရာပဲ။ ဒါပေမဲ့ မှတ်ထား။ ခင်ဗျားတို့ မျိုးနွယ်စုတစ်ခုလုံးကို ကိုယ်တိုင်သတ်ခဲ့တာက ရွှယ်ချီပဲ။ နန်းတော်အောက်မှာ ရှိနေတဲ့ ဆီတွေကို မီးရှို့ဖို့ တာဝန်ယူထားတဲ့လူတွေအားလုံးက ကျုပ်လက်ချက်နဲ့ သတ်ပစ်ခံလိုက်ရပြီ။ ဒီတော့ ရွှယ်ချီ ပြင်ဆင်ထားတဲ့ ဒီခမ်းနားတဲ့ မီးတောက်တွေကို ခံစားကြည့်။”
ပြီးနောက် ရှမ့်လန်က နိဗ္ဗာနတပ်ကို ဦးဆောင်၍ ထွက်လာခဲ့၏။ တံခါးအားလုံးကို ပိတ်ခဲ့၏။ ပြီးနောက် မိသားစုရာပေါင်းများစွာ အနောက်ဆီသို့ ဆုတ်ခွာသွား၏။ ထိုအချိန်မှာပဲ နန်းတော် ရဲတိုက်၏ အတွင်းဆီမှ ဝမ်းနည်းကြေကွဲဖွယ်ရာကောင်းသည့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သည့် လူများက ထွက်ပြေးရန် ရုန်းကန်နေကြ၏။ အပြင်ဘက်သို့ ထွက်ရန်လည်း ကြိုးစားကြ၏။ ရွှယ်မိသားစု၏ အဖွဲ့ဝင်တော်တော်များများက သူတို့၏ အကြီးအကဲအနေနှင့် ရှမ့်လန်ကို သတ်ပစ်ဖို့ သူတို့ကို စွန့်လွှတ်စတေးခဲ့သည် ဆိုသည်ကို မသိရှိခဲ့ကြချေ။
“ဘန်း... ဘန်း”
သူတို့က တစ်ယောက်ပြီးတစ်ယောက် ၂ ထပ်၊ သို့မဟုတ် ၃ ထပ်တိုက်ပေါ်မှ ရဲရင့်စွာ ခုန်ဆင်းလာကြသည်။
ရှမ့်လန်က စိတ်ထဲတွင် ရေတွက်နေ၏။ “ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်”
မြေအောက်ခန်းအတွင်းမှာတော့ ဖယောင်းတိုင်များက ငြိမ်သွား၏။ မီးလျှံတစ်ခုက လောင်စာတစ်ခုကို လောင်ကျွမ်းစေ၏။ လောင်စာက မီးတောက်လာ၏။ ဆီကီလိုဂရမ် ထောင်ပေါင်းများစွာတို့က မီးစွဲလောင်၏။ ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့သည်။
“ဝုန်း... ဝုန်း”
ရွှယ်မိသားစု၏ မဖောက်ထွင်းနိုင်သည့် ရဲတိုက်ကြီးက ရုတ်တရက် ပြိုလဲသွားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် မီးတောက်ကြီးတစ်ခုက ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံထက်သို့ပင် ထိုးတက်သွား၏။ ဤမြင်ကွင်းက မကြာခင်က ဖြစ်ပျက်သွားခဲ့သည့် ကြီးမားသည့် ငလျင်ကြီးထက်ပင် ပိုမိုကာ ထိတ်လန့်ဖွယ်ရာ ကောင်းပေ၏။ ရွှယ်မိသားစု၏ ရဲတိုက်ကြီးက မြေပြင်ပေါ်သို့ ပြိုလဲသွားခဲ့၏။ ရွှယ်ချီ အထဲတွင် ပိတ်ဆို့ခြင်းကို ခံထားရသည့် ရွှယ်မိသားစုဝင် ရာပေါင်းများစွာတို့က သေဆုံးသွားခဲ့၏။
ပြီးနောက် ရှမ့်လန်၏ နိဗ္ဗာနတပ်တော်က မြို့ကြီးတစ်ခုလုံးကို လိုက်လံ ရှာဖွေ၏။ ရွှယ်ချီက ပျောက်ကွယ်သွား၏။ သူတို့က ရွှယ်ရွှယ်၊ နင်ချီ သို့မဟုတ် ရွှယ်ချီ၊ ထို့အပြင် ထိုသူတို့ ဖိတ်ကြားထားခဲ့သည့် မဟာပညာရှင် ကျွမ်းကျင်သူများကိုလည်း ရှာမတွေ့ခဲ့ချေ။ အားလုံးက ပျောက်ကွယ်သွားခဲ့၏။ ဤလူများက လေထဲတွင်ပင် အငွေ့ပျံကာ ပျောက်ကွယ်သွားခဲ့သလိုပင်။
ရှမ့်လန်က ရွှယ်မိသားစု၏ လျှို့ဝှက်လမ်းကြောင်းများကို စူးစမ်းလေ့လာရန်အတွက် ရရှိသမျှ နည်းလမ်း အားလုံးကို အသုံးပြုခဲ့၏။ ဂူတိုင်း၊ ဂူတိုင်း လိုက်လံကာ ရှာဖွေ၏။ သို့သော်လည်း ဘာမှ မတွေ့ခဲ့ချေ။ ရှမ့်လန်က သာမန်လူမဟုတ်ဘူး ဆိုသည်ကို နားလည်ရပေမည်။ သူ့တွင် X-Ray အမြင်ရှိ၏။ မြေအောက်လမ်းကြောင်း တစ်ခုမှသည် သူ၏ မျက်လုံးထဲမှ လွတ်မြောက်သွားခြင်း မရှိပေ။
သူက နန်ကျိုးမြို့တွင် မရေတွက်နိုင်သည့် ရွှေနှင့် ငွေရတနာများ၊ အံ့ဩစရာ ကောင်းသည့် အရာများ ပါဝင်နေသည့် မြေအောက်ခန်း ၁၀ ခန်းကျော်ကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့၏။ သို့ပေမည့် ရွှယ်ချီကို မတွေ့ခဲ့ချေ။
အဘွားကြီးရွှယ် ပြောခဲ့သလိုပင် သူက အိပ်မက်ဆိုးဂူကို ရှာတွေ့ခဲ့၏။ ထို့အပြင် သူတို့က အထဲကို သွားရောက်ကာ လေ့လာ၏။ ထိုနေရာက ရွှယ်မိသားစု၏ လျှို့ဝှက်စခန်းတစ်ခု ဖြစ်ပြီး မရေတွက်နိုင်သည့် ထောက်ပံ့ရေး ပစ္စည်းများကို သိုဝှက်ထား၏။ သို့သော်ငြား ထိုနေရာတွင် ရွှယ်ချီ မရှိခဲ့ချေ။ ဘယ်ကို ထွက်ပြေးသွားရသနည်း။
ငလျင်ကြီး လှုပ်ခတ်ချိန်တွင် အရာအားလုံးက ရှုပ်ထွေးပွေလီခဲ့၏။ ဘယ်ကို ထွက်ပြေးသွားနိုင်မည်နည်း။ မူလန်က ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စွမ်းအင်များကို အသုံးပြု၍ လိုက်လံ ရှာဖွေသည် ဆိုလျှင်တောင် မတွေ့ရှိခဲ့ချေ။ ရွှယ်ချီ၊ ရွှယ်တင်းနှင့် ရွှယ်ရွှယ်တို့က မသေသေးချေ။ ရွှယ်မိသားစုက မျိုးသုဉ်း ပျောက်ကွယ်သွားပြီဟု ယူဆ၍ မရနိုင်ချေ။
ရှမ့်လန်က မျက်လုံးကို မှိတ်ပြီး သေသေချာချာ စဉ်းစား၏။ ရက်ပေါင်း များစွာ၊ ညပေါင်းများစွာ ကုန်လွန်သွားခဲ့၏။ ရှာဖွေခြင်းက အချိန်များကို ကုန်လွန်စေ၏။ ရွှယ်ချီကို လတ်တလော ရှာမတွေ့တော့သောကြောင့် တွေ့နိုင်ရန် အခွင့်အရေးက နည်းပါးသွားခဲ့၏။
သို့ပေမည့် တစ်ခုကတော့ သေချာ၏။ ရွှယ်ချီက နန်ကျိုးကျွန်းတွင် ရှိနေဆဲပင်။ ရှမ့်လန်၏ ရေတပ်က ပင်လယ်ပြင်တွင် ကင်းလှည့်နေဦးမည် ဖြစ်သောကြောင့် မည်သည့်သင်္ဘောမဆို ထွက်ပြေးရန် ကြိုးစားပါက သေချာပေါက် ရှာဖွေတွေ့ရှိပေလိမ့်မည်။ ပင်လယ်က ကုန်းမြေကဲ့သို့ ခိုလှုံစရာ နေရာမရှိချေ။ ပင်လယ်ပေါ်တွင် ပေါ်လာသည့် သင်္ဘောတိုင်းက ထင်းထင်းကြီး ဖြစ်နေပေမည်။
ထိုသို့ဆိုလျှင် သူ ဘာလုပ်သင့်သနည်း။ ဤအတိုင်း ထွက်ခွာသွားရမည်လား။ မဟုတ်ချေ။ ရွယ်ကလန် တစ်ခုလုံးကို သုတ်သင်ရှင်းလင်းဖို့ ရွှယ်ချီကို သတ်ရပေလိမ့်မည်။ တိုက်ပွဲတစ်ခုလုံး၌ အရာအားလုံးကို ပြီးမြောက် အောင်မြင်ရန်အတွက်ပင်။
ရွှယ်ချီနှင့် စုနန်က မတူချေ။ စုနန်က သူ့မိသားစု ကြီးပွားတိုးတက်ရေးကိုသာ အာရုံစိုက်၏။ ထိုသူ၏ ရည်မှန်းချက်က ဤမျှလောက်ပင်။ သို့ပေမည့် ရွှယ်ချီကတော့ ကြီးမားကျယ်ပြန့်လွန်းသည်။ သူက ရွှယ်ချီ၏ တည်ရှိမှုကို လုံးဝ သည်းမခံနိုင်ချေ။
တစ်နည်းအားဖြင့် ရှမ့်လန်နှင့် ရွှယ်ချီက အတော်အတန် ဆင်တူလွန်းလှပြီး အငြိုးအတေး ကြီးမားပုံခြင်း ကလည်း တူ၏။ ထို့ကြောင့် တစ်ချိန်ချိန်တွင် ကြီးမားသည့် ပြဿနာက ဖြစ်ပေါ်လာနိုင်၏။ တစ်ဖက်လူက ကျင်းမိသားစုကို အပြင်းအထန် လက်စားချေမှာဖြစ်ပြီး ထိုကဲ့သို့ လက်စားချေရန်အတွက်လည်း နည်းလမ်းပေါင်း များစွာကို အသုံးပြုလိမ့်မည်။
ရှမ့်လန်က နာရီပေါင်းများစွာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေ၏။ ပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့၏။ သူ ရွှယ်ချီကို ရှာမတွေ့ဘူးဆိုလျှင် ရွှယ်ချီကို သူ့ဆီ လာတွေ့ခိုင်းရန်ပင်။ သူက ရွှယ်ချီကို သတ်ချင်ခဲ့၏။ ရွှယ်ချီကလည်း သူ့ကို သတ်ဖြတ်ချင်နေ၏။ အကောင်းဆုံးသော ငါးစာက ရှမ့်လန် ... သူကိုယ်တိုင်ပင်လျှင်။
မူလန်က ထိုအရာကို သဘောမတူချေ။ လုံးဝလည်း သဘောတူလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ရှမ့်လန်ကတော့ သူ၏ မိန်းမကို ဆွဲဆောင်နိုင်ခဲ့၏။ သူက အချက်အလက်များကို သေသေချာချာ ပြောဆိုပြီး သုံးသပ်ပြခဲ့၏။
“မိန်းမ.. ဘာအန္တရာယ်မှ မဖြစ်ရဘူးလို့ ကတိပေးတယ်။ အန္တရာယ်ဆိုတာနဲ့ နီးစပ်တဲ့ အခြေအနေတောင် မရှိဘူး။ လုပ်စရာရှိတာ လုပ်ပြီးရင် မြန်မြန်ပြီးအောင် ထွက်သွားရမယ်။ ငါတို့မှာ အချိန်မရှိဘူး။ အဲတော့ အဲဒီ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်။ ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် အသုံးချဖို့။ အဲတာကလွဲရင် တခြားနည်းလမ်း မရှိဘူး။ ဒါပေမဲ့ လုံးဝ အန္တရာယ် မရှိစေရဘူးလို့ အာမခံတယ်။”
မူလန်က ရှမ့်လန်ကို စိုက်ကြည့်လိုက်သည်။ “ရှင် ကျွန်မနဲ့အတူ မရှိလို့မဖြစ်ဘူး။”
ရှမ့်လန်က ပြော၏။ “ဒါပေမဲ့ မင်း ငါနဲ့အတူ ရှိနေမယ်ဆိုရင် ရွှယ်ချီက လာမှာ မဟုတ်ဘူး။”
မူလန်က ပြောလိုက်သည်။ “သူ မလာရင်တောင် သူ့ကို ဆွဲဆောင်ဖို့ ရှင့်ကို ထောင်ချောက်အဖြစ် အသုံးပြုခွင့် မပေးနိုင်ဘူး။”
“ကောင်းပြီ။”
မူလန်က ပြောလိုက်၏။ “မဟုတ်ရင် ကျွန်မ ရှင့်ကို သတ်ပစ်မယ်။”
နောက်တစ်နေ့...
ရှမ့်လန်၏ တပ်တော်တွင် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ နိဗ္ဗာန တပ်သားများက နန်ကျိုးမြို့မှ လုံးဝ ဆုတ်ခွာသွားခဲ့၏။ အရူးကြီး၊ လီချင်းချိုးနှင့် သူ၏မိန်းမအပြင် နာကျည်းမှုကဲ့သို့သော အခြား ထိပ်တန်းကျွမ်းကျင်သူများ အားလုံးက သင်္ဘောပေါ်သို့ ပြန်သွားသည်။
အတိုချုပ် ပြောရမည်ဆိုလျှင် ရှမ့်လန်နှင့် ကျင်းမူလန်တို့မှလွဲ၍ လူတိုင်းက စစ်သင်္ဘောများဆီ ပြန်သွား၏။ ပြီးနောက် စစ်သင်္ဘောအားလုံးက မိုင်အနည်းငယ်အကွာရှိ နန်ကျိုးကျွန်းကို ထားခဲ့ကာ ထွက်ခွာသွားခဲ့၏။ နန်ကျိုးကျွန်းပေါ်တွင် ရှမ့်လန်နှင့် ကျင်းမူလန်တို့သာ ကျန်ရှိတော့၏။ အရာအားလုံးက နေ့ခင်း ကြောင်တောင် ဖြစ်ပျက်ခဲ့သောကြောင့် လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်နေရ၏။
လူတိုင်း၏ ရှေ့မှောက်မှာပဲ ကျင်းမူလန်က ရှမ့်လန်ကို ကျောက်ဆောင်ကြီး တစ်ခုဆီသို့ ချီသွား၏။ မီတာ ၂၀၀ ကျော်မြင့်သည့် ကျောက်ဆောင်ကြီးတစ်ခုပင်။ ထိုကျောက်ဆောင်က ဖြောင့်တန်းပြီး မတ်စောက်သည့် ကျောက်တိုင်ကြီးတစ်ခု ဖြစ်၏။ နန်ကျိုးကျွန်း၏ အစွန်အဖျား နေရာတွင် တည်ရှိ၏။ ကျောက်ဆောင်ကမ်းပါး အားလုံးက လုံးဝ ဗလာကျင်းပင်။
သစ်ပင်တစ်ပင်မှ မရှိသလို မြက်ပင်ဟူ၍ တစ်ပင်တောင် မရှိချေ။ အရာအားလုံးက ရှင်းရှင်းလင်းလင်းပင် ဖြစ်၏။ ကျောက်ဆောင်၏ ထိပ်က စတုရန်းမီတာ တစ်ဒါဇင်ကျော်သာလျှင် ရှိ၏။ မည်သည့် ချုံခိုတိုက်ခိုက်မှုမှ ပြုလုပ်၍ မရနိုင်ချေ။
ရှမ့်လန်နှင့် ကျင်းမူလန်တို့က ကျောက်ဆောင်၏ ထိပ်တွင် ရပ်နေ၏။ ပင်လယ်လေကို မျက်နှာမူထား၏။ ပင်လယ်ကို ငေးကြည့်၏။ ကောင်းကင်ကို ငေးကြည့်၏။ မြေပြင်ကို ငေးကြည့်နေ၏။
လီချင်းချိုးနှင့် အခြား ကျွမ်းကျင်သူများနှင့်အတူ နိဗ္ဗာနတပ်တော်တို့ ရှိနေသည့် သင်္ဘောပေါင်းများစွာတို့က မိုင်ပေါင်းများစွာ ဝေးကွာသွားခဲ့သည်။
မိုင်ပေါင်းများစွာ၏ အကွာအဝေးရှိ ဤအထီးကျန်ဆန်သော ကျောက်ဆောင်ပေါ်တွင်တော့ ရှမ့်လန်နှင့် ကျင်းမူလန်တို့သာ ရှိကြောင်း အားလုံးက မြင်ရ၏။ ရှမ့်လန်က သူ့ကိုသူ ငါးစာအဖြစ် အသုံးပြုပြီး ရွှယ်ချီကို ဆွဲဆောင်ရန် ကြိုးစားခဲ့၏။ မူလန်က ထိုကဲ့သို့ လုပ်ခွင့်မပေးခဲ့ချေ။ သို့နှင့် သူမ ကိုယ်တိုင် ကျန်နေရစ်ခဲ့သည်။ ရွှယ်ချီက အခွင့်အရေးကို လက်လွတ်မခံဘူး ဆိုသည်ကို သူတို့ သိရှိပြီး ဖြစ်၏။
တစ်ရက်ကုန်လွန်သွားခဲ့၏။ ရှမ့်လန်နှင့် ကျင်းမူလန်တို့က ကျောက်ဆောင်ထိပ်တွင် ၂ ယောက်တည်း ကျန်ရစ်ခဲ့၏။ လီချင်းချိုး အပါအဝင် ကျွမ်းကျင်သူအားလုံးတို့က ပင်လယ်ပြင်၏ မိုင် ၂၀ ကျော် အကွာအဝေး၌ ရှိနေဆဲပင်။
‘ရွှယ်ချီ.. ကျုပ်နဲ့ ကျင်းမူလန် နှစ်ယောက်တည်း။ ခင်ဗျားရဲ့ ဘေးမှာ မဟာပညာရှင်အဆင့် ကျွမ်းကျင်သူ ၄ ယောက်နှင့် ထိပ်တန်းကျွမ်းကျင်သူ တစ်ဒါဇင်ကျော် ရှိတယ်။ ခင်ဗျား လာရဲလား။ ကျုပ်ကို သတ်ရဲလား။ ခင်ဗျား မလာရင် ကျုပ် ထွက်သွားတော့မယ်။’
ရှမ့်လန်နှင့် ကျင်းမူလန်တို့က လူသူကင်းမဲ့သည့် ကျောက်ဆောင်ပေါ်တွင် ပျင်းရိနေကြ၏။ ဤနေရာက အရမ်းကို သေးငယ်သောကြောင့် အရာအားလုံးကို တစ်ချက် ကြည့်လိုက်ရုံနှင့် မြင်နိုင်၏။ ထို့ကြောင့် သူတို့ ဘာမှလုပ်ရ အဆင်မပြေချေ။ စတုရန်းမီတာ တစ်ဒါဇင်သာသာရှိသည့် ဤကျောက်ဆောင်ထိပ်က အထီးကျန်ဆန်လွန်းနေ၏။
၁၇ နာရီ ကြာပြီးနောက် နောက်ဆုံးတစ်ယောက် ရောက်ရှိလာခဲ့၏။ မဟာပညာရှင်အဆင့် ကျွမ်းကျင်သူ တစ်ဦးက ကျောက်ဆောင်ပေါ်သို့ လျင်မြန်စွာ တက်လာ၏။ ပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထ မဟာပညာရှင် ၄ ဦးလုံး ပေါ်လာခဲ့၏။ သူတို့က ချောက်ကမ်းပါးထိပ်ကို တက်ပြီး ရှမ့်လန်နှင့် ကျင်းမူလန်ကို ဝိုင်းထား၏။ ချုံခိုတိုက်ခိုက်မှု မဟုတ်ချေ။ ပွင့်ပွင့်လင်းလင်း လာရောက် တိုက်ခိုက်ခြင်းပင်။
ရှမ့်လန်၏ ရေတပ်က မိုင် ၂၀ ကျော် ဝေးနေ၏။ လီချင်းချိုး၊ အရူးကြီး တို့က မိုင် ၂၀ ကျော် အဝေးတွင် ရှိ၏။ မဟာပညာရှင် ၄ ဦးက အချက်ပြမှုတစ်ခုကို ပေးပို့လိုက်သည်။
ခဏအကြာမှတော့ ရွှယ်ချီ နောက်ဆုံး ပေါ်လာခဲ့၏။ သူက အကြီးတန်း ဆရာကြီးတစ်ယောက်ကဲ့သို့ပင် ကျောက်ဆောင်၏ထိပ်သို့ လျှင်မြန်စွာ တက်လာ၏။
ရွှယ်ချီက မဟာပညာရှင် ၅ ဦးကို ဦးဆောင်ပြီး ရှမ့်လန်နှင့် ကျင်းမူလန်တို့အား စတုရန်းမီတာ တစ်ဒါဇင်သာ ရှိသည့် ကျောက်ဆောင်ထိပ်တွင် ဝန်းရံထားခဲ့၏။ ကောင်းကင်ဘုံကို ဖြစ်စေ၊ မြေပြင်ကို ဖြစ်စေ၊ အကူအညီတောင်း၍ မရနိုင်တော့ချေ။ ဤအရာက နောက်ဆုံး ထိုးနှက်တိုက်ခိုက်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။
……
ကျောက်ဆောင်၏ထိပ်က စတုရန်းမီတာ တစ်ဒါဇင်သာ ရှိသော်လည်း မညီမညာနှင့်ပင်။ မဟာပညာရှင် ငါးဦးလုံးက တောင်ထိပ်နေရာတွင် နေရာယူထားကြသည်။
ရွှယ်ချီက ရှမ့်လန်နှင့် ကျင်းမူလန်တို့ကို ရှုပ်ထွေးသည့် မျက်နှာအမူအရာဖြင့် လှမ်းကာ ကြည့်ရှု၏။ ဤနှစ်ယောက်က ဘာကို ဝတ်ဆင်ထားကြသနည်း။ အနည်းငယ် ထူးဆန်းလို့ နေ၏။
“စုနန်က မင်းကို ရန်သူပြုလုပ်ခဲ့တဲ့အတွက် အရမ်းကို နောင်တရခဲ့တယ်။”
ရွှယ်ချီက ပြောသည်။ “သူသာ နောက်တစ်ကြိမ် ပြန်လည် ပြင်ဆင်ခွင့်ရမယ်ဆိုရင် ကျင်းမူလန်ကို ဘယ်တော့မှ မစော်ကားဘူး။ မင်းကိုလည်း ဘယ်တော့မှ မစော်ကားဘူးတဲ့။”
အကယ်၍ နောက်တစ်ကြိမ် ပြန်လည်ကာ အခွင့်အရေးရှိသည်ဆိုပါက စုနန်က ဤကဲ့သို့ တကယ်ပင် တွေးခဲ့၏။ ရှမ့်လန်သာ မရှိခဲ့ပါက စုနန်က အောင်မြင်ပြီးသား ဖြစ်ပေလိမ့်မည်။ စုနှင့် ချင်နိုင်ငံတို့က စည်းလုံးသွားခဲ့ပြီး ချင်နိုင်ငံတောင်မှ သူ၏ အကြံအစည်ကြောင့် သိမ်းပိုက်ခြင်း ခံရပေမည်။
ရွှယ်ချီက ပြော၏။ “ငါလည်း စုနန်လိုပဲ ဝမ်းနည်းမိတယ်။ သူ့ရဲ့ မျိုးနွယ်စု တစ်ခုလုံးက ပျက်စီးသွားခဲ့ သလိုပဲ၊ ငါတို့ ရွှယ်မိသားစု တစ်ခုလုံးကလည်း ပျက်စီးလုနီးပါးပဲ။ စုနန်က သူ့ရဲ့ မျိုးနွယ်စု တစ်ခုလုံးကို စွန့်လွှတ်ခဲ့ရတယ် ဆိုပေမဲ့ အနည်းဆုံးတော့ သူက လွတ်မြောက်ခဲ့တယ်။ ငါ့ရဲ့ မျိုးနွယ်စုတွေကတော့ အဓိပ္ပာယ်မဲ့စွာနဲ့ သေဆုံးသွားခဲ့ကြတယ်။”
အပိုင်း (၇၆၄)
ရှမ့်လန်က ပြောသည်။ “တစ်နည်းအားဖြင့် ခင်ဗျားက ခင်ဗျားရဲ့ ရွှယ်မိသားစု တစ်ခုလုံးကို သတ်ပစ် လိုက်တာပဲ။”
ရွှယ်ချီက ပြော၏။ “ဒါပေမဲ့ သူတို့က မင်းကြောင့် သေသွားတာလေ။”
ပြီးနောက် ရွှယ်ချီက ဆက်ပြောသည်။ “အဓိကပြောရမယ်ဆိုရင် စုနန်က မင်းနဲ့ ရန်သူတွေ ဖြစ်ခဲ့တဲ့အတွက် နောင်တရလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။ ရန်သူရှိနေတာကို တွေးပြီးတော့ လောကကြီးထဲမှာ မနေနိုင်ဘူး။ ဘဝဆိုတာ ရန်သူကို အစဉ်မပြတ် အနိုင်ယူတဲ့ ဖြစ်စဉ်တစ်ခုပဲ။ မင်းရဲ့ စကားလုံးတွေကို ငါ အရမ်းလေးစားတယ်။ လောကမှာ ရန်သူမရှိဘူးဆိုတဲ့ အရာပေါ့။”
ရှမ့်လန်က ပြုံးလိုက်၏။
ရွှယ်ချီက ပြောသည်။ “မင်းက ငါ့ကို ဆွဲဆောင်ဖို့ ဒီတောင်ထိပ်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် အသုံးချခဲ့တယ် ဆိုတာကို ငါသိတယ်။ မင်းက လီချင်းချိုး အပါအဝင် ကျွမ်းကျင်သူ အားလုံးကိုတောင် မိုင် ၂၀ ကျော်အကွာထိ မောင်းထုတ်ခဲ့တယ်။ ဒါက ငါတို့ရဲ့စိတ်ကို အေးချမ်းစေခဲ့တယ်။”
ထိုတင်သာမကချေ။ ရွှယ်ချီ၏လူများ သူတို့ကို မမြင်မှာကို စိုးရိမ်နေသလိုပင်။ လီချင်းချိုးနှင့် အရူးကြီးတို့ ကဲ့သို့ ကျွမ်းကျင်သူများက သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ရပ်ပြီး ပင်လယ်လေညင်းကိုပင်လျှင် အချိန်တိုင်း ခံစားနေကြ၏။
ရွှယ်ချီက ပြောသည်။ “ငါ အချိန်တော်ကြာ တွန့်ဆုတ်ခဲ့တယ်။ မင်းမှာ ထောင်ချောက် တစ်ခုခု ရှိနေတယ် ဆိုတာကို သိပေမဲ့ ငါ နောက်ဆုံးမှာတော့ လာခဲ့တယ်။”
ရှမ့်လန်က ပြော၏။ “ခင်ဗျားမှာ ဘာမှ မကျန်တော့တာ။ ခင်ဗျားအတွက် လုပ်စရာရှိတဲ့ အရာက ကျုပ်ကို သတ်ဖြတ်ဖို့ တစ်ခုတည်း မဟုတ်လား”
ရွှယ်ချီက ဤအချိန်မှာတော့ ပါးစပ်ပိတ်ထား၏။ သူက တိတ်ဆိတ် ငြိမ်သက်နေသည်။
ရှမ့်လန်က ပြော၏။ “အခု ခင်ဗျားရဲ့ ရေတပ်ကြီးကလည်း ကုန်သွားပြီ။ ခင်ဗျားရဲ့ နန်ကျိုးမြို့ကလည်း မရှိတော့ဘူး။ ခင်ဗျား ပြန်လာဖို့ ဘာကို အားကိုးနိုင်မယ်လို့ ထင်လဲ။ ခင်ဗျားက စိတ်ရှည်တဲ့လူ တစ်ယောက် မဟုတ်ဘူး။ ခင်ဗျားက ကျုပ်လိုပဲ စိတ်မရှည်ဘူး။ တောင်ပင်လယ်မှာ ရှိနေတဲ့ ရွှယ်မိသားစုရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေအပြင် နန်ကျိုးမြို့၊ ခင်ဗျားအဖေ တည်ဆောက်ခဲ့တာတွေ အားလုံး မရှိတော့ဘူး။
ခင်ဗျားရဲ့ နိုင်ငံရေး စွမ်းအားနဲ့ နည်းလမ်းတွေက မိသားစုရဲ့ အုတ်မြစ်ကို ခုန်ပျံကျော်လွှား တိုးတက်စေဖို့၊ ခင်ဗျားတို့ရဲ့ အာဏာကိ ကြီးထွားစေဖို့အတွက်ပဲ။ ခင်ဗျားက အုတ်မြစ်ချရတာကို ကြိုက်တဲ့လူ တစ်ယောက် မဟုတ်ဘူး။
စုနန်က ပြန်လာဖို့အတွက် စိတ်ရှည်တယ် ဆိုပေမဲ့ ခင်ဗျားမှာတော့ အဲဒီလို စိတ်ဆန္ဒ မရှိဘူး။ ခင်ဗျားက ဘာလုပ်ချင်လဲ။ ခင်ဗျားက ထောင်ချောက်ရှိတာကို သိရက်နဲ့ ကျုပ်ကို သတ်ဖို့ လာခဲ့တယ်။ ကျုပ်က ခင်ဗျားအတွက် ဆွဲဆောင်မှု ရှိနေတာလား။”
ရွှယ်ချီက ရှမ့်လန်၏ မေးခွန်းကို မဖြေဘဲ ရှောင်လွှဲသွားခဲ့သည်။
“ထောင်ချောက်လား။”
ရွှယ်ချီက ပြော၏။ “ငါ ဒါကို အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့ဖူးတယ်။ ဒီတောင်ထိပ်မှာ ဘယ်လို ထောင်ချောက်မျိုး ထောင်ထားမလဲ ဆိုတာပေါ့။ ပထမဦးဆုံး အနေနဲ့ ပေါက်ကွဲစေနိုင်တဲ့ အရာတစ်ခုလား။ မင်းက ဥမင်လိုဏ်ခေါင်း တစ်ခုကို ဖောက်ခွဲပြီး ပင်လယ်ရေတွေ ဝင်လာအောင် လုပ်မယ်။ ချောင်ထျန်းဝေရဲ့ လူသုံးသောင်းကို ရေနစ်အောင် သတ်ခဲ့သလိုပေါ့။ ဒါပေမဲ့ တောင်ထိပ်ပေါ်မှာ အဲလိုတွေမှ လုပ်လို့မရတာ။”
ထိုအရာက ရှမ့်လန်ကို နာကျင်စေ၏။ ယမ်းမှုန့်များက တကယ့်ကို အားနည်းလွန်းခဲ့၏။ တစ်ခုခုကို ဖောက်ခွဲချင်တိုင်း ကီလိုဂရမ် ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းနှင့်ချီ၍ သုံးရသည်။
“ဒုတိယတစ်ခုကတော့ ဝူတူကျိဆီက ရခဲ့တဲ့ ကူပိုးကောင်တွေကို သုံးမှာလား။ ဒါမှမဟုတ် အာရုံကြော ဆေးရည်တွေလား။ ရွှယ်ရင်ရဲ့ ခန္ဓာကိုယ်က ထုတ်လာတဲ့ ကူပိုးကောင်အဆိပ်။ မင်းက ဒါကို အကြိမ် အနည်းငယ် သုံးခဲ့ဖူးတယ်။”
ရွှယ်ချီက ပြော၏။ “ဒါပေမဲ့ စေတီတောင်နဲ့ ငါ့ရဲ့ ဆက်ဆံရေးကို မင်း မမေ့သင့်ဘူး။ မင်းမှာရှိတဲ့ အရာအားလုံး ငါ့မှာ ရှိတယ်။ မင်းမှာ မရှိတဲ့အရာတွေလည်း ငါ့မှာ ရှိတယ်။ ဒါကြောင့် ကူပိုးကောင်နှင့် ဆက်စပ်နေတဲ့ အရာတွေက ငါ့ကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်ဘူး။”
ရှမ့်လန်ကလည်း ထိုအရာကို သေချာ သိသည်။
“တတိယ အမျိုးအစားက အရမ်းကို ကြောက်စရာကောင်းတဲ့ အာရုံခြောက်ခြားစေတဲ့ မူးယစ်ဆေးဝါးလား။ ဒါကို ရှူသွင်းမိလိုက်ရင် လူတွေက ရူးသွပ်သွားလိမ့်မယ်။ မင်းက ဒါကို တစ်ခါထက်ပိုပြီး သုံးခဲ့ဖူးတယ်။
စတုတ္ထ အမျိုးအစားကတော့ အိမ်မက်ဆိုး ကျောက်တုံးပဲ။ ရွှဲ့ဘုရင်ဆီကနေ ရလာတဲ့ ကျောက်မျက် ရတနာပဲ။ လူတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောကို အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ တိုက်ခိုက်မှု တစ်ခု လုပ်နိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ တွယ်ကပ်နေဖို့ လိုအပ်တယ်။
ပဉ္စမ အမျိုးအစား... သဘာဝ ဘေးအန္တရာယ်လား။ ငလျင်လုပ်တာလား။ မိုးကောင်းကင်ကနေ မိုးကြိုးပစ်တာလား။”
ရှမ့်လန်က အံ့အားသင့်သွား၏။
ရွှယ်ချီက တကယ်ပင် ဖြစ်နိုင်ချေ အားလုံးကို ထည့်သွင်း စဉ်းစားခဲ့သည်။
ရွှယ်ချီက ပြော၏။ “မင်းက ဆူနာမီကို ခန့်မှန်းနိုင်ခဲ့တယ်။ ဒါကြောင့် မိုးကြိုးပစ်မယ့် အချိန်ကို ကြိုတင် တွက်ချက်နိုင်မလား။ ဒီတောင်ပေါ်မှာ မိုးကြိုးပစ်စေပြီး ငါတို့ကို သတ်ချင်တာလား။ ပြီးတော့ မင်းကတော့ မိုးကြိုးတွေကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ထင်တယ်ပေါ့။ ဒါပေမဲ့..”
လူတော်တော်များများက ကောင်းကင်ကို မော့ကြည့်၏။ ကောင်းကင်ကြီးက ကြည်လင်ပြီး တိမ်တိုက် ကလည်း ကင်းစင်နေ၏။ ဤရာသီဥတုက မိုးကြိုးပစ်ချရန် တော်တော်လေး ခက်ခဲသည့်ပုံပင်။ အနည်းဆုံး မိုးကြိုးပစ်ချမည် ဆိုပါက မှောင်မိုက်သည့် မိုးတိမ်များတော့ ရှိသင့်သည်။
ရွှယ်ချီက ပြောလိုက်၏။ “ဖြစ်နိုင်ခြေ အားလုံးကို ငါ စဉ်းစားပြီးပြီ။ မင်းရဲ့ ထောင်ချောက်တွေ အားလုံးကို ငါ ရှောင်နိုင်တယ်။ အဓိက မင်းနဲ့ ကျင်းမူလန်က ဒီတောင်ထိပ်မှာ ရှိနေတယ်။ ဘယ်လို အစုလိုက်၊ အပြုံလိုက် ဖျက်ဆီးပစ်နိုင်တဲ့ လက်နက်မျိုးပဲဖြစ်ဖြစ်၊ မင်းတို့နှစ်ယောက်က ဒါကို သုံးပြီးတာနဲ့ ထွက်ပြေးသွားဖို့ ခက်ခဲနေလိမ့်မယ်။”
သူက သက်ပြင်းရှည်ကြီးကို ချ၏။ ပြီးနောက် စိတ်သက်သာရာ ရသွားသည်။
“ဒီတောင်ထိပ်က ပေ ၁၀၀ လောက် မြင့်တယ်။ မင်းတို့ နှစ်ယောက်က အတောင်ပံ ပေါက်ရင်တောင် ထွက်ပြေးလို့ မရဘူး။”
ရွှယ်ချီက ဆက်ပြော၏။ “ကျင်းမူလန်ရဲ့ သိုင်းပညာက မမြင့်မားပေမဲ့ သူ့ရဲ့ လှုပ်ရှားမှုကတော့ အံ့အားသင့်စရာ ကောင်းတယ်။ ဒါပေမဲ့ ငါတို့ဆီမှာ မဟာပညာရှင် ငါးယောက် ရှိတယ်။ သူ ကိုယ့်ကိုယ်ကိုယ် တောင် မကာကွယ်နိုင်တော့ဘူး။ မင်းကို ကာကွယ်ဖို့အတွက်ဆိုရင် ပိုပြီး ခက်တာပေါ့။ ဒါကြောင့် ငါတို့ ငါးယောက်က မင်းတို့ နှစ်ယောက်ကို သတ်ပစ်ဖို့ ဆိုတာ အရမ်းကို လွယ်တဲ့ ကိစ္စပဲ။”
ဟုတ်ပေ၏။ ဤမျှလောက် မှန်ကန်၏။ မူလန်၏ သိုင်းပညာက မြင့်မားသော်လည်း မဟာပညာရှင် အဆင့် ကျွမ်းကျင်သူ ငါးယောက်ကို မတားဆီးနိုင်ချေ။
ရွှယ်ချီက မေးသည်။ “ရှမ့်လန်... မင်းရဲ့ ထောင်ချောက်က ဘာလဲ၊ ငါ့ကိုပြော။ ငါ ခန့်မှန်းထားတာ မှန်လား။”
“အင်း..ခင်ဗျား ခန့်မှန်းထားတာမှန်ပါတယ်။” ရှမ့်လန်က ပြော၏။
ရွှယ်ချီက တကယ့်ကို ခန့်မှန်းပြီးသား ဖြစ်၏။ ယခုအချိန်ထိ ရှမ့်လန်၏ နည်းလမ်းများက ဤ လူအနည်းငယ်အတွက် အကန့်အသတ်ရှိလို့နေသည်။
ရွှယ်ချီက ပြော၏။ “ဒါဆိုရင် စလိုက်မယ်၊ စိတ်မပူနဲ့တော့။ ငါ ကျင်းမူလန်ကို မရိုမသေ တခြားအရာတွေ လုပ်မှာ မဟုတ်ဘူး။ သူ့ကို ခုတ်ထစ်ပြီးတော့ပဲ သတ်ပစ်မှာ။”
ပြီးနောက် ရွှယ်ချီက သူ၏ ဓားကို ဖြည်းညှင်းစွာ ထုတ်၏။ တခြားသော မဟာပညာရှင် လေးဦးတို့ကလည်း သူတို့၏ ဓားများကို ဆွဲထုတ်သည်။
“ဘန်း…”
ရုတ်တရက် တောင်ထိပ်ပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့၏။ အဖြူရောင် အငွေ့တစ်ခုက ထွက်ပေါ်လာ၏။ မဟာပညာရှင် ငါးယောက်က ချက်ချင်းပဲ ဘေးတစ်ဖက်ကို ရွှေ့၏။ ပြီးနောက် အသက်ရှူ ရပ်ထားမိ၏။ ထို့အပြင် သူတို့က စေတီတောင်မှ ဓာတ်ငွေ့ကာ မျက်နှာဖုံးများကို ဝတ်ဆင်ပြီးသား ဖြစ်၏။ တစ်ကိုယ်လုံးကိုလည်း ဖုံးအုပ်ထားပြီးသား ဖြစ်၏။
ချက်ချင်းပဲ ရှမ့်လန်က ဒုတိယ တိုက်ခိုက်မှုကို စတင်သည်။
“ဘန်း…”
ပြီးနောက် နောက်ထပ် ချောင်းဟန့်သံ တစ်ခု ထွက်ပေါ်လာ၏။ တောင်ထိပ်မှာ အပြာရောင်၊ အစိမ်းရောင်၊ ခရမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာခြင်းပင်။ ကူအဆိပ်အမျိုးအစား သုံးမျိုး။
သို့သော်လည်း ရွှယ်ချီ အပါအဝင် မဟာပညာရှင် ငါးဦးတို့က ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသေးချေ။ တကယ်တော့ သူပြောသလိုပင် ရှမ့်လန်၌ တည်ရှိနေသည့် ကူပိုးကောင်များ အားလုံးက ရွှယ်ချီတွင် ရှိပြီး ရှမ့်လန်တွင် မရှိသည့် ကူပိုးကောင်များပင်လျှင် ရွှယ်ချီ၌ ရှိ၏။
ပြီးနောက် ရှမ့်လန်က သူ၏ တတိယမြောက် တိုက်ခိုက်မှုကို စတင်သည်။
“ဘန်း… ဘန်း…”
သာမိုက် မီးပွားများက ထောင့်နေရာများမှ ပေါက်ကွဲ ထွက်လာ၏။ အံ့မခန်း လှပလွန်း၏။ မီးရှူးမီးပန်း များနှင့်ပင် ဆင်တူ၏။ တောင်ထိပ်ပေါ်တွင် နေ့ခင်းဘက် မီးရှူးမီးပန်းများ ပစ်လွှတ်လိုက်သကဲ့သို့ပင် တကယ့်ကို လှပသည့် မြင်ကွင်း ဖြစ်၏။
ရွှယ်ချီ အပါအဝင် မဟာပညာရှင် ငါးယောက်တို့က မလှုပ်မယှက်နှင့် ရပ်နေ၏။ သူတို့၏ အဝတ်အစားနှင့် ခန္ဓာကိုယ်များက သာမိုက်မီးပွားများကို မကာကွယ်နိုင်ချေ။ သို့သော်ငြား သူတို့က အတွင်းအားများကို အသုံးပြုပြီး တိုက်ရိုက်လမ်းကြောင်း ပြောင်းအောင် ပြုလုပ်ခဲ့သည်။
“တခြား ဘာရှိသေးလဲ။” ရွှယ်ချီက မေးလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “နောက်ထပ် ရှိသေးတယ်။”
“ဘန်း… ဘန်း…”
မီးခိုးငွေ့များ ထပ်မံ ထွက်ပေါ်လာ၏။ ထိုအရာက အာရုံကြောဆိုင်ရာ အဆိပ်တစ်မျိုးပင်။ စေတီတောင်၏ ကူပိုးကောင်ဆီမှ ထုတ်ယူထားခြင်း ဖြစ်၏။ တကယ့်ကို များပြားလွန်းသည့် ပမာဏပင်။
ရလဒ်အားဖြင့် ရွှယ်ချီနှင့် သူ၏ အပေါင်းအပါ လေးဦးတို့ကတော့ ဘေးကင်းလုံခြုံစွာ ရှိနေ၏။ သူတို့၌ ဤအဆိပ်များနှင့် ပတ်သက်၍ ခုခံအား ရှိလို့နေ၏။
“တခြား ဘာရှိသေးလဲ။”
ရွှယ်ချီက မေးသည်။ “မင်းရဲ့ လှည့်ကွက်တွေ အကုန်လုံး သုံးပြီးသွားပြီဆိုရင် ငါတို့ လူသတ်ရတော့မယ်။”
ရှမ့်လန်က ခါးသီးစွာ ပြုံးလိုက်၏။ “နောက်ရှိသေးတယ်။”
ရွှယ်ချီက ပြောသည်။ “ဒါဆိုရင် စောင့်ရမှာပေါ့။”
ထိုအချိန်မှာပဲ ရှမ့်လန်က လူတစ်မျိုးနှင့် ဆင်တူသွား၏။ မှော်ဆရာ ကဲ့သိ့ပင်။ သူပြုလုပ်ပြခဲ့သည်က မည်သည့် ထိခိုက်မှုမျိုးကိုမှ မဖြစ်စေဘဲ ဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်ပြသနေသည့် မျက်လှည့်ဆရာ တစ်ယောက် ကဲ့သို့ပင်။
အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်က အလွန် အားကောင်းနေသည်။ မဟာပညာရှင် ငါးယောက် ရှိရုံသာမက စေတီတောင်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော မဟာပညာရှင်များလည်း ဖြစ်၏။
ရှမ့်လန်က သက်ပြင်းချလိုက်သည်။ တခဏအတွင်း လုံးဝ အံ့မခန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာ၏။ မရေတွက်နိုင်သည့် လိပ်ပြာများက ပျံဝဲလာ၏။ အဆိပ်ပြင်း လိပ်ပြာတစ်မျိုးပင်။ ထိုအကောင်များက ဝူတူကျိ သူ့ကို ပေးခဲ့ခြင်း ဖြစ်၏။ မရေတွက်နိုင်သည့် လိပ်ပြာများက မဟာပညာရှင် ငါးဦးဆီ ပျံဝဲထွက်သွား၏။ မယုံကြည်နိုင်လောက်အောင် ခမ်းနားသည်။
မဟာပညာရှင် ငါးယောက်တို့က သူတို့၏ ဓားများကို လျင်လျင်မြန်မြန်နှင့် လှည့်ပတ်ကာ ဆော့ကစား၏။ နောက်တစ်စက္ကန့်အတွင်း အဆိပ်ပြင်း လိပ်ပြာများက မြေပေါ်သို့ ပြုတ်ကျ၏။ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလောက်အောင်ပင် သေဆုံးသွားကြ၏။ စက္ကန့်အနည်းငယ် အတွင်းမှာပဲ အားလုံးက သေဆုံးသွား၏။
ရွှယ်ချီက ဆက်လက်ကာ ပြောသည်။ “ရှမ့်လန်... မင်းမှာ ထူးခြားတဲ့တခြားနည်းလမ်းတွေ ရှိသေးလား။ ဒါက အရမ်းကို စိတ်ပျက်စရာပဲ။ ဒါက လေလည်သလောက်တောင် ခက်ခဲတဲ့ အရာ မဟုတ်ဘူး။”
ရှမ့်လန်က ခါးသီးစွာ ပြုံးလိုက်၏။ “ဒါပဲရှိပါတယ်။”
ရွှယ်ချီက ပြောသည်။ “ဒါဆိုရင် ငါတို့ မင်းကို သတ်ဖို့ ရောက်လာခဲ့တာ။ ဒီတောင်ထိပ်ပေါ်မှာ မင်းအခု ထွက်ပြေးလို့ မရတော့ဘူး။ သေလိုက်တော့။”
“လာလေ။”
ရှမ့်လန်က ပြောလိုက်၏။ “အတောင်တွေ ပေါက်လာရင်တောင် ထွက်ပြေးလို့ မရဘူးဆိုတဲ့ စကားက လိမ်ညာမှု တစ်ခုပါပဲ။”
“ယား... ယား.. သေစမ်း။” ရွှယ်ချီက ကျယ်လောင်စွာ အော်ဟစ်သည်။ သူနှင့် တခြားသော မဟာပညာရှင် လေးဦးတို့က ရှမ့်လန်နှင့် ကျင်းမူလန်တို့ရှိရာသို့ အတွင်းအားအကုန် သုံးကာဖြင့် ပြေးဝင်လာသည်။
ရှမ့်လန်က ကောင်းကင်ပေါ် တက်ကာ ပြေးနိုင်မည်ဟု ထင်မှတ်နေလေသည်လား။ သို့မဟုတ် တောင်ပေါ်မှ ခုန်ချမည်လား။ ပေ ၁၀၀ ကျော် မြင့်သည့်နေရာမှ ပြုတ်ကျသူတိုင်းက သေရပေလိမ့်မည်။ ချောက်ကမ်းပါး စွန်းတွင် တွယ်ကပ်မနေဘူးဆိုလျှင် သေဆုံးမှာ သေချာ၏။ သို့ပေမည့် ထိုသို့ တွယ်ကပ်နိုင်သည် ဆိုလျှင်တောင် သူတို့က အလွယ်တကူ ဖမ်းပြီး သတ်ပစ်နိုင်၏။
“သေစမ်း.. သေကြစမ်း။ ရှမ့်လန်နဲ့ ကျင်းမူလန်.. မင်းတို့ နှစ်ယောက်လုံးကို ခုတ်ထစ်ပြီး အသားဟင်း လုပ်ပစ်မယ်။ မင်းတို့ရဲ့ ကျင်းမျိုးနွယ်တစ်ခုလုံးကို ငါ မျိုးဖြုတ် သတ်ပစ်မယ်။”
မဟာပညာရှင် ငါးယောက်တို့က တင်းမခက်ထန်သည့် မျက်နှာထားများဖြင့် ရှမ့်လန်နှင့် မူလန်တို့ ရပ်တန့်ရာ နေရာဆီသို့ ပြေးဝင်လာ၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများက ထိုသူတို့၏ လက်ထဲတွင် ရှိနေသည့် ဓားငါးချောင်းဆီမှ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပဲ ကျင်းမူလန်က ရှမ့်လန်ကို ကိုင်ဆောင်ပြီး ရုတ်တရက် တောင်ထိပ်ပေါ်မှ ခုန်ချ၏။ တောင်ထိပ်မှ ခုန်ချခြင်းဖြင့် လွတ်မြောက်နိုင်ပြီလား။ သူတို့က အောက်ထိ ခုန်ချသွား၍မဖြစ်နိုင်ချေ။ ချောက်ကမ်းပါးစွန်း တစ်ခုခုကို ကိုင်ထားပေရမည်။ ထိုသို့ဆိုလျှင် သေခြင်းတရားကို ရင်ဆိုင်ရပေဦးမည်။ ပျံသန်းနိုင်ခြင်းသာ မရှိပါက အသက်ရှင်နိုင်မှာ မဟုတ်ချေ။
သို့ပေမည့် ဤလောကကြီးတွင် မည်သူကမှ မပျံသန်းနိုင်ချေ။ စေတီတောင်မှ လူများက မပျံသန်းနိုင်သလို၊ ကောင်းကင်ပင်လယ်နန်းဆောင်မှ လူများကလည်း မပျံသန်းနိုင်ချေ။ ကောင်းကင်ကွပ်မျက်စံအိမ်ကလည်း မပျံသန်းနိုင်သလို၊ ကျောက်စိမ်းဖြူစံအိမ်ကလည်း မပျံသန်းနိုင်ချေ။
သို့သော်ငြား နောက်တစ်စက္ကန့် အတွင်းမှာပဲ ရွှယ်ချီနှင့် မဟာပညာရှင် လေးဦးတို့က အံ့အားသင့်သွား၏။ ရှမ့်လန်နှင့် ကျင်းမူလန်တို့က တကယ့်ကို ပျံသန်းသွားခဲ့ကြ၏။ သူတို့က အလွန်လည်း လျင်မြန်၏။ ချောက်ကမ်းပါးမှ ပြေးဆင်းပြီးနောက် ကောင်းကင်၌ ပျံဝဲကာ တဖြည်းဖြည်းချင်း ဆင်းသက်သွား၏။
သူတို့က ဤမျှလောက် တော်သည်လား။ သူတို့၌ တကယ်ပဲ အတောင်ပံတွေ ရှိနေသည်လား။ ရှမ့်လန်နှင့် ကျင်းမူလန်တို့က ပျံသန်းသွားနိုင်သည်လား။ မဟုတ်ပေ။ သူတို့က ဂလိုက်ဒါ (လေဟုန်စီးအတောင်ပံ) ကို တပ်ဆင်ပြီး ပျံသန်းသွားနိုင်ခြင်းပင်။ စီးနင်းရန်အတွက် အဆင့်အတန်း မြင့်မြင့် ကျွမ်းကျင်မှုမျိုးတော့ လိုအပ်၏။
အကယ်၍ ရှေးယခင်က ရှမ့်လန် ဖြစ်ပါက ဤကစားပွဲကို ကစားရန် ရာနှုန်းပြည့် ရဲဝံ့လိမ့်မည် မဟုတ်ချေ။ အရေးကြီးဆုံးက မူလန်က သူ့ကို ဤကဲ့သို့ ပြုလုပ်ရန် အားပေးခဲ့၏။ မူလန်က တကယ့်ကို သွက်လက် လွန်းသည်။
ထို့အပြင် သူမက ကောင်းကင်ယံရှိ သဘာဝနှင့် လေထုအပေါ် အာရုံခံစားမှု၌ ထိပ်တန်းအဆင့်၌ ရှိနေ၏။ သူမ၏ ဂလိုက်ဒါစီးနင်းခြင်း ကျွမ်းကျင်မှုက လုံးဝ အံ့မခန်းပင် ဖြစ်၏။ မီတာ ၂၀၀ ကျော်မြင့်သည့် ချောက်ကမ်းပါးသည် အမြင့်ဆုံး အဆင့် မဟုတ်တောင် လေတိုက်နေသည့် နေရာဖြစ်သောကြောင့် ဂလိုက်ဒါ စီးနင်းရန် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်၏။
ပြီးခဲ့သည့် ညအနည်းငယ်အတွင်း ရှမ့်လန်က မူလန်၏ ကာကွယ်ပေးမှုအောက်တွင် အကြိမ်ပေါင်းများစွာ လေ့ကျင့်ဖို့ ကြိုးစားခဲ့၏။ ယခုအချိန်တွင်တော့ သူတို့က မီတာ ၂၀၀ ကျော် အမြင့်မှ တိုက်ရိုက်ပင် အောက်သို့ ဆင်းသည်။
ရွှယ်ချီနှင့် မဟာပညာရှင် လေးဦးတို့က လေထုထဲတွင် ရှမ့်လန်ကို ဖမ်းရန် ကြိုးစားလိုက်ကြသည်။ သို့ပေမည့် သူတို့က ရပ်တန့်သွားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က မပျံသန်းနိုင်သောကြောင့်ပင်။