အခန်း (၇၆၇-၇၆၈)
Vol. 48 Ch. 767-768
အပိုင်း (၇၆၇)
“ယောက်ျား.. ကျွန်မတို့ ပင်လယ်ပြင်ကို ထွက်ခွာပြီးတော့ တခြားလောကဆီ သွားကြမှာ မဟုတ်လား။ သင်္ဘောကြီးလည်း တည်ဆောက်လို့ ပြီးသွားပြီ။ အရမ်းလည်း ကြီးမားတယ်။ အဲဒီအပေါ်မှာ အရမ်းကို ပြည့်စုံတယ်။ ကလေးထိန်းဖို့ အခန်းတောင် ပါသေးတယ်။ ချောင်ယောင်းအာတောင် ပင်လယ်ခရီးသွားရင်းနဲ့ ကလေးမွေးခဲ့သေးတာပဲ။ ကျွန်မလည်း ဒီလို လုပ်နိုင်မှာပါ။”
‘မိန်းမ… မင်းဘာလို့ ချောင်ယောင်းအာနဲ့ လိုက်ပြိုင်နေရတာလဲ။’
သို့ပေမည့် သူက ထိုအရာကို စိတ်ထဲမှာသာ ပြောဆို၏။ အပြင်ဘက်မှာတော့ ....
“မကြာတော့ပါဘူး။ မကြာတော့ပါဘူး။” ရှမ့်လန်က ပြောလိုက်၏။
မူလန်က အနာဂတ် အိမ်မက်များထဲတွင် နစ်မြောသွားခဲ့၏။ ထိုနောက်မှတော့ သူမက ဝေခွဲမရစွာဖြင့် စဉ်းစားနေမိ၏။ ဂျီကျတတ်သည့် ရှမ့်ယီလေးကို တစ်ပါတည်း ခေါ်သွားရမည်လား။ ရှမ့်မီ နှင့် ရှမ့်လီ ကိုရော ခေါ်သွားရမည်လား။ ထိုသို့ဆိုလျှင် နင်ယန် နှင့် ရှောင်ပင်း ကိုရော ခေါ်သွားရမည်လား။ ထိုသို့ တွေးမိပြီးနောက် သူမက ခေါင်းပင် ကိုက်လာသည်။
‘ဒါမှမဟုတ်ရင် ဘယ်သူ့ကိုမှ ခေါ်မသွားရဘူး။ ငါနဲ့ ငါ့ယောက်ျား နှစ်ယောက်တည်းပဲ ပင်လယ်ပြင်ကို ခရီးထွက်ကြမှာလား။’
မည်သို့ပင်ဖြစ်စေ၊ တစ်နှစ်ခွဲလောက်အတွင်း ပြန်လာကြမှာပင်။ ရှမ့်ယီလေးက ငယ်သေး၏။ မိဘတွေနှင့် ခွဲရလျှင်တောင် ကြာရှည်ခွဲရခြင်း မဟုတ်ချေ။ ထို့အတူ တစ်နှစ်ကျော်အတွင်း ရှမ့်ယီလေးကို ရှောင်ပင်းက စောင့်ရှောက်နိုင်၏။ ယခုလည်း သူမ နှင့် ယောက်ျားက အပြင်ဘက်တွင် စစ်တိုက်နေရသည် မဟုတ်ပါလား။
‘သားလေး... မင်းက မေမေ ရှောင်ပင်းနဲ့ပဲ ဆက်နေအုံး။ မေမေက ဖေဖေနဲ့ နှစ်ယောက်တည်း လောကကြီး တစ်ခုလုံးကို လှည့်ပြီး သွားကြည့်အုံးမယ်။ ပြီးတော့ မင်းအတွက် ညီလေး၊ ညီမလေးတွေ မွေးပေးမယ်။’
“မကြာတော့ဘူး ဆိုတာ ဘာတော့လဲ။” မူလန်က မေးမြန်းလိုက်၏။
“ရွှယ်ချီ သေသွားပြီ ဆိုပေမဲ့ ရွှယ်တင်းနဲ့ ရွှယ်ရွှယ်တို့ ကျန်နေသေးတယ်။ နင်ချီရဲ့ ကိစ္စကိုလည်း အဆုံးသတ်ဖို့ လိုသေးတယ်။ အားလုံးပြီးရင် ငါတို့ ထွက်ခွာကြမယ်။” ရှမ့်လန်က ဖြေသည်။
“အရင်ဆုံး နန်းမြို့တော်ကို ပြန်ပြီး ဘုရင်ကြီးနဲ့ နင်ကျန်းကို နှုတ်မဆက်တော့ဘူးလား။”
“နှုတ်ဆက်မနေတော့ပါဘူး။” ရှမ့်လန်က ပြော၏။
မူလန်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် ကောင်းတာပေါ့။ အားလုံးပြီးတာနဲ့ နုရှောင်မြို့ကို သွားမယ်။ ပြီးရင် တန်းပြီး ထွက်ခွာကြတာပေါ့။”
“ဒါဆို မိန်းမ... မင်းအခု မင်းရဲ့ခြေထောက်ကို ချလို့ ရပြီလား။”
“မရသေးဘူး။ နောက်ထပ် နှစ်မိနစ်လောက် စောင့်အုံး။ ဒီလို ထောင်ထားမှ ဖြစ်မယ်။” မူလန်က ပြောလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “မဖြစ်သေးပါဘူး။ မင်း ဒီလိုပုံစံနဲ့ဆိုရင် ငါ ထပ်ပြီး မအောင့်နိုင်တော့ဘူး။”
“လာလေ။ ဒီတစ်ခါတော့ သမီးလေးပဲ ရအောင် မွေးကြမယ်။”
…………
ထိုအချိန်မှာတော့ ညာဖက်ခြေထောက်ကို ဖြတ်တောက်ခြင်း ခံထားရသည့် မဟာပညာရှင်အဆင့် လူတစ်ယောက်က လက်နှစ်ဖက်ကို အားကိုးကာဖြင့် ကုန်းရုန်းကာ ထွက်ပြေးနေ၏။ သို့သော်ငြား သူ၏ရှေ့တွင် လူသုံးဦးက ဇောက်ထိုး ရပ်လျက်သား ရှိနေသည်ကို မြင်ရ၏။ ထိုသူတို့က အရူးကြီး၊ လီချင်းချိုး နှင့် သူ၏ မိန်းမတို့ပင်။ လေးယောက်သားက စကားတစ်ခွန်းမှ မဆိုဘဲ တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေမိ၏။
နောက်ဆုံးမှာတော့ ယင်ယွမ်အဖွဲ့အစည်း၏ ပညာရှင်က ဇောက်ထိုးနေသည့် နေရာမှ ပြန်လည်ကာ ရပ်၏။ သူက ခြေထောက်တစ်ဖက်တည်းနှင့် မတ်တတ်ရပ်လိုက်ခြင်းပင်။
“ကဲ... အဖမ်းခံမှာလား။ ဒါမှမဟုတ် တိုက်ခိုက်မှာလား။” လီချင်းချိုးက မေးသည်။
ခဏကြာမှာပဲ ထိုပညာရှင်က လက်နက်ချရန် ဆုံးဖြတ်လိုက်၏။ သူက မူလကပင် လီချင်းချိုး၏ ပြိုင်ဖက် မဟုတ်ပေ။ ယခု ထိုသူ၏ဇနီးနှင့် အရူးကြီးတို့ပါ ရှိနေသေး၏။ ခြေတစ်ဖက်ကလည်း ပြတ်နေပြီဖြစ်ရာ အသက်ကို အချည်းနှီး အဆုံးမခံလိုချေ။
တစ်နာရီခန့်ကြာသည့်အချိန်မှာတော့ ရှမ့်လန်က ထိုပညာရှင်ကြီးရှေ့သို့ ရောက်လာ၏။
“ယင်ယွမ် အဖွဲ့အစည်းကလား။” သူက မေးလိုက်သည်။
ထိုသူက ခေါင်းညိတ်ပြ၏။ “အင်း.. ခင်ဗျားတို့ ယင်ယွမ်အဖွဲ့အစည်းမှာ မြို့တစ်မြို့ ရှိတယ်လို့ ကြားတယ်။ အဲဒါ ဘာမြို့လဲ။”
“ကျုပ်တို့မှာ မြို့တွေ အများကြီး ရှိပါတယ်။”
“ဒါဆိုရင် ရှုတင်းယွီနဲ့ ရှုပိုတောက်တို့က ဘယ်မြို့မှာ ရှိတာလဲ။”
“နောင်တ မြို့တော်မှာပါ။”
“သူတို့က အမှားလုပ်လို့ အဲဒီမြို့ကို သွားရတာလား။” ရှမ့်လန်က မေး၏။
ထိုသူက ခေါင်းခါပြလိုက်သည်။ “မဟုတ်ပါဘူး။ ယင်ယွမ်အဖွဲ့အစည်းကို တည်ထောင်တဲ့သူ ပြောတာကတော့ ငွေကြေးစတင် ပေါ်ပေါက်လာတဲ့ နေရာမှာ အပြစ်နဲ့ ဒွန်တွဲတည်ရှိနေရတယ်။ ဒါကြောင့် မြို့ကို ‘နောင်တမြို့တော်’၊ ‘ပြစ်မှုမြို့တော်’၊ ‘ခွင့်လွှတ်ခြင်းမြို့’ စသဖြင့် နာမည်ပေးထားတာပဲ။”
တကယ်ကို ဟန်ဆောင်ကောင်းသည့် လူများပင်။ ရှမ့်လန်က ထိုလူ၏ တည်နေရာကို မေးမြန်းသည့် အချိန်မှာတော့ ဟန်ကျိူးပြည်နယ်၏ မြောက်ဘက်၊ ဝူပြည်နယ်၏ အနောက်ဘက်ရှိ လွင်ပြင်တောင်ပေါ်တွင် ရှိကြောင်း သိလိုက်ရ၏။ လူပေါင်းသောင်းချီ တည်ရှိနေသည့် ထိုမြို့က ယင်ယွမ်အဖွဲ့အစည်း၏ တောင်ပိုင်း ဗဟိုဌာနချုပ် တည်နေရာပင် ဖြစ်ပေလိမ့်မည်။
ရှမ့်လန်က ထိုမြို့အကြောင်းကို ခေတ္တဘေးဖယ်ထား၏။ “ရွှယ်ရွှယ်နဲ့ နင်ချီတို့ ဘယ်မှာ ပုန်းနေတာလဲ။”
ထိုသူက တုန့်ဆိုင်းသွားသည်။
ရှမ့်လန်က ပြောလိုက်၏။ “ရွှယ်ချီက သေသွားခဲ့ပြီ။ ရွှယ်မျိုးနွယ်ကလည်း ကုန်သလောက် ဖြစ်နေပြီ။ မိသားစုဆိုတာ စုံစုံလင်လင် ရှိသင့်တယ် မဟုတ်လား။”
ရွှယ်ချီ၏ ဦးခေါင်းပြတ်ကို တစ်ဖက်လူ၏ ရှေ့သို့ ပစ်ချပေးလိုက်၏။
“ခင်ဗျား နာမည်က ဘယ်သူလဲ။”
“လီချန်မော့”
ရှမ့်လန်က အံ့အားသင့်သွား၏။ လီချင်းချိုးကို လှမ်းကြည့်လိုက်၏။ “ဦးရီးတော် ဓားဘုရင်... ဒါ ခင်ဗျားရဲ့ ညီအစ်ကိုလား။”
လီချင်းချိုးက သက်ပြင်းချရုံသာ တတ်နိုင်၏။ ဤပညာရှင်က ဆင်းရဲသား မိသားစုမှာ ဆင်းသက်လာသူ တစ်ယောက်ဖြစ်ပြီး ပါရမီက ထူးချွန်သောကြောင့် ယင်ယွမ်အဖွဲ့အစည်း၏ ပြုစုပျိုးထောင်မှုကို ခံခဲ့ရကြောင်း ချက်ချင်း နားလည်လိုက်မိ၏။ အဆင့်အတန်း မြင့်လာသည့် အချိန်တွင် ခွေးလေး ကဲ့သို့သော အမည်ဆိုးကို ဖျောက်ပစ်ကာဖြင့် လီချင်းချိုး၊ လီချန်မော့ စသဖြင့် ပြောင်းလဲလိုက်ခြင်းသာ ဖြစ်ပေမည်။
“ကျုပ်မိန်းမရဲ့ နာမည်နဲ့ ကျိန်ဆိုဝံ့တယ်။ ခင်ဗျားသာ နင်ချီ ဘယ်မှာလဲ ဆိုတာကို ပြောရင် ခင်ဗျားကို မသတ်ဘဲနဲ့ လွှတ်ပေးမယ်။ စိတ်ချ။ ကျုပ်က စကားပြောတဲ့အချိန်မှာ ယုံကြည်ရတဲ့သူ တစ်ယောက် မဟုတ်ဘူး ဆိုပေမဲ့ ကျုပ်မိန်းမရဲ့ နာမည်နဲ့ ကျိန်ဆိုရင်တော့ အတည်ပဲ။” ရှမ့်လန်က ပြောလိုက်သည်။
နောက်ဆုံးမှာတော့ လီချန်မော့က အလျှော့ပေးကာဖြင့် ပုန်းခိုရာ နေရာကို ပြောပြလိုက်၏။ သို့သော်ငြား သူတို့က နာရီအနည်းငယ်ကြာတိုင်း နေရာပြောင်းရွှေ့ကြ၏။ ရှမ့်လန်တို့ ရောက်ရှိသည့်အချိန်တွင် မြေအောက်ခန်းက ဗလာဖြစ်နေ၏။
ရှမ့်လန်က မြေပုံပေါ်တွင် ရွှယ်မျိုးနွယ်စု၏ ပုန်းခိုရာနေရာရှစ်ခုကို အစက်ချကာ ဆက်စပ်ကြည့်၏။ တစ်စုံတစ်ခုကို သတိပြုမိ၏။ ထိုအရာက ‘ရန်’ ဟူသည့် စာလုံး၏ အစိတ်အပိုင်းပင်။ ရွှယ်မျိုးနွယ်စု၏ မူလမျိုးရိုးအမည်က ‘ရန်’ ဖြစ်သည်။
ရှေးဦးမျိုးနွယ်များထဲတွင် ‘ကျိ’ မျိုးနွယ်စုက အမြင့်မြတ်ဆုံးဖြစ်ပြီး ‘ကျန်း’ မျိုးနွယ်က နောက်မှလိုက်၏။ ‘ရွှယ်’ မျိုးနွယ်က ‘ရန်’ မျိုးနွယ်မှ ဆင်းသက်လာခြင်းဖြစ်၏။ ထို့ကြောင့် ရွှယ်ချီက သူ၏ မျိုးရိုးကို ဂုဏ်မြင့်စေလိုသော ရည်ရွယ်ချက်ဖြင့် ဤသို့ စီစဉ်ထားခြင်း ဖြစ်၏။
စာလုံး ပြည့်စုံရန် ကိုးခုမြောက်နေရာ တစ်ခု ကျန်ရှိနေသေး၏။ ရှမ့်လန်က မြေပုံပေါ်တွင် ခန့်မှန်းကြည့်လိုက်သည်။ ထိုအရာက ပင်လယ်ကမ်းစပ်တွင် ဖြစ်၏။ အမှန်ပင်။ ရှမ့်လန်က ပင်လယ်အောက်တွင် တည်ဆောက်ထားခဲ့သည့် အလွန် လျှို့ဝှက်သည့် ကိုးခုမြောက် မြေအောက်ခန်းကို ရှာဖွေ တွေ့ရှိခဲ့သည်။
ရှမ့်လန်၏ ဉာဏ်ပညာကို မူလန်က တကယ်ပင် အားကျကြည်ညိုမိ၏။
ရှမ့်လန်က ပင်လယ်ကမ်းစပ်ရှိ လေဝင်ပေါက် ပိုက်လုံးများကို ရှာဖွေတွေ့ရှိပြီးနောက် ထိုမှတစ်ဆင့် အော်ဟစ်လိုက်သည်။ “ရွှယ်ရွှယ်... မင်းတို့ကို ရှာတွေ့ပြီ။ မင်းတို့အဖေ သေသွားပြီ ဆိုတဲ့ သတင်းဆိုးကို ပြောပြချင်လို့ပဲ။ သူ သေတာက တကယ့်ကို ရုပ်ပျက်ဆင်းပျက်ပဲ။ အခု မင်းတို့လည်း သူနဲ့ သွားတွေ့ရ တော့မယ်။ မိသားစုဆိုတာ စုံစုံလင်လင် ရှိရတယ်။ မင်းတို့ဘာသာ ထွက်လာမလား။ ဒီထဲမှာပဲ အသက်ရှူကျပ်ပြီး သေမလား။”
မြေအောက်ခန်းထဲမှာတော့ ရွှယ်တင်း၊ ရွှယ်ရွှယ်နှင့် နင်ချီ၊ ရန်အီတို့ တည်ရှိနေ၏။ အခြေအနေ မဟန်သည်ကို သိချိန်မှာတော့ နင်ချီက မြေပုံပေါ်ရှိ အမှတ်များကို ဆက်ကြည့်၏။
‘ရန်’ ဟူသည့် စာလုံးကို တွေ့သွားသည်။
“ခင်ဗျားတို့အဖေက အမြဲတမ်း ‘ရန်’ မျိုးနွယ်အဖြစ် ပြန်ရောက်ချင်နေတာကိုး။” နင်ချီက လှောင်ပြောင်လိုက် ၏။
ရွှယ်ရွှယ်ကလည်း တုန်လှုပ်သွားသည်။
နင်ချီက ဆက်ပြောလိုက်၏။ “အမှန်တော့ ဒါတွေက ဘာအဓိပ္ပာယ် ရှိလို့လဲ။ ရွှယ်ချီက သူ့ရဲ့ ရည်မှန်းချက်ကို ဒီလိုနည်းနဲ့ ပြသဖို့ မသင့်ဘူး။ ကျုပ်အတွက် ရွှယ်မျိုးနွယ်ရဲ့ အသုံးဝင်မှုက ကုန်ဆုံးသွားခဲ့ပြီလို့ ထင်တယ်။”
ရွှယ်ရွှယ်က တုန်ယင်စွာဖြင့် ပြောသည်။ “အရှင်... ကျွန်မက အရှင့်အတွက် ကလေးနှစ်ယောက်တောင် မွေးပေးထားခဲ့တာပါ။ ဒီသံယောဇဉ်ကိုတောင် မငဲ့ဘူးလား။”
နင်ချီက အေးစက်စက် ပြော၏။ “ချောင်ဘုရင်က ကိုယ်လုပ်တော်ရန်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာက ငါ့အတွက် သင်ခန်းစာ အကြီးကြီးပဲ။ မင်းက မွေးစားမိခင်ကိုတောင် ပြန်ပြီးသတ်ခဲ့တဲ့ လူလေ။ ဒါက သိပ်ပြီး ကြောက်ဖို့ ကောင်းတယ်။”
ရွှယ်တင်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “နင်ချီ.... မင်းက ဆိပ်ကမ်းကို ရောက်မှ လှေဖျက်ချင်တာလား။ ငါတို့ကို သတ်ရင် ရှမ့်လန်က မင်းကို လွှတ်ပေးမယ် ထင်နေတာလား။”
ထိုအချိန်မှာပဲ ရန်အီက လက်ဦးမှုကို ရယူကာ တိုက်ခိုက်သောကြောင့် ရွှယ်တင်းက လွင့်ထွက်သွားခဲ့၏။
“လက်နက်ချလိုက်။ ရွှယ်ရွှယ်... ငါ မင်းကို မတိုက်ခိုက်ချင်ဘူး။” နင်ချီက ပြောသည်။
ရွှယ်ရွှယ်က ရုတ်တရက် ရူးသွပ်စွာဖြင့် ရယ်မောလိုက်၏။ “ဟား... ဟား... ဟား... နင်ချီ... ရှင် တကယ်ပဲ ဒီအခြေအနေကို ရောက်လာခဲ့ပြီပေါ့။ ဟုတ်တယ်။ ကျွန်မက မြွေဆိုးတစ်ကောင်ပဲ။ ဘယ်တော့မှလည်း ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီတော့ အတူတူ သေကြတာပေါ့။”
ရွှယ်ရွှယ်၏ စကားအဆုံးမှာတော့ အခန်းထဲတွင် ထူးဆန်းသည့် အနံ့တစ်ခု ပျံ့လွင့်လာ၏။ နင်ချီ၏ မျက်လုံးများက အရောင် ပြောင်းသွားခဲ့၏။ မျက်လုံးများထဲတွင် ခရမ်းရောင်သွေးကြောများ ပေါ်ထွက်လာ၏။ ပြီးနောက် သူက မြေပြင်ပေါ်သို့ ဒူးထောက်ကျ၏။ နှာခေါင်းမှ သွေးပုတ်များပင် ထွက်ကျလာခဲ့သည်။
“မင်း... မင်း ငါ့ကို အဆိပ်ခတ်ခဲ့တာလား။” နင်ချီက ညည်းတွားရင်း မေးမြန်း၏။
“အံ့ဩနေလား။ အရှင့်ရဲ့ စိတ်ထဲမှာ ကျွန်မက မြွေဆိုးတစ်ကောင်ပဲ မဟုတ်လား။” ရွှယ်ရွှယ်က ခါးသီးစွာဖြင့် မေးသည်။
ပြီးနောက် နင်ချီက နောက်ဆုံးအားဖြင့် ရန်အီကို အမိန့်ပေးလိုက်၏။ “သူ့ကို အပြင်ကို ခေါ်သွားပြီး ရှမ့်လန်ဆီ အပ်လိုက်။”
ခဏအကြာမှာတော့ ရွှယ်ရွှယ်နှင့် ရွှယ်တင်းတို့က ရှမ့်လန်၏ရှေ့တွင် ဒူးထောက်နေရ၏။ သူတို့က ရွှယ်ချီ၏ ဦးခေါင်းကို ကြည့်ကာ တုန်ယင်နေကြ၏။ ရှမ့်လန်က ရွှယ်တင်းအား ညှာတာမှုမရှိဘဲ မြားဖြင့် ပစ်ခတ်ကာ သတ်ဖြတ်ပစ်လိုက်၏။ မြားက ရွှယ်တင်း၏ ဦးခေါင်းကို ဖောက်ထွက်သွားခဲ့ပြီး ချက်ချင်း အသက်ပျောက်သည်။
ပြီးနောက် ရွှယ်ရွှယ်၏ အလှည့်ပင်။ သူမက လီချင်းချိုး၊ သခင်မချိုးတို့၏ ရှေ့တွင် ဒူးထောက်နေ၏။
“ဘာလို့ ဒီလို လုပ်ခဲ့တာလဲ။ ငါတို့က မင်းအပေါ် မကောင်းခဲ့လို့လား။” သခင်မချိုးက မျက်ရည်များဖြင့် မေးသည်။
ရွှယ်ရွှယ်က ပြော၏။ “ရှင်တို့က ကျွန်မအပေါ် ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ရွေးချယ်စရာ မရှိဘူး။ ရှင်တို့က သိပ်ပြီး သဘောကောင်းတယ်။ အဲဒါက အသုံးမကျတာနဲ့ တူတူပဲ။ ကျွန်မကို ရှင်တို့က မကာကွယ်ပေးနိုင်ဘူး။ ကျွန်မက ရွှယ်မျိုးနွယ်ကို သစ္စာဖောက်တဲ့ ကိစ္စရပ်မျိုးကို လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ရှင်တို့ကို အဆိပ်ခတ်ဖို့ ရွေးချယ်ခဲ့တာပဲ။ အခုလည်း ကျွန်မရဲ့ ယောက်ျားကိုတောင် ကျွန်မကိုယ်တိုင် သတ်ပစ်ခဲ့တာပဲ။ ဟား... ဟား... ဟား...”
သခင်မချိုးက စိတ်နှလုံး ကွဲကြေလုလျက် ရှိနေ၏။ သူမ ကိုယ်တိုင် မသတ်ချင်သောကြောင့် ရှမ့်လန်အား အကူအညီတောင်းသည်။
ရှမ့်လန်က မြားဖြင့် ရွှယ်ရွှယ်၏ နဖူးကို ချိန်လိုက်၏။
“ရှမ့်လန်... ရှင် သိလား။”
ဝှစ်...
ရွှယ်ရွှယ်၏ စကားမဆုံးခင်မှာပဲ ရှမ့်လန်က မြားကို ပစ်လွှတ်လိုက်၏။ မြားက ရွှယ်ရွှယ်၏ လှပသည့် ဦးခေါင်းကို ဖောက်ထွက်သွားခဲ့သည်။
“သေရမှာတောင် ငြိမ်ငြိမ်ဆိမ်ဆိမ် မသေဘူး။ စကားအပိုတွေ ပြောနေတယ်။” ရှမ့်လန်က မဲ့ကာ ရွဲ့ကာဖြင့် ပြော၏။
ပြီးနောက် ရှမ့်လန်က ရန်အီ၏ ရှေ့သို့ ရောက်သည်။ “ရန်အီ... ခင်ဗျားနဲ့ ကျုပ်က ရန်ငြိုးမရှိဘူး။ တစ်နေ့မှာတော့ ခင်ဗျားအတွက် မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။”
ပြီးနောက် ရှမ့်လန်က သေအံ့ဆဲဆဲ ဖြစ်နေသည့် နင်ချီ၏ ရှေ့သို့ ရောက်၏။ နင်ချီက ခရမ်းရောင် အဆိပ်များကြောင့် တုန်ယင်နေရှာ၏။ ရှမ့်လန်က သူ၏ လက်ချောင်းကို လှီးဖြတ်ကာဖြင့် သွေးဖြင့် ဖော်စပ်ထားသည့် ဆေးရည်ကို နင်ချီ၏ ကိုယ်ထဲသို့ ထိုးသွင်းပေး၏။ ခဏကြာမှာတော့ နင်ချီက ပြန်လည်ကာ အသက်ဝင်လာ၏။ သူက မြေပြင်ပေါ်တွင် လဲလျောင်းပြီး အသက်ကို ခပ်ပြင်းပြင်း ရှူနေ၏။
“နင်ချီ... ခင်ဗျားကို ကျုပ် ကယ်လိုက်ပြီ။ ဒါပေမဲ့ ခင်ဗျားဆီက ဘာမှ ပြန်မလိုချင်ဘူး။ ခင်ဗျားက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ။ ကျုပ် ခင်ဗျားကို တစ်ခုပဲ တောင်းဆိုချင်တယ်။ တစ်နေ့ လောကကြီး တစ်ခုလုံး ပျက်စီးတော့မယ်။ ဘေးအန္တရာယ် ကြုံလာတဲ့အချိန်မှာ ခင်ဗျားရဲ့အဖေနဲ့ ခင်ဗျားရဲ့ညီ နင်ကျန်း တို့က ခင်ဗျားကို မသတ်ခဲ့ဘူးဆိုတာ သတိရပါ။ ပြီးတော့ အခုအချိန် အခိုက်အတန့်လေးကိုလည်း မှတ်ထား။ ဒါပါပဲ။”
ပြီးနောက် သူက နှုတ်ဆက် ထွက်ခွာသွားခဲ့သည်။
……………….
အပိုင်း (၇၆၈)
အမည်မသိသော အရပ်ဒေသတစ်ခု၊ မြေအောက်လျှို့ဝှက်ခန်းတစ်ခု၊ ဖုန်မှုန့်တစ်ခုပင် မရှိသည့် သန့်စင်သော ခန်းမတစ်ခုအတွင်းမှာတော့ မျက်နှာတစ်ခုလုံးကို ပတ်တီးများဖြင့် စည်းနှောင်ထားသည့် အမျိုးသား တစ်ယောက်က မှန်ရှေ့တွင် ထိုင်လျက် ရှိနေ၏။
သူက သူ၏ မျက်လုံးများနှင့် မှန်ကို စူးစိုက်ကြည့်နေ၏။ ပြီးနောက် တိုးညင်းစွာ မေးလိုက်သည်။ “ကျုပ် အပြင်ထွက်လို့ ရပြီလား။ အပြင်လောကကြီးကို တစ်ချက်လောက်ပဲ ဖြစ်ဖြစ်။ အပြင်ဘက်မှာ ရှိနေတဲ့ သစ်ပင်ပန်းမန် ၊ မြက်ခင်းတွေကို တစ်ချက်လောက်ပဲ ဖြစ်ဖြစ် ကြည့်ခွင့်ရချင်တယ်။”
“မရဘူး။” အသံတစ်ခုက ပြတ်သားစွာ တုံ့ပြန်၏။
“ခဏလေးတောင် မရဘူးလား။”
“မရဘူး။ မင်းရဲ့ခန္ဓာကိုယ်က အရမ်း အားနည်းလွန်းတယ်။ အပြင်ဘက်ကို ထွက်လိုက်တာနဲ့ သေသွားလိမ့်မယ်။”
သူက ခေတ္တမျှ တိတ်ဆိတ်သွား၏။ ပြီးနောက် မေးမြန်းလိုက်သည်။ “ကျုပ် ဘယ်လောက်ကြာကြာ အသက်ရှင် နိုင်အုံးမှာလဲ။”
“မသိဘူး။ တစ်လ ဖြစ်နိုင်သလို၊ နှစ်လလည်း ဖြစ်နိုင်တယ်။”
သူက သက်ပြင်းရှည်ကြီးကို ချ၏။ “အဲလိုနေ့ကိုပဲ အမြန်ဆုံး ရောက်စေချင်ခဲ့တာ။ ဒီလို ရှင်သန်နေရတာ တကယ့်ကို နာကျင်စရာပဲလေ။”
သူက ညည်းတွားလိုက်သည်။
တစ်ဖက်လူကတော့ ဘာမှ မပြောချေ။
ပြီးနောက် သူက ဆက်လက်ကာ မေး၏။ “မာယာမျဉ်းပြိုင်ဝတ္ထုက ဆက်မရေးတော့ဘူးလား။ အခု ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းကိုလည်း ဖတ်ပြီးသွားပြီ။ အနောက်ဘက်သို့ ခရီးထွက်ခြင်းကိုလည်း ဖတ်ပြီးပြီ။ ကျုပ်ဘဝက တခြား ဘာအဓိပ္ပာယ် ရှိအုံးမှာလဲ။”
“ဒါဆိုရင်လည်း ဒုတိယအကြိမ် ပြန်ဖတ်ပေါ့။ ပြီးရင် တတိယအကြိမ်။ စတုတ္ထအကြိမ်ပေါ့။”
“ကျုပ် ၁၉ ကြိမ်တောင် ဖတ်ပြီးပြီ။ ကျုပ်ကို အပြင်လောကကို တစ်ချက်လောက် ကြည့်ခွင့်ပေးပါအုံး။ ကြည့်ပြီးတာနဲ့ သေရမယ်ဆိုရင်တောင် ကျုပ် ကျေနပ်ပါတယ်။”
“မဟုတ်ဘူး။ မင်း အခု သေလို့ မဖြစ်သေးဘူး။ အနည်းဆုံး အခုအချိန်ထိပေါ့။”
“ဒါဆိုရင် ကျုပ် ဘယ်တော့ သေရမှာလဲ။”
“မသိဘူး။ မကြာလောက်တော့ဘူး ထင်တာပဲ။”
ပြီးနောက် သူက စကားလမ်းကြောင်း လွှဲလိုက်၏။ “တော်ဝင်ရန် အင်ပါယာရဲ့ မင်းသမီးလေး ကျိနင် ကလည်း ကျုပ်လိုပဲ အားနည်းပြီး ရောဂါမျိုးစုံ ခံစားနေရတယ်လို့ ကြားတယ်။ သူကလည်း အချိန်မရွေး သေသွားနိုင်တာပဲ မဟုတ်လား။”
“အင်း... သူ့ကို ကြည့်ရတာ မင်းလိုပါပဲ။ ရောဂါသည် တစ်ယောက်နဲ့ တူတယ် ဆိုပေမဲ့ တကယ်တော့ မင်းနဲ့ သူက မတူဘူး။”
“မင်းသမီးလေး ရှင်သန်နေရတဲ့ တွန်းအားက ဘာလဲဆိုတာ ကျုပ် မသိဘူး။ ဒါပေမဲ့ ကျုပ်အတွက်တော့ ဒီဝတ္ထုတွေကပဲ ကျုပ်ကို ရှင်သန်စေခဲ့တယ်။”
“စိတ်မကောင်းပါဘူး။”
“မဟုတ်တာ။ ကျုပ်ကသာ ခင်ဗျားကို အားနာရမှာ။ ကျုပ်ကို အသက်ရှင်အောင် လုပ်ပေးဖို့ ခင်ဗျား အရာအားလုံးကို ရင်းနှီးပေးခဲ့ရတယ်။ ကျုပ် အရာအားလုံးကို ခံစားရတယ်။ ကျုပ်ရဲ့ အသက်ဓာတ်တွေ ကုန်ဆုံးနေပြီ ဆိုတာကိုလည်း သိတယ်။”
တစ်ဖက်လူက တိတ်ဆိတ်သွား၏။
သူက ထပ်မံက တောင်းဆိုလိုက်သည်။ “ကျုပ်ရဲ့ မျက်နှာက ပတ်တီးတွေကို ဖြေပြီးတော့ မှန်ထဲမှာ ကျုပ်မျက်နှာကို တစ်ချက်လောက် ကြည့်ခွင့် ရမလား။”
“မရဘူး။”
“ဒါဆိုရင် ဘာလို့ ကျုပ်မှာ နာမည် မရှိသေးတာလဲ။”
“မရှိသေးဘူးလား။ အသက် ၂၀ ကျော်နေပြီ။ နာမည်တောင် မရှိသေးဘူးလား။ ဒါဆိုရင်လည်း ကိုယ်တိုင် စဉ်းစားကြည့်လိုက်လေ။ ဘယ်လို နာမည်မျိုးကို မှည့်ချင်လဲ ဆိုတာ စဉ်းစားပြီးရင် ငါ့ကို ပြောပေါ့။”
သူ၏ မျက်လုံးများက တောက်ပသွား၏။ “ကောင်းပြီ။ ဒါက ကျုပ်အတွက် ရှင်သန်ဖို့ ခွန်အားသစ် တစ်ခု ဖြစ်လာတယ်။ အံ့အားသင့်စရာကောင်းပြီး တစ်ဦးတည်းသာ ပိုင်ဆိုင်တဲ့ နာမည်မျိုးကို ကျုပ် စဉ်းစားမယ်။ စာအုပ်တွေ အမျိုးမျိုးကို ဖတ်ခဲ့ပြီ။ စာအုပ်ထဲမှာ ဘဝပေါင်းစုံကို ကျင်လည်ခဲ့ရတယ်။ ဒီတော့ ကျုပ်က နာမည်ကောင်း တစ်ခုကိုတော့ ရနိုင်ပါတယ်။”
“ကောင်းပြီ။ မင်းကို ငါ ယုံကြည်ပါတယ်။”
………..
ရှမ့်လန်၏ ရေတပ်က တောင်ပိုင်းကျွန်းစုမှခွာပြီး ရွှမ်ဝူမြို့ဆီသို့ ဦးတည် ခုတ်မောင်းလျက် ရှိနေ၏။ ရှမ့်လန်က မြေပုံတစ်ခုကို စူးစိုက်ကြည့်၏။
မူလန်က သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ရင်း မေးမြန်းလိုက်သည်။ “ယောက်ျား... ဘာတွေ ကြည့်နေတာလဲ။”
“ဒါက မြေပုံလေ။”
မူလန်က ရှမ့်လန် အမှတ်အသား ပြုလုပ်ထားသည့် တြိဂံပုံသဏ္ဍာန် တစ်ခုကို ကြည့်ကာ မေးမြန်းလိုက်၏။ “ဒါက ဘာကြီးလဲ။”
“ဒါက မိစ္ဆာတြိဂံဒေသပဲ။”
ဤအရာက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ဘေးအန္တရာယ် ထူပြောလွန်းသည့် ပင်လယ်ပြင် တစ်ခုဖြစ်၏။ ထိုနေရာထဲသို့ ဝင်သွားသည့် မည်သည့်သင်္ဘောမဆို အစအန မကျန် ပျောက်ကွယ်သွားတတ်၏။ ကမ္ဘာမြေလောကတွင် ရှိသည့် ‘ဘာမြူဒါတြိဂံ’ နှင့် ဆင်တူသည်။
“ဒီနေရာက ကျွန်မတို့ နုရှောင်မြို့နဲ့ သိပ်ပြီး မဝေးသလိုပဲနော်။” မူလန်က မေးမြန်းလိုက်သည်။
ရှမ့်လန်က ခေါင်းညိတ်၏။ “ဟုတ်တယ်။ အရှေ့တောင်ဘက် မိုင်ခြောက်ထောင်လောက်ပဲ ဝေးတာ။ ဒါက ပင်လယ်ရဲ့ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ခွဲခြားထားတဲ့ နေရာတစ်ခုပဲ။”
မူလန်က ချွဲနွဲ့စွာဖြင့် မေးလိုက်သည်။ “ယောက်ျား... ဒီတစ်ခါ ပင်လယ်ထွက်ရင် ကျွန်မတို့ နှစ်ယောက်တည်း လား။”
“မဟုတ်ဘူး။ တစ်မိသားစုလုံးပဲ။”
“ဟာ... နှစ်ယောက်တည်း ခရီးထွက်ရမယ် မှတ်နေတာ။ ဒါနဲ့ ကျွန်မတို့ အရှေ့ဘက်ကို ဆက်သွားရမှာလား။ ချောင်ယောင်းအာဆီကို သွားမှာလား။”
ရှမ့်လန်က ပြုံးလိုက်၏။ “ပင်လယ်က အရမ်းကျယ်တယ်။ သူနဲ့ ဆုံဖို့က သိပ်ပြီး မလွယ်ပါဘူး။”
မူလန်က မေးမြန်းလိုက်သည်။ “ယောက်ျား။ ဘုရင်မင်းမြတ်နဲ့ မင်းသားနင်ကျန်းကို နှုတ်မဆက်တော့တာ သေချာလား။”
ရှမ့်လန်က ပြောလိုက်၏။ “နှုတ်ဆက်တာ ဘာအဓိပ္ပာယ်လဲ။ ပြန်တွေ့ရတာထက် ရှိခဲ့တဲ့ အမှတ်တရတွေကို တန်ဖိုးထားတာ ပိုပြီးကောင်းတယ်။ ပြီးတော့ သူတို့အတွက် စာတွေ ရေးထားသေးတယ်။”
မူလန်က ပြောလိုက်သည်။ “အင်း.. ဒါဆိုရင် နင်ယန်နဲ့ ရှမ့်လီတို့ကရော။”
ရှမ့်လန်က ပြောလိုက်၏။ “ဒီတစ်ခေါက် အိမ်ပြန်ရောက်ရင် သူတို့ကို တွေ့နိုင်ပြီ။”
မူလန်က မေးလိုက်သည်။ “နင်ယန်က ရွှမ်ဝူမြို့ကို ရောက်လာပြီလား။”
ရှမ့်လန်က ပြောလိုက်၏။ “ဘာ... မင်း ခွင့်မပြုသေးဘူးလား။ ဘာပဲပြောပြော ဝါစဉ်အရ သူက မင်းရဲ့ ညီမလို ဖြစ်နေပြီ။”
………………
ရှမ့်လန်၏ ရေတပ်က ထွက်ခွာသွားခဲ့၏။
တတိယမင်းသား နင်ချီက မြေပြင်ပေါ်တွင် လဲလျောင်းလျက် တစ်ယောက်တည်း ကျန်ခဲ့၏။ သူက ဤနေရာမှာပင် မလှုပ်မယှက် လဲလျောင်းပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်နေ၏။ လောကကြီးက ပြောင်းလဲသွားပြီဟု သူ၏အဖေက ပြောခဲ့ဖူး၏။ သို့ပေမည့် ပြောင်းလဲမှုက ကြီးမားလွန်းသည်။
နင်ချီက ကောင်းကင်ကြီး ပြောင်းလဲနိုင်မလားဆိုသည်ကို ကြည့်ချင်ခဲ့မိ၏။ ပထမဦးဆုံး ကြည်လင်နေသည့် အပြာရောင်ကောင်းကင်ကို မြင်ရ၏။ ပြီးနောက် ည ရောက်လာခဲ့၏။ ကောင်းကင်က ကြယ်တွေနှင့် ပြည့်နှက်နေခဲ့ပြီး နဂါးငွေ့တန်းများလည်း ရှိနေ၏။
နင်ချီက ကောင်းကင်ကို တစ်ခါမှ ဤကဲ့သို့ အနီးကပ် မကြည့်ခဲ့ဖူးချေ။ အလွန်ဝေးကွာပြီး အလွန်လှပ၏။ ပတ်ဝန်းကျင်ရှိ ရက်စက်ကြမ်းကြုတ်မှုအားလုံးကို မေ့လျော့သွားခဲ့၏။ ဤအရာက သူ့ကို အတွေးပေါင်း များစွာ ရရှိစေသည်။
လက်ရှိအခြေအနေတွင် ကျော်လွှားသွားနိုင်ခြင်းနှင့် ထွက်ပြေးသွားနိုင်ခြင်း ... ထိုနှစ်ခုသာ ရှိ၏။ ကျော်လွှားသွားနိုင်သူက နည်းပါးသောကြောင့် ထွက်ပြေးသွားနိုင်ခြင်းကသာ ပိုကောင်း၏။
ရှမ့်လန်၏ စကားအရဆိုလျှင် လက်ရှိလောကကြီးတွင် သူ ဝါကြွား၍ မရတော့ချေ။
သူ့အနေနှင့် အရာအားလုံးကို ဆင်ခြင်သုံးသပ်ကြည့်လေ စိတ်ထဲတွင် အံ့အားသင့်မှု၊ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေလာလေပင်။ ထို့အပြင် သူက အောက်ခြေစည်းမျဉ်း မရှိသည့် ရွှယ်ချီနှင့် မတူချေ။
ချမှတ်လာသည့် ဆုံးဖြတ်ချက်နှင့် ပြသခဲ့သည့်ဆန္ဒတိုင်းတွင် ရည်မှန်းချက်များ ပါဝင်လျက် ရှိ၏။ ထို့အပြင် သူ နင်ချီ၌ ကိုယ်ရေးကိုယ်တာ ရန်သူဟူ၍ မရှိချေ။ သို့သော်ငြား သူက ကန့်သတ်ချက်များကို ကျော်လွန်ကာ ပြုလုပ်ခဲ့သည့် အရာများစွာ ရှိသောကြောင့် ထိုသို့ပြောရန်လည်း အလွန်ရှက်ရွံ့မိသည်။
ကောင်းကင်ကြီးက နက်ရှိုင်းစွာ မှောင်မဲနေဆဲပင်။ လောကကြီးတွင် လူတွေက မည်သည့်နေရာက လာရသနည်း။ မည်သည့်နေရာကို သွားကြသနည်း။ စကြာဝဠာကြီးက မည်သည့်နေရာက စတင်ခဲ့သနည်း။ မည်သည့်နေရာတွင် အဆုံးသတ်မည်နည်း။
နှလုံးသားထဲ၌ တကယ့်ကို စိတ်ကူးယဉ်စရာ ကောင်းပြီး လျှို့ဝှက် ဆန်းကြယ်သည့် မေးခွန်းများနှင့် ပြည့်နှက်နေ၏။
လောကကြီးတွင်လည်း ပြီးပြည့်စုံသည့် လူဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။ နင်ချီက အတိတ်တုန်းက ကိုယ်ပိုင် လူသားဆန်မှု ဆိုသည့် အကြောင်းအရာကို ဘယ်တုန်းကမှ မစူးစမ်းခဲ့ဖူးချေ။ အဘယ်ကြောင့်ဆိုသော် သူက တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက် လူစားမျိုး ဖြစ်နေသောကြောင့်ပင်။ ယခု စူးစမ်းလေ့လာခြင်းကို စတင်သည်နှင့် သူက မေးခွန်းပေါင်းများစွာ ရရှိခဲ့၏။ ထိုမေးခွန်းများစွာကလည်း သူ့ကို တုန်လှုပ်စေခဲ့သည်။
သူက အရာအားလုံးကို ပြန်လည်ကာ မေးခွန်းထုတ်ကြည့်ခဲ့၏။ သူ၏ ထီးနန်းအတွက် ကြိုးပမ်းမှုက မအောင်မြင်ခဲ့ချေ။ သို့ပေမည့် နင်ယွမ်ရှန်းနှင့် နင်ကျန်းတို့က သူ့ကို မသတ်ခဲ့ပေ။ ထိုသို့ဆိုလျှင်တောင်မှ သူက လက်မလျှော့သေးချေ။ ထို့ကြောင့် နန်းမြို့တော်မှ ထွက်ခွာခဲ့ပြီး ရွှယ်မိသားစု၏ နန်ကျိုးမြို့သို့ ရောက်ရှိလာ၏။ ရလဒ်အားဖြင့် ရွှယ်မိသားစု တစ်ခုလုံးက ဖျက်ဆီးခံခဲ့ရ၏။ ယခု ရှမ့်လန်က သူ့ကို မသတ်ရုံသာမက ကယ်ပင် ကယ်တင်ခဲ့သေးပြန်၏။
သေလုမျောပါး ဖြစ်စေခဲ့သည့် အတွေ့အကြုံနှစ်ခုက သူကို ပျော်ရွှင်မှုများ မဖြစ်စေဘဲ နာကျင်မှုများကိုသာ ယူဆောင်ခဲ့၏။ သူက နင်ယီ မဟုတ်ချေ။ နင်ယီက သေရမှာကို ကြောက်ပြီး ရှင်သန်ဖို့ ဘာမဆို ပြုလုပ်မှာပင်။ နင်ချီကတော့ ဆိုးဝါးသည့် အရာများကို ကြုံတွေ့ခဲ့ပြီး အကြိမ်တိုင်း သူက လွတ်မြောက်ရာ လွတ်မြောက်လမ်းကို ကြိုးစားရှာဖွေ၏။ သေခြင်းတရားနှင့် ထိပ်တိုက်တွေ့ပြီး အောင်မြင်မှုကို ရယူနိုင်ခဲ့သည့်လူပင်။
လက်ရှိအခြေအနေမှာတော့ သူက မိမိကိုကိုယ် မေးခွန်းထုတ်စပြုလာခဲ့၏။ ထိုအရာက သူ့ကို တကယ်ပင် နာကျင်စေခဲ့၏။ ကောင်းကင်ပေါ်တွင် တိမ်မဲများ ဖြစ်တည်လာခဲ့ပြီး မိုးများက သည်းသည်းမည်းမည်းနှင့် ရွာချလာ၏။
ယခင်တုန်းက နင်ကျန်းနှင့် နင်ချီတို့က အင်ပါယာကျန်းလီ အကြောင်းကို ဆွေးနွေးခဲ့ဖူးသည်။
အင်ပါယာကျန်းလီက နေဖြစ်ပြီး ကွယ်လွန်သွားခဲ့ပြီးနောက် လောကကြီးကို လင်းလက် တောက်ပ စေခဲ့သည်ဟု နင်ကျန်းက ပြောကြား၏။
နင်ချီကတော့ ကျန်းလီက ခဏတာ လွင့်မျောနေသည့် ကြယ်ပွင့်တစ်ပွင့်သာ ဖြစ်ပြီး လူတွေကို မျှော်လင့်ချက် ပေးစွမ်းနိုင်သည် ဆိုသော်လည်း စိတ်ပျက်အားငယ်စေသည်ဟု ပြော၏။ လက်ရှိအချိန်တွေမှာတော့ နင်ချီ၏ မျက်လုံးများက တည်ကြည်လျက် ရှိနေပြီး လုံးဝ အကြည့်မရွေ့ချေ။ သူက ကောင်းကင်ပေါ်ကို မော့ကြည့် နေသည်။
၇ ရက် ၇ ည ကြာပြီးနောက် နင်ချီက မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများနှင့် မြေပြင်ပေါ်မှ ထရပ်၏။ သူက ပျက်စီးနေသည့် နန်ကျိုးမြို့ထဲသို့ ဝင်ကာ ထမင်းစား၏။ သူ့ကို လာခေါ်ရန်အတွက် သင်္ဘော အများအပြား ရောက်ရှိနေ၏။ စေတီတောင်ကလား။ ထိုအရာက အရေးမကြီးတော့ချေ။ သူက သင်္ဘောပေါ် တက်လိုက်၏။
“တတိယမင်းသား... ကျုပ်တို့ ဘယ်သွားကြမလဲ။”
“မြောက်ဘက်ကို သွားမယ်။”
သင်္ဘောများက မြောက်ဘက်သို့ ဦးတည်သွား၏။ ရက်အနည်းငယ်အကြာတွင် သင်္ဘောက ဆိုက်ကပ်၏။ ထိုနေရာတွင် မြင်းတပ်တစ်တပ်က သူ့ကို စောင့်ကြိုနေသည်။
“အရှင်မင်းသား... ကျုပ်တို့က ထျန်းနန်မြို့ကို လိုက်ပို့ပေးပါမယ်။” မြင်းတပ်ခေါင်းဆောင်က ပြော၏။ ဤအရာက မည်သူ၏ မြင်းတပ်များနည်း။ ကျူးမိသားစုလား၊ သို့မဟုတ် ကောင်းကင်ပင်လယ် နန်းဆောင်ကလား။
“ကျုပ် မြောက်ဘက်ကို သွားမယ်။” နင်ချီက ပြော၏။
မြင်းတပ်ခေါင်းဆောင်က ပြောသည်။ “အရှင့်သား... အခု ရွှယ်မိသားစုက ပျက်စီးသွားခဲ့ပြီ။ ဒါကြောင့် မြောက်ဘက်ကို သွားရင် သေသွားနိုင်ပါတယ်။ ဝန်ကြီးချုပ်ကျူးရဲ့ အမြင်က တကယ့်ကို ရှင်းလင်းတယ်။ အရင်ဆုံး ထျန်းနန်မြို့မှာနေပြီး လောကကြီး ပြိုလဲသွားတဲ့အချိန်မှ မြောက်ဘက်ကို သွားပြီး မြို့တော်ကို သိမ်းပိုက်နိုင်ပါပြီ။”
နင်ချီက ပြော၏။ “ကျုပ် မြောက်ဘက်ကိုပဲ သွားမယ်။”
မြင်းတပ်ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်၏။ ခဏအကြာမှတော့ နင်ချီက ရန်အီ၏ အကာအကွယ် အောက်မှာပဲ မြောက်ဘက်ဆီသို့ ဦးတည်သွားခဲ့၏။ ရက်အနည်းငယ်ကြာမှာတော့ နင်ချီက နန်းမြို့တော်သို့ ရောက်၏။ သူက သူတောင်းစား တစ်ဦးကဲ့သို့ပင် နန်းတော်ထဲသို့ ဝင်ရောက်၏။ ရွှဲ့ဘုရင်ကို ဂါရဝပြုသည်။
“မင်း ပြန်လာပြီလား။”
ဆံပင်များ ဖြူဖွေးနေသည့် နင်ယွမ်ရှန်းက တုန်ယင်နေသည့် လက်အစုံဖြင့် ပြော၏။ “မင်းရဲ့ အမေကို သွားတွေ့လိုက်အုံး။”
နင်ချီက သူ၏ အဖေကို မော့ကြည့်၏။ လအနည်းငယ်အတွင်း ပိုမိုကာ ပိန်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး ကလည်း ကွေးညွတ်နေ၏။ ဘီးတပ်ကုလားထိုင်ပေါ် ရောက်ပြီးနောက် သူ၏အဖေက ထိုပေါ်မှ ပြန်မဆင်းနိုင်တော့ချေ။ ယခု အလွန်မင်း အိုမင်းနေ၏။ လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်လောက်က ငယ်ရွယ်ပြီး ကျက်သရေရှိသည့်လူနှင့် အလုံးစုံ ကွာခြားသွားသည်။