အခန်း (၇၆၉-၇၇၀)
Vol. 48 Ch. 769-770
အပိုင်း (၇၆၉)
နင်ချီက နောက်တစ်ကြိမ် ဦးညွှတ်၏။ ပြီးနောက် သူ၏ မိခင်ဖြစ်သည့် မိဖုရားကြီး ကျုံးထံသို့ သွားရောက်၏။ ရွှယ်မိသားစုက ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက နန်းမြို့တော်တွင် အနည်းငယ် လှိုင်းထန်စေခဲ့ပြီး ယခုတစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။
တတိယမင်းသား နင်ချီက အမှန်တကယ် ပြန်လာ၏။ သူ တကယ် ပြန်လာရဲ၏။ သို့သော်ငြား မည်သည့် လှိုင်းတံပိုးမှ မဖြစ်ပေါ်ခဲ့ချေ။ နင်ချီက ပြန်လာပြီးနောက် လူသားတို့၏ မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့၏။ ကျုံးယောင်လိုပဲ နိမ့်ကျသည့် အနေအထားဖြင့် နေထိုင်ကာ နေအိမ်ထဲမှ အပြင်သို့ မထွက်တော့ချေ။
နင်ယွမ်ရှန်းရော နင်ကျန်းကပါ သူ့ကို မသတ်ခဲ့ချေ။ မသတ်ရုံသာမက ပြောဆိုဆုံးမခဲ့ခြင်းလည်း မရှိသလို ဆုလာဘ်များလည်း ပေးအပ်ခြင်း မရှိခဲ့ချေ။ ဘာတစ်ခုမှ မဖြစ်ခဲ့သကဲ့သို့ပင်။ နန်းမြို့တော်ရှိ အရာအားလုံးက စနစ်တကျဖြင့် ကောင်းမွန်စွာ လည်ပတ်နေ၏။ ရွှဲ့ပြည်နယ်ရှိ အရာအားလုံးကလည်း စနစ်တကျနှင့် ဖွံ့ဖြိုး တိုးတက်နေ၏။
ထူးဆန်းစွာပင် အရာအားလုံးက တိတ်ဆိတ်နေခဲ့၏။ ကြီးမားသည့် ဆူနာမီ၊ မြေငလျင် သို့မဟုတ် ပေါက်ကွဲမှုများ မတိုင်ခင် ငြိမ်သက်နေသည့် အခိုက်အတန့်ကဲ့သို့ပင်။ တိတ်ဆိတ်မှုက တကယ့်ကို နက်ရှိုင်းလွန်းသောကြောင့် အနည်းငယ် ကျယ်လောင်သည့် အသက်ရှူသံကပင်လျှင် လူတစ်ယောက်ကို ထိတ်လန့်စေသည်။
လူတိုင်းက သေးငယ်သည့် သတ္တဝါလေး တစ်ကောင်ကဲ့သို့ပင် ခံစားနေရ၏။ ငလျင်မလှုပ်ခင် ဖြစ်ပေါ်နေသည့် တိတ်ဆိတ်ငြိမ်သက်ခြင်းများပင်။ ထို့အပြင် သူတို့က ထွက်ပြေး၍ မရနိုင်သည့် သေးငယ်သည့် တိရစ္ဆာန်လေး များ ဖြစ်ပြီး ကြောက်လန့်တုန်လှုပ်ကာဖြင့် တည်နေရာအတွင်းမှာသာ နေနိုင်၏။
နင်ကျန်းက ဘာမှ မဖြစ်သလို ဟန်ဆောင်နေ၏။ သူ ဘာလုပ်သင့်သနည်း။ သူက တာဝန်များကို ကြိုးစားလုပ်ဆောင်နေခဲ့ပြီး မိမိကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်သည်အထိပင် အလုပ်လုပ်၏။ သူ၏ မိန်းမ ကတော်ကျိုးက သူ့ကို ငိုယိုကာ တောင်းဆိုခဲ့၏။ သူမကို ကွာရှင်းပြီး အခြားတစ်ယောက်နှင့် လက်ထပ်ရန် တောင်းပန်ခဲ့၏။ ထိုမှသာ သားစဉ်မြေးဆက်များ ကျန်ရှိပေလိမ့်မည်။ တိုင်းပြည်တစ်ပြည်၏ အိမ်ရှေ့စံ တစ်ယောက်အနေနှင့် သားစဉ်မြေးဆက် မရှိ၍ အဘယ်သို့ဖြစ်မည်နည်း။
နင်ကျန်းက ပြောသည်။ “အနာဂတ်ကို မေ့လိုက်ပါ။ လက်ရှိမှာပဲ နေထိုင်ပါ။”
တော်ဝင်ရန်အင်ပါယာက မကြုံစဖူး ကြီးမားသည့် တပ်တော်ကြီးကို စုစည်းထား၏။ ချန်နိုင်ငံက မကြုံစဖူး ကြီးမားသည့် တပ်တော်ကြီး တစ်ခုကို စုစည်းထား၏။ ကြီးကျယ်ခမ်းနားသည့် ကျင်းနိုင်ငံတော်၊ ကြီးကျယ်ခမ်းနားသည့် လျန်နိုင်ငံတော် စသဖြင့်ပင်။ မြောက်ဘက်ရှိ နိုင်ငံအားလုံးက တပ်များ စေလွှတ်ခဲ့၏။ မြောက်ဘက်အကျဆုံး နိုင်ငံများပင်လျှင် တပ်များကို စေလွှတ်၏။
နိုင်ငံကြီး၊ ငယ်များ၊ ဆယ်ဂဏန်းခန့်ရှိသည့် နိုင်ငံအားလုံးက အင်ပါယာ၏ အမိန့်ကို လက်ခံကြ၏။ ကြီးမားလွန်းသည့် အရေအတွက်နှင့် တပ်ကြီးတစ်ခုက တောင်ဘက်သို့ လှည့်လည်သွားလာလျက် ရှိနေ၏။ တကယ့်ကို ဖျက်ဆီးအားပြင်းသည့် အင်အားကြီး တစ်ခုကဲ့သို့ပင်။
ဤကြောက်မက်ဖွယ်ကောင်းသည့် အင်အားစုက တောင်ဘက်ပင်လယ်တွင် ဖြစ်ပွားခဲ့သည့် ကြီးမားသည့် ဆူနာမီလှိုင်းကြီး နှင့် တစ်ထပ်တည်းပင်။ မည်သည့်နိုင်ငံကမှ ရပ်တန့်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ ဝူဘုရင်ငယ်က လုံးဝ လက်လျှော့ခြင်းမပြုမီ တစ်ရက် ခုခံခဲ့သေး၏။ နောက်မှာတော့ အင်ပါယာ၏ အမိန့်တော်ကို တုံ့ပြန်သည့် အနေဖြင့် ဝူပြည်နယ်က သူတို့၏ တပ်တော်ကို နယ်မြေကို ဖြတ်သန်းခွင့် ပြုမည်ဟု ကြေညာခဲ့၏။ ထို့အပြင် ဝူဘုရင်က အင်ပါယာ၏မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းရန် တပ်သား တစ်သိန်းကို စေလွှတ်မည်ဟု ကြေညာခဲ့ရ၏။
ချောင်ဘုရင်က ၂ ရက်တာ ခုခံပြီးနောက် ညှိနှိုင်းကာဖြင့် အင်ပါယာ၏ အမိန့်တော်ကို လိုက်နာပြီး အင်ပါယာ၏ တပ်ကို ချောင်နယ်မြေအတွင်း ဖြတ်သန်းခွင့် ပြုမည်ဟု ကြေညာခဲ့ရ၏။ ထို့အပြင် ချောင်ဘုရင်က အင်ပါယာ မဟာမိတ်တပ်တွင် ပူးပေါင်းရန် စစ်သည်ပေါင်း တစ်သိန်းကို စေလွှတ်မည်ဟု ကြေညာခဲ့၏။ တကယ့်ကို ကြီးမားသည့် တပ်သားအရေအတွက်ပင်။
လွန်ခဲ့သည့် နှစ် ၂၀ ကျော် တော်ဝင်ရန် အင်ပါယာနှင့် ကျန်းလီတို့ အဆုံးအဖြတ် တိုက်ပွဲကို တိုက်ခိုက်ခဲ့စဉ် ထက်ပင် အရေအတွက်က ပိုမိုကာ များနေ၏။ မှောင်မိုက်သည့် မိုးတိမ်များကဲ့သို့၊ ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ အရှိန်အဝါမျိုးနှင့် ဖြစ်တည်လာသည်။
အင်ပါယာက ဤတစ်ကြိမ်တွင် အကြောင်းပြချက် မရှိဘဲ ကြီးမားလွန်းသည့် တပ်တော်ကြီးကို စုစည်းခဲ့၏။ ပစ်မှတ်က မည်သူမှန်းပင် မသိရှိချေ။ အင်ပါယာက အမိန့်ပေးသည့် နေရာတိုင်းကို စစ်တပ်က သွား၏။ သို့ပေမည့် လူတိုင်းက ဤအရာနှင့် ပတ်သက်ပြီး မရေမရာ အတွေးတစ်ခု ရှိနေ၏။
ကြီးမားလွန်းသည့် တပ်တော်ကြီးတွင် လူမည်မျှ ရှိနေမည်နည်း။ သို့ပေမည့် မည်သူမှ မသိကြချေ။ ကိန်းဂဏန်းများက အဓိပ္ပာယ်မဲ့လှသောကြောင့်ပင်။
အတိုချုပ် ပြောရမည်ဆိုလျှင် သူတို့က ရာစုနှစ် အနည်းငယ်အတွင်း လောကတွင် တိုက်ခိုက်ခဲ့သည့် စစ်ပွဲအားလုံး၏ စစ်သည် အရေအတွက်ထက်ပင် ကျော်လွန်သွားခဲ့၏။ ရွှဲ့ပြည်နယ်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးမည့် ယခင်စစ်ပွဲတုန်းက နိုင်ငံ ၄ နိုင်ငံမှ စုပေါင်းထားသည့် စုစုပေါင်း စစ်သည်အင်အားက တစ်သန်းကျော်နီးပါး ရှိ၏။ သို့ပေမည့် လက်ရှိအချိန်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုပမာဏက တကယ့်ကို သေးငယ်လွန်းလှချေသည်။
အင်ပါယာ၏ အမြင့်ဆုံးဆန္ဒဖြင့် သူတို့က ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို တန်ခိုးပြန့်နှံ့စေ၏။ ရပ်တန့်၍ မရချေ။ တားဆီးသူမှန်သမျှက ကြေမွပျက်စီးရပေလိမ့်မည်။ ပြီးနောက် ဤကြီးမားလွန်းသည့် လောကတစ်ဝက်လောက်ရှိသော တပ်တော်အရေအတွက်က ရွှဲ့ပြည်နယ်ဆီသို့ ချီတက်လာခဲ့၏။ အင်ပါယာ၏ ပစ်မှတ်က ရွှဲ့ပြည်နယ်ပေလား။
ဤတပ်တော်က ရွှဲ့ပြည်နယ်ကို အကြိမ်ပေါင်းများစွာ ဖျက်ဆီးရန် လုံလောက်၏။ ဤအရာက တိုက်ခိုက်ရေး စစ်တပ်တစ်ခုနှင့် မတူချေ။ စစ်ရေးပြ အခမ်းအနားနှင့် ပိုတူ၏။ သက်တောင့်သက်သာ ရှိလွန်းလှ၏။
သို့သော်ငြား ဘုရင်နင်ယွမ်ရှန်းနှင့် နင်ကျန်းတို့ နှစ်ယောက်လုံးက အင်ပါယာဆီမှ မည်သည့်အမိန့်ကိုမှ မရရှိခဲ့ချေ။ အရိပ်အမြွက် တစ်ခုလေးတောင် မရရှိခဲ့ချေ။ ရွှဲ့ပြည်နယ်တစ်ခုလုံးက နေရောင်ခြည်ကို မမြင်ရဘဲ ကြီးမားသည့် မှောင်မိုက်သည့် မိုးတိမ်ကြီးများနှင့် ဖုံးလွှမ်းနေပုံရသည်။
ကျူးဟုန်ကျူးက သူ၏ အခန်းထဲမှ ပထမဦးဆုံးအကြိမ် ထွက်လာ၏။ ကောင်းကင်ပေါ်ရှိ နေကို ကြည့်ရင်း ဖြည်းညင်းစွာ ပြော၏။ “အာရုံမတက်ခင် မှောင်မိုက်မှုက အရမ်းကို ကြာတယ်။ ဒါပေမဲ့ ဖြစ်လာမယ့် အကြောင်းအရာတွေက ရည်ရွယ်ထားတဲ့အတိုင်း နောက်ဆုံး ဖြစ်လာတာပဲ။ နေက နောက်ဆုံးမှာ ထွက်ပေါ်လာခဲ့တာပဲ။ မှောင်မိုက်တဲ့ အရာအားလုံးက ကုန်ဆုံးသွားလိမ့်မယ်။”
ဤစကားကို ပြောချိန်မှာတော့ မြောက်ဘက်မှ တောင်ဘက်ဆီမှ မဲမှောင်သည့် မိုးတိမ်လိပ်ကြီးများ တက်လာသည်။
နင်ချီက ခြံဝန်းထဲတွင် ရပ်ပြီး ကောင်းကင်ကို မော့ကြည့်၏။ “အင်း.. အဘိုး ကျူးဟုန်ကျူး။ ခင်ဗျားပြောတဲ့ မိုးသောက်ချိန်ဆိုတာ ဒါလား။ ဘာလို့ ပိုပြီး မှောင်မိုက်နေတယ်ပုံ ပေါ်တာလဲ။”
နင်ယွမ်ရှန်းနှင့် နင်ကျန်းတို့က မနက်စာကို စားနေ၏။ နင်ယွမ်ရှန်းက လက်များ တုန်ယင်နေသောကြောင့် တူ သို့မဟုတ် ဇွန်းကို မကိုင်နိုင်ချေ။ မိဖုရားကြီးပျံ့က ဘေးတစ်ဖက်ဆီမှ အသာပင် ခွံ့ကာ ကျွေးမွေးလျက် ရှိနေသည်။
“အရှင်မင်းကြီး... ရှမ့်လန်ဆီက လျှို့ဝှက်စာတစ်စောင် ရောက်ပါတယ်။” လီစွမ်းက လာပေး၏။
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ငါ့ကို အရှင်မင်းကြီးလို့ မခေါ်နဲ့တော့။ သခင်ကြီးလို့ ခေါ်ရင် ရပြီ။”
မိန်းမစိုး လီစွမ်းက ပြော၏။ “ကောင်းပါပြီ။”
“သခင်ကြီး... သခင်လေး ရှမ့်လန်ဆီက လျှို့ဝှက်စာပါ။” လီစွမ်းက ပြောသည်။
နင်ယွမ်ရှန်းက ပြောလိုက်၏။ “သူ့ကို သခင်လေးလို့ ခေါ်။ နာမည်တွေ ဘာတွေ ထည့်နေစရာ မလိုဘူး။”
မိန်းမစိုး လီစွမ်းက ပြောသည်။ “ကောင်းပါပြီ။ ဒါက သခင်လေးရဲ့ လျှို့ဝှက်စာပါပဲ။”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “စားပြီး နောက်မှ ဖတ်မယ်။ ဒီကောင်လေးရဲ့ စာက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမှာ သေချာတယ်။ ငါ့ရဲ့ မနက်စာကို ဖျက်ဆီးလို့ မဖြစ်ဘူး။ မိဖုရားကြီးပျံ့ရဲ့ မနက်စာက အရမ်းကို အရသာ ရှိလွန်းတယ်။ သူ့ကို စိတ်ပျက်အောင် မလုပ်နိုင်ဘူး။”
မိဖုရားကြီးပျံ့က ဘေးတစ်ဖက်ဆီမှ ရောက်လာပြီး မျက်နှာချင်း ပွတ်သပ်၏။ နင်ယွမ်ရှန်းက ရယ်မောလိုက်သည်။ “ပြီးတော့ ဒီကောင်လေးက လူဆိုးလေးလေ။”
နင်ကျန်းက ထုံးစံအတိုင်း သူ၏ မနက်စာကို ဂရုစိုက်စားနေ၏။ အဖေနှင့် သားက မနက်စာ စားပြီး သွား၏။
နင်ယွမ်ရှန်းက ပြောသည်။ “စာကို ယူခဲ့တော့။”
မိန်းမစိုးကြီး လီစွမ်းက စာကို လှမ်းပေး၏။ ရှမ့်လန်၏ လက်ရေးက ပေါ်လာ၏။ “အရှင်မင်းကြီး... လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် မကျေမနပ်ဖြစ်ပြီး တစ်ချိန်က ဒူးထောက်ခဲ့ရတဲ့ အကြောင်းအရာကြောင့် ဘယ်တော့မှ ပြန်မထနိုင်ဘူးလို့ ခံစားနေရတယ်။ အဲလို မဟုတ်လား။ ဒါက ဘာမှ မဟုတ်ပါဘူး။ ယောက်ျားတစ်ယောက်ရဲ့ ဒူးခေါင်းတွေကို ရွှေနဲ့ လုပ်ထားတယ် ဆိုပေမဲ့ ရွှေက အရမ်းကို နူးညံ့တယ်။ ယောက်ျားတစ်ယောက်ရဲ့ ဒူးတွေက သံမဏိနဲ့ လုပ်ထားတာမှမဟုတ်တာ။
ဒူးထောက်တယ် ဆိုရင်တောင်မှ ဒူးထောက်သင့်လို့ ထောက်တာပါပဲ။ ဒီတော့ အရှင်မင်းကြီး... စိတ်ထဲမှာ ရှိနေတဲ့ ကိုင်စွဲထားမှုတွေ အားလုံးကို လျှော့ချလိုက်ပါ။ အရှင်မင်းကြီး... မမျှော်လင့်ထားတဲ့ အကြောင်းအရာတွေ သိလာခဲ့ရတယ်။
ပြီးတော့ အရှင်မင်းကြီး... အရှင်မင်းကြီးနဲ့ မင်းသားနင်ကျန်းတို့က ကျုပ်ကို အဆက်အသွယ် အားလုံး ဖြတ်တောက်လိုက်ပါ။ ကျုပ်ကို သစ္စာဖောက်လို့ ကြေညာလိုက်ပါ။ ဒါမှ အင်ပါယာကို ရှင်းပြနိုင်လိမ့်မယ်။ ဒီလိုနဲ့ပဲ ပျော်ရွှင်စွာ အဆုံးသတ်လိုက်ကြပါ။ ရွှဲ့ပြည်နယ်က ကျုပ်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ပစ်မယ်လို့ တရားဝင် ကြေညာလိုက်ပါ။ အရှင်မင်းကြီး... ကျေးဇူးပြုပြီး ဒီလို လုပ်ပေးပါ။”
နင်ယွမ်ရှန်းက ရှမ့်လန်၏ လက်ရေးဖြင့် စာကို နင်ကျန်းအား ပေးဖတ်လိုက်သည်။
“သူက တခြားသူတွေကို သူ့လောက် ဉာဏ်မကောင်းဘူး။ အရူးလို့ ထင်နေတာလား။” နင်ယွမ်ရှန်းက ငြီးငြူလိုက်မိ၏။
နင်ကျန်းက ပြောသည်။ “အင်း... ရိုးရိုးတန်းတန်းရေးရင် ရတာကို။ ဘာလို့ ပေါက်ကရတွေ ဒီလိုမျိုး ဝေ့ဝိုက်ရေးနေတာလဲတော့ မသိဘူး။ အရင်တုန်းက ဂန္တဝင်စာသားတွေကို ရေးတာ များသွားလို့နဲ့ တူတယ်။”
နင်ယွမ်ရှန်းက ပြော၏။ “ဒီကောင်လေးက ယုံကြည်စိတ်ချရတဲ့ လူပဲ။ မာယာမျဉ်းပြိုင်စာအုပ်ရဲ့ ဒုတိယပိုင်းကို ငါ စောင့်နေခဲ့တာ။ ဒါပေမဲ့ စဉ်းစားကြည့်တဲ့ အခါကျတော့ ဒီဟာကို ဖတ်ရမယ့်လမ်း မရှိပါဘူး။”
ပြီးနောက် လီစွမ်းက နင်ကျန်းထံသို့ နောက်ထပ် စာတစ်စောင် ပေး၏။ နင်ကျန်းက ထိုအရာကို ဖွင့်ကာ ဖတ်ကြည့်၏။ ထိုထဲတွင် အမှတ်အသားပါသည့် စာသားများ ပါဝင်၏။ တခြားသူများကြည့်လျှင် အဓိပ္ပာယ်ကို နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား နင်ကျန်းကတော့ နားလည်သည်။
“အိမ်ရှေ့စံ နင်ကျန်း.. ပုန်းကွယ်နေတဲ့ နဂါးတစ်ကောင်က အိပ်ပျော်နေရတယ်။ ခင်ဗျားက ကျုပ်နဲ့ ကွဲကွာကြောင်း ကြေညာပြီး အင်ပါယာနဲ့ တရားဝင် ညှိနှိုင်းရမယ်။ လောကကြီးက နှစ်အနည်းငယ်အတွင်း ပျက်စီးသွားလိမ့်မယ်လို့ ကျုပ်ကျိန်ဆိုတယ်။
ခင်ဗျား ဒီတစ်ကြိမ် ညှိနှိုင်းပြီးရင် ခင်ဗျားရဲ့ထီးနန်းနဲ့ နင်မိသားစုရဲ့ ရာစုနှစ်ကြာ အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်နိုင်လိမ့်မယ်။ ကတိပေးတယ်။ မကြာခင် ရာသီဥတုက ပြန်ပြောင်းလာမှာပါ။ ကျုပ် ခင်ဗျားကို ကျိန်ဆိုတယ်။”
ရှမ့်လန်က ဤလျှို့ဝှက်စာတွင် ၃ ကြိမ်တိုင်တိုင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့၏။ ဖတ်ရှုပြီးနောက် စာသားများက ပြန်လည်ကာ ပျောက်ကွယ်သွား၏။ နင်ကျန်းက လျှို့ဝှက်စာကို ဖယောင်းတိုင်ပေါ်တွင် တင်ကာ ပြာချလိုက်၏။
“ဖတ်ပြီးသွားပြီလား။” နင်ယွမ်ရှန်းက မေးသည်။
“အင်း”
နင်ယွမ်ရှန်းက မေး၏။ “သူ ဘာပြောလဲ။”
နင်ကျန်းက ပြောလိုက်သည်။ “သူ ဘာမှ မပြောပါဘူး။”
နင်ယွမ်ရှန်းက မေးလိုက်၏။ “မင်း စားချင်စိတ် ရှိသေးလား။ နောက်တစ်ပန်းကန်လောက် ထပ်စားအုံးမလား။”
နင်ကျန်းက ဖြေ၏။ “ကောင်းပြီ။ အဖေနဲ့နောက်ထပ် တစ်ပန်းကန်လောက် စားအုံးမယ်။”
…………
ရှမ့်လန်၏ ရေတပ်က ရွှမ်ဝူမြို့နှင့် အရမ်းနီးလာ၏။ ကျင်းမူလန်က လွှမ်းမိုးသည့် အရှိန်အဝါကို ခံစားမိနေ၏။ ထိုအရှိန်အဝါက နေရာတိုင်းတွင် ရှိနေပုံပင်။
ရှမ့်လန်က မေးလိုက်၏။ “မိန်းမ... ငါ့ကို ယုံလား။”
မူလန်က ခေါင်းညိတ်လိုက်သည်။ “အင်း ယုံတာပေါ့။”
ရှမ့်လန်က ပြော၏။ “ဒါဆိုရင် ငါတို့ မိသားစု တစ်ခုလုံး ဘေးကင်းလုံခြုံပြီး ဘယ်သူနဲ့မှ ပြဿနာ မတက်တော့အောင် ထွက်သွားကြမယ်။”
မူလန်က မေးသည်။ “သေချာလို့လား။”
ရှမ့်လန်က ပြော၏။ “သေချာတာပေါ့။”
“ဒါဆိုရင် ကျွန်မတို့ ပြည်ပကို တကယ်သွားတော့မှာလား။ ရှင်လိမ်နေတာ မဟုတ်ဘူးမလား။”
“အင်း.. ငါ မင်းကို လိမ်နေတာ မဟုတ်ဘူး။” ရှမ့်လန်က ပြန်ပြောသည်။
မူလန်က မေးလိုက်၏။ “ကျွန်မတို့ ပြန်လာကြအုံးမှာလား။”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ပြန်လာရမှာပေါ့။ မကြာခင် ပြန်လာမယ်။ နိုင်ငံခြား ခရီးတစ်ခေါက် ထွက်သလိုပဲ မကြာခင် ပြန်လာမှာ။ ပြန်လာတဲ့အခါမှာ လောကကြီး တစ်ခုလုံးက လုံးဝ ငြိမ်းချမ်းသွား လိမ့်မယ်။”
မူလန်က ပြော၏။ “ဒါဆိုရင် ကျွန်မတို့ မိသားစု တစ်ခုလုံး ဘေးကင်းလုံခြုံပါ့မယ်လို့ ကျိန်ပြ။”
ရှမ့်လန်က ပြောသည်။ “ကျိန်တာပေါ့။ ကျင်းဟွေ့၊ ကျင်းကျန့်နန်.. ကျန်တဲ့လူတွေအားလုံးရဲ့ ခေါင်းမှာ ဆံပင်တစ်ချောင်းမှ မကျွတ်ဘဲနဲ့ ဘေးကင်းလုံခြုံလိမ့်မယ်။ အမြဲတမ်း ငါက ငါ့ရဲ့ ကတိကို လိုက်နာတာပဲ မဟုတ်လား။ ငါ အမြဲတမ်း ဝါကြွားတတ်တယ်။ အဲဒီ ဝါကြွားတာတွေက အမှန်တိုင်း ဖြစ်အောင် လုပ်ခဲ့တာပဲ။”
မူလန်က ခေါင်းညိတ်လိုက်၏။ “အင်း... ရှင့်ကို ကျွန်မ ယုံပါတယ်။”
ရှမ့်လန်က ပြောသည်။ “ကဲ... အခု အိမ်ပြန်ရောက်ပြီဆိုတော့ အချိန်ရှိတုန်း လုပ်စရာ ရှိတာ လုပ်ကြတာပေါ့။”
မူလန်က ပြော၏။ “ကောင်းပြီ။ ဒီတစ်ကြိမ်မှာတော့ နှစ်နာရီလောက် အချိန်ပေးမယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “တကယ်နော်။”
တစ်နာရီလောက်တော့ ကြိုးစားခဲ့သေး၏။ သို့သော်ငြား သခင်လေးလန်က အနိုင်မယူနိုင်ခဲ့ချေ။
ရှမ့်လန်နှင့် မူလန်တို့က ရွှမ်ဝူနယ်စား အိမ်တော်ဆီသို့ ပြန်လာခဲ့၏။ နင်ယန်နှင့် ရှမ့်လီ အပါအဝင် အားလုံးက ဤနေရာတွင် ရှိနေ၏။ ရှမ့်လန်က ကလေးငယ် ရှမ့်လီကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ ထိုကလေးက ၃ လအောက်သာ ရှိသေးသော်လည်း ဝူးဝူးဝါးဝါးနှင့် စကားပြောတတ်နေ၏။
အခြားသော ကလေးများနှင့် ယှဉ်လျှင် သူ့ကို ချောသည်ဟု ယူဆရ၏။ သို့ပေမည့် ရှမ့်မီ၊ ရှမ့်ယီတို့နှင့် ယှဉ်လျှင်တော့ ထိုကလေးက သာမန်လူတစ်ယောက်ကဲ့သို့ပင်။ သို့ပေမည့် ထိုကလေးက တကယ့်ကို ယဉ်ကျေးပြီး တိတ်ဆိတ်ငြိမ်သက်၏။
ရှမ့်လန်က ဤဝတုတ်တုတ် ကလေးငယ်လေးကို ဂရုစိုက်နှင့် ကောက်ချီလိုက်၏။ “လိမ်မာတဲ့ ကလေးလေးပဲ။ မင်းရဲ့ အမေဘက်က အဘိုးက နာမည်ကောင်းတစ်ခု ပေးထားခဲ့တယ်။ ဒါပေမဲ့ ရှမ့်တာလီဆိုရင် ပိုပြီး ကောင်းမယ်နဲ့တူတယ်။” ရှမ့်လန် ထိုစကားကို ပြောချိန်မှာတော့ နင်ယန်က သူ၏ ခြေထောက်ကို တက်နင်းလိုက်သည်။
သူက လှမ်းကာ မေးမြန်းလိုက်၏။ “ခြေထောက်ကို နင်းပြီးတော့ ဘာလုပ်မှာလဲ။”
ပြီးနောက် ရှမ့်လန်က ဤကလေးဝတုတ်လေးကို ငြင်သာစွာ ထွေးပွေ့ထား၏။ ရှမ့်မီက လှမ်းကာ ကြည့်ရှုလျက် ရှိနေ၏။ သူမ၏ ကျောက်မျက်ရတနာ ကဲ့သို့သော မျက်လုံးများက မျှော်လင့်တကြီးနှင့် စိုက်ကြည့်နေခြင်းပင်။ ရှမ့်လန်က ကိုယ်ကိုကိုင်းပြီး လှပလွန်းသည့် ရှမ့်မီလေးကို ကောက်ချီ၏။ ရှမ့်မီလေးက ပိုကာ လှပလာခဲ့၏။ မသိလိုက်ခင်မှာပင် ဤကလေးက အသက် ၃ နှစ် ပြည့်သွားခဲ့သည်။
ရှမ့်ယီလေးက သူ၏ ဖခင်ကို တစ်ချက် ကြည့်၏။ ပြီးနောက် သူ့ကိုသူ ပြန်ကြည့်၏။ သူ၏ အဖေ၌ တတိယလူတစ်ယောက်ကို ချီရန် နေရာမရှိတော့ချေ။ ဒါဆိုရင် ဘာလုပ်ရမည်နည်း။
“ဝါး...” ရှမ့်ယီလေးက ငို၏။ ရှောင်ပင်းက အမြန် ကောက်ချီ၏။ နှစ်သိမ့်ပေးရန် ကြိုးစားသော်လည်း အချည်းနှီးပင်။
အပိုင်း (၇၇၀)
“ဘာလို့ ဒီကလေးကို ဒီလို ဆက်ဆံနေရတာလဲ။” ရှောင်ပင်းက ငြီးငြူလိုက်မိ၏။ ပြီးနောက် ကလေးကို မူလန်၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်၏။
မိခင်၏ ရင်ခွင်ထဲသို့ ရောက်နေသော ရှမ့်ယီလေးက ငိုယိုနေရာမှ ရှိုက်ငိုခြင်း အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့သည်။
ရှမ့်လန်က ရှမ့်ယီကို နူးညံ့စွာ ကြည့်လိုက်၏။ “ရှောင်ယီ.. မင်းက အင်အားကြီးဆုံးဆိုတော့ ဖေဖေက မင်းရဲ့ အစ်မနဲ့ ညီလေးကို ပိုချစ်ရလိမ့်မယ်။”
ခဏကြာမှတော့ သူ၏ ညီငယ်လေး ရှမ့်ကျန် ရောက်လာ၏။ ရှမ့်ကျန် က သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည်။
ရှမ့်လန်က မေးလိုက်၏။ “ညီလေး... မင်းက ဘာလို့ သံချပ်ကာ ဝတ်ထားရတာလဲ။”
ရှမ့်ကျန်က ပြောသည်။ “ကျုပ် အစ်ကို့အတွက် တိုက်ခိုက်နိုင်ပြီ။”
“ကောင်းပြီ။ ကျေးဇူးတင်တယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အခုအချိန်မှာ တိုက်ပွဲတွေ မရှိဘူး။”
ရှမ့်ကျန်က ပြော၏။ “ထင်တော့ ထင်သားပဲ။ ဟုတ်ပြီ။ အိမ်မှာ အမေနဲ့အဖေက စောင့်နေတယ်။”
“ကောင်းပြီ။”
ရှမ့်လန်က ပြောလိုက်သည်။ “အခုပဲ သွားလိုက်မယ်။”
ရှမ့်လန်က ကလေးလေးအား နင်ယန်ဆီ ပြန်ပေး၏။ ရှမ့်မီကို ရှောင်ပင်းဆီ ပြန်ပေး၏။ ပြီးနောက် သူ၏မိဘများနှင့် သွားတွေ့၏။
မူလန်က ပြောလိုက်သည်။ “ယောက်ျား... ကျွန်မ လိုက်ခဲ့မယ်။”
ရှမ့်လန်က ပြောလိုက်၏။ “မလိုက်နဲ့တော့။ မင်းလိုက်လာရင် နည်းနည်း ကြောင်တောင်တောင် ဖြစ်နေလိမ့်မယ်။”
ဤအချိန်မှာတော့ ရှမ့်ဝမ်နှင့် သူ၏ဇနီးက ရွှမ်ဝူနယ်စားကြီး၏ စံအိမ်တွင် မဟုတ်ဘဲ ယခင်က သူတို့ နေထိုင်ခဲ့ဖူးသည့် မေပယ်ရွက်ရွာ၏ အိမ်ငယ်လေးထဲတွင် ရှိ၏။ သူတို့ အဆင်းရဲဆုံး အချိန်တုန်းက နေအိမ်ပင်။
ရှမ့်လန်က အပြင်ဘက်သို့ ထွက်သွား၏။ မိုးတိမ်မဲများက အပြင်တွင် လွှမ်းမိုးနေပြီး မိုးကြိုးပစ်တော့မည် သကဲ့သို့ပင်။ ဤကဲ့သို့သော ရာသီဥတုမျိုးကို သူ အမုန်းဆုံးဖြစ်၏။ မိုးခြိမ်းသံကို လိုချင်လျှင် မိုးခြိမ်းပေး နိုင်ည်။ မိုးရွာသည်ကို လိုချင်လျှင် မိုးရွာပေနိုင်သည်။ သို့ပေမည့် အဘယ်ကြောင့် ဤကဲ့သို့ အုံ့အုံ့မှိုင်းမှိုင်း လုပ်နေရသနည်း။
သူက အသက်ကို ပြင်းပြင်းရှူ၏။
အိမ်ရှေ့ရောက်ချိန်မှာတော့ ရှမ့်လန်က တံခါးကို တွန်းဖွင့်ကာ အထဲသို့ဝင်လိုက်၏။ ပြီးနောက် သူ၏ အမေနှင့် အဖေက မြေပြင်ပေါ်တွင် ဒူးထောက်နေသည်။
ရှမ့်လန်ကလည်း လျင်မြန်စွာ ဒူးထောက်လိုက်၏။ မီသားစုတစ်ခုလုံးက အတူတကွ ဒူးထောက်နေ၏။
ရှမ့်ဝမ်နှင့် သူ၏မိန်းမက ရှမ့်လန်ကို ဦးညွတ်သည်။ “ဒီအစေခံအိုကြီးက ချန်အင်ပါယာကို ဂါရဝပြုပါတယ်။ အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
“အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”
........
ရှမ့်လန်က ကလေးဘဝထဲက ဉာဏ်မမီသည့် သူတစ်ဦး ဖြစ်ခဲ့၏။ ရှမ့်ကျန်က အတော်အသင့် ထက်မြက်သူတစ်ဦး ဖြစ်သော်လည်း မိဘများက ရှမ့်လန်ကို ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားပြီး ပြုစုပျိုးထောင်ခဲ့၏။ ရှမ့်ကျန့်ကိုမူ မြက်ပင်တစ်ပင်ကဲ့သို့သာ သဘောထားခဲ့၏။
ရှမ့်လန်ကို ပါးစပ်ထဲထားလျှင်ပင် အရည်ပျော်သွားမည်ကို စိုးရိမ်ကြပြီး လက်ထဲဆုပ်ကိုင် ထားလျှင်လည်း လွတ်ကျသွားမည်ကို ကြောက်ရွံ့ကြ၏။ ဤသည်က သားသမီးအပေါ်တွင် ထားရှိသည့် သဘောထားမျိုး မဟုတ်ပေ။ မိမိ၏ ဘိုးဘေးပေါ်တွင် ထားရှိသည့် အရိုအသေပေးမှုမျိုးနှင့် တူညီလို့နေ၏။ ယခု အစစ်အမှန်တရားက နောက်ဆုံး၌ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
ရှမ့်လန်က ခါးသက်စွာဖြင့် ပြုံးလိုက်မိ၏။ “အဖေ၊ အမေ.. ဒီလိုမျိုး မလုပ်ကြပါနဲ့။ တကယ်လို့ ဖုံးကွယ်ထားချင်တယ်ဆိုရင်လည်း အဆုံးထိသာ ဖုံးကွယ်ထားလိုက်ပါတော့။ တစ်သက်လုံး မိသားစုအဖြစ် နေသွားရတာက ပိုပြီးမကောင်းဘူးလား၊ ကျုပ်က အဖေတို့ရဲ့ သားအဖြစ်ပဲ အဆင်ပြေပါတယ်”
ရှမ့်ဝမ်က ပြော၏။ “မဟုတ်ဘူး။ မဟုတ်ဘူး။ ငါတို့က အနိမ့်ကျဆုံးသော လူတန်းစားတွေပဲ။ မင်းအဖေကတော့ ကောင်းကင်ယံပေါ်က နေမင်းကြီးပဲ။ သန်းပေါင်းများစွာလူတွေရဲ့ နှလုံးသားထဲက သူရဲကောင်း၊ အရှေ့တိုင်းလောကကြီးရဲ့ လွတ်မြောက်ရေးလူသား၊ အမြင့်မြတ်ဆုံးသော အင်ပါယာ ကျန်းလီလေ။”
သူက ဖခင်ကွယ်လွန်ပြီးမှ မွေးဖွားလာခဲ့သည့် သားရတနာဖြစ်၏။ ကျန်းလီ ကွယ်လွန်သွားခဲ့ပြီးနောက်မှ သာလျှင် ရှမ့်လန်ကို မွေးဖွားခဲ့ဖြင်းဖြစ်၏။ ရှမ့်လန်က ရှေ့သို့တက်ပြီး ရှမ့်ဝမ်တို့ လင်မယားကို ထူမပေး၏။ ထို့နောက် ခုံပေါ်တွင် အတင်းအကြပ် ထိုင်ခိုင်းလိုက်သည်။
“အဖေ၊ အမေ..” ရှမ့်လန်က စိတ်ထဲတွင် ဆင်ခြေတစ်ခုခုကို ရှာဖွေရင်း အတင်းအကြပ် ပြုံးလို့နေ၏။ ပြီးနောက့် လက်ဖက်ရည်သုံးခွက်ကို ငှဲ့ကာဖြင့် သူ့အတွက် တစ်ခွက်ကို ယူကာ တစ်ငုံသောက်၏။
“အာဏာက ကြီးမားလာလေ တာဝန်က ကြီးလေပဲ။ ဒါပေမဲ့ ကျုပ်ကတော့ ဘယ်လိုတာဝန်ယူမှုကိုမျှ လိုချင်တဲ့သူမျိုး မဟုတ်ဘူး။ ကျုပ်က အာဏာရဲ့အရသာကိုဘဲ ခံစားချင်တာ။ တာဝန်ကို ပခုံးပေါ် ထမ်းမတင်ချင်ဘူး။”
“ကျုပ်က အင်ပါယာကျန်းလီလောက် မစွမ်းဆောင်နိုင်ပါဘူး။ သူက လောကကြီးကို ကယ်တင်ချင်တယ်။ တော်ဝင်ရန်အင်ပါယာနဲ့ သဘာဝလွန် အင်အားစုတွေရဲ့ လက်ထဲကနေ သန်းပေါင်းများစွာသော လူတွေကို ကယ်တင်ချင်ခဲ့တယ်။ အဲတစ်ချက်တည်းနဲ့တင် ကျုပ်က သူနဲ့မတူတော့ဘူး။ ပြီးတော့ ကျုပ်ရဲ့ရုပ်ကလည်း သူနဲ့မတူဘူး မဟုတ်လား။ တကယ်လို့ ကျုပ်တို့ကသာ ရုပ်ချင်းဆင်တယ်ဆိုရင် လူတွေက ကျုပ်တို့ကို သိနေတာ ကြာလှပြီပေါ့။”
ကျန်းလီက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး၏ မျက်နှာပိုင်ရှင်မျိုးဖြစ်၏။ ဉာဏ်ပညာရှိ၏။ ခွန်အားကြီး၏။ အရှိန်အဝါ ကြီးမားကာဖြင့် မြင့်မြတ်၏။ အချိန်အတော်ကြာအောင် သူက လောကတွင် အချောဆုံးသော ယောက်ျားဖြစ်ခဲ့သည်။
ရှမ့်လန်၏ မျက်နှာက မည်သို့ဖော်ပြရမည်နည်း။ လောကတွင် အချောဆုံး အမျိုးသားဖြစ်သော်လည်း လူယုတ်မာဆန်သော မျက်နှာဖြစ်၏။ သူက အမျိုးသမီး အဝတ်အစားများ ဝတ်ဆင်ထားလျှင်ပင် သူက မည်သည့် အမျိုးသမီးထက်မဆို ပိုမိုကာလှပနေတတ်၏။ ကျန်းလီက အနှိုင်းမဲ့ သူရဲကောင်းကြီး ဖြစ်သော်လည်း ရှမ့်လန်ကဲ့သို့ လူရှုပ်လူပွေမျိုးကို အဘယ်သို့ မွေးဖွားခဲ့သနည်း။
မိခင်ဖြစ်သူက ပြော၏။ “သားလေး.. သားငယ်ငယ်တုန်းက ဉာဏ်ရည် သိပ်မမီခဲ့ဘူး။ ဒါပေမဲ့ ရုတ်တရက် ဆိုသလိုဘဲ သားရဲ့ဉာဏ်ရည်က ပွင့်လန်းလာခဲ့တယ်။ လောကမှာ အတော်ဆုံးလူတစ်ယောက် ဖြစ်လာခဲ့တယ်။
တကယ်တော့ သား အူကြောင်ကြောင် ဖြစ်နေတုန်းက အမေတို့ ကံကောင်းခဲ့တယ်။ အနည်းဆုံးတော့ အေးအေးချမ်းချမ်း နေခဲ့ရတယ်။ ဒါပေမဲ့ သားအသွင်ပြောင်းပြီးတဲ့ အချိန်မှာတော့ အမေတို့က ဝမ်းသာရသလို တစ်ဖက်မှာလဲ စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေခဲ့ရတယ်။
သားက အရမ်းကို ထူးချွန်လွန်းတယ်။ သားက သဲမှုန်တွေထဲက ရတနာတစ်ပါးလိုဘဲ အလင်းရောင်တွေက တောက်ပလာခဲ့တယ်။ တစ်နေ့မှာ လူတွေက ရှာတွေ့ကြမှာပဲလေ။ ဒါကြောင့် အဲဒီကနေစပြီး နေ့စဉ်နေ့တိုင်း ထိတ်လန့်တကြားနဲ့ နေထိုင်ခဲ့ရတယ်။ တစ်နေ့မှာ သား ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပေါ်သွားမှာကို ကြောက်နေခဲ့ရတယ်။”
အဖေနှင့် အမေတို့က ရက်ပေါင်းများစွာ အိမ်မပျော်ကြသကဲ့သို့ပင် ပင်ပန်းနွမ်းနယ်လျက် ရှိနေသည်ကို ရှမ့်လန်က သတိပြုမိသည်။ “ဒီရက်ပိုင်း ရာသီဥတုလိုပဲ။ အရာအားလုံးက အုံ့မှိုင်းနေတယ်။ နေ့ထိုင်း အုံ့မှိုင်းနေတဲ့ တိမ်တိုက်တွေက လူတွေကို ဖိနှိပ်ထားသလိုပဲ။ ပြီးတော့ မိုးချိန်းတာလည်း မရှိဘူး။ မိုးရွာတာလည်း မရှိဘူး။
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ယွမ်မင်ကျယ် ဆိုတဲ့ လူတစ်ယောက်က ငါတို့အိမ်ကို ရောက်လာ ခဲ့တယ်။ သူက ချောမောတဲ့ ကလေးလေး တစ်ယောက်ပါပဲ။ ဒါပေမဲ့ ထိတ်လန့်တုန်လှုပ်နေတယ်။ ငါတို့ကို တတ်နိုင်သမျှ အဝေးဆုံး ထွက်ပြေးသွားဖို့ သူက ပြောခဲ့တယ်။
အဲဒါပြီးတော့ ခမည်းခမက်တွေက ငါတို့ကို စကား လာပြောတယ်။ သူတို့ကတော့ ဘယ်တော့မှ နောင်တ မရဘူးတဲ့။ ဒါက ကျင်းမိသားစုရဲ့ အမြင့်မြတ်ဆုံးသော ဂုဏ်ယူစရာပဲတဲ့။ မိသားစုကြီးတစ်ခုလုံး သုတ်သင်ခံရမယ် ဆိုရင်တောင် နောင်တ မရဘူးလို့ ပြောကြတယ်။
အဲဒီအချိန်မှာ သားရဲ့လျှို့ဝှက်ချက် ပေါ်သွားခဲ့ပြီဆိုတာ အမေ သိလိုက်ရတယ်။ ကောင်းကင်ရဲ့ လျှပ်စီးလက်မှုတွေက အရာအားလုံးကို လင်းလက်စေခဲ့တယ်။ ဒီတော့ အမေတို့ရဲ့ ရတနာလေးကို ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ဘူး။ အမေက သားဆိုတဲ့ ဒီရတနာလေးကို သဲထဲမှာ၊ မြေကြီးထဲမှာ အတင်းအကြပ် ဖုံးအုပ်ပြီးတော့ ဘယ်သူမှ မမြင်အောင် ကြိုးစားခဲ့တယ်ဆိုပေမဲ့ အခုတော့ ဖုံးကွယ်ထားလို့ မရတော့ဘူး။”
သူ၏ အမေက နောက်ဆုံးမှာတော့ မည်သို့မျှ စိတ်မထိန်းနိုင်တော့ဘဲ ငိုကြွေးလိုက်မိ၏။
ရှမ့်လန်က ရှေ့သို့ တိုး၏။ ပြီးနောက် သူမကို ခပ်တင်းတင်း ဖက်ထားသည်။
“အမေ့ရဲ့ရင်ထဲမှာ သားကို စားသောက်ပျော်ပါးပြီး စည်းစိမ်ခံစားတဲ့ လူဆိုးလေး တစ်ယောက်ပဲ ဖြစ်စေချင်ခဲ့တာ။ တော်ဝင်ချန်နိုင်ငံတော်ရဲ့ အင်ပါယာကြီး ဖြစ်စေချင်တာ မဟုတ်ဘူး။ သူရဲကောင်းတစ်ယောက် ဖြစ်လာမှာကိုလည်း အမေ မလိုလားဘူး။ လောကကြီးမှာ သူရဲကောင်းတွေက ကောင်းတဲ့ အဆုံးသတ် မရှိဘူး။”
အမေဖြစ်သူက ရှမ့်လန်ကို တင်းကျပ်စွာ ပြန်ဖက်ထားပြီး ငိုကျွေးနေ၏။ နောက်တစ်စက္ကန့်အတွင်း ရှမ့်လန် ပေါက်ကွဲထွက်သွားတော့မည် သို့မဟုတ် အငွေ့ပျံကာဖြင့် ထွက်ခွာသွားတော့မည်ကို စိုးရိမ်နေသကဲ့သို့ပင်။
ရှမ့်လန်၏ မျက်ဝန်းထောင့်ဆီမှ မျက်ရည်များစီးကျလာခဲ့၏။ သူက ပြုံးကာပြောလိုက်၏။ “ခုဏကလေးတင်ပဲ ညီလေးက ချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ပြီး ကျုပ်အတွက် တိုက်ပွဲဝင်ပေးမယ်လို့ ပြောနေသေးတယ်။ အဖေ၊ အမေ… ကျုပ် ဖုံးကွယ်မထားတော့ပါဘူး။ ဒီသတင်းကို အတည်ပြု လိုက်ရတဲ့အချိန်တုန်းက ကျုပ် ခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတတ် ခံစားခဲ့ရတယ်။ ကျုပ် မယုံချင်ဘူး။
ကျုပ်က အင်ပါယာကျန်းလီရဲ့သား ဖြစ်တယ်တဲ့လား။ သူက သူရဲကောင်းလေ။ ဒါပေမဲ့ သူ့ရဲ့သား ကျုပ်ကတော့ လူရှုပ်လူပွေ အဓမ္မသမားပဲ။ ကျုပ်ရဲ့မိဘအရင်းတွေက ဘယ်သူတွေလဲလို့ ကျုပ် မကြာခဏ တွေးခဲ့ဖူးတယ်။ ကျုပ်လို လူရှုပ်တစ်ယောက်ကို ဘယ်လိုမိဘမျိုးက မွေးဖွားခဲ့လဲပေါ့။
အဖေ၊ အမေ... ဒါတွေကို စိတ်ထဲမှာ မထားပါနဲ့။ အခြေခံအားဖြင့်တော့ ကျုပ်က အဖေတို့ရဲ့ သားအရင်း မဟုတ်ဘူးဆိုတာကို အစောကြီးတည်းက သိပါတယ်။ အမေက လှပတယ်ဆိုပေမဲ့ ကျုပ်လို အရမ်းချောတဲ့ လူသားမျိုးကိုတော့ မွေးနိုင်မှာ မဟုတ်ဘူးလေ။”
“ဟားဟား…”
အမေဖြစ်သူက မည်သို့မျှ မနေနိုင်တော့ဘဲ ရယ်ချလိုက်မိ၏။ ပြီးနောက် ရှမ့်လန်ကို တင်းကျပ်စွာ ဖက်ထား၏။ မည်မျှလိမ္မာသည့် ကလေးမျိုးနည်း။ လောကတွင် အတော်ဆုံး၊ အနုစိတ်အကျဆုံးနှင့် အချောဆုံးသော လူလေး တစ်ယောက်ပင်။
ရှမ့်လန်က ဆက်ပြောသည်။ “အဲဒီအချိန်တုန်းက ကျုပ်အရမ်းသိချင်ခဲ့တယ်။ ကောင်းကင်ပင်လယ် နန်းဆောင်နဲ့ နင်ဟန်တို့က ကျုပ်ကို ဘာလို့ သည်းခံနေကြလဲလို့ပေါ့။ ကျုပ်ရဲ့အပြုအမှုတွေအရဆိုရင် သူတို့ သည်းခံနိုင်စရာအကြောင်း မရှိဘူး။ ကျုပ်ကို သတ်ပစ်သင့်တာကြာပြီ။ ဒါပေမဲ့ သူတို့ မလုပ်ခဲ့ဘူး။
ပြီးတော့ ကောင်းကင်ပင်လယ်နန်းဆောင်က မူလန့်ကို သူတို့ဆီကို ခေါ်သွားတယ်။ ပြီးတော့ ဆေးကုသ ပေးမယ်ဆိုပြီး အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်။ မူလန်က ကျုပ်အတွက် ကလေးတစ်ယောက် မွေးဖွားပေးဖို့ လိုလားနေတယ်ဆိုတာ သိတဲ့နောက်မှာ သူတို့က ကျုပ်ဆီကနေ ထူးခြားတဲ့ သွေးမျိုးဆက်မျိုး မွေးဖွားလာနိုင်မလား ဆိုတာကို ကြည့်ချင်ခဲ့တယ်။ တကယ်တော့ သူတို့က ရွှေရောင်သွေးမျိုးဆက်နဲ့ ကျုပ် ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အတည်ပြုချင်ခဲ့တာဘဲ။ နောက်ဆုံးမှာတော့ သူတို့ အရေးနိမ့်ခဲ့တာပဲ။”
ရှမ့်ယီလေးက ကောင်းကင်ကို အံတုနိုင်လောက်သည့် ရွှေရောင်သွေးမျိုးဆက်နှင့် မွေးဖွားလာခဲ့သော်လည်း ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့၏။ ကောင်းကင်ပင်လယ်နန်းဆောင်က ပညာရှင်အချို့ကို စေလွှတ်ပြီး စေခိုင်းခဲ့သော်လည်း ဘာမှ မတွေ့ရှိခဲ့ချေ။ ထိုအချိန်တုန်းက ကောင်းကင်ပင်လယ် နန်းဆောင်က တကယ်ပင် ဇဝေဇဝါဖြစ်ခဲ့မှာ သေချာ၏။
“ပြီးတော့ ကောင်းကင်ပင်လယ်နန်းဆောင်၊ စေတီတောင်နဲ့ တော်ဝင်ရန်အင်ပါယာတို့က ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ကျုပ် မသိဘူး။ ဒါပေမဲ့ သူတို့က ကျုပ် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ထပ်ပြီး အတည်ပြုလိုက်ပုံရတယ်။ အဲဒီအချိန်မှာတော့ သူတို့ ကျုပ်ရဲ့အကြောင်းကို အတည်ပြုနိုင်သလို ကျုပ်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် အတည်ပြုနိုင်ခဲ့တယ်။
ဆေးကုဖို့သွားတုန်းက ကျုပ်က တော်ဝင်ရန်အင်ပါယာနဲ့ မိုင် ၁၀၀ လောက်ပဲ ဝေးတော့တာ။ ဒါပေမဲ့ သူတို့က ကျုပ်ကို ဘာကြောင့် အင်ပါယာရဲ့နယ်မြေထဲကို ပေးမဝင်ခဲ့တာလဲ။ ဘာလို့လဲဆိုတော့ သူတို့က ဒါကို ကြောက်လို့ပဲ။ ကျန်းလီရဲ့သား တော်ဝင်ရန်အင်ပါယာနယ်မြေထဲကို ခြေချမှာ မလိုလားကြဘူး။
ပြီးတော့ အဲဒီ အူကြောင်ကြောင်ကောင်မလေး ကျိနင်.. သူက ကျုပ်ကို မြင်မြင်ချင်း အစ်ကိုလို့ ခေါ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျုပ်ကို အမြန်ဆုံးထွက်သွားဖို့လည်း အရိပ်အယောင်ပြ စကားတွေ ပြောခဲ့တယ်။”
ထိုအချိန်တုန်းက မင်းသမီး ကျိနင်က ရှင်းရှင်းလင်းလင်း မပြောနိုင်ခဲ့ချေ။ ရှမ့်လန်ကို ထွက်ခွာသွားရန်သာ အရိပ်အမြွက် ပြောနိုင်ခဲ့၏။ တကယ်တမ်းမှာတော့ သူမက ရှမ့်လန်ကို လျှို့ဝှက်ချက်ပေါင်း များစွာကို ပြောပြခဲ့ပြီးသား ဖြစ်သလိုပင်။ သူမက တော်ဝင်ရန်အင်ပါယာ၏ မင်းသမီးဖြစ်၍ ပိုမိုကာ သိရှိထားသည်။
ထိုအချိန်မှစ၍ ရှမ့်လန်က မည်သည့်နေရာကိုမဆို ရဲရဲဝင့်ဝင့် သွားလာခဲ့၏။ သက်တော်စောင့်များကိုပင် မခေါ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် မည်သူမှ သူ့ကိုလုပ်ကြံရန် မဝံ့ရဲကြသည်ကို သူက သိရှိသောကြောင့်ပင်။ သူက ကျန်းလီ၏သား၊ တော်ဝင်ချန်အင်ပါယာ၏ အင်ပါယာဖြစ်သည် မဟုတ်ပါလား။ သူ့ကို သတ်နိုင်သည့်သူက အမြင့်မြတ်ဆုံးသော အင်ပါယာတစ်ဦးထဲသာ ရှိ၏။
ရှမ့်လန်က မေးမြန်းလိုက်သည်။ “အမေ အဖေ…ကျုပ်ဆီမှာ အမွှာညီမလေး ရှိသေးလား။”
အမေကခေါင်းကို ခါယမ်းကာပြော၏။ “အမေ မသိပါဘူး သား”
ရှမ့်လန်က ထပ်မေးသည်။ “ဒါဆို အဲဒီအချိန်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။”
အမေဖြစ်သူက ခေါင်းကိုခါယမ်း၏။ “သား.. အမေ တကယ်မသိဘူး၊ သားရဲ့ ဒီအဖေနဲ့ အမေက တစ်ချိန်က ကျွန်တွေ ဖြစ်ခဲ့ဖူးတယ်။ တို့ဆီမှာ နာမည် မရှိဘူး။ ဘယ်သူဘယ်ဝါဖြစ်ကြောင်းလည်း မသိဘူး။ လွတ်လပ်ခွင့် ဆိုတာလည်း မရှိခဲ့ဘူး။ အင်ပါယာ ကျန်းလီက ငါတို့ကို လွတ်မြောက်စေခဲ့ပြီး မြေယာတွေ ပေးခဲ့တယ်။ အဲဒီနောက် ငါတို့က တော်ဝင်ချန်အင်ပါယာရဲ့ သာမန်လယ်သမားတွေဖြစ်လာခဲ့ကြတယ်။”
ဖခင်ဖြစ်သူ ရှမ့်ဝမ်က သူ၏ အင်္ကျီကို အသာ မ,တင်ပြ၏။ ကျောကုန်းပေါ်တွင် ကျွန်အမှတ်အသားကို ဖျက်ဆီးထားသည့် ဒဏ်ရာဟောင်းတစ်ခုကို မြင်တွေ့ရဆဲပင်။
“ငါတို့က နှစ်အနည်းငယ်လောက် ပျော်ပျော်ရွှင်ရွှင် နေခဲ့ရတယ်။ တစ်ခုတည်းသော နောင်တကတော့ သားရဲ့ အဖေနဲ့အမေက ကလေး မရနိုင်ခဲ့တာပဲ။ အမေက အဲဒီတုန်းက တော်တော်လေးလှပေမဲ့ ကျွန်ဘဝတုန်းက နှိပ်စက်ခံရမှုတွေက များပြားခဲ့တယ်။”
အမေဖြစ်သူ၏ စကားလုံးများက ရိုးရှင်းသော်လည်း သူမ၏ ငယ်ဘဝက မျက်ရည်များနှင့် နာကျင်မှုများက ပြည့်နှက်နေ၏။ “ငါ့ရဲ့ပျော်ရွှင်စရာ နေ့ရက်တွေက ဆက်ရှိနေမယ်လို့ ထင်ခဲ့တယ်။ ကလေး မရနိုင်တောင်မှ ကလေးတစ်ယောက်လောက် မွေးစားနိုင်တာပဲလို့ တွေးခဲ့တယ်။
တစ်နေ့မှာတော့ အင်ပါယာ ကျန်းလီ ကွယ်လွန်သွားခဲ့တယ်၊ ကောင်းကင်ကြီးက ပြိုကျခဲ့တယ်။ ပြီးတော့ ရင်ကွမ်းက သစ္စာဖောက်ခဲ့တယ်။ အင်ပါယာရဲ့ မဟာမိတ်တပ်တွေက တော်ဝင်ချန်အင်ပါယာထဲကို ဒီရေလိုပဲ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြတယ်။ သူတို့က မီးရှို့တယ်။၊ သတ်ဖြတ်တယ်။ လုယက်တယ်။ ငါတို့က အမြဲတမ်း ထိတ်လန့်နေခဲ့ရတယ်။
မရေတွက်နိုင်တဲ့လူတွေက တောင်ဘက်ခြမ်းကို ထွက်ပြေးခဲ့ကြတယ်၊ သားရဲ့ အဖေနဲ့အမေကလည်း ထပ်တူပါပဲ။ အဖိုးတန်တဲ့ မြေယာတွေကို ဝမ်းနည်းစွာ စွန့်လွှတ်ခဲ့ရတယ်။ ပိုင်ဆိုင်သမျှလေးတွေကို စုစည်း သိမ်းယူပြီး တောင်ဘက်ပိုင်းကို ပြေးခဲ့ကြရတယ်။
ရုတ်တရက် တစ်နေ့မှာတော့ သွေးတွေစိုရွှဲနေတဲ့ လူတစ်ယောက်က ကလေးငယ်လေးတစ်ယောက်ကို ချီပြီး ရောက်လာတယ်။ ဒီအချိန်တည်းကစပြီး ဒီကလေးက ငါတို့ရဲ့သားဖြစ်မယ်လို့ သူက ပြောခဲ့တယ်။ ပြီးတော့ ဒီကလေးကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်တဲ့။ အမေက အဲဒီလူကို သိတာပေါ့။ သူက အင်ပါယာ ကျန်းလီရဲ့ညီ တော်ဝင်ရန်အင်ပါယာရဲ့ လင်းမြို့စားပဲ။
အဲဒီ လင်းမြို့စားအကြောင်း ပြောရမယ်ဆိုရင် သူ့မှာ နာမည်ကောင်း သိပ်မရှိဘူး။ သောက်စားပျော်ပါးဖို့ပဲ သိတာ။ အင်ပါယာကျန်းလီက သူ့ကို အကြိမ်ကြိမ် ဆူပူခဲ့တယ်ဆိုပေမဲ့ သူကတော့ မပြင်ခဲ့ဘူး။ အဲဒီ လင်းမြို့စားက ထိန်းမနိုင်၊ သိမ်းမရ နေတတ်တဲ့ လူတစ်ယောက်ပဲ။ သာမန်လူလို ဝတ်စားပြီး အခြားသော သူတွေနဲ့ အရက်သောက်တတ်တယ်။ မူးလာရင် ထောင့်တစ်နေရာမှာလည်း အိပ်ပျော်သွားတတ်သေးတယ်။
သူ့ကို လူအများကြီးက သိကြတယ်။ အဲဒီနေ့မှာတော့ လင်းမြို့စားက အကြီးအကျယ် ဒဏ်ရာရထားတယ်။ သူ့ရဲ့လက်တစ်ဖက်က ကျိုးနေပြီး အရိုးတွေကလဲ အများကြီး ငေါထွက်နေတယ်။ သူ့ရဲ့အူတွေကလဲ ဗိုက်ထဲကနေ ထွက်နေတာပေါ့။
သူက ကလေးကို ငါတို့လက်ထဲအပ်ပြီးတဲ့နောက်မှာ သားအတွက် နာမည်တစ်ခုကို ပေးခဲ့တယ်။ သူကပြောတယ်။ ကျန်းလီဆိုတဲ့နာမည်က မကောင်းဘူး။ ကျန်းလင်းဆိုတာလဲ စည်းကမ်းကြီးလွန်းတယ်တဲ့။ ဒီတော့ ကျန်းလန်လိုမျိုး ပိုပြီး လွတ်လပ်ပေါ့ပါးတဲ့ နာမည်မျိုးကို လိုချင်တယ်တဲ့။ အရှင်မင်းကြီး ကျန်းလီက ခွင့်ပြုခဲ့လို့ ဒီနာမည်ကို သားကိုပေးခဲ့တာပဲ။”