← Chapters

အခန်း (၇၇၁-၇၇၂)

Vol. 48 Ch. 771-772

အခန်း (၇၇၁-၇၇၂)

Vol. 48 Ch. 771-772

အပိုင်း (၇၇၁)

“ကျန်းလန်”

ရှမ့်လန်၏ မျက်နှာပေါ်မှ မျက်ရည်များက စီးကျလာခဲ့၏။ နောက်ဆုံးမှာတော့ သူက ဇာစ်မြစ်ကို ရှာဖွေတွေ့ရှိ၏။ ခေတ်သစ်လောကကြီး၌ ရှမ့်လန်ဆိုသည့် အမည်နှင့် သူက ဤနေရာဆီသို့ ရောက်ရှိ လာခဲ့သည်။ ဤလောကကြီးတွင် မည်သည့်မိဘက မိမိ၏သားကို ဤမျှလွတ်လပ်ပေါ့ပါးလွန်းသည့် နာမည်မျိုး ပေးဝံ့သနည်း။

“လင်းမြို့စားက ငါတို့ကို မှာခဲ့တယ်။ သား ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့တဲ့။ လယ်သမားတစ်ယောက်ရဲ့ သားပဲဖြစ်ပါစေ၊ သူရဲကောင်းတစ်ယောက်ရဲ့သားတော့ မဖြစ်ပါစေနဲ့တဲ့။ လောကမှာ သူရဲကောင်းတွေက ကောင်းမွန်တဲ့ အဆုံးသတ်တွေ မရှိကြတော့ဘူးတဲ့။

ပြီးတော့ သူက သေဆုံးသွားခဲ့တယ်။ သူရဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကလည်း မြေပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့တာပေါ့။ အဲဒီအချိန်တုန်းက စစ်ဘေးဒုက္ခသည်တွေက အများကြီးပဲ။ ငါတို့လို လယ်သမားတွေက ဘာမှ မဟုတ်ဘူးလေ။

သားရဲ့ ဒီအဖေနဲ့အမေက သားကိုချီပြီး တောင်ဘက်ပိုင်းကို ပြေးကြတယ်။ တော်ဝင်ရန်အင်ပါယာနဲ့ ဝေးလေ ပိုပြီး ဘေးကင်းလေလို့ပဲ ထင်ခဲ့တယ်။ ငါတို့က တောင်ဘက်ကို တောက်လျှောက် ပြေးခဲ့ကြတယ်။ ဒီတိုက်ကြီးရဲ့အဆုံးကို ရောက်တဲ့အထိပေါ့။ အဲဒီအချိန်မှာပဲ ငါတို့က ရွှမ်ဝူမြို့ဆီကို ရောက်ရှိလာခဲ့တာပေါ့”

“ကျန်းလင်း”

ရှမ့်လန်က ဤလူ၏ အကြောင်းကို ဘာမှမသိချေ။ တော်ဝင်ရန်အင်ပါယာတွင် သူသိသည့်လူက လေးဦးတည်းသာ ရှိ၏။ အင်ပါယာကျန်းလီ၊ မိဖုရားကျန်း၊ မင်းကြီး ကျန်းကွမ်း နှင့် ကျန်းဝူမင် တို့ပင် ဖြစ်သည်။

တော်ဝင်ချန်အင်ပါယာက ဘုရင့်နိုင်ငံဘဝမှ အင်ပါယာအဆင့်သို့ မြှင့်တင်ခံရစဉ်တည်းက ကျန်းလီ၏ ညီအစ်ကိုများက မြို့စားဘွဲ့ကို ရရှိခဲ့ကြသည်။ သူ၏ သွေးသောက်ညီအကို ကျန်းကွမ်း တစ်ဦးတည်းကသာလျှင် မင်းကြီးဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်၏။ တော်ဝင်ရန်အင်ပါယာက လူထု၏ အတွေးအခေါ်များကို ဖိနှိပ်ထားခဲ့သောကြောင့် ကျန်းလင်းဆိုသည့်အမည်ကို လူအနည်းငယ်ကသာ သိရှိ၏။

သို့သော်ငြား ကျန်းကွမ်းက အင်ပါယာကို သစ္စာဖောက်ခဲ့၏။ သို့သော်ငြား လွတ်လပ်ပေါ့ပါးစွာ နေတတ်သည့် လင်းမြို့စား ကျန်းလင်းကမူ ရှမ့်လန်အတွက် အသက်ပေးခဲ့၏။ သူက ရှမ့်လန်ကို မည်သည့်တာဝန်မှ မရှိဘဲ လွတ်လပ် ပေါ့ပါးနေနိုင်စေရန် ကျန်းလန်ဆိုသည့် နာမည်ကိုပင် ပေးအပ်သွားခဲ့သေးသည်။

သူ၏မိဘများဖြစ်သည့် ရှမ့်ဝမ်နှင့် သူ၏မိန်းမတို့က ရှမ့်လန် စိတ်ကူးထားသည်နှင့် ကွဲပြားလို့နေ၏။ ရှမ့်ဝမ်နှင့်သူ၏မိန်းမတို့က ကျန်းလီ၏ အမှုထမ်းများ သို့မဟုတ် ယုံကြည်ရသူများဖြစ်လိမ့်မည်ဟု ရှမ့်လန်က ထင်မှတ်ခဲ့၏။ သူတို့က ကျန်းလီ လွတ်မြောက်ခွင့်ပေးခဲ့သည့် ကျွန်များ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

သူ၏မိခင်က ငယ်စဉ်က လှပသည့် မိန်းမတစ်ဦး ဖြစ်ခဲ့၏။ ပညာတတ်သော်လည်း ဆင်းရဲဒုက္ခများစွာ ခံစားခဲ့ရ၏။ မြို့စားကျန်းလင်းက ရှမ့်လန်ကို တော်ဝင်ရန်အင်ပါယာရှိ အရာရှိများထံ မပေးအပ်ပဲ သာမန် လယ်သမား ဇနီးမောင်နှံထံ အပ်နှံခဲ့၏။

သူက မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းပင်။ အကယ်၍ ကျန်းလီ၏ ယုံကြည်ရသောလူများထံ အပ်နှံခဲ့သည်ဆိုပါက တော်ဝင်ရန်အင်ပါယာက ဤအကြောင်းကို သိသွားပေလိမ့်မည်။

သို့သော်ငြား သာမန် လယ်သမားတစ်ဦးထံ အပ်နှံလိုက်ခြင်းအားဖြင့် ရှမ့်လန်ကို သဲပုံထဲ မြှုပ်နှံလိုက်ခြင်းနှင့်တူ၏။ ထို့ကြောင့် ရှမ့်လန်က ယခုအချိန်ထိ အသက်ရှင်နေခြင်း ဖြစ်၏။

ရှမ့်ဝမ်နှင့်သူ၏မိန်းမတို့က အင်ပါယာ၊ မိဖုရားတို့နှင့် တိုက်ရိုက် မပတ်သက်ခဲ့ဖူးချေ။ ထို့အပြင် ထိုစဉ်က အဖြစ်အပျက်များကိုလည်း သူတို့က မသိကြချေ။ ရှမ့်လန်၌ အမွှာညီမလေး ရှိ၊ မရှိကို သူတို့ မသိရှိကြပေ။

ရှမ့်လန်က မိဘများကို ပြန်ဖက်၏။ “အမေ၊ အဖေ... ပြင်စရာရှိတာတွေ ပြင်ဆင်ထားလိုက်ပါ။ ခရီးရှည်ကြီး တစ်ခုကို သွားရအုံးမယ်။”

……………………….

သူ ... ရှမ့်လန်၌ လောကကြီးကို သိမ်းပိုက်လိုသည့် ဆန္ဒဟူ၍ မရှိခဲ့ချေ။ အင်ပါယာဖြစ်ချင်သည့် ဆန္ဒလည်း ဘယ်တုန်းကမှ မရှိခဲ့ပေ။ သူက သားမက်တစ်ယောက်အဖြစ်သာ အမျိုးသမီးတစ်ယောက်၏ အရိပ် အောက်တွင် တစ်သက်လုံး နေထိုင်သွားခဲ့ချင်ခြင်းပင်။

အဘယ့်ကြောင့် သူကို အတင်းအကြပ် လုပ်နေရသနည်း။ သူ့ကို ခရီးရှည်ကြီး တစ်ခုသွားအောင် အဘယ့်ကြောင့် အတင်းအကြပ် လုပ်ခဲ့ရသနည်း။

…………..

ရှမ့်လန်က မြက်တဲလေးထဲမှ ထွက်လာခဲ့၏။ တောင်ခြေတစ်ခုလုံးတွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် စစ်သည်တော်များနှင့် ပြည့်နှက်နေသည်ကို သူ မြင်လိုက်ရ၏။

ကျင်းရှိယန်က လူနှစ်ထောင်ကျော်နှင့် အပြင်တွင် စောင့်ဆိုင်းနေ၏။ ရှမ့်လန် ထွက်လာသည်ကို မြင်ချိန်မှာတော့ ကျင်းရှိယန်က ဒူးတစ်ဖက်ကိုထောက်၏။ လူနှစ်ထောင်လုံးက စနစ်တကျနှင့် ဒူးထောက် နေကြ၏။ သူတို့၏ အကြည့်များက အလွန်အမင်း စိတ်အားထက်သန်လျက် ရှိနေကြသည်။

‘ကျေးဇူးပြုပြီး... ကျုပ်ကို အဲလိုမကြည့်ကြနဲ့။ ကျုပ်ကို အဲလိုကြည့်လို့ မရဘူး။ ကျုပ်က ကျန်းလီ မဟုတ်ဘူး။ ကျုပ်က ကောင်းကင်ပေါ်က နေမင်းကြီးလည်း မဟုတ်ဘူး၊ ကျုပ်ကို အလွန်အမင်း မကိုးကွယ်ကြပါနဲ့။’

သူက မေ့လုနီးပါး ဖြစ်ခဲ့၏။ ကျင်းရှိယန်က စစ်ဘေးဒုက္ခသည်တစ်ဦး ဖြစ်ပြီး တော်ဝင်ချန် အင်ပါယာမှ ရွှမ်ဝူမြို့ဆီသို့ ထွက်ပြေးလာခဲ့သူဖြစ်ကာ မိဘများကို ဆုံးရှုံးခဲ့သူပင်။ ကျင်းကျိုးက သူ့ကို မွေးစားခဲ့၏။ သို့ပေမည့် ယခုအချိန်ထိ သူက မိမိကိုယ်ကိုယ် တော်ဝင်ချန်အင်ပါယာ၏ လက်အောက်ခံတစ်ဦးအဖြစ် သတ်မှတ်ထားခဲ့တုန်းပင်။

ရှမ့်လန်က အနားသို့ လျှောက်သွားခဲ့၏။ “မင်း နုရှောင့်မြို့ကို ကာကွယ်ဖို့ မလိုတော့ဘူးလား။”

ကျင်းရှိယန်က ဦးညွှတ်၏။ ပြီးနောက် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “အင်ပါယာ ရှိတဲ့အရပ်မှာ ကျုပ် ရှိနေပါ့မယ်။”

ရှမ့်လန်က ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတတ်ခံစားနေရ၏။ ‘ဒီလိုမလုပ်ကြပါနဲ့။ ကျုပ်ကို အင်ပါယာလို့ မခေါ်ကြပါနဲ့’

“အဖေ၊ အမေ.... သွားကြရအောင်။”

ရှမ့်လန်က ပြောလိုက်သည်။ “အရင်ဆုံး ရွှမ်ဝူနယ်စားကြီးအိမ် သွားကြရအောင်။”

ပြီးနောက် ကျင်းမိသားစု၏ စစ်သည်တော်နှစ်ထောင်က ရှမ့်လန်ကို အလယ်၌ထားပြီး ရွှမ်ဝူနယ်စား စံအိမ်ဆီသို့ အကာအကွယ်ပေးကာ ထွက်ခွာလာခဲ့ကြ၏။

မိုင် ၂၀ ခန့် လျှောက်လာခဲ့၏။ လမ်းတွင် လူတစ်စုနှင့် တွေ့ဆုံ၏။ စစ်သည်တော် အုပ်စုတစ်စုဖြစ်သည်။ ရွှမ်ဝူမြို့တော်ဝန် လျှိုဝူယမ်ပင်။

‘ခင်ဗျား ဒီမှာ ရှိနေသေးတာလား။ အဲဒီနေ့တုန်းက ခင်ဗျားကို ကျင်းမင်းသားနဲ့တိုက်ခိုက်ဖို့ ထျန်းနန် ကာကွယ်ရေးတပ်ဆီကို သွားဖို့ အမိန့်ပေခဲ့တာမဟုတ်လား။ ခင်ဗျား မသေသေးဘူးလား။’

မြို့တော်ဝန် လျှိုဝူယမ်က ရှမ့်လန်ကို မြင်ချိန်မှာတော့ အံ့အားသင့် မှင်သက်သွားခဲ့၏။ ပြီးနောက် သူက လမ်းဘေး ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာ၏။ ခါးကို ကိုးဆယ်ဒီဂရီထိ ကွေးညွှတ်ပြီး အရိုအသေပေးသည်။

သူ၏ နောက်ကွယ်မှ ရာနှင့်ချီသည့် စစ်သည်များက ရှမ့်လန်ကို မြင်ချိန်မှာတော့ အချင်းချင်း တိုးတိုး တိတ်တိတ် ပြောဆိုလိုက်၏။ ပြီးနောက် လမ်းဘေးတွင် စနစ်တကျ ဒူးထောက်ကာဖြင့် ထိုင်လိုက်ကြပြီး တုတ်တုတ်မျှ လှုပ်ရှားခြင်း မရှိတော့ချေ။

ရှမ့်လန်က ပြောလိုက်၏။ “အမေ... ကျုပ်ရဲ့ နောက်ခံသမိုင်းက ထိပ်တန်းလျှို့ဝှက်ချက်ကြီး မဟုတ်တော့ဘူး နဲ့ တူတယ်။ အခု လူတိုင်း သိနေကြပြီ။”

ဤကိစ္စက မူလတုန်းက ထိပ်တန်းလျှို့ဝှက်ချက်ကြီး ဖြစ်ခဲ့သော်လည်း အင်ပါယာက တောင်ဘက်သို့ ချီတက်ရန် များပြားလွန်းသည့် စစ်တပ်ကြီးကို စုစည်းခဲ့၏။ ထိုသတင်းကို လောကကြီးထဲတွင် ရှိနေသည့် ဘုရင်များထံသို့ သတင်းဖြန့်ဝေခဲ့၏။ ထို့ကြောင့် ဤသည်က လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။

ရှမ့်လန်က လမ်းပေါ်တွင် လျှောက်လှမ်းသွားခဲ့သည်။

လျှိုဝူယမ်၏ ဘေးမှ ဖြတ်သွားသည့်အချိန်မှာတော့ လျှိုဝူယမ်က အလွန်တိုးညင်းသည့် အသံဖြင့် လှမ်းကာပြောဆို၏။ “အရှင်.. ကိုယ်ရောစိတ်ပါ ကျန်းမာပါစေ။”

ဤစကားတစ်ခွန်းနှင့်ပင် အင်ပါယာကျန်းလီက လောကတွင် မည်ကဲ့သို့သော လူစားဖြစ်သည်ကို သိရှိနိုင်ပေ၏။ နေမင်းကြီးက အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားခဲ့သည် ဆိုလျှင်တောင် သူ၏ အလင်းရောင် က လောကကြီးကို ဆက်လက်ကာ လင်းထိန်စေဦးမှာ အမှန်ပင်။

ရှမ့်လန်က သက်ပြင်း ချလိုက်မိ၏။ သူက လျှိုဝူယမ်၏ အမည်ကို ရန်သူများ၏စာရင်း နံရံပေါ်တွင် ရေးခဲ့ဖူး၏။ သို့ပေမည့် နောက်ပိုင်း အဖြစ်အပျက် အများကြီး ပေါ်လာသောကြောင့် ဤလူအကြောင်းကို မေ့နေခဲ့ခြင်းဖြစ်၏။ ယခု အလုံးစုံ မေ့ပျောက်ရမည့်ပုံ ပေါ်သွားသည်။

....................

နာကျည်းမှုနှင့် ပထမ နိဗ္ဗာနတပ်တော်က မြို့တော်သို့ ပြန်လည် ရောက်ရှိနေကြ၏။ ယခုအချိန်မှာတော့ အရူးလန်နှင့် လန်ညီအကို ဆယ်ယောက်တို့က နင်ကျန်း၏ ရှေ့တွင် ဒူးထောက်လျက် ရှိနေကြ၏။

“အရှင်.. ကျုပ်တို့ကို တရားဝင် နှုတ်ထွက်ခွင့်ပြုပါတော့။ လွန်ခဲ့တဲ့နှစ် နှစ်ဆယ်တုန်းက လောကရဲ့ သူရဲကောင်းတွေက အင်ပါယာကျန်းလီပေါ်မှာ သစ္စာစောင့်သိခဲ့တယ်။ အဲဒီတုန်းက ကျုပ်တို့က ငယ်သေးလို့ အခွင့်အရေး မရခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အင်ပါယာအသစ် ပေါ်လာခဲ့ပါပြီ၊ ကျုပ်တို့ ကျန်တဲ့မျိုးဆက်တွေက အင်ပါယာကျန်းလီရဲ့ နောက်မျိုးဆက်ကို ကာကွယ်ရပါတော့မယ်။”

မင်းသားနင်ကျန်းက ခေါင်းညိတ်လိုက်၏။ “ကောင်းပြီ။ အားလုံးပဲ ရွှမ်ဝူမြို့ဆီကို သွားပြီး အင်ပါယာကျန်းအတွက် တိုက်ပွဲဝင်ကြပါ။ ကျုပ်ကတော့ နန်းမြို့တော်မှာ နင်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်မယ်။”

နာကျည်းမှုနှင့် အဖွဲ့က အရိုအသေ ပေးပြီးနောက် အိမ်ရှေ့စံမင်းသား၏ စံအိမ်မှ ထွက်ခွာသွားခဲ့ကြ၏။ သူတို့က မြင်းကိုယ်စီကို စီးနင်းပြီး ရွှမ်ဝူလမ်းအတိုင်း မြို့ပြင်ထွက်၍ တောင်ဘက်ခြမ်းဆီသို့ ဦးတည်သွားကြသည်။

လမ်းတလျှောက်မှာတော့ မြင်းစီးသူရဲကောင်း တစ်ယောက်ပြီး တစ်ယောက်က သူတို့အုပ်စုထဲသို့ ဝင်ရောက် ပူးပေါင်းလာခဲ့ကြ၏။ ထိုသူတို့က တိတ်တဆိတ်နှင့်ပင်။ တစ်ယောက်နှင့်တစ်ယောက် စကားဆိုခြင်း မရှိကြပေ။

နာကျည်းမှုက လှမ်းပြော၏။ “ငါတို့ ရွှမ်ဝူမြို့ကို သေဖို့သွားကြတာ တော်ဝင်ရန်အင်ပါယာရဲ့ မရေတွက်နိုင်တဲ့ စစ်တပ်ကြီးနဲ့ ရင်ဆိုင်ဖို့ပဲ၊ မင်းတို့ လိုက်ချင်ကြတာ သေချာရဲ့လား။”

မြင်းစီးသူရဲကောင်းများ၏ ခေါင်းဆောင်က ပြောသည်။ “ကျုပ်တို့က တော်ဝင်ချန်အင်ပါယာရဲ့ နိုင်ငံသားတွေပါ။ ခင်ဗျားတို့လို ထူးခြားတဲ့ သွေးမျိုးဆက် ရှိတဲ့လူတွေပဲ အင်ပါယာကို ကာကွယ်နိုင်တာ မဟုတ်ဘူး။ ကျုပ်တို့လည်း ကာကွယ်နိုင်ပါတယ်။”

“ဟား ဟား”

နာကျည်းမှုက ရယ်မောလိုက်ပြီး ဝမ်းသာအားရ ထကာ အော်ဟစ်လိုက်၏။ “ကောင်းပြီ။ ကောင်းပြီ။ ဒါဆိုရင် အတူတူ သွားကြတာပေါ့။ အင်ပါယာကျန်းကို ကာကွယ်ကြမယ်။”

“လောကကြီးရဲ့ မျှော်လင့်ချက်ကို ကာကွယ်ကြမယ်။ အင်ပါယာကို ကာကွယ်ကြမယ်။”

မြင်းစီးသူရဲကောင်းများက နာကျည်းမှု၏ နောက်သို့ တဖြည်းဖြည်း ပိုမိုကာ လိုက်ပါလာခဲ့ကြ၏။ နောက်တော့ သူတို့က ထျန်းရွှဲ့မြို့ဆီမှ ခန့်ငြားထည်ဝါစွာ ထွက်ခွာပြီး ရွှမ်ဝူမြို့ဆီသို့ ဦးတည်လျက်ရှိနေသည်။

လန်ပေါင်က တတိယမင်းသားနင်ချီ၏ ရှေ့တွင် ဒူးထောက်နေ၏။ “တတိယမင်းသား.. ကျုပ် သွားတော့မယ်။”

နင်ချီက မေးသည်။ “ရွှမ်ဝူမြို့ကိုလား။”

“ဟုတ်ပါတယ်။”

နင်ချီက သတိပေးလိုက်၏။ “မင်းသွားရင် သေလိမ့်မယ်။”

လန်ပေါင်က ပြောသည်။ “သေလည်းရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ကျုပ်က ငယ်သေးတယ်။ ကျုပ်ရဲ့မိဘတွေက အင်ပါယာကျန်းလီအတွက် အသက်ပေးခဲ့ကြတယ်။ အခု ကျုပ် အသက်ကြီးလာခဲ့ပြီ ဆိုတော့ ကျုပ်အလှည့် ရောက်လာပြီ။”

“အင်း... ကဲ ... ကျန်းလန်တဲ့လား။ ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်တဲ့ နာမည်လဲ။”

“မင်းသား နင်ချီ... ကျုပ် သွားတော့မယ်။”

လန်ပေါင်က သူ၏ကြီးမားသည့် သံတင်းပုတ်ကြီးကို ထမ်းပြီး နင်ချီ၏ စံအိမ်မှ ထွက်ခွာသွားခဲ့၏။ သူက ရွှဲ့ပြည်နယ်မှ ထွက်ခွာပြီး ရွှမ်ဝူမြို့ဆီသို့ ဦးတည်လျက်ရှိ၏။

………..

ချောင်ပြည်နယ်၏ နတ်ဆိုးချောက်ကမ်းပါး နန်းတော်အတွင်းမှာတော့ ဂိုဏ်းခေါင်းဆောင် ပန်ရော့က သူမ၏ ဘဝနှင့်ပတ်သက်၍ သံသယ ဖြစ်မိနေ၏။ ထိုလူရှုပ်က အင်ပါယာကျန်းလီ၏ တစ်ဦးတည်းသောသား၊ တော်ဝင်ချန်အင်ပါယာ၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်နေသည်လား။

သူမအား တစ်ကြိမ်ထက်မက နောက်ပြောင်ကျီစယ်ခဲ့ဖူး၏။ သူမကို ကြည့်သည့်အချိန်တိုင်း ခြေထောက်ကို ကြည့်၏။ တင်ပါး၊ ပြီးနောက် ခါး၊ အကုန်ဝအောင်ကြည့်ပြီး နောက်ဆုံးမှ မျက်နှာကို ကြည့်တတ်သူပင်။ ဤကဲ့သို့သော လူရှုပ်မျိုးက လောကကြီး၏ မျှော့်လင့်ချက်ကို ထမ်းပိုးထားသည့် လူတစ်ယောက်ပေလား။ သို့ပေမည့် မျှော်လင့်ချက် မရှိသည်ထက်စာလျှင် မျှော်လင့်ချက် အနည်းငယ်ရှိသည်က ပိုကောင်းသေး၏။

ချီးလောကကြီး။

ဂိုဏ်းခေါင်းဆောင်ပန်ရော့က နတ်ဆိုးချောက်ကမ်းပါးနန်းတော်မှ ရာနှင့်ချီသော တပည့်များကို ကြည့်လိုက်သည်။ “အားလုံးပဲ... ငါနဲ့အတူ လိုက်ခဲ့မှာ သေချာလား။ ဒါက ပုဇင်းရင်ကွဲတစ်ကောင်က ရထားလုံးကို တားသလိုပဲ။ ကြက်ဥနဲ့ ကျောက်ခဲကို ပေါက်သလိုမျိုးပဲ။”

နတ်ဆိုးချောက်ကမ်းပါးနန်းတော်မှ တပည့်များက တိတ်ဆိတ်ငြိမ်သက်နေကြ၏။

“ကောင်းပြီ။ သွားကြတာပေါ့။”

ဂိုဏ်းခေါင်းဆောင် ပန်ရော့က ပြောသည်။ “အင်ပါယာကျန်းကို ကာကွယ်ကြမယ်။ လောကကြီးရဲ့ မျှော်လင့်ချက် ကို ကာကွယ်ကြမယ်။”

နတ်ဆိုးချောက်ကမ်းနန်းတော်မှ လူတိုင်းက တောင်ပေါ်မှ ဆင်းသက်ကြ၏။ သူတို့က ရွှမ်ဝူမြို့ဆီသို့ ဦးတည် ထွက်ခွာလာခဲ့ကြ၏။

.............

အရှေ့တိုင်းလောက၏ တည်နေရာအသီးသီးဆီမှ ၊ တောင်တန်းများမှ၊ အင်းအိုင်များမှ မရေတွက်နိုင်သည့် စစ်သည်တော်များက တောအုပ်ထဲမှ ထွက်ခွာလာခဲ့ကြ၏။

မရေတွက်နိုင်သည့် လူများ၏ မြစ်ဖျားခံရာက တစ်ခုတည်းသော ရွှမ်ဝူမြို့ဆီသို့ပင်။

“အင်ပါယာကျန်းကို ကာကွယ်ကြ။”

“အင်ပါယာကျန်းကို ကာကွယ်ကြ။” မရေတွက်နိုင်သည့် ပိုးစုန်းကြူးငယ်များကဲ့သို့ပင် သူတို့က အလင်းထွက်ပေါ်ရာ တစ်ခုဆီသို့ စုရုံးလာကြ၏။ မီးတောက်ဆီသို့ ပျံသန်းဝင်ရောက်လာခဲ့သည့် ပိုးဖလံမျိုးနှင့် ပိုကာဆင်တူသည်။

...............

အပိုင်း (၇၇၂)

တောင်ပိုင်းနိုင်ငံ

ကျင်းကျွင်းက စားပွဲပေါ်တွင်ရှိနေသည့် မရေတွက်နိုင်သည့် စာအုပ်များကို လှမ်းကာကြည့်ရှု့၏။ ဤအရာများ က သူ၏ သွေး၊ ချွေးနှင့် မျက်ရည်များနှင့် တည်ဆောက်ထားသည့် အလုပ်များပင်။ နှစ်အနည်းငယ်အတွင်း သူက တာ့နန်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရန် စီမံကိန်းများကို ရေးသားထားခဲ့ပြီးဖြစ်၏။

နှစ် နှစ်ဆယ်အတွင်း တာ့နန်နိုင်ငံက ယဉ်ကျေးပြီး အင်အားကြီးသည့် နိုင်ငံတစ်ခုဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်ထားခဲ့သည်။ သူက ရှမ့်လန်ဆီမှ အရာကိစ္စတချို့ကို သင်ယူခဲ့၏။ ထိုအရာများက ငါးနှစ် စီမံကိန်း၊ ဆယ်နှစ်စီမံကိန်း စသည့် စီမံကိန်းပိုင်းဆိုင်ရာ ဝေါဟာရများပင်။

ယခု တာ့နန်နိုင်ငံ၏ ပထမဦးဆုံး ငါးနှစ်စီမံကိန်းကို စတင်တော့မည်ဖြစ်၏။ ကျင်းမင်းသားက ရည်မှန်းချက် ကြီးမားသူပင်။ သူက တာ့နန်နိုင်ငံ၏ ကျယ်ပြောသည့် မြေပြင်တွင် သူ၏ ဖွံ့ဖြိုးရေး စီမံကိန်းများကို စတင်ရန် ပြင်ဆင်နေခဲ့၏။ စားပွဲပေါ်မှ စီမံကိန်းပေါင်းများစွာတို့၏ မဟာဗျူဟာက စာလုံးပေါင်း သိန်းချီရှိ၏။ သူက ထိုအရာများကို တစ်လုံးချင်း သေချာ စဉ်းစားရေးသားထားခဲ့ခြင်းပင်။

မကြာမီမှာပဲ သူက ထိုအရာများကို လက်တွေ့အကောင်အထည်ဖော်ပေတော့မည်။ သူ၏ စိတ်ကူးထဲမှ တာ့နန်နိုင်ငံ က လက်တွေ့ကမ္ဘာတွင် တဖြည်းဖြည်း ပေါ်ပေါက်လာပေတော့မည်။

သူက ကြီးမားသည့် စီမံကိန်းကြီး ကို စတင်တော့မှာဖြစ်၏။ သို့ပေမည့် ယခုအချိန်တွင် လောကကြီးက ပြိုလဲနေပေသည်။ သူက မြေပုံကို အချိန်အတော်ကြာ စိုက်ကြည့်နေမိ၏။

ဘုရင်မ ရှားမန်က ပြောသည်။ “တော်ဝင်ရန်အင်ပါယာက လောကတစ်ဝက်နီးပါးလောက်ရှိတဲ့ စစ်တပ်ကြီးကို ဦးဆောင်ပြီး ရွှဲ့ပြည်နယ်ကို ဝိုင်းထားပြီ။ ကျွန်မတို့ ပူးပေါင်းနဲ့ဆိုရင်တောင် စစ်သည်အရေအတွက် က ပုရွက်ဆိတ် နဲ့ ဆင်လောက်ကို ကွာနေသေးတယ်။”

“အင်း”

ဘုရင်မ ရှားမန်က သတိပေး၏။ “ဒါက အခါအခွင့်မသင့်တဲ့ အချိန်မျိုးပဲ။”

“ဟုတ်တယ်။”

ကျင်းမင်းသားက ပြောသည်။ “ငါတို့က အကောင်းဆုံးအချိန်ကို ရောက်ခါနီးနေပြီ။ တာ့နန်နိုင်ငံက မကြုံစဖူး ဖွံ့ဖြိုးတိုးတက်တဲ့ အခွင့်အရေးကို ရရှိတော့မယ်။ ငါတို့သဲကန္တာရ လူရိုင်းမျိုးနွယ်စုရဲ့ အနှစ်တစ်ထောင် သမိုင်းမှာ အခမ်းနားဆုံး အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်တဲ့အချိန်ကျမှ လောကကြီးက ပြိုလဲရတယ်။”

ဘုရင်မ ရှားမန် ကပြော၏။ “ဒါဆိုရင် ကျွန်မတို့ မသွားလို့ မရဘူးလား။”

“မသွားဘူး ဟုတ်လား။”

ကျင်းမင်းသားက ပြုံးလိုက်မိသည်။ “မသွားဘူးဆိုရင် ကိုယ့်ရဲ့စိတ်ဝိညာဉ်နဲ့ ဂုဏ်သိက္ခာက လုံးဝ ပျက်စီးသွားလိမ့်မယ်။ ငါက သဲကန္တာရလူရိုင်းမျိုးနွယ်စုကို ဦးဆောင်ဖို့ အရည်အချင်း မရှိသလို ဖြစ်သွားလိမ့်မယ်။”

ပြီးနောက် ကျင်းမင်းသားက တိတ်တဆိတ်ပင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်၏။ ဓားကို ဆွဲကာဖြင့် စံအိမ်မှ ထွက်ခွာ၏။ သောင်းနှင့်ချီသည့် သဲကန္တာရ လူရိုင်းမျိုးနွယ်များက အရှေ့တွင် စနစ်တကျနှင့် ရပ်လျက်ရှိ၏။

နိုင်ငံတော်၏ အကြံပေး ရှားရင်၊ သံတမန်ကြီး စုနန်၊ စစ်သေနာပတိချုပ် ရှားယန်၊ နန်းကုန်းအိုနှင့် တခြားသောသူများက မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။

ကျင်းမင်းသားက ထိုသူတို့ကိုကြည့်၏။ “ကျုပ် ထွက်သွားပြီးရင် ပြန်မလာတာမျိုးလည်း ဖြစ်နိုင်တယ်။ ကျုပ် မရှိတဲ့အချိန်ဆို စုနန်က ခေါင်းဆောင်အဖြစ် ဆောင်ရွက်လိမ့်မယ်။ ကျုပ်ရဲ့သား ကြီးပြင်းတဲ့အထိ သူ စောင့်ဆိုင်းပေးလိမ့်မယ်။

အင်ပါယာရဲ့စစ်တပ်က တောင်ဘက်ကို ဆင်းလာတာနဲ့ တောင်ပိုင်းနိုင်ငံက ဆက်ပြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ချောင်ပြည်နယ်ကလည်း ပျက်စီးသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့က တောနက် တောင်နက်ထဲကို ပြန်သွားကြမယ်။ ဂူတွေထဲမှာ ပြန်နေကြမယ်။ တချို့နေရာတွေက သဲကန္တာရ လူရိုင်းမျိုးစုအတွက် ထာဝရ ကျန်ရှိနေပါလိမ့်မယ်။ စုနန်.... အရာအားလုံးကို ခင်ဗျားဆီ အပ်ခဲ့မယ်။”

စုနန်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ ငိုကြွေးမိသည်။ “အရှင်... ကျုပ်ကို အရှင့် ကိုယ်စား သွားခွင့်ပြုပါ။ ကျုပ်မှာ သားတွေအများကြီး ရှိနေပါပြီ။ ကျုပ်က သေရင် သေလို့ရတဲ့ လူတစ်ယောက်ပါ။”

ကျင်းမင်းသားက‌ ပြောလိုက်၏။ “ဒါကို ဘယ်သူမှ ကိုယ်စားလုပ်ပေးလို့ မရဘူး။ ကျုပ် သေချင်လွန်းလို့ သွားနေတာ မဟုတ်ဘူး။ သေရမယ်ဆိုရင် ရဲရဲကြီး သေပစ်မယ့်စိတ်နဲ့ သွားမှာ။”

ကျင်းမင်းသားက မြင်းပေါ်သို့ တက်လိုက်သည်။

“အားလုံးပဲ ဂရုစိုက်ကြ။ ကျုပ် သေပြီဆိုတဲ့ သတင်း ထွက်လာတာနဲ့ တောင်ပိုင်းနိုင်ငံကနေ ချက်ချင်းဆုတ်ခွာပြီး တောထဲသို့ သွားကြတော့။” သူက အသေအချာ မှာကြားလိုက်၏။

“သွားကြစို့”

ကျင်းမင်းသားက သဲကန္တာရလူရိုင်မျိုးနွယ် စစ်သည်တော်တစ်သောင်းကို ဦးဆောင်၍ တောင်ပိုင်းမှ ရွှမ်ဝူမြို့ဆီသို့ ချီတက်သွားခဲ့၏။ သူရဲကောင်းဆန်သည့် စကားလုံးများကို ပြောဆိုခဲ့ခြင်း မရှိချေ။ သေခြင်းတရား ကို ရင်ဆိုင်ရန် ပြတ်သားသည့် ဆုံးဖြတ်ချက်များသာ သူ့၌ ရှိ၏။ သူက အင်ပါယာကျန်းကို ကာကွယ်ရမည်။

............................

ချင်နိုင်ငံ၏ ဘုရင်မ အာယုနာနာက သူမ၏ သားကိုကြည့်၏။ သူမက ဝေခွဲမရသလို ဖြစ်နေ၏။ ကလေးကို ခေါ်ဆောင်သွားသင့်သည်လား။ ဤကဲ့သို့သာဖြစ်ခဲ့လျှင် ချင်နိုင်ငံ၏ တော်ဝင်မိသားစုက သုတ်သင်ခံရ ပေလိမ့်မည်။ သို့ပေမည့် သားလေးကို ခေါ်မသွားခဲ့လျှင်ကော ..။

ချင်နိုင်ငံက တခြားသော နိုင်ငံများနှင့် မတူချေ။ ငယ်ရွယ်သည့်သခင်ကို သစ္စာရှိပြီး ကြီးပြင်းသည်အထိ အမှုထမ်းများက ထောက်ပံ့ပေးခြင်းဆိုသည်မှာ တခြားနိုင်ငံများတွင် ဖြစ်နိုင်သော်လည်း ချင်နိုင်ငံမှာတော့ မဖြစ်နိုင်ချေ။

အကယ်၍ အာယုနာနာ သေဆုံးသွားခဲ့ပြီး အာယုကျွမ်းကို ဤနေရာတွင် ချန်ထားခဲ့မည်ဆိုပါက တစ်ခြား မျိုးနွယ်စုခေါင်းဆောင်များ၏ သတ်ဖြတ်ခြင်းကိုခံရမှာ သေချာ၏။ ပြီးနောက် ဤခေါင်းဆောင်များက အချင်းချင်း သတ်ဖြတ်ကြပြီး အင်အားအကြီးဆုံးသူက ရှင်ဘုရင် ဖြစ်လာပေလိမ့်မည်။

ထားလိုက်ပါတော့။ သူမအနေနှင့် သားလေးကို ခေါ်သွားရန် ဆုံးဖြတ်လိုက်၏။ အာယုနာနာက သူမ၏ အဝတ်မပါသည့် သားလေးကို ချီမလိုက်၏။

“သွားကြရအောင်။”

သူမက အမိန့်ပေးလိုက်သည်။ ချင်ဘုရင်မ အာယုနာနာက မြင်းစီးစစ်သည် တစ်သောင်းကို ဦးဆောင်ပြီး ရွှမ်ဝူမြို့ ဆီသို့ ဦးတည်သွားသည်။

သူမက အင်ပါယာကျန်းကို ကာကွယ်ရန် သွားခြင်း မဟုတ်ချေ။ ချင်နိုင်ငံက လူမိုက်နိုင်ငံ ဖြစ်၏။ ကျန်းလီ အပေါ် ဘယ်တုန်းကမှ သစ္စာမစောင့်သိခဲ့ချေ။ သို့သော်ငြား အာယုနာနာ၏ ယောကျ်ားက ရွှမ်ဝူမြို့တွင် ရှိ၏။ သူမယောက်ျား၏ ညီဖြစ်သူ လူဆိုးကောင်က ရွှမ်ဝူမြို့တွင်ရှိ၏။ သူမက ထိုလူဆိုးကောင်ကို ကာကွယ်ရန် သူမ ယောက်ျားဆီ သွားခြင်းဖြစ်၏။

သူမက သူမ၏ သီးသန့် မြင်းစီးစစ်သည် တစ်သောင်းကိုသာ ခေါ်လာခဲ့၏။ ကျန်ရှိသည့် ချင်နိုင်ငံမှ စစ်သည်များကို ခေါ်ဆောင်ရန် သူမ၌ အခွင့်အရေး မရှိချေ။ သူမက သေဆုံးရန် သွားခြင်းဖြစ်ပြီး နိုင်ငံတော် အတွက် စစ်တိုက်ရန် သွားခြင်းမဟုတ်သောကြောင့်ပင်။

.........................

တော်ဝင်ရန်အင်ပါယာ၊ မီးတောက်မြို့တော်၊ နန်းတော်အတွင်း ....

ဖုန်မှုန့်ကင်းစင်သည့် အထူးနန်းဆောင်တစ်ခုထဲမှာတော့ မင်းသမီးကျိရွှမ်က မင်းသမီး ကျိနင်နှင့် စစ်တုရင် ကစားနေသည်။

မကြာခင်မှာပဲ ကျိနင်က ရှုံးနိမ့်သွား၏။

“အစ်မ... အစ်မက လောကမှာ အလှပဆုံး မိန်းကလေးပဲ။ ဘာလို့ အိမ်ထောင်မပြုတာလဲ။” ကျိနင်က မေးလိုက်သည်။

ကျိရွှမ်က ပြန်လည်ကာဖြေ၏။ “အိမ်ထောင်ပြုတာ ဘာများကောင်းလို့လဲ။”

ကျိနင်က မေးသည်။ “ဒီလောကကြီးမှာ အစ်မနဲ့ ထိုက်တန်သူ တစ်ယောက်မှ မရှိဘူးလား။”

ကျိရွှမ်က ပြော၏။ “ဒီလောကကြီးမှာ ဘယ်သူက ဘယ်သူနဲ့ ထိုက်တန်တယ်ဆိုတာမျိုး ရှိလို့လား။”

ကျိနင်က ပြောလိုက်သည်။ “အစ်မ... ကျွန်မ အစ်မအတွက် လက်ဆောင်တစ်ခုပြင်ထားတယ်။”

မင်းသမီး ကျိရွှမ်က ပြော၏။ “တကယ်လား။”

“အင်း...”

“ငါတို့ရဲ့ ချစ်စရာညီမလေးက ငါ့အတွက် လက်ဆောင်တွေ ပြင်ပေးထားတာပေါ။ ပြစမ်းပါအုံး။”

မင်းသမီး ကျိနင်က ပြောသည်။ “ဒါဆိုရင် မျက်လုံးအရင် မှိတ်လိုက်။”

မင်းသမီး ကျိရွှမ်က မျက်စိပိတ်လိုက်၏။

ကျိနင်က ပြောသည်။ “အစ်မ... လည်ပင်းလေးကို အသာဆန့်ပေးအုံး။”

မင်းသမီးကျိရွှမ်က သူမ၏ ဟင်္သာမလေးကဲ့သို့ လည်ပင်းကို ဆန့်ပေး၏။ မင်းသမီးကျိနင်က ဆွဲကြိုး တစ်ကုံးကို ထုတ်ယူ၏။ ပြီးနောက် ကျိရွှမ်၏ လည်ပင်းတွင် ဂရုတစိုက်နှင့် ဆင်မြန်းပေး၏။

သူမက တိုးညှင်းစွာ ပြောသည်။ “အစ်မ.. ကျွန်မရဲ့ခန္ဓာကိုယ်က ငယ်ငယ်တည်းက အားနည်းခဲ့တာ။ ကျွန်မမှာ ရောဂါပေါင်း ဒါဇင်နှင့်ချီ ရှိနေတယ်။ တကယ်လို့ အစ်မရဲ့ ဂရုစိုက်မှုသာ မရှိခဲ့ရင် ကျွန်မ သေခဲ့တာကြာပြီ။ အစ်မနဲ့ အဖေအင်ပါယာတို့က အစွမ်းကုန်ကြိုးစားပြီး ရှိရှိသမျှ အရင်းအမြစ်ရတနာတွေသုံးပြီး ကျွန်မကို အသက်ရှင်အောင် လုပ်ပေးခဲ့တယ်။ ကျေးဇူးတင်ပါတယ် အစ်မ။”

မင်းသမီး ကျိရွှမ်က ပြော၏။ “ကဲ .. အူကြောင်ကြောင် ကလေးလေး.. ဘာတွေ ပြောနေတာလဲ။”

ပြီးနောက် သူမက မျက်လုံးကို ဖွင့်သည်။

“မျက်လုံးမဖွင့်နဲ့အုံး။”

မင်းသမီး ကျိနင်က ပြော၏။ “ဒီဆွဲကြိုးလေးကို ကျွန်မရဲ့ ဆံပင်လေးတွေနဲ့ လုပ်ထားရတာ၊ ဒီပေါ်မှာရှိတဲ့ ပန်းလေးတွေတိုင်းကလည်း ကျွန်မ ကိုယ်တိုင် စိုက်ပျိုးထားတာ။”

မင်းသမီး ကျိရွှမ်က ပြောသည်။ “ကျေးဇူးတင်ပါတယ် ကျိနင်ရယ်.. ဒါက ငါ ရဖူးတဲ့ လက်ဆောင်တွေထဲမှာ အကောင်းဆုံးလက်ဆောင်ပါပဲ။ ပြီးတော့ မင်းက ငါ့ရဲ့ဘဝမှာ အချစ်ဆုံး လူသားလေးပါပဲ။”

မင်းသမီး ကျိရွှမ်က သူမ၏ လည်ပင်းကို ဆက်လက်ကာ ဆန့်တန်းပေးထား၏။ မင်းသမီး ကျိနင်က ဆွဲကြိုးကို ဆင်မြန်းပေး၏။ ထိုအချိန်မှာပဲ မင်းသမီးကျိနင်၏ လက်ထဲတွင် ဓားမြောင်လေး တစ်လက် ပေါ်လာ၏။ သူမက မင်းသမီး ကျိရွှမ်၏ လည်ပင်းသွေးကြောကို လှီးဖြတ်လိုက်၏။

“သတ်ပစ်မယ်။ ကျွန်မ ရှင့်ကို သတ်ပစ်မယ်။”

သို့ပေမည့် သူမ မလှီးဖြတ်နိုင်ခဲ့ချေ။ ထိုဓားမြှောင်က အလွန်ပင် ထက်မြက်၏။ သို့ပေမည့် မင်းသမီး ကျိရွှမ်၏ လည်ပင်းက နုနယ်ပုံရသော်လည်း မည်သည့်ဒဏ်ရာမှ မရရှိခဲ့ချေ။

မင်းသမီး ကျိရွှမ်က မင်းသမီးလေး၏ လက်ကိုဆုပ်ကိုင်ကာ အသာပြောသည်။ “ကျိနင်... မင်းတကယ်ပဲ ငါ့ကို ဒီလောက်တောင် သတ်ချင်နေတာလား။”

မင်းသမီးကျိနင်၏ မျက်ရည်များက စီးကျလာခဲ့၏။ “ကျိရွှမ်... ရှင် ခရီးအဝေးကြီးကို သွားတော့မှာ မဟုတ်လား။ ရှင် ရွှမ်ဝူမြို့ကိုသွားတာ ကျွန်မအစ်ကိုကို သတ်ဖို့သွားမှာ မဟုတ်ဘူးလား။ ရှင်က ကျွန်မအစ်ကိုနဲ့ စေ့စပ်ထားတဲ့သူ တစ်ယောက်ပါ။ သူ့ကို လက်ထပ်ရတာ ရှင့်အတွက် ဂုဏ်ယူစရာ ဖြစ်မှာပဲ။

ရှင်က ကျွန်မကို ဒီရွှေရောင်နန်းတော်ထဲမှာ တသက်လုံး ပိတ်လှောင်ထားခဲ့တယ်။ ကျွန်မအသက်ကို ကယ်ဖို့ နည်းမျိုးစုံကို သုံးခဲ့တယ်။ ကျွန်မ ရှင့်ကို ကျေးဇူးတင်ရမှာလား။ လိမ်ညာမှု၊ ဒါ အကြီးအကျယ် လိမ်ညာမှုပဲ။

ရှင်တို့က ကျွန်မရဲ့ သွေးမျိုးဆက်ကို လေ့လာနေကြတာပဲ။ ရှင်တို့က သူတော်ကောင်း ဟန်ဆောင်ထားကြတဲ့ သူရဲဘောကြောင်တဲ့သူတွေပဲ။ ရှင်တို့က ကျွန်မအစ်ကိုကို ကြောက်နေကြတာ။ ကျွန်မအစ်ကိုက အားနည်းတယ် ဆိုတာ ရှင်းလင်းနေတာပဲ။ ဒါပေမဲ့ ရှင်တို့ သူ့ကို ကြောက်နေတယ်။

ကျွန်မရဲ့ အဖေ အင်ပါယာကျန်းလီ သေသွားပြီဆိုပေမဲ့ သူက မရေတွက်နိုင်တဲ့ လူတွေရဲ့ ရင်ထဲမှာတော့ ထာဝရ ရှင်သန်နေအုံးမှာပဲ။ သူက နေမင်းကြီးလိုပဲ။ ပျက်စီးဆုံးရှုံးသွားခဲ့ပြီဆိုရင်တောင် လောကကြီး တစ်ခုလုံးကို အလင်းပေးထားဆဲပဲ။ တော်ဝင်ရန်အင်ပါယာနဲ့ တခြားသဘာဝလွန် အင်အားစုတွေက လောကရဲ့ယဉ်ကျေးမှုကို ပိတ်ဆို့ထားပြီး အသိဉာဏ်မဲ့တဲ့လူတွေကို ကျွန်ပြုထားတယ်။

ကျွန်မရဲ့အဖေ၊ အင်ပါယာ ကျန်းလီ ကွယ်လွန်ပြီးတဲ့နောက်မှာ လောကကြီးက အမှောင် ကျသွားခဲ့တယ်။ အခု ကျွန်မရဲ့အစ်ကို ရှမ့်လန်က နေမင်းကြီး မဟုတ်သေးဘူး။ လမင်းလေးတစ်စင်းပဲ ရှိတယ်။ လမင်းတောင် လခြမ်းလေး တစ်ခုလိုပဲ။ ဒါပေမဲ့ ရှင်တို့က သူ့ကို အကြီးအကျယ် ကြောက်နေကြပြီ။

တော်ဝင်ရန်ရဲ့ အမြင့်မြတ်ဆုံးသော အင်ပါယာက လောကတစ်ဝက်နီးပါးရှိတဲ့စစ်တပ်ကိုစုစည်းပြီး ကျွန်မ အစ်ကိုကို သတ်ဖို့လုပ်နေတယ်။ ဒါ ရှင်တို့ရဲ့အစွမ်းလား။ မှန်တယ်။ ရှင်တို့က အရမ်းအားကောင်းတယ်။ ဒါပေမဲ့ ကျွန်မရဲ့ နှလုံးသားထဲမှာ ရှင်တို့က သူရဲဘောကြောင်တဲ့သူတွေပဲ။ အင်ပါယာ ဘယ်မှာလဲ။ အင်ပါယာ ဘယ်မှာလဲ။”

ကျိရွှမ်က မင်းသမီးလေး ကျိနင်ကို စကားတစ်ခွန်မှ မဆိုချေ။ မင်းသမီးလေးက အသက်နှစ်ဆယ်ကျော်ပြီ ဖြစ်သော်လည်း သူမ၏ ကျန်းမာရေး ချို့တဲ့မှုကြောင့် အသက် ၁၅ နှစ်၊ ၁၆ နှစ် အရွယ်သာ ရှိပုံပေါ်၏။ သူမက ဘာမှ မသိသလို ထင်ရသော်လည်း သူမ၏ နှလုံးသားထဲတွင် အရာအားလုံးကို သိနေသည်။

ကျိရွှမ်က ညင်သာစွာပြော၏။ “ညီမလေး... မင်းပင်ပန်းနေပြီ။ အိပ်ချိန်တန်ပြီ။”

“အိပ်ရမယ် ဟုတ်လား။ ကျွန်မ အသက်ရှင်နေတုန်း ဘာလို့အိပ်ရမှာလဲ။ သေသွားရင် ထာဝရ အိပ်စက်ရမှာပဲ မဟုတ်လား။”

မင်းသမီးလေး ကျိနင်က လှောင်ပြုံး ပြုံးလိုက်သည်။

“ကျွန်မ အိပ်ရတာ မလုံလောက်သေးဘူးလား။ ဒီတစ်ခါ ကျွန်မအစ်ကိုကို သတ်နိုင်မယ်လို့ ရှင် ထင်နေတာလား။ ကျွန်မက သေလုနီးပါးဖြစ်ခဲ့ပေမဲ့ ကျွန်မ မသေဘူး။ ကျွန်မအသက်ရှင်နေပြီး ရှင်တို့ကို စောင့်ကြည့်နေအုံးမှာ။”

ကျိရွှမ်က မင်းသမီးလေး၏ ဦးခေါင်းနောက်ကို အသာပင် ပွတ်သပ်ပေး၏။ မင်းသမီးလေး၏ လှပသည့် မျက်လုံးများက မတောင့်ခံနိုင်တော့ပေ။ တဖြည်းဖြည်းနှင့် မျက်လုံးမှိတ်ကျသွား၏။ တဖြည်းဖြည်းနှင့် သူမက နှစ်ခြိုက်စွာ အိပ်ပျော်သွား၏။

“ကျွန်မ ရှင်တို့အားလုံးကို အထင်သေးတယ်။ ကျိမျိုးနွယ် တစ်ခုလုံးကို အထင်သေးတယ်။”

............................

မင်းသမီးလေး ကျိရွှမ်က ဖုန်မှုန့်ကင်းစင်သည့် နန်းဆောင်မှ တိတ်တဆိတ်ထွက်ခွာသွား၏။ သူမက တောက်ပ ခန့်ညားပြီး မြင့်မြတ်သည့်ခန်းမကြီးတစ်ခုရှေ့သို့ ရောက်ရှိလာသည်။

“သူကို့ သွားပြီးသတ်လိုက်‌တော့။ သူ့ရဲ့နောက်လိုက် အားလုံးကိုလည်း သတ်ပစ်လိုက်။ အမြစ်ပြတ် သုတ်သင်လိုက်တော့။” အသံကျယ်ကြီး တစ်ခုက ထွက်ပေါ်လာ၏။

“နားလည်ပါပြီ။” ကျိရွှမ်က ပြန်ပြောလိုက်သည်။

ပြီးနောက် သူမက ချက်ချင်းပဲ ဂျိုတစ်ချောင်းပါသည့် မြင်းဖြူကြီးပေါ်သို့ ခုန်တက်၏။ ထိုမြင်းက သာမန်စစ်မြင်းများထက် အဆပေါင်းများစွာ ပိုမိုကာ မြန်ဆန်၏။

“အမိန့်တော်ကို ကြေညာလိုက်.... ကောင်းကင်ပင်လယ်နန်းဆောင်၊ စေတီတောင်၊ ရှန့်ကုန်းဘုရားကျောင်း၊ ကောင်းကင်အပြစ်ပေးမှုနန်းဆောင်၊ ကောင်းကင်ကွပ်မျက်ခြင်းနန်းဆောင်၊ ကျောက်စိမ်းဖြူမြို့... သဘာဝလွန် အင်အားစု ခြောက်ခုက သူတို့ရဲ့ အထူးတိုက်ခိုက်ရေးတပ်တွေကိုလွှတ်ပြီး ကျန်းလီရဲ့သားနဲ့ ကျန်ရှိနေတဲ့ နောက်လိုက်တွေကိုသတ်ဖြတ်ပစ်ရမယ်”

All Chapters