အခန်း (၇၇၃-၇၇၄)
Vol. 48 Ch. 773-774
အပိုင်း (၇၇၃)
ဝှစ် ဝှစ် ဝှစ် ....။
ကောင်းကင်အောက်မှ သဘာဝလွန်အင်အားစုများ၊ မရေတွက်နိုင်သည့် ထိပ်တန်းသိုင်းပညာရှင်များနှင့် ဂိုဏ်းချုပ်ကြီးများက လူ့လောကဆီသို့ မိုးရေစက်များအဖြစ် ဆင်းသက်လာခဲ့ကြ၏။ သူတို့က ရွှမ်ဝူမြို့ဆီသို့ အရှိန်အဟုန်နှင့် ချီတက်နေကြ၏။ ကျန်းလီ၏သားကို သတ်ဖြတ်ရန်နှင့် လောကကြီး၏ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်ရန်ပင်။
တော်ဝင်ရန်နိုင်ငံ၏ အင်ပါယာက အားနည်းလွန်းသည့် ရှမ့်လန်ကို ကိုင်တွယ်ရန် လောကတစ်ဝက်လောက် ရှိသော စစ်အင်အားကို အလုံးအရင်းနှင့် စုစည်းရန် လိုအပ်နေသည်လား။ အစစ်အမှန်အားဖြင့် မလိုအပ်ချေ။ အင်ပါယာ၏ မူဝါဒသစ်က အကောင်အထည် ဖော်ပြီးကာစသာ ဖြစ်ပြီး သူက အခွင့်အရေးကို အရယူပြီး တစ်လောကလုံးကို စုစည်းရန် ပြင်ဆင်နေခြင်းပင်။
သို့သော်ငြား တချို့သောနိုင်ငံများက လိမ္မာယဉ်ကျေးစွာ နာခံမှု မရှိကြချေ။ ဥပမာအားဖြင့် ရွှဲ့ပြည်နယ်၏ ဘုရင် နင်ယွမ်ရှန်းနှင့် ချောင်ပြည်နယ်မှ လူငယ်ဘုရင်တို့ကဲ့သို့သော လူများပင်။ ထို့ကြောင့် ဤအချိန်မှာတော့ သူက အကြောင်းပြချက်တစ်ခုကို လိုအပ်၏။ သူက ရန်သူတစ်ဦးကို ဖန်တီးရန် လိုအပ်နေ၏။ ထိုအမည်နာမကို အသုံးပြု၍ မနာခံသည့် နယ်စားပယ်စား အားလုံးတို့ကို သုတ်သင်ပစ်ရမည်။
................
ကျန်းလီ၏ သားဖြစ်သူ ရှမ့်လန်က အကောင်းဆုံးသော အသုံးချစရာ အမည်နာမတစ်ခု ဖြစ်ခဲ့၏။ ထိုသို့ဆိုလျှင် အင်ပါယာက ရှမ့်လန်ကို အလေးနက်ထားသည်လား။ အဖြေက ဟုတ်သည်လည်း မဟုတ်၊ မဟုတ်သည်လည်း မဟုတ်ပေ။
သူက ရှမ့်လန်ကို လူပုဂ္ဂိုလ်အရ အလွန်အမင်း အလေးအနက် မထားပေ။ ရှမ့်လန်က နတ်ဆိုးတစ်ပါးကဲ့သို့ ဉာဏ်ကြီးသည် ဆိုသော်လည်း အကြွင်းမဲ့ အာဏာ၏ရှေ့တွင် ထိုဉာဏ်ကြီးသည် ဆိုသည့် အကြောင်းအရာက ဘာမှမဟုတ်ချေ။
သို့သော်ငြား အင်ပါယာက ရှမ့်လန်၏ ဖြစ်တည်မှုနှင့် အဆင့်အတန်းကို တကယ်ပဲ အရေးထား၏။ တစ်ဖက်လူက ကျန်းလီ၏သား မဟုတ်ပါလား။ အင်ပါယာက ဤလောကကြီး၏ နေမင်းကဲ့သို့ ဖြစ်လိုသော်လည်း လူများ၏ နှလုံးသားထဲတွင် ကျန်းလီကသာ နေမင်းကြီး ဖြစ်၏။
ကျန်းလီတွင် မျိုးဆက်မရှိပါက ကိစ္စမရှိသော်လည်း ယခု ထူးချွန်ထက်မြက်သည့် မျိုးဆက် ရှိနေ၏။ မရေတွက်နိုင်သည့် လူများက ထိုအလင်းရောင်ဆီသို့ မီးကိုတိုးသည့် ပိုးဖလံများကဲ့သို့ပင် တိုးဝှေ့လာခဲ့ကြ၏။ ထိုအရာက သစ္စာခံရန်ပင်။ ထာဝရ မှောင်မိုက်နေသည့် ညဦးယံတွင် ထွန်းလင်းတောက်ပလာသည့် အလင်းတိုင်တစ်ခုကဲ့သို့ ဖြစ်ပြီး အမှောင်ထဲတွင် ဤအလင်းရောင်က တစ်ခုတည်းသော ဦးတည်ချက် ဖြစ်လာခဲ့၏။
ရှမ့်လန်၏ ဂုဏ်သတင်းက အစတည်းက မကောင်းပေ။ မှူးမတ်များ၊ မြို့စားများနှင့် သာမန်ပြည်သူများကလည်း သူ့အပေါ် ရွံ့ရှာမုန်းတီးမှုကို ပြသခဲ့၏။ သူက လယ်သမားတစ်ဦး၏ သားဖြစ်သော်လည်း အဘယ်ကြောင့် ဤသို့ ထိန်းမနိုင်သိမ်းမရ မောက်မာခွင့် ရှိနေရသနည်း။
သို့ပေမည့် သူ၏ ဖြစ်တည်မှု အမှန်တရား ပေါ်ပေါက်လာသည်နှင့် အရာအားလုံးက ပြောင်းလဲသွားသည်။
လယ်သမားတစ်ဦး၏ သားက အဘယ့်ကြောင့် ဤမျှမောက်မာနေခဲ့ရသနည်း။ အဘယ့်ကြောင့် မြို့စားကြီး သမီး ဖြစ်သော ကျင်းမူလန်က သူမ ယောက်ျားကို အလွန်အမင်း ပြုစု ယုယနေရသနည်း။ အဘယ့်ကြောင့် လောကအပေါ် ကြည့်ရှုသည့် သူ၏အကြည့်များက မိုးပေါ်မှ ကြည့်သည့်အကြည့်များကဲ့သို့ ဖြစ်နေရသနည်း။
ထိုအရာက သွေးမျိုးဆက်။ တော်ဝင်သွေးမျိုးဆက်။ နိမ့်ကျသည့်နေရာတွင် နေထိုင်နေရသော်လည်း ပတ္တမြား မှန်သောကြောင့် အရောင်ထွက်ခဲ့ခြင်းပင်။
ရှမ့်လန်၏ အားနည်းချက် ဟူသမျှက အားသာချက် ဖြစ်လာ၏။ ပေါ့ပျက်ပျက် နေထိုင်မှုက ထူးခြားသည့် အကြောင်းအရာ ၊ အရှိန်အဝါမျိုး ဖြစ်လာခဲ့ပြီး၊ သူ၏ ရက်စက်လွန်းသည့် အပြုအမူကလည်း ပြတ်သားသည့် ဆုံးဖြတ်ချက် ဖြစ်လာ၏။ အတိုချုပ် ပြောရမည်ဆိုလျှင် သူနှင့် ပတ်သက်သည့် အရာအားလုံးက မှားယွင်းနေသည် ဆိုလျှင်တောင်မှ မှန်ကန်သွား၏။
သူ၏နှိပ်စက်မှုကို ခံခဲ့ရသည့်သူများပင်လျှင် ယခုအချိန်တွင်တော့ ဂုဏ်ယူဝင့်ကြွား နေခဲ့ကြ၏။ အင်ပါယာကျန်းလီ၏ သားနှင့် ပြဿနာတက်ဖူးခြင်း။ ကြီးမားသည့် ဂုဏ်ရှိန်မျိုးပင်။ သို့သော်ငြား ထိုသူတို့က ယခုတော့ ဝပ်တွားခယကြသည်။
ထို့ကြောင့် အင်ပါယာက ဤကိစ္စကို အကြီးအကျယ် ချဲ့ကားပြီး ရှမ့်လန်၏ အင်အား မတောင့်တင်းမီ အမြစ်ဖြတ် သုတ်သင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
...........
သူတို့က နယ်နိမိတ် စည်းခြားမှု အားလုံးကို လျစ်လျူရှုလိုက်၏။ မရေတွက်နိုင်သည့် စစ်သည်တော်များက ရွှဲ့ပြည်နယ်ကြီးကို တောင်မှမြောက်ထိ ဝန်းရံပိတ်ဆို့ ထားလိုက်ကြသည်။
“ကောင်းကင်ယံက တောက်ပတဲ့ နေမင်းကြီးက တစ်လောကလုံးကို အလင်းပေးလိမ့်မယ်။ ချီတက်ကြ။”
အမိန့်အတိုင်းပင် တစ်လောကလုံးရှိ စစ်အင်အား ထက်ဝက်ခန့်က ချောင်ပြည်နယ်နှင့် ဝူပြည်နယ်တို့၏ နယ်စပ်မှ တဆင့် ကမ်းရိုးတန်းဆီသို့ ရိုက်ခတ်လာသည့် ဆူနာမီ မုန်တိုင်းကြီးကဲ့သို့ပင် ရွှဲ့ပြည်နယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာခဲ့၏။
ရက်အနည်းငယ်အတွင်း တုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းသည့် စစ်တပ်ကြီးက ရွှဲ့ပြည်နယ်၏ မြို့တော်ကို ဝန်းရံထားလိုက်၏။ ထိုစစ်တပ်ကြီး၏တပ်မှူးက ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံမင်းသား၊ ကျန်းလီ၏ တပည့်ဟောင်း နှင့် ရင်ကွမ်း၏ သားဖြစ်သူ ရင်ဝူမင် ပင် ဖြစ်သည်။
ရွှဲ့ပြည်နယ်၏ မြို့တော်က ကာကွယ်ရန် အင်အား မရှိတော့ချေ။ မြို့တံခါးလေးခုစလုံး ပွင့်သွားခဲ့ပြီး အင်ပါယာ၏ မဟာမိတ်တပ်များက ထျန်းရွှဲ့မြို့အတွင်းသို့ ချီတက်ဝင်ရောက်ကာ နန်းတော်ကြီးကို ဝိုင်းပတ်ထား၏။ ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံမင်းသား ရင်ဝူမင်က နန်းတော်ထဲသို့ ရဲရဲဝံ့ဝံ့နှင့် လျှောက်လှမ်း ဝင်ရောက်လာ၏။
ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေပြီဖြစ်သော ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက နန်းပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေ၏။ နန်းတွင်းမှူးမတ် များစွာတို့က ထွက်ပြေးမသွားကြချေ။ သို့သော်ငြား အမှန်တိုင်း ပြောရမည်ဆိုလျှင် မှူးမတ်ထက်ဝက်ကျော်တို့ကတော့ ညီလာခံသို့ တက်ရောက်နေဆဲပင်။
အင်ပါယာ၏ စစ်သည်အလုံးအရင်းနှင့် ရင်ဆိုင်နေရသည် ဆိုလျှင်တောင်မှ ရွှဲ့ပြည်နယ်တို့၏ မှူးမတ် ထက်ဝက်ကျော်က ဘုရင့်ညီလာခံဆီသို့ တက်ရောက်နေကြဆဲဟု ပြောလျှင် ပို၍ မှန်ပေမည်။ ယခင်က မင်းနှင့် အမှုထမ်းတို့ကြားတွင် ပဋိပက္ခများ ရှိခဲ့သော်လည်း ယခုအချိန်တွင်တော့ အရာအားလုံးက နယ်ပယ်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့သည့် ပုံပင်။
သူတို့က သူတို့၏ လုပ်ရပ်များနှင့် ရပ်တည်ချက်ကို ထုတ်ဖော်ပြသခဲ့၏။ အနည်းဆုံးတော့ ဤအချိန်တွင်တော့ သူတို့က အရှင်မင်းကြီးနှင့်အတူ ရှိနေကြသည်။
‘အရှင်မင်းကြီး.. ရွှဲ့ပြည်နယ်မှာ သစ္စာရှိတဲ့ အမှုထမ်းတွေ မရှိဘူးလို့ မပြောပါနဲ့။ အမှုထမ်းတွေက ပြည့်တန်ဆာလိုပဲလို့လည်း မပြောပါနဲ့တော့။’
……………
စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရင်ဝူမင်က ရွှဲ့ဘုရင်၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး ဦးညွှတ်၏။ “ရွှဲ့ဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်။”
နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။ “ဘာကိစ္စပါလဲ။”
“အရှင်မင်းကြီး... အင်ပါယာရဲ့ အမိန့်တော်ပါ။” ရင်ဝူမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
နင်ယွမ်ရှန်းက တုန်တုန်ချိချိနှင့် ထရပ်၏။ မှူးမတ်အားလုံးကလည်း ဒူးထောက်လိုက်ကြသည်။
ရင်ဝူမင်က ပြော၏။ “ကောင်းကင်ဘုံရဲ့ အလိုတော်အရ အင်ပါယာက ကျန်းလီရဲ့သားဖြစ်သူ ရှမ့်လန်ကို တော်ဝင်အင်ပါယာရဲ့ ဘုံရန်သူဖြစ်ကြောင်း ကြေညာလိုက်တယ်။ လောကမှာရှိတဲ့ ဘုရင်မင်းမြတ် အားလုံးတို့က သူ့ကို နှိမ်နင်းဖို့ တာဝန်ရှိတယ်။”
ရင်ဝူမင်က ထိုအမိန့်နှင့်အတူ နိုင်ငံအသီးသီးသို့ သွားခဲ့ပြီး ဘုရင်အားလုံးတို့အား အထက်စီးမှ ဆက်ဆံခဲ့၏။ ချောင်ပြည်နယ်၏ ဘုရင်အသစ်က အင်အားတောင့်တင်းသော်လည်း တစ်ရက်အတွင်း အရှုံးပေးခဲ့ရ၏။ အင်ပါယာ၏ စစ်တပ်ကြီးအား နယ်စပ်ကို ဖြတ်ကျော်ခွင့်ပေးခဲ့ရုံသာမက စစ်သည် တစ်သိန်းကိုပင် အင်ပါယာ မဟာမိတ်တပ်ထံ ပူးပေါင်းစေခဲ့ရသည်။
ရင်ဝူမင်၏ ရည်ရွယ်ချက်က ရိုးရှင်း၏။ ‘ရွှဲ့ဘုရင်... အခု ခင်ဗျားအလှည့်ပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ခင်ဗျားက ကျန်းလီရဲ့ နောက်လိုက်တစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျန်းလီက ရုတ်တရက် သေဆုံးသွားပြီးတဲ့နောက်မှာ ခင်ဗျားက ဒူးထောက် အလျှော့ပေးခဲ့ရတယ်။ ခင်ဗျားရဲ့ နန်းပလ္လင်ကို ကာကွယ်ဖို့ ကျူးမိသားစုကို အကူအညီ တောင်းခဲ့ရသေးတယ်။ ခင်ဗျားက တစ်ခါ ဒူးထောက်ခဲ့ပြီးပြီပဲ။ ဒါကြောင့် နောက်တစ်ခါ ထပ်ပြီး ဒူးထောက်ဖို့ ဘာမှ ခက်ခဲမှာ မဟုတ်တော့ဘူး။ လူဆိုတာ တစ်ခါ ဒူးထောက်ပြီးရင် နေသားကျသွားတတ်တာပဲ မဟုတ်လား။’
နင်ယွမ်ရှန်းက သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်စဉ်မှာပင် ရှမ့်လန်ဆီမှ ရရှိဖူးသည့် စာလွှာတစ်စောင်ကို သတိရသွား၏။ ယောက်ျားတို့၏ ဒူးက ရွှေဖြင့် သွန်းလုပ်ထားသည် ဆိုသော်လည်း ရွှေက ပျော့ပြောင်းသော သတ္တုတစ်မျိုး ဖြစ်သောကြောင့် အမျိုးသားတစ်ဦး အနေနှင့် ဒူးထောက်ရခြင်းက သဘာဝပင်။ ထိုအဓိပ္ပာယ် ဖြစ်သည်။
“ဟား ဟား ဟား ဟား...” နင်ယွမ်ရှန်းက မရယ်ဘဲ မနေနိုင်တော့ချေ။
ရင်ဝူမင်က မေး၏။ “ရွှဲ့ဘုရင်... ဘာများ ရယ်စရာ ရှိလို့လဲ။”
နင်ယွမ်ရှန်းက ပြောသည်။ “ဘာမှ မဟုတ်ပါဘူး။ တစ်ယောက်ယောက် ပြောခဲ့တဲ့ စကားလေး တစ်ခွန်းကို သတိရသွားလို့ပါ။”
ရင်ဝူမင်က ပြုံးကာ ပြော၏။ “ကျုပ်ကို ပြောပြလို့ မရဘူးလား။”
နင်ယွမ်ရှန်းက ပြော၏။ “ယောက်ျားတစ်ယောက်ရဲ့ ဒူးက ရွှေနဲ့ လုပ်ထားတာမို့ တန်ဖိုးရှိတယ် ဆိုတဲ့အကြောင်းကို ခင်ဗျား ကြားဖူးလား။”
ရင်ဝူမင်က ဖြေသည်။ “ကြားဖူးတာပေါ့။”
နင်ယွမ်ရှန်းက ထပ်မေးလိုက်၏။ “ဒါပေမယ့် ရွှေဆိုတာ ပျော့ပြောင်းတဲ့အတွက် ယောက်ျားတစ်ယောက် ဒူးထောက်တာက သဘာဝပဲတဲ့။ အဲဒီစကားကို ဘယ်သူပြောခဲ့တယ် ဆိုတာ ခင်ဗျား သိလား။”
ရင်ဝူမင်က မေးလိုက်သည်။ “ဘယ်သူလဲ။ ဒီလို ရယ်စရာကောင်းပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ စကားမျိုးကို ဘယ်သူက ပြောခဲ့တာလဲ။”
နင်ယွမ်ရှန်းက ဖြေလိုက်၏။ “ရှမ့်လန်ပေါ့။”
ရင်ဝူမင်၏ မျက်လုံးများက အေးစက်သွားသည်။ “ဪ... သူကိုး။”
နင်ယွမ်ရှန်းက ဆိုလိုက်၏။ “အိမ်ရှေ့စံမင်းသားရင်... ဒီလို လူရှုပ်လူပွေ တစ်ယောက်က အင်ပါယာကျန်းလီရဲ့ သား ဖြစ်နိုင်ပါ့မလား။ ကျုပ် သူ့ကို သိလာခဲ့တာ ကြာပြီ။ သူက အဲလိုလူမျိုး မဟုတ်ဘူး။ အင်ပါယာကျန်းလီက ဒီလောက် ပညာရှိတာ။ ဘယ်လိုလုပ် ဒီလို လူရှုပ်တစ်ယောက်ကို မွေးဖွားနိုင်မှာလဲ။”
ရင်ဝူမင်က ဤမေးခွန်းကို အဖြေမပေးနိုင်ခဲ့ချေ။
“ရွှဲ့ဘုရင်... စကားကို ဆင်ခြင်ပြီး ပြောပါ။ အင်ပါယာကျန်းလီက ပုန်ကန်သူ တစ်ယောက်ပဲ။”
နင်ယွမ်ရှန်းက ပြောသည်။ “ရှမ့်လန်က ကျုပ်ကို စကားတစ်ခွန်း ပြောဖူးတယ်။ ဒါက မျိုးရိုးဗီဇ ပြောင်းလဲမှုတဲ့။ ဒါပေမယ့် သူ့ရဲ့ ပြောင်းလဲမှုကတော့ အရမ်းကြီး ပြင်းထန်လွန်းတယ်။ ဒီလူယုတ်မာလေးကို အင်ပါယာ ကျန်းလီရဲ့ တစ်ဦးတည်းသော အမွေဆက်ခံခွင့်ရတဲ့သူ ဖြစ်ခွင့်ပေးခဲ့တာ။ နတ်ဘုရားတွေက မျက်စိကွယ်နေတာပဲ ဖြစ်ရမယ်။”
မှူးမတ်များက တိတ်ဆိတ်နေ၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း နောက်ထပ် ဘာပြောဦးမည်ကို သူတို့ မသိကြချေ။
နင်ယွမ်ရှန်းက ဆက်ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ဘာဖြစ်ခဲ့လဲ။ ကျုပ်က အင်ပါယာကျန်းလီရဲ့ နောက်ကို လိုက်ခဲ့တယ်။ သူ့သား မမွေးခင်တည်းက ကျုပ်ရဲ့သမီး နင်ဟန်နဲ့ စေ့စပ်ပေးခဲ့တယ်။ သူက တော်ဝင်ရန်အင်ပါယာနဲ့ စစ်စတင်တဲ့အချိန်မှာ ကျုပ်က သူ့ကို စိတ်ဝင်တစား မေးမြန်းခဲ့တယ်။ အင်ပါယာကျန်းလီ... ရွှဲ့ပြည်နယ်က စစ်တပ်တွေစေလွှတ်ပေးဖို့ လိုသလားပေါ့။ အဲတုန်းက အင်ပါယာကျန်းလီ က မောက်မောက်မာမာနဲ့ ပြန်ဖြေခဲ့တယ်။ မလိုဘူးတဲ့။”
ထိုစဉ်တုန်းက အင်ပါယာကျန်းလီက ခြင်္သေ့တစ်ကောင်အလား အရှိန်အဝါ ကြီးခဲ့၏။ ရွှဲ့ပြည်နယ်၏ စစ်တပ် အကူအညီကို မလိုအပ်ချေ။ သူက တစ်လောကလုံးကို တစ်ယောက်တည်းနှင့် အနိုင်တိုက်နိုင်သည့် လူစားမျိုး ဖြစ်၏။
ရင်ဝူမင်က မည်သည့်စကားမှ မဆိုချေ။
……
နင်ယွမ်ရှန်း၏ခန္ဓာကိုယ်က တုန်ယင်နေ၏။ သူ၏ နှုတ်ခမ်းများကိုပင် မထိန်းချုပ်နိုင်တော့ချေ။ ပါးစပ်ထောင့် ဆီမှ တံတွေးအချို့ပင် ထွက်လာပြီး သူက ပိုးလက်ကိုင်ပုဝါကို အသာထုတ်ကာ သုတ်သည်။
“အင်ပါယာကျန်းလီ ကွယ်လွန်ပြီးတဲ့ နောက်မှာ ကျုပ်က အရမ်း ထိတ်လန့်ခဲ့ရတယ်။ ကျုပ်ရဲ့ နန်းပလ္လင်က ပြီးဆုံးသွားခဲ့ပြီလို့ ထင်တယ်။ ရွှဲ့ပြည်နယ်ကလည်း အဆုံးသတ်သွားခဲ့ပြီလို့ ထင်တယ်။ ဒါကြောင့် ကျုပ်က ကျူးဟုန်ကျူးဆီကို သွားတယ်။ ပြီးတော့ သူ့ရဲ့ ရှေ့မှာ ဒူးထောက်ပြီး ကျုပ်ကို ကယ်တင်ပေးဖို့ တောင်းပန်ခဲ့ရတယ်။”
ထိုစကားကို ကြားချိန်မှာတော့ လူတိုင်းက မယုံကြည်နိုင်အောင် ဖြစ်နေ၏။ ထိုအချိန်တုန်းက ရွှဲ့ဘုရင်က ဘုရင်မင်းမြတ် ဖြစ်ပြီး၊ ကျူးဟုန်ကျူးက အမှုထမ်းသာ ဖြစ်၏။ ရွှဲ့ဘုရင်က ကျူးဟုန်ကျူး ရှေ့တွင် ဒူးထောက်ခဲ့သည် ဟူသော လျှို့ဝှက်ချက်ကို မည်သူကမှ မကြားခဲ့ကြဖူးချေ။
နင်ယွမ်ရှန်းက ဆက်ပြော၏။ “ဒါက ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက် တစ်ခုပဲ။ ကျူးဟုန်ကျူးကလည်း မပြောခဲ့ဘူး။ ကျုပ်ကလည်း မပြောခဲ့ဘူး။ ကျုပ် ဒူးထောက်ပြီးတဲ့နောက်မှာ ကျူးဟုန်ကျူးက တော်ဝင်ရန်အင်ပါယာက ကျူးမိသားစုကို စည်းရုံးပြီး ကျုပ်ရဲ့ နန်းပလ္လင်ကို ကာကွယ်ပေးခဲ့တယ်။ ကျူးဟုန်ကျူး က ကျုပ်ရဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး၊ ကျူးမိသားစုဝင်က ကျုပ်ရဲ့ မိဖုရား ဖြစ်လာခဲ့တယ်။ ကျုပ်က ကျုပ်ရဲ့ပထမဇနီးကို ကွာရှင်းပြီး နန်းချခဲ့တယ်။ ဒါက ကြီးမားတဲ့ အရှက်ကွဲမှု တစ်ခုပဲ မဟုတ်လား။
အခုတော့ ကျုပ် နားလည်သွားပြီ။ အဲဒီတုန်းက ဒူးထောက်ခဲ့ရတာ အရှက်ရစရာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါကို ဝန်ခံဖို့ မရဲတာ၊ ပြန်ပြောဖို့ မဝင့်ရဲတာကမှ တကယ့် အရှက်ရစရာ ဖြစ်ခဲ့တာ။ တချို့လူတွေက ပြောတယ်။ လူတစ်ယောက်က ခါးကျိုးပြီးသွားရင် ဘယ်တော့မှ ပြန်ပြီး မတ်မတ်မရပ်နိုင်တော့ဘူးတဲ့။ လူတစ်ယောက်က ဒူးထောက်ဖူးရင် သူ မတ်တပ်ရပ်နေရင်တောင် လူတိုင်းက သူ ဒူးထောက်နေတယ်လို့ပဲ ထင်ကြလိမ့်မယ်တဲ့။
ရှမ့်လန်က ကျုပ်ကို အဲဒါကို မေ့ပစ်လိုက်ဖို့ ပြောခဲ့ဖူးတယ်။ ဒူးထောက်ရတာက မတ်တပ်ရပ်ရတာထက် အညောင်းသက်သာတယ်လို့တောင် ပြောခဲ့သေးတယ်။ ဒါက အဓမ္မ စကားပဲ။ ဒီလို လူယုတ်မာလေးက အင်ပါယာကျန်းလီရဲ့ တစ်ဦးတည်းသော အမွေခံ ဖြစ်နေရမယ်တဲ့လား။ ကောင်းကင်ဘုံက တကယ့်ကို မျက်စိကန်း နေတာပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အမှုထမ်းတွေက ရှင်ဘုရင်ကို ရွေးချယ်ခွင့် မရှိဘူး။ နန်းတွင်းက အမှုထမ်းတွေလိုပေါ့။
ခင်ဗျားတို့လည်း ကျုပ်လို ကျေးဇူးကန်းတဲ့ ဘုရင်တစ်ယောက်နှင့် မပတ်သက်ချင်ကြဘူး မဟုတ်လား။ ကျုပ် နင်ယွမ်ရှန်းက အသိဉာဏ်ကင်းမဲ့တဲ့ ဘုရင်တစ်ယောက် မဟုတ်ပေမဲ့ ဒီအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုခဲ့တာပါ။ အဲဒီတုန်းက ကျုပ် ဒူးထောက်ခဲ့တယ်။ အရှုံးပေးခဲ့တယ်။ အလျှော့ပေးခဲ့တယ်။ ကျုပ်ရဲ့ ခါးက ကျိုးခဲ့တယ်။ ဒါပေမယ့် ကျုပ် ဒါကို နေသားမကျဘူး။ ကျုပ် ပြန်ပြီး မတ်တပ်ရပ်ချင်တယ်။
ဒါကြောင့်... အင်ပါယာရဲ့ သံတမန်နှင့် မှူးမတ်ထက်ဝက်တို့ရဲ့ ရှေ့မှောက်မှာပဲ ကျုပ် နင်ယွမ်ရှန်းက အခု ထီးနန်းကို တရားဝင်စွန့်ကြောင်း ကြေညာလိုက်တယ်။ ဒီအချိန်ကစပြီး ကျုပ် နင်ယွမ်ရှန်းက ရွှဲ့ပြည်နယ်ရဲ့ ဘုရင် မဟုတ်တော့ဘူး။ အိမ်ရှေ့စံမင်းသား နင်ကျန်းက အခုကစပြီး ရွှဲ့ပြည်နယ်ရဲ့ ဘုရင်ပဲ။”
နင်ကျန်းက ရှေ့ကို တက်လာ၏။ ပြီးနောက် ဦးကိုညွှတ်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ အရှင်မင်းကြီး။”
နင်ယွမ်ရှန်းက ပြော၏။ “မှူးမတ်တွေ... မင်းတို့ရဲ့ ဘုရင်အသစ်ကို အရိုအသေ မပေးကြတော့ဘူးလား။”
မှူးမတ်အားလုံးက တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။ “အရှင်မင်းကြီးကို နှုတ်ခွန်း ဆက်သပါတယ်။”
ရွှဲ့ဘုရင်အသစ် နင်ကျန်းက မိန့်ကြားလိုက်၏။ “ထကြပါ။”
အပိုင်း (၇၇၄)
နင်ယွမ်ရှန်းက တုန်တုန်ချိချိနှင့် ဘုရင့်သရဖူကို နင်ကျန်း၏ ဦးခေါင်းပေါ်သို့ တင်ပေး၏။ ပြီးနောက် ဘုရင့်ဝတ်ရုံကို ချွတ်ပြီး သာမန်ဝတ်စုံကို လဲလိုက်လေတော့၏။
နင်ယွမ်ရှန်းက ကျယ်လောင်စွာ အော်လိုက်သည်။ “နင်ယွမ်ရှန်းက အင်ပါယာရဲ့ အမိန့်တော်ကို ဖီဆန်တယ်။”
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့ကြ၏။
နင်ယွမ်ရှန်းက ထပ်ပြော၏။ “ရှမ့်လန်ဆိုတဲ့ အဲဒီ လူယုတ်မာလေးက အင်ပါယာကျန်းလီရဲ့ သား ဖြစ်နေတယ်တဲ့လား။ ဒါပေမယ့် လူတွေက သူတို့ရဲ့ အရှင်သခင်ကို ရွေးချယ်ခွင့် မရှိကြဘူး။”
နင်ယွမ်ရှန်းက ရွှမ်ဝူမြို့၏အရှေ့ဘက်ဆီသို့ မျက်နှာမူကာဖြင့် ဒူးထောက်လိုက်သည်။ “အင်ပါယာ... ကျုပ် နင်ယွမ်ရှန်းက အင်ပါယာကို ဂါရဝပြုပါတယ်။ အရှေ့လောက တစ်ခုလုံးမှာ ကျုပ် နင်ယွမ်ရှန်းက အရှင်သခင် တစ်ဦးတည်းကိုပဲ အသိအမှတ်ပြုခဲ့တယ်။ အဲဒါက အင်ပါယာကျန်းလီပါပဲ။ အင်ပါယာကျန်းလီ ကွယ်လွန်ပြီးတဲ့နောက်မှာ ကျုပ်က သူ့ရဲ့သားကို အသိအမှတ်ပြုပါတယ်။ အခုကစပြီး ရှမ့်လန်က ကျုပ် နင်ယွမ်ရှန်းရဲ့ အရှင်သခင် ဖြစ်ပါတယ်။”
ပြီးနောက် နင်ယွမ်ရှန်းက မြေပြင်ပေါ်တွင် ဝပ်ဆင်းပြီး ဦးတိုက်လျက် ရှိနေ၏။
‘လူယုတ်မာလေး.. မင်း ငါ့ရှေ့မှာ ဒူးထောက်တုန်းက တော်တော်လေးကို ပေါ့ပျက်ပျက် လုပ်ခဲ့တယ်။ အခု ငါ မင်းရှေ့မှာ ဒူးထောက်နေပြီ။ မင်းထက် ပိုပြီးတော့ အလေးအနက်ထားတယ်။’
ယောက်ျားတို့၏ ဒူးက ရွှေဖြင့် သွန်းလုပ်ထားသကဲ့သို့ တန်ဖိုးရှိသည်။
မှူးမတ်တို့က မင်သက်သွား၏။ သူတို့၏ မျက်နှာများက တည်ကြည်လေးနက်လျက် ရှိနေပြီး မျက်လုံးများကလည်း နီမြန်းနေ၏။ ဤအချိန်မှာတော့ သူတို့၏ မျက်လုံးထဲတွင် နင်ယွမ်ရှန်းက မြင့်မြတ်သည့် အဆင့်တစ်ခု ဆီသို့ ရောက်ရှိသွားခဲ့၏။ သူ၏ ယခင်က အမှားများ၊ ယခင်က ငြီးငြူခဲ့မှုများ၊ ယခင်က သိက္ခာကျခဲ့မှု အားလုံးက လေထဲတွင် လွင့်မျော ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ထိုအချိန်မှာတော့ နင်ယွမ်ရှန်းက သူတို့၏မျက်လုံးထဲ၌ ကြီးမြတ်သည့် ဘုရင်တစ်ပါး ဖြစ်လာခဲ့၏။ လူတစ်ယောက်က သူတို့၏ စံနမူနာ ပြုသူအတွက် အသက်ကို စတေးပစ်ရန် ဆန္ဒရှိလာသည့်အခါတွင် ကြီးမြတ်သူ ဖြစ်လာသည်။
ရင်ဝူမင်က နင်ယွမ်ရှန်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေ၏။ လူတစ်ယောက်က သေခြင်းတရားကို မကြောက်လန့်သည့် အချိန်တွင် ထိုသူကို ခြိမ်းခြောက်နိုင်သည့် အရာဟူ၍ မရှိတော့ချေ။
သူက နင်ကျန်းကို ကြည့်လိုက်၏။
“ရွှဲ့ဘုရင်ဟောင်းက အမိန့်တော်ကို ဖီဆန်ခဲ့တယ်။ ခင်ဗျားကကော ဘယ်လိုလဲ ရွှဲ့ဘုရင်သစ်။”
ရင်ဝူမင်က မေးမြန်းလိုက်သည်။ “ခင်ဗျားသာ အမိန့်တော်ကို ဆက်ပြီး ဖီဆန်မယ်ဆိုရင်တော့ ဒါ အင်ပါယာကို သစ္စာဖောက်မှု ပဲ။ ရွှဲ့ပြည်နယ် ပျက်စီးသွားလိမ့်မယ်။”
နင်ကျန်းက သူ၏ ဘုရင့်ဝတ်ရုံနှင့် သရဖူကို ဆင်မြန်း၏။ ပြီးနောက် နန်းပုလ္လင်ပေါ်၌ ဖြည်းညှင်းစွာ ထိုင်ချ၏။ သူက မှူးမတ်များကို တစ်ချက်ဝှေ့ကြည့်၏။ ပြီးနောက် ရင်ဝူမင်ကို ကြည့်သည်။
“ရွှဲ့ဘုရင်သစ်... အမိန့်တော်ကို နာခံမှာလား။” ရင်ဝူမင်က ထပ်မေး၏။ အကယ်၍ ရွှဲ့ဘုရင်သစ်သာ အမိန့်တော်ကိုဆက်ပြီး ဖီဆန်ပါက စစ်တပ်က ထျန်းရွှဲ့မြို့ကို ချက်ချင်းသိမ်းပိုက်မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ရွှဲ့ပြည်နယ် တစ်ခုလုံးကလည်း ပျက်စီးသွားပေလိမ့်မည်။
နင်ကျန်းက နင်ချီကိုကြည့်၏။ “တတိယအစ်ကို.. ရှေ့ကိုတိုးခဲ့။”
တတိယမင်းသား နင်ချီက ရှေ့ကိုတက်၏။ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။
နင်ကျန်းက ပြော၏။ “ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက တတိယအစ်ကိုက နှစ်နာရီလောက်ပဲ အိမ်ရှေ့စံလုပ်ပြီး နန်းချခံခဲ့ရတယ်။ ဒါက ကြီးမားတဲ့ အရှက်ကွဲမှုလို့ ခံစားရတယ်။ အခု ကျုပ် ရွှဲ့ဘုရင်ဖြစ်တာ သုံးမိနစ်ပဲ ရှိတယ်။ ခံစားရတာ အတော်လေး ကောင်းလိုက်တာ။”
ပြီးနောက် ရွှဲ့ဘုရင်သစ် နင်ကျန်းက ကြေညာလိုက်သည်။ “ရွှဲ့ပြည်နယ်ရဲ့ နန်းပုလ္လင်ကို ကျုပ်ရဲ့ တတိယအစ်ကို နင်ချီဆီ တရားဝင် လွှဲပြောင်းပေးအပ်ပါတယ်။”
နင်ကျန်းက သူ၏ ဘုရင့်ဝတ်ရုံကို ချွတ်၏။ ပြီးနောက် နင်ချီကို ဝတ်ဆင်ပေး၏။ ပြီးနောက် သရဖူကိုလည်း နင်ချီ၏ ဦးခေါင်းပေါ်သို့ တင်ပေးလိုက်၏။
“မှူးမတ်တို့... ခင်ဗျားတို့ရဲ့ ဘုရင်အသစ်ကို အရိုအသေပေးကြတော့။”
နင်ကျန်းက ရွှမ်ဝူမြို့ဘက်သို့ လှည့်ပြီး ဒူးထောက်သည်။ “နင်ကျန်းက အမိန့်တော်ကို ဖီဆန်ပါတယ်။ နင်ကျန်းက အင်ပါယာကျန်းလီနောက် လိုက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ အခု အင်ပါယာကျန်းလီ ကွယ်လွန်သွားပြီ ဖြစ်တဲ့အတွက် နင်ကျန်းက အင်ပါယာကျန်းလီရဲ့သား နောက်ကိုလိုက်မယ်။ ကျန်းလီရဲ့သား အရှင်ရှမ့်လန်ကို ကျုပ်ရဲ့အရှင်သခင်အဖြစ် ထာဝရ အလုပ်အကျွေး ပြုပါမယ်။”
နင်ယွမ်ရှန်းနှင့် နင်ကျန်းတို့က အရှေ့ဘက်ဆီသို့ မျက်နှာမူ၍ ဒူးထောက်လျက် ရှိနေကြ၏။
.............
မှူးမတ်တို့က သူတို့၏မျက်ရည်များကို မထိန်းချုပ်နိုင်ခဲ့တော့ပေ။ သူတို့က နင်ချီ၏ ရှေ့တွင် ဒူးထောက် လိုက်ကြသည်။ “အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်။”
သရဖူ ဆင်မြန်းထားခဲ့ရသည့် နင်ချီ၏ မျက်လုံးအိမ်မှာတော့ မျက်ရည်များဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်၏။ သူက တစ်ကိုယ်လုံး တုန်ယင်နေ၏။ ဤအချိန်မှာတော့ သူ၏ ကိုယ်ကျင့်တရားနှင့် သူ၏ နှလုံးသားတွင် အပေါက်များဖြင့် ပြည့်နှက်လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ဖခင်က သူ နန်းလုစဉ်က သူ့ကို မသတ်ခဲ့ပေ။ အဘယ်ကြောင့် နင်ကျန်းကလည်း သူ့ကို မသတ်ခဲ့ရသနည်း။ ဤအခိုက်အတန့်ကြောင့်ပင် ဖြစ်၏။
သူ့ဖခင် နင်ယွမ်ရှန်း၏ စကားကို သူ၏စိတ်ထဲတွင် ပြန်လည်ကာ ကြားယောင်လာ၏။ “မင်းအတွက်တော့ သိက္ခာမဲ့စွာနဲ့ အသက်ဆက်နေရတာ မလွယ်ကူဘူး။ မြစ်ရေက ရှေ့ကို စီးဆင်းသလို တစ်ခါတစ်ရံ အနောက်ဘက်ကိုလည်း စီးဆင်းတတ်တယ်။ ကောင်းကင်ကြီးတောင် ပြောင်းလဲသွားနိုင်တယ် ဆိုမှတော့ မင်းလည်း တစ်နေ့မှာ ပြန်ပြီး ပြောင်းလဲသွားနိုင်တယ်။
နင်ချီ... ငါတို့ မင်းကို မသတ်ခဲ့တာ။ မင်းအနေနဲ့ အစွန်းမရောက်စေဖို့။ နင်မျိုးနွယ်နဲ့ ရွှဲ့ပြည်နယ် ရှင်သန်နိုင်မယ့် ခြေရာတစ်ခုကို ချန်ထားနိုင်ဖို့ မျှော်လင့်ချက်နဲ့ပဲ။။ နင်ချီ... မင်းက မဆိုးပါဘူး။ ဒါပေမယ့် လူသားဆန်မှုတော့ အနည်းငယ် လိုအပ်နေသေးတယ်။”
နင်ချီက မည်သို့မှ ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဝပ်ဆင်းကာဖြင့် အော်ဟစ်ငိုကြွေး နေမိ၏။ သူက သူ အိပ်မက် မက်ခဲ့ဖူးသည့် နန်းပလ္လင်ကို ရရှိခဲ့၏။ သို့သော်ငြား ဤအရာက သူ အမှန်တကယ် လိုချင်သည့်အရာရော ဟုတ်ပါရဲ့လား။
အဘယ်ကြောင့် သူက လက်ရှိအချိန်တွင် ပျော်ရွှင်မှုကို မခံစားရဘဲ အဆုံးမဲ့သော နာကျင်မှုကို ခံစားနေရသနည်း။
သူ၏ ဖခင်၊ ထို့အပြင် သူ၏ ပဉ္စမမြောက်ညီတော်၊ နင်ချီက သူ၏ လက်သည်းများကို သူ၏ လက်ဖဝါးထဲသို့ စိုက်ဝင်အောင် လက်သီးကို ဆုပ်ထားမိ၏။ သူ၏ လက်ဖဝါးမှ သွေးများပင် စီးကျလာခဲ့၏။
“ကျုပ် အဖေနဲ့အတူ ဒီမုန်းတီးမှုကို မျှဝေခံစားပါ့မယ်။ အဖေ.. ကျုပ် ဒါကိုမှတ်ထားမယ်။ အဖေ ပင်ပန်းကြီးစွာ ကြိုးစားခဲ့ရတဲ့ အရာတွေကို ကျုပ် မှတ်ထားပါ့မယ်။ ဒီနေ့ ဖြစ်ပျက်သမျှ အရာအားလုံးကို ကျုပ် မှတ်ထားပါ့မယ်။”
နင်ချီ၏ ခေါင်းတစ်ခုလုံးက ပေါက်ကွဲလုမတတ်ပင် ခံစားနေမိ၏။ သူ၏ ခေါင်းတစ်ခုလုံးက ထိုးကိုက်လာသည်။ သူက ထိုနာကျင်မှုများကို လျင်မြန်စွာ ဖြတ်ကျော်သွားချင်သည်။
သူ ... နင်ချီ... အမြန်ဆုံး တည်ငြိမ်နိုင်ဖို့ လိုအပ်၏။
“ဟူး.. ဟူး...” နင်ချီက ပြင်းပြင်းထန်ထန်နှင့် အသက်ရှူ၏။ တဖြည်းဖြည်းနှင့် သူက တည်ငြိမ်သွား၏။ နန်းပလ္လင်ပေါ်တွင် ဖြည်းညင်းစွာ ထိုင်လိုက်သည်။
ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံမင်းသား ရင်ဝူမင်က နင်ချီ၏ မျက်နှာကိုကြည့်ကာဖြင့် ဖြည်းညင်းစွာ ပြော၏။ “ရွှဲ့ဘုရင်သစ်.. အမိန့်တော်ကို နာခံမှာလား။”
နင်ချီက ပြောသည်။ “ကျုပ်က အရှင်မင်းကြီးရဲ့ အလိုတော်ကို လိုက်နာပြီး လောကကြီးရဲ့ ဘုံရန်သူ ကျန်းလီရဲ့ သားကို တိုက်ခိုက်သွားပါမယ်။”
“ကောင်းပြီ။ ကောင်းပြီ။”
ရင်ဝူမင်က ပြုံးလိုက်၏။ “မင်းတို့ရဲ့ ရွှဲ့ပြည်နယ်က စစ်တပ် ဘယ်လောက် စေလွှတ်မလဲ။”
နင်ချီက ပြောသည်။ “ကျုပ်တို့ ရွှဲ့ပြည်နယ်က နိုင်ငံတော်ပြိုလဲစေနိုင်တဲ့ စစ်ပွဲကြီး တစ်ခုကို အခုပဲ ကြုံတွေ့ခဲ့ရပါတယ်။ စစ်သည်တွေလည်း မရှိတော့ပါဘူး။ ဒါပေမယ့် အင်ပါယာရဲ့ အမိန့်တော်အတွက် ကျုပ် အစွမ်းကုန် ကြိုးစားပြီး ကျန်းလီရဲ့ သားကို တိုက်ခိုက်ဖို့ စစ်သည် သုံးသောင်း စေလွှတ်ပေးပါမယ်။”
ရင်ဝူမင်က ပြော၏။ “ကောင်းတယ်။ ဒါက ချီးကျူးစရာ ကောင်းတယ်။ ရွှဲ့ဘုရင်အသစ်ရဲ့ သစ္စာရှိမှုကို ကောင်းကင်နဲ့ မြေပြင်က သက်သေခံပါလိမ့်မယ်။”
ပြီးနောက် ရင်ဝူမင်က ဆက်ပြောသည်။ “ဒါပေမယ့် နင်ယွမ်ရှန်းနဲ့ နင်ကျန်းတို့က အမိန့်တော်ကို ဖီဆန်ရုံတင်မကဘူး။ သစ္စာဖောက်ကိုပါ သူတို့ရဲ့ အရှင်သခင်အဖြစ် အသိအမှတ်ပြုခဲ့တယ်။ ဒါက ပေါ်ပေါ်ထင်ထင် ပုန်ကန်မှုတစ်ခုပဲ။ ဒါက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ။ သူတို့က မင်းရဲ့ ရွှဲ့ပြည်နယ်သားတွေပဲ။ ဒါကြောင့် သူတို့ကို ကိုင်တွယ်ဖို့ ရွှဲ့ဘုရင်အသစ်ရဲ့လက်ထဲကို ကျုပ် အပ်ခဲ့မယ်။ မင်း အနေနဲ့ မိသားစုထက် တရားမျှတမှုကို ရှေ့တန်းတင်နိုင်မယ်လို့ မျှော်လင့်မိတယ်။”
နင်ချီက အမိန့်ပေးလိုက်၏။ “အားလုံး... နင်ယွမ်ရှန်းနဲ့ နင်ကျန်းကို နေအိမ်အကျယ်ချုပ် ချထားကြ။ အပြင်လောကနဲ့ ဘယ်တော့မှ အဆက်အသွယ် မလုပ်စေနဲ့။”
ရင်ဝူမင်က မေးသည်။ “အဲလောက်နဲ့ လုံလောက်ပြီလား။”
ရွှဲ့ဘုရင်သစ်က ပြောလိုက်၏။ “သံတမန်ကြီး.. တစ်ယောက်က ကျုပ်ရဲ့ ဖခင်၊ နောက်တစ်ယောက်က ကျုပ်ရဲ့ ညီပါ။ အင်ပါယာအနေနဲ့ ကျုပ်ရဲ့သွေးရင်းတွေ အချင်းချင်း သတ်ဖြတ်နေတာကို မြင်ချင်မှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်တယ်။”
ရင်ဝူမင်က ပြောသည်။ “နင်ယွမ်ရှန်းနဲ့ နင်ကျန်းတို့က ကောင်းကင်နဲ့မြေပြင်ရဲ့ အမိန့်တော်ကို ဆန့်ကျင်ရုံတင် မကဘူး အင်ပါယာရဲ့ အလိုတော်ကိုပါ ဆန့်ကျင်ခဲ့တာ။ ဒါက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ။”
ရွှဲ့ဘုရင်သစ်က မေးလိုက်၏။ “ဒါဆိုရင် သံတမန်ကြီးက ဘယ်လို စီစဉ်ထားတာလဲ။ ဘယ်လို ဖြစ်စေချင်တာပါလဲ။”
ရင်ဝူမင်က ပြောသည်။ “သူတို့ကို ဥပဒေအတိုင်း အပြစ်ပေးပေးပါ။”
နင်ချီ၏ နှလုံးသားက ထိတ်ခနဲ ဖြစ်သွား၏။ သူ၏ ဖခင်နှင့် ညီငယ်ကို သတ်ခိုင်းနေသည်လား။ ဤသည်က နင်ချီ၏ နောက်ဆုံးလမ်းကို ဖြတ်တောက်ပစ်ခြင်းဖြစ်ပြီး သူ့ကို အင်ပါယာ၏ ဘက်တော်သားအဖြစ် အပြီးအပိုင် ရပ်တည်စေရန် ပြုလုပ်လိုက်ခြင်းပင်။
............
နင်ချီက နန်းပလ္လင်ပေါ်တွင် ထိုင်နေ၏။ နင်ချီက တစ်ခါတုန်းက သူ၏ဖခင်ကို သတ်ရန် ကြိုးစားခဲ့ဖူးသူ ဖြစ်၏။ သူက မိမိကိုယ်ကိုယ် ဤသို့ ထပ်ကာထပ်ကာ ပြောဆိုနေ၏။
‘ငါ ဒါကို ရွှဲ့ပြည်နယ်အတွက် လုပ်နေတာ။ နင်မျိုးနွယ်ရဲ့ ရာစုနှစ်ချီတဲ့ အုတ်မြစ်အတွက် လုပ်နေတာ။ အရာအားလုံးက ထိုက်တန်တယ်။ နိုင်ငံအတွက် အရှက်တရားကို သည်းခံရမယ်။’
‘အဖေနဲ့ နင်ကျန်းရဲ့ အသက်က အရေးကြီးပေမဲ့ ရွှဲ့ပြည်နယ်ရဲ့ နယ်မြေလောက်တော့ အရေးမကြီးဘူး။ ဒီနယ်မြေအတွက် ငါတို့ရဲ့ ဘိုးဘေးတွေက အသက်နဲ့ သွေးတွေ ဘယ်လောက်တောင် ပေးခဲ့ရတာလဲ။ ငါ့ရဲ့ လက်ထဲမှာ ဒါတွေ ပျက်စီးသွားလို့ မဖြစ်ဘူး။ အဖေနဲ့ နင်ကျန်းတို့က ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်မိတယ်။’
နင်ယွမ်ရှန်းက သူ၏ ဦးခေါင်းကို မော့လိုက်သည်။ “နင်ချီ... မင်းလုပ်သင့်တာကို လုပ်လိုက်ပါ။”
နင်ကျန်းက မလှုပ်မယှက်နှင့် ရှိနေ၏။ သူက သေရန် အဆင်သင့် ရှိနေပုံပင်။
နင်ချီ၏ တစ်ကိုယ်လုံးက တုန်ယင်လာခဲ့၏။ သူက သူ၏ ညာဘက်လက်ကို ဖြည်းညှင်းစွာ မြောက်၏။ “ငါ့အဖေနဲ့ နင်ကျန်းကို သတ်တာ ငါ့အတွက် မဟုတ်ဘူး။ ရွှဲ့ပြည်နယ်နဲ့ နင်မျိုးနွယ်အတွက်ပဲ။ ကောင်းကင်ဘုံ က ငါ့ရဲ့ ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေက ငါ့ကို အပြစ်တင်မှာ မဟုတ်ဘူး။”
‘နင်ချီ... မင်းလုပ်ခဲ့သမျှ အားလုံးက ဒီအခိုက်အတန့်အတွက်ပဲ မဟုတ်လား။ နင်ချီ... ကြီးမြတ်တဲ့ ဘုရင်တစ်ယောက်က ရွေးချယ်မှု တစ်ခုကို လုပ်ရလိမ့်မယ်။ သတ်... သတ်။’
ရင်ဝူမင်က နင်ချီကို အေးစက်စွာ စိုက်ကြည့်၏။ နန်းတွင်းမှ မင်းမှုထမ်း အားလုံးကလည်း နင်ချီကို စိုက်ကြည့်နေသည်။
“အား...”
နင်ချီက ရုတ်တရက် အော်ဟစ်လိုက်၏။ သူက ရုတ်တရက် မတ်တတ်ထရပ်၏။ ပြီးနောက် ဦးခေါင်းပေါ်မှ သရဖူကို ချွတ်ပြီး နန်းပလ္လင်ပေါ်သို့ တင်၏။ “သံတမန်ကြီး... ကျုပ် မလုပ်နိုင်တော့ဘူး။ ကျုပ် နန်းစွန့်ဖို့ ဆန္ဒရှိပါတယ်။”
ပြီးနောက် နင်ချီက ရင်ဝူမင်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
လူတိုင်းက အံ့အားသင့်သွား၏။ ဘုရင်သုံးပါးလုံးက နန်းစွန့်လိုက်ပြီလား။
ရင်ဝူမင်က ဤအရာအားလုံးကို ကြည့်ရှုနေ၏။
“နင်ချီ... မင်းက တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတဲ့ကောင်ပဲ။ မင်းက ရူးနေပြီ။ မင်းက တကယ့်ကို အားနည်းနေတဲ့ ကောင်ပဲ။ ဟား ဟား ဟား...”
ရင်ဝူမင်က ရယ်မောလိုက်သည်။ “စိတ်ဝင်စားစရာပဲ။ တကယ့်ကို စိတ်ဝင်စားစရာပဲ။ ခင်ဗျားတို့ ရွှဲ့ပြည်နယ်ထီးနန်းအတွက် သွေးချောင်းစီးအောင် တိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ ဒါကို ဖိနပ်ဟောင်း တစ်ခုလို စွန့်ပစ်နေကြပြီ။ ရွှဲ့ပြည်နယ်ရဲ့ နန်းပလ္လင်က ဒီလောက်တောင် တန်ဖိုးမရှိတာလား။ ရွှဲ့ပြည်နယ်ကို ဆက်ခံနိုင်တဲ့သူ တကယ်ပဲ တစ်ယောက်မှ မရှိတော့ဘူးလား။ တခြား မင်းသားတွေရော ဘယ်လိုလဲ။ နင်ကျန့်၊ နင်ကျင်း၊ နင်ယီရော။”
မှူးမတ်အားလုံးက တုန်လှုပ်သွားခဲ့၏။ နင်ယီကဲ့သို့ အသုံးမကျသူတစ်ဦးက ဤကဲ့သို့ ရှက်ဖွယ်ရာ အခြေအနေမျိုးနှင့် နန်းပလ္လင်ကို ဆက်ခံမည်တဲ့လား။ ထိုသို့ဆိုလျှင် ရွှဲ့ပြည်နယ် ဘာဖြစ်သွားမည်နည်း။
ထိုအချိန်မှာပဲ လူတစ်ယောက်က ခန်းမထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း ဝင်ရောက်လာ၏။ ထိုသူက သင်္ကန်းကို ဝတ်ဆင်ထားပြီး ဦးခေါင်းကလည်း ကတုံးဖြစ်နေ၏။ လူတိုင်းက ထိုသူကို မြင်ချိန်တွင် အံ့အားသင့်သွား၏။
ဤလူက မည်သူ ဖြစ်သနည်း။
သို့သော်ငြား သူ၏ဘေးတွင် နောက်ထပ် လူတစ်ဦးကို တွေ့ရ၏။ ကျူးဟုန်ကျူး ပင်။ အချိန်တော်ကြာ ပျောက်ကွယ်နေသည့် ကျူးဟုန်ကျူး ဖြစ်၏။ နောက်ဆုံးမှာတော့ ထိုဘုန်းကြီး မည်သူဖြစ်ကြောင်း လူတိုင်း မှတ်မိသွား၏။ ဒုတိယမင်းသား နင်ရှောင် ပင် ဖြစ်၏။ သူက ဆယ်ကျော်သက်အရွယ်တွင် ဘုန်းကြီးဝတ်ခဲ့ပြီး တုံးကျန့်ကျောင်းတော်၏ တပည့်တစ်ဦး ဖြစ်ခဲ့၏။
သူက နန်းပလ္လင်ဆီသို့ တည့်တည့်လျှောက်သွားသည်။ “ဒီပလ္လင်ကို ကျုပ်ယူလို့ ရမလား။ အခုချက်ချင်းပဲ လူ ထွက်လိုက်မယ်။”
မှူးမတ်များက စကားမဆိုနိုင်ဘဲ ဖြစ်နေကြ၏။ ဒုတိယမင်းသား နင်ရှောင်က ပြော၏။ “နင်ကျန့်၊ နင်းကျင်း.. မင်းတို့ ငါနဲ့ ပြိုင်ချင်သေးလား။”
နင်ကျန့်နှင့် နင်ကျင်းတို့က တစ်ဦးနှင့်တစ်ဦး ကြည့်ရှု၏။ ပြီးနောက် ခေါင်းကို ခါပြလိုက်၏။ သူတို့က ယခင်က နန်းပလ္လင်ကို မတ်မောကြသည် ဆိုသော်လည်း ယခုအချိန်တွင်တော့ ဤနေရာတွင် ထိုင်ပါက ကြီးမားသော သေခြင်းတရားနှင့်သာ ရင်ဆိုင်ရမည်ကို သိရှိနေသည်။
နင်ရှောင်က မေးလိုက်၏။ “တတိယညီလေး... ညီလေးရော ငါ့ကို ရွှဲ့ဘုရင်အဖြစ် ခွင့်ပြုမှာလား။”