အခန်း (၇၇၅-၇၇၆)
Vol. 48 Ch. 775-776
အပိုင်း (၇၇၅)
နင်ချီက ပြောသည်။ “ကျုပ် နန်းစွန့်ပြီးသွားပြီ။ ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်းက အရေးမကြီးတော့ပါဘူး။”
နင်ရှောငက ထပ်မေးလိုက်၏။ “နင်မျိုးနွယ်ဝင်တွေထဲမှာ ကျုပ်နဲ့ နန်းပလ္လင်ကို လုချင်တဲ့သူ ရှိလား။”
နင်မျိုးနွယ်ဝင် အားလုံးက တိတ်ဆိတ်နေသည်။
နင်ရှောင် က သူ၏ ဘုန်းကြီးဝတ်ရုံကို ချွတ်၏။ ပြီးနောက် ဘုရင်ဝတ်ရုံကို ပြောင်းလဲ ဝတ်ဆင်လိုက်၏။ သူက သရဖူကို ဆောင်းပြီး နန်းပလ္လင်ပေါ်တွင် ထိုင်၏။ ပြီးနောက် ရွှဲ့ပြည်နယ်၏ နန်းပလ္လင် အရေးက ယာယီအားဖြင့် ပြေလည်သွားခဲ့ပြီ ဖြစ်၏။
ဒုတိယမင်းသား နင်ရှောင်က ရွှဲ့ပြည်နယ်၏ ဘုရင်သစ် ဖြစ်လာခဲ့သည်။
“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်။” ကျူးဟုန်ကျူးက ဦးညွှတ်လိုက်၏။
ပြီးနောက် ယခင်က ပျောက်ကွယ်သွားခဲ့ပြီး ညီလာခံ တက်ရောက်ခြင်း မရှိသည့် မှူးမတ်များက ခန်းမထဲသို့ အပြေးအလွှား ဝင်ရောက်လာ၏။ နင်ရှောင်၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။ “အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်။”
ဘုရင်သစ် နင်ရှောင်က ပြောလိုက်၏။ “အမိန့်တော် ထုတ်ပြန်လိုက်။ ရွှဲ့ပြည်နယ်ရဲ့ စစ်သည်အားလုံး စုစည်းပြီး ရွှမ်ဝူမြို့ကို တိုက်ခိုက်မယ်။ ကျန်းလီရဲ့ အကြွင်းအကျန်တွေကို အမြစ်ပြတ် သုတ်သင်ဖို့ အမိန့်တော် ထုတ်။ နင်ယွမ်ရှန်းနဲ့နင်ကျန်းကို အင်ပါယာရဲ့စီရင်ချက်ကို စောင့်ဆိုင်းဖို့ ဘိုးဘေးအကျဉ်းထောင်မှာ ချုပ်နှောင်ထားဖို့ အမိန့်တော် ထုတ်ပြန်။”
...........
ရွှဲ့ပြည်နယ်သားများ၊ အထူးသဖြင့် နန်းမြို့တော်ရှိ ပြည်သူများက စိတ်ဝိညာဉ် တစ်ခုလုံး တုန်လှုပ်ခြောက်ခြား နေကြ၏။ ဤအရာက ဘာများ ဖြစ်သနည်း။
ရှမ့်လန်က အင်ပါယာ ကျန်းလီ၏ သား ဖြစ်နေသည်လား။ ဤသတင်းက သူတို့၏ စိတ်နှလုံးကို လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည်။ အင်ပါယာ ကျန်းလီက မည်ကဲ့သို့သော သူရဲကောင်းမျိုး ဖြစ်သနည်း။ အဘယ်သို့ ရှမ့်လန်ကဲ့သို့သော သားမျိုးကို မွေးနိုင်ရသနည်း။
မှူးမတ်အများစု၏ မျက်လုံးထဲတွင် ကျန်းလီက ကြီးမြတ်သည့် သူရဲကောင်း ဖြစ်သော်လည်း သူတို့နှင့် အကျိုးစီးပွားချင်း မတူကြချေ။
‘ခင်ဗျားကို ကျုပ်တို့ အထင်ကြီးတယ်။ ဒါပေမဲ့ ခင်ဗျားကို ကျုပ်တို့ ဆန့်ကျင်ရမယ်။’
သို့ပေမည့် သန်းပေါင်းများစွာသော ပြည်သူများ၏ နှလုံးသားထဲမှာတော့ ကျန်းလီက အကြွင်းမဲ့ ဖြောင့်မတ် တည်ကြည်လွန်းသူ ဖြစ်၏။ တောင်ဝင်ရန် အင်ပါယာက ပိတ်ပင်ထားသည် ဆိုသော်လည်း လူတိုင်းနီးပါး၌ စာအုပ်တစ်အုပ်စီ ရှိကြ၏။ ထိုအရာက အင်ပါယာကျန်းလီ စာအုပ်ပင် ဖြစ်၏။
လောကတွင် ရှိသည့် ပြည်သူအားလုံးနီးပါးက ကျန်းလီကို အရူးအမူး ကိုးကွယ်ကြ၏။ ယခု ရှမ့်လန်ဟူသော လူဆိုးတစ်ယောက်က အင်ပါယာ ကျန်းလီ၏ တစ်ဦးတည်းသော အမွေခံ ဖြစ်လို့နေခဲ့သည်။
တုန်လှုပ်မှုများပြီးနောက် သူတို့က စတင်ကာ လက်ခံလာခဲ့၏။ ရှမ့်လန်က လူယုတ်မာ တစ်ယောက်၊ လူဆိုး တစ်ယောက် ဖြစ်၏။ သို့ပေမည့် အလွန့်ကို အစွမ်းထက်၏။ အလွန့်ကို ထူးခြားလွန်း၏။ လူမိုက်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီကို မိလ္လာတွင်းထဲကို ထည့်ကာ နှစ်သတ်နိုင်သူ ဖြစ်၏။
ထိုကဲ့သို့သော သူက မည်ကဲ့သို့ စရိုက်မျိုး ရှိသနည်း။ ဤကဲ့သို့သောလူမျိုးက အင်ပါယာ ကျန်းလီ၏ အမွေခံအဖြစ် ထိုက်တန်လျှင်လည်း ထိုက်တန်နေမှာပင်။ သူတို့က ထိုအရာမျိုးကို နားမလည်သည် ဆိုသော်လည်း လက်ခံလိုက်ကြ၏။ တစ်ချိန်တည်းမှာပဲ ကိုးကွယ်လိုက်ကြပြန်သည်။
မူလက မရေတွက်နိုင်သည့် လူမိုက်များက ရှမ့်လန်၏ သေမျိုးရန်သူများပင်။ သူတို့က အရမ်းကို ရက်စက်လွန်း၏။ ရှမ့်လန်အကြောင်းကို ပြောရမည်ဆိုရင် ဤလူမိုက်များက ရိုးတွင်းချဉ်ဆီထဲကပင် နာ၏။ သူတို့က ရှမ့်လန်ကို အရေခွံဆုတ်၊ အကြောစုတ်ကာဖြင့် အရိုးကိုပင် မီးရှို့ချင်ကြ၏။ သို့ပေမည့် လက်ရှိအချိန်မှာတော့ ဤလူမိုက်နှင့် လူဆိုးဂိုဏ်းဝင်များက တိတ်ဆိတ်ငြိမ်သက် နေကြ၏။
“ရွှမ်ဝူမြို့ကို သွားကြရင် ကောင်းမလား။”
“ဘာသွားလုပ်ဖို့လဲ။”
“အင်ပါယာကျန်းကို ကာကွယ်ရမှာပေါ့။”
“ရှမ့်လန်ကို ကာကွယ်ဖို့လား။”
“မဟုတ်ဘူး။ အင်ပါယာကျန်းကို ကာကွယ်ဖို့။”
“ဒါပေမဲ့ ဒါက သေမင်းဆီ သွားတာနဲ့ အတူတူပဲ။ လောကရဲ့ စစ်တပ်ရဲ့ ထက်ဝက်လောုက်က သူ့ကို သတ်ဖို့ သွားနေကြပြီ။ ငါတို့ ဘယ်လောက်ပဲ သွားသွား သေရမှာ သေရမှာပဲ။”
“သေတော့ ဘာဖြစ်လဲ။ ရှမ့်လန်က ငါတို့ကို အထင်အသေးဆုံး မဟုတ်လား။ ဒါဆိုရင် ငါတို့က သရဲဘောကြောင်တဲ့ လူတွေမဟုတ်ဘူးဆိုတာ သူ့ကို မျက်ဝါးထင်ထင် ပြရမယ်။ ငါတို့ကလည်း သူ့အတွက် အသေခံရဲတယ်။”
“ဒီကိစ္စကို သက်သေပြကြမယ်။”
“ဟုတ်တယ်။ ဟုတ်တယ်။ လူတိုင်းက တစ်နေ့ သေကြရမှာပဲ။ အဲဒီ သေခြင်းတရားက ခမ်းနားချင် ခမ်းနားမယ်။ ဒါမှမဟုတ် ငှက်မွှေးတစ်မျှင်လိုပဲ ပေါ့ပါးချင် ၊ပေါ့ပါးမယ်။ သွားကြစို့။ ရွှမ်ဝူမြို့ကို သွားမယ်။ အင်ပါယာကျန်း ကို ကာကွယ်ကြစို့။”
လူမိုက်ပေါင်း ဒါဇင်နှင့်ချီကာ လက်များကို မြောက်ကာ ကြွေးကြော်ခဲ့ကြ၏။ သူတို့၏ သွေးများက ဆူပွက်နေ၏။
လူတစ်ယောက်က လက် မထောင်ခဲ့ချေ။ “လီချင်း... မင်း လက်,မထောင်တာ ဘာသဘောလဲ။ သေမှာ ကြောက်လို့လား။ မသွားရဲဘူးလား။”
ထိုပိန်ပိန်ပါးပါးနှင့် လူမိုက်က တုံ့ဆိုင်းစွာ ပြောလိုက်၏။ “ကျုပ် သွားချင်တယ်။ ဒါပေမဲ့ ကျုပ်မှာ အိုမင်းနေတဲ့ အမေ၊ သားနဲ့ မယားတွေ ရှိနေသေးတယ်။”
ရုတ်တရက် သူ၏ဘေးဆီမှ သန်မာသည့် လူက ပြတ်ပြတ်သားသား ပြောသည်။ “ဘယ်သူ့မှာ မိဘနဲ့ မယား သားသမီး မရှိလို့လဲ။ သေမှာကြောက်နေရင်လည်း ကြောက်တယ်လို့ ပြောပေါ့။ မနက်ဖြန် မနက် ၃ နာရီ ၄၅ မိနစ်မှာ ရွှမ်ဝူမြို့ တံခါးအပြင်ဘက် ၁၅ မိုင်အကွာမှာ စုမယ်။ ပြီးရင် အင်ပါယာကျန်းကို ကာကွယ်ဖို့ ရွှမ်ဝူမြို့ကို သွားကြမယ်။ မလာတဲ့သူက ဒီတစ်သက် ခေါင်းမဖော်နိုင်မှာ မဟုတ်ဘူး။”
လူမိုက်လီချင်းက ခဏလောက် တွေဝေနေ၏။ ပြီးနောက် ပြောလိုက်၏။ “ကျုပ်ကို စဉ်းစားခွင့် ပေးပါအုံး။”
နောက်တစ်နေ့ မနက် ၃ နာရီ ၄၅ မိနစ်မှာတော့ လူမိုက်လီချင်းက မိဘ၊ သားသမီးနှင့် မယား အားလုံးတို့ကို နှုတ်ဆက်ပြီး သူ၏ သံချေးတက်နေသည့် ဓားကိုသွေး၏။ မနေ့ညက သူက သူဌေးအိမ်ချို့ဆီ သွားပြီး မိသားစုအတွက် ငွေကြေး အမြောက်အမြားကို ရှာပေးခဲ့၏။ ပြီးနောက် စိတ်အနှောက်အယှက် ဖြစ်စရာ အားလုံးကို ဖယ်ထုတ်ပြီး ထျန်းရွဲ့မြို့မှ ထွက်ခွာကာဖြင့် ရွှမ်ဝူမြို့၏ တံခါးအပြင်ဘက် ၁၅ မိုင်အကွာရှိ သေခြင်းရှင်ခြင်း တောင်ကုန်းဆီသို့ သွားခဲ့သည်။
ထိုနေရာတွင် သူက အခြားသော သူရဲကောင်းများနှင့် စုပေါင်းပြီး အင်ပါယာကျန်းကို ကာကွယ်ပေးရန် ရွှမ်ဝူမြို့သို့ အတူတူသွားရန် စောင့်နေခဲ့၏။ သို့ပေမည့် ၂ နာရီ ကြာသည်အထိ မည်သူမှ ရောက်မလာခဲ့ချေ။ ဤနေရာ၌ စုဝေးရန် သူတစ်ယောက်တည်းသာ ရောက်ရှိလာခဲ့၏။
မည်သို့ပင်ဆိုစေကာမူ သူ့ကို အင်ပါယာစစ်တပ်ဆီသို့ သွားရောက်ကာ တိုင်သည့်သူတော့ မရှိခဲ့ချေ။
လူမိုက်လီချင်းက ထျန်းရွှဲ့မြို့ဘက်ကို လှည့်ကြည့်၏။ ပြီးနောက် လှောင်ရယ်,ရယ်လိုက်မိသည်။ “ငါတစ်ယောက်ပဲ လူအ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ ငါ မင်းတို့ကို အပြစ်မတင်ပါဘူး။ အသက်ရှင်ဖို့ အခွင့်အရေးရှိရင် ဘယ်သူကမှ မသေချင်ကြဘူးဆိုတာ သဘာဝပဲ။ ထျန်းရွှဲ့မြို့က သူရဲကောင်းတို့.. ကျုပ် လီချင်းက ခင်ဗျားတို့ကိုယ်စား အင်ပါယာကျန်းကို ကာကွယ်ဖို့ တိုက်ပွဲဝင်ပါ့မယ်။ ထျန်းရွှဲ့သူရဲကောင်းတွေရဲ့ မျက်နှာကို ကျုပ် အပျက်မခံပါဘူး။”
ပြီးနောက် လီချင်းက အနီရောင် အဝတ်စကို ဆွဲဖြဲ၏။ နဖူးတွင် စည်းနှောင်လိုက်၏။ ဓားကို ရင်ခွင်ထဲတွင် ပိုက်ပြီး ရွှမ်ဝူမြို့ဆီသို့ လျှောက်လှမ်းသွား၏။
...........
မင်းသားကျင်း၏ စစ်တပ် တောင်ပိုင်းနိုင်ငံ နယ်မြေမှ ထွက်ခွာလာခဲ့ပြီး ထျန်းနန်ပြည်နယ်သို့ ဝင်လာချိန်မှာတော့ မင်းသားကျင်းက စစ်သည်တော် အစုအဖွဲ့လိုက်ကို တစ်စုပြီး တစ်စု တွေ့ခဲ့ရ၏။ တချို့က စစ်သားများ ဖြစ်ပြီး တချို့က ပြည်သူ့စစ်များပင်။ တချို့ကတော့ သိုင်းပညာရှင်များ ဖြစ်၏။ အားလုံးက တိတ်တဆိတ်ဖြင့် ရွှမ်ဝူမြို့ဆီသို့ ငြိမ်သက်စွာ လျှောက်လှမ်းနေကြသည်။
ရွှမ်ဝူမြို့နှင့် နီးလေလေ သိုင်းပညာရှင်များက ပိုမိုကာ များပြားလာလေပင်။ နောက်ဆုံးမှာတော့ သူတို့က အုပ်စုလိုက်ကြီး ဖြစ်ပြီး မရေတွက်နိုင်အောင် များပြားလာ၏။
မည်သူကမှ လက်ထောင် ကြွေးကြော်ခြင်းမျိုး မလုပ်ကြချေ။ မည်သူကမှ သူရဲကောင်းဆန်သည့် စကားလုံးများကိုလည်း မပြောကြပေ။ အားလုံးက တိတ်တဆိတ်နှင့် ရှေ့သို့ ဆက်လျှောက်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤအရာက သေရမည့် တိုက်ပွဲတစ်ခု ဖြစ်ကြောင်း လူတိုင်း သိရှိနေသောကြောင့်ပင်။
“ယောက်ျား... မီးကိုတိုးတဲ့ ပိုးဖလံတစ်ကောင် ဖြစ်ရတာ ထိုက်တန်ရဲ့လား။” ဘုရင်မ ရှားမန်က မေးမြန်းမိသည်။
မင်းသားကျင်းက ပြောလိုက်၏။ “ထိုက်တန်ပါတယ်။ ထာဝရ မှောင်မိုက်နေတဲ့ ညဦးယံမှာ မီးပိုးအိမ်လေးရဲ့ အလင်းကလည်း နှိုင်းယှဉ်လို့မရအောင် အဖိုးတန်တယ်လေ။”
ဘုရင်မ ရှားမန်က ပြောသည်။ “မျှော်လင့်ချက် အစအနလေးရော ရှိပါအုံးမလား။”
မင်းသားကျင်းက ပြော၏။ “မရှိဘူး။ သေခြင်းတရား တစ်ခုတည်းက အဆုံးသတ်ပဲ။ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ မရေတွက်နိုင်တဲ့ လူတွေရဲ့အသေခံမှုနှင့် အင်ပါယာကျန်းအတွက် အချိန်နှင့် နေရာတစ်ခုကို ဝယ်ယူပေးဖို့ပဲ။ သူ လွတ်မြောက်သွားပြီး နောက်တစ်ချိန်မှာ အင်ပါယာအဖြစ်နဲ့ ပြန်လာနိုင်ဖို့ပေါ့။”
ဘုရင်မ ရှားမန်က ပြောသည်။ “ဒီလို လူယုတ်မာမျိုးက ကျွန်မတို့လောကရဲ့ အရှင်သခင် ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အင်း ....ကိုးကွယ်ရာ ပုံရိပ်ကြီးက တစ်စစီ ကြေမွသွားသလို ခံစားရတယ်။”
မင်းသားကျင်းက ပြော၏။ “အင်း.. ဘာပဲပြောပြော။ ဒီလိုကိစ္စရပ်တွေကို ငါတို့ရဲ့ ဆင်ခြင်တုံတရားနှင့် ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။”
..........
ရှမ့်လန်က မှင်သက်သွားသလို ကျင်းကျိုး၊ ကျင်းရှိယန်နှင့် အခြားသော သူများကလည်း အံ့အားသင့်သွား၏။ အထူးသဖြင့် ကျင်းကျိုးနှင့် ကျင်းရှိယန်တို့က သူတို့သာလျှင် တိုက်ပွဲဝင်ရလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ လောကအနှံ့အပြားရှိ မရေတွက်နိုင်သည့် သူရဲကောင်းများနှင့် စစ်သည်များက တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိလာမည်ဟု မျှော်လင့်မထားခဲ့ချေ။ ယခု ရောက်ရှိနေသူများက အနီးအနားက လူတွေပဲ ရှိနေသေး၏။
မိုင်ပေါင်းထောင်ချီ ဝေးကွာသည့်နေရာမှ သိုင်းပညာရှင်နှင့် စစ်သည်များက ရွှမ်ဝူမြို့သို့ လာရောက်ကြသည့် လမ်းခုလတ်တွင် ရှိနေတုန်းပင်။ သိုင်းပညာရှင်များက ရွှမ်ဝူမြို့ထဲသို့ တစ်သုတ်ပြီး တစ်သုတ် ဝင်ရောက် လာခဲ့သည်။
၃ သောင်း၊ ၅ သောင်း၊ ၈ သောင်း၊ ထိုအရာက အများကြီးဟု မထင်ရသော်လည်း ဤလူစုက အုပ်စုငယ်လေးများဖြင့် လာခဲ့ကြခြင်းပင်။ မင်းသားကျင်းနှင့် အာယုနာနာတို့၏ တပ်ဖွဲ့များအပြင် နောက်ထပ် ရာနှင့်ချီသည့် လူများလည်း ကျန်သေး၏။
တစ်နည်းပြောရမည် ဆိုလျှင် ရှမ့်လန်အတွက် တိုက်ခိုက်ရန် ရောက်လာသည့် အင်အား စုစုပေါင်း သိန်းနှင့်ချီ ရှိ၏။ ရှမ့်လန်က ထိုသူတို့ အများစုကို မသိသလို ကျင်းကျိုးကလည်း မသိချေ။
ရွှမ်ဝူမြို့ကို ရောက်လာသည့် လူတိုင်းက သူတို့ကိုသူတို့ပဲ ကိုယ်စားပြုခြင်း မဟုတ်ကြောင်း ရှမ့်လန်က သိ၏။ သူတို့ တစ်ယောက်ချင်းစီ၏ နောက်ကွယ်၌ ရာနှင့်ချီ၊ ထောင်နှင့်ချီသည့် လူများ ရှိနေကြ၏။ သေခြင်းတရား ကို ရင်ဆိုင်ဖို့ လူတိုင်း၌ သတ္တိ မရှိဘူး ဆိုသည်ကို သူက နားလည်သည်။ ထို့ကြောင့် တစ်ယောက်ချင်းစီတိုင်းက နောက်ကွယ်ရှိ ရာ ၊ ထောင် နှင့်ချီသည့် လူများ၏ မျှော်လင့်ချက်အတွက် ရောက်ရှိလာကြခြင်းပင်။
ရှမ့်လန်က အပြင်ဘက်ကို ကြည့်လိုက်၏။ အပြင်ဘက်၌ မရေတွက်နိုင်အောင် များပြားသည့် လူများ ရှိနေပြီး အားလုံးက မိုင်ပေါင်းထောင်ချီ ဝေးကွာသည့် အရပ်ဆီမှ လာခဲ့ကြခြင်းပင်။ အားလုံးက သူ့အတွက် တိုက်ပွဲ ဝင်ပေးရန်၊ သူ့အတွက် အသေခံရန် အသင့်ဖြစ်နေကြ၏။
‘အင်း... ဒီလိုတော့ မလုပ်ကြနဲ့။ ကျုပ် ရှမ့်လန်က အာဏာကိုပဲ ခံစားချင်တာ။ တာဝန် မယူချင်ဘူး။ ကျုပ်က လောကကြီးနဲ့ ရန်မဖြစ်ဘဲနဲ့ အေးအေးဆေးဆေး နေချင်ရုံပါပဲ။ လောကကြီးရဲ့ အရှင်သခင် မဖြစ်ချင်ဘူး။ ကျုပ်ကို ထာဝရ ညဦးယံက ဆီမီးအိမ်လိုမျိုး မသတ်မှတ်ကြနဲ့။ ကျုပ်အတွက် အနစ်နာ မခံကြချင်နဲ့။’
သို့ပေမည့် ရှမ့်လန်၏ စိတ်ဝိညာဉ်က မကြုံစဖူး တုန်လှုပ်မှုကို ခံစားနေရ၏။ အင်ပါယာ မဟာမိတ်တပ်များ၏ ဝိုင်းရံမှုက တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည်။
စစ်သည်အင်အား မည်မျှ ရှိသနည်း။ ဤအရာက မယုံကြည်နိုင်လောက်အောင် များပြားသည့် ကိန်းဂဏန်းပင်။ အရေအတွက်ကိုပြောနေခြင်းက အဓိပ္ပာယ် မရှိတော့ချေ။ အတိအကျ ပြောရမည်ဆိုရင် လောကကြီး စစ်အင်အား ထက်ဝက်ပင် ဖြစ်၏။
အတိုချုပ်ပြောရမည် ဆိုရလျှင် ရွှမ်ဝူမြို့ကို အကြိမ်ကြိမ် ဝါးမျိုးပစ်ဖို့ လုံလောက်သည့် အင်အားပင် ဖြစ်၏။ အင်ပါယာ၏ အုပ်ချုပ်မှုအောက်မှ မရေတွက်နိုင်သည့် သိုင်းအင်အားစုများကလည်း ရှိနေသေး၏။ သဘာဝလွန် အင်အားစုကြီး ၆ ခုနှင့် ထိုသူတို့၏ လက်အောက်ခံ အင်အားစုများပင်။ မူလက တွေ့ရခဲသည့် မဟာပညာရှင်အဆင့် ကျွမ်းကျင်သူများက ရွှမ်ဝူမြို့ဆီသို့ မိုးပေါက်များကဲ့သို့ပင် အလုံးအရင်းနှင့် စုပြုံ ဝင်ရောက်လာကြသည်။
..........
မင်းသားကျင်းက လှမ်းကာ ပြော၏။ “အင်ပါယာ”
ရှမ့်လန်က ပြော၏။ “အစ်ကိုကျင်း... အစ်ကို ကျုပ်ကို အင်ပါယာလို့ ထပ်ခေါ်ရင် ကျုပ် စိတ်ဆိုးတော့မှာပဲ။”
မင်းသားကျင်းက မေးသည်။ “မင်းအတွက် တိုက်ပွဲဝင်နေတဲ့ ဒီလူတွေကို မင်း မတွေ့တော့ဘူးလား။ ထွက်ပြီး စကားမပြောတော့ဘူးလား။”
ရှမ့်လန်က ခေါင်းခါပြလိုက်၏။ “အင်း... ကျုပ် သူတို့ကို မတွေ့တော့ဘူး။”
သူက မြေပုံနားသို့ လျှောက်သွားသည်။ “သူတို့ကို တွေ့ရင်ရော ဘာဖြစ်မှာလဲ။ ကျုပ် စကားနှစ်ခွန်းလောက် ပြောပြီး သူတို့ကို ခမ်းခမ်းနားနား အသေခံခိုင်းရမှာလား။ သူတို့ကရော အဲဒါမျိုး လိုချင်ကြတာလား။ ကျုပ်တော့ မထင်ဘူး။ သူတို့ နှလုံးသားထဲက သတ္တိ၊ စွန့်လွှတ် စတေးမှု အားလုံးကို ကျုပ်ခံစားမိတယ်။ အဲတာဆို ရပြီ။”
မင်းသားကျင်းက ဘာမှ မတတ်နိုင်ချေ။ ဤအရှင်သခင်သစ်၏ စကားလုံးက တကယ့်ကို လက်တွေ့ကျလွန်း နေတုန်းပင်။
ရှမ့်လန်က လေးလေးနက်နက် ပြောလိုက်၏။ “အစ်ကိုကျင်း.. လောကကြီးက ကျုပ်ပေါ် သစ္စာမဖောက်ရွေ့ ကျုပ်ကလည်း လောကကြီးပေါ် သစ္စာမဖောက်ဘူး။ သူတို့က ကျုပ်အတွက် အသေခံဖို့ အသင့် ဖြစ်နေကြပြီ ဆိုရင် ကျုပ် ရှမ့်လန်က သူတို့ရဲ့ အသက်တွေအတွက် တာဝန်ယူရတော့မယ်။
မီးကိုတိုးတဲ့ ပိုးဖလံတွေ၊ မှောင်မိုက်တဲ့ ညယံမှာ ကြွေကျလာတဲ့ မရေတွက်နိုင်တဲ့ မီးပိုးကောင်တွေကို ကြည့်ရတာ တုန်လှုပ်စရာ ကောင်းပြီ။ ထာဝရ တောက်ပတဲ့ မြင်ကွင်းတစ်ခုလို ဖြစ်နေတယ်။ ဒါပေမဲ့ ကျုပ်က အဲဒီလိုတောက်ပမှုကို မနှစ်သက်ဘူး။ သူတို့ကို ကျုပ်အတွက် အနစ်နာ မခံစေချင်ဘူး။”
“အစ်ကိုကျင်း ... အစ်ကိုလည်း ကျုပ်အတွက် သေဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာ ကျုပ်သိတယ်။ အားလုံးကလည်း သေဖို့ အဆင်သင့် ဖြစ်နေကြပြီ။ ဒါပေမဲ့ ကျုပ်က အဲဒီလို အနိဋ္ဌာရုံ ဇာတ်သိမ်းတွေကို အမုန်းဆုံးပဲ။ စွန့်လွှတ်စတေးမှုက တုန်လှုပ်စရာကောင်းတယ် ဆိုပေမဲ့ ကျုပ်ကတော့ တစ်ယောက်ချင်း စီတိုင်းကို ကာကွယ်ပေးချင်တာ။
ကျုပ် ရှမ့်လန်က အေးအေးဆေးဆေး စားသောက်ပြီး သေမယ့်နေ့ကို စောင့်နေချင်တဲ့ ခပ်ချောချော လူငယ်လေး တစ်ယောက်ပဲ လုပ်ချင်တာ။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို လောကကြီးရဲ့ မျှော်လင့်ချက်၊ လောကကြီးရဲ့ ခေါင်းဆောင်ဖြစ်အောင် အတင်း တွန်းပို့နေကြတယ်။ ခင်ဗျားတို့က ကျုပ်ကို အတင်း အဓမ္မကြီး အလုပ်လုပ်ခိုင်းနေကြတယ်။ ဟုတ်တယ်။ ကျုပ်... ကျုပ် ခင်ဗျားတို့ တစ်ယောက်ချင်းစီတိုင်းကို ကာကွယ်ပေးသွားချင်တယ်။”
အပိုင်း (၇၇၆)
ရှမ့်လန် လူတိုင်းကို မည်သို့ ကာကွယ်မည်နည်း သို့မဟုတ် စစ်ပွဲကို မည်သို့ အနိုင်ရအောင် တိုက်မည်နည်း ဆိုသည်ကို မင်းသားကျင်းက မမေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲက အနိုင်ရဖို့ မဖြစ်နိုင်သောကြောင့်ပင်။
မရေတွက်နိုင်သည့် သူရဲကောင်းများက ရွှမ်ဝူမြို့ဆီသို့ ရောက်ရှိလာခဲ့ကြပြီး အများစု ကလည်း လမ်းခုလတ်တွင် ရှိနေတုန်းပင်။ သို့ပေမည့် စုစုပေါင်း အရေအတွက်က တစ်သိန်းထက် မပိုနိုင်ချေ။
နောက်တစ်ချက်ရှိသည်က ဤလူတစ်သိန်း၏အသက်က အင်မတန် တန်ဖိုးရှိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးများက စစ်မှန်သည့် မျိုးစေ့များ ဖြစ်ကြပြီး သေရန်အဆင်သင့် ဖြစ်နေသည့် စိတ်ဓာတ်ပိုင်ရှင်များ ဖြစ်သောကြောင့်ပင်။ တစ်ယောက်ချင်းစီ၏ နောက်ကွယ်တွင် ထောင်နှင့်ချီသည့် လူများလည်း ရှိနေကြ၏။
ဥပမာအားဖြင့် လူမိုက်လီချင်း .... သူက ထျန်းရွှဲ့မြို့နှင့် ဝမ်နျန်ခရိုင်မှ သူရဲကောင်းများကို ကိုယ်စားပြု၍ လာခဲ့ခြင်းပင်။ ထို့ကြောင့် ဤလူတစ်သိန်းက သန်းပေါင်းများစွာသော ပြည်သူတို့၏ နှလုံးသားကို ကိုယ်စားပြု နေခြင်းပင်။ သို့ပေမည့် ဤလူတစ်သိန်းက တပ်ဖွဲ့ပေါင်း ထောင်ချီပြီး ကွဲပြားနေ၏။ သူတို့က စနစ်တကျ ဖွဲ့စည်းထားသည့် စစ်တပ်လို မဟုတ်ကြပေ။
တကယ်တော့ စနစ်တကျ ဖွဲ့စည်းထားခဲ့သည့် စစ်တပ်ဖြစ်လျှင်တောင် အသုံးဝင်မည် မဟုတ်ချေ။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဤလူတစ်သိန်းလုံးက နိဗ္ဗာနတပ်တော်က ဖြစ်လျှင်တောင် အသုံးဝင်မည် မဟုတ်ပေ။
ရှမ့်လန် သွေးမျိုးဆက်အကြောင်းကို လေ့လာနေခဲ့သည်မှာ မည်မျှ ကြာမြင့်ပြီနည်း။ တော်ဝင်ရန် အင်ပါယာ နှင့် သဘာဝလွန် အင်အားစုခြောက်ခု လေ့လာနေခဲ့သည်ကရော မည်မျှကြာပြီနည်း။ ရှမ့်လန်က ရွှဲ့ပြည်နယ် အတွင်းရှိ ဗလာသွေးမျိုးဆက်ပိုင်ရှင်များကို စုဆောင်းနေချိန်တွင် တော်ဝင်ရန်အင်ပါယာကတော့ တစ်လောကလုံးတွင် ရှိနေသည့် ဗလာသွေးမျိုးဆက် ရှိသူများကို စုဆောင်းနေပေလိမ့်မည်။
နိဗ္ဗာနတပ်တော်လို လျှို့ဝှက်စစ်သည်မျိုး တော်ဝင်ရန်အင်ပါယာတွင် မည်မျှရှိနေမည်နည်း။ ထူးကဲ သာလွန်သည့် သဘာဝလွန် အင်အားစုခြောက်ခု၌ရော မည်မျှ ရှိနေမည်နည်း။ ဤအရာက ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်သော်လည်း အရေအတွက် အင်မတန် များပြားမှာတော့ သေချာ၏။
ထို့ကြောင့် ဤတိုက်ပွဲတွင် ရှမ့်လန်က သူ့၌ရှိသမျှ လျှို့ဝှက်လက်နက်အကုန်လုံးကို သုံးပြီး စစ်ဗျူဟာကို အပြည့်အဝ ဖော်ဆောင်မည် ဆိုလျှင်တောင် အသုံးမဝင်နိုင်ချေ။
အင်ပါယာ မဟာမိတ်တပ်များ၏ အင်အားက ရှမ့်လန်ထက် အဆပေါင်းရာနှင့်ချီ သာလွန်နေ၏။ ထိုအရာက အရေအတွက်ကို မဆိုလိုဘဲ စစ်အင်အားကို ဆိုလိုခြင်း ဖြစ်သည်။
ဤမျှကြီးမားသည့် အင်အားကွာခြားချက်နှင့်ဆိုလျှင် ရိုးရိုးတိုက်ပွဲတွင် အနိုင်ရဖို့ အခွင့်အရေး ဆိုသည်က လုံးဝမရှိချေ။ ထို့အပြင် သဘာဝလွန် အင်အားစုခြောက်ခု၏ သိုင်းပညာရှင်များကလည်း ရှိနေသေး၏။
ရှမ့်လန်အတွက် ထိုအရာက ခန့်မှန်း၍မရနိုင်သည့် အရာတစ်ခုပင်။ ထို့ကြောင့် ရှမ့်လန်အတွက် သိုင်းပညာ ဆိုသည်က ကဗျာလင်္ကာတွေထက် အဆမတန် ခက်ခဲသည်။ သူက သိုင်းဟူ၍ လုံးဝမတတ်ချေ။
……………..
ပန်ရော့က လင်းရှန်နှင့် ပြန်လည်ကာ တွေ့ဆုံခဲ့၏။ “ဆရာတူအစ်မ”
“ဟွန့်”
“ကျွန်မကို မုန်းနေတာလား အစ်မ။ အစ်မ စိတ်မကျေနပ်ရင် ဂိုဏ်းခေါင်းဆောင်နေရာ အစ်မကို ပေးလိုက်မယ်။ ဘယ်လိုလဲ။”
လင်းရှန်က အေးစက်စက် အမူအရာဖြင့် ကြည့်လိုက်သည်။ “အဲဒီရာထူးကို နင် ပေးမှ ငါက ရမှာလား။ ဘာသဘောလဲ။ ငါ့ကို အထင်သေးနေတာလား။ နင်က လှတယ်၊ ငယ်တယ်။ သိုင်းပညာတော်ရုံနှင့် ငါ့ကို အထင်သေးလို့ ရမယ်ထင်နေတာလား။”
“အင်း.. ကျွန်မ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့။ ကျွန်မ မပေးတော့ဘူး။”
“ပန်ရော့... နင် ဘာကို ဆိုလိုတာလဲ။ ငါက ဂိုဏ်းခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်း မရှိဘူးလို့ ပြောချင်တာလား။ ငါ့ကို အထင်သေးနေတာလား။”
“ကျွန်မ..”
လင်းရှန်က အေးစက်စက် ပြောလိုက်၏။ “ဒီနှစ်တွေထဲမှာ ငါ ဆင်ဆင်ခြင်ခြင်နဲ့ လေ့ကျင့်ခဲ့လို့ ငါ့ရဲ့ သိုင်းပညာ အဆင့်အတန်းက တစ်ရှိန်ထိုး တိုးတက်လာခဲ့ပြီ။ လာစမ်း။ အချိန်မဆွဲနဲ့တော့။ အခုပဲ ဒီမှာ တိုက်ကြရအောင်။”
ပန်ရော့က ပြောသည်။ “ဒီမှာလား။ အခုလား။ ဒါပေမဲ့ စစ်ပွဲက စတော့မယ်။ ကျွန်မတို့ အားလုံး သေတော့မှာလေ။”
လင်းရှန်က ပြော၏။ “ငါတို့က သေကြရမှာမို့လို့ ဘယ်သူက အနိုင်ရလဲဆိုတာ ဆုံးဖြတ်ဖို့ လိုတာပေါ့။”
ပန်ရော့က ပြောသည်။ “ကျွန်မ ရှုံးရင်ရော။”
လင်းရှန်က ပြန်လည်ကာ ပြော၏။ “ဂိုဏ်းခေါင်းဆောင်နေရာ ငါ့ကို ပေးလေ။”
“မပေးပါနဲ့။” ဂိုဏ်းမှ တပည့်ရာနှင့်ချီက အော်ဟစ်လိုက်ကြသည်။
လင်းရှန်က ဒေါသထွက်သွား၏။ ဤအရာက ဘာသဘောနည်း။ သူ့ကို အထင်သေးနေသည်လား။ သူက ဂိုဏ်းချုပ်ဖြစ်ရန် မသင့်တော်သေးသည်လား။ နတ်ဆိုးတောင်ကြားတာအိုနန်းတော်အတွက် သူမ အပင်ပန်းခံ အလုပ်, လုပ်ခဲ့၏။ တစ်နေ့လျှင် ၄ နာရီတောင် ပြည့်အောင် မအိပ်ခဲ့ချေ။
ပန်ရော့ကရော ဘာလုပ်ခဲ့သနည်း။ ဘာလို့ ဆရာက ပန်ရော့ကိုသာ ချစ်ခဲ့သနည်း။ အဘယ်ကြောင့် လက်အောက်ငယ်သားများက ပန်ရော့ကိုပဲ ထောက်ခံခဲ့ရသနည်း။ လူတိုင်း၏ နှလုံးသားကို ပန်ရော့က မည်သို့များ သိမ်းပိုက်သွားသနည်း။
ဟုတ်ပေ၏။ ပန်ရော့ ဘာလုပ်ခဲ့သနည်း။ သူမက ဘာမှမလုပ်ခဲ့ချေ။ သူမက အရာအားလုံးကို လျစ်လျူရှု ထားပြီး ဂိုဏ်းထဲတွင်ရှိနေသည့် လူပေါင်းများစွာတို့အား မိမိလုပ်ချင်ရာကို လုပ်ခွင့် ပေးထား၏။ ထို့အပြင် သူမက ရက်အနည်းကြာတစ်ခါ ခရီးထွက်ရန် အခွင့်အရေးကို ရှာဖွေခဲ့ပြီး လူအများအပြားကလည်း ထိုအရာကို ထောက်ခံကြ၏။
လင်းရှန်ကတော့ စည်းကမ်းကြီး၏။ အရာအားလုံးကို ထိန်းချုပ်ချင်၏။ စားသောက်သည်က အစ ကျင့်ကြံသည်အဆုံး စည်းကမ်းအတိုင်း လိုက်လုပ်ရသည်။
ထို့အပြင် ပန်ရော့က လှပသည်။ အလှပတရားက တရားမျှတမှုပင်။
“လာစမ်း။ တိုက်ကြမယ်။ အနိုင်ရတဲ့သူက ဂိုဏ်းခေါင်းဆောင်ဖြစ်မယ်။” လင်းရှန်က အော်ဟစ်လိုက်၏။
ပြီးနောက် သူတို့နှစ်ယောက် တိုက်ခိုက်ကြ၏။ ၁၅ မိနစ်အကြာမှာပဲ တိုက်ပွဲက ပြီးသွားခဲ့၏။ လင်းရှန်က ထပ်မံ ရှုံးသွားပြန်၏။ သူမ၏ နာမည်ပြောင်ကတော့ တစ်ခါမှ မပြောင်းလဲနိုင်သေးချေ။ တစ်ခါမှ အနိုင်မရနိုင်သည့်ရှန် ဟူ၍ ယခုအချိန်ထိ ဖြစ်နေတုန်းပင်။
.............
ရှမ့်လန်က မြို့ရိုးပေါ်တွင် ရပ်ပြီး မလှမ်းမကမ်းတွင် ရှိနေသည့် လူအုပ်ကြီးကို ကြည့်၏။ သူက သေသေချာချာ မမြင်ရချေ။ မသိသူဆိုလျှင် ရွှမ်ဝူမြို့၏ ပတ်ပတ်လည်တွင် တောအုပ်ကြီး ရှိနေသည်ဟု ထင်ကြပေလိမ့်မည်။ အဆုံးမရှိသည့် တောအုပ်ကြီးပင်။ သို့ပေမည့် ထိုအရာက တောအုပ်ကြီး မဟုတ်ဘဲ အင်ပါယာ၏ စစ်တပ်ကြီး ဖြစ်၏။
“သိုင်းပညာက ကဗျာလင်္ကာတွေထက် ကျော်လွန်တဲ့ နေရာမှာ ရှိနေတယ်။ ငါက လူတိုင်းကို ကယ်တင်ချင်တယ်။ ဒါပေမဲ့ လူကကြံရင်တောင်မှ နတ်က မဖို့လိုသေးတယ်။ ကောင်းကင်ဘုံ .... ဒီတစ်ခါတော့ ခင်ဗျား ကျုပ်ဘက်က ရှိနေပေးမယ်လို့ မျှော်လင့်မိတယ်။”
“ရှမ့်လန်... နယ်စားကြီးကျင်းကျိုး နဲ့ သိုင်းပညာရှင် ရွှယ်ရင်တို့က လာတွေ့ပါတယ်။” လီချင်းချိုးက အန်းတမ်းတမ်း ဖြစ်နေသည်။ အရှင်ခေါ်ရမည်လား၊ ယခင်လို ရှမ့်လန်ပဲ ခေါ်ရမည်လား။ သူ ဝေခွဲမရပေ။
ရှမ့်လန်က အံ့အားသင့်သွား၏။ “ဒေါ်လေးရွှယ်ရင် ရောက်နေပြီလား။”
သို့ပေမည့် လီချင်းချိုး၏ မျက်နှာအမူအရာ အဘယ်ကြောင့် တစ်မျိုးဖြစ်နေသနည်း။
“ဦးရီးတော် ဘာဖြစ်နေတာလဲ။” ဤအရာက တစ်ခုခု မှားယွင်းနေ၏။ အဖြေပေါင်းများစွာတို့က ရှမ့်လန်၏ ဦးခေါင်းထဲတွင် ချက်ချင်း ပေါ်လာ၏။ အတိုဆုံးအချိန်အတွင်း သူက မှန်ကန်သည့် အဖြေကို ရှာဖွေ နိုင်ခဲ့သည်။
“ကောင်းပြီ။ ကျုပ် အခု လာခဲ့မယ်။ ယောက္ခထီးကြီးက စာကြည့်ခန်းထဲမှာ ရှိနေတာ မဟုတ်လား။”
“ဟုတ်တယ်။” လီချင်းချိုးက ပြန်ဖြေလိုက်၏။
.........
ကျင်းကျိုး၏ စာကြည့်ခန်းထဲမှာတော့ လူလေးယောက် ရှိ၏။ ကျင်းကျိုး၊ လီချင်းချိုး၊ ရွှယ်ရင်နှင့် ကျုံးချူးကဲ့ တို့ပင်။ သူတို့က တံခါးခေါက်သံကို ကြားလိုက်ရသည်။ “ကျုပ်လာပြီ။”
အတွင်း၌ရှိနေသည့် လူလေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ခေါင်းညိတ်ပြ၏။ လီချင်းချိုး တံခါးဖွင့်ပေးလိုက်တော့ ရှမ့်လန် ဝင်သွား၏။
“လူကြီးမင်းတို့ လေးယောက်.. ခင်ဗျားတို့ရဲ့ မျက်နှာအမအူရာတွေက ထူးဆန်းနေပါလား။ ဘာလို့ ဒီလောက်ကြီး တည်ကြည်နေကြရတာလဲ။ နည်းနည်းလောက် စိတ်လျှော့ပါအုံး။”
နတ်မိမယ်ရွှယ်ရင်က ရှေ့သို့ တိုးလာ၏။ ရှမ့်လန်၏ မျက်နှာကို လက်ဖြင့် ပွတ်သပ်ကြည့်သည်။ “လိမ္မာတဲ့ ကလေးလေး။ နောက်ဆုံးတော့ ငါတို့ ပြန်တွေ့ကြပြီပဲ။”
ရှမ့်လန်က ပြော၏။ “အရင်ကတော့ ကျုပ်က ဒေါ်လေးလို့ အမှတ်တမဲ့ ခေါ်ခဲ့တာ။ ကျုပ်ရဲ့ ဒေါ်လေး တကယ်ဖြစ်လာမယ်လို့ မထင်ခဲ့မိဘူး။”
“အင်း... ငါတို့က သွေးသားမတော်စပ်ပါဘူး။”
ရွှယ်ရင်က ပြောလိုက်သည်။ “ငါက မင်းအဖေရဲ့ မွေးစားညီမ သက်သက်ပါပဲ။”
“ဘာကိုဆိုလိုတာလဲ။ ကျုပ်ရဲ့ ယောက္ခမ ဒီမှာ ရှိနေသေးတယ်နော်။”
“လိမ္မာတဲ့ ကလေးလေး။”
ရွှယ်ရင်၏ လှပသည့် မျက်ဝန်းထဲတွင်တော့ အတိုင်းအဆမရှိသည့် ချစ်ခြင်းမေတ္တာများကို မြင်ရ၏။ ပြီးနောက် သူမက လက်ဖြင့် ခပ်ဖွဖွ ပွတ်သပ်၏။ ရှမ့်လန်က ချက်ချင်းပဲ သတိလစ် မေ့မြောသွား၏။
ရွှယ်ရင်က သူ့ကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားပြီး နဖူးကို အသာ နမ်းရှိုက်လိုက်၏။ ပြီးနောက် ရှမ့်လန်ကို အနက်ရောင် အဝတ်စ နှင့် ပတ်၍ သေတ္တာထဲသို့ ထည့်သည်။
“ကျွန်မ အခု သူ့ကို ခေါ်သွားတော့မယ်။ နောင်တစ်ချိန်မှာ သူ ကျွန်မကို အပြစ်မတင်ဘူးလို့ မျှော်လင့်မိတယ်။” ရွှယ်ရင်က ငိုကာ ပြော၏။
ကျင်းကျိုးက တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ “ဒါက မင်းတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ငါတို့ လေးယောက်လုံးရဲ့ ဆုံးဖြတ်ချက်ပါပဲ။”
နတ်မိမယ်ရွှယ်ရင်က ပြော၏။ “နောင်တချိန် သူ ကျွန်မကို အပြစ်တင်ချင်ရင်တောင် အလကားပဲ။ ကျွန်မတို့က သေပြီးသားလူတွေ ဖြစ်နေမှာမလို့လေ။”
ရှမ့်လန်ကို ပွေ့ချီပြီးနောက် သူမက မှောင်မိုက်သည့် ညနက်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
………..
လျှို့ဝှက်မြေအောက်ခန်းတစ်ခုထဲမှာတော့ ....
သူက စိတ်အရမ်း လှုပ်ရှားနေ၏။ နောက်ဆုံးမှာတော့ သူက ပတ်တီးဖြေရပြီ။ သူ၏မျက်နှာအသစ်ကို မြင်ရပေတော့မည်။ ဤအရာက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ဤနှစ်အတွင်း သူက မျက်နှာကို အကြိမ်ကြိမ် ပြုပြင်ခဲ့ရ၏။ မျက်နှာတင်မကဘဲ သူ၏ခန္ဓာကိုယ်၊ စကားပြောပုံ ... စသည့် အရာအားလုံးကို ပြောင်းလဲခဲ့ရ၏။ သို့ပေမည့် သူ့အတွက်တော့ ထိုအရာက ခက်ခဲသည့်အရာ မဟုတ်ခဲ့ချေ။
မွေးတည်းက မြေအောက်ခန်းထဲမှာပဲ နေထိုင်ခဲ့ရပြီး ဘဝတစ်ခုလုံး စာအုပ်များကို ဖတ်ပြီး ကုန်ဆုံးခဲ့ရ၏။ လူတွေနှင့် ထိတွေ့ဆက်ဆံမှု ဆိုသည်မှာ မရှိသလောက်ပင်။
သူက စာအုပ်ကမ္ဘာထဲ၊ တခြားသောသူများ၏ ကမ္ဘာထဲမှာသာ အချိန်ကုန်ခဲ့၏။ သူက စာအုပ်ထဲမှ မည်သည့် ဇာတ်ကောင်အဖြစ်မဆို သရုပ်ဆောင်နိုင်၏။ အဘယ်ကြောင့်ဆိုသော် အချိန်တော်တော်များများ၌ သူက ဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ခြင်းကို ပြုလုပ်နေတတ်သောကြောင့်ပင်။
ပတ်တီးများကို တစ်လွှာပြီး တစ်လွှာ ဖယ်လိုက်၏။
“ဘယ်လိုလဲ။ ဒီမျက်နှာကို ကြိုက်ရဲ့လား။”
သူက မှန်ထဲတွင်ရှိနေသည့် သူ့ကိုသူ ခဏလောက် ကြည့်ပြီးမှပြောသည်။ “ကြိုက်ပါတယ်။ ဒီမျက်နှာက တကယ့်ကို ချောတာပဲ။ နောင်ကို ပြောင်းလဲတော့မှာ မဟုတ်ဘူးမလား။”
“မပြောင်းလဲတော့ပါဘူး။”
“ဒါဆိုရင် ကောင်းတာပေါ့။ ကျုပ်က ဒီမျက်နှာနဲ့ပဲ သေရမှာပေါ့။ ဘယ်လောက် အံ့အားသင့်စရာ ကောင်းလိုက်လဲ။”
“အရင်တုန်းက မင်း နာမည်လိုချင်တယ်လို့ ပြောခဲ့တယ်။ စဉ်းစားမိပြီးပြီလား။”
ထိုသူက ခဏလောက် စဉ်းစားရင် ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် မှန် လို့ ခေါ်ရင် ဘယ်လိုလဲ။”
“အင်း.. နာမည်ကောင်းလေးပဲ။”
ဤအရာက တကယ့်ကို နာမည်ကောင်းလေးပင်။ အဘယ်ကြောင့်ဆိုသော် သူက မိမိ၏ မျက်နှာကို မမြင်ရသည့် မှန်နှင့်သာ အမြဲတမ်း အဖော်ပြုနေခဲ့ရသောကြောင့်ပင်။
“ဒေါ်လေး.. ကျုပ် အပြင်လောကကို မကြာခင် ထွက်ရတော့မှာလား။” သူက မေးမြန်းလိုက်သည်။
“မကြာခင်ပေါ့။ မကြာခင် မင်း အပြင်လောကကို မြင်ရတော့မယ်။”
………
ရွှမ်ဝူနယ်စားကြီးအိမ်တော်၏ အနောက်ဘက်ရှိ ကမ်းပါးထိပ်နေရာက အင်မတန် မြင့်မား၏။ မြောက်ဘက်ကို ကြည့်လိုက်လျှင် မှောင်မဲနေသည့် လူအုပ်ကြီးက အင်ပါယာ၏ မဟာမိတ် စစ်တပ်ကြီးပင်။ အနောက်ဘက်ကို ကြည့်လိုက်လျှင်လည်း အင်ပါယာ၏ မဟာမိတ် စစ်တပ်ကြီးပင်။ ကမ္ဘာမြေနှင့် ကောင်းကင်ကို စပ်ထားသလို အဆုံးမရှိ ပြည့်နှက်နေ၏။ ဤမျှ မြင့်မားသည့်နေရာမှ ကြည့်လျှင်တောင် အဆုံးကို မမြင်ရချေ။
ရွှမ်ဝူအိမ်တော်၏ အပြင်ဘက်တွင် ရှမ့်လန်အပေါ် သစ္စာရှိသည့် စစ်သည်ပေါင်း တစ်သိန်းခန့် ရှိနေသေး၏။ သို့ပေမည့် ထိုသူတို့က အထီးကျန်ကျွန်းလေးတစ်ခုကဲ့သို့ သေးငယ်လွန်းလှ၏။ အင်ပါယာ၏ စစ်တပ်က ဤကျွန်းလေးကို လွယ်ကူစွာ ဝါးမျိုပစ်နိုင်၏။
ကမ်းပါးထိပ်၌ နတ်မိမယ်ရွှယ်ရင်နှင့် ကျင်းမူလန်တို့ ရှိနေသည်။
“မူလန်.. မင်း လန်အာအတွက် အသေခံနိုင်လား။” ရွှယ်ရင်က မေး၏။
“ကျွန်မ အသေခံနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ယောက်ျားကတော့ ဒါကို လက်ခံမှာ မဟုတ်ဘူး။” ကျင်းမူလန်က ပြန်ဖြေသည်။
နတ်မိမယ်ရွှယ်ရင်က ပြောလိုက်သည်။ “ငါနဲ့လိုက်ခဲ့။”
မူလန်က ရွှယ်ရင်၏အနောက်သို့ လိုက်၏။ ရွှမ်ဝူ အိမ်တော်နှင့် မလှမ်းမကမ်းရှိ လျှို့ဝှက်မြေအောက်ခန်းထဲသို့ ဝင်ရောက်သွား၏။ သူတို့နှစ်ယောက်က ဖုန်မှုန့်ကင်းစင်အောင် ပြုလုပ်ပြီး နှာခေါင်းစည်းကို တပ်ကာဖြင့် မြေအောက်ခန်းထဲသို့ ဝင်ကြ၏။
ဤမြေအောက်ခန်းက အင်မတန်ကို သက်တောင့်သက်သာရှိ၏။ စာကြည့်ခန်း၊ အိပ်ရာ၊ စားပွဲတွေ ရှိ၏။ ရှမ့်လန်၏အိမ်နှင့် ပုံစံတူ ပြင်ဆင်ထားသောကြောင့် မူလန်က အရာအားလုံးနှင့် ရင်းနှီးနေသည်။
မှန်ရှေ့တွင် လူတစ်ယောက် ထိုင်နေ၏။ ရှမ့်လန်နှင့် တစ်ပုံစံတည်း တူညီလွန်းသည့် အင်မတန် ချောမောသည့် လူတစ်ယောက်ပင်။
မူလန်နှင့် ရွှယ်ရင်တို့ ဝင်လာသည်ကို မြင်တော့ ထိုသူက လန့်သွားသည့် ပုံစံမျိုးနှင့် မျက်လွှာကို အောက်သို့ ချ၏။
မူလန်က အံ့အားသင့်သွား၏။ ဤလူက မည်သူ ဖြစ်သနည်း။ အဘယ်ကြောင့် သူမ၏ ယောက်ျားနှင့် ဤမျှ တူနေရသနည်း။ လျှို့ဝှက်ခန်းကို ဘယ်တုန်းက တည်ဆောက်ခဲ့ရသနည်း။ အဘယ်ကြောင့် သူမအိမ်နှင့် ဤမျှ နီးသည့်နေရာတွင် ရှိနေရသနည်း။