← Chapters

အခန်း (၇၇၇-၇၇၈)

Vol. 48 Ch. 777-778

အခန်း (၇၇၇-၇၇၈)

Vol. 48 Ch. 777-778

အပိုင်း (၇၇၇)

မူလန်က ရွှယ်ရင်ကို ရန်လိုသည့် မျက်လုံးနှင့် ကြည့်လိုက်၏။ မည်သူကမှ သူမ၏ ခင်ပွန်းနှင့် တူနေသည်ကို သူမ အလိုမရှိချေ။

“မူလန်... မင်း သူ့ကို လန့်အောင် လုပ်နေပြီ။” ရွှယ်ရင်က ပြောပြီး ဤလူငယ်လေးကို ချော့မော့လိုက်၏။

“သူ့ကို မှန် လို့ ခေါ်တယ်။”

နတ်မိမယ်ရွှယ်ရင်က မိတ်ဆက်ပေးလိုက်သည်။ “သူ့မှာ အရင်တုန်းက နာမည် မရှိဘူး။ ဒီနာမည်ကို အခုမှ သူ ကိုယ်တိုင် ပေးထားတာ။ မင်း ဆက်ပြီး စစ်တုရင် ကစားနေပါ။”

ရွှယ်ရင်က ပြောလိုက်တော့ မှန်က ခေါင်းညိတ်ပြ၏။

သူ၏ဘဝတွင် ရွှယ်ရင်တစ်ယောက်တည်းကိုသာ တွေ့ခဲ့ဖူး၏။ ထို့အပြင် ကျုံးချူးကဲ့ကိုလည်း တစ်ခါတလေ တွေ့ဖူး၏။ ထို့ကြောင့် လူစိမ်းတွေရှေ့တွင် သူက စကားတစ်ခွန်းမှ မပြောတတ်ချေ။

နတ်မိမယ်ရွှယ်ရင်က မူလန်ကို အပြင်ဘက်သို့ ခေါ်ထုတ်သွားသည်။

……….

“လန်အာကို ပထမဆုံးစပြီး မြင်တည်းက သူ့ရဲ့ဖြစ်တည်မှုကို ငါ သိခဲ့တယ်။”

ရွှယ်ရင်က ပြုံးကာ ပြောလိုက်၏။ “သူ မွေးပြီး မကြာခင်မှာပဲ ငါ သူ့ကို ပွေ့ချီခဲ့ဖူးတယ်။ အဲဒီတုန်းက မိဖုရားကြီးက အမွှာ မွေးခဲ့တာ။ တစ်ယောက်က လန်အာ၊ နောက်တစ်ယောက်က နင်အာပေါ့။”

မူလန်က မေးသည်။ “အဲတာက တော်ဝင်ရန်အင်ပါယာရဲ့ ကျိနင်လား။”

ရွှယ်ရင်က ခေါင်းညိတ်ပြသည်။

မူလန်က ဆက်မေး၏။ “ဒါဆိုရင် ဘာလို့..”

“အဲဒီတုန်းက အခြေအနေက အရမ်း ဆိုးဝါးခဲ့တယ်။ အင်ပါယာကျန်းလီရဲ့ မိန်းမ ကိုယ်ဝန်ရှိနေမှန်း သိကြပေမဲ့ အမွှာဆိုတာတော့ ဘယ်သူမှ မသိခဲ့ဘူး။ ကျန်းလီက သူ့ရဲ့မိန်းမကို သေချာ ကာကွယ်ပေးထားခဲ့တယ်။ မိဖုရားကြီးမှာ အမွှာရှိပေမဲ့ ဗိုက်က သိပ်ပြီးမကြီးခဲ့ဘူး။ လန်အာနှင့် နင်အာတို့ကို မွေးလာတော့ ကြောင်ပေါက်လေး တွေလို သေးသေးလေးတွေ။

အရေးအခင်းကြီးပြီးတဲ့နောက် အင်ပါယာရဲ့ ယုံကြည်မှုကိုရဖို့ ငါက နင်အာကို တော်ဝင်ရန်အင်ပါယာဆီ ပေးအပ်ခဲ့ပြီး လန်အာကိုတော့ မြို့စားကျန်းလင်းဆီကို တိတ်တဆိတ် ပေးခဲ့တယ်။”

ထို့ကြောင့် ကျိနင်က တော်ဝင်ရန်အင်ပါယာ၏ နန်းတော်ထဲတွင် ကြီးပြင်းခဲ့ရခြင်းပင်။

“အချိန်အတော်ကြာတဲ့အထိ ကျန်းလီမှာ သမီးတစ်ယောက်ပဲ ရှိတယ်လို့ အင်ပါယာက ထင်နေခဲ့တာ။ သားရှိတာကို မသိခဲ့ဘူး။ လန်အာရဲ့ အထောက်အထား ပထမဦးဆုံး ပေါ်ပေါက်လာခဲ့တာကတော့ သူ့ကြောင့် မဟုတ်ဘဲ အရူးကြီးကြောင့်ပဲ။

အရူးကြီးရဲ့ ရွှေရောင် သွေးမျိုးဆက်က အရမ်းကို အံ့အားသင့်ဖို့ ကောင်းတယ်။ လူတိုင်းရဲ့ အာရုံစူးစိုက်မှုကို ခံခဲ့ရတယ်။ ကျုံးချူးကဲ့က သူ့ကို ခေါ်သွားတယ်ဆိုပေမဲ့ အင်ပါယာရဲ့ အာရုံစူးစိုက်မှု အောက်ကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ လူတွေက အရူးကြီးကို အာရုံစိုက်နေတဲ့အချိန်မှာ သူ့ဘေးမှာ အမြဲတမ်း ရှိနေတဲ့ လန်အာကို သတိထားမိလာကြတယ်။

မင်းရဲ့ ယောက်ျားအကြောင်း မင်းသိတဲ့အတိုင်းပဲ။ သူက ဘာမှ မလုပ်ဘဲ ရပ်နေရင်တောင် လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့သူပဲ။ ပြီးတော့ သူက အခုတလော အလုပ်တွေ အများကြီး လုပ်ခဲ့တယ်။ သူက ကျန်းလီရဲ့ သား ဖြစ်နိုင်တယ်လို့ ပထမဦးဆုံး သံသယ ဝင်ခဲ့တာကတော့ ကောင်းကင်ပင်လယ် နန်းတော်ကို သွားခဲ့တဲ့ ပထမဆုံးအချိန်တုန်းကပဲ။ အဲဒီတုန်းက မင်းတို့ အတူတူ သွားရောက်ခဲ့ပြီး လန်အာက သင်္ချာပညာမှာ အံ့မခန်း ပါရမီကို ပြသခဲ့တယ်။

အင်ပါယာကျန်းလီရဲ့ သိုင်းပညာက လောကမှာအကောင်းဆုံးလို့ လူတိုင်း သိတယ်။ ဒါပေမဲ့ အထက်တန်းလွှာတွေက သူ့ရဲ့ ဉာဏ်ပညာက သိုင်းပညာထက် ပိုပြီး သာလွန်တယ် ဆိုတာကို သိကြတယ်။ အဲလိုဉာဏ်ပညာမျိုးက လူသန်းပေါင်းများစွာမှာမှ တစ်ယောက်ပဲ ရှိတယ်။ အဲလို ဉာဏ်ပညာမျိုးကို လန်အာ က ထပ်ခါတလဲလဲ ပြသခဲ့တယ်။

အဲဒီနောက်မှာတော့ လန်အာက သွေးမျိုးဆက်တွေကို လေ့လာတယ်။ နိဗ္ဗာနတပ်တော်ကို ပြုပြင် ပြောင်းလဲတယ်။ ပြီးတော့ အင်ပါယာကျန်းလီရဲ့ အထူးသွေးမျိုးဆက် ရှိသူတွေကို သူ့လက်အောက်မှာ စုစည်းစေခဲ့တယ်။ ဒါက အင်ပါယာနဲ့ သဘာဝလွန် အင်အားစုတွေကို ပိုပြီး သံသယ ဝင်စေခဲ့တယ်။

ဒါပေမဲ့ ဒါက လန်အာရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ရွှေက ဘယ်နေရာကိုပဲ ရောက်ရောက် တောက်ပနေမှာ ပဲလေ။ မင်းရဲ့ယောက်ျားက ရတနာတစ်ပါးပဲ။ ဒါပေမဲ့ သူ ဘာလို့ ဒီလောက် ထိန်းမနိုင်၊သိမ်းမရ လုပ်ခဲ့ရတာလဲ။ ငါ သူ့ကို မတွေ့ခင်တည်းက သံသယ ဝင်နေခဲ့တာ။ ဒါပေမဲ့ တကယ်တမ်း တွေ့လိုက်ရတဲ့ အချိန်မှာတော့ လုံးဝ သေချာသွားခဲ့တယ်။ အဲဒီအချိန်တည်းက မကြာခင် လန်အာရဲ့ ဖြစ်တည်မှု ပေါ်ပေါက်တော့မယ်ဆိုတာ ငါ သိခဲ့တယ်။ ဒါကြောင့် ငါ အမြန် ပြင်ဆင်ခဲ့တယ်။”

မူလန်က ပြောလိုက်၏။ “ဒါဆို ဒေါ်လေးက လူစားထိုးဖို့ တစ်ယောက်ယောက်ကို ရှာခဲ့တာလား။”

“မဟုတ်ဘူး။ လူစားထိုးဖို့ ရှာခဲ့တာ မဟုတ်ဘူး။”

ရွှယ်ရင်က ပြောသည်။ “အဲဒီလူကလည်း တော်ဝင်ချန်အင်ပါယာက ကလေးတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူက ပိုပြီး အရေးကြီးတယ်။ မူလကဆိုရင် သူက အရူးကြီးနဲ့ အဆင့်တူ အစွမ်းထက်တဲ့လူ ဖြစ်ခဲ့ရမှာ။ ဒါပေမဲ့ သူ့ရဲ့အမေက ကိုယ်ဝန်ရှိနေတုန်းမှာ ရန်သူရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခံရတယ်။ ဒါကြောင့် မွေးလာတဲ့ အချိန်မှာ သူက အရမ်း အားနည်းခဲ့တယ်။ သူ့ရဲ့ အရိုး ဖွဲ့စည်းပုံက လန်အာနဲ့ အရမ်း တူနေတာကို ငါ တွေ့ခဲ့တယ်။ ဒါကြောင့် သူ့ကို လန်အာရဲ့ အစားထိုးအဖြစ် ပြုစုပျိုးထောင်ခဲ့တာပဲ။”

နတ်မိမယ်ရွှယ်ရင်က အေးအေးဆေးဆေး ပြောပြနေပေမဲ့ ထိုအရာက အင်မတန်ကို ကြီးကျယ်ခမ်းနားသည့် ကိစ္စရပ်မျိုးပင်။ ဤလူက ငယ်ငယ်တည်းက နာမည်မရှိဘဲ ရှမ့်လန်၏ အစားထိုး ဖြစ်လာဖို့ တာဝန် တစ်ခုတည်းနှင့် အသက်ရှင်ခဲ့ရခြင်းပင်။

မူလန်က ပြောလိုက်၏။ “ဒါဆိုရင် သူက ဘာလို့ ယောက်ျားနဲ့ ဒီလောက် တူနေရတာလဲ။”

ရွှယ်ရင်က ရှင်းပြလိုက်သည်။ “ဘာလို့လဲဆိုတော့ သူတို့က အစတည်းက ဝမ်းကွဲညီအစ်ကိုတွေ ဖြစ်နေလို့ပဲ။”

မူလန်က မေး၏။ “ယောက်ျားရဲ့ အမေကရော။”

ရွှယ်ရင်က ပြန်ဖြေသည်။ “မိဖုရားကြီးလား။ သူကတော့ ကလေးနှစ်ယောက် မွေးပြီးချင်းမှာပဲ ကွယ်လွန်သွား ခဲ့တယ်။”

သူတို့နှစ်ယောက်က အချိန်တော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့၏။

မူလန်က မေးမြန်းလိုက်သည်။ “ကျွန်မကို ဘာလို့ ဒီနေရာဆီ ခေါ်လာတာလဲ။”

ရွှယ်ရင်က ဖြေ၏။ “ငါတို့ ဒီတိုက်ပွဲကို မနိုင်နိုင်ဘူး။”

မူလန်က‌ ပြောသည်။ “သိပါတယ်။ ဒီကိစ္စကို ယောက်ျားကလည်း သိတယ်။”

ရွှယ်ရင်ကပြော၏။ “လန်အာအတွက် လူစားထိုးတစ်ယောက်ကို ပြင်ဆင်ဖို့ နှစ်ပေါင်းများစွာ အချိန် ယူခဲ့တယ်။ ငါ ဘာလုပ်ဖို့ ကြံစည်ခဲ့လဲဆိုတာ မင်းသိမှာပါ။”

မူလန်က ပြောသည်။ “ကျွန်မသိပါတယ်။ ယောက်ျားကိုယ်စား သူ့ကို အသေခံခိုင်းဖို့ မဟုတ်လား။”

ရွှယ်ရင်က ပြန်မေး၏။ “ဒါပေမဲ့ အဲတာတွေနဲ့တင် မလုံလောက်သေးဘူး မဟုတ်လား။”

ဟုတ်ပေ၏။ မလုံလောက်သေးချေ။ လူစားထိုးတစ်ယောက် သေသွားသည်နှင့် အင်ပါယာနှင့် သဘာဝလွန် အင်အားစုများ၏ သံသယကို ဖျောက်ဖျက်ဖို့ မဖြစ်နိုင်ချေ။

ရွှယ်ရင်က မေးလိုက်သည်။ “ဘယ်လိုလုပ်ရင် ပိုပြီး လက်တွေ့ကျမလဲ။ ဘယ်လိုလုပ်ရင် ပိုပြီး တုန်လှုပ်စရာ ကောင်းမလဲ။”

ကျင်းမူလန်က ပြောလိုက်၏။ “စတေးခံဖို့ပဲ ရှိတယ်။”

“ဟုတ်တယ်။ စတေးခံဖို့ပဲ။”

နတ်မိမယ်ရွှယ်ရင်ကပြောသည်။ “အဲတုန်းက စုနန်က သေချင်ဟန်ဆောင်ပြီး လူတိုင်းကို လှည့်စားခဲ့ဖူးတယ်။ အဲလို လှည့်စားနိုင်ဖို့ စုမိသားစု တစ်ခုလုံး စတေးခဲ့ရတယ်။ ငါတို့က ပိုပြီး လက်တွေ့ဆန်တဲ့ သရုပ်ဆောင်မှုမျိုး ကို လုပ်ရမယ်။ ဒါက လူပေါင်း တစ်သိန်းကျော်တို့ရဲ့ သေဆုံးမှုပဲ။”

ကျင်းမူလန်က တိတ်ဆိတ်ငြိမ်သက်သွား၏။

နတ်မိမယ်ရွှယ်ရင်က ပြောလိုက်သည်။ “ငါ လန်အာကို သတိလစ်အောင်လုပ်ပြီး ငါတို့နှစ်ယောက်ပဲ သိတဲ့နေရာမှာ ဝှက်ထားတယ်။ အဲဒီနောက်မှာ လန်အာက လုံးဝ ပျောက်ကွယ်သွားမှာ။ အခုကစပြီး လူလုံးထွက်ပြမယ့် လူက ဒီ မှန် ဆိုတဲ့လူပဲ ဖြစ်လိမ့်မယ်။”

မူလန်၏ လှပသည့် မျက်နှာလေးက တုန်ယင်သွားခဲ့၏။

နတ်မိမယ်ရွှယ်ရင်က ဆက်ပြောသည်။ “ဒီ လူစားထိုး မှန်က မင်းနဲ့အတူ ပင်လယ်ကို ထွက်သွားလိမ့်မယ်။ ငါ၊ ကျုံးချူးကဲ့၊ လီချင်းချိုး၊ ပန်ရော့၊ နာကျည်းမှု၊ လင်းရှန်နှင့် တခြားသောသူတွေ အကုန်လုံးက မင်းကို ကာကွယ်ပေးမယ်။ စစ်သည်တစ်သိန်းကတော့ ရွှမ်ဝူမြို့မှာ ကျန်ခဲ့မယ်။ အင်ပါယာရဲ့ စစ်တပ်ကြီးကို တားဆီးပြီး မင်းတို့အတွက် အချိန်ဆွဲပေးလိမ့်မယ်။”

မူလန်က ဘာမှ မပြောချေ။

နတ်မိမယ်ရွှယ်ရင်က ပြောလိုက်၏။ “တကယ်တမ်းမှာတော့ မင်းတို့မှာ လွတ်မြောက်ဖို့ အခွင့်အရေး မရှိဘူး။ လွန်ခဲ့တဲ့ လအနည်းငယ်တည်းက အင်ပါယာက လောကရေတပ်ကြီးရဲ့ ထက်ဝက်လောက်ကို စုစည်း ထားခဲ့တယ်။ ပင်လယ်ပြင် မိုင်ပေါင်း သောင်းရှစ်ထောင်ကျော်ကို ပိတ်ဆို့ထားခဲ့ပြီးပြီ။ မင်းတို့ လွတ်အောင် မပြေးနိုင်ဘူး။”

မူလန်က ဆက်လက် တိတ်ဆိတ်နေဆဲပင်။

နတ်မိမယ်ရွှယ်ရင်က ဆက်ပြောသည်။ “မင်းတို့ရဲ့ သင်္ဘောကို ကာကွယ်ဖို့ လူပေါင်း တစ်သိန်းကျော်လောက် သေရလိမ့်မယ်။ သူတို့က အင်ပါယာစစ်တပ်ရဲ့ လက်ချက်နဲ့ အမြစ်ပြတ် သုတ်သင်ခံရလိမ့်မယ်။ အဲဒီနောက် ပင်လယ်ပြင်ပေါ်မှာ ငါတို့လို မဟာပညာရှင်တွေကလည်း သဘာဝလွန်အင်အားစုရဲ့ မဟာပညာရှင်တွေနဲ့ တိုက်ခိုက်ရင်း အသေခံရလိမ့်မယ်။

ငါ၊ ကျုံးချူးကဲ့၊ လီချင်းချိုး၊ ပန်ရော့၊ မင်းသားကျင်း၊ လင်းရှန်၊ လန်တို။ ပြီးတော့ တခြားသူတွေအားလုံး သေကြရလိမ့်မယ်။ သူတို့က ကျိရွှမ်နဲ့ နင်ဟန်တို့ရဲ့ လက်ထဲမှာ သေကြလိမ့်မယ်။ အဲလောက်ထိ သရုပ်ဆောင်ရင် တုန်လှုပ်စရာ ကောင်းအောင် လက်တွေ့ကျနေပြီ။

ဒါပေမဲ့ နောက်ဆုံး ဇာတ်ဝင်ခန်း တစ်ခု ကျန်သေးတယ်။ အဲဒါကတော့ မင်းကိုယ်တိုင် သရုပ်ဆောင် ရလိမ့်မယ်။ ငါတို့ မဟာပညာရှင်တွေအားလုံး သေပြီးတဲ့နောက်မှာ မင်းတို့ရဲ့သင်္ဘောကို ကာကွယ် ပေးမယ့်သူ မရှိတော့ဘူး။ အဲဒီအချိန်မှာ မင်းတို့ ကျင်းမိသားစုက ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ်။ မင်းက ကျိရွှမ်၊ နင်ဟန်တို့ရဲ့ ရှေ့မှာ မှန်ကို သတ်ပြရမယ်။ ပြီးရင် မင်းကိုမင်း သတ်သေရမယ်။

နောက်ဆုံး သင်္ဘောကြီးတစ်စီးလုံးကို ဖောက်ခွဲပစ်ရမယ်။ ငါတို့ အားလုံး သေကြရမယ်။ ငါတို့ အားလုံး ဒီလောက ကနေ ပျောက်ကွယ်သွားရမယ်။ လန်အာ တစ်ယောက်ပဲ အသက်ရှင်ကျန်ရလိမ့်မယ်။ ဒါမှ နောင်အနာဂတ်အတွက် မျှော်လင့်ချက်ရှိမှာ။ သူ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိနေအုံးမှာပဲ။ နှစ်အနည်းငယ်ကြာရင် သူက ဘုရင်တစ်ပါးလို ပြန်လာလိမ့်မယ်။ သူ့အဖေရဲ့ စိတ်ဆန္ဒကို ဆက်ခံပြီး မပြီးဆုံးသေးတဲ့ အလုပ်တွေကို အဆုံးသတ်ပေးလိမ့်မယ်။”

ကျင်းမူလန်က မျက်လုံးကို မှိတ်ကာဖြင့် မေးမြန်းလိုက်၏။ “အကုန် သေရမှာလား။”

“ဟုတ်တယ်။ အကုန် သေရလိမ့်မယ်။ အရူးကြီး ၊ မင်း အပါအဝင် လူတိုင်းပဲ။ ဒါမှ လက်တွေ့ကျမယ်။”

ကျင်းမူလန်က မေးသည်။ “ကျွန်မရဲ့ ယောက်ျားက ဒီအစီအစဉ်ကို သဘောတူခဲ့လို့လား။”

ရွှယ်ရင်က ပြော၏။ “သဘောမတူဘူး။ သူ သဘောတူမှာ မဟုတ်ဘူး။ သူက မင်းတို့ တစ်ယောက်ချင်း စီတိုင်းကို ကာကွယ်မယ်လို့တောင် ပြောခဲ့တာ။ သူက အရှင်သခင်ဖြစ်ပြီး ငါတို့က သူ့ရဲ့ လက်အောက်ငယ်သားတွေ ဆိုပေမဲ့ ဒီကိစ္စကို ငါတို့ပဲ ဆုံးဖြတ်တာ။ သူ ဆုံးဖြတ်တာ မဟုတ်ဘူး။”

ကျင်းမူလန်က မျက်လုံးများကို မှိတ်ထားဆဲပင်။

နတ်မိမယ်ရွှယ်ရင်က ပြောသည်။ “ဘာလဲ။ မင်း မလုပ်ချင်ဘူးလား။”

ကျင်းမူလန်က ပြောလိုက်၏။ “ဒေါ်လေးတို့ရဲ့စိတ်ထဲမှာ ရှမ့်လန်က ကျန်းလီရဲ့သား၊ လောကကြီးရဲ့ အရှင်သခင်၊ လောကရဲ့ မျှော်လင့်ချက် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်ထဲမှာတော့ သူက ရိုးရိုး ရှမ့်လန်ပဲ။ သူက ကျွန်မရဲ့ ယောက်ျားပဲ။ ဒါပဲ။ သူက သူ့ရဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းချင်တယ်။ သူက အရှင်သခင် မဖြစ်ချင်ဘူး။”

နတ်မိမယ်ရွှယ်ရင်က ခဏလောက် တိတ်ဆိတ်သွားသည်။ “ငါလည်း တစ်ချိန်က အဲလို တွေးခဲ့တာပဲ။ ဒါပေမဲ့ အခု ငါတို့မှာ ရွေးချယ်စရာ ရှိသေးလို့လား။”

ကျင်းမူလန်က မေး၏။ “ကျွန်မရဲ့ယောက်ျားအတွက် အသေခံဖို့ အဆင်သင့်ပဲ။ အဲဒါကို မေးနေစရာတောင် မလိုဘူး။ ဒါပေမဲ့ ကျွန်မက ဘာပဲလုပ်လုပ် ယောက်ျားရဲ့ သဘောတူညီချက်ကို အရင် ရယူရမယ်။ အနစ်နာခံမှုက လူတစ်ယောက်ရဲ့ နှလုံးသားကို လှုပ်ခတ်စေနိုင်တယ်။ ယောက်ျားမသိဘဲ အနစ်နာခံတယ် ဆိုတာက အဓိပ္ပာယ်ရှိရဲ့လားလို့ သူ့ကို မေးကြည့်ချင်တယ်။ သူက အဲဒါကိုရော လိုချင်ရဲ့လားပေါ့။”

နတ်မိမယ်ရွှယ်ရင်က ပြောသည်။ “ငါ မင်းကို လိုရင်းပဲ မေးမယ်။ မင်းရော အဆင်သင့် ဖြစ်ပြီလား။”

မူလန်က ဖြေ၏။ “အဆင်သင့်ပါပဲ။”

ရွှယ်ရင်က ပြောသည်။ “ဒီလောက်ဆိုရင် လုံလောက်ပြီ။”

သို့ပေမည့် မူလန်က ပြော၏။ “ဒါပေမဲ့ ယောက်ျားမှာ အခြားအစီအစဉ်တွေ ရှိနေသေးတယ်။”

နတ်မိမယ်ရွှယ်ရင်က ပြောလိုက်သည်။ “ငါ သူ့ကို နားလည်ပါတယ်။ မင်းလည်း သူ့ကို နားလည်တယ်။ သူက စွန့်စားရတာကို ကြိုက်တဲ့ ကလေးတစ်ယောက်ပဲ။ ဒါပေမဲ့ ငါ သူ့ကို ထပ်ပြီး စွန့်စားခွင့် မပေးနိုင်တော့ဘူး။ သူ သေသွားရင် အားလုံး ပြီးသွားလိမ့်မယ်။ ဒီကိစ္စကို ငါတို့ ဆုံးဖြတ်မယ်။ ပြီးတော့ မင်းသဘောမတူရင်လည်း အပိုပဲ။ အစီအစဉ်က စနေပြီ။”

“ဘာ။” မူလန်၏ အသံက တုန်ယင်သွားခဲ့၏။

နတ်မိမယ်ရွှယ်ရင်က ပြောသည်။ “အစီအစဉ်က စနေပြီလို့ ငါပြောတာ။ ဘယ်သူမှ တားလို့ မရတော့ဘူး။”

မူလန်က ထိတ်လန့်သွား၏။ “ဒါဆို... ဒါဆိုရင် ကျွန်မတို့ရဲ့ ကလေးတွေရော။ ကျွန်မတို့ရဲ့ ရှမ့်မီ၊ ရှမ့်ယီ၊ ရှမ့်လီ ဒီကလေးလေးတွေရော။ သူတို့က ငယ်ငယ်လေးတွေပဲ ရှိသေးတာ။ သူတို့ပါ ကျွန်မတို့နဲ့အတူ အသေခံရမှာလား။”

မူလန်၏ မျက်လုံးများ၌ မျက်ရည်များ ပြည့်လျှံလာသည်။

“မဟုတ်ဘူး။ သူတို့က အသေခံစရာ မလိုပါဘူး။”

နတ်မိမယ်ရွှယ်ရင်က ဆို၏။ “မင်း ကိုယ့်ကိုကိုယ် သတ်သေတဲ့အချိန် အဲကလေးသုံးယောက်ကို ကျိရွှမ်နှင့် နင်ဟန်တို့ဆီ ပေးခဲ့ရမယ်။”

ကျင်းမူလန်က တုန်ယင်နေသည့် အသံဖြင့် မေးသည်။ “ကျွန်မယောက်ျားကိုသတ်မယ့် မိန်းမနှစ်ယောက်ဆီ ပေးရမယ် ဟုတ်လား။”

နတ်မိမယ်ရွှယ်ရင်က ပြော၏။ “ဒါမှ လက်တွေ့ကျမှာပေါ့။ ဒါမှ ဒီကလေးသုံးယောက်ရဲ့ အသက်ကို ကယ်တင်နိုင်မှာ။ ပြီးတော့ ရှမ့်လန် ဘုရင်တစ်ပါးအဖြစ် ပြန်လာတဲ့အခါမှာ အဲကလေးတွေကို ပြန် ကယ်လိမ့်မယ်။”

ကျင်းမူလန်က ရှိုက်ကြီးတငင် ငိုကျွေးလိုက်မိသည်။ “ဒါပေမဲ့ ဒီလိုလုပ်တာကြောင့် ကျွန်မရဲ့ယောက်ျားက တစ်ဘဝလုံး နာကျင်မှုတွေနဲ့ ရှင်သန်ရလိမ့်မယ်။”

All Chapters