အခန်း (၇၇၉-၇၈၀)
Vol. 48 Ch. 779-780
အပိုင်း (၇၇၉)
ပင်လယ်ပြင်ထက်တွင် စစ်သင်္ဘောအုပ်စုကြီးက ကောင်းကင်ယံကိုပင် ဖုံးလွှမ်းလုမတတ်ပင်။ ကောင်းကင် ပေါ် ပျံတက်နေခြင်း မဟုတ်ပေ။ ပင်လယ်ပြင်၏ မိုးကုတ်စက်ဝိုင်းအစွန်းတွင် သင်္ဘောများ ပြည့်ကျပ် နေသောကြောင့် ကောင်းကင်ယံကို ဖုံးလွမ်လုမတတ် ဖြစ်နေခြင်းပင်။
အင်ပါယာ၏ မဟာမိတ်ရေတပ်စုကြီးက ကီလိုမီတာ ၁၀၀ အတွင်း နေရာအနှံ့ ပြန့်ကျဲနေ၏။ ထိုထဲတွင် တခြားသင်္ဘောများထက် ထူးခြားသည့် သင်္ဘောကြီး ၆ စင်းရှိ၏။
အထူးခြားဆုံးနှင့် အသေးငယ်ဆုံး သင်္ဘောကတော့ ကျောက်စိမ်းဖြူမြို့တော်မှ သင်္ဘောပင် ဖြစ်၏။ ထိုသင်္ဘော ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ကောင်းကင်မှ ဆီးနှင်းဖြူများ ကျနေ၏။ ဆီးနှင်းများ ကျနေသရွေ့ ဤနေရာက ကျောက်စိမ်းဖြူမြို့တော်၏ နယ်မြေပင် ဖြစ်၏။ ဆီးနှင်း မရှိသည့်နေရာကို ကျောက်စိမ်းဖြူမြို့တော်က ဂရုမစိုက်ချေ။
ဇွန်လ၏ နွေရာသီ နေ့ရက်များ ဖြစ်သော်လည်း ဆီးနှင်းများက ကျနေခြင်းက အမှန်တကယ် အံ့အားသင့်စရာ ကောင်း၏။ ထို့အပြင် ထိုဆီးနှင်းများက ကျောက်စိမ်းဖြူမြို့တော်၏ သင်္ဘော၏ အထက်တည့်တည့်တွင် ကျဆင်းနေခြင်း ဖြစ်၏။ ဤမြင်ကွင်းက ကြည့်မဝနိုင်အောင် လှပလွန်း၏။ သင်္ဘောက ဆီးနှင်းကဲ့သို့ ဖြူဖွေးနေပြီး ကောင်းကင်မှ နှင်းပွင့်များနှင့် တစ်သားတည်း ဖြစ်နေသည်။
တခြားသော သင်္ဘောများနှင့် နှိုင်းယှဉ်လျှင် များစွာသေးငယ်သည့် သင်္ဘော ဖြစ်ပြီး သင်္ဘော ကုန်းပတ်ပေါ်တွင် လူတစ်ယောက်မှ ရှိပုံမပေါ်ချေ။ အစမှအဆုံးထိ ရှမ့်လန်က ကျောက်စိမ်းဖြူ မြို့တော်မှ လူတစ်ယောက်ကို မတွေ့ဖူးသေးပေ။
ရှန့်ကုန်းဘုရားကျောင်းမှ သင်္ဘောများ ရောက်ရှိလာသော်လည်း ကုန်းပတ်တွင် တစ်ယောက်မှ မရှိချေ။ ကျန်ရှိနေသည့် ကောင်းကင်ပင်လယ်နန်းဆောင်၊ စေတီတောင်၊ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်၊ တုံ့ကျန်းဘုရားကျောင်းတို့၏ သင်္ဘောပေါ်တွင်တော့ သိုင်းပညာရှင်များနှင့် ပြည့်နှက်နေ၏။ သူတို့၏ နောက်ကွယ်တွင်လည်း လက်အောက်ခံ သိုင်းပညာရှင် အဖွဲ့အစည်းများနှင့် စစ်သင်္ဘော ဒါဇင်နှင့်ချီ ရှိ၏။
သဘာဝလွန် အင်အားစု ၆ ခုတို့ဆီမှ မဟာပညာရှင်ပေါင်းများစွာ မည်မျှ စေလွှတ်ထားသနည်း၊။ ရေတွက်၍ မရနိုင်အောင်ပင်။ ရွှဲ့ပြည်နယ်တွင် မဟာပညာရှင် ခြောက်ဦးသာ ရှိရခြင်းက ထိုအဖွဲ့အစည်းများ သတ်မှတ်ထားခဲ့သောကြောင့် ဖြစ်၏။ ထိုအဖွဲ့အစည်း ၆ ခုနှင့် အင်ပါယာက ဤနေရာတွင် ရှိနေသည့် ယဉ်ကျေးမှု အားလုံးကို ပိတ်ဆို့ထားကြပြီး သူတို့ကိုယ်တိုင်သာ အင်အားတောင့်တင်းအောင် ပြုလုပ် ထားကြ၏။ ထို့ကြောင့် သူတို့တွင် ကျွမ်းကျင်သူ မည်မျှ ရှိသည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။
မင်းသမီးကျိရွှမ်က တော်ဝင်အင်ပါယာနှင့် သဘာဝလွန် အဖွဲ့အစည်း ၆ ခုတို့၏ကြား ဆက်သွယ်ရေး တာဝန်ခံအဖြစ် ကောင်းကင်ပင်လယ်နန်းဆောင်၏ သင်္ဘောပေါ်တွင် နေထိုင်လို့နေ၏။ ထိုသင်္ဘောက အခြားသော သင်္ဘောများထက် များစွာမြန်ဆန်သည်။
ကျိရွှမ်က ကောင်းကင်ပင်လယ်နန်းဆောင် သင်္ဘောဖြင့် ရှမ့်လန်၏ သင်္ဘောဆီသို့ ဦးတည်လျက် ရှိနေ၏။
“ရှမ့်လန်... ရပ်လိုက်စမ်း။” မင်းသမီးကျိရွှမ်က တည်ငြိမ်စွာ ပြောလိုက်၏။ သို့သော်ငြား ရှမ့်လန်၏ သင်္ဘောအုပ်စု က ဆက်လက်ကာ ရွေ့လျားသွားလာနေဆဲပင်။
“တိုက်ခိုက်ကြ...” မင်းသမီးကျိရွှမ်က အမိန့်ပေးလိုက်သည်။
ချက်ချင်းပဲ အံ့အားသင့် မင်သက်စရာ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာ၏။ သင်္ဘောအသီးသီးဆီမှ ထိပ်တန်း သိုင်းပညာရှင် အများအပြားတို့က ငှက်များကဲ့သို့ပင် ခုန်ထွက်ပြီး ပင်လယ်ရေပြင်ထက်ရှိ လှိုင်းလုံးများကို နင်းကာဖြင့် ရှမ့်လန်၏ သင်္ဘောဆီသို့ ဦးတည်ပြေးလာ၏။
ဤလောကတွင် ကိုယ်ဖော့ပညာက ရေပြင်ထက် လမ်းလျှောက်နိုင်သည်အထိ စွမ်းဆောင်မှု ရှိနေသည်လား။ မူလန်က ထိုမြင်ကွင်းကို မယုံကြည်နိုင်သလို ငေးကြည့်နေမိ၏။ သူမ၏ လျင်မြန်ဖျက်လတ်မှုက ထိပ်တန်းအဆင့် ဖြစ်သော်လည်း ရေပြင်ပေါ်တွင် မပြေးနိုင်ချေ။
ထိပ်တန်း မဟာပညာရှင် လီချင်းချိုးပင်လျှင် ဤမျှ ဝေးကွာသည့် အကွာအဝေး၌ ရေပေါ်တွင် လမ်းလျှောက်၍ မရနိုင်ပေ။ သို့သော်ငြား သူတို့၏ ရှေ့တွင်ရှိနေသည့် ရာနှင့်ချီ၊ ထောင်နှင့်ချီသော သိုင်းပညာရှင်များက ရေပေါ် လမ်းလျှောက်လာနေကြ၏။ သူတို့က ထိုမျှအထိ စွမ်းထက်နေကြသည်လား။
ရွှယ်ရင်က အော်ဟစ်လိုက်သည်။ “အင်ပါယာကျန်းကို ကာကွယ်ကြ... ပစ်ကြ...”
ရုတ်တရက် ရှမ့်လန်၏ ရေတပ်မှ နိဗ္ဗာနစစ်သည်များက မြားမိုးများ ရွာချ၏။ စစ်မြေပြင်တွင် ထိုမြားများက အရှုံးမရှိနိုင်သော်လည်း ယခုအခါတွင်မူ အရာမထင်တော့ပေ။
ထိုသဘာဝလွန် ကိုယ်ခံပညာရှင်များက ဓားများကို ဝှေ့ယမ်းပြီး မြားများကို အလွယ်တကူနှင့် အမှုန့်ပြုလုပ်ကြ၏။ သူတို့၏အဝတ်အစားများကို ထိမှန်သည့်တိုင်အောင် မြားများက ချက်ချင်းပင် အနောက်သို့ လွင့်စင်ကုန်၏။
မင်းသမီးကျိရွှမ်က အစွမ်းထက် သိုင်းပညာရှင် တစ်ထောင်ကျော်နှင့်အတူ ရှမ့်လန်၏ သင်္ဘောကြီးကို ဝိုင်းရံထားခဲ့ပြီးဖြစ်၏။ သူမက ရှမ့်လန်၏ မိသားစုကို ကုန်းပေါ်တွင် အဘယ်ကြောင့် မတိုက်ခိုက်ရသနည်း။ အကြောင်းရင်းက ကုန်းပေါ်ဆိုလျှင် လွတ်မြောက်သွားနိုင်သူများ ရှိသောကြောင့်ပင်။ ပင်လယ်ပြင်တွင်မူ လွတ်လမ်း မရှိတော့ပေ။
အင်ပါယာ၏ အမိန့်တော်က ရှင်းလင်း၏။ နောက်ထပ် တွေ့ဆုံစရာ မလို၊ အရှင်ဖမ်းစရာ မလို၊ အကုန် သတ်ပစ်ရန်ပင်။ ရှမ့်လန်နှင့် သူ၏ မိသားစုတစ်ခုလုံးကို သတ်ရန်နှင့် ဤလုပ်ရပ်ဖြင့် တစ်လောကလုံးကို ခြိမ်းခြောက်ရန်ပင်။
မဟာပညာရှင်ရွှယ်ရင်က သူမ၏ ဓားကို ဆွဲထုတ်ပြီး ကျင်းမူလန်အား လှည့်ကာ ပြောလိုက်သည်။ “ငါတို့ သေရတော့မယ်။ ပြီးရင် မင်းအလှည့် ရောက်လာလိမ့်မယ်။ အရင်က မလုပ်ဖူးဘူး ဆိုပေမဲ့ သေသေချာချာ လုပ်ရမယ်။ သေသေချာချာ သရုပ်ဆောင်ရမယ်။”
သူမက နှုတ်ခမ်းလှုပ်ရုံသာ ပြောခြင်း ဖြစ်၏။
ပြီးနောက် သူမက မှန်ကို ကြည့်ပြီး ပြုံးပြလိုက်၏။ ထိုမှန်က ရှမ့်လန်နှင့် အစစအရာရာ တူညီသည်။
“အဒေါ်...”
မှန်က ခေါ်၏။ အသံက တူညီ၏။ ရွှယ်ရင်၏ နှလုံးသားတစ်ခုလုံးက နူးညံ့သွား၏။ “ကလေး... မင်း ငယ်ငယ်လေးတည်းက ပြင်ပလောကကို မမြင်ဖူးဘူး။ အခုတော့ မင်း မြင်ရပြီ။”
ပြီးနောက် သူမက အော်ဟစ်လိုက်သည်။ “အင်ပါယာကို ကာကွယ်ကြ... သတ်ကြတော့...”
ရွှယ်ရင်၊ လီချင်းချိုးမှောင်နှံနှင့် ပန်ရော့၊ ကျုံးရှုကဲ့၊ လင်းရှန်၊ အရူးကြီးနှင့် ယခုမှ ပြန်လည် လှုပ်ရှားလာနိုင်သည့် ဆရာကြီး လန်တိုတို့က ငှက်ကြီးများကဲ့သို့ပင် ကုန်းပတ်ပေါ်သို့ ခုန်ဆင်း၏။
မှန်က မူလန်ကို လှည့်ကြည့်သည်။ “မရီး... ကျုပ်အလှည့်ရောက်လာတော့မှာလား။”
ကျင်းမူလန်က အားတင်းကာ ပြုံးပြ၏။
“ကျုပ် မကြောက်ပါဘူး။ ဒီအခိုက်အတန့်အတွက်ပဲ တစ်ဘဝလုံး နေထိုင်ခဲ့ရတာလေ။ ရှမ့်လန်ကို လူချင်း မတွေ့ဖူးဘူး ဆိုပေမဲ့ သူ့အကြောင်း အကုန်သိတယ်။ ကျုပ် သေရမှာ မကြောက်ပါဘူး။ အလကား သေရမှာပဲ ကြောက်တာ။ အခု ပြင်ပလောကကို မြင်ရပြီဆိုတော့ တကယ့်ကို စိတ်လှုပ်ရှားမိတယ်။” ထိုသူက ပြောလိုက်သည်။
သူက မိမိကိုယ်ကိုယ် အစားထိုးခံ လူတစ်ယောက်မှန်း၊ မကြာမီ သေဆုံးရတော့မည့် လူတစ်ယောက် ဖြစ်မှန်း သိသော်လည်း ထိုသေခြင်းတရားအတွက် ဝမ်းမြောက်နေပုံတောင် ပေါ်၏။ အကြောင်းရင်းက သူ့၏ ဘဝက ညှင်းပန်းနှိပ်စက်မှု တစ်ခုကဲ့သို့ ဖြစ်ခဲ့သောကြောင့်ပင်။
ထိုအချိန်မှာတော့ ပင်လယ်ပြင်၌ မင်းသမီးကျိရွှမ်က သိုင်းပညာရှင် တစ်ထောင်ကျော်တို့နှင့်အတူ သင်္ဘောကို ဝိုင်းထား၏။ မဟာပညာရှင်ရွှယ်ရင်နှင့် တခြားသောသူများ ပေါ်လာသည်ကို မြင်ချိန်မှာတော့ သူတို့က ဆင်ကို အံတုနေသည့် ပုရွက်ဆိတ်လေးများကဲ့သို့ မြင်၏။
“ယောက်ျား၊ မိန်းမ၊ အသက်ကြီးငယ် အကုန်လုံးကို သတ်ကြ... တိုက်ခိုက်ကြ...” ကျိရွှမ်က အမိန့်ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပဲ ထောင်နှင့်ချီသည့် မဟာပညာရှင်များက လေထဲသို့ ခုန်တက်ပြီး ရှမ့်လန်၏ သင်္ဘောဆီသို့ ပျံသန်း ဝင်ရောက်လာမည့် အနေအထား ရှိ၏။
၁၅ မိနစ်အတွင်း သင်္ဘောပေါ်ရှိ လူအားလုံး၊ ရှမ့်လန်၏ ဆွေမျိုးအားလုံးက သေဆုံးသွားရပေတော့မည်။ တခမ်းတနားဖြင့် သေရမည် မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခံရမည် ဖြစ်၏။ ရှမ့်လန်ကလည်း ချက်ချင်း ခေါင်းဖြတ်ခံရပေလိမ့်မည်။
“ဒေါင်... ဒေါင်... ဒေါင်... ဝုန်း...”
ရုတ်တရက် ပင်လယ်ပြင်၌ အသံများ ထွက်ပေါ်လာ၏။ သင်္ဘောတစ်စင်းပေါ်မှ မီးတောက်များ ထွက်ပေါ်လာပြီး နေ့ခင်းကြောင်တောင် လှပလွန်းသည့် မီးရှူးမီးပန်းများကဲ့သို့ပင်။
လူတိုင်း၏ အာရုံက ထိုသင်္ဘောဆီသို့ ရောက်သွား၏။ သင်္ဘောက မကြီးမားသော်လည်း သင်္ဘောကုန်းပတ်ပေါ်တွင် လူတစ်ယောက် ရပ်နေ၏။ ထိုသူက ရှမ့်လန်ပင်။
“ကျိရွှမ်... စကားပြောကြရအောင်...” ရှမ့်လန်က အော်၏။ အကွာအဝေးက ဝေးကွာလွန်းသောကြောင့် အသံကို သေသေချာချာ မကြားရချေ။
မင်းသမီးကျိရွှမ်က ကြောင်အသွား၏။ မင်းသမီး နင်ဟန်ကို လှည့်ကြည့်လိုက်၏။ ရှမ့်လန်က ဤသင်္ဘောတွင် မရှိဘဲ အနောက်ဘက်သင်္ဘောပေါ်တွင် ရှိနေသည်လား။
ရွှယ်ရင်နှင့် လီချင်းချိုးတို့ကလည်း မင်သက်သွားမိ၏။ ရွှယ်ရင်က ရှမ့်လန်ကို မြေအောက်ခန်းထဲတွင် ကိုယ်တိုင် ပိတ်လှောင်ထားခဲ့သည် မဟုတ်ပါလား။
“အား... မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။”
ရွှယ်ရင်က ရူးသွပ်မတတ်ပင် အော်ဟစ်လိုက်သည်။ သူက သင်္ဘောပေါ်မှ ခုန်ချပြီး ရှမ့်လန် ရှိရာသို့ ပြေး၏။ သူမက ရှမ့်လန်အသက်ရှင်နိုင်ရန်အတွက် မိမိကိုယ်ကိုယ်ပင် စတေးရဲ၏။ ယခု ရှမ့်လန် ကိုယ်တိုင် သေတွင်းထဲသို့ ရောက်လာသည်ကို မြင်ချိန်မှာတော့ သူမ မည်သို့မှ စိတ်မထိန်းနိုင်တော့ပေ။
မူလန်က လိုက်သွားရန် ပြင်သော်လည်း ရှမ့်လန်က ပြတ်သားစွာ ခေါင်းယမ်းပြလိုက်၏။ မူလန်က ရှမ့်လန်၏ စကားကို နားထောင်ရန်သာ ဆုံးဖြတ်လိုက်၏။
မင်းသမီးကျိရွှမ်က ရှမ့်လန်၏ သင်္ဘောဆီသို့ ဦးတည်သွား၏။ ထောင်နှင့်ချီသည့် သိုင်းပညာရှင်များကလည်း ငါးမန်းအုပ်ကြီးကဲ့သို့ပင် ရှမ့်လန်ဆီသို့ ပြေးဝင်သွားသည်။
“မင်းသမီးကျိရွှမ်... စကားပြောရအောင်။” ရှမ့်လန်က ကုန်းပတ်ပေါ်မှ ပြော၏။
ခဏကြာမှတော့ ကျိရွှမ်နှင့် သိုင်းပညာရှင်များက ရှမ့်လန်၏ သင်္ဘောငယ်လေးကို ဝိုင်းရံထားပြီး ဖြစ်၏။ ရွှယ်ရင်ကဲ့သို့သော မဟာပညာရှင်များက ရေပြင်ပေါ်တွင် မပြေးနိုင်ဘဲ လှေဖြင့်သာ လာရ၏။ ကျိရွှမ်နှင့် နင်ဟန်တို့က ရေပြင်ပေါ်တွင် လှပစွာ ရပ်နေဆဲပင်။
ရှမ့်လန်က ရယ်မောလိုက်သည်။ “ဝါး... တော်တော်လေး အစွမ်းထက်တာပဲ။ ဆရာကြီး လီချင်းချိုးတောင် ရေပေါ်မှာ လမ်းမလျှောက်နိုင်ဘူး။ ခင်ဗျားတို့ကတော့ လမ်းလျှောက်နိုင်တယ်။ အင်း... ဒါပေမဲ့ ခင်ဗျားတို့က သူများမသုံးနိုင်တဲ့ အရာတွေကို သုံးနိုင်ကြတာကိုး။”
ပြီးနောက် လက်နှင့် အချက်ပြလိုက်၏။ ချက်ချင်း သင်္ဘောပေါ်မှ အနက်ရောင် အလုံးလေးများ ထွက်လာပြီး ပင်လယ်ပြင်တွင် ပေါက်ကွဲကာဖြင့် အနက်ရောင်အမှုန့်များ ပျံ့နှံ့သွား၏။
ထိုအချိန်မှာတော့ ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ရေပေါ်တွင်ရပ်နေသည့် သိုင်းပညာရှင် တစ်ထောင်ကျော်တို့က လေထုထဲသို့ လွင့်စင်သွားခဲ့သည်။
ကျိရွှမ်နှင့် နင်ဟန်တို့က စွန်များကဲ့သို့ပင် နောက်ဘက်သို့ လွင့်စင်သွား၏။ သူတို့၏ သိုင်းပညာကြောင့် ရေပြင်ထက်တွင် ပြန်လည် ဟန်ချက်ထိန်းနိုင်၏။ သို့သော်ငြား အခြားသောသူများကမူ ရေထဲသို့ တဗွမ်းဗွမ်း နှင့် ပြုတ်ကျ၏။
အဘယ်ကြောင့်နည်း။ အမှန်စင်စစ်အားဖြင့် ထိုသူတို့က အတွင်းအားဖြင့် ရေပေါ်လမ်းလျှောက်နေခြင်း မဟုတ်ဘဲ ရှေးဟောင်းယဉ်ကျေးမှုဆီမှ ရရှိထားသည့် ရေပေါ်ဖိနပ်များကို အသုံးပြုထားကြခြင်းပင်။ ထိုဖိနပ်များက သံလိုက်စက်ကွင်း စွမ်းအင်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ရှမ့်လန်က ခဲမှုန်များကို အသုံးပြုကာဖြင့် ထိုစွမ်းအင်များကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
ရှမ့်လန်က ရှေးဟောင်းကျမ်းစာ အများအပြားကို လေ့လာပြီးနောက် ထိုနည်းလမ်းကို ရှာဖွေ တွေ့ရှိခဲ့ပြီးပြီ ဖြစ်သည်။ ရှမ့်လန်က အခြားသောသူများ မိမိရှေ့တွင် ကြွားဝါနေသည်ကို ကြည့်ရသည်အား မနှစ်မြို့ပေ။
မင်းသမီးကျိရွှမ်က လက်ကို ဝှေ့ယမ်းပြလိုက်သည်။ သိုင်းပညာရှင်များက သင်္ဘောပေါ်သို့ တက်လာ၏။ သို့သော်ငြား သူမနှင့် နင်ဟန်ကမူ ရေပေါ်တွင်သာ ရပ်နေဆဲပင်။
“မင်းသမီးကျိရွှမ်... ကျုပ်တို့ ညှိနှိုင်းရအောင်။” ရှမ့်လန်က ပြော၏။
“ဘာကို ညှိနှိုင်းမှာလဲ။”
“ကျုပ်အတွက် တိုက်ပွဲဝင်နေတဲ့ လူတစ်သိန်းကို လွှတ်ပေး။ ကျင်းမိသားစုတစ်ခုလုံးကိုလည်း လွှတ်ပေး။ ဘယ်လိုလဲ။”
ကျိရွှမ်က ပြောသည်။ “မဖြစ်နိုင်ဘူး။ ဓားက ဓားအိမ်ထဲက ထွက်လာရင် သွေးမြင်ရမှ။ အင်ပါယာ တပ်တော် တစ်ခုလုံးက တောင်ဘက်ကို ချီတက်လာခဲ့တာ။ လူပေါင်း သိန်းချီမှ မသတ်ရရင် အင်ပါယာရဲ့ အရှိန်အဝါကို ဘယ်လိုပြမလဲ။”
“လူပေါင်း သိန်းချီ ဟုတ်လား။” ရှမ့်လန်က အံ့အားသင့်သွား၏။
“အနည်းဆုံး ၃ သိန်း...”
“ဒီလူတွေက အပြစ်မရှိပါဘူး။”
“ဒီမြေက ရှင့်ကို ကျွေးမွေး ၊ ပျိုးထောင်ပေးခဲ့တဲ့အတွက် အပြစ်ရှိတယ်။ သစ္စာဖောက် တစ်ယောက်ကြောင့် ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်က အသတ်ခံရမှာပဲ။ မင်းကြောင့် ဒီပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူပေါင်း ၃ သိန်းက အသတ်ခံရမှာ။ မင်းအနေနဲ့ ဂုဏ်ယူသင့်ပြီ။”
ရှမ့်လန်က ရယ်မောလိုက်သည်။ “လူ ၃ သိန်းကို သတ်မယ် ဟုတ်လား။ ဟား ဟား ဟား... အထင်ကြီးစရာပဲ။ ဒါဆို ကျုပ်ရဲ့ကမ်းလှမ်းချက်က လူတစ်ယောက်ကိုမှ မသတ်ရဘူး။ အင်ပါယာတပ်တွေ အကုန်လုံး ဆုတ်ခွာရမယ်။ ဒါဆိုရင် ကျင်းမိသားစုရဲ့ သင်္ဘောအုပ်စုက မိစ္ဆာတြိဂံ နယ်မြေထဲကို ဝင်သွားပြီး ကမ္ဘာလောက ပေါ်ကနေ အစအနမကျန် ပျောက်ကွယ်သွားပေးမယ်။”
“ရှင် အိမ်မက်မက်နေတာပဲ။”
“သဘောမတူဘူးပေါ့။”
ကျိရွှမ်က မေးလိုက်၏။ “မင်းစကားပြောလို့ ပြီးပြီလား။”
သူမက သတ်ဖြတ်ပွဲကို စတင်ချင်နေသည်။
ရှမ့်လန်က အေးစက်စက်နှင့် ပြောလိုက်၏။ “ခင်ဗျားတို့ သဘောမတူဘူးဆိုရင် ကျုပ်က တော်ဝင်ရန် အင်ပါယာက လူပေါင်း ၁၀ သန်း၊ သန်း ၂၀၊ သန်း ၃၀... အကုန်လုံးကို သတ်ပစ်မယ်။ အင်ပါယာရဲ့ မဟာမိတ်တပ်သား တစ်သန်းကျော်ကိုလည်း သတ်ပစ်မယ်။”
မင်းသမီးကျိရွှမ်နှင့် နင်ဟန်တို့က အံ့အားသင့်သွားခဲ့၏။ ကျိရွှမ်က နင်ဟန်ကို ကြည့်၏။ ဤအရာက ရှမ့်လန်လား။ ကြွားဝါတတ်သည်မှန်း သိသော်လည်း ဤမျှလောက်ထိ ဝင့်ကြွားနေလိမ့်မည်ဟု မထင် ထားခဲ့ချေ။
နင်ဟန်က အတည်ပြုလိုက်သည်။ “သူပါပဲ။”
ကျိရွှမ်က ပြော၏။ “ဒါဆိုရင် ငြိမ်ငြိမ်လေး စောင့်ကြည့်နေလိုက်။ ဒီနေရာက ကုန်းမြေနဲ့ မဝေးဘူး။ အကုန်လုံး မြင်ရမှာပေါ့။ ရှင့်ကို ထောက်ခံတဲ့လူတွေ အသတ်ခံရတာ၊ ခေါင်းတွေပြုတ်ကျနေတာကို မျက်ဝါးထင်ထင် တွေ့ရလိမ့်မယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့။ သတင်းတွေက မကြာခင် ရောက်လာမှာ။ လွန်ခဲ့တဲ့ လဝက်လောက်က ကျုပ် မြို့တစ်ခုလုံးကို အစုလိုက် အပြုံလိုက် သတ်ပစ်ခဲ့တယ်။”
ရှမ့်လန်၏အသံက တိုးသော်လည်း မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။
“ကျုပ် အရင်က ကြွားခဲ့ဖူးတယ်။ ဘယ်သူ့ကို ကြွားခဲ့လဲ ဆိုတာတော့ မေ့နေပြီ။ ကျုပ်မိန်းမကို တစ်ယောက်ယောက်က ထိခိုက်အောင်လုပ်ရင် ကျုပ်က လူပေါင်း တစ်သန်းကို သတ်ပစ်မယ်လို့ ပြောခဲ့ဖူးတယ်။”
ကျိရွှမ်က မျက်မှောင်ကြုတ်လိုက်၏။ “ဘာမြို့လဲ။”
“နောင်တမြို့...”
ရှမ့်လန်က ဆိုသည်။ “ယင်ယွမ်အဖွဲ့အစည်းရဲ့ နောင်တမြို့ပေါ့။ ကျင်းမိသားစုရဲ့ ရန်သူက ရွှယ်မိသားစုနဲ့ ယင်ယွမ်အဖွဲ့အစည်း ဆိုတာကို မေ့နေပြီလား။ ရွှယ်မိသားစုကို ဖျက်ဆီးပြီးမှတော့ ယင်ယွမ်အဖွဲ့အစည်းကို ကျုပ်က ဘာလို့ လွှတ်ထားရမှာလဲ။”
မင်းသမီးကျိရွှမ်က မယုံကြည်နိုင်သော်လည်း ရင်ထဲတွင် တုန်လှုပ်သွားမိ၏။ နောင်တမြို့က ယင်ယွမ် အဖွဲ့အစည်း၏ တောင်ပိုင် ဌာနချုပ်ကြီး ဖြစ်သလို အင်ပါယာအတွက်လည်း စည်းစိမ်ဥစ္စာများ စုစည်းပေးရာ နေရာလည်း ဖြစ်၏။ အမှန်တကယ်ပင် ရှမ့်လန်က ထိုမြို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်လား။
အပိုင်း (၇၈၀)
မှန်ပေ၏။ ယခုအခါမှာတော့ ထိုမြို့က သုဿာန်တစပြင်ကဲ့သို့ပင် ဖြစ်နေ၏။ မြို့နေလူထုအားလုံးနီးပါးက သေဆုံးသွားကုန်ကြ၏။
ယင်ယွမ်အဖွဲ့အစည်း၏ သခင်လေး ရှုတင်းယုက ရူးမတတ် ဖြစ်နေ၏။ လွန်ခဲ့သည့် တစ်လခန့်ကစ၍ မြို့ထဲတွင်ရှိနေသည့် လူများက အစုလိုက် အပြုံလိုက် သေဆုံးကုန်၏။ မည်သို့ ကုသပါစေ မရခဲ့ချေ။ ထိုအရာက ပလိပ်ရောဂါထက်ပင် ဆိုးရွားခဲ့၏။ ကူးစက်ခံရပြီး ၂ ရက်၊ ၃ ရက်အတွင်း အသက် ပျောက်ကုန်ကြ၏။ လဝက်အတွင်း မြို့တစ်ခုလုံး ပြုန်းတီးသွားခဲ့သည်။
“မကြာခင် သတင်းတွေ ရောက်လာတော့မှာပါ။ ကုန်းပေါ်က တပ်တွေက အရင်ဆုံး သိရမှာပေါ့။ ခင်ဗျားတို့ဆီကို သတင်းတွေ ရောက်လာလိမ့်မယ်။”
ရုတ်တရက် ကျီးကန်းတစ်ကောင်က မင်းသမီးကျိရွှမ်၏ လက်မောင်းပေါ်သို့ ဆင်းသက်လာ၏။ ကျိရွှမ်က ကျီးကန်း၏ ခြေထောက်မှ စာကို ဖတ်ကြည့်၏။
“အရမ်းကို အန္တရာယ်ကြီးတယ်။ ယင်ယွမ်အဖွဲ့အစည်းရဲ့ နောင်တမြို့ ပျက်စီးသွားပြီ။ တစ်မြို့လုံး သေဆုံးကုန်ကြပြီ။”
ချက်ချင်းပဲ မင်းသမီးကျိရွှမ်၏ တစ်ကိုယ်လုံးက ထုံကျင်သွားခဲ့၏။ အမှန်တကယ်ပင် ရှမ့်လန်က မြို့တစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့၏။
“ရှင် ... ရှင် တကယ်ပဲ မြို့တစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့တာလား။”
မင်းသမီးကျိရွှမ်က တုန်ယင်နေသည့် အသံဖြင့် မေးမြန်းလိုက်သည်။ “မင်း ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ကို မကြောက်ဘူးလား။”
ရှမ့်လန်က ပခုံးတွန့်ပြလိုက်၏။ “ဒီလူတွေက ယင်ယွမ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေပဲ။ သူတို့က သေသင့်တဲ့ လူတွေလေ။ အဲဒီမှာ သာမန်အရပ်သားတစ်ယောက်မှ မရှိဘူး။ ပြီးတော့ ခင်ဗျားတို့ ကိုယ်တိုင်လည်း မကောင်းမှုတွေ ဒီလောက်လုပ်နေတာကို။ ကောင်းကင်ဘုံကို မကြောက်ဘူးလားဆိုတဲ့ စကားကို ဘာလို့ လာပြောနေရတာလဲ။ ခင်ဗျားတို့တောင် မကြောက်ခဲ့တာ ကျုပ်က ဘာကို ကြောက်ရမှာလဲ။”
ကျိရွှမ်က အေးစက်စက် နှင့် မေး၏။ “သူတို့ကို ဘယ်လို သတ်လိုက်တာလဲ။”
“အင်း... ပိုးမွှားတစ်မျိုးပေါ့။ အရမ်းကို ကြောက်ဖို့ကောင်းတဲ့ ပိုးမွှားတစ်မျိုးပဲ။”
ရှမ့်လန်က ဆိုသည်။ “အဲဒါကို ကျုပ်က အမဲရောင်သေခြင်း ပိုးမွှားလို့ ခေါ်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တည်းက ကျုပ် ဒီအရာကို စပြီး သုတေသန လုပ်ခဲ့တာ။ အစကတော့ အစွမ်းက ဒီလောက် မကြီးသေးဘူး။ နောက်ပိုင်း စေတီတောင်က ရှေးဟောင်းကျမ်းစာတွေကို လေ့လာပြီးတဲ့နောက်မှာတော့ ဒီပိုးကို ကျုပ်က အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်အောင် လုပ်နိုင်ခဲ့တယ်။”
ရှမ့်လန် ပြောသည်က အမှန်ပင် ဖြစ်၏။ ရှေးဟောင်းကျမ်းစာများထဲတွင် ပိုးမွှားများနှင့် ပတ်သက်သည့် အချက်အလက်များစွာ ရှိ၏။ ရှမ့်လန်က ဤအနက်ရောင် သေခြင်းပိုးမွှားကို လွန်ခဲ့သည့် ၃ နှစ်တည်းက မွေးမြူခဲ့သည် ဆိုသော်လည်း ကြီးမားသည့် တိုးတက်မှုမျိုး မရှိခဲ့ချေ။ ထိုအရာက အမိကမ္ဘာမြေရှိ ပလိပ်ရောဂါနှင့် ဆင်တူသော်လည်း ပလိပ်ရောဂါထက် အဆပေါင်းများစွာ ကြောက်ဖို့ကောင်း၏။
(နောက်ပိုင်းတွင် မှတ်ရလွယ်အောင် ဘာသာပြန်သူက ပုလိပ်နက်ရောဂါလို ဘာသာပြန်ပါမည်။)
ပုလိပ်ရောဂါက တစ်ချိန်က ဥရောပတိုက်တစ်ခုလုံးကို ဝါးမျိုခဲ့ပြီး လူဦးရေ ထက်ဝက်နီးပါးကို သေဆုံး စေခဲ့ဖူး၏။ ထို့ကြောင့် ရှမ့်လန်က ချိန်းခြောက်ခဲ့ခြင်း ဖြစ်၏။
“ကျုပ်ရဲ့ မိသားစုကို တစ်ခုခုလုပ်ရင် လူ တစ်သန်းလောက်ကို သတ်ပစ်မယ်” ဟူ၍ပင်။
ထိုစဉ်က တစ်ဖက်လူများက နှာခေါင်းရှုံ့ခဲ့သော်လည်း သဲကန္တာရလူရိုင်းမျိုးနွယ်ရှိ ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုပြီးနောက် ရှမ့်လန်က ဤပိုးမွှားပေါ်တွင် အမြင်သစ်တစ်ခု ရရှိခဲ့၏။ နောက်ဆုံး သူက ယခင်ကထက် ပိုမိုပြင်းထန်အောင်၊ ပိုမို၍ ကူးစက်မြန်သော ပုလိပ်နက်ပိုးမွှားသစ် တစ်ခုကို ဖန်တီးနိုင်ခဲ့၏။ သို့သော်ငြား ထိုပိုးမွှား၏ သက်တမ်းက အလွန်တိုတောင်းသည်။
ဆိုလိုသည်က ထိုအရာက ပျံ့နှံ့သွားနိုင်သော်လည်း ကြာရှည်မခံဘဲ အလိုလျောက် သေဆုံးသွားပေလိမ့်မည်။
ရှမ့်လန်က အကြာကြီး စဉ်းစားခဲ့၏။ နောက်ဆုံးမှာတော့ သူက ယင်ယွမ်အဖွဲ့အစည်း၏ နောင်တမြို့ကို တိုက်ခိုက်ရန်သာ ဆုံးဖြတ်ခဲ့၏။ အကြောင်းရင်းက ထိုနေရာတွင် အပြစ်မဲ့သည့် လူတစ်ယောက်မှ မရှိသောကြောင့်ပင်။
ဤသို့ ပြုလုပ်ခြင်းက ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင်ရာ ရောက်သော်လည်း ... ‘သော်လည်း’ ဆိုသည့် စကားလုံးကို မလိုတော့ပေ။ ပိုမိုများပြားသည့် လူများကို ကယ်တင်ရန်အတွက် တိရစ္ဆာန်ကဲ့သို့သော လူများကို သတ်ဖြတ်ခြင်း ဆိုသည်က အမှားမဟုတ်ဟု သူ ယူဆထားသောကြောင့်ပင်။
မင်းသမီးကျိရွှမ်က ချက်ချင်း ဓားကို ဆွဲထုတ်၏။
“ကျုပ်ကို သတ်ချင်တာလား။ အပိုပါပဲ။”
ရှမ့်လန်က ပြောသည်။ “ကျုပ်ရဲ့ လူတွေက တော်ဝင်ရန်အင်ပါယာရဲ့ နေရာအနှံ့မှာ ပုန်းအောင်းနေကြပြီ။ ခင်ဗျားတို့ရဲ့တပ်တွေ နောက်မဆုတ်ဘူးဆိုရင် သူတို့က ပိုးကို စပြီး ဖြန့်ဝေတော့မယ်။”
ရှမ့်လန်က သဲနာရီတစ်လုံးကို ထုတ်ယူပြီး ကျိရွှမ်ထံသို့ ပစ်ပေးလိုက်၏။ “စောင့်ကြည့်လိုက်။ မကြာခင် ဒုတိယမြောက် မြို့တစ်မြို့ဆီက သတင်းရောက်လာလိမ့်မယ်။ အဲဒီမြို့ကတော့ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်ရဲ့လက်အောက်မှာ ရှိတဲ့ ပြန်လမ်းမဲ့မြို့ပဲ။ အဲဒီမြို့မှာလည်း အပြစ်ကင်းစင်တဲ့သူ တစ်ယောက်မှ မရှိဘူး။”
ပြန်လမ်းမဲ့မြို့က တော်ဝင်ရန်အင်ပါယာ၏ မြောက်ဘက် မြေအောက်တွင် ရှိ၏။ ထိုအရာက မြို့တစ်မြို့ထက် သိုင်းပညာ အဖွဲ့အစည်း တစ်ခုနှင့် ဆင်တူ၏။ တောင်ပင်လယ် စေတီတောင်၏ လက်ခွဲတစ်ခု ဖြစ်သကဲ့သို့ ပြန်လမ်းမဲ့မြို့ကလည်း ကောင်းကင်ပြစ်ဒဏ် နန်းဆောင်၏ လက်ခွဲတစ်ခု ဖြစ်သည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “အဲဒီသဲနာရီထဲက သဲတွေ အကုန်လုံး စီးကျသွားတဲ့ အချိန်မှာ သတင်း ရောက်လာလိမ့်မယ်။ ငြိမ်ငြိမ်လေး စောင့်ကြည့်နေလိုက်။”
မင်းသမီးကျိရွှမ်က လက်ကို ဝှေ့ယမ်းပြ၏။ သင်္ဘောတစ်စင်းက ချဉ်းကပ်လာ၏။ သူမက ထိုသင်္ဘောသို့ ခုန်တက်သွားခဲ့၏။ ခဏအကြာမှာတော့ ထိုသင်္ဘောပေါ်မှ ကျီးကန်းများ ဒါဇင်နှင့်ချီ ပြန်ထွက်သွားခဲ့၏။ သိသာသည်က သူမက ကုန်းပေါ်ရှိ စစ်သည်များနှင့် အင်ပါယာတစ်ခုလုံးကို အမြန်ဆုံး သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
သဲနာရီမှ သဲများက တဖြည်းဖြည်း စီးကျနေသော်လည်း သဲများမကုန်ခင် ပင်လယ်ပြင်ထက်မှ လူရိပ်များ ပြေးလာ၏။ သူတို့က ကောင်းကင်ပြစ်ဒဏ်နန်းဆောင်မှ ထိပ်တန်း သိုင်းပညာရှင်များ ဖြစ်ကြပြီး ပြာပြာသလဲ ပြေးလာကြခြင်းပင်။ ခဏအကြာမှာတော့ သူတို့က ကျိရွှမ်၏ သင်္ဘောပေါ်သို့ ရောက်ရှိလာ၏။
“မင်းသမီး... ကျုပ်တို့ရဲ့ ပြန်လမ်းမဲ့မြို့တစ်ခုလုံး တစ်ယောက်မှ မကျန်အောင် သေဆုံးကုန်ကြပြီ။ အသက်ရှင်ကျန်တဲ့လူတွေ အကုန်လုံးကိုလည်း ပိုးမကူးရအောင် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က တပ်တွေ လွှတ်ပြီး အကုန်သတ်ပစ်လိုက်ရပါတယ်။”
မင်းသမီးကျိရွှမ်၏ လှပသည့် မျက်နှာက တဆတ်ဆတ်နှင့် တုန်ယင်သွား၏။ ရှမ့်လန်၏ ရက်စက်မှုက သူမ ထင်ထားသည်ထက် ပိုမိုကာ ကျော်လွန်နေသည်။ ရှမ့်လန်က အလွယ်တကူ လက်လျှော့မည် မဟုတ်ဘဲ ရုန်းကန်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ဤမျှထိ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
ထို့အပြင် သူက ဤနေ့ရက်အတွက် အစောတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး မြို့နှစ်မြို့လုံးကို အပြတ် ရှင်းပစ်ခဲ့၏။ အကယ်၍ သူသာ ရူးသွပ်သွားခဲ့ပြီး ဤပိုးကို အင်ပါယာ၏ အခြားသောမြို့များ သို့မဟုတ် တော်ဝင်ရန်မြို့တော်ဆီသို့သာ ပျံ့နှံ့စေသည်ဆိုပါက အကျိုးဆက်က တွေးဝံ့စရာပင် မရှိတော့ချေ။
မင်းသမီးကျိရွှမ်နှင့် နင်ဟန်တို့က ရှမ့်လန်၏ ရှေ့သို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့ကြ၏။
ရှမ့်လန်က နောက်ထပ် သဲနာရီတစ်လုံးကို ထုတ်ပြီး ကျိရွှမ်၏ရှေ့သို့ ပစ်ပေးလိုက်သည်။ “မင်းသားကျင်းနဲ့ အာယုနာနာတို့ရဲ့ တပ်တွေက အင်ပါယာရဲ့ တပ်ကို မယှဉ်နိုင်ဘူးဆိုတာ ကျုပ်သိတယ်။ စစ်ပွဲစတာနဲ့ သူတို့ အသတ်ခံရမှာပဲ။
ဒါကြောင့် စစ်ပွဲစတာနဲ့ ကျုပ်ရဲ့ လူယုံတစ်ချို့ကို ပုလိပ်နက်ပိုးကို ဖြန့်ဖို့ မှာထားတယ်။ အဲဒါဆိုရင် ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်လောက် သေမလဲ။ ကျုပ်ဘက်က သစ္စာရှိတဲ့ လူတစ်သိန်းလည်း သေမှာပဲ။ ဒါပေမဲ့ ရန်သူကို ဆယ်ဆလောက် ပြန်ပြီး သတ်နိုင်မယ်ဆိုရင် သေရတာတော့ ထိုက်တန်ပါတယ်။”
ရှမ့်လန်က ဘာမှမပြောဘဲ ချန်ထားခဲ့သည့် အချက်တစ်ခုက ပုလိပ်နက်ပိုးက နောင်တမြို့နှင့် ပြန်လမ်းမဲ့မြို့တို့ ကဲ့သို့ အလုံပိတ်ဆို့နေသည့် မြို့များတွင် ပျံ့နှံ့ရန် အလွယ်ကူဆုံးဖြစ်သည် ဟူသောအချက်ပင်။ ဟင်းလင်းပြင် လေဝင်လေထွက်ကောင်းသည့် မြို့များတွင်တော့ သိပ်ပြီး အလုပ်မဖြစ်ပေ။
ရှမ့်လန်က ဆက်ပြောသည်။ “ဒီသဲနာရီက ကုန်းပေါ်မှာ တိုက်ပွဲစမယ့်အချိန်ကို ခန့်မှန်းထားခဲ့တာ။ ခင်ဗျားတို့ရဲ့ တပ်တွေ နောက်ထပ် နာရီဝက်နေရင် ရောက်လာတော့မယ်။ အဲဒီအချိန်မှာ မကြုံဖူးတဲ့ တိုက်ပွဲကြီး ဖြစ်တော့မယ်။ ဒါပေမဲ့ ကျုပ်ကတော့ အဲဒီစစ်ပွဲကြီးကို အဖြစ်မခံဘူး။ ကျုပ်ကို ကာကွယ်ပေးချင်သလိုပဲ။ ကျုပ်ကလည်း ကုန်းပေါ်က လူတိုင်းကို ကာကွယ်ချင်တယ်။
ဒါပေမဲ့ ကျုပ်တို့အားလုံး သေရမယ်ဆိုရင်တော့ အတူတူ သေကြတာပေါ့။ ကျုပ်ရဲ့ လူတစ်သိန်း သေရင် ခင်ဗျားတို့ တပ်သားတွေကို အရေအတွက် ဆယ်ဆလောက် အဖော်ခေါ်သွားမယ်။ ကျုပ်က အချိန်ကို စမှတ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ စစ်ပွဲကိုစတင်မယ့်သူက ခင်ဗျားတို့ဖြစ်နေလို့ပဲ။ ခင်ဗျားတို့ဆီမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ အင်ပါယာရဲ့ မဟာမိတ်တပ်တွေ အကုန်လုံး ပြန်ဆုတ်ကြမလား။ ဒါမှမဟုတ် အတူတူ သေဆုံးကြမလား။”
သဲနာရီထဲမှ သဲများက တရိပ်ရိပ်နှင့် စီးဆင်းနေဆဲပင်။ အချိန်များက ကုန်ဆုံးနေ၏။ ပင်လယ်ကမ်းစပ်ရှိ ကုန်းမြေပေါ်တွင် ရှမ့်လန်အပေါ် သစ္စာရှိသည့် လူပေါင်းတစ်သိန်းတို့က တပ်စွဲထားကြပြီး အင်ပါယာ၏ တပ်မကြီးက ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ပင် တရှိန်ထိုး တိုးကပ်လာခဲ့၏။ စစ်ပွဲစသည်နှင့် နာရီအနည်းငယ် အတွင်း ထိုလူတစ်သိန်းတို့က အသတ်ခံရပေတော့မည်။
ရှမ့်လန်က ဘာစကားမှမဆိုဘဲ သူ့လက်ထဲတွင်ရှိနေသည့် ဖန်လုံးလေးကို ဆော့ကစားလျက် ရှိ၏။ သဲနာရီက အောက်သို့ စီးဆင်းကျနေဆဲပင်။ မင်းသမီး ကျိရွှမ်က ခက်ခဲသည့် ဆုံးဖြတ်ချက်များကို ပြုလုပ်လိုက်ရ၏။ နောက်ဆုံးမှာတော့ သူမက အံကိုကြိတ်ကာ အမိန့်ပေးလိုက်သည်။ “အင်ပါယာရဲ့စစ်သည်တွေ... အားလုံး ရပ်တန့်ကြ။ ဆယ်မိုင်အကွာထိ နောက်ဆုတ်ကြ။”
“ရှင့်မှာ အဆိပ်ဖြေဆေး ရှိလား။”
“ပုလိပ်နက်ပိုးမွှားအတွက် အဆိပ်ဖြေဆေးလား။” ရှမ့်လန်က သူ့တွင် ရှိသည်ဟု ဆိုနိုင်သလို၊ မရှိဘူးဟုလည်း ဆိုနိုင်၏။ ထိုရောဂါအတွက် အဆိပ်ဖြေဆေးက တခြားမဟုတ်ချေ။ ပင်နီစလင် ဖြစ်သောကြောင့်ပင်။ လက်ရှိ စက်မှုစွမ်းအားဖြင့် ပင်နီစလင်ကို အကြီးအကျယ် ထုတ်လုပ်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သေးချေ။
ကုသနိုင်ဆုံး နည်းလမ်းက မှိုတက်နေသည့် ဖရဲသီးတစ်မျိုးမှ မှိုကို ထုတ်ယူပြီး ပြောင်းဖူးအရည်ဖြင့် ဖန်တီးရခြင်း ဖြစ်၏။ ရှမ့်လန်က ဤနည်းလမ်းကို သိသည်မှာ ကြာပြီဖြစ်သော်လည်း သဲကန္တာရ လူရိုင်းမျိုးနွယ်စု၏ နေရာ၌ ထိုဖရဲသီးမျိုးကို တွေ့ရှိပြီး ပင်နီစလင် အနည်းငယ်ကိုသာ ထုတ်ယူနိုင်ခဲ့၏။
အကယ်၍ ဤရောဂါပိုးသည်သာ အကြီးအကျယ် ပျံ့နှံ့သွားခဲ့မည် ဆိုပါက နတ်ဘုရားများပင် ကယ်တင် နိုင်လိမ့်မည် မဟုတ်ချေ။ ဤလောကကြီးတွင် ပင်နီစလင်က ရွှေထက် ဆယ်ဆလောက် ပိုမိုကာ တန်ဖိုး ရှိနေသောကြောင့်ပင်။
“ရှင့်မှာ အဆိပ်ဖြေဆေး ရှိလား။” မင်းသမီး ကျိရွှမ်က ထပ်မံကာ မေးမြန်းလိုက်၏။ သူမ၏ ပထမဦးဆုံး အတွေးက တော်ဝင်မိသားစု ဖြစ်၏။ အကယ်၍ ရောဂါသာ တကယ်တမ်း ပြန့်ပွားခဲ့မည် ဆိုပါက တော်ဝင်မိသားစု ကို ကာကွယ်ထားနိုင်ရန် လို၏။
“မရှိဘူး။”
ရှမ့်လန်က ပြောသည်။ “ကောင်းကင်ဘုံက သနားကြင်နာတတ်တယ်။ “ကျုပ် ချင်နိုင်ငံနဲ့ ထျန်းရှစ် ပြည်နယ်မှာ ဘာတွေလုပ်ခဲ့လဲဆိုတာ ခင်ဗျားတို့ နှစ်ယောက်လုံး သိမှာပေါ့။”
ဟုတ်ပေ၏။ ရှမ့်လန်က ထိုဒေသတွင် ကျောက်ရောဂါဘေးမှ လူပေါင်းများစွာကို ကယ်တင်ခဲ့ဖူး၏။ သို့သော်ငြား ကျောက်ရောဂါက လက်ရှိ ဖြစ်တည်နေသည့် ရောဂါပိုးမွှားနှင့် ယှဉ်လျှင် များစွာ ပျော့ပြောင်း၏။ အလယ်ခေတ် ဥရောပတွင် ပလိပ်ရောဂါကြောင့် တစ်နှစ်အတွင်း လူ သန်း ၂၀ ကျော် သေဆုံးခဲ့ဖူး၏။
“ဒါကြောင့် တော်ဝင်ရန်မြို့တော်က လူတွေကို ကျုပ် အန္တရာယ်မပြုဘူးဆိုတာ ခင်ဗျားတို့ ယုံကြည်သင့်တယ်။ ကျိရွှမ်... နင်ဟန်... ခင်ဗျားတို့နှစ်ယောက်က ကျုပ်နဲ့ စေ့စပ်ထားတဲ့ လူတွေပဲ။ သင်္ဘောပေါ်တက်ခဲ့ပါလား။ စကားပြောရအောင်။”
အမျိုးသမီး နှစ်ယောက်၏ မျက်နှာများက ရှုံ့တွသွားခဲ့၏။
“လာခဲ့ပါ။ ကျုပ်ရဲ့ ခန္ဓာကိုယ်က အားနည်းတာ ခင်ဗျားတို့လည်း သိသားပဲ။ ဒီလောက် အဝေးကြီးကနေ အော်ပြောရတာ ပင်ပန်းလွန်းနေပြီ။” ရှမ့်လန်က လက်မှိုင်ချကာဖြင့် စိတ်ဓာတ်တကျ ပြောလိုက်သည်။
ကျိရွှမ်က ခဏမျှ တွန့်ဆုတ်၏။ ပြီးနောက် ကုန်းပတ်ပေါ်သို့ ခုန်တက်လာ၏။ “အင်း... တကယ့်ကို အနှိုင်းမဲ့ လှပလွန်းတဲ့ မိန်းကလေး နှစ်ယောက်ပဲ။”
ရှမ့်လန်က ကျိရွှမ်နှင့် နင်ဟန်တို့ကို အထက်အောက် သေချာကြည့်သည်။ “နှစ်ယောက်လုံးက မျက်နှာလေးတွေကလည်း လှသလို ကိုယ်လုံးကိုယ်ပေါက်ကလည်း အတူတူပဲ။ ဘာလို့ ဘယ်သူကမှ ခင်ဗျားတို့ကို လောကပေါ်မှာ အလှဆုံး မင်းသမီးဆိုပြီး စာရင်း မသွင်းကြတာလဲ။”
ရှမ့်လန်၏ ပြောင်ချော်ချော် စကားကိုကြားချိန်မှာတော့ ကျိရွှမ်က မျက်မှောင်ကုတ်သွား၏။ လောက၏ အလှဆုံးဘွဲ့ ဆိုသည်က သာမန်မိန်းမများသာ လိုချင်သည့်ဘွဲ့ ဖြစ်၏။
ရှမ့်လန်က ဆက်ပြောသည်။ “တကယ်တော့ ကျုပ်က သနားညှာတာမှုကို ပြသထားခဲ့တာပဲ။ နောင်တမြို့နဲ့ ပြန်လမ်းမဲ့မြို့ကို ရွေးချယ်ခဲ့တာ အဲဒီမှာ သာမန်အရပ်သားတွေ မရှိလို့ပဲ။ အဲဒီမြို့က လူတိုင်းက မကောင်းမှုတွေ ပြုလုပ်နေကြတဲ့ လူတွေချည်းပဲ။ ကျုပ်က အပြစ်မဲ့တဲ့လူတွေကို မထိခိုက်စေချင်ဘူး။ တကယ်ပါ ကျုပ်ကို ယုံစမ်းပါ။
“ဒါပေမဲ့ ကျုပ်လူတွေထဲက တစ်ယောက်ယောက်... ဥပမာ ကျုပ်ရဲ့သားသမီးတွေ၊ ကျုပ်ရဲ့ မိန်းမတွေ ... အဲဒီလူတွေကို ထိခိုက်လာခဲ့ပြီဆိုရင်တော့ ကျုပ်က ဒီလောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ရလိမ့်မယ်။ ကျုပ်က ကျန်းလီ မဟုတ်ဘူး။ ကျုပ်မှာ တစ်လောကလုံးကို ချစ်ခင်တဲ့ မေတ္တာတရားမျိုးလည်း မရှိဘူး။”
ရှမ့်လန်က ကုန်းပေါ်ရှိ လူတစ်သိန်းကို ညွှန်ပြလိုက်၏။ “ဒီလူတွေက ကျုပ်အတွက်၊ ဒါမှမဟုတ် ကျန်းလီရဲ့သား အတွက် လာပေးကြတာ။ ကျုပ် တကယ့်ကို စိတ်လှုပ်ရှားမိတယ်။ ဒါပေမဲ့ သူတို့တွေ ဒီလိုမျိုးလာတာကို ကျုပ် မလိုချင်ခဲ့ဘူး။”
သူက လက်ဖက်ရည်ခွက် သုံးခွက်ကို ငှဲ့ပေး၏။ “သောက်ကြ... သောက်ကြ။”
သူက ပြုံးကာ ဧည့်ခံနေသော်လည်း တစ်ဖက်လူများက မသောက်ကြချေ။
“ဒါကြောင့် ကုန်းပေါ်က လူတစ်သိန်းကို လွှတ်ပေးလိုက်ပါ။”
မင်းသမီးကျိရွှမ်က မျက်မှောင်ကြုတ်သွား၏။ ရှမ့်လန်က ဆက်ကာ ချိန်းခြောက်မနေတော့ပေ။ အခြေအနေက ရှင်းလင်းနေပြီ ဖြစ်၏။ အကယ်၍ စစ်ပွဲသာ စတင်ခဲ့သည်ဆိုလျှင် ဤလူတစ်သိန်းလုံးက သေဆုံးသွားမည်ဖြစ်သလို ပိုးကလည်း ပြန့်နှံ့သွားပေလိမ့်မည်။ အင်ပါယာတပ်သားများ မည်မျှ အသေခံရမည်နည်း။
အဓိကအားဖြင့် ရှမ့်လန်ကို သူတို့လက်ထဲတွင် ရထားရန်သာ လို၏။ ထိုလူတစ်သိန်းကို လွှတ်ပေးလိုက်ခြင်းက ဂုဏ်သိက္ခာကျစရာ ဖြစ်သော်လည်း ချက်ချင်းလက်ငင်း ကြုံတွေ့ရမည့် ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်ရမည် ဆိုလျှင် ဘာမှမဟုတ်ပေ။
ချက်ချင်းပဲ ကျိရွှမ်က စာတစ်စောင်ကို ရေး၏။ ပြီးနောက် ကုန်းပေါ်ရှိ အိမ်ရှေ့စံမင်းသားထံ ပေးပို့လိုက်၏။
စာကိုရရှိပြီးနောက် အိမ်ရှေ့စံမင်းသား၏ တပ်များက ဆယ်မိုင်ခန့်ထိ ထပ်မံ ဆုတ်ခွာလိုက်၏။ သူကလည်း မြို့နှစ်မြို့ ပျက်သုန်းသွားသည့် သတင်းကို ရရှိပြီးပြီ ဖြစ်သောကြောင့် ရောဂါပိုးကို အလွန်ပင် ကြောက်ရွံ့နေ၏။
ဤသည်က နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်နေခြင်းနှင့် ဆင်တူ၏။ ပေါက်ကွဲပါက ရန်သူရော မိမိပါ အတူတူ သေဆုံးမည့် နည်းလမ်းမျိုးပင်။ ပင်လယ်ကမ်းစပ်ရှိ ရှမ့်လန်၏ လူပေါင်း တစ်သိန်းလုံးက အသေခံ တိုက်ရန်သာ ပြင်ဆင်ထားကြသည်။
“အင်ပါယာကျန်းဆီက အမိန့်တော် ရောက်တယ်။”
လှေကလေးတစ်စင်းက ကမ်းပေါ်သို့ ဆိုက်ကပ်လာ၏။ ကျင်းရှိယန်က ဆင်းလာခဲ့၏။ “မင်းသားကျင်း၊ အာယုနာနာ၊ နာကျည်းမှု... လူတစ်သိန်းလုံးကို ဦးဆောင်ပြီး တောင်ပိုင်းနိုင်ငံဆီ ချက်ချင်းသွားဖို့ အင်ပါယာက အမိန့်ပေးလိုက်တယ်။ ပြီးတော့ မရပ်မနားဘဲ သဲကန္တာရလူရိုင်းမျိုးနွယ်တွေရဲ့ တောအုပ်ထဲထိ ဆက်သွားကြ။ တစ်ယောက်မှ အနစ်နာမခံစေနဲ့လို့ အမိန့်တော်ရှိပါတယ်။”
ကျင်းရှိယန်က လျှို့ဝှက်စာသားများဖြင့် ရေးသားထားသည့် စာကို မင်းသားကျင်းထံ ပေးလိုက်သည်။
“ညီအစ်ကိုတို့... တောင်ပိုင်းနိုင်ငံနဲ့ တောင်ပိုင်းဒေသတွေကို စွန့်လွှတ်။ တောင်ဘက တောအုပ်တွေ၊ တောင်တန်းတွေထိ ရောက်အောင် သွားကြ။ အရှုံးမပေးနဲ့။ ကျုပ် ပြန်လာမယ့် အချိန်ကို စောင့်နေပါ။”
“ဒါက အင်ပါယာ ပေးလိုက်တဲ့ မဟာဗျူဟာမြောက် ပစ္စည်းတွေပါပဲ။”
ကျင်းရှိယန်က ပစ္စည်းတချို့ကို ပေးအပ်လိုက်၏။ “အောင်ပွဲထက် အသက်ကို အဓိကထားပြီး ရှင်သန်အောင် နေကြပါ။ အလင်းမပျောက်သရွေ့ လမ်းမပျောက်ဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။”
မင်းသားကျင်းက ဒူးထောက်ပြီး ပစ္စည်းများကို လက်ခံ၏။ လူတိုင်းက မှင်သက်သွားခဲ့၏။ သူတို့ ဘာမှမလုပ်ဘဲ ဒီအတိုင်း ပြန်သွားရတော့မည်လား။ သူတို့က အသက်ပေးပြီး အင်ပါယာကို ကာကွယ်မလို့ မဟုတ်ပါလား။ သို့သော်ငြား အင်ပါယာက သူတို့၏ အသက်ကို ပြန်လည် ကာကွယ်ပေးခဲ့သည်။
တော်ဝင်ရန်အင်ပါယာ၏ တပ်မကြီး ကီလိုမီတာ ၂၀ ကျော် ဆုတ်ခွာသွားခြင်းကို ကြည့်ခြင်းအားဖြင့် သူတို့ အင်ပါယာက အံ့အားသင့်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရှိလိုက်ရ၏။