← Chapters

အခန်း (၇၈၁-၇၈၂)

Vol. 48 Ch. 781-782

အခန်း (၇၈၁-၇၈၂)

Vol. 48 Ch. 781-782

အပိုင်း (၇၈၁)

“အင်ပါယာ ဘေးကင်းပါ့မလား။ ပြန်လာနိုင်ပါ့မလား။” မင်းသားကျင်းက မေးမြန်းသည်။

“ကျုပ် မသိပါဘူး။” ကျင်းရှိယန်က ဖြေ၏။

မင်းသားကျင်းက အမိန့်ပေးလိုက်သည်။ “အားလုံးပဲ နောက်ဆုတ်ကြ။ နောက်ကို ဆုတ်ကြမယ်။”

အာယုနာနာ၊ အရူးကြီးတို့က သူတို့၏ ကလေးကို ပွေ့ပိုက်ပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်၏။ ပြီးနောက် တစ်ချက်လေးမှ မတိုက်ခိုက်ရဘဲ ဤသို့ ပြန်သွားရမည်လား။ အဓိပ္ပာယ်ရော ရှိသေးရဲ့လား။

အဓိပ္ပာယ်ရှိသည် ထက်ပင် ပိုသေး၏။ အနည်းဆုံး လူတို့၏ စိတ်နှလုံးကို စုစည်းနိုင်ခဲ့ပြီ ဖြစ်၏။ ကျန်းလီအပေါ် သစ္စာရှိသည့် မီးစများက ကြီးမားစွာတောက်လောင်နေသည့် မီးလျှံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

ထိုလူစုထဲတွင် အများစုက ရှမ့်လန်ကို မမြင်ဖူးကြသော်လည်း သူတို့က မျှော်လင့်ချက်မဲ့သည့် အခြေအနေတွင်ပင်လျှင် သူတို့ကို ပြန်လည် ကာကွယ်ခဲ့သည့်လူကို မျက်မြင် တွေ့ခဲ့ရ၏။ ထိုသူက ရှမ့်လန် ဖြစ်ပြီး သူတို့၏ ရင်ထဲတွင် ရှမ့်လန်က သူရဲကောင်းတစ်ယောက် ဖြစ်သွားခဲ့သည်။

“အားလုံး နောက်ကို ဆုတ်ကြ။”

တပ်မှူးသုံးယောက်တို့၏ အမိန့်ပေးမှုအောက်မှာတော့ လူပေါင်းတစ်သိန်းတို့က တောင်ဘက်ဆီသို့ ခန့်ညား ထည်ဝါစွာဖြင့် မဟာဗျူဟာမြောက် ဆုတ်ခွာသွားကြ၏။

“အင်ပါယာကျန်း... သက်တော်ရာကျော် ရှည်ပါစေ။”

“ သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်လန်က ကုန်းမြေနှင့် ဝေးကွာနေသော်လည်း ထိုလူတစ်သိန်းတို့၏ အော်ဟစ်သံကို ကြားနေရသည်။

မင်းသမီး ကျိရွှမ်က မျက်မှောင်ကြုတ်မိ၏။ ထိုဘွဲ့နာမည်က သူမ၏ ခမည်းတော် တော်ဝင်ရန် အင်ပါယာ တစ်ယောက်တည်းသာ အသုံးပြုခွင့်ရှိသည့် နာမည် မဟုတ်ပါလား။ သို့ပေမည့် ယနေ့ ရှမ့်လန်၏ လုပ်ရပ်ကြောင့် လူတစ်သိန်းတို့၏ ရင်ထဲတွင် ရှမ့်လန်က အင်ပါယာတစ်ပါး ဖြစ်သွားခဲ့၏။

“ကဲ... အစ်မတို့... သိပ်ပြီးတော့ အများကြီး မတွေးကြနဲ့။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်အကြောင်းကို ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ ကျုပ်က အင်ပါယာတွေ၊ ဘာတွေ လုပ်ချင်တဲ့လူ မဟုတ်ဘူး။ အဲဒီအလုပ်က ပင်ပန်းလွန်းလို့ သေချင်စိတ်ပေါက်မယ့် အလုပ်မျိုးပဲ။ အင်ပါယာ လုပ်မယ်အစား ခင်ဗျားတို့ နှစ်ယောက်ကို...”

ကျိရွှမ်နှင့် နင်ဟန်တို့၏ မျက်နှာများက အေးစက်သွား၏။

“ဘာလဲ။ ကျုပ်ပြောတာ မှားလို့လား။ ကျုပ်တို့က စေ့စပ်ထားတဲ့ လူတွေပဲလေ။ စေ့စပ်ထားတဲ့လူက သူ့ရဲ့ မိန်းမတွေနဲ့ အိပ်စက်ချင်တယ် ဆိုတာ သဘာဝပဲ မဟုတ်လား။ ကျုပ်က ဟန်ဆောင်တတ်တဲ့လူ မဟုတ်လို့ ရင်ထဲရှိတာ ပြောလိုက်တာပါ။ ဟားဟား။”

ကျိရွှမ်က ပြောလိုက်သည်။ “ကဲ... လူတစ်သိန်းလုံးက ဆုတ်ခွာသွားခဲ့ပြီ။ အင်ပါယာရဲ့တပ်တွေက လိုက် မတိုက်တော့ဘူး။”

ရှမ့်လန်က ဆက်ပြောလိုက်၏။ “ဒါဆိုရင် ဒုတိယပိုင်းကို ဆက်သွားရအောင်။ ကျုပ်ရဲ့မိသားစုနဲ့ ကျင်းမိသားစုရဲ့ သင်္ဘောတွေကို မိစ္ဆာတြိဂံ နယ်မြေထဲ လွှတ်ပေးပါ။”

“မိစ္ဆာတြိဂံ နယ်မြေ...”

ကျိရွှမ်နှင့် နင်ဟန်တို့က ထိုနေရာအကြောင်းကို ရှမ့်လန်ထက် ပိုကာ သိရှိ၏။ ဤနေရာက လောကပေါ်တွင် အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေများထဲမှ တစ်ခုပင် ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ အတောအတွင်း ထိုနေရာဆီသို့ ဝင်လာသည့် သင်္ဘောတိုင်းက ပြန်မလာနိုင်ဘဲ အစပျောက်သွားခဲ့သည်ချည်းသာပင်။ သဘာဝလွန် အဖွဲ့အစည်းများပင်လျှင် ထိုနေရာကို မစူးစမ်းဝံ့ကြချေ။ ဤနေရာသို့ သွားခြင်းက လုံးဝ ပျောက်ကွယ်သွားခြင်းနှင့် အတူတူပင် ဖြစ်၏။

“ဒါဆိုရင် ရှင်ကရော။” ကျိရွှမ်က မေးလိုက်သည်။

“ကျုပ်ကတော့ မသွားပါဘူး။”

ရှမ့်လန်က ပြော၏။ “ကျုပ်က... ကျုပ်ရဲ့မိန်းကလေးနှစ်ယောက် လက်ထဲမှာပဲ နေရမှာပေါ့။ ကျုပ်ကို သတ်ချင်လည်း သတ်နိုင်ပါတယ်။ ကျုပ်က ခင်ဗျားတို့နဲ့ စေ့စပ်ထားတဲ့လူမို့လို့၊ ဒါမှမဟုတ် ကျုပ်က အရမ်းချောနေလို့ လွှတ်ပေးလိမ့်မယ်လို့တော့ မမျှော်လင့်ပါဘူး။”

ပြီးနောက် ရှမ့်လန်က သဲနာရီတစ်လုံးကို ထပ်ထုတ်သည်။

ကျိရွှမ်၏ မျက်နှာက ချက်ချင်းပဲ ပြာနှမ်းသွား၏။ ရှမ့်လန် သဲနာရီ တစ်ခု ထုတ်တိုင်း မြို့တစ်မြို့ ပျက်စီးရသည် မဟုတ်ပါလား။

“တော်ဝင်ရန် မြို့တော်ထဲမှာ ကျုပ်ရဲ့လူတွေ ပုန်းနေတယ်။ အချိန်စေ့တာနဲ့ သူတို့က ပိုးကို လူစည်ကားတဲ့ နေရာတွေဆီ ဖြန့်လိမ့်မယ်။ ဒါကြောင့် ကျုပ်ရဲ့ မိသားစု ဘာမှ ထိခိုက်လို့ မဖြစ်ဘူး။

တစ်ခုခု ဖြစ်တာနဲ့ တော်ဝင်ရန်မြို့တော်က လူသန်းပေါင်းများစွာတို့ မြေလှန်ခံရလိမ့်မယ်။ အဲဒီမြို့က ခင်ဗျားတို့ ကျိမိသားစုမျိုးနွယ်ရဲ့ နေအိမ်ပဲ မဟုတ်လား။ ရောဂါပိုးမွှားသာ ပျံ့နှံ့သွားခဲ့မယ်ဆိုရင် အင်ပါယာမြို့တော်က ဘယ်လောက်တောင် ပျက်စီးဆုံးရှုံးမလဲ တွေးကြည့်ပေါ့။”

ကျိရွှမ်က သူမ၏ဓားကို ရှမ့်လန်၏ လည်ပင်းတွင် တင်လိုက်၏။

“သတိထား... သတိထား။”

ရှမ့်လန်က အေးအေးသက်သာပင် ပြောဆိုသည်။ “ကျုပ်ကို အခုသတ်လိုက်ရင် တော်ဝင်ရန်မြို့တော်က လူတွေကို ဘယ်သူက တားမှာလဲ။ ကျုပ်သာ အချက်ပြမှုကို မလုပ်ဘူးဆိုရင် ကျုပ်ရဲ့ လူတွေက တိုက်ခိုက်တော့မှာ။”

“ကျိရွှမ်... နင်ဟန်... ကျုပ်ကို ယုံစမ်းပါ။ ကျုပ်က ဒီလိုတွေ မလုပ်ချင်ဘူး။ ကျုပ်က ဒီလိုတွေ တကယ် မလုပ်ချင်ဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ မိသားစုကို မထိခိုက်စေချင်ဘူး။ တစ်ခုခုဖြစ်ပြီဆိုရင် ကျုပ်က တစ်လောကလုံးကို အဖော်ခေါ်သွားမှာပဲ။”

“ကောင်းပြီ။”

ရှမ့်လန်က ဆက်ပြော၏။ “ခင်ဗျားတို့ ရေထဲက ကျုပ်ရဲ့ သင်္ဘောတွေကို နောက်ရက်တွေမှာ မတိုက်ခိုက်ဘူး ဆိုတာ သေချာလား။”

“သေချာပါတယ်။” ကျိရွှမ်က ဖြေ၏။

ရှမ့်လန်က သေတ္တာတစ်လုံးကို ဖွင့်၍ မီးရှူးမီးပန်း တစ်ခုကို လွှတ်တင်လိုက်၏။ ထိုအရာက ရဲရဲနီနေသော ငါးမြှောင့်ကြယ် ပုံစံတစ်ခုပင် ဖြစ်သည်။

“ကဲ... မိန်းကလေးတို့... ခင်ဗျားတို့နဲ့ စေ့စပ်ထားတဲ့ ယောင်္ကျားတစ်ယောက်က ပင်လယ်ပြင်မှာ မီးရှူးမီးပန်းတွေ လွှတ်ပြနေတာ။ အရမ်းကို စိတ်ကူးယဉ်ဆန်တယ်လို့ မထင်ဘူးလား။ စိတ်လှုပ်ရှားတယ်မလား။ အရမ်း ပျော်ရွှင်သွားခဲ့ပြီလား။”

ရှမ့်လန်က ဆက်ပြော၏။ “ဒီကြယ်နီက ပထမဦးဆုံး အချက်ပေးသံပဲ။ ဒါက တော်ဝင်ရန မြို့တော်က လူတွေကို ခဏစောင့်ဆိုင်းဖို့ အချက်ပြလိုက်တာပဲ။ ဒါပေမဲ့ လုပ်ရမှာတွေက မပြီးသေးဘူး။ ကျုပ်တို့က အမြန်လုပ်ရမယ်။ အဲဒီမှာ မီးရှူးမီးပန်း သေတ္တာတစ်လုံး ရှိနေတယ်။ အဲဒါကို တော်ဝင်ရန်မြို့တော်ကို ယူသွားပြီး မြို့တော်မှာ ဖောက်လိုက်။ ဒါမှ ကျုပ်လူတွေက နောက်ဆုတ်ကြမှာ။”

ကျိရွှမ်က ထိုသေတ္တာကို ချက်ချင်းယူ၏။ လူယုံများဖြင့် တော်ဝင်ရန် မြို့တော်သို့ အမြန်ဆုံး ပို့ဆောင်စေသည်။

ကျင်းမိသားစု၏ သင်္ဘောအုပ်စုက အရှေ့တောင်ဘက်သို့ ဆက်လက် ခုတ်မောင်းသွား၏။ အင်ပါယာ မဟာမိတ်ရေတပ်ကြီးက သူတို့ကို ဝန်းရံပြီး လိုက်ပါလာ၏။ သုံးရက်နှင့် သုံးညအကြာမှာပဲ မိုင်ပေါင်း ၂၅၀၀ ကို ခရီးနှင်ခဲ့ပြီး ဖြစ်၏။

“အဒေါ်... ကျုပ်ကို လာဖားနေရုံနဲ့ ကျုပ် ခွင့်လွှတ်တယ်လို့ မထင်နဲ့အုံး။” ရှမ့်လန်က ပြောလိုက်၏။ ထိုအချိန်မှာတော့ သူက ပက်လက်ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာနှင့် လဲလျောင်းရှိနေပြီး ရွှယ်ရင်က သူ့ကို နှိပ်ပေးနေခြင်း ဖြစ်သည်။

မဝေးလှသည့်နေရာမှာတော့ ကျိရွှမ်နှင့် နင်ဟန်တို့က အေးစက်စက်နှင့် ကြည့်နေ၏။

ရွှယ်ရင်က ရှမ့်လန်၏ ခါးပေါ်သို့ ခွထိုင်လိုက်သည်။

“အင်း... ဒါက ရိုးရိုးနှိပ်တာ။ အထူးဝန်ဆောင်မှုတွေ မလုပ်နဲ့အုံး။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ ်မိန်းမက မိုင် ၂၀ အကွာမှာ ရှိနေပေမဲ့ သူ့ရဲ့ မျက်လုံးတွေက အမြင်စူးရှတယ်။ မြင်သွားရင် မကောင်းဘူး။”

ရှမ့်လန်က ကျိရွှမ်ထံသို့ သွားကာ ပြောသည်။ “မိန်းကလေးတို့... မီးရှူးမီးပန်းတွေ ထပ်ပြီး လွှတ်ကြရအောင်။”

သူက ပြာလွင်သော မီးရှူးမီးပန်း တစ်ခုကို လွှတ်တင်လိုက်၏။ ထိုအရာက ကောင်းကင်ယံ၌ ပြုံးရွှင်နေသည့် မျက်နှာပုံစံ ပေါ်လာစေ၏။

နောက်ထပ် သုံးရက် ထပ်မံ ကုန်ဆုံးသွားပြန်၏။ မိုင်ပေါင်း ၅၀၀၀ ခရီးနှင်ခဲ့ပြီး ဖြစ်သောကြောင့် မိစ္ဆာတြိဂံနယ်မြေသို့ ရောက်ရန် မိုင်ပေါင်း ၂၇၀၀ သာ လိုတော့၏။ အခြေအနေများက ရုတ်တရက် တင်းမာ လာသည်။

“အဒေါ်... သင်္ဘောပေါ် ပြန်တော့။”

ရှမ့်လန်က ရွှယ်ရင်ကို ပြော၏။ ရွှယ်ရင်က မလှုပ်မယှက် ရပ်နေ၏။

“ခင်ဗျားက ကျုပ်စကားကို နားမထောင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ထပ်လုပ်အုံးမှာလား။” ရှမ့်လန်က ဆူငေါက်လိုက်သည်။

ရွှယ်ရင်က မျက်ရည်များ ဝိုင်းလာ၏။

“ခင်ဗျား ကျုပ်ကို မယုံဘူးလား။” ရှမ့်လန်က မေးလိုက်၏။

ပြီးနောက် ရွှယ်ရင်က ရှမ့်လန်၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်၏။ မင်းသမီး ကျိရွှမ်နှင့် နင်ဟန်တို့က မျက်နှာပင် လွှဲလိုက်ကြ၏။ သုံးမိနစ်ခန့်နမ်းရှိုက်ပြီးနောက် ရွှယ်ရင်က သင်္ဘောပေါ်မှ ခုန်ချပြီး သင်္ဘောကြီးရှိရာဆီသို့ ကူးခပ်သွားတော့သည်။

နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့ပြီးနောက် မိစ္ဆာတြိဂံ နယ်မြေဆီသို့ ရောက်ရန် မိုင် ၂၀၀ သာ လိုတော့၏။ ပင်လယ်ပြင်၏လေထုက ထူးထူးဆန်းဆန်းပင် လေးလံလာခဲ့၏။ ကျိရွှမ်က ရှမ့်လန်၏ရှေ့တွင် တစ်ဖန် ပြန်လာကာ ထိုင်၏။ “ကဲ... ရှင်ရဲ့ အစီအစဉ်တွေကို ပြောတော့။”

ရှမ့်လန်က ပြောသည်။ “ဇူလိုင်လ ၇ ရက်နေ့မှာ တော်ဝင်ရန်မြို့တော်ကို နောက်ဆုံး အချက်ပေးသံ ပေးပို့မယ်။ အဲဒီအချိန်ကျရင် ကျုပ်လူတွေက ပိုးတွေကို ဖျက်ဆီးပစ်မှာ ဖြစ်ပြီးတော်ဝင်ရန်မြို့တော်ရဲ့ အန္တရာယ်ကလည်း ပြီးဆုံးသွားလိမ့်မယ်။”

“အဲဒီ အချက်ပေးသံက ဘာလဲ။”

“ကျင်းမိသားစုရဲ့ သင်္ဘောတွေ မိစ္ဆာတြိဂံနယ်မြေထဲကို ရောက်သွားတဲ့အခါ ကျုပ် အဲဒါကို ပေးမယ်။”

“ဒါဆိုရင် ရှင် ကိုယ်တိုင်ကကော။”

“ကျုပ်ကတော့ ဒီသင်္ဘောမှာပဲ နေခဲ့မှာပါ။ ခင်ဗျားတို့ ကျုပ်ကို အပိုင်းပိုင်း ဆွဲဖြတ်လည်း ရတယ်။ ကျုပ်ရဲ့ မိသားစုကို ဖမ်းပြီး ကျုပ်ကို ခြိမ်းခြောက်မယ်လို့ ခင်ဗျားတို့ တွေးနေတာလား။”

ကျိရွှမ်က နှုတ်ဆိတ် သွားခဲ့၏။ သူမက ထိုကဲ့သို့ အမှန်တကယ်ပင် တွေးထား၏။

ရှမ့်လန်က ပြောလိုက်သည်။ “တော်ဝင်ရန် မြို့တော်က လူသန်းပေါင်းများစွာကို ကျုပ် လက်လွှတ်ပေးခဲ့တယ်။ ဒါက ကျုပ်ရဲ့သနားညှာတာမှုကြောင့်ပဲ။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ရဲ့ မိသားစုကို နည်းနည်းလေး ထိခိုက်အောင် လုပ်မယ်ဆိုရင်တော့ ကျုပ်ရဲ့ အမုန်းတရားတွေ ပေါက်ကွဲထွက်သွားလိမ့်မယ်။

ကျုပ် အမုန်းတရားတွေ ပွားသွားပြီဆိုရင်တော့ ကျုပ်ရဲ့ မိသားစုတွေ မိစ္ဆာတြိဂံ နယ်မြေထဲကို ရောက်သွားပြီ ဆိုရင်တောင်မှ ကျုပ်က ခင်ဗျားတို့ကို လက်စားမချေဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။ ကျုပ်မှာ နောက်ထပ် အစီအစဉ်တွေ မရှိတော့ဘူးလို့ ခင်ဗျား ထင်နေတာလား။”

ကျိရွှမ်က ထိုအချက်ကို သေသေချာချာ စဉ်းစားပြီး ဖြစ်၏။ ထို့ကြောင့် သူမက ရှမ့်လန်၏ မိသားစုကို ဖမ်းဆီးကာ ခြိမ်းခြောက်မှု မပြုခဲ့ခြင်းပင်။ ရှမ့်လန် ပြောသည်က မှန်၏။ တော်ဝင်ရန်မြို့တော်မှ လူများကို လက်လွှတ်ပေးထားသည်က ရှမ့်လန်၏ သနားကြင်နာတတ်သည့် စိတ်နှလုံးကြောင့်သာ ဖြစ်၏။ သူက အပြစ်မဲ့သူများကို မထိခိုက်စေချင်ပေ။

ရှမ့်လန်က ဆက်ပြော၏။ “ကျုပ်ရဲ့ မိသားစု မိစ္ဆာတြိဂံ နယ်မြေထဲကို ဘေးကင်းကင်းနဲ့ ဝင်သွားတာ မြင်ပြီဆိုရင် အားလုံး အဆင်ပြေပြီ။ ကျုပ်က ဒီနေရာမှာပဲ ကျန်ခဲ့ပြီး ပြစ်ဒဏ်ကို ခံယူမယ်။ အထူးသဖြင့် နင်ဟန်... ခင်ဗျား ကျုပ်ကို အပိုင်းပိုင်း ခုတ်ထစ်ချင်နေတာမလား။”

ကျိရွှမ်နှင့် နင်ဟန်တို့က တိတ်ဆိတ်ငြိမ်သက်သွား၏။ ခဏမျှကြာပြီးနောက် ကျိရွှမ်က အမိန့်ပေးလိုက်၏။ “အင်ပါယာ ရေတပ် .... ရှေ့ဆက် တိုးဘဲ ရပ်တန့်လိုက်တော့။”

ပြီးနောက် အားလုံးပဲ ရပ်တန့်သွားခဲ့၏။ အလံအချက်ပြမှုကြောင့် ထိုအမိန့်က မိုင်ရာပေါင်းများစွာနှင့် ရှိနေသည့် ရေတပ်အုပ်စုကြီး တစ်ခုလုံးထံသို့ ရောက်ရှိသွားခဲ့၏။ နောက်ဆုံးမှာတော့ အင်ပါယာ ရေတပ်သား အားလုံးက သက်ပြင်းချနိုင်၏။ သူတို့က ဘေးအန္တရာယ်ဆိုးကြီးမှ လွတ်မြောက်ခဲ့ပြီ မဟုတ်ပါလား။

“မိစ္ဆာတြိဂံ နယ်မြေ” ထိုနေရာထဲသို့ ဝင်သွားသည်နှင့် သင်္ဘောများက အမှုန့်အဖြစ်သို့ ကြေမွသွားမှာ ဖြစ်သလို ထိုနေရာကိုမြင်သည်နှင့်ပင် မင်္ဂလာမရှိဟု ယူဆနိုင်၏။ မိုင်ပေါင်း ၂၀၀ အကွာမှပင် ထိုနေရာဆီမှ လျှို့ဝှက်ဆန်းကြယ်ပြီး ထိတ်လန့်ဖွယ်ကောင်းသည့် အငွေ့အသက်ကို ခံစားနေရ၏။ ရှေ့တွင် လူပေါင်းများစွာ ကို ဝါးမျိုရန် ပါးစပ်ဟထားသည့် မိစ္ဆာကြီးတစ်ကောင် ရှိနေသကဲ့သို့ပင်။

ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “သင်္ဘောပေါ်က သင်္ဘောသားတွေအားလုံး လှေလေးတွေနဲ့ အဓိက သင်္ဘောကြီးဆီ လိုက်သွားကြ။ မိစ္ဆာတြိဂံ နယ်မြေထဲ အတူတူ ဝင်ကြတော့။”

သာမန်သင်္ဘောသားများဆိုလျှင် သေမတတ် ကြောက်ရွံ့ကြမှာ ဖြစ်သော်လည်း ရှမ့်လန်၏ သင်္ဘောပေါ်ရှိ လူများက ဗလာသွေးမျိုးဆက် ပိုင်ရှင်များ ဖြစ်သောကြောင့် ကြောက်လန့်မှုမရှိဘဲ အမိန့်ကို နာခံကြ၏။ ခဏအကြာမှာပဲ ရှမ့်လန်၏သင်္ဘောပေါ်၌ မည်သူမှ မကျန်တော့ပေ။ သင်္ဘောကလည်း လေတိုက်ရာသို့ မျောပါနေ၏။

အင်ပါယာရေတပ်ကြီးက ဆုတ်ခွာသွားခဲ့သော်လည်း ကောင်းကင်ပင်လယ်နန်းဆောင်၊ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်၊ စေတီတောင်နှင့် တုံ့ကျန်းဘုရားကျောင်းတို့၏ ဧရာမ စစ်သင်္ဘောကြီး လေးစင်းက ကျင်းမိသားစု၏ သင်္ဘောများနောက်သို့ အနီးကပ် လိုက်ပါနေဆဲပင်။

အမှန်စစ်စစ် သူတို့က ကျင်းမိသားစုကို နာရီဝက်အတွင်း အပြတ်ရှင်းနိုင်ပါသော်လည်း မိစ္ဆာတြိဂံ နယ်မြေနှင့် နီးကပ်လာသည်နှင့်အမျှ ကျိရွှမ်နှင့် နင်ဟန်တို့ကပင် အသက်ရှူမှားကာ ကြက်သီးမွေးညင်းများ ထနေသည်ကို ရှမ့်လန်က သတိပြုမိ၏။ ဤနေရာ၏ သံလိုက်စက်ကွင်းက တခြားသောနေရာများနှင့် လုံးဝကွဲပြား၏။ မကြာခင်မှာပဲ မိစ္ဆာတြိဂံ နယ်မြေကြီးကို လူတိုင်းက မြင်လိုက်ရ၏။

ရှမ့်လန်က ကျမ်းစာထဲတွင် ဖတ်ဖူးသော်လည်း ထိုအရာကို မြင်သည့်အချိန်မှာတော့ မှင်သက်သွားမိ၏။ ထိုအရာက လောကကြီး၏ အဆုံးသတ် နံရံကြီးတစ်ခုနှင့် ဆင်တူ၏။ နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း အရှေ့ရှိ ပင်လယ်ပြင်ကြီးက မှောင်မိုက်နေ၏။ အဆုံးအစ မရှိသည့် မှောင်မိုက်သည့် နံရံကြီးတစ်ခု ကဲ့သို့ပင်။ ထိုအရာက မြူနှင်းများ ထူထပ်နေခြင်းမျိုး မဟုတ်ဘဲ တစ်လောကလုံးကို တိမ်မဲကြီးများက ဖုံးလွှမ်းနေသကဲ့သို့ ရှိသည်။

“ဝုန်း... ဝုန်း...”

ကျယ်လောင်လွန်းသည့် အသံဗလံများကို ကြားရမည်ဟု ထင်ရသော်လည်း မည်သည့်အသံမှ မကြားရချေ။ လှိုင်းပုတ်သံများသာ ရှိ၏။ တိမ်မဲကြီးများထဲတွင် နဂါးများ လူးလာခေါက်တုံ သွားလာနေသကဲ့သို့ပင် လျှပ်စီးကြောင်းများက တဖျတ်ဖျတ် လက်၏။ ထိုနေရာကို မိုင်အနည်းငယ် အကွာဆီမှ လှမ်းကာ ကြည့်ရှုမည် ဆိုလျှင်တောင် ငရဲဘုံတစ်ခုနှင့် တူလှ၏။

ကျင်းမိသားစုက အရံသင်္ဘောများကို စွန့်လွှတ်လိုက်ကြပြီး လူပေါင်းထောင်ချီတို့က အဓိက သင်္ဘောကြီးပေါ်သို့ တက်ရောက်သည်။

ရန်သူသင်္ဘောအချို့က တိတ်တဆိတ် နောက်မှ လိုက်ပါလာ၏။ မိစ္ဆာတြိဂံ နယ်မြေနှင့် နီးကပ်လာသည် နှင့်အမျှ ဧရာမသင်္ဘောကြီးကပင်လျှင် စက္ကူလှေကလေးကဲ့သို့ သေးငယ်သွားပုံ ပေါ်၏။

ရှမ့်လန်က မူလန်ရှိနေသည့် သင်္ဘောနှင့် မိုင်အနည်းငယ်သာ ကွာဝေးတော့၏။ မူလန်က သင်္ဘောပဲ့ပိုင်းတွင် ရပ်နေပြီး ရှမ့်လန်ကမူ အနောက်ရှိ သင်္ဘော၏ပဲ့ဦးတွင် ရပ်နေ၏။ သူတို့နှစ်ယောက်က တစ်ဦးနှင့်တစ်ဦး ဝေဝေဝါးဝါး မြင်နေရသည်။

“ယောင်္ကျား... ကျွန်မ ရှင့်ကို ယုံတယ်။ ယောင်္ကျား... ကျွန်မတို့ဆီကို ပြန်လာမယ်ဆိုတာ ကျွန်မယုံတယ်။ ကျွန်မကို မလိမ်နဲ့နော်။ မဟုတ်ရင် ကျွန်မ သရဲဖြစ်သွားရင်တောင် ရှင့်ကို လက်လွှတ်ပေးမှာ မဟုတ်ဘူး။”

“စိတ်မပူနဲ့ မိန်းမ။ ငါ မင်းကို လိမ်ခဲ့ရင် ငရဲပြည်ထိ လိုက်လာပြီး မင်းကို တောင်းပန်မယ်။”

“ကောင်းပြီ... အဲအချိန်ရောက်ရင် ကျွန်မ ရှင့်ကို တစ်နာရီ ပိုပေးမယ်။”

“မလုပ်ပါနဲ့။ အဲဒါက ပင်ပန်းလွန်းတယ်။”

သူတို့နှစ်ယောက်က ဝေးကွာနေခဲ့သည် ဆိုသော်လည်း စိတ်ချင်းက ဆက်သွယ်လျက် ရှိနေ၏။

မူလန်က ကလေးများကို ပွေ့ချီထားပြီး ရှမ့်လန်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေသည်။ “ယောင်္ကျား... မိန်းမ သွားတော့မယ်။”

အပိုင်း (၇၈၂)

ပြီးနောက် ကျင်းမိသားစု၏ ဧရာမစစ်သင်္ဘောကြီးက မိစ္ဆာတြိဂံနယ်မြေ၏ အဆုံးအစ မရှိသည့် တိမ်မဲကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့၏။ သဘာဝလွန် အဖွဲ့အစည်းများ၏ ရေတပ်က မိုင်အနည်းငယ် အကွာတွင် ရပ်တန့် ကျန်ရစ်ခဲ့၏။

ရှမ့်လန်က သူ၏ မိန်းမ၊ သားသမီး သုံးယောက်တို့ ပျောက်ကွယ်သွားခဲ့သည်ကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေ၏။ မိစ္ဆာတြိဂံနယ်မြေကြီးက ထိုသင်္ဘောကြီးကို တစ်စစီ ဝါးမျိုသွားခဲ့သကဲ့သို့ပင် မကြာခင်မှာပဲ လူအားလုံးတို့က ပျောက်ကွယ်သွားသည်။

ရှမ့်လန်၏ ပါးပြင်ပေါ်သို့ မျက်ရည်များက စီးကျလာခဲ့၏။

“ငါ့ရဲ့ မိန်းမ... ငါ့ရဲ့ ရင်သွေး... ငါ့ရဲ့ မိသားစု...”

ထိုသူတို့က ဤကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့၏။ ရှမ့်လန်၏ ရင်ထဲတွင် ဓားနှင့် အမွှန်းခံရသကဲ့သို့ပင် နာကျင်နေ၏။ သူက ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်စွာ ရပ်နေမိသည်။

ခဏအကြာမှာတော့ ကျိရွှမ်၏ အေးစက်သည့်အသံက ထွက်ပေါ်လာ၏။ “ရှမ့်လန်... ရှင့်ရဲ့ ကမ်းလှမ်းချက်ကို ကျွန်မတို့ သဘောတူပြီးပြီ။ မိသားစုတစ်ခုလုံးကိုလည်း မိစ္ဆာတြိဂံနယ်မြေထဲ ပေးဝင်ခဲ့ပြီးပြီ။ အခု တော်ဝင်ရန်မြို့တော် ပျက်စီးမယ့်ဘေးက ကာကွယ်နိုင်မယ့် နောက်ဆုံး အချက်ပြမှုကို လုပ်တော့။”

သူမက ပြောပြီးသည်နှင့် ရှမ့်လန်ကို ဓားဖြင့် ခုတ်ပိုင်းရန် ပြင်ဆင်သည်။

“အချက်ပြမှု ဆိုတာ မရှိဘူး။” ရှမ့်လန်က အေးအေးဆေးဆေးပင် ပြန်ပြော၏။

ကျိရွှမ်၏မျက်နှာက ပျက်ယွင်းသွားသည်။ “ဘာကို ဆိုလိုတာလဲ။ ရှမ့်လန်... ကျွန်မ ရှင့်ရဲ့ မိသားစုကို လွှတ်ပေးခဲ့ပြီးပြီ။ ကတိဖျက်တော့မလို့လား။ အချက်ပြသံကိုသာ အခုပြောရင် မင်းကို တစ်ခါတည်း သေခွင့်ပေးမယ်။ မပြောရင်တော့ ဒီလောကကြီးထဲမှာ လူဖြစ်ခဲ့တာကိုတောင် နောင်တရစေရမယ်လို့ ကတိပေးတယ်။”

ရှမ့်လန်က တည်ငြိမ်စွာဖြင့် ပြော၏။ “တော်ဝင်ရန်မြို့တော် ပျက်စီးမယ့်ဘေးကနေ ကာကွယ်ဖို့ အချက်ပြမှု မလိုဘူး။ ဘာလို့လဲဆိုတော့ တော်ဝင်ရန်မြို့တော်ကို ဖျက်ဆီးမယ့် အစီအစဉ်က မရှိလို့ပဲ။ ကျုပ်က ခင်ဗျားတို့လို တိရစ္ဆာန်မှ မဟုတ်တာ။ ကျုပ်က အရပ်သားတွေကို မထိခိုက်စေချင်ဘူး။ ခင်ဗျားတို့ကို လှည့်စား ထားခဲ့တာပဲ။ ကျုပ် တော်ဝင်ရန် မြို့တော်မှာ ပိုးတွေဖြန့်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။”

ကျိရွှမ်နှင့် နင်ဟန်တို့၏မျက်နှာများက ရေခဲကဲ့သို့ပင် အေးစက်သွားခဲ့၏။ သူတို့အတွက် မကြုံစဖူး အလိမ်ခံရခြင်း ဖြစ်သည်။ “ရှမ့်လန်... ရှင် ကျွန်မတို့ကို မျောက်တွေလိုမျိုး ဆော့ကစားခဲ့တာလား။ လွန်ခဲ့တဲ့ ဆယ်ရက်လုံးလုံး ကျွန်မတို့ကို အရူးလုပ်ခဲ့တာပေါ့။ ရှင့်ရဲ့ မီးရှူးမီးပန်းတွေက အလှလုပ်ထားတာပေါ့။ ဒါတွေ အကုန်လုံးက အတုတွေပေါ့။”

ရှမ့်လန်က ပြော၏။ “တော်ဝင်ရန် မြို့တော်က လူတွေအတွက် မီးရှူးမီးပန်း လှလှလေးတွေ လွှတ်ပြရတာ မကောင်းဘူးလား။ ဘာပဲဖြစ်ဖြစ် သူတို့ဘဝတွေက မွန်းကျပ်နေတာပဲလေ။”

“ကောင်းတယ်... ကောင်းတယ်။ အရမ်းကောင်းတာပဲ။”

ကျိရွှမ်က အေးစက်စက်နှင့် ရယ်မောလိုက်၏။ “ဒါဆိုရင်လည်း ရှင် အေးအေးဆေးဆေးသာ သေလိုက်တော့။”

နင်ဟန်က ပြောသည်။ “ရှမ့်လန် ဒူးထောက်စမ်း။ ရှင့်ရဲ့ခေါင်းကို ဖြတ်မယ်။ ဒီပြဇာတ်ကြီးကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။”

ရှမ့်လန်ကို သတ်လိုက်သည်နှင့် ကျန်းလီ၏ သွေးမျိုးဆက်က အပြီးတိုင် ပြတ်တောက်သွားပေတော့မည်။

ရှမ့်လန်က ပြုံးလိုက်၏။ “မိန်းကလေးတို့... ကျုပ်တစ်ခု ပြောဖို့ မေ့နေသေးတယ်။ တော်ဝင်ရန်မြို့တော် ပျက်စီးမယ်ဆိုတာက အတုပဲ။ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက် ပိုးကူးစက်ခံထားရတယ် ဆိုတာကတော့ အစစ်ပဲ။ ခင်ဗျားတို့ ကိုယ်တွေ ပူနေတယ် မဟုတ်လား။ ချောင်းတွေလည်း ဆိုးလာလိမ့်မယ်။ နေလို့ထိုင်လို့လည်း ကောင်းမှာ မဟုတ်ဘူး။”

ကျိရွှမ်နှင့် နင်ဟန်တို့က မျက်နှာများ ဖြူဖျော့သွားခဲ့သည်။ “ရှင်... ရှင် ကျွန်မတို့ကို ဘယ်တုန်းက အဆိပ်ခတ်လိုက်တာလဲ။”

သူတို့နှစ်ယောက်လုံးက နေမကောင်း ဖြစ်နေသည်က မှန်၏။ သို့သော်ငြား သူတို့၏ ကိုယ်ခံအားကြောင့် မသိသာခဲ့ခြင်းပင်။

ရှမ့်လန် ပေးသည့် ရေတစ်စက်ကိုပင် သူတို့က မသောက်ခဲ့ပေ။ အဘယ်သို့ ကူးစက်သွားရသနည်း။

ရှမ့်လန်က ပြော၏။ “ရောဂါပိုးရဲ့ အရင်းအမြစ်က ကျုပ်ကိုယ်တိုင်ပဲ။ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ခင်ဗျားတို့က ကျုပ်ရဲ့ အနားမှာ ကပ်နေပြီး လေတူတူ ရှူခဲ့ကြတယ်လေ။ ကူးတာပေါ့။ စေတီတောင်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ။ ဒီပိုးကတော့ ခင်ဗျားတို့ကို သေအောင် သတ်လိမ့်မယ်။ ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။”

ကျိရွှမ်နှင့် နင်ဟန်တို့က မင်သက်သွားမိ၏။ ရှမ့်လန်က မိမိကိုယ်ကိုယ် ရောဂါပိုး ကူးစက်အောင် အရင် လုပ်ပြီးမှ သူတို့ကို ပြန်လည် ကူးစက်စေခဲ့ခြင်းပင်။ တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် လူပင်။

ရှမ့်လန်က ရယ်မောလိုက်သည်။ “မိန်းကလေးတို့... သေမှတော့ အတူတူ သေကြတာပေါ့။ ဒီအချိန်လေးမှာ ကျုပ်တို့ ပျော်ပျော်ပါးပါး နေသွားရင် မကောင်းဘူးလား။ ခင်ဗျားတို့ ကျုပ်ကို သတ်ချင်ရင်လည်း သတ်လို့ ရပါတယ်။ ဒါပေမဲ့ ကျုပ် ဒီလောက်ချောနေတာကိုလည်း နှမြောမနေကြနဲ့အုံး။ လာစမ်း... ကျုပ်ကို စိတ်ကြိုက် နှိပ်စက်ကြစမ်းပါအုံး။”

‘ငါ နင့်ကို သတ်မယ်။ ငါ နင့်ကို သတ်ပစ်မယ်။’

မင်းသမီးနင်ဟန်က နှုတ်မှ ထုတ်မပြောသော်လည်း နှလုံးသားထဲတွင်တော့ ရူးမတတ် အော်ဟစ်နေမိ၏။ ဤမျှယုတ်မာကောက်ကျစ်ပြီး စပ်ဆုတ်ရွံရှာဖွယ်ရာကောင်းလှသည့် လူစားမျိုးကို သူမ တစ်သက်နှင့် တစ်ကိုယ် မမြင်ဖူးခဲ့ပေ။ အောက်တန်းကျ လွန်းသောကြောင့် လူတကာက ရွံရှာဖွယ်ရာပင်။

သူမက ရှေ့ဆီသို့ ဝုန်းခနဲ ပြေးဝင်သွား၏။ ပြီးနောက် ရှမ့်လန်၏ အင်္ကျီစကို ဆွဲကိုင်ပြီး လေထဲသို့ မြောက်တင်၏။ ပြီးနောက် ဓားမြောင်ဖြင့် မျက်လုံးကိုတေ့ကာ အေးစက်သည့် လေသံဖြင့် ခြိမ်းခြောက်၏။ “ဖြေဆေး ခုပေးစမ်း။ မပေးရင် ရှင့်ရဲ့မျက်လုံးကို ကျွန်မ ထိုးဖောက် ဖျက်ဆီးပစ်မယ်။”

ရှမ့်လန်က ကြောက်ရွံ့ခြင်းမရှိချေ။ မျက်လုံးများကို ပြူးကျယ်ကာဖြင့် ရယ်မောလိုက်သည်။ “နင်ဟန်... အခုတော့လည်း သေမှာ ကြောက်နေတာလား။ အင်း... ဒီလိုမှပေါ့။ အခုမှပဲ လက်တွေ့ကျသွားတော့တယ်။ အရင်တုန်းကတော့ နတ်သမီးလိုလို၊ဘာလိုလိုနဲ့ ဟိတ်ဟန်ထုတ်နေတာ။ ဒါ ခင်ဗျားရဲ့ ပုံပန်းသွင်ပြင် အစစ်အမှန်ပဲ။”

ရှမ့်လန်က သူ၏အသက်ကို နှမြောလွန်းသူ ဖြစ်သော်လည်း အဆုံးအဖြတ်ပေးရမည့် အချိန်တွေမျိုးတွင် သေမင်းကို လုံးဝမကြောက်သယောင်ပင် နေပြတတ်၏။

“အင်း... ကျုပ်ကို ညှဉ်းပန်းနှိပ်စက်တာမျိုး မလုပ်နဲ့နော်။ လက်သည်းခွံတွေ ခွာတာတို့၊ မျက်စိတွေကို ဆွဲနှုတ်တာတို့။ ဒီကိစ္စကို ကျုပ် အကြောက်ဆုံးပဲ။ ညှဉ်းပန်းနှိပ်စက်တာမျိုး လုံးဝ မလုပ်နဲ့။

နာကျင်သွားရတဲ့စာရင် သေရတာကမှ တော်အုံးမယ်။ ကျုပ်ခေါင်းကို ဖြတ်ချင်ဖြတ်ကြ။ ဒါပေမဲ့ ကျုပ်ရဲ့ ပြိုင်ဖက်ကင်း ချောမောတဲ့မျက်နှာကိုတော့ ဓားနဲ့ ခြစ်တောင် မခြစ်မိစေနဲ့။”

ရှမ့်လန်က မရပ်မနား တတွတ်တွတ် ပြောနေဆဲပင်။

နင်ဟန်က ထိုသူ၏လျှာကို ဖြတ်ပစ်ချင်စိတ် ပေါက်နေ၏။ သူမ၏ ဘဝတစ်သက်တာတွင် ဤမျှ မုန်းတီးရသည့် လူမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။။

“အင်း... ကျုပ်ရဲ့ အမွေးအမျှင် တစ်ပင်ပင်ကို ထိခိုက်အောင် လုပ်ရင်တော့ ခင်ဗျားတို့ သေဖို့သာ ပြင်ထားလိုက်တော့။ ဒါနဲ့ ခင်ဗျားရဲ့ဓားကို သတိထားအုံး။ ကျုပ်ရဲ့ မျက်တောင်ကို ထိတော့မယ်။ ကျုပ်ရဲ့ မျက်တောင်တွေက ရှည်ပြီး တစ်ပင်ချင်းစီ တိတိကျကျ ရေလို့ရအောင် လှတယ်။ ကျုပ် မိန်းမက ဒါကို သေချာ ရေထားတာ။”

မင်းသမီး ကျိရွှမ်က နင်ဟန်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ တားဆီးလိုက်၏။ ဤအချိန်တွင် ဒေါသ ထွက်နေခြင်းက အဓိပ္ပာယ် မရှိချေ။ ထို့အပြင် ရှမ့်လန်၏ မိသားစုဝင်များက မိစ္ဆာတြိဂံနယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ အနည်းဆုံး သူတို့၏ လက်ထဲတွင် မရှိတော့ချေ။ ထို့ကြောင့် ရှမ့်လန်က လုံးဝ ရူးသွပ်သွားသူ တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

“ကျုပ်ရဲ့ မျက်နှာကို ခြစ်ရင် ခင်ဗျားနဲ့ ကျုပ်ကတော့ အသေအကြေပဲ။ ကျုပ်ရဲ့ လက်သည်းကို ခွာရင် ကျုပ်က ခင်ဗျားနဲ့အတူ အသေခံလိုက်မယ်။”

ထိုကဲ့သို့သော စကားများက တခြားသူများပြောလျှင် ရယ်မောစရာ ဖြစ်သည် ဆိုသော်လည်း ရှမ့်လန်၏ နှုတ်မှ ထွက်ပေါ်လာလျှင်တော့ တကယ်ကို အမှန်တကယ် ပြုလုပ်မည့် အရဦမျိုးဖြစ်သည်။

ကျိရွှမ်က မေးမြန်းလိုက်၏။ “ကျွန်မတို့ဆီမှာ ရောဂါပိုး ကူးစက်နေပြီ ရှင်ပြောတယ်။ ဘယ်လိုမျိုး သက်သေပြမလဲ။”

“စောင့်ကြည့်လိုက်ပေါ့။ သေမင်း တံခါးလာခေါက်တဲ့အချိန်ကျရင် ခင်ဗျားတို့ သိရလိမ့်မယ်။”

ရှမ့်လန်က ရယ်မောလိုက်သည်။ “အဟွတ် ဟွတ် ဟွတ်။ ဟား ဟား ဟား ဟား။ ဟွတ် ဟွတ် ဟွတ်။”

ရှမ့်လန် ကိုယ်တိုင်ကလည်း စတင်၍ ချောင်းဆိုးလာ၏။

ကျိရွှမ်က ရှမ့်လန်၏ နဖူးကို စမ်းကြည့်လိုက်သည်။ ရှမ့်လန် ဖျားနေကြောင်းကို သိလိုက်ရ၏။ ခန္ဓာကိုယ်က အားနည်းလွန်းသောကြောင့် အသားက ပိုမိုကာ ဖြူဖျော့နေသည်။

ရှမ့်လန်က ရယ်မောလိုက်၏။ “မိန်းကလေးတို့... ခင်ဗျားတို့ သင်္ဘောပေါ်ကို လုံးဝ ပြန်မသွားနဲ့အုံးနော်။ မဟုတ်ရင် တခြားသူတွေပါ ကူးကုန်လိမ့်မယ်။”

“ဟိုသဘာဝလွန်အင်အားစုက ကလေးကချေတွေ ...... မင်းသမီးကျိရွှမ်နဲ့ မင်းသမီးနင်ဟန်တို့ ရောဂါ ကူးစက်နေပြီ။ အားလုံး .... သူတို့နဲ့ ဝေးဝေးမှာနေနော်။ အဟွတ် ဟွတ် ဟွတ်။ ကူးစက်ခံရရင်တော့ မလွဲမသွေ သေမှာပဲ။”

ဤစကား ထွက်ပေါ်လာသည်နှင့် အနီးဆုံးတွင် ရှိနေသည့် စစ်သင်္ဘောများက အလိုအလျောက် နောက်သို့ အသာပင် ဆုတ်ခွာသွားခဲ့ကြ၏။ မကြာသေးသောကာလအတွင်း နောင်တမြို့တော်နှင့် ပြန်လမ်းမဲ့ မြို့တော်တွင် လူများသေဆုံးသွားခဲ့ကြောင်း သူတို့ သိရှိထား၏။ ထို့ကြောင့် ဤရောဂါက အမှန်တကယ် သေမင်းကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်း၏။ သိုင်းပညာ မည်မျှမြင့်မားစေကာမူ ထိုအရာဆီမှ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ချေ။

ရှမ့်လန်က ကုလားထိုင်တစ်လုံးကို မှီထိုင်ပြီး သက်တောင့်သက်သာ လဲလျောင်း၏။ သူ၏ သင်္ဘောက ရွက်အားလုံး ချထားပြီး ဖြစ်၏။ ဤနေရာရှိ ပင်လယ်ရေစီးကြောင်းက ထန်လှသောကြောင့် သင်္ဘောက ပင်လယ်ရေပြင်ထက်တွင် ဝဲကာ လည်နေ၏။ ပင်လယ်ပြင်ပေါ်တွင် စွန့်ပစ်ထားသည့် ကျင်းမိသားစု၏ သင်္ဘောများကလည်း ရေပြင်ထက်၌ ဝဲလည်နေ၏။

“ရှင် တကယ်ပဲ ဘာလုပ်ချင်တာလဲ။” ကျိရွှမ်က အေးစက်စက်နှင့် မေးမြန်းလိုက်သည်။

ရှမ့်လန်က သူမ၏ တင်ပါးကို လှမ်းကိုင်ရန် ပြင်ဆင်လိုက်သော်လည်း သူမက ရှောင်လိုက်သောကြောင့် မမိချေ။ သူက ဒုတိယအကြိမ် ကြိုးစားရန် အားယူသော်လည်း တစ်ကိုယ်လုံးက အားနည်းပြီး ပျော့ခွေလျက် ရှိနေသေး၏။

“ဘာမှ မလုပ်ပါဘူး။”

ရှမ့်လန်က ပြောသည်။ “အခု ကျုပ် ဘာမှ မလုပ်ချင်ဘူး။ ခင်ဗျားတို့ကို သေခြင်းတရားရဲ့ အရသာကိုပဲ ပေးချင်တာ။ ကျုပ်တို့ လင်မယားသုံးယောက် အတူတူ ဒီနေရာကနေပြီး သေမင်းနိုင်ငံဆီကို သွားကြတာပေါ့။ အဟွတ် ဟွတ် ဟွတ်။”

နောက်ထပ် အချိန်အတော်ကြာသည်အထိ ထူးဆန်းသည့် အခြေအနေမျိုးတွင် တန့်နေ၏။ ရှမ့်လန်က မည်သည့်တောင်းဆိုချက်ကိုမှ မလုပ်ချေ။ သူ၏ရောဂါလက္ခဏာများက ပိုမိုကာ ပြင်းထန်လာပြီး ချောင်းဆိုးသံ ကလည်း ပိုမိုကာ စိပ်လာ၏။ ။ ကိုယ်အပူချိန်ကလည်း တရှိန်ထိုး မြင့်တက်လာ၏။

ဒုတိယနေ့သို့ ရောက်ချိန်မှာတော့ အတွင်းကလီစာများမှ သွေးယိုစီးမှု စတင်လာသည်။

နင်ဟန်နှင့် ကျိရွှမ်တို့ကလည်း အခြေအနေ မကောင်းချေ။ သူတို့ကလည်း စတင် ဖျားနာလာပြီး ပေါင်ခြံတွင် အကျိတ်များပင် စတင် ဖြစ်ပေါ်လာပြီး ပေါင်ခွကြားက ရောင်ကိုင်းလာ၏။ မည်မျှအောင့်ထားသည်ကာမူ ချောင်းဆိုးသံက ပိုမိုကာ စိတ်လာ၏။ ပုလိပ်ရောဂါ၏ လက္ခဏာများက တစ်စထက်တစ်စ ထင်ရှားလာ၏။

သင်္ဘောက ပင်လယ်ပြင်ထက်တွင် ဝဲလည်နေဆဲ ဖြစ်၏။ ပတ်ဝန်းကျင်ရှိ သဘာဝလွန် အင်အားစုမှ သင်္ဘောများက အနည်းဆုံး မီတာ တစ်ထောင် အကွာအဝေးခန့်သို့ နောက်ဆုတ်သွားကြ၏။ အကြောင်းက ဤသုံးယောက်တို့၏ လက္ခဏာများက ကြောက်မက်ဖွယ်ရာ ကောင်းနေသောကြောင့်ပင်။

“မိန်းကလေးတို့ ... ကျုပ် ခင်ဗျားတို့အတွက် ပုံတူပန်းချီ ဆွဲပေးမယ်။”

ရှမ့်လန်က ပန်းချီဆွဲသည့် ကတ်ပြားကို ထုတ်ယူလိုက်၏။ ပြီးနောက် လူနှစ်ဦးကို အမှန်တကယ် ပန်းချီဆွဲပေးနေ၏။ လက်များက တုန်ယင်နေပြီး ချောင်းဆိုးသံကလည်း ပြင်းထန်သော်လည်း သူက အလွန်အမင်း အာရုံစိုက်ကာ ဆွဲနေသည်။

“ဒါမှမဟုတ် ခင်ဗျားတို့ အဝတ်အစားတွေကို ချွတ်လိုက်ကြမလား။ ကျုပ်က မိန်းမတွေရဲ့ အဝတ်မဲ့ပုံတူကို ဆွဲတာ ပိုပြီး ကျွမ်းကျင်တယ်။ အင်း... ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။ သဘောမတူရင်လည်း မတူဘူးပေါ့။ လူသတ်တော့မယ့် မျက်နှာပေးကြီးနဲ့ ကြည့်မနေနဲ့။”

ရှမ့်လန်က ဆက်လက်ကာ ပန်းချီဆွဲ၏။ တစ်နာရီခန့် ကြာပြီးနောက် ပန်းချီကားက ပြီးသွား၏။

“ကြည့်ပါအုံး။ ဘယ်လိုလဲ။” သူက ပန်းချီကားကို လှည့်ပြသည်။

ကျိရွှမ်နှင့် နင်ဟန်တို့က ဝတ်ကျေတန်းကျေ လှမ်းကြည့်၏။ ပြီးနောက် အံ့အားသင့်သွား၏။ ရှမ့်လန်က အမှန်ပင် ပန်းချီပညာ၌ တော်လွန်းလှ၏။ ပုံများက အသက်ဝင်နေသလိုပင်။

“အဟွတ် ဟွတ် ဟွတ်”

ပြီးနောက် ရှမ့်လန်က ပြင်းထန်စွာနှင့် ချောင်းဆိုးလိုက်ရာ သွေးများက ပန်းချီကားပေါ်သို့ ပေစွန်းကုန်၏။

“အင်း... ဒုက္ခ ဒုက္ခ။”

ရှမ့်လန်က ဘာမှ မတတ်နိုင်သလို ရေရွတ်ရင်း လက်ဖြင့် သွေးများကို သုတ်၍ ပန်းချီကားရှိ အမျိုးသမီးနှစ်ဦးတို့၏ နှုတ်ခမ်းထက်သို့ သုတ်လိမ်းပေး၏။ ချက်ချင်းပဲ ပန်းချီကားထဲမှ အမျိုးသမီး နှစ်ဦးတို့က ပိုမို၍ ရင်သပ်ရှုမောဖွယ် လှပသွား၏။ ပန်းချီကားကို အသက်သွင်းလိုက်သကဲ့သို့ပင်။

“ဟော။ သွေးတွေက မကုန်သေးပါလား။”

ပြီးနောက် ရှမ့်လန်က စက္ကူဖြူပေါ်ရှိ သွေးများကို ယူပြီး ပန်းချီကားပေါ်ရှိ အမျိုးသမီး နှစ်ယောက်တို့၏ ခြေထောက် နှစ်ဖက်ကြားသို့ သုတ်လိမ်းလိုက်ပြန်၏။ ဤလူက တကယ်ပင် အဆုံးထိယုတ်မာလွန်းလှချေ၏။

…….

နောက်ထပ်တစ်ရက် ကုန်လွန်သွားခဲ့၏။ ရှမ့်လန်က ကုလားထိုင်ပေါ်တွင် မလှုပ်မယှက်နှင့် မှီလျက်ရှိ၏။ တစ်ကိုယ်လုံးက မီးကင်ထားသည့် ပုစွန်ကဲ့သို့ပင် နီရဲနေ၏။ သွေးယိုစီးမှုကလည်း ပိုမိုကာ ပြင်းထန်လာ၏။ အသက်က ဖယောင်းတိုင်မီး ကဲ့သို့ပင် အချိန်မရွေး ငြိမ်းသက်သွားနိုင်သည်။

သူတင်သာ မကသေးချေ။ ကျိရွှမ်နှင့် နင်ဟန်တို့ကပါ သေမင်း၏အငွေ့အသက်ကို ခံစားနေရ၏။ သူတို့က ဆေးဝါးများကို သုံးစွဲကြသလို အတွင်းအားများကို သုံး၍လည်း ကုသကြ၏။ သွေးဖောက်ထုတ်သည့် နည်းလမ်းများကိုပင် အကြိမ်ကြိမ် သုံးခဲ့၏။ သို့သော်ငြား အချည်းအနှီးပင်။ သူတို့၏ ရောဂါက ပိုမိုကာ ဆိုးရွားလာပြီး သွေးများ စတင် အန်လာ၏။

“ရှမ့်လန်... ရှင် တကယ် ဘာလိုချင်တာလဲ။ ဘာလိုချင်တာလဲ။ ဖြေဆေး ထုတ်ပေးစမ်း။ ဖြေဆေး ထုတ်ပေးစမ်း။”

ရှမ့်လန်က ခေါင်းကို ခါယမ်းလိုက်သည်။ “ဘာမှ မလိုချင်ဘူး။ ခင်ဗျားတို့နဲ့အတူ အသေခံချင်တာ။ ဟား ဟား ဟား ဟား... အဟွတ် အဟွတ်။”

ပြီးနောက် သူက သွေးခဲများကို ထပ်မံ အန်ထုတ်လိုက်ပြန်၏။

ကျိရွှမ်နှင့် နင်ဟန်တို့က သင်္ဘောပေါ်တွင် ဖြေဆေးကို အသည်းအသန် ရှာဖွေ၏။ သို့သော် တွေ့နိုင်ပါ မည်လား။ တွေ့ခဲ့လျှင်တောင် သူတို့က ထိုအရာ ဖြေဆေးဖြစ်မှန်း သိပါမည်လား။

ညမှောင်လာခဲ့၏။ ရှမ့်လန်က သတိမရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေ၏။ သေခါနီးဆဲဆဲ အခြေအနေသို့ပင် ရောက်ရှိနေပြီး စိတ်လွတ်ကာဖြင့် ပါးစပ်မှ ကယောင်ကတမ်းများကို ရေရွတ်နေ၏။

“မိန်းမ.... မိန်းမ မူလန်၊ ရှမ့်မီ... အဖေ တောင်းပန်ပါတယ်။ သမီးလေး ကြီးလာမယ့် အခိုက်အတန့်ကို မြင်ရဖို့ အဖေ လွဲချော်ခဲ့ရပြီ။ သားလေး ရှမ့်လီ.. အဖေ သားလေးကို မချစ်ပေးရသေးဘူး။ ရှမ့်ယီ... မင်းကတော့ အားအကြီးဆုံးပဲ။ ဒါကြောင့်လည်း မင်းကို ငါ အရမ်းကြီး မချီပိုးခဲ့တာပေါ့။ နောင်တစ်ချိန်မှာ မင်းက မင်းရဲ့ အစ်မနဲ့ ညီလေးကို စောင့်ရှောက်ရမယ်။”

ယခုအချိန်မှာတော့ နင်ဟန်နှင့် ကျိရွှမ်တို့က အဆတ်မပြတ် သွေးအန်နေ၏။ ရှမ့်လန်ကို အတင်း လှုပ်နှိုးကြသည်။ “ရှမ့်လန်... မသေနဲ့အုံး။ မသေနဲ့အုံး။ ဖြေဆေး ရှိ၊ မရှိ ပြောအုံး။ ဖြေဆေး ရှိလား။”

ရှမ့်လန်က မူးဝေနေရင်းမှ အားတင်းကာ ပြောလိုက်၏။ “ခင်ဗျားတို့ ကျုပ်ကို ပြုစုပေးမယ်ဆိုရင် ဖြေဆေး ရှိ၊ မရှိ ပြောပြမယ်။ အင်း... ထားလိုက်ပါတော့။ ကျုပ်လည်း မလုပ်နိုင်ပါဘူး။ ဒီနှစ်ရက်အတွင်း ခင်ဗျားတို့က ရေမချိုးရသေးဘူး ဆိုတော့ နံဟောင်နေမှာပဲ။ နတ်သမီးလေးတွေပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ၂ ရက် ၃ ရက်လောက် ရေမချိုးထားရင် ကျုပ် မဆက်ဆံနိုင်ဘူး။”

ပြီးနောက် ရှမ့်လန်က မေးသည်ကို မဖြေဘဲ ကယောင်ကတမ်း စကားများသာ ရွတ်လို့နေသည်။ ကျိရွှမ်နှင့် နင်ဟန်တို့ လုံးဝ နားမလည်နိုင်သော စကားလုံးများပင် ပါလာ၏။ တီဗွီက လွှင့်တဲ့ ဘုန်းမီးနေလ မဟာအာသောက ဇာတ်ကား ဇာတ်သိမ်းသွားပြီလား။ လုလုအောင်ကို ကြည့်ချင်လိုက်တာ .. ခြောက်လလောက် extria မန်ဘာ ဝင်နိုင်ရင် ကောင်းမယ်။ ကူးပြောင်းတာ။ ကူးပြောင်းတာ။ မင်းမေကြီးတော်ကို သွား ကူးပြောင်းလိုက်ပါလား။ မိန်းမနားခိုစားရတာ ပင်ပန်းလိုက်တာ။”

All Chapters