← Chapters

နောက်ဆုံးတော့ သူတို့ ဘုရင်ရောက်လာပြီ

Vol. 1 Ch. 491

နောက်ဆုံးတော့ သူတို့ ဘုရင်ရောက်လာပြီ

Vol. 1 Ch. 491

ဖုန်း.. ဖုန်း.. ဖုန်း..

ကောင်းကင်က နှင်းဝေနေချိန် ဖြစ်သော်ငြား ကောင်းကင်ကြယ်တာရာမြို့အပြင်ဘက်၌ တလက်လက် တောက်ပနေပေ၏။ နားဆူလောက်သည့် ပေါက်ကွဲသံများက ကွင်းပြင်အနှံ့ ပေါက်ကွဲသံ ထွက်သွားသည်။ တောင်တန်းများနှင့် ကွင်းပြင်ထဲရှိ တောရိုင်းတိရိစ္ဆာန်များသည် ထိတ်လန့်ပြီး ထွက်ပြေးကုန်တော့သည်။

တပ်သားတစ်သန်းထဲတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသွား တစ်သောင်းနီးပါး ပါရှိသည်။ သူတို့က စိတ်ဝိညာဉ်မျောလွင့် အမြင့်ဆုံးအဆင့်၌ မရှိကြသည့်တိုင် ထိုမျှများပြားသည့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သိုင်းပညာရှင်များ တိုက်ခိုက်သည့် အချိန်တွင် ဖြုံလောက်သေး၏။

ကောင်းကင်ကြယ်တာရာမြို့၏ အရံအတားကို ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ဦးက မိုးပြာနဂါးအင်ပါယာထဲတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ လင်းဂိုဏ်းသားများအတွက် နောက်ဆုံးချန်ထားရစ်ခဲ့သည့် ကာကွယ်မှုလည်း ဖြစ်ပေသည်။

ပြီးခဲ့သည့် အခေါက်က နတ်ဆိ်ုးဧကရီသည် မြို့ကို တိုက်ခိုက်စဉ်က လင်းရွှယ်သည် မြို့အရံအတားကို မဖွင့်ခဲ့ပေ။ ဖွင့်ခဲ့လျှင်တောင် နတ်ဆိုးဧကရီ၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ပြိုကွဲသွားမှာပဲ ဖြစ်သည်။

ယခုအခေါက်တွင် သူမက အရံအတားကို ဖွင့်ခဲ့၏။ သို့သော် ကျန်းရီနှင့် တပ်သားတစ်သန်းကို ပိတ်ဆို့နိုင်မည်ဟု သူမမထင်ထားခဲ့ပေ။ သူမက သိုင်းခန်းမအတွက် အချိန်အချို့ ဆွဲထားချင်ရုံသာ ဖြစ်သည်။

ဖုန်း ဖုန်း ဖုန်း..

ကျန်းရီသည် တစ်ခွန်းမှမပြောပေ။ ဆက်လက်တိုက်ခိုက်ရန် စစ်သားများကို အမိန့်ပေးလိုက်သည်။ သူ၌ ဧကရီနန်းတော်ရှိပြီး ထိုအရံအတား မည်မျှ အလုပ်လုပ်ကြောင်း နားလည်ပေသည်။ စွမ်းအင်ကုန်ဆုံးသွားသည့် အချိန်၌ ကုန်ဆုံးသွားမည် ဖြစ်သည်။ ထို့ကြောင့် အရံအတားသည် တစ်နာရီခန့် တိုက်ခိုက်ပြီးနောက် တောက်ပသည့် အလင်းဖြင့် ရှိနေသေးသော်ငြား ကျန်းရီက အလေးမထားချေ။

“ဘွားဘွား ဘွားဘွားနဲ့ယာ့ဇီသားရဲတို့က တစ်လှည့်စီ တိုက်ခိုက်ကြ၊ ကျန်းရမ်ထူ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်တွေကို အဖွဲ့ခွဲပြီး တိုက်ခိုက်ခိုင်း..”

ကျန်းရီသည် မြေပြင်ပေါ်သို့ သက်ဆင်းကာ လုစစ်သူကြီးကို စခန်းချခိုင်းပြီးနောက် အတွင်း၌ အနားယူနေသည်။ ယာ့ဇီသားရဲကမူ နာခံပြီး သူ့ခေါင်းထက်ရှိ တစ်ခုတည်းသောချိုက လင်းလာပြီးနောက် အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားကာ အရံအတားကို ထိမိတော့သည်။ ထိုုစဉ် ထိုအကာအရံက မျက်စိစူးလောက်အောင် တောက်ပလာ၏။ သို့သော် မပြိုကွဲသွားပေ။ ၎င်း၏ ခုခံမှုက အစွမ်းထက်ပေ၏။

ငွေပန်းပွင့် အဘွားအိုကလည်း ဖျတ်ခနဲ လှုပ်ရှားသွားပြီးနောက် ကျန်းရီကဲ့သို့ပင် တဲအတွင်း၌ အနားယူနေ၏။ သူမနှင့် ကျန်းရီ ပုန်းနေတာက ရန်သူများကို ပိုမိုစိုးရိမ်ပူပန်စေ၏။ ထိုလူနှစ်ယောက် ဘာလုပ်နေမှန်း သူတို့မသိပေ။ သူတို့ တစ်ခုခု ကြံစည်နေမှာကို စိုးရိမ်နေကြသည်။ ထိုနည်းဖြင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပညာရှင်တစ်သောင်းနီးပါးကို နှစ်စု ခွဲလိုက်၏။ ယာ့ဇီသားရဲနှင့် ငွေပန်းပွင့်အဘွားအိုတို့က တစ်လှည့်စီ တိုက်ခိုက်ကြသည်။ တိုက်ခိုက်တစ်ထောင်ခန့်က ကောင်းကင်ကြယ်တာရာမြို့ရှိ အရံအတားကို အမြဲတမ်း ကျရောက်နေ၏။ အရံအတားသည် ယခုအချိန်တွင် အဆင်ပြေနေပုံပေါ်နေသော်လည်း စွမ်းအင်က သေချာပေါက် ခန်းခြောက်နေပေ၏။ လဝက်အတွင်း ပြိုကွဲသွားလောက်ပေသည်။

ကျန်းရီက အခန်းအတွင်း ဝင်ရောက်ပြီးနောက် အလွန်စိတ်အေးလက်အေး ရှိနေသည်။ တစ်ခါမှ ပေါ်မလာခဲ့ပေ။ သူက စစ်သားများကို ချက်ပြုတ်ရန်အတွက် မီးမွှေးခိုင်းလိုက်ပြီး စစ်သားများက ကောင်းကောင်းအိပ် ကောင်းကောင်းစား အနားယူနေကြ၏။ ကံကောင်းသည်မှာ ချန်ကွေ့က ရိက္ခာဖြည့်တင်းရန်အတွက် တာဝန်ယူထားသည်။ မဟုတ်လျှင် တပ်သားတစ်သန်းက တိုက်ပွဲမဝင်ခင် အဆာလွန်မှုကြောင့် သေဆုံးသွားနိုင်ပေ၏။

တစ်ဖက်တွင်မူ စိတ်ဓာတ်ခွန်အားက နိမ့်လာပြီ ဖြစ်သည်။ မြို့ထဲရှိ စစ်သားများသည် စားသောက်ရန် ကောင်းကောင်းအိပ်စက်ရန် ခက်ခဲနေ၏။

တစ်စုံတစ်ယောက်က သူတို့၏ ဦးခေါင်းထက်၌ တောက်ပသည့် အရံအတားတစ်ခု ပေါ်လာလျှင် အချိန်မရွေး ပြိုကွဲသွားနိုင်ကာ ရန်သူက အချိန်မရွေး ဝင်ရောက်လာနိုင်ရာ လူသည် မည်ကဲ့သို့ ကောင်းကောင်းမွန်မွန် အိပ်နိုင် စားနိုင်မည်နည်း။

သိုင်းခန်းမမှ တပ်ကူကိုလည်း မည်သည့်နေရာတွင်မှ ရှာမတွေ့ ဖြစ်နေလေရာ မြို့ကို စောင့်ကြပ်နေကြသည့် လင်းရွှယ်၊ ရှောင်လုံဝမ်နှင့် ရှားတိတို့ကို စိတ်ဓာတ်ကျလာစေတော့သည်။ သူတို့၏ မှိန်ဖျော့သွားသည့် ရင်ထဲ အေးစက်ပြီးရင် အေးစက်လာတော့သည်။

တစ်ရက်၊ ငါးရက်.. ဆယ်ရက်.

အရံအတားသည် တစ်ဝက်ခန့် ဖောက်ထွင်း မြင်နေရပြီ ဖြစ်သည်။ ရှောင်လုံဝမ်၊ ရှားတိနှင့် လင်းရွှယ်တို့က မြို့ရိုးပေါ်တွင် ရှိနေကြ၏။ အရံအတား ပြိုကွဲသည်နှင့် ဆုံးဖြတ်ချက် တိုက်ပွဲက စတင်တော့မှာ ဖြစ်သည်။ ရလဒ်က မည်သို့ပင် ဖြစ်စေကာမူ လူတိုင်းက အကောင်းဆုံး ကြိုးစားရပေလိမ့်မည်။

ဝေါင်း..

ယာ့ဇီသားရဲသည် နောက်ဆုံး တိုက်ခိုက်လိုက်တော့၏။ ကောင်းကင်ကြယ်တာရာမြို့ တစ်ဝိုက်ရှိ အရံအတားက နောက်ဆုံး၌ စွမ်းအင်ကုန်ခမ်းပြီး တစ်စစီ ဖြစ်သွားတော့သည်။ ကျန်းရမ်ထူက အစောထဲက အသင့်ပြင်ထားပြီဖြစ်၏။ သူက အော်ဟစ်ပြောလိုက်တော့၏။

“သတ်ကြ..”

“ယာ့ဇီသားရဲ သိပ်မမောက်မာနဲ့ မင်း သတ္တိရှိရင် ဒီကိုလာပြီး ငါနဲ့တိုက်ခိုက်လေ..”

ရှောင်လုံဝမ်က အော်ဟစ်ပြီးနောက် ကောင်းကင်ထဲသို့ နဂါးတစ်ကောင်သဖွယ် ပျံတက်သွား၏။ သူသည် ယာ့ဇီသားရဲကို ရန်စပြီး ကြည့်လိုက်တော့သည်။ ရှောင်လုံဝမ် ပါးနပ်သည်ဟု ဆိုရပေမည်။ သူက ယာ့ဇီသားရဲကို စိန်ခေါ်ပြီး ယာ့ဇီသားရဲ သဘောတူထားလျှင် ကျန်းရီက သူ့ဆီ ယာယီရောက်လာအုံးမှာ မဟုတ်ပေ။

ဝေါင်း ဝေါင်း..

ယာ့ဇီသားရဲသည် ထိုစဉ်က ရှောင်လုံဝမ် သတ်ဖြတ်တာ ခံရလုနီးပါး ဖြစ်ခဲ့၏။ ကျန်းရီ၏ ကျောထောက်နောက်ခံ ပြုမှုဖြင့် ဘာကိုမှ ကြောက်စရာ မရှိတော့ပေ။ ၎င်းက နှစ်ချက်ခန့် ဟိန်းဟောက်ပြီးနောက် ကောင်းကင်ဆီသို့ တက်သွားလိုက်တော့၏။

“ဟား ဟား..”

ရှားတိက အရူးမဟုတ်ပေ။ သူ့လက်ထဲရှိ ရွှေရောင်လှံကို ညွှန်ပြပြီးနောက် ငွေပန်းပွင့်အဘွားအိုကို ကြည့်ပြီး အေးတိအေးစက် အော်လိုက်သည်။

“အရူးမ မင်းတက်လာပြီး ငါနဲ့ တိုက်ခိုက်ရဲလား ဘယ်သူက တကယ့်ယောက်ျားလဲ ဆိုတာ ကြည့်ကြတာပေါ့”

တကယ်တော့ ရှားတိ၏ စကားသည် အဓိပ္ပာယ်မရှိပေ။ ကန်းနေသည့် လူတစ်ဦးတောင် သူတို့နှစ်ယောက်ထဲတွင် မည်သူက အမျိုးသား မည်သူက အမျိုးသမီးမှန်း သိနိုင်ပေ၏။ သို့သော် ငွေပန်းပွင့်အဘွားအိုက ထိုအချက်များကို ဂရုမစိုက်ခဲ့ပေ။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ရှားတိ ဒီနေ့က နင့်ရဲ့သေနေ့ပဲ”

ဝှစ်..

ရှားတိနှင့် ငွေပန်းပွင့် အဘွားအိုတို့က မြေပြင်အထက် (၃၃) ကီလိုမီတာအထိ ပျံတက်သွားသည်။ တိုက်ပွဲစတင်သည်နှင့် ကျန်းရမ်ထူက ၎င်း၏ လက်ကြီးကို ဝှေ့ယမ်းလိုက်ကာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်များ တစ်သောင်းနီးပါးကို ဦးဆောင်ပြီး မြို့ဆီသို့ တစ်ဟုန်ထိုး ချီတက်သွားသည်။ သူတို့နောက်မှ လိုက်ပါလာသည့် တပ်သားများသည် ကျိုင်းကောင်အုပ်တဖွယ် ဖြစ်နေ၏။ မကြာမီ၌ ကောင်းကင်ကြယ်တာရာမြို့အပြင်ဘက်က ရှင်းလင်းသွားတော့သည်။

“သတ်ကြ..”

လင်းရွှယ်၏ အကြည့်များက အေးစက်သွားပြီး သူမ၏ သွယ်ပျောင်းသောလက်ကို အသာယမ်းလိုက်သည်။ မြို့ရိုးပေါ်ရှိ စစ်သားများကလည်း ရှေ့တက်လာကြ၏။ သတ္တုချင်းထိခတ်သည့်အသံက ပေါ်ထွက်လာသည်။ ကောင်းကင်ကြယ်တာရာမြို့အပြင်ဘက်ရှိ ကွင်းပြင်က သားသတ်ရုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

စစ်ပွဲကြီး စတင်ပြီ ဖြစ်သော်ငြား ကျန်းရီက စခန်းထဲတွင်သာ နေနေသည်။ ယင်းက အမှန်တကယ် ထူးဆန်းပေ၏။

ထန်း ထန်း ထန်း..

ဟာ့..

အား..

ဘန်း ဘန်း ဘန်း

လက်နက်များ ထိမိသည့်အသံ၊ သိုင်းပညာရှင်များ၏ အော်ဟစ်သံ၊ ကြိမ်းမောင်းသံ ပေါက်ကွဲသံတို့က တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။ တစ်နာရီအတွင်း မြို့ရိုးအောက်၌ လူထောင်ချီ သေဆုံးခဲ့ပြီ ဖြစ်သည်။ ယာ့ဇီသားရဲက ရှောင်လုံဝမ်နှင့် တိုက်ခိုက်နေပြီး ငွေပန်းပွင့်အဘွားအိုနှင့် ရှားတိက လက်ရည်ညီသည်။ တိုက်ပွဲက အတော်လေး ရှုပ်ထွေးနေပုံရ၏။

ကျန်းရီသည် တစ်ခါမှ မပေါ်မလာခဲ့ပေ။ ကျန်းရမ်ထူ၊ လုစစ်သူကြီးနှင့် ကျန့်ယိမင် တို့က သူ ဘာတွေးနေမှန်း မသိသော်ငြား မမေးရဲကြပေ။

စိတ်ဓာတ်ခွန်အားက တစ်ဖက်တွင် မြင့်တက်နေပြီး တစ်ဖက်တွင်မူ နိမ့်ဆင်းနေ၏။ သို့သော် ကျန်းရီ၏ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အရေအတွက်က တစ်ဖက်ရန်သူထက် အရေအတွက် များပြားလွန်းနေရာ နှစ်ဖက်က အနိုင်ရခြင်း မရှိပေ။ နှစ်ဖက်လုံးသည် ဆိုးဆိုးဝါးဝါး ထိခိုက်နေ၏။ ထိုနည်းတူ ကောင်းကင်ထဲရှိ ရှောင်လုံဝမ်နှင့် ရှားတိတို့ကလည်း ကျန်းရီကြောင့် ခွန်အား အကုန်မသုံးရဲကြချေ။ ထို့ကြောင့် ကောင်းကင်ထဲရှိ တိုက်ပွဲက အင်မတန်စိန်ခေါ်မှုဟု ဆိုရအောင် နီးကပ်လွန်းနေရုံသာ ရှိ၏။

တိုက်ပွဲသည် မနက်၊ နေ့လည်၊ ညသန်းခေါင်ယံအထိ ဆက်တိုက် ဖြစ်ပွားသည်။ ကျန်းရီ၏ နောက်ဆုတ်ရန် အမိန့်မရှိဘဲ ကျန်းရမ်ထူနှင့် အဖွဲ့က အံကြိတ်ကာ ဆက်လက် တိုက်ပွဲဝင်နေကြ၏။

ညတာက ဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။ ကောင်းကင်ကြယ်တာရာမြို့က မြောက်ဘက်ခြမ်းတွင် ရှိပြီး နွေဦးက ယခုအချိန်တွင် ရောက်မလာသေးပေ။ ထို့ကြောင့် ညတာက အေးစက်လွန်းနေသော်ငြား နှစ်ဖက်လုံးတွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေ၏။ မည်သူမှ အေးစက်မှုကို မခံစားရ၊ ထိုအစား သွေးများ ဆူပွက်နေသလို ခံစားရသည်။

ရှီး ရှီး ရှီး..

တပ်သားများ၏ နောက်ဘက်ရှိ စခန်းထဲတွင် လူတစ်ယောက်က နောက်ဆုံးတော့ ပေါ်လာပေ၏။ တစ်နေ့တာလုံးတွင် ကျန်းရီက သူ၏ ကောင်းကင်စိတ်အာရုံကို အသုံးချပြီး ကောင်းကင်ကြယ်တာရာမြို့ တစ်မြို့လုံးရှိ အခြေအနေကို စောင့်ကြည့်နေပေ၏။ ယခုအချိန်တွင် သူက မည်သည့်ထောင်ချောက်မှ မရှိဟု အတည်ပြုပြီးသည့် အချိန်၌ ထွက်ပေါ်လာတော့သည်။

သူသည် အဆုံးအဖြတ်တိုက်ပွဲအတွက် ကောင်းကင်ကြယ်တာရာမြို့ကို စိတ်လိုက်မာန်ပါ လာခဲ့သော်ငြား တုံးအသူ မဟုတ်ပေ။ အခြေအနေကို မစစ်ဆေးရသေးခင် သူကိုယ်တိုင် အဆင်အခြင်မဲ့ ပေါ်လာမှာ မဟုတ်ပေ။ ထို့အပြင် ရှောင်လုံဝမ်နှင့် ရှားတိတို့က ယာ့ဇီသားရဲနှင့် ငွေပန်းပွင့် အဘွားအိုကို သူပေါ်မလာလျှင် သတ်ဖြတ်ရဲမှာ မဟုတ်မှန်း သိနေ၏။ သူ၏ အသက်ကို စွန့်စားတာ ရှားပါးလွန်းသည်။ သူ သေဆုံးသည်နှင့် စစ်သားတစ်သန်း သေဆုံးမှာပဲ ဖြစ်သည်။

ရှီး ရှီး ရှီး..

သူသည် ရှည်လျား ကျဉ်းမြောင်းသည့် မီးနဂါးဓားကို ကိုင်ဆောင်ထားရာ မီးနဂါးဓားက အနီရောင်အလင်းဖြင့် တောက်ပနေ၏။ နဂါးနှစ်ကောင်က ဓားပေါ်၌ တိတ်ဆိတ်စွာ ရစ်ပတ်နေသည်။ သူ၏ ဖြူဖျော့သော အသားအရေက တစ်ခါတစ်ရံ ကြည်လင်ပြီး တစ်ခါတစ်ရံတွင် အနီရောင်မီးအောက်၌ မှုန်မှိုင်းသွားတော့သည်။ သွေးနီရောင်ဆံနွယ်တို့ကလည်း လေမရှိလျှင်တောင် လေတိုက်ခတ်သကဲ့သို့ ဖြစ်နေသည်။

သူသည် တပ်သားများ၏ နောက်ဘက်မှ ထွက်လာတော့သည်။ နယ်စပ်တွင် ကင်းလှည့်နေသည့်ပုံဖြင့် သူက မနှေးမမြန် လျှောက်လာသည်။ မည်သည့် အရှိန်အဝါကိုမျှ မထုတ်ဖော်ဘဲ ရှေ့တန်းသို့ အေးအေးလူလူ လျှောက်လာပေ၏။ စစ်သားများသည် သူ့အတွက် လမ်းကြောင်းတစ်ခု အလိုလို ဖယ်ပေးမိကြသည်။ ဘေးနှစ်ဖက်ရှိ စစ်သားများက သူ့ကို ကြည့်နေစဉ် မျက်လုံးများသည် ကြယ်ကဲ့သို့ တောက်ပနေ၏။

ရှီး ရှီး..

မြို့ရိုးပေါ်တွင် လင်းရွှယ်၊ စစ်သူကြီးလုံနှင့် အဖွဲ့က ပင့်သက်ရှိုက်မိလိုက်ကြသည်။ စစ်သားများစွာက တပ်သားများ အသီးသီး လူစုကွဲသွားပြီး အနီရောင်ဆံပင် လူငယ်တစ်ဦး တိတ်တဆိတ် ထွက်လာတာကို မြင်လိုက်ရသည်။ သူတို့အားလုံးက ထိုလူငယ်သည် လူတစ်ယောက်မဟုတ် ယှဉ်ပြိုင်နိုင်စွမ်း မရှိသော မိစ္ဆာတစ်ကောင်သဖွယ် သူ့ကို ကြောက်လန့်တကြား ကြည့်နေကြ၏။

“သတ်ကြ..”

တိုက်ပွဲထဲတွင် တိုက်ခိုက်နေသည့် စစ်သားများစွာသည် တစ်နေကုန် ရေရှည်တိုက်ခိုက်ရမှုကြောင့် မောပန်းနွမ်းနယ်နေပြီ ဖြစ်ကာ အများစုက ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နေပြီ ဖြစ်သည်။ သို့သော် ထိုစဉ် အော်သံတစ်ချက်က ပေါ်ထွက်လာ၏။ သူတို့သည် တောင်တစ်တောင်ထဲမှ ထွက်ပေါ်လာသည့် ရက်စက်ကြမ်းကြုတ်သော ကျားများကဲ့သို့ ဖြစ်နေ၏။ တိုက်ခိုက်လိုစိတ်ကို ဟန့်တား၍ မရနိုင်၊ ဟိန်းသံများက ကောင်းကင်ကို လှုပ်ခါသွားစေသည်။

သူတို့၏ဘုရင် နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

***

All Chapters