အခန်း (၂၃၁)
Vol. 24 Ch. 231
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၃၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
သူတို့သည် သိုင်းပညာ ၊ စာပေပညာ ၊ သို့မဟုတ် ဗေဒင်ယတြာနှင့် စွမ်းအင်လေ့လာမှု နယ်ပယ်များတွင် မိုင်ပေါင်းထောင်ချီအတွင်း အထူးချွန်ဆုံး လက်ရွေးစင် ဉာဏ်ကြီးရှင်များ ဖြစ်ကြသည်။ သူတို့သည် မေးခွန်းသုံးခုကို လှပဝေဆာသော စကားလုံးများဖြင့် ဖြေဆိုခဲ့ကြပြီး ပြီးပြည့်စုံသော အောင်မြင်မှုနှင့် နက်ရှိုင်းသော ထိုးထွင်းသိမြင်မှု ရှိသည်ဟု ခံစားခဲ့ကြသည်။ သို့ပါလျက်နှင့် အဘယ်ကြောင့် သူတို့ ဖယ်ရှားခံလိုက်ရသနည်း။
ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သည်။ “ဒီနှစ်ယောက် ကျန်ခဲ့တာက သူတို့ အရမ်းထူးချွန်နေလို့ မဟုတ်ဘူး။ စိတ်စွမ်းအင်အပိုင်းမှာ မင်းတို့အားလုံးက အမှိုက်တွေ ဖြစ်နေလို့ပဲ။ ဒါကြောင့် ဒီပြိုင်ပွဲက ဘယ်သူ ပိုထူးချွန်လဲဆိုတာ ယှဉ်ပြိုင်တာ မဟုတ်ဘဲ ဘယ်သူက အဆိုးရွားဆုံး မဟုတ်ဘူးလဲ ဆိုတာကို ရွေးချယ်တာပဲ ဖြစ်တယ်”
အဘယ်ကြောင့် မျက်နှာရှေ့တည့်တည့်တွင် မင်းတို့အားလုံးက အမှိုက်တွေပဲဟု ပြောပြီး ပါးရိုက်နေရသည်း။ ဆရာကြီးတွေအကုန်လုံး ဤမျှပွင့်လင်းသည်လော။
ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သည်။ “ပြီးတော့ ဒီနှစ်ယောက်က နှိုင်းယှဉ်ချက်အရ သိပ်ပြီး မဆိုးရွားလှဘူး။ ဒီမိန်းကလေးရဲ့ စိတ်နေသဘောထားက ဖြူစင်တယ်။ ဒီတဏှာနဲ့ လူငယ်လေးကတော့ တော်တော်လေး ကောက်ကျစ်စဉ်းလဲပေမယ့် ရိုးရှင်းတဲ့ အခြေအနေကို ပြန်ရောက်သွားတယ်။ သူက အတွေးလွန်နေတဲ့အတွက် အဖြေနည်းပါးသွားပြီး သူ့ရဲ့ နှလုံးသား နက်ရှိုင်းတဲ့ နေရာကနေ နှိမ့်ချမှုကို ပြသနိုင်ခဲ့တယ်”
‘ဆရာသခင်ကြီး။ ခင်ဗျား အဲဒီလောက် ဒဲ့တိုးဆန်ရင်တော့ အရိုက်ခံရပြီး သေလိမ့်မယ်’
ကျန်ရစ်သော လူတစ်ဆယ့်တစ်ယောက်၏ မျက်နှာထားများ အေးစက်သွားကြသည်။ ထိုအထဲမှ တစ်ယောက်က ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။
“အခြေအနေက ဒီလိုဖြစ်လာမှတော့ ဆရာသခင်ကြီး ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်တော့ဘူး။ နောက်ဆုံးတော့ အင်အားနဲ့ပဲ ဖြေရှင်းရမှာပဲ”
ထိုလူသည် အရပ်ရှည်ပြီး နက်ရှိုင်းသော မျက်လုံးများ ရှိကာ သိုင်းပညာ အလွန်ထူးချွန်သူ ဖြစ်သည်။
“ငါတို့ ၁၁ ယောက် ပူးပေါင်းပြီး ဒီစုံတွဲကို သတ်မယ်။ ပြီးမှ ဆရာသခင်ကြီးချွမ်ရှယ်ရဲ့ အမွေအနှစ်ကို လက်ခံဖို့ တစ်ယောက် ရွေးကြမယ်” ခေါင်းဆောင်ဖြစ်သူက ပြောလိုက်သည်။
ဤအချိန်တွင် ထိုလူများသည် ဆရာသခင်ကြီးချွမ်ရှယ်ကို မျက်လုံးထဲပင် မထည့်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဆရာသခင်ကြီးသည် ခုခံကာကွယ်နိုင်စွမ်း လုံးဝ မရှိကြောင်း လူတိုင်း သိထားကြသောကြောင့် ဖြစ်သည်။
ထို့အပြင် သူ၏ စိတ်စွမ်းအင်ကို တစ်စုံတစ်ယောက်ထံ မဖြစ်မနေ လွှဲပြောင်းပေးရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူ နိဗ္ဗာန်စံဝင်သွားပြီးနောက် ဤကမ္ဘာလောကမှ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်ပြီး မည်သည့် ခြေရာလက်ရာမှ ကျန်ရစ်မည် မဟုတ်ပေ။
ထို့ကြောင့် ထို ၁၁ ယောက်သည် တုပိုင်နှင့် ယွီကျိန်းကို အရင်သတ်မည်။ ထို့နောက် အချင်းချင်း ပြန်သတ်ကြမည် ဖြစ်ပြီး နောက်ဆုံး အနိုင်ရသူက ဆရာသခင်ကြီးချွမ်ရှယ်၏ စိတ်စွမ်းအင် အမွေအနှစ်ကို ရရှိမည် ဖြစ်သည်။
လူတိုင်း ဂရုစိုက်ကြသည်မှာ စိတ်စွမ်းအင် တိုးတက်လာရေးသာ ဖြစ်သည်။ ဆရာသခင်ကြီးချွမ်ရှယ်၏ မှတ်ဉာဏ်များနှင့် စိတ်အတွေးအခေါ်များ အတွက်ကိုမူ မည်သူ ဂရုစိုက်မည်နည်း။ တုပိုင်ပင်လျှင် သိပ်ဂရုမစိုက်လှပေ။
လူတစ်ဆယ့်တစ်ယောက်စလုံး ဓားများကို ဆွဲထုတ်လိုက်ကြပြီး တုပိုင်ကို သတ်ဖြတ်ရန် တည့်တည့် ဝင်ရောက်လာကြသည်။ မင်းသမီးယွီကျိန်းသည် ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ပြီး တုပိုင်၏ နောက်ကျောဘက်သို့ လျင်မြန်စွာ ကပ်လိုက်ကာ ကျောချင်းကပ်လျက် ထို ၁၁ ယောက်ကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ ဤသည်မှာ သေရေးရှင်ရေး တိုက်ပွဲဖြစ်သော်လည်း တုပိုင်သည် မင်းသမီးယွီကျိန်း၏ တင်ပါးများကို စိုက်ကြည့်နေမိသည်။
“တုပိုင်။ ရှင် နှာဘူးထတာမျိုး ထပ်လုပ်ရင် နောက်မှ ရှင့်ကို သတ်ပစ်မယ်လို့ ကျွန်မကျိန်းသေပေါက်ပြောရဲတယ်” မင်းသမီးယွီကျိန်းက ဒေါသတကြီး ပြောလိုက်သည်။
တုပိုင်သည်တော့ ထူးဆန်းသော အပြုံးတစ်ပွင့်အား ထုတ်ဖော်လိုက်၏။ သူသည် ယွီကျိန်း၏ အံ့မခန်း ဆွဲဆောင်မှုရှိသော ကျောပြင်နှင့် တင်ပါးများမှ အနည်းငယ် ခွာလိုက်ပြီး ဓားကို ဆွဲထုတ်ကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူသည် ဓားသိုင်း တစ်ကွက်မှ မတတ်ပေ။
“သတ်ကြ” ထို ၁၁ ယောက်သည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ကြပြီး ဓားများကို ဝှေ့ယမ်းကာ တုပိုင်နှင့် ယွီကျိန်းဆီသို့ ခုတ်ပိုင်းလာကြသည်။
သို့သော်။
“ဟူး” ဆရာသခင်ကြီးချွမ်ရှယ် တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။ ချက်ချင်းပင် ထိုလူ ၁၁ ယောက်စလုံး လွင့်ထွက်သွားကြသည်။ နောက်ဆက်တွဲ ဖြစ်ပျက်လာသည့် အရာများက တုပိုင်ကို တုန်လှုပ်သွားစေသည်။
“ရင်နာစရာ ကောင်းလိုက်တာ” ဆရာသခင်ကြီးချွမ်ရှယ်သည် ရင်ဘတ်ကို ဖွဖွလေး ဖိထားသည်။ ထို့နောက် ထိုလူငယ် ၁၁ ယောက်စလုံးသည် ဓားများဖြင့် သူတို့ကိုယ် သူတို့ သတ်သေလိုက်ကြသည်။
“အားးး အားးး အားးး”
“ငါ မသေချင်ဘူး။ ငါ မသေချင်ဘူး”
“ဆရာသခင်ကြီး။ အသက်ချမ်းသာပေးပါ ဘုရား။ ဆရာသခင်ကြီး။ အသက်ချမ်းသာပေးပါ”
သူတို့၏ ခန္ဓာကိုယ်များသည် ထိန်းချုပ်၍ မရတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်ကြသည်။
သွေးများ နေရာအနှံ့ ပန်းထွက်သွားသည်။
လူ ၁၁ ယောက်စလုံး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြသည်။ တုပိုင်နှင့် မင်းသမီးယွီကျိန်းတို့ လုံးဝ မှင်သက်သွားကြသည်။ ဤဆရာသခင်ကြီးချွမ်ရှယ်သည် အမြဲတမ်းလိုလို ဟာသဉာဏ်ရွှင်ပြီး နူးညံ့သိမ်မွေ့ကာ ဉာဏ်ပညာ ကြီးမားပုံ ရသည်။
ဆယ်စုနှစ်များစွာ တိုင်အောင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကိုပင် မနင်းရက်လောက်အောင် ကရုဏာတရား ကြီးမားခဲ့သည်။ သူသည် ကြည်ညိုဖွယ်ကောင်းသည့် ကရုဏာရှင် ရဟန်းတစ်ပါး ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူသည် မျက်တောင်တစ်ချက် မခတ် ၊ လက်ချောင်းတစ်ချောင်း မလှုပ်ဘဲ လူ ၁၁ ယောက်ကို တိုက်ရိုက် သတ်ဖြတ်လိုက်သည်။
ဆရာသခင်ကြီးချွမ်ရှယ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ “လူတစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်ကိုတောင် မနင်းရက်လောက်အောင် အံ့မခန်း ကရုဏာကြီးပြီး ကြင်နာတတ်တဲ့ပုံ ပေါက်နေရင် ဘာကြောင့်လဲဆိုတာ မင်းတို့ သိလား”
တုပိုင် ပြောလိုက်သည်။ “ဘာဖြစ်လို့လဲဆိုတော့ သူ့မျက်လုံးထဲမှာ သတ္တဝါအားလုံးက တန်းတူမို့လို့ပါ။ လူနဲ့ ပုရွက်ဆိတ်ကြားမှာ ကွာခြားချက် မရှိဘူး။ ပုရွက်ဆိတ်တစ်ကောင်ကို မနင်းရက်ဘူး ဆိုတာက သူ လူသတ်တဲ့အခါမှာလည်း ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်တာနဲ့ မခြားဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ”
“မှန်တယ်” ဆရာသခင်ကြီးချွမ်ရှယ်က ပြောလိုက်သည်။ “အဆုံးစွန်သော မေတ္တာတရား ဆိုတာ အဆုံးစွန်သော ရက်စက်မှုပဲ။ မင်းရဲ့စိတ်က ညစ်ညမ်းပေမဲ့ ဉာဏ်ပညာကြီးမားပါပေတယ်”
ထို့နောက် ဆရာသခင်ကြီးသည် တုပိုင်နှင့် မင်းသမီးယွီကျိန်းကို ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ငါ့ရဲ့ စိတ်စွမ်းအင် အမွေအနှစ်ကို ရနိုင်မယ်။ မင်းတို့ ဘယ်လို လုပ်ကြမလဲ”
**--**--**--**--**--**--**--**
မြောက်လေတိုက် ခံတပ်ဂိတ်။
လီရူဟိုင်၏ ဆုလာဘ်ကြီးကြီးပေးမည့် မက်လုံးကြောင့် အင်အား ငါးသောင်းရှိသော တပ်မတော်ကြီးသည် မြို့တံခါးဝကို ရူးသွပ်လုနီးပါး တိုက်ခိုက်နေကြသည်။ ချူဟုန်ယဲ့ ဦးဆောင်သော ဝံပုလွေတပ်ဖွဲ့သည် အံ့မခန်း ရဲရင့်ကြသော်လည်း အရေအတွက် နည်းပါးလွန်းပြီး အားလုံးမှာ အိုမင်းမစွမ်း ဖြစ်နေကြပြီ ဖြစ်သည်။ အိုမင်းနေပြီး ငယ်စဥ်တုန်းကလောက် မစွမ်းဆောင်နိုင်ကြတော့ချေ။
ထို့ကြောင့် တစ်နာရီ အတွင်းမှာပင် သူတို့သည် အရေးနိမ့်သော အနေအထားသို့ ရောက်ရှိသွားပြီး အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ရှေးဟောင်းမြို့တံခါးဝသည် မုန်တိုင်းထဲမှ အိမ်ငယ်လေးတစ်လုံးပမာ လီရူဟိုင်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် တုန်ခါနေပြီး အချိန်မရွေး ပြိုကျသွားနိုင်သည့် အခြေအနေ ဖြစ်နေသည်။
သို့သော် အန်လုံစော်ဘွားစီရင်စု၏ ဝံပုလွေတပ်ဖွဲ့သည် တကယ့်ကို ဇွဲကောင်းလွန်းလှသည်။ သူတို့၏ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရရှိထားပြီး သွေးများဖြင့် ရွှဲနစ်နေလျှင်ပင် ၊ အချိန်မရွေး လဲကျသွားနိုင်သည့် ပုံစံ ပေါက်နေလျှင်ပင် သူတို့သည် ခေါင်းမာစွာဖြင့် ဆက်လက် တောင့်ခံထားကြသည်။ နောက်ထပ် တစ်စက္ကန့်လောက်ဆိုလျှင် သူတို့ လုံးဝ ပြိုလဲသွားတော့မည်ဟု အမြဲ ခံစားနေရသော်လည်း နာရီဝက် ကုန်ဆုံးသွားသည့်တိုင် သူတို့သည် ပြင်းထန်စွာ တောင့်ခံထားဆဲ ၊ တိုက်ခိုက်နေဆဲ ဖြစ်သည်။
ဤသည်မှာ ဖြိုခွင်း၍ မရနိုင်သော စစ်တပ်ဖြစ်သည်။ ဒဏ်ရာများကြောင့် ၊ အိုမင်းမှုများကြောင့် တစ်ဦးချင်းစီ၏ သိုင်းပညာနှင့် ခွန်အားများ ကျဆင်းကောင်း ကျဆင်းသွားနိုင်သည်။ သို့သော် သူတို့တွင် သူရဲကောင်းတစ်ယောက်၏ ပြင်းထန်သော စိတ်ဓာတ်ခွန်အား ရှိသည်။
ထိုစိတ်ဓာတ်ခွန်အားက သူတို့ကို သေဆုံးသည်အထိ တိုက်ပွဲဝင်နိုင်ရန် ထောက်မပေးထားသည်။ လီရူဟိုင် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အမှောင်ကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ မြို့သိမ်းတိုက်ပွဲ ဆိုသည်မှာ စိတ်ဓာတ်တက်ကြွနေချိန်တွင် အပြတ်တိုက်ရခြင်း ဖြစ်သည်။ ထို့နောက်တွင် စိတ်ဓာတ် ကျဆင်းသွားမည် ဖြစ်ပြီး နောက်ဆုံးတွင် ကုန်ခန်းသွားပေလိမ့်မည်။
အကယ်၍ ယနေ့ နေမဝင်ခင် မသိမ်းပိုက်နိုင်ပါက မနက်ဖြန်တွင် ပိုမိုကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။ ထို့ကြောင့် လီရူဟိုင်သည် စစ်သေနာပတိချုပ် ကိုယ်တိုင် တိုက်ပွဲမဝင်ရဟူသော သံမဏိစည်းမျဉ်းကို ချိုးဖောက်လိုက်သည်။
သူသည် ကိုယ်တိုင် စစ်မြေပြင်သို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ အံ့မခန်း စွမ်းအားကြီးသော သိုင်းပညာကို အသုံးပြုကာ မြို့ရိုးမျှော်စင်ပေါ်သို့ တိုက်ရိုက် ခုန်တက်ပြီး ချူဟုန်ယဲ့ကို သတ်ဖြတ်ကာ ရန်သူများကို ခေါင်းဆောင်မဲ့ ဖြစ်သွားစေပြီး တစ်ချက်တည်းနှင့် အပြတ်ချေမှုန်းရန် ဖြစ်သည်။ ဤသည်မှာ အလွန်တရာ ယုတ်မာသည့် နည်းလမ်းဖြစ်သည်။
မည်သည့် စစ်သေနာပတိချုပ်မဆို သိုင်းပညာ အဆင့်အတန်း ဘယ်လောက်ပဲ မြင့်မားပါစေ ၊ ရှေ့တန်းစစ်မျက်နှာပြင်သို့ လုံးဝ ဝင်ရောက်ခြင်း မပြုရပေ။ စံပြအနေဖြင့် ဦးဆောင်ခြင်းမျိုး ပို၍ပင် မလုပ်ရပေ။
အဘယ်ကြောင့်ဆိုသော် ရန်သူ့ဘက်တွင် အလွန်စွမ်းအားကြီးသော လုပ်ကြံသတ်ဖြတ်သူများ ကင်းပုန်းဝပ်မနေဘူးဟု မည်သူ ပြောနိုင်မည်နည်း။ ထို့အပြင် စစ်သေနာပတိချုပ်၏ ကြောက်မက်ဖွယ် သိုင်းပညာစွမ်းအားကို မိမိကိုယ်ကိုယ် ကာကွယ်ရန် ဝှက်ဖဲအနေဖြင့်သာ ထားရှိရမည် ဖြစ်သည်။ ဥပမာအားဖြင့် ကျန်းနန်နယ်စားမင်း ဆုန်ချွဲကဲ့သို့ပင်။ ထိုနေ့က သူ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ခူအီ၏ လုပ်ကြံမှုကိုပင် ပြန်လည် တိုက်ထုတ်နိုင်ခဲ့ခြင်းမှာ ဤသံမဏိစည်းမျဉ်းကို လိုက်နာခဲ့သောကြောင့် ဖြစ်သည်။
စစ်မြေပြင်တွင် သူသည် မိမိ၏ အထွတ်အထိပ် သိုင်းပညာကို အားကိုးပြီး ရှေ့တန်းမှ ကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်မည် ဆိုပါက သူ၏ ရွှမ်းချီနှင့် အတွင်းအားများ ကုန်ခန်းသွားချိန်တွင် ခူအီ ရုတ်တရက် ပေါ်လာပြီး တစ်ချက်တည်းနှင့် လုပ်ကြံသတ်ဖြတ်သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲအနေဖြင့် အသက်ရှင်ရန် ဘာကို အားကိုးရတော့မည်နည်း။ သို့သော် လီရူဟိုင်သည် ရန်သူ့ဘက်တွင် ထိပ်တန်းကျွမ်းကျင်သူများ မရှိကြောင်း နက်နဲစွာ သိရှိထားသောကြောင့် လုပ်ရဲခြင်း ဖြစ်သည်။ အနီးဆုံးတွင် ရှိနေသော ဆရာသခင်ကြီးအဆင့် နင်ဇောင်ဝူသည် ဒဏ်ရာအပြင်းအထန် ရထားပြီးဖြစ်ရာ လုံးဝ လှုပ်ရှားနိုင်မည် မဟုတ်ပေ။ လှုပ်ရှားလိုက်သည်နှင့် သေဆုံးသွားနိုင်ပေသည်။
သူ အသက်ပြင်းပြင်း ရှူလိုက်သည်။ လီရူဟိုင်သည် သူ၏ အံ့မခန်း စွမ်းအားကြီးသော ရွှမ်းချီနှင့် အတွင်းအားများကို စုစည်းလိုက်ပြီး မြေကြီးကို ပြင်းထန်စွာ ဆောင့်ကန်ကာ ခုန်တက်လိုက်သည်။
“ဝှစ်”
သူသည် ကမ္ဘာ့၏ဆွဲငင်အားကို လုံးဝ ဖီဆန်လျက် မြို့ရိုးနံရံကို ဒေါင်လိုက် နင်းကာ မီတာ တစ်ဆယ်ကျော် မြင့်သော မြို့ရိုးပေါ်သို့ တိုက်ရိုက် တက်သွားသည်။
ဤသည်မှာ ဆရာသခင်ကြီး အဆင့် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားဖြစ်သည်။ လီရူဟိုင်သည် ခေတ်တစ်ခေတ်၏ သူရဲကောင်း ဖြစ်သည်သာမက ဆရာသခင်ကြီး အဆင့် ကျွမ်းကျင်သူလည်း ဖြစ်သည်။
မြို့ရိုးမျှော်စင်ပေါ်သို့ ရောက်ပြီးနောက် လီရူဟိုင်၏ ဓားသည် နေမင်းကို ထိုးဖောက်သွားသော သက်တန့်ရှည်ကြီးသဖွယ် မြို့စောင့်စစ်သူကြီး ချူဟုန်ယဲ့ထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
ဗုံးပေါက်ကွဲမှုမှ ထွက်ပေါ်လာသော လေလှိုင်းများကဲ့သို့ အလွန်အမင်း စွမ်းအားကြီးမားသော ဓားအကာအကွယ် စွမ်းအင်များသည် ဘေးပတ်ဝန်းကျင်ရှိ ဝံပုလွေတပ်ဖွဲ့ စစ်သည်များ အားလုံးကို လွင့်စင်သွားစေသည်။
တစ်ချက်တည်းနှင့် သေချာပေါက် သေဆုံးစေမည့် တိုက်ခိုက်မှု။ ဤသည်မှာ ဆရာသခင်ကြီး အဆင့် စွမ်းအားဖြစ်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် လီရူဟိုင်၏ ဝိညာဉ်က တုန်ယင်သွားပြီး အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ပြင်ပမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဓားရိပ်တစ်ခုသည် အမှောင်ထုထဲမှ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်လိုက်သောကြောင့် ဖြစ်သည်။ ဆရာသခင်ကြီး နင်ဇောင်ဝူသည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
“လီရူဟိုင်။ သေစမ်း” ဆရာသခင်ကြီးက ဟိန်းဟောက်လိုက်သည်။
သူ၏ ရွှမ်းချီနှင့် အတွင်းအား အကုန်လုံးကို စုစည်းထားသော ဓားအလင်းတန်းသည် လီရူဟိုင်ထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။
အပိုင်း ၂၃၁ ပြီး။