အခန်း (၂၃၄)
Vol. 24 Ch. 234
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၃၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ထို့နောက်တွင် သူမ၏ အကြည့်များသည် အေးစက်သွားလေ၏။ “ရှင်က ခုနလေးတင်မှ မျက်လုံးမှိတ်လိုက်တာလေ။ ဘယ်အချိန်ရလို့ အိပ်မက်သွားမက်ရတာလဲ”
ပြောပြီးသည်နှင့် မင်းသမီးယွီကျိန်းသည် တုပိုင်ကို မြေကြီးပေါ်သို့ တွန်းလှဲလိုက်ပြီး စတင် ရိုက်နှက်တော့သည်။ တုပိုင် လုံးဝ ခုခံခြင်းမပြုပေ။ သူသည် အိပ်မက်ထဲမှ တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်ထဲတွင် နစ်မြောနေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အစစ်အမှန် ဖြစ်သောကြောင့်ပင်။ အကယ်၍ တုပိုင်သာ တားဆီးရန် နည်းလမ်းမရှာနိုင်ခဲ့ပါက အိပ်မက်ထဲမှ မြင်ကွင်းအတိုင်း အမှန်တကယ် ဖြစ်လာပေလိမ့်မည်။
မင်းသမီးယွီကျိန်းသည် တုပိုင်တစ်ယောက် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး မည်သည့် တုံ့ပြန်မှုမှ မရှိသည်ကို မြင်သောအခါ ချက်ချင်း ပြောလိုက်သည်။ “ရှင် ဘာသဘောလဲ”
တုပိုင်က ပြောလိုက်သည်။ “အစ်မ ကျွန်တော့်ကို ရိုက်ချင်နေတာ ကြာပြီမလား။ ကွေ့လင်စီရင်စုမှာကတည်းက ရိုက်ချင်နေတာလေ။ အခုရိုက်လိုက်တော့။ အားနာမနေနဲ့”
နောက်ဆက်တွဲ အဖြစ်အပျက်များကြောင့် တုပိုင်သည် သူ၏ စည်းကမ်းမရှိသော ပါးစပ်ကို သူကိုယ်တိုင် မုန်းတီးမိသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် မင်းသမီးယွီကျိန်းသည် အမှန်တကယ် အားမနာဘဲ သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမလိုက်သောကြောင့် ဖြစ်သည်။ သူ ပြန်ထလာသောအခါ တုပိုင်၏ မျက်လုံးများ ရောင်ရမ်းနေပြီး နှာခေါင်းတစ်ခုလုံး ကြေမွသွားသကဲ့သို့ ဖြစ်နေကာ ကျောကုန်းနှင့် ပေါင်များပေါ်တွင်လည်း အညိုအမည်းများ စွဲနေလေသည်။
ဤအမျိုးသမီးက အစ်မဖိန်အာထက်ပင် လက်စွမ်းပိုကောင်းသည်။ အစ်မဖိန်အာက လူကို ဆွဲဆိတ်ရုံလောက်သာ တတ်ကျွမ်းသော်လည်း ဤအမျိုးသမီးကမူ သူမ၏ နူးညံ့သော လက်သီးများကို အသုံးပြုပြီး လူကို ထိုးကြိတ်ရိုက်နှက်တတ်သည်။
“ကဲ ၊ အစ်မလည်း ရိုက်ပြီးပြီဆိုတော့ ဒီကိစ္စကို ဒီမှာတင် ကျေအေးလိုက်ကြရအောင်” တုပိုင်သည် ရောင်ရမ်းနေသော နှုတ်ခမ်းများဖြင့် ပြောလိုက်သည်။ “ဒီနေ့ကိစ္စကို ဒီမှာတင် ထားလိုက်တော့။ နောက်နောင် ကျွန်တော့်ကို ကလဲ့စားမချေကြေးနော်”
မင်းသမီးယွီကျိန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ “နောက်ထပ် စကားတစ်လုံး ထပ်ပြောရင် ရှင့်ကို ထပ်ရိုက်မယ်ဆိုတာ ကျွန်မ ရဲရဲကြီး အာမခံတယ်”
တုပိုင် အလျင်အမြန် ပါးစပ်ပိတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ကြိုးစားကြည့်ကြသော်လည်း ထွက်ခွာ၍ မရနိုင်ပေ။ သူတို့သည် နည်းလမ်းအကုန်လုံးကို အမှန်တကယ် စမ်းသပ်ကြည့်ပြီး ဖြစ်သည်။ မင်းသမီးယွီကျိန်းဆိုလျှင် ဆရာသခင်ကြီးချွမ်ရှယ်ကို တိုက်ရိုက်ပင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ သို့သော် အရာအားလုံးသည် အချည်းနှီးသာ ဖြစ်သည်။
ဤဆရာသခင်ကြီးချွမ်ရှယ်သည် ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်ပြီး မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်လေရာ သူ၏ မျက်နှာကိုပင် သေချာ မမြင်ရပေ။ သူ့ကို တိုက်ခိုက်ခြင်းသည် လေထုကို တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်။ အချိန်များ ဆက်လက် ကုန်ဆုံးသွားသည်။
တစ်နာရီ ၊ နှစ်နာရီ ၊ သုံးနာရီ... ငါးနာရီ တစ်ရက် ၊ နှစ်ရက် ၊ သုံးရက် ၊ လေးရက် ၊ ငါးရက် အကယ်၍ သူတို့သာ မထွက်နိုင်လျှင် တုပိုင်သည် ဘွဲ့ယူစာမေးပွဲကို အမှန်တကယ် လွဲချော်သွားပေတော့မည်။ လူတစ်ယောက်သည် အစာမရှိဘဲ အတော်အတန် ကြာအောင် အသက်ရှင်နေနိုင်သေးသည်။ သို့သော် ရေမရှိဘဲနှင့်မူ ရက်အနည်းငယ်အတွင်း သေဆုံးသွားနိုင်ပြီး ဤအရာသည် သိုင်းပညာအဆင့်အတန်း မြင့်မားခြင်း ၊ နိမ့်ကျခြင်းတို့နှင့် မသက်ဆိုင်ပေ။
ဤအချိန်တွင် တုပိုင်နှင့် မင်းသမီးယွီကျိန်းတို့သည် ရေဓာတ်ခန်းခြောက်မှု၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တုပိုင်နှင့် မင်းသမီးယွီကျိန်းတို့သည် အမှန်တကယ် နည်းလမ်းကုန် စမ်းသပ်ပြီးပြီ ဖြစ်သော်လည်း ထွက်ပေါက်ဟူ၍ လုံးဝ မရှိပေ။ အစပိုင်းတွင် ဆရာသခင်ကြီးချွမ်ရှယ်သည် သူ့ကိုနှင့် မင်းသမီးယွီကျိန်းကို စမ်းသပ်နေခြင်းသာ ဖြစ်ပြီး အမှန်တကယ် သတ်လိမ့်မည် မဟုတ်ဟု တုပိုင် ထင်ခဲ့မိသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် နိုင်ငံတော်အဆင့် ရတနာတစ်ပါးဖြစ်သော ဆရာသခင်ကြီးတစ်ပါး ဖြစ်သကဲ့သို့ အမှန်တကယ် ဉာဏ်အလင်းရထားသော ရဟန်းတစ်ပါးလည်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ထိုသို့မဟုတ်ကြောင်း ထင်ရှားနေသည်။ ဆရာသခင်ကြီးချွမ်ရှယ်သည် သူ၏ ရည်မှန်းချက် အောင်မြင်ရန်အတွက် တုပိုင်နှင့် မင်းသမီးယွီကျိန်းတို့၏ အသက်ကို ဂရုစိုက်မည် မဟုတ်ပေ။
အန္တိမ မေတ္တာတရားဆိုတာ အန္တိမ ရက်စက်ကြမ်းကြုတ်မှုပဲဟု တုပိုင်ကိုယ်တိုင် ပြောခဲ့ဖူးသည် မဟုတ်ပါလော။
ဆရာသခင်ကြီးချွမ်ရှယ်၏ မျက်လုံးထဲတွင် သတ္တဝါအားလုံးသည် တန်းတူညီမျှ ဖြစ်ကြသဖြင့် တုပိုင်နှင့် မင်းသမီးယွီကျိန်း သေဆုံးသွားလျှင်ပင် ပုရွက်ဆိတ်နှစ်ကောင် သေဆုံးသွားသကဲ့သို့သာ သဘောထားပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် မင်းသမီးယွီကျိန်း သေဆုံးမည် မဟုတ်ကြောင်း တုပိုင် သိလိုက်သည်။ သေမည့်သူမှာ သူ ၊ တုပိုင်သာ ဖြစ်သည်။
မင်းသမီးယွီကျိန်းသည် ဘာမှလုပ်စရာ မလိုပေ။ သူမသည် နောက်ဆုံးအချိန်အထိ အသက်ရှင်နေမည် ဖြစ်ပြီး ဆရာသခင်ကြီးချွမ်ရှယ်၏ စိတ်စွမ်းအင် အမွေအနှစ်ကို လက်ခံရရှိပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယွီကျိန်း၏ ကျင့်ကြံခြင်းအဆင့်သည် တုပိုင်ထက် မြင့်မားသောကြောင့် ရေဓာတ်ခန်းခြောက်နေသည့်တိုင် သူမသည် တုပိုင်ထက် ပိုမို ကြာရှည်စွာ အသက်ရှင်နေနိုင်ပေလိမ့်မည်။
ထို့အပြင် တုပိုင် သေဆုံးသွားလျှင်လည်း သူမအနေဖြင့် မည်သည့် ကိုယ်ကျင့်တရားဆိုင်ရာ အပြစ်ရှိစိတ်ကိုမှ ခံစားရရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမအနေဖြင့် တုပိုင်ကို ဝင်ရောက်သတ်ဖြတ်ခြင်း မပြုဘဲ နေခြင်းကပင် အကြီးမားဆုံးသော မေတ္တာတရား ဖြစ်နေသောကြောင့်ပင်။
သူမ၏ သိုင်းပညာသည် တုပိုင်ထက် များစွာ သာလွန်ကြောင်း သိထားရမည်။ သူ့ကို သတ်ဖြတ်ရန်မှာ လက်ဖျားလေး တစ်ချက် လှုပ်ရှားလိုက်ရုံမျှပင်။ တုပိုင်သည်လည်း ဤအချက်ကို သိရှိထားပြီး ဖြစ်ရာ ယုတ္တိဗေဒအရ ပြောရလျှင် သူသည် ဦးစွာ လက်ဦးမှု ရယူသင့်ပြီး မင်းသမီးယွီကျိန်း သတိလွတ်နေချိန်တွင် သူမကို ချက်ချင်း သတ်ဖြတ်ပစ်သင့်သည်။ သို့မှသာ သူ အသက်ရှင်နိုင်မည် ဖြစ်ပြီး ဆရာသခင်ကြီးချွမ်ရှယ်၏ စိတ်စွမ်းအင် အမွေအနှစ်ကို လက်ခံရရှိနိုင်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် သူသည် ဘွဲ့ယူစာမေးပွဲ၏ ကျန်ရှိနေသော အဓိကဘာသာရပ်များကို ဖြေဆိုရန် အချိန်မီ ပြန်ရောက်နိုင်ကောင်း ပြန်ရောက်နိုင်ပေလိမ့်မည်။ သို့သော် သူ မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့သလို ရည်ရွယ်ချက်လည်း မရှိခဲ့ပေ။ သူသည် ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များသူ ဖြစ်သော်လည်း လူတစ်ယောက်အဖြစ် သူ၏ ခံယူချက် စည်းမျဉ်းကို လုံးဝ ကျော်ဖြတ်မည် မဟုတ်ပေ။
သူသည် မင်းသမီးယွီကျိန်းကဲ့သို့ ဖြောင့်မတ်ပြီး မွန်မြတ်သော လူတစ်ယောက်ကို လုံးဝ ထိခိုက်အောင် လုပ်မည် မဟုတ်ပေ။ ရလဒ်အနေဖြင့် သူ သေဆုံးရမည် ဆိုလျှင်ပင် လက်ခံပေလိမ့်မည်။ လူတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်စည်းမျဉ်းကို ကျော်ဖြတ်လိုက်သည်နှင့် တိရစ္ဆာန်တစ်ကောင်နှင့် ဘာကွာခြားတော့မည်နည်း။
**--**--**--**--**--**--**--**
ရေဓာတ်ခန်းခြောက်မှု ကြာရှည်လာသောကြောင့် တုပိုင် သတိလစ်မေ့မြောသွားသည်။ သူသည် သူ၏ အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေကြောင်း ခံစားလိုက်ရသည်။ သူ၏ စိတ်အာရုံများသည် ဝေဝါးနေပြီး အလွန်အမင်း ရေဓာတ်ခန်းခြောက်ခြင်း၏ လက္ခဏာများ ပေါ်လာပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်လာပြီး စိတ်အာရုံများလည်း ထုံကျင်လာသည်။ အချိန်မည်မျှ ကြာအောင် မေ့မြောသွားသည်ကို သူ မသိသော်လည်း တစ်စုံတစ်ယောက် လှုပ်နှိုးမှုကြောင့် နိုးလာခဲ့သည်။ သူ့ကို လှုပ်နှိုးလိုက်သူမှာ မင်းသမီးယွီကျိန်း ဖြစ်သည်။
“မအိပ်နဲ့။ ရှင် အိပ်ပျော်သွားရင် ဘယ်တော့မှ ပြန်နိုးလာတော့မှာ မဟုတ်ဘူး” မင်းသမီးယွီကျိန်းက ပြောလိုက်သည်။
‘သောက်ကျိုးနည်း။ ဒီစကားလုံးကို ရုပ်ရှင်တွေထဲမှာ ကြားဖူးလွန်းလို့ ရိုးနေပြီ။ တခြား စကားလုံး ပြောင်းပြောလို့ မရဘူးလား’
“တုပိုင်။ ရှင့်ရဲ့ ရည်မှန်းချက်က ဘာလဲ” မင်းသမီးယွီကျိန်းက မေးလိုက်သည်။
တုပိုင် မြေကြီးပေါ်သို့ ပြန်လှဲချလိုက်ပြီး ဖြေချင်စိတ် မရှိပေ။
ဤမေးခွန်းကို သူ အမှန်တကယ် နားညီးနေပြီ ဖြစ်သည်။ ခေတ်သစ်ကမ္ဘာမြေတွင် China’s Got Talent ဖြစ်စေ ၊ China’s Dream Show ဖြစ်စေ ၊ ဒိုင်လူကြီးတိုင်း မေးကြသည်မှာ မင်းရဲ့ အိပ်မက်က ဘာလဲဟူ၍ပင်။ လူတိုင်းက သူတို့ရဲ့ အိပ်မက်အကြောင်း ပြောပြရသည်။ သူ ၊ တုပိုင်တစ်ယောက်တည်းသာ အိပ်မက် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အလိုရှိလျှင် မိန်းမ ရနိုင်သည်။ သူ အလိုရှိလျှင် တိုက် ရနိုင်သည်။ သူ အလိုရှိလျှင် ကားကောင်းကားသန့် ရနိုင်သည်။ သူက လူရှုပ်လူပွေတစ်ယောက် ဖြစ်နေပြီး ရည်းစားဟောင်းအပေါ် အားနာစိတ် ဖြစ်မိခြင်း ၊ တစ်ခါတစ်ရံ ပြန်သွားချင်သော်လည်း မသွားရဲခြင်း ၊ မသွားရက်ခြင်းတို့မှလွဲ၍ ကျန်တာ ဘာမှမရှိပေ။
သူ့တွင် အိပ်မက်ဟူ၍ အမှန်တကယ် မရှိပေ။ သူသည် အိပ်မက်မရှိသော အသုံးမကျသူတစ်ယောက်သာ ဖြစ်သည်။ မင်းသမီးယွီကျိန်းက လေးနက်စွာ ပြောလိုက်သည်။ “မရဘူး။ ရှင် မဖြစ်မနေ ပြောရမယ်”
တုပိုင်က ပြောလိုက်သည်။ “ယောက်ျားတစ်ယောက် ပြန်ဖြစ်ဖို့ ၊ ပြီးရင် မင်းသမီးနင်းရွှဲ့ ၊ အစ်မ နဲ့ သွေးကွမ်ရင် သုံးယောက်စလုံးကို တစ်ပြိုင်တည်း လက်ထပ်ဖို့”
ဤအခြေအနေကို ရောက်နေမှတော့ ဘာကို ဖုံးကွယ်ထားရဦးမည်နည်း။ ဘာများ ပြောစရာ ကျန်နေဦးမည်နည်း။ သူမက သူ့ကို ရိုက်သတ်လိုလျှင်လည်း သတ်နိုင်၏။ တုပိုင် ဂရုမစိုက်နိုင်တော့ချေ။ တုပိုင်၏ အိပ်မက်သည် အလွန်တုန်လှုပ်စရာ ကောင်းလွန်းပြီး အလွန်ရိုင်းစိုင်းလွန်းလှသဖြင့် မင်းသမီးယွီကျိန်း ဆွံ့အသွားပြီး စကားမပြောနိုင် ဖြစ်သွားသည်။
လက်ရှိတွင် သူမသည် ရေဓာတ်ခန်းခြောက်မှုကြောင့် အလွန်အားနည်းနေပြီ ဖြစ်သည်။ သို့မဟုတ်ပါက တုပိုင်ကို မြေကြီးပေါ်သို့ ဖိချပြီး သေလုမြောပါး ထပ်မံ ရိုက်နှက်ပေလိမ့်မည်။
“ရှင့်မှာ ဒီထက်မြင့်မားတဲ့ ရည်မှန်းချက် မရှိတော့ဘူးလား။ ရှင်က မိန်းမစိုး ဖြစ်နေပြီဟာကို ရှင့်ခေါင်းထဲမှာ တစ်နေ့ကုန် မိန်းမကိစ္စပဲ ရှိနေတာလား” မင်းသမီးယွီကျိန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“ဒီထက်မြင့်မားတဲ့ အိပ်မက်လား။ စဉ်းစားလိုက်ဦးမယ်”
တုပိုင်သည် ဝေဝါးမူးနောက်နေသော ဦးနှောက်ဖြင့် အပြင်းအထန် စဉ်းစားလိုက်ပြီးနောက် အိပ်မက်တစ်ခုကို ရှာတွေ့သွားသည်။
“ကျွန်တော် အိပ်မက်တွေ အောင်မြင်ပြီးသွားရင် ကျွန်တော့်ရဲ့ ကျွန်တော်ရဲ့အိပ်မက်က ကျွန်တော့်ရဲ့ မွေးစားအဖေကို ယောက်ျားတစ်ယောက် ပြန်ဖြစ်အောင် လုပ်ပေးဖို့ ၊ ပြီးရင် သူ့ကို စစ်သူကြီးချူဟုန်ယဲ့နဲ့ လက်ထပ်ပေးပြီး သူ့ဘဝရဲ့ ပထမပိုင်းမှာ ဆုံးရှုံးခဲ့ရတာတွေကို အကုန် ပြန်ဖြည့်ဆည်းပေးဖို့ပဲ” တုပိုင်က လေးနက်စွာ ပြောလိုက်သည်။ “ဒါပေါ့။ အစ်မက ဒီထက်ပိုပြီး မြင့်မားတဲ့ အိပ်မက်အကြောင်း မေးရင်တော့ ဆရာသခင်ကြီးနင်ဇောင်ဝူ ရှိသေးတယ်။ သူလည်း အဲဒီတုန်းက ချစ်ရတဲ့သူ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ကံဆိုးတာက သူက မွေးရာပါ မိန်းမစိုး ဖြစ်နေလို့ အဲဒီအမျိုးသမီးက သူ့ကို ထားခဲ့တာလေ။ သူသာ ပြန်ကောင်းသွားရင် အဲဒီအမျိုးသမီးကို ပြန်ပြီး လက်ထပ်လို့ ရပြီ”
ချက်ချင်းပင် မင်းသမီးယွီကျိန်း သည်းမခံနိုင်တော့ပေ။ သူမသည် အမှန်တကယ် အားနည်းလွန်းနေ၍ ဓားမကိုင်နိုင်တော့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက တုပိုင်ကို ဓားဖြင့် တစ်ချက်တည်း ပိုင်းသတ်မိပေလိမ့်မည်။ ဤလူယုတ်မာကတော့ တကယ့်ကို ပြုပြင်လို့ မရတော့ပေ။ သူ့ခေါင်းထဲတွင် မိန်းမကိစ္စမှလွဲ၍ အခြား ဘာမှ မရှိတော့ပေ။ ဤအချိန်တွင် မင်းသမီးယွီကျိန်းသည် ဒေါသထွက်ရန်ပင် အားမရှိတော့ပေ။ သို့မဟုတ်ပါက ဒေါသထွက်ပြီး သေဆုံးသွားနိုင်ပေသည်။
သူမသည် မြေကြီးပေါ်တွင် မတ်မတ်ထိုင်လိုက်ပြီး အလွန်မွန်မြတ်သော လေသံဖြင့် ပြောလိုက်သည်။ “ကျွန်မမှာ အိပ်မက်တစ်ခု ရှိတယ်။ တာ့နင်အင်ပါယာက ပြည်သူတွေ အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးကနေ ကင်းဝေးဖို့ ၊ လူတိုင်း ဝစွာ စားရဖို့ ၊ နွေးထွေးစွာ ဝတ်ဆင်နိုင်ဖို့။ အရပ်ဘက်အရာရှိတွေ လာဘ်မစားတော့ဖို့ ၊ စစ်ဘက်အရာရှိတွေ သေရမှာ မကြောက်တော့ဖို့ နဲ့ လူတိုင်းက ဧကရာဇ်မင်းမြတ်ကို အလုပ်အကျွေးပြုဖို့ ကြိုးစားကြဖို့။ နင်မိသားစုရဲ့ ဧကရာဇ် အဆက်ဆက်တိုင်း ဉာဏ်ပညာကြီးမားပြီး စွမ်းအားကြီးကြဖို့ နဲ့ တာ့နင်အင်ပါယာကြီး ပြန်လည် နိုးထလာပြီး ဘိုးဘေးတွေ လက်ထက်တုန်းကလို ခမ်းနားထည်ဝါမှုကို ပြန်လည် ရရှိဖို့ပဲ”
မင်းသမီးယွီကျိန်း၏ လေသံသည် အလွန်အမင်း မွန်မြတ်ပြီး လေးနက်နေသောကြောင့် တုပိုင် ချက်ချင်း စကားမပြောရဲတော့ပေ။
“ကျွန်မတို့ရဲ့ တာ့နင်အင်ပါယာကြီး ယိုယွင်းပျက်စီးမှုတွေ ပျောက်ကွယ်သွားပြီး ကမ္ဘာ့ထိပ်ဆုံးမှာ ပြန်လည် ရပ်တည်နိုင်ဖို့ ၊ နိုင်ငံအားလုံးက လာရောက် ဆက်သပူဇော်ကြတဲ့ ကောင်းကင်ဘုံ အင်ပါယာကြီး တစ်ခုအဖြစ် ပြန်လည် ရောက်ရှိဖို့ ဆုတောင်းပါတယ်”
ဤစကားများကို ပြောလိုက်သောအခါ မင်းသမီးယွီကျိန်းသည် ယုံကြည်ချက်များ ၊ ခွန်အားများနှင့် ပြည့်နှက်နေသည်။
ဤတိုင်းပြည်ကို အရိုးထဲကနေ ချစ်မြတ်နိုးတဲ့သူ ရှိလားဟု မေးရလျှင် ဆုန်ချွဲ ၊ ဆုန်ယွီကျိန်း ၊ မင်းသမီးနင်းရွှဲ့ ၊ လီဝမ်ဟွေ့ ၊ နင်ဇောင်ဝူတို့ကို လက်ညှိုးထိုးရပေမည်။
တိုက်ဆိုင်စွာပင် ဤလူများသည် တုပိုင်နှင့် အနီးကပ်ဆုံး လူများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းက သူတို့၏ ဆွဲဆောင်မှုရှိသော ကိုယ်ရည်ကိုယ်သွေးများဖြင့် တုပိုင်ကို လွှမ်းမိုးနေကြသည်။
“သနားစရာကောင်းလိုက်တာ။ ကျွန်မ အဲဒီမြင်ကွင်းကို ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး”
အပိုင်း ၂၃၄ ပြီး။