← Chapters

အခန်း (၂၃၅)

Vol. 24 Ch. 235

အခန်း (၂၃၅)

Vol. 24 Ch. 235

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၃၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“မနက်ဖြန်က နာကျင်စရာ အရမ်းကောင်းတယ် ၊ အနာဂတ်က မျှော်လင့်ချက် မရှိဘူး။ စောစောစီးစီး ဘဝကို အဆုံးသတ်လိုက်တာကလည်း လွတ်မြောက်မှု တစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်”

“တုပိုင်။ ရှင် အရှင်ထွက်သွားပြီးရင် ခေါင်းထဲမှာ မိန်းမကိစ္စတွေပဲ မရှိပါစေနဲ့တော့။ ကျွန်မရဲ့ အိပ်မက် အစအနလေးကို ရှင် မှတ်မိနေစေချင်တယ်။ မအောင်မြင်ရင်တောင်မှ ရှင် ကြိုးစားအားထုတ်သင့်တယ်”

“ရှင်က ကျွန်မရဲ့ ဂျူနီယာမောင်လေး ၊ ကျွန်မက ရှင့်ရဲ့ စီနီယာအစ်မ။ ဒါကြောင့် ကျွန်မ ရှင့်ကို ကာကွယ်ပေးရမယ်။ ကျွန်မ ရှင့်ကို စောင့်ရှောက်ပေးရမယ်” မင်းသမီးယွီကျိန်းက လေးနက်စွာ ပြောလိုက်သည်။

တုပိုင်၏ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထလာသည်။ သူသည် အတင်းရုန်းကန်ပြီး ထချင်သော်လည်း တစ်ကိုယ်လုံး လှုပ်ရှား၍ မရပေ။

“မလုပ်နဲ့ ၊ မလုပ်နဲ့ ၊ မလုပ်နဲ့...” တုပိုင် အသည်းအသန် အော်ဟစ်လိုက်သည်။

“ကျွန်မရဲ့ အိပ်မက်ကို မှတ်ထားပေးပါ။ တာ့နင်အင်ပါယာကြီး ပြန်လည်နိုးထလာဖို့ ဆိုတာကိုလေ” မင်းသမီးယွီကျိန်း ပြောပြီးနောက် သူမ၏ ဆေဘာကြီးကို ကောက်ကိုင်လိုက်ပြီး သူမ၏ လည်ပင်းကို ပြင်းထန်စွာ လှီးဖြတ်လိုက်သည်။

ချက်ချင်းပင် မွှေးပျံ့သော သွေးများ ပန်းထွက်လာပြီး သူမ၏ လှပသော အသက်ဝိညာဉ်သည် အဆုံးသတ်သွားလေ၏။ အိပ်မက်ထဲမှ မြင်ကွင်းသည် အမှန်တကယ် ပေါ်လာသည်။ တုပိုင်၏ စိတ်တစ်ခုလုံး ၊ သူ၏ ဝိညာဉ်တစ်ခုလုံး ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို မီးတောက်များဖြင့် လောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ယွီကျိန်းသည် သေခြင်းတရားကို လုံးဝ ရှောင်လွှဲနိုင်သည်။ သူမသာ ဆက်လက် စောင့်ဆိုင်းနေလိုက်လျှင် တုပိုင် သေဆုံးသွားမည် ဖြစ်ပြီး သူမသည် နောက်ဆုံးတွင် အသက်ရှင် ကျန်ရစ်ကာ ဆရာသခင်ကြီးချွမ်ရှယ်၏ အမွေအနှစ်ကို ရရှိပေလိမ့်မည်။

သူမ၏ ကိုယ်ကျင့်တရားဆိုင်ရာ သိစိတ်သည်လည်း လုံးဝ ဝန်လေးစရာ အကြောင်းမရှိပေ။ သို့သော် ငယ်စဉ်ကတည်းက သူမ သင်ယူခဲ့သော ပညာရေးက သူမကို အင်ပါယာအပေါ် သစ္စာရှိရန်နှင့် အားနည်းသူများကို ကာကွယ်ရန် သင်ကြားပေးခဲ့သည်။ တုပိုင်သည် သူမ၏ ဂျူနီယာ ၊ သူမ၏ မောင်ငယ် ဖြစ်ပြီး သူမထက် အားနည်းသူ ဖြစ်သည်။ ထို့ကြောင့် သူမ ၊ ဆုန်ယွီကျိန်းသည် သူ့ကို ကာကွယ်ပေးရမည်။ သူ့ကို စောင့်ရှောက်ပေးရမည်။

မှန်သည်။ သူမသာ စောင့်ဆိုင်းနေလိုက်လျှင် တုပိုင် သေဆုံးသွားမည် ဖြစ်ပြီး သူမ ၊ ဆုန်ယွီကျိန်းသည် အသက်ရှင်မည် ဖြစ်ကာ သူမ၏ ကိုယ်ကျင့်တရားဆိုင်ရာ သိစိတ်သည်လည်း ဝန်လေးစရာ အကြောင်းမရှိပေ။ သို့သော် သူမသည် ကိုယ့်ကိုယ်ကိုယ် မလိမ်ညာနိုင်ပေ။ ထို့ကြောင့် သူမသည် တုပိုင်ကို ကယ်တင်ရန် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ စိတ်ခံစားချက် သက်သက် မဟုတ်ဘဲ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကိစ္စဖြစ်သည်။ ဤကမ္ဘာကြီးက ထိုအတိုင်းပင်။ လူအချို့က ကောင်းကင်ဘုံအထိ မွန်မြတ်ကြပြီး ၊ အချို့ကမူ ရေမြောင်းထဲရောက်သည်အထိ ယုတ်ညံ့ကြသည်။

“အားးး”

“အားးး”

တုပိုင် နာကျင်စွာ အော်ဟစ်လိုက်သည်။

အတိုင်းအဆမဲ့ နာကျင်မှု ၊ အတိုင်းအဆမဲ့ တုန်လှုပ်မှုများသည် သူ၏ စိတ်ကို ဗုံးကြဲတိုက်ခိုက်နေပြီး သူ၏ ဝိညာဉ်ကို ဗုံးကြဲတိုက်ခိုက်နေသည်။ မွန်မြတ်ခြင်းသည် မွန်မြတ်သူများ၏ ဂူသွင်းကမ္ပည်းစာ ဖြစ်ပြီး ၊ ယုတ်ညံ့ခြင်းသည် ယုတ်ညံ့သူများ၏ လမ်းကြောင်း ဖြစ်သည်။

ယခုအချိန်တွင် သူသည် ယုတ်ညံ့သူအဖြစ် သရုပ်ဆောင်နေရခြင်းလော။ ရုတ်တရက် ယုံကြည်မှုစွမ်းအား တစ်ခုသည် တုပိုင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထဲသို့ ဝင်ရောက်လာသည်။ သူသည် မြေကြီးပေါ်ရှိ ရတနာဓားကို ဒေါသတကြီး ကောက်ကိုင်လိုက်ပြီး ယွီကျိန်း၏ ပြီးပြည့်စုံစွာ လှပသော အလောင်းကို ဦးစွာ ကြည့်လိုက်သည်။

“အားးး အားးး” သူ နောက်ထပ်တစ်ကြိမ် နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် ရတနာဓားကို မြှောက်ကာ ဆရာသခင်ကြီးချွမ်ရှယ်ထံသို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။

“ဝုန်းးးးးးးးး” နေရာလပ်တစ်ခုလုံး ရုတ်တရက် ပေါက်ကွဲသွားသည်။ ချက်ချင်းပင် ဘေးပတ်ဝန်းကျင်ရှိ ပုံရိပ်များ အားလုံး ပျောက်ကွယ်သွားသည်။ မင်းသမီးယွီကျိန်း မသေပေ။ သူမသည် မြေကြီးပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ အစောပိုင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြသော ပြိုင်ဘက် ၁၁ ယောက်သည်လည်း မသေဆုံးကြပေ။ သူတို့သည် မြေကြီးပေါ်တွင် ပြန့်ကျဲစွာ လဲလျောင်းနေကြသည်။ သူသည်လည်း ရေဓာတ်ခန်းခြောက်နေခြင်း မရှိပေ။

အခုနက ဖြစ်ပျက်ခဲ့သမျှ အားလုံးသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ အလွန်အမင်း တိကျသေချာသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ ဆရာသခင်ကြီးချွမ်ရှယ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တုပိုင်သည် သူ၏ မျက်နှာကို ပထမဆုံးအကြိမ်အဖြစ် ရှင်းလင်းစွာ မြင်လိုက်ရသည်။

“ကလေး ၊ ခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အတုအယောင်တွေပဲ။ ဒါပေမယ့် အစစ်အမှန်လည်း ဖြစ်တယ်”

“ဘာဖြစ်လို့လဲဆိုတော့ ဆုန်ယွီကျိန်းလို့ ခေါ်တဲ့ ဒီမိန်းကလေးက မင်းကို ကာကွယ်ဖို့အတွက် တကယ်ပဲ သေပေးဖို့ ဆန္ဒရှိခဲ့လို့ပဲ။ သူမ ပြောခဲ့တဲ့ စကားလုံးတိုင်းက အမှန်တရားတွေပဲ”

“အစကနေ အဆုံးထိ ငါ့ရဲ့ စိတ်စွမ်းအင်နဲ့ မှတ်ဉာဏ်တွေကို ဆက်ခံဖို့ ငါရွေးချယ်ထားတဲ့သူက တစ်ယောက်တည်း ရှိတယ်။ အဲဒါက မင်းပဲ”

“ငါက ပုရွက်ဆိတ်တစ်ကောင်ကိုတောင် မနင်းရက်တာ ၊ လူတစ်ယောက်ကို သတ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

“ငါ့ရဲ့ ကလေး ၊ ဒီအခိုက်အတန့်ကို မှတ်ထားပါ။ ဒီအခိုက်အတန့်ကို အမြဲတမ်း မှတ်ထားပါ။ မွန်မြတ်ခြင်းဆိုတာ အမြဲတမ်း တည်ရှိနေတယ်”

ထို့နောက် ဆရာသခင်ကြီးချွမ်ရှယ်၏ လက်ညှိုးသည် တုပိုင်၏ နဖူးကို ထိလိုက်ပြီး သူ၏ ထင်းရှူးသီးပုံဂလင်းကို လင်းလက်စေကာ သူ၏ အလွန်ကြီးမားသော စိတ်စွမ်းအင်နှင့် သူ၏ ဘဝတစ်လျှောက်လုံးရှိ အသိဉာဏ်အရှိဆုံး မှတ်ဉာဏ်များကို တုပိုင်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

“ကလေး ၊ ဒီအခိုက်အတန့်ကို ထာဝရ မှတ်သားထားပါ”

ဆရာသခင်ကြီးချွမ်ရှယ်၏ လက်ညှိုးသည် တုပိုင်၏ နဖူးကို ထိလိုက်ပြီး သူ၏ ထင်းရှူးသီးပုံဂလင်းကို နိုးကြားစေလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် တစ်စစီ ပြိုကွဲသွားပြီး ပြာမှုန့်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ အစိတ်အပိုင်း တစ်ခုသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တုပိုင်၏ ထင်းရှူးသီးပုံဂလင်းထဲသို့ တိုးဝင်ကာ ဦးနှောက်ထဲသို့ ရောက်ရှိသွားသည်။ ချက်ချင်းပင် အစွမ်းထက်သော စိတ်စွမ်းအင်များ တုပိုင်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။ တစ်စိတ်တစ်ပိုင်းသည် ပြန့်ကျဲနေသော မှတ်ဉာဏ်များနှင့် အတွေးများ ဖြစ်သော်လည်း အများစုမှာ သန့်စင်သော စိတ်စွမ်းအင်များ ဖြစ်ကြသည်။

တုပိုင်၏ စိတ်စွမ်းအင်သည် သိသိသာသာ တိုးတက်လာသည်။ သူသည် ဆရာသခင်ကြီးချွမ်ရှယ်၏ စိတ်စွမ်းအင် အမွေအနှစ်ကို အောင်မြင်စွာ လက်ခံရရှိခဲ့ပြီ ဖြစ်သည်။

သို့သော် ဤအချိန်တွင် တုပိုင်၏ ဦးနှောက်သည် အလုပ်မလုပ်တော့သကဲ့သို့ ဖြစ်နေသည်။ အရာအားလုံးသည် ရုတ်တရက်လွန်းလှသည်။ ယခင်က ဆရာသခင်ကြီးချွမ်ရှယ်သည် ကောင်းမှုကုသိုလ်ပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး မေတ္တာတရားနှင့် ကရုဏာတရားတို့၏ ရှင်သန်နေသော ပုံရိပ်တစ်ခု ၊ ကောင်းကင်တမန်တစ်ပါးကဲ့သို့ အမြဲတမ်း မွန်မြတ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

ထို့နောက် သူသည် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လူ ၁၁ ယောက်ကို အတင်းအဓမ္မ သတ်သေခိုင်းခဲ့သည်။ ထိုမျှမက သူသည် တုပိုင်နှင့် မင်းသမီးယွီကျိန်းကိုလည်း အချင်းချင်း သတ်ဖြတ်ခိုင်းခဲ့ပြီး တစ်ယောက်သာ အသက်ရှင်နိုင်မည့် ကစားပွဲကို ဖန်တီးခဲ့သည်။ ဤအရာက အရေးကြီးသော အခိုက်အတန့်တွင် သူမသည် စီနီယာအစ်မ ဖြစ်ပြီး တုပိုင်သည် ဂျူနီယာမောင်ငယ် ဖြစ်သည်ဟူသော အကြောင်းပြချက် တစ်ခုတည်းဖြင့် မင်းသမီးယွီကျိန်းကို တုပိုင်အတွက် အသက်စွန့်သွားစေခဲ့သည်။

ထို့နောက် အခြေအနေသည် နောက်ထပ်တစ်ကြိမ် ပြောင်းပြန် ဖြစ်သွားပြန်သည်။ အရာအားလုံးသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်း ပေါ်လွင်လာသည်။ မင်းသမီးယွီကျိန်း မသေဆုံးရုံသာမက အစောက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသော လူယုတ်မာ ၁၁ ယောက်ပင်လျှင် အသက်ရှင်နေကြသည်။

ဆရာသခင်ကြီးချွမ်ရှယ်သည် မိစ္ဆာတစ်ကောင်အဖြစ်မှ ကောင်းကင်တမန်တစ်ပါး အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်။ အစမှ အဆုံးထိ တုပိုင်သည် သူ၏ စိတ်စွမ်းအင်ကို ဆက်ခံရန် သူရွေးချယ်ထားသော တစ်ဦးတည်းသောသူ ဖြစ်သည်။

“ကလေး ၊ ဒီအခိုက်အတန့်ကို မှတ်ထားပါ” ဤစကားသည် တုပိုင်၏ စိတ်ထဲတွင် ထာဝရ စွဲထင်ကျန်ရစ်နေပေလိမ့်မည်။ ထို့အပြင် ခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ပုံရိပ်ယောင်သာ ဖြစ်သောကြောင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားခြင်း မရှိသကဲ့သို့ သူသည် ဘွဲ့ယူစာမေးပွဲကိုလည်း လွဲချော်ခြင်း မရှိပေ။

“ဘာလို့ ကျွန်တော်လဲ” တုပိုင် မေးလိုက်သည်။

သို့သော် သူ့ကို မည်သူမျှ ပြန်မဖြေတော့ပေ။ သူ့ရှေ့တွင် ရှိနေသော ဆရာသခင်ကြီးချွမ်ရှယ်သည် ပြာအဖြစ် ပြောင်းလဲသွားပြီ ဖြစ်ပြီး တုပိုင်၏ ရှေ့တွင် သူ၏ သင်္ကန်းတော်သာ ကျန်ရစ်တော့သည်။ တုပိုင်သည် ဆရာသခင်ကြီးချွမ်ရှယ်၏ မျက်နှာကို ခဏတာမျှသာ မြင်လိုက်ရပြီးနောက် သူ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

‘ဒီအခိုက်အတန့်ကို ထာဝရ မှတ်ထားရမယ် ဟုတ်လား။ ဒီအခိုက်အတန့်ရဲ့ ဘာကို မှတ်ထားရမှာလဲ။ မင်းသမီးယွီကျိန်းက ကျွန်တော့်အတွက် သေပေးဖို့ ဆန္ဒရှိခဲ့တာကို မှတ်ထားရမှာလား။ ဒါမှမဟုတ် ကျွန်တော်က ခင်ဗျားကို ဓားနဲ့ ဝင်ခုတ်တဲ့ အခိုက်အတန့်ကို မှတ်ထားရမှာလား။

တုပိုင် ကြောင်ငေးနေမိသည်။ “ဆရာသခင်ကြီး နိဗ္ဗာန်စံဝင်ခြင်း မစ်ရှင် ပြီးဆုံးပါပြီ”

“စနစ်ရှင် တုပိုင်သည် ဆရာသခင်ကြီးချွမ်ရှယ်၏ စိတ်စွမ်းအင် အမွေအနှစ်ကို အောင်မြင်စွာ လက်ခံရရှိခဲ့ပြီး စိတ်စွမ်းအင် ၁၅ မှတ် အမြဲတမ်း တိုးလာကာ ၅၅ မှတ်သို့ ရောက်ရှိသွားပါပြီ”

“စနစ်ရှင် တုပိုင်၏ ဘွဲ့ယူစာမေးပွဲတွင် ပထမဆု ရရှိနိုင်ခြေသည် ၅၅ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းသို့ တိုးတက်သွားပါပြီ”

အိပ်မက်စနစ်သည် အရာအားလုံးကို လုပ်ဆောင်နိုင်ခြင်း ၊ အရာအားလုံးကို သိရှိခြင်း မရှိကြောင်း ပေါ်လွင်လာသည်။ ပထမဆု ရရှိနိုင်ခြေ ၈၅ ရာခိုင်နှုန်း ရှိလာပြီ ဖြစ်ရာ ကျန်ရှိနေသော ၁၅ ရာခိုင်နှုန်းသည် တုပိုင်အပေါ်တွင်သာ မူတည်တော့သည်။

ဤအချိန်တွင် မွှေးပျံ့သော ရနံ့တစ်ခု လေထုထဲတွင် ပျံ့လွင့်လာသည်။ မင်းသမီးယွီကျိန်းသည် မျက်လုံးများ ဖွင့်လာပြီး နိုးလာသည်။ သူမ၏ လှပသော မျက်နှာလေးသည် အနည်းငယ် ကြောင်ငေးနေသည်။ မည်သည်သို့ဖြစ်ပျက်နေသည်နည်း။ သူမ သေသွားပြီ မဟုတ်လော။ အဘယ်ကြောင့် သူမ ပြန်နိုးလာရသည်နည်း။ သူမသည် ရက်ပေါင်းများစွာ ရေမသောက်ရဘဲ ရေဓာတ် အလွန်အမင်း ခန်းခြောက်ပြီး သေလုနီးပါး ဖြစ်နေခဲ့သည် မဟုတ်ပါလော။

အဘယ်ကြောင့် သူမသည် လုံးဝ အကောင်းပကတိ ဖြစ်နေရသည်နည်း။ သူမ အနည်းငယ် ရေငတ်နေသော်လည်း သေစေသည့်အခြေအနေဖြင့်တော့ အဝေးကြီး လိုနေသေးသည်။ ထို့အပြင် သူမဘေးနားရှိ သတိလစ်နေသော လူ ၁၁ ယောက်သည်လည်း ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။ သူတို့သည် အစောက ဆရာသခင်ကြီးချွမ်ရှယ်၏ စိတ်စွမ်းအင် ထိန်းချုပ်မှုအောက်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြသည် မဟုတ်ပါလော။

“အရင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ပုံရိပ်ယောင်တွေ” တုပိုင်က ပြောလိုက်သည်။ “အဲဒါတွေ အကုန်လုံးက အတုတွေပဲ”

မင်းသမီးယွီကျိန်းသည် တုပိုင်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ “ဆရာသခင်ကြီး ဘယ်ရောက်သွားပြီလဲ”

တုပိုင် ပြန်ဖြေလိုက်သည်။ “သူ နိဗ္ဗာန်စံသွားပြီ။ ပြာအဖြစ် ပြောင်းသွားပြီ”

ထို့နောက် တုပိုင် ထပ်ပြောလိုက်သည်။ “ပြီးတော့ ကျွန်တော် သူ့ရဲ့ စိတ်စွမ်းအင် အမွေအနှစ်ကို ရလိုက်တယ်”

“အော်” မင်းသမီးယွီကျိန်း ပြန်ဖြေလိုက်သည်။ ဤအချိန်တွင် သူမသည် စိတ်စွမ်းအင် အမွေအနှစ်ကို သိပ်ပြီး ဂရုမစိုက်တော့ပေ။ ပုံရိပ်ယောင်ထဲတွင် ဖြစ်ပျက်ခဲ့သည်များက အလွန်အမင်း တုန်လှုပ်စရာ ကောင်းလွန်းသည်။

ထို့အပြင် သူမ၏ တုပိုင်အပေါ် ကြည့်သော အကြည့်များသည် ယခုအချိန်တွင် အနည်းငယ် ရှုပ်ထွေးနေသည်။ အဘယ်ကြောင့်ဆိုသော် ပုံရိပ်ယောင်ထဲတွင် သူမသည် သူ့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သောကြောင့် ဖြစ်သည်။

ပုံရိပ်ယောင် ဖြစ်နေလျှင်ပင် သူမ အမှန်တကယ် မသေဆုံးခဲ့လျှင်ပင် အရာအားလုံးက အစစ်အမှန်အတိုင်း ခံစားနေရသည်။ တုပိုင်သည်လည်း ဤအချိန်တွင် ပေါ့ပေါ့တန်တန် မနေရဲတော့ပေ။ မင်းသမီးယွီကျိန်းကို ကြည့်သော သူ၏ အကြည့်များတွင် ပိုမို လေးစားမှုများဖြင့် ပြည့်နှက်နေသည်။ ဤကမ္ဘာလောကတွင် သူမကဲ့သို့ အလွန်မြင့်မားသော အဆင့်အတန်း ရှိသော်လည်း သူမထက် အားနည်းသူကို ကာကွယ်ရန် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ရဲလောက်အောင် မွန်မြတ်သူများ အမှန်တကယ် ရှိနေပါလား။

သူမ မည်သည်ကိုတွေးနေသနည်း။ သူမ၏ အိမ်မက်ဖြစ်သည့် အင်ပါယာကြီးကို တစ်ဖန်ပြန်လည်ပြီး အထွတ်အထိပ်သို့ ပို့ဆောင်ရန်အတွက် သူမက ပို၍ မသင့်တော်ဘူးလော။ သူမသည် တုပိုင်အကြောင်းကို ကောင်းကောင်းမသိသလို တုပိုင်၏ အိမ်မက်စနစ်အကြောင်းကိုလည်း ကောင်းကောင်းမသိချေ။ သူမက အဘယ်ကြောင့် တုပိုင်ကဲ့သို့ စွမ်းရည်မရှိသည့် သူအတွက်ာသူမကိုသူမ အဘယ်ကြောင့် စတေးရသည်နည်း။ သူမသည် အမှန်တကယ်ပင် ဤမျှလောက် မွန်မြတ်သည်လော။ တုပိုင်တစ်ယောက် မင်းသမီးယွီကျိန်းကို အလွန်အမင်းလေးစားသွားလေသည်။

တုပိုင် ပြောစရာ စကားလုံး ရှာမတွေ့တော့ပေ။ အချိန်အကြာကြီး နေပြီးမှ သူ မေးလိုက်သည်။ “အခု စစ်ပွဲ အခြေအနေ ဘယ်လိုလဲ”

မင်းသမီးယွီကျိန်းက ပြန်ဖြေလိုက်သည်။ “ကျွန်မတို့ တပ်တွေ ရောက်သွားလို့ အန်နမ်နိုင်ငံ စစ်သည်တွေရဲ့ စိတ်ဓာတ်တွေ မြင့်တက်လာတော့ တိုက်ပွဲအချို့မှာ အနိုင်ရခဲ့တယ်လေ။ ဒါပေမယ့် အကြီးစား တိုက်ပွဲတွေတော့ မဟုတ်သေးဘူး။ နှစ်ဖက်စလုံးက အဆုံးအဖြတ် တိုက်ပွဲအတွက် ပြင်ဆင်နေကြတယ်”

တုပိုင် မေးလိုက်သည်။ “အဆုံးအဖြတ် တိုက်ပွဲက မြို့တော်မှာ ဖြစ်မှာလား”

မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “ဟုတ်တယ်။ နှစ်ဖက်စလုံးရဲ့ စုစုပေါင်း အင်အားက ၅ သိန်းလောက် ရှိတယ်။ အဲတာက အဆုံးသတ်တိုက်ပွဲပဲ”

ထို့နောက် မင်းသမီးယွီကျိန်း ခေတ္တမျှ တွန့်ဆုတ်နေပြီး ပြောလိုက်သည်။ “နောက်ပိုင်းကျရင် အန်နမ်ဘုရင်က မြောက်ဘက်ကို လှည့်လည်သွားလာနိုင်တယ်။ ဒုတိယမြို့တော်ဖြစ်တဲ့ သန်လုံစီရင်စုကို သွားနိုင်တယ် ၊ ဒါမှမဟုတ် တာ့နင်အင်ပါယာထဲကို တိုက်ရိုက် ဝင်လာနိုင်တယ်”

တုပိုင် လန့်သွားသည်။ ဤအရာသည် အကြွင်းမဲ့ စစ်ရေးလျှို့ဝှက်ချက် ဖြစ်သင့်သည်။ မင်းသမီးယွီကျိန်းက အဘယ်ကြောင့် သူ့ကို ပြောပြနေရသည်နည်း။

မင်းသမီးယွီကျိန်းက ရှင်းပြလိုက်သည်။ “ဒါကြောင့် အဲဒီအချိန်ကျရင် ကျွန်မတို့က အမတ်မင်းလီဝမ်ဟွေ့ နဲ့ ဆရာသခင်ကြီးနင်ဇောင်ဝူတို့ရဲ့ အကူအညီကို လိုအပ်ကောင်း လိုအပ်လိမ့်မယ်။ အန်နမ်ဘုရင်ကို လုံးဝ ထိခိုက်လို့ မဖြစ်ဘူး။ သူက စစ်သည် ထောင်ပေါင်းများစွာရဲ့ စိတ်ဓာတ်ရေးရာ တိုင်မကြီးပဲ။ သူသာ ကျဆုံးသွားရင် အန်နမ်နိုင်ငံရဲ့ စစ်သည် ထောင်ပေါင်းများစွာရဲ့ စိတ်ဓာတ်တွေ ချက်ချင်း ပြိုလဲသွားလိမ့်မယ်”

မြောက်ဘက်သို့ လှည့်လည်သွားလာသည် ဆိုသည်မှာ တကယ်တမ်းတွင် စစ်မြေပြင်နှင့် ဝေးရာသို့ ရှောင်တိမ်းခြင်းသာ ဖြစ်သည်။

ဤအရာသည် ရှက်စရာ မဟုတ်ပေ။ ဧကရာဇ်တစ်ပါး ရှေ့တန်းစစ်မျက်နှာပြင်သို့ ရောက်ရှိနေခြင်းသည်ပင် နိုင်ငံတစ်နိုင်ငံအတွက် အရှက်ရစရာ ဖြစ်နေပြီ ဖြစ်သည်။

ယခုအခါ အန်နမ်နိုင်ငံသည် အစိတ်စိတ်အမွှာမွှာ ကွဲပြားနေပြီး သူပုန်များက နိုင်ငံ၏ ထက်ဝက်ကို သိမ်းပိုက်ထားရာ နေဝင်ချိန်သို့ရောက်နေသည့် မင်းဆက်တစ်ခုနှင့် တူနေသည်။ ဤအန်နမ်ဘုရင်သည်လည်း ကျဆုံးတော့မည့် မင်းဆက်တစ်ခု၏ မိုက်မဲသော အုပ်စိုးသူတစ်ဦး ဖြစ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။ မင်းဆက်တစ်ခု၏ နောက်ဆုံး ဧကရာဇ်တိုင်းသည် အရည်အချင်းမရှိသော အုပ်စိုးသူများ မဟုတ်ကြပေ။

ဤအန်နမ်ဘုရင်သည် ထူးချွန်ပြောင်မြောက်ပြီး စွမ်းအားကြီးမားသည်ဟု မဆိုနိုင်သော်လည်း သူသည် သေချာပေါက် ရဲရင့်သည် ၊ ခြိုးခြံချွေတာသည် ၊ မေတ္တာတရား ကြီးမားသည်။ သို့မဟုတ်ပါက နေဝင်ချိန်တွင်ပင် သူ့အပေါ် သစ္စာရှိသော စစ်သည် ထောင်ပေါင်းများစွာ ကျန်ရှိနေမည် မဟုတ်ပေ။

၂၃၅ ပြီး။

All Chapters