အခန်း (၂၃၆)
Vol. 24 Ch. 236
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၃၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ထို့အပြင် အန်နမ်ဘုရင်သည် တာ့နင်အင်ပါယာ တော်ဝင်မိသားစု ၊ ကျန်းနန်နယ်စားမင်းအိမ်တော်တို့နှင့် အလွန်နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှု ရှိလေသည်။ သူသည် အိမ်ရှေ့စံမင်းသား ဘဝကတည်းက တာ့နင်အင်ပါယာ၏ မြို့တော်တွင် ရှစ်နှစ်ကျော်ကြာ နေထိုင်ခဲ့ပြီး စာပေနှင့် သိုင်းပညာရပ်များကို လေ့လာဆည်းပူးခဲ့သည်။ အန်နမ်သို့ ပြန်ရောက်ရှိပြီး ထီးနန်းဆက်ခံပြီးနောက်တွင်လည်း တိုင်းပြည်တစ်ခုလုံးကို ဦးဆောင်ကာ တာ့နင်အင်ပါယာနှင့် ချစ်ကြည်ရေးကို ပိုမိုခိုင်မာနက်ရှိုင်းအောင် ဆောင်ရွက်ခဲ့သည်။ အရှေ့အာရှနှင့် တောင်အာရှ အကျိုးစီးပွားများတွင်လည်း တာ့နင်အင်ပါယာနှင့် တစ်သဘောတည်း ရပ်တည်ခဲ့လေသည်။
လက်ရှိအချိန်တွင် သူ၏ မိဖုရားခေါင်ကြီးသည် ဧကရာဇ်ထိုက်ယွင်၏ ညီမတော်ဖြစ်ပြီး မင်းသမီးနင်းရွှဲ့၏ အဒေါ်တော်စပ်သူ ဖြစ်ပေသည်။ အတိုင်းအတာတစ်ခုအထိ ဆိုရလျှင် သူနှင့် ဧကရာဇ်ထိုက်ယွင်တို့သည် ကံဆိုးသော လူသားနှစ်ဦး ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးတွင် တိုင်းပြည်အုပ်ချုပ်ခြင်းအပိုင်း၌သော်လည်းကောင်း ၊ သိုင်းပညာပိုင်း၌သော်လည်းကောင်း ထူးကဲသော အရည်အချင်းများ မရှိကြချေ။ သို့သော် သူတို့တွင် ရှိသည်မှာ နှိမ့်ချမှု ၊ သတိကြီးမှု ၊ မေတ္တာတရား ကြီးမားမှု ၊ ရိုးရှင်းမှုနှင့် ဘိုးဘေးများ ပိုင်ဆိုင်ခဲ့သော မြေနေရာအပေါ် ထားရှိသည့် အကန့်အသတ်မဲ့ တာဝန်သိစိတ်များသာ ဖြစ်ကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်အတွင်း အန်နမ်ဘုရင်သည် အချိန်အများစုကို စစ်ပွဲများကြားတွင်သာ ကုန်ဆုံးခဲ့ရသည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စစ်ရေးအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် ဘုရင်တစ်ပါးအနေဖြင့် စိတ်ဓာတ်မြှင့်တင်ရန် စစ်မြေပြင်သို့ မကြာခဏ သွားရောက်ခဲ့ရသည်။ ဤအချက်က သူ၏ ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး ကျန်းမာရေး အခြေအနေမှာလည်း သိသိသာသာ ယိုယွင်းလာခဲ့ရသည်။
ယခုအခါတွင်မူ တာ့နင်အင်ပါယာမှ စစ်တပ်စေလွှတ်လိုက်ပြီ ဖြစ်သကဲ့သို့ ၊ ကျန်းနန်နယ်စားမင်း ကိုယ်တိုင်လည်း တောင်ဘက်သို့ စစ်ချီလာပြီ ဖြစ်ရာ မဟာမိတ်တပ်ဖွဲ့များတွင် ခေါင်းဆောင်သစ် ရရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် အန်နမ်ဘုရင်အနေဖြင့် အနောက်ဘက်သို့ ဆုတ်ခွာကာ အနားယူ ဆေးကုသမှု ခံယူနိုင်ပြီ ဖြစ်ပေသည်။
“အန်နမ်ဘုရင်သာ ကွမ်ရှီးပြည်နယ်ကို ရောက်လာခဲ့ရင် ကျွန်တော် သေချာပေါက် ဂါရဝပြု တွေ့ဆုံပါ့မယ်” တုပိုင်က ပြောလိုက်သည်။
မင်းသမီးယွီကျိန်းက မေးလိုက်သည်။ “ဒါနဲ့ နေပါဦး။ ဒီရက်ပိုင်း ပြည်တွင်းအခြေအနေ ဘယ်လိုရှိလဲ။ အမတ်မင်းလီဝမ်ဟွေ့ အဆင်ပြေရဲ့လား”
ပြည်တွင်းအခြေအနေသည်တော့ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်ဟု ပြောရပေမည်။ အထူးသဖြင့် လီရူဟိုင်ရဲ့ စစ်တပ်ချီတက်မှုက ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေသည်အထိ ပြင်းထန်ခဲ့သည်။ မင်းသမီးယွီကျိန်းသည် ချွမ်ရှယ်ကျောင်းတော်သို့ ရောက်ရှိနေသောကြောင့် ဤသတင်းများကို မကြားသိရသေးပေ။
“အခုတော့ အကုန်လုံး အဆင်ပြေသွားလောက်ပါပြီ” တုပိုင်က ပြောလိုက်သည်။ “မင်းသမီးက စစ်ပွဲအပေါ်မှာပဲ အာရုံစိုက်လိုက်ပါ။ ပြည်တွင်းအခြေအနေကို ကျွန်တော့်ရဲ့ မွေးစားအဖေနဲ့ မင်းသမီးနင်းရွှဲ့တို့ ကိုင်တွယ်ဖြေရှင်းနေကြပါပြီ”
မင်းသမီးယွီကျိန်းသည် သူမ၏ နူးညံ့သော လက်ကလေးကို ကမ်းပေးလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ “အကျပ်အတည်း ကြုံနေရတဲ့ အချိန်မျိုးမှာ ကျွန်မတို့တွေ တညီတညွတ်တည်း ရှိနေရမယ်။ အင်ပါယာကို ကာကွယ်ဖို့ စည်းလုံးရမယ်”
သူမသည် တိုင်းပြည်အတွက်ဆိုလျှင် စွဲလမ်းရူးသွပ်သည်အထိ မြှုပ်နှံထားသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
တုပိုင် လက်လှမ်းလိုက်ပြီး သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။ “အကျပ်အတည်း ကြုံနေရတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့တွေ တညီတညွတ်တည်း ရှိနေရမယ်။ အင်ပါယာကို ကာကွယ်ဖို့ စည်းလုံးရမယ်”
“ဒါဆို ကျွန်မ သွားတော့မယ်။ စစ်တပ်စခန်းကို ပြန်ရဦးမယ်” မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “နောက်မှ တွေ့ကြတာပေါ့”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော်လည်း ဘွဲ့ယူစာမေးပွဲ ဖြေဖို့ ကွမ်ရှီးပြည်နယ်ကို ပြန်ရဦးမယ်။ နောက်မှ တွေ့ကြတာပေါ့”
မင်းသမီးယွီကျိန်းသည် သူမ၏ ဆေဘာကြီးနှင့် မြှောင်ဓားကို ကောက်ယူလိုက်ပြီး ဆရာသခင်ကြီးချွမ်ရှယ် ပြာကျသွားသော နေရာသို့ လေးလေးနက်နက် ဦးညွှတ်လိုက်ကာ လှည့်ထွက်သွားလေ၏။
တုပိုင်က ပြောလိုက်သည်။ “မင်းသမီးယွီကျိန်း။ စစ်မြေပြင်မာ ဓားတွေလှံတွေက မျက်စိမပါဘူး။ ဂရုစိုက်ပါ”
မင်းသမီးယွီကျိန်းသည် လှည့်မကြည့်ဘဲ ပြောလိုက်သည်။ “ပြည်တွင်းရေး တိုက်ပွဲတွေကလည်း အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဂရုစိုက်ပါ”
ထိုသို့ဖြင့် သူမ ထွက်ခွာသွားလေ၏။ တုပိုင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။ ဆရာသခင်ကြီးချွမ်ရှယ် နိဗ္ဗာန်စံဝင်သွားသော နေရာသို့ လေးလေးနက်နက် ဦးညွှတ်လိုက်ပြီးနောက် သူလည်း လှည့်ထွက်လာလိုက်သည်။ တောရိုင်းမြင်းဘုရင်ကို စီးပြီး မနားမနေ ခရီးဆက်ကာ နေ့ရောညပါ ဒုန်းစိုင်းနှင်ပြီး ဘွဲ့ယူစာမေးပွဲ ဖြေဆိုရန် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီသို့ အမြန်ဆုံး ပြန်လာလိုက်သည်။ ဆရာသခင်ကြီးချွမ်ရှယ် ချန်ထားပေးခဲ့သော မှတ်ဉာဏ်များနှင့် ပတ်သက်ပြီး ယခုအချိန်တွင် သူ ကြည့်ရှုမည် မဟုတ်ပေ။ အနည်းဆုံးတော့ ဘွဲ့ယူစာမေးပွဲ ပြီးဆုံးသည့်အထိ ကြည့်ရှုမည် မဟုတ်ပေ။
လက်ရှိအချိန်တွင် တုပိုင်အတွက် အရေးကြီးဆုံးအရာ တစ်ခုတည်းသာ ရှိသည်။ ထိုအရာမှာ ဘွဲ့ယူစာမေးပွဲတွင် ပထမဆု ရယူရန်ပင် ဖြစ်သည်။ သူသာ ကျရှုံးခဲ့လျှင် ဤကမ္ဘာလောကရှိ သူ၏ မစ်ရှင်သည် လုံးဝ ပြီးဆုံးသွားပေတော့မည်။ မစ်ရှင်ပြီးလျှင် လူလည်းပြီးသွားလိမ့်ပေမည်။
**--**--**--**--**--**--**--**
လွန်ခဲ့သော ရက်အနည်းငယ်က လီရူဟိုင်သည် သူ၏ စစ်တပ်ကို ဖြန့်ကြက်လိုက်ပြီး အင်အား ၁ သိန်းရှိသော တပ်မတော်ကြီးသည် မြောက်ဘက်သို့ ချီတက်ခဲ့သည်။
ဤအရာသည် ချက်ချင်းပင် နေရာအနှံ့တွင် ပျော်ရွှင်ဝမ်းမြောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထို့နောက် အရပ်ဘက်အရာရှိအုပ်စုနှင့် စစ်ဘက်အရာရှိအုပ်စုတို့သည် လီဝမ်ဟွေ့နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဘက်ပေါင်းစုံမှ စတင် တိုက်ခိုက်တော့သည်။ ဤထိုးစစ်ကြီးသည် စတင်လိုက်သည်နှင့် ရပ်တန့်၍ မရတော့ပေ။
ထို့အပြင် ဤထိုးစစ်ကြီး၏ အချက်ပေးသင်္ကေတကို ကွမ်ရှီးဘုရင်ခံ လော့ဝမ်က စတင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ရာထူး အဆင့်အတန်း မြင့်မားသောကြောင့် မဟုတ်ဘဲ သူသည် အနီးဆုံးတွင် ရှိနေသောကြောင့် ဖြစ်သည်။ ဤအရာသည် အလွန်တရာ ဂုဏ်ယူစရာကောင်းသော စစ်ဆင်ရေးတစ်ခု ဖြစ်သည်။ ထိုးစစ်ဆင်ရန် အချက်ပေးလိုက်ပြီးနောက် လော့ဝမ်သည် ယခင်က မရှိခဲ့ဖူးသော အစီရင်ခံစာတစ်စောင်ကို ရေးသားခဲ့ပြီး ဧကရာဇ်ထိုက်ယွင်အား နှစ်ရာချီအတွင်း တွေ့ရခဲသော မိုက်မဲသည့် အုပ်စိုးသူတစ်ဦးအဖြစ် စွပ်စွဲရေးသားခဲ့သည်။
ထို့နောက် သူ စောင့်ဆိုင်းနေလိုက်သည်။ လီရူဟိုင်၏ တပ်မတော်ကြီး တာ့နင်အင်ပါယာ နယ်မြေထဲသို့ ဝင်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ထိုအချိန်ကျလျှင် ဧကရာဇ်မင်းမြတ်သည် အလျှော့ပေးလိုက်လျောရမည် ဖြစ်ပြီး လီဝမ်ဟွေ့ကို သတ်ဖြတ်ကာ လီလျန်တင်းကို နှင်ထုတ်ရပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဝိုင်းဝန်းတိုက်ခိုက်သော နိုင်ငံရေး တိုက်ပွဲသည် လုံးဝ အောင်မြင်သွားပေလိမ့်မည်။ ထိုအခါ သူ ၊ လော့ဝမ်သည် အကြီးမြတ်ဆုံး သူရဲကောင်းများထဲမှ တစ်ဦး ဖြစ်လာပေလိမ့်မည်။
သူသည် အမတ်ချုပ်ကြီးနေရာကို မရနိုင်လျှင်ပင် မြို့တော်သို့ ပြန်လည် ရောက်ရှိရန်မှာ သေချာနေပြီ ဖြစ်ပြီး ဝန်ကြီးဌာန ၆ ခုအနက် တစ်ခုခုတွင် ဒုတိယဝန်ကြီး နေရာရရန် အာမခံချက် ရှိနေသည်။ နှစ်အနည်းငယ်အတွင်း အမတ်ချုပ်ကြီးများအဖွဲ့သို့ ဝင်ရောက်နိုင်ရန် အခွင့်အလမ်း များပြားနေသည်။
သူသည် ဆယ်စုနှစ်များစွာ ကြိုးစားအားထုတ်ခဲ့ခြင်းသည် ဤဂုဏ်ယူဖွယ်ရာ အခိုက်အတန့်အတွက် မဟုတ်ပါလော။ ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လော့ဝမ်သည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည် ၊ အလွန်အမင်း ပျော်ရွှင်နေခဲ့သည် ၊ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည် ၊ အလွန်အမင်းလည်း စိုးရိမ်ပူပန်နေခဲ့သည်။
သူသည် တစ်နာရီလျှင် တစ်ကြိမ်ခန့် မေးမြန်းလေ့ ရှိသည်။ “လီရူဟိုင်ရဲ့ စစ်တပ် ဘယ်ရောက်နေပြီလဲ”
လီရူဟိုင်၏ စစ်တပ်သည် မြောက်လေတိုက် ခံတပ်ဂိတ်တွင် ချူဟုန်ယဲ့၏ အိုမင်းမစွမ်းဖြစ်နေသော စစ်သည် ထောင်ဂဏန်းဖြင့် ပိတ်ဆို့ခံထားရကြောင်း ကြားသိရသောအခါ လော့ဝမ် ဒေါသထွက်သွားပြီး ကျယ်လောင်စွာ ဆဲရေးတိုင်းထွာလေတော့သည်။
“သစ္စာဖောက် သူပုန်တွေ ၊ လူတိုင်း သူတို့ကို ဝိုင်းပြီး အပြစ်ပေးသင့်တယ်”
သို့သော် သူ ချက်ချင်းပင် အနည်းငယ် ရှက်ရွံ့သွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သစ္စာဖောက် သူပုန် ဖြစ်နေပြီး ဒေသခံခေါင်းဆောင် အမျိုးသမီးစစ်သူကြီး ချူဟုန်ယဲ့က သစ္စာရှိသော အရာရှိကောင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း အရာရှိလောကတွင် ဆယ်စုနှစ်များစွာ ကျင်လည်ခဲ့ပြီး ၊ အာဏာလောကတွင် ဆယ်စုနှစ်များစွာ တိုက်ခိုက်ခဲ့ပြီးနောက် သူ့တွင် ရှိခဲ့သော သိစိတ်မှန်သမျှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အားလုံးကို ခွေးစားသွားပြီ ဖြစ်သည်။
သူ့တွင်သာ သိစိတ်ရှိခဲ့လျှင် သူ ၊ လော့ဝမ်သည် ယခုလက်ရှိ မြင့်မားသော ရာထူးနေရာသို့ ရောက်ရှိလာမည် မဟုတ်ပေ။ လီရူဟိုင်၏ စစ်တပ် မြောက်လေတိုက် ခံတပ်ဂိတ်တွင် ချူဟုန်ယဲ့၏ ပိတ်ဆို့မှုကို ခံနေရခြင်းအပေါ် လော့ဝမ် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။
မိန်းမတစ်ယောက် ၊ ယိုယွင်းနေသော ခံတပ်တစ်ခု ၊ အိုမင်းမစွမ်း ဖြစ်နေသော စစ်သည် ထောင်ဂဏန်းလောက်က လီရူဟိုင်၏ အင်အား ၁ သိန်းရှိသော စစ်တပ်ကြီးကို ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မည်နည်း။ အလွန်ဆုံး တစ်နာရီ ၊ နှစ်နာရီလောက်သာဖြစ်၏။
မကြာခင်အချိန်အတွင်း မြောက်လေတိုက် ခံတပ်ဂိတ် ကျရှုံးသွားပြီး ချူဟုန်ယဲ့ တိုက်ပွဲကျသွားပြီဟူသည့် သတင်းရောက်လာလိမ့်မည်ဟု လော့ဝမ်ယုံကြည်မိသည်။
နောက်အကျဆုံးအနေဖြင့် မနက်ဖြန်လောက်ဆိုရင်ကို လီရူဟိုင်၏ စစ်သည်တစ်သိန်းသည် မြို့တံခါးသို့ရောက်ရှိလာပြီး တာ့နင်အင်ပါယာ၏ နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာတော့မည်ဖြစ်၏။
လီဝမ်ဟွေ့ သေရတော့ပေမည်။ လီလျန်တင်းလည်း ခွေးတစ်ကောင်လိုကို နှင်ထုတ်ခံရပေလိမ့်မည်။ မကြာခင်အချိန်အတွင်း သူတို့အဖွဲ့သည် ကောင်းကင်သို့တတ်ရပေတော့မည်။ ဤအချိန်တွင် လော့ဝမ်သည် အောင်မြင်မှု မရခင်လေးတွင် ဖြစ်ပေါ်တတ်သော စိတ်လှုပ်ရှားမှုနှင့် ရင်တုန်မှုများကိုသာ ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ဤအခိုက်အတန့်ကို အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသောကြောင့် ဖြစ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို အင်ပါယာ၏ရန်သူအဖြစ် ဝိုင်းဝန်းတိုက်ခိုက်ရာတွင် ပထမဆုံး မြှားကို သူ ပစ်ခတ်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ စာကြည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး နေ့ရက်များသည် နှစ်များကဲ့သို့ ကြာရှည်နေသကဲ့သို့ ခံစားနေရသည်။
စိတ်လှုပ်ရှားနေသကဲ့သို့ သူသည် အလွန်အမင်းလည်း စိုးရိမ်ပူပန်နေမိသည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် ရက်ပေါင်းများစွာ အိပ်မပျော်ခဲ့ပေ။.လီရူဟိုင် မြောက်လေတိုက် ခံတပ်ဂိတ်ကို ဖောက်ထွက်သွားပြီဟူသော သတင်း ရောက်လာပြီးမှ အိပ်စက်မည်ဟု သူ ဆုံးဖြတ်လိုက်သည်။ ဤတိုက်ပွဲ လုံးဝ အောင်မြင်ပြီးသွားမှ ၊ လီဝမ်ဟွေ့ အသတ်ခံရပြီးမှ သူ ရက်ပေါင်းများစွာ အိပ်စက်အနားယူတော့မည်။
၁၅ မိနစ်လျှင် တစ်ကြိမ်ခန့် လော့ဝမ်သည် အပြင်ဘက်သို့ လှမ်းမေးလေ့ ရှိသည်။ “ဟိုဘက်က စစ်မြေပြင်သတင်းပို့တဲ့သူ ရောက်လာပြီလား”
“မရောက်လာသေးပါဘူး အရှင်မင်းကြီး” အကြိမ်တိုင်းတွင် သူ၏ လူယုံတော်က မတတ်သာသည့် လေသံဖြင့် ဖြေကြားရသည်။ ဤသို့ဖြင့် အချိန်မည်မျှ ကြာမြင့်သွားသည်ကို မသိရပေ။ လော့ဝမ်သည် သူ၏ မျက်လုံးများ ကျွတ်ထွက်တော့မတတ် ခံစားရပြီး မျက်လုံးများလည်း နီရဲနေပြီ ဖြစ်သည်။ ရုတ်တရက် အလျင်အမြန် ပြေးလာသော ခြေသံများကို ကြားလိုက်ရသည်။
ကွမ်ရှီးဘုရင်ခံ လော့ဝမ် ဝမ်းသာအားရ ဖြစ်သွားပြီး အပြင်သို့ ပြေးထွက်ကာ မေးလိုက်သည်။ “ဟိုဘက်က သတင်း ရောက်လာပြီလား။ လီရူဟိုင်က မြောက်လေတိုက် ခံတပ်ဂိတ်ကို ဖောက်ထွက်သွားပြီလား။ စစ်တပ်ကြီးက မြောက်ဘက်ကို ဆက်ပြီး ချီတက်နေပြီလား”
သတင်းပို့သူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “အရှင်မင်းကြီး။ သတင်းဆိုးပါ။ သတင်းဆိုးပါပဲ။ ရှားလုံလူမျိုးစုက လူရိုင်းစစ်သည် ၂ သောင်းကျော် စေလွှတ်ပြီး လီမိသားစုရဲ့ နယ်မြေဖြစ်တဲ့ ဟုန်ဟယ်မြို့ကို ဝင်ရောက်တိုက်ခိုက်နေပါတယ်။ လီရူဟိုင် မြောက်လေတိုက် ခံတပ်ဂိတ်ကို တိုက်ခိုက်တုန်းက ဆရာသခင်ကြီးနင်ဇောင်ဝူ နဲ့ တွေ့ဆုံခဲ့ပါတယ်။ တုန်လှုပ်စရာကောင်းတဲ့ တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် သူ့ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေပါတယ်။ လီမိသားစု နဲ့ အနောက်တောင်ပိုင်း ဒေသခံခေါင်းဆောင် မဟာမိတ်တပ်ဖွဲ့တွေ လုံးဝ ဆုတ်ခွာသွားပါပြီ”
ထိုစကား ထွက်ပေါ်လာသည်နှင့် ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် ချက်ချင်းပင် သူ၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ လီရူဟိုင် ဆုတ်ခွာသွားပြီလော။
ထို့နောက် သူ ဘာမှ မကြားရတော့ပေ။ နားထဲတွင် အူနေသော အသံများကိုသာ ကြားနေရသည်။ သူ ဘာမှ မမြင်ရတော့ပေ။ သူ၏ မြင်ကွင်းသည် အမှောင်ကျသွားလိုက် ၊ ပြန်လင်းလာလိုက် ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အေးစက်တောင့်တင်းသွားသည်။ သူ၏ ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ပုံရိပ်ယောင်များ ဖြစ်နေသကဲ့သို့ ၊ အမှန်တရား မဟုတ်သကဲ့သို့ သူ ခံစားလိုက်ရသည်။
“အားးး မဖြစ်နိုင်ဘူး။” ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် ရုတ်တရက် သွေးအန်လိုက်ရပြီး မြေကြီးပေါ်သို့ လဲကျသွားကာ သတိလစ်မေ့မြောသွားလေ၏။
**--**--**--**--**--**--**--**
လီရူဟိုင် ဒဏ်ရာရရှိသွားပြီး လီမိသားစု ဆုတ်ခွာသွား၏။ ဤတုန်လှုပ်ဖွယ်ရာ သတင်းသည် အင်ပါယာတစ်ခုလုံးသို့ အမြန်ဆုံး အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ အနည်းဆုံး စာပို့ခို အကောင်ရေ ရာပေါင်းများစွာသည် သတင်းစကားကို သယ်ဆောင်ပြီး မြို့တော်သို့ ပျံသန်းသွားကြသည်။
ဧကရာဇ်မင်းမြတ်ကို ဤအံ့အားသင့်ဖွယ်ရာ သတင်းကောင်းအား အမြန်ဆုံး သိရှိစေရမည်။ သနားစရာကောင်းသော ဧကရာဇ်မင်းမြတ်သည် ရက်ပေါင်းများစွာ အိပ်မပျော်ဘဲ နေခဲ့ရသဖြင့် ပိန်ကျသွားပြီး သွေးအန်သည်အထိ ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
အပိုင်း ၂၃၆ ပြီး။